အချိန်အခါမဲ့ မိုးကြောင့် အိန္ဒိယ၏ ကော်ဖီအထွက် ကျဆင်းနိုင်
ကမ္ဘာ့ကော်ဖီဈေးကွက်၌ ဗီယက်နမ်နိုင်ငံ၏ ရောင်းလိုအား နည်းပါးမှုကြောင့် ရိုဘတ်စတာ ကော်ဖီဈေးနှုန်းများ မြင့်တက်လျက်ရှိနေချိန်တွင် အိန္ဒိယနိုင်ငံရှိ ကော်ဖီ အဓိကစိုက်ပျိုးထုတ်လုပ် ရာ Karnataka နှင့် Kerala ပြည်နယ်များ၌ ဇန်နဝါရီလ ပထမပတ်အတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းမှုများက ကော်ဖီစိုက်တောင်သူများအတွက် စိုးရိမ်မကင်းဖြစ်ပေါ်စေလျက်ရှိပါသည်။ လက်ရှိကာလ မိုးရွာသွန်းမှုသည် ကော်ဖီသီး ရိတ်သိမ်းခူးဆွတ်မှုနှင့် အခြောက်ခံမှုလုပ်ငန်းများကို နှောင့်နှေးစေရုံသာမက သီးနှံများ၌ ဆောလျင်စွာ အပွင့်ပွင့်မှုကို ဖြစ်ပေါ်စေလျက် ရှေ့လာမည့်နှစ် ရိုဘတ်စတာကော်ဖီ၏ အလားအလာကို ထိခိုက်စေနိုင်သည်ဟု တောင်သူများက ပြောဆိုကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။
အာရေးဘီးကာ ကော်ဖီသီးနှံများ၏ ရိတ်သိမ်းခူးဆွတ်မှုမှာ ပြီးဆုံးမှု မရှိသေးကြောင်း၊ ထိုသို့ မိုးရွာသွန်းမှုများက ကော်ဖီသီးများအား မြေပေါ်သို့ ကြွေကျပျက်စီးစေကြောင်း၊ မခူးဆွတ်ရသေး သော အာရေးဘီးကာ ကော်ဖီသီးများတွင် အခွံကွဲအက်မှုဖြစ်ပေါ်ပြီး ကြွေကျမှုဖြစ်စေနိုင်ကြောင်း၊ ရိုဘတ်စတာ ကော်ဖီခင်းများ၏ ၂၀% မှ ၂၅% ခန့်တွင် ဆောလျင်စွာ ပန်းပွင့်မှုဖြစ်ပေါ်စေလျက် ရိတ်သိမ်းခူးဆွတ်မှုကို ခက်ခဲစေမည်ဖြစ်ကြောင်း၊ ထို့အပြင် နောက်ထပ်မိုးရွာသွန်းမှု မရရှိပါက ၎င်းသီးနှံပင်များ၏ လာမည့်နှစ် အလားအလာမှာကောင်းမွန်မှုရှိမည်မဟုတ်ကြောင်း၊ Karnataka ပြည်နယ်ရှိ အိန္ဒိယ၏ ကော်ဖီစိုက်ပျိုးမှု အကြီးမားဆုံးခရိုင်ဖြစ်သော Kodagu ခရိုင်တွင် အာရေး ဘီးကာ ကော်ဖီခင်းများ၏ ၂၀% နှင့် ရိုဘတ်စတာကော်ဖီ စိုက်ခင်းများ၏ ၃၅% မှ ၄၀% ခန့်မှာ အချိန်အခါမဲ့ မိုးကြောင့် ထိခိုက်မှုဖြစ်ပေါ်ခဲ့ကြောင်းဖြင့် Kodagu ကော်ဖီစိုက်ပျိုးသူများအသင်းမှ ဥက္ကဋ္ဌ A Nanda Belliappa ကပြောကြားခဲ့သည်။
Karnataka ပြည်နယ်ရှိ Kodagu, Chikkamagaluru နှင့် Hassan ခရိုင်များနှင့် Kerala ပြည်နယ်ရှိ Wayanad ခရိုင်တို့တွင် အချိန်အခါမဟုတ်မိုးများ ကျယ်ပြန့်စွာရွာသွန်းခဲ့သည်။ အဆိုပါ ဒေသများ၌ ဇန်နဝါရီလ ၁ ရက်မှ ၈ ရက်အတွင်း ပုံမှန်မိုးရေချိန်မှာ ၁ မီလီမီတာမျှသာ ဖြစ်သော် လည်း Chikkamagaluru ခရိုင်တွင် ၂၁ မီလီမီတာ၊ Hassan ခရိုင်၌ ၃၁ မီလီမီတာနှင့် Kodagu ခရိုင်တွင် ၁၇ မီလီမီတာ အထိ အသီးသီး မိုးရွာသွန်းမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။
ရာသီဥတုကောင်းမွန်မှု မရှိခြင်းက ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းကို ဖရိုဖရဲဖြစ်ပေါ် စေလျက်ရှိကြောင်း၊ တောင်သူများအတွက် လက်ရှိသီးနှံရာသီအပြင် ရှေ့လာမည့်နှစ် သီးနှံရာသီ စိုက်ပျိုးထုတ်လုပ်မှုအပေါ် သက်ရောက်မှုရှိသည့် ထပ်ဆင့် ထိုးနှက်ချက်ပင်ဖြစ်ကြောင်း၊ စိုက်ခင်း လုပ်သား ရှားပါးမှုသည်လည်း ကော်ဖီစိုက်ပျိုးသူများအတွက် ဘူးလေးရာဖရုံဆင့် ဖြစ်ပေါ်လျက် ရှိကြောင်းဖြင့် Karnataka ပြည်နယ် ခြံစိုက်ခင်းလုပ်ငန်းရှင်များအသင်း၌ ယခင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သော Mahesh Shashidhar က ပြောဆိုသည်။
ကမ္ဘာ့ဈေးကွက်၌ ကော်ဖီစေ့ဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး အထူးသဖြင့် ရိုဘတ်စတာ ကော်ဖီ၏ ဈေးနှုန်းမှာ မှတ်တမ်းဝင်စံချိန်တင်နိုင်သည့်အဆင့်၌ ရောက်ရှိနေသော်လည်း ရာသီ ဥတု၏ မျက်နှာသာမပေးမှုက တောင်သူများအနေဖြင့် လက်ရှိဈေးကောင်းရရှိနေမှု အခွင့်အရေးကို အပြည့်အဝ ရယူနိုင်စွမ်းမရှိသည့် အခြေအနေဖြစ်ပေါ်လျက်ရှိသည်။ ပြုပြင်သန့်စင်ပြီး အခွံမာ (parchment) ပါရှိသည့် အသစ်ထွက်ရှိလာသော ရိုဘတ်စတာကော်ဖီစေ့၏ စိုက်ခင်းအတွင်း ဈေးနှုန်းများသည် ၅၀ ကီလိုဂရမ်ဝင် ၁ အိတ်လျှင် ရူပီး ငွေ ၁၁၀၀၀ ဝန်းကျင်ရှိပြီး ယခင်နှစ် ကာလတူ၌ ဖြစ်ပေါ်ခဲ့သော ရူပီး ၈၃၀၀ နှုန်းထားအပေါ် ၃၂% အထိ မြင့်တက်လာခြင်းဖြစ်သည်။ အလားတူ ပြုပြင်မှုလုပ်ဆောင်ခြင်း မပြုရသေးသော ခူးဆွတ်ပြီး ရိုဘတ်စတာ ချယ်ရီသီးများ၏ ဈေးနှုန်းများသည်လည်း ယခင်နှစ်၌ ၁ အိတ်လျှင် ရူပီး ၄၂၀၀-၄၂၅၀ နှုန်းထားရှိရာမှ ယခုနှစ်တွင် ၅၇% မြင့်တက်လျက် ရူပီး ၆၆၀၀ မှ ၆၈၀၀ အတွင်း ဈေးနှုန်းဖြင့် ရောင်းဝယ်လျက်ရှိသည်။
အခွံမာပါရှိသည့် ပြုပြင်သန့်စင်ပြီး အာရေးဘီးကာ ကော်ဖီစေ့၏ ဈေးနှုန်းများမှာ ယခင်နှစ်တွင် ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများအတိုင်း ၅၀ ကီလို ဂရမ်ဝင် ၁ အိတ်လျှင် ရူပီး ၁၃၇၀၀ မှ ၁၃၉၀၀ အတွင်းနှုန်းထားဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ အာရေးဘီးကာ ကော်ဖီချယ်ရီသီး၏ ဈေးနှုန်းမှာ ယခင်နှစ်ကထက် ရူပီး ၁၀၀၀ ခန့် ဈေးပိုမိုလျက် ၁ အိတ်လျှင် ရူပီး ၇၇၅၀-၇၈၅၀ နှုန်းထားဖြင့် ရောင်းဝယ်မှုရှိကြောင်း သိရှိရသည်။
အိန္ဒိယနိုင်ငံ၌ နှစ်စဉ် ကော်ဖီစေ့တန်ချိန် ၃.၅ သိန်းခန့်ကို ထုတ်လုပ်လျက်ရှိရာ ၎င်းပမာဏ ၏ သုံးပုံ နှစ်ပုံခန့်သည် ရိုဘတ်စတာကော်ဖီမျိုးများဖြစ်သည်။ Kerala ပြည်နယ်ရှိ Wayanad ခရိုင် သည် ရိုဘတ်စတာကော်ဖီကို အဓိကစိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး လက်ရှိသီးနှံရာသီတွင် ခူးဆွတ် ရိတ်သိမ်းမှုမှာ ၂၅% ခန့် လုပ်ဆောင်ထားပြီးဖြစ်သည်။
Wayanad ခရိုင်ရှိ ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ဒါရိုက်တာ Prashant Rajesh က မိုးရွာသွန်းမှုသည် ကော်ဖီခူးဆွတ်ခြင်းနှင့် အခြောက်ခံခြင်းလုပ်ငန်းများကို အနှောင့်အယှက် ဖြစ်စေခဲ့ကြောင်း၊ အချိန်အခါမဲ့မိုးကြောင့် နေလှန်းကွင်း၌ အခြောက်ခံသည့် ကော်ဖီစေ့များ၏ အရောင်ပြောင်းလဲမှုကို ကြုံတွေ့ရကြောင်း၊ ကော်ဖီစေ့များသည် ပုံမှန်အားဖြင့် အဝါရောင်ရှိရမည် ဖြစ်သော်လည်း ထိခိုက်မှုရှိသည့် ကော်ဖီစေ့များ၏ အရောင်မှာ မီးခိုးရောင်သို့ ပြောင်းလဲခြင်းဖြစ် ကြောင်း၊ ယခုနှစ်တွင် ကော်ဖီဈေးကောင်းသော်လည်း မိုးဒဏ်ကြောင့် အရေအတွက်နှင့် အရည် အသွေးအပေါ် ထိခိုက်မှုရှိသဖြင့် တောင်သူများသည် အကျိုးအမြတ်ပြည့်ဝစွာ ရရှိခြင်း မရှိကြောင်း ပြောကြားပါသည်။ အဆိုပါဒေသ၌ ကော်ဖီအများအပြား စိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းရှင် တစ်ဦးဖြစ်သူ Bose Mandanna ကလည်း ကော်ဖီစေ့ အခြောက်ခံမှုလုပ်ငန်းစဉ်မှာ နှောင့်နှေးမှု ဖြစ်ပေါ်ခဲ့ရသဖြင့် လက်ရှိအချိန်တွင် နေလှန်းကွင်းများမှာ နေရာလပ်မကျန်ပဲ လုပ်ငန်းပြည့်ကျပ် လျက်ရှိကြောင်း ပြောဆိုခဲ့သည်။
အိန္ဒိယနိုင်ငံအနေဖြင့် အောက်တိုဘာလမှ စတင်သည့် ၂၀၂၃-၂၄ ခုနှစ် ကော်ဖီသီးနှံရာသီအတွင်း ရိုဘတ်စတာကော်ဖီစေ့ တန်ချိန် ၂.၆၁ သိန်းနှင့် အာရေးဘီးကာ ကော်ဖီစေ့ တန်ချိန် ၁.၁၃ သိန်း၊ စုစုပေါင်း ကော်ဖီစေ့ တန်ချိန် ၃.၇၄ သိန်း ထုတ်လုပ်နိုင်မည်ဟု အိန္ဒိယကော်ဖီဘုတ်အဖွဲ့က မုတ်သုံကာလအလွန် ခန့်မှန်းချက် ထုတ်ပြန်ရာတွင် ဖော်ပြထားပါသည်။
Source: The Hindu Business Line, 8 Jan 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)