ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ယခုနှစ် ပထမရှစ်လအတွင်း ဗီယက်နမ်-တရုတ် ကုန်သွယ်မှုပမာဏသည် ဒေါ်လာ ၁၃၀.၈ဘီလီယံအထိရှိလာ

        ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့အကြား သွင်းကုန်/ပို့ကုန်တန်ဖိုးသည် ယခုနှစ် ပထမရှစ်လအတွင်း အမေရိကန်ဒေါ်လာ ၁၃၀.၈ဘီလီယံနီးပါးရောက်ရှိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာန ၏ နောက်ဆုံးရစာရင်းများအရသိရသည်။ ၎င်းတို့အနက် ဗီယက်နမ်၏ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၈.၂၈ဘီလီယံရှိပြီး တစ်နှစ်ထက်တစ်နှစ် ၃.၉% မြင့်တက်လာခဲ့သည်။ ဗီယက်နမ်တင်ပို့မှုတွင် ကုန်ပစ္စည်းတစ်ခုလျှင် ၁ဘီလီယံကျော်တန်ဖိုးရှိသော ကုန်ပစ္စည်း ၁၀မျိုးပါဝင်ပြီး ၎င်းတို့မှာ ဖုန်းများနှင့် ကင်မရာအစိတ်အပိုင်းများ၊ ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများ၊ စက်ပစ္စည်းများ၊ ပစ္စည်းကိရိယာများ၊ စက်ပြုပြင်ရေးကိရိယာများနှင့် အပိုပစ္စည်းများပါဝင်သည်။

         တစ်ချိန်တည်းတွင် ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံမှ ဒေါ်လာ ၉၂.၅ဘီလီယံတန်ဖိုးရှိသော ကုန်ပစ္စည်းများကိုတင်သွင်းခဲ့ပြီး ယမန်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၃၄.၂၅ %  တိုးတက်ခဲ့ကြောင်းသိရသည်။ ရလဒ်အနေဖြင့်ဗီယက်နမ်သည် ပြန်လည်သုံးသပ်ကာလတွင် တရုတ်နှင့် ကုန်သွယ်မှုလိုငွေ ကန်ဒေါ်လာ ၅၄.၂၂ဘီလီယံရှိပြီး ၂၀၂၃ ကိန်းဂဏန်းထက် ဒေါ်လာ ၅ဘီလီယံကျော်လွန်ခဲ့သည်။

         တရုတ်ဈေးကွက်မှ ဗီယက်နမ်သို့တင်သွင်းသော ကုန်ပစ္စည်များမှာ စက်ယန္တရားများ၊ စက်ကိရိယာများ၊ ဓာတုဗေဒပစ္စည်းများနှင့် ဓာတုဗေဒထုတ်ကုန်ပစ္စည်းများ၊ ပလတ်စတစ်အမျိုးအစားအားလုံးနှင့် ပလတ်စတစ်ထုတ်ကုန်ပစ္စည်းများ၊ အထည်လိပ်ပစ္စည်းများ၊ လဲသာနှင့်ဖိနပ်၊ သံနှင့်သံမဏိ၊ ဆောက်လုပ်ရေးပစ္စည်းများကဲ့သို့သော အဓိကထုတ်ကုန်များနှင့် ကုန်ကြမ်းပစ္စည်းများဖြစ်သည်။

         မကြာသေးမီနှစ်များအတွင်း ကမ္ဘာ့ကုန်သွယ်ရေးနှေးကွေးနေသော်လည်း တရုတ်နှင့် ဗီယက်နမ်၏ ပို့ကုန်သွင်းကုန်တိုးတက်မှုသည် တောက်ပသောအစက်အပြောက်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေခဲ့သည်။ လက်ရှိတွင် တရုတ်နိုင်ငံသည် ဇန်နဝါရီလမှ ဩဂုတ်လအတွင်း အမေရိကန်ဒေါ်လာ ၁၀၀ဘီလီယံကျော် ဗီယက်နမ်နှင့်နှစ်လမ်းကုန်သွယ်မှုရှိသော ပထမဆုံးဈေးကွက်ဖြစ်သည်။ နှစ်နိုင်ငံအကြားကုန်သွယ်မှုသည် ပျမ်းမျှတစ်လလျှင် ဒေါ်လာ ၁၆ဘီလီယံခန့်ရှိသည်။ ၂၀၂၄ခုနှစ်၊ ပထမနှစ်ဝက်အတွင်း ကုန်သွယ်မှုအားကောင်းလာသည်နှင့်အမျှ ဗီယက်နမ်နှင့်တရုတ်ကုန်သွယ်မှုသည် ဒေါ်လာ ၂၀၀ဘီလီယံအထိရှိလာလိမ့်မည်ဟု ခန့်မှန်းထားကြကြောင်းသိရသည်။

SOURCE: vnexpress

DOCA(ရန်ကုန်)

အိန္ဒိယနိုင်ငံသည် MIP အခြေအနေများမပါရှိဘဲ ဘူတန်မှ ကွမ်းသီးများကိုတင်သွင်းခွင့်ပြု

       အိန္ဒိယနိုင်ငံသည် Hatisar (Odisha) နှင့် Drranga (Assarn) ၏ မြေယာအကောက်ခွန်စခန်း (LCS) မှတစ်ဆင့် ဘူတန်နိုင်ငံအနေဖြင့် အနိမ့်ဆုံးဈေးနှုန်းအခြေအနေမရှိဘဲ လတ်ဆတ်သောကွမ်းသီးများအား တင်သွင်းခွင့်ပြုခဲ့ကြောင်း နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာန (DGFT) ၏ အသိပေးချက်တွင် ဖော်ပြထားသည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ဘူတန်နိုင်ငံမှ အနိမ့်ဆုံးတင်သွင်းဈေး (MDP) သတ်မှတ်ချက်မရှိဘဲ ကွမ်းသီးစိမ်းတန်ချိန် ၁၇၀၀၀ တင်သွင်းခွင့်ပြုခဲ့သည်။  ၂၀၁၇ ခုနှစ်တွင် အစိုးရမှပြည်တွင်းတောင်သူများအား အကာအကွယ်ပေးရန်အတွက် အနိမ့်ဆုံး တင်သွင်းဈေး (MIP)  ၂၅၁ ရူပီးသတ်မှတ်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် တစ်ကီလိုလျှင်ဈေးနှုန်း ၂၅၁ ရူပီးနှင့် အထက်ရှိသောကွမ်းသီးများအားတင်သွင်းခွင့်ပြုခဲ့သည်။ လက်ရှိဆိပ်ကမ်းနှစ်ခုအပြင် ဘူတန်နိုင်ငံမှ အနိမ့်ဆုံးဈေးနှုန်းအခြေအနေ (MIP) မရှိဘဲ လတ်ဆတ်သောကွမ်းသီး(အစိမ်း) တန်ချိန် ၁၇၀၀၀ အား LCS Hatisar နှင့် LCS Darranga တို့မှတင်သွင်းခွင့် ပြုသွားမည်ဖြစ်ကြောင်း DFGT မှပြောကြားခဲ့သည်။

SOURCE: economictimes

DOCA(ရန်ကုန်)

အင်ဒိုနီးရှားနှင့် ဘရာဇီးတို့ နို့စားကျွဲ၊ နွားမွေးမြူရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မည်

       အင်ဒိုနီးရှားနှင့် ဘရာဇီးနိုင်ငံအခြေစိုက် ကုမ္ပဏီတို့သည် အပူပိုင်းဒေသ နို့စားကျွဲ၊ နွားမွေးမြူရေးကဏ္ဍတိုးတက်စေရန် အမေရိကန်ဒေါ်လာ ၂၉၁.၉သန်းပမာဏာရှိ ရင်းနှီးမြှုပ်နှံမှုတွင်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ စိုက်ပျိုးမွေးမြူရေးဝန်ကြီး Amran Sulaiman က ပြောကြားခဲ့ပါသည်။ ဝန်ကြီးက ဘရာဇီးရင်းနှီးမြှုပ်နှံမှုရရှိခြင်းသည် အသားနှင့်နို့ထွက်ပစ္စည်းလုံလောက်မှုရှိစေရေးကို လက်တွေ့အကောင်အထည်ဖော်ရာတွင် ပံ့ပိုးနိုင်မည်ဟု ၁၂-၉-၂၀၂၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ မွေးမြူရေးထုတ်ကုန်ဖွံ့ဖြိုးတိုးတက်ရန် ကျယ်ပြန့်စွာပူးပေါင်းဆောင်ရွက်မှုအရ အင်ဒိုနီးရှားနိုင်ငံ၏ လိုအပ်သည့်အသားနှင့် နို့ထွက်ပစ္စည်းတို့ကို တင်သွင်းရန်မလိုဘဲ ပြည့်မီနိုင်ပြီး များစွာသောမွေးမြူရေးကဏ္ဍတွင် အလုပ်အကိုင်သစ်များဖန်တီးနိုင်မည်ဟုသိရပါသည်။ ဘရာဇီးနိုင်ငံစိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး Carlos Favara နှင့် အစည်းအဝေးအပြီးတွင် Sulaiman က များစွာသော ဘရာဇီးစီးပွားရေးလုပ်ငန်းရှင်များသည် အင်ဒိုနီးရှား၏ မွေးမြူရေးကဏ္ဍတွင် စိတ်ဝင်စားမှုကိုပြသခဲ့ကြောင်းနှင့် နှစ်နိုင်ငံစလုံးသည် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နောက်ဆက်တွဲသဘောတူညီမှုများပြုလုပ်ရန် မျှော်လင့်ကြောင်းပြောကြားခဲ့ပါသည်။ အဆိုပါ အင်ဒိုနီးရှား- ဘရာဇီးနှစ်ဦးနှစ်ဖက်အစည်းအဝေးကို ဘရာဇီးနိုင်ငံတွင်ကျင်းပသည့် ကမ္ဘာ့စီးပွားရေးအင်အားကြီး G-20 စိုက်ပျိုးမွေးမြူရေးဝန်ကြီးအဆင့် အစည်းအဝေးအပြီးတွင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ ဝန်ကြီး Sulaiman က အင်ဒိုနီးရှားအစိုးရသည် စိုက်ပျိုးမွေးမြူရေးနှင့် အစားအသောက်စနစ်ကို ခြုံငုံသုံးသပ်သောနည်းလမ်းများဖြင့် ပြောင်းလဲခြင်းကို ဆက်လက်လုပ်သွားမည်ဟုအာမခံကြောင်း အခိုင်အမာပြောကြားခဲ့ပါသည်။ ၂၀၁၇ခုနှစ်၊ ၂၀၁၉ခုနှစ်၊ ၂၀၂၀ခုနှစ်နှင့် ၂၀၂၁ခုနှစ်တို့တွင် ပြည်တွင်းဆန်ထုတ်လုပ်မှုဖူလုံမှုရှိခဲ့ပြီး လတ်တလောနှစ်များတွင် ပြောင်း၊ ကြက်သွန်နီအသေး (shallot)၊ စားအုန်းဆီ၊ ဆီ၊ ကြက်နှင့်ဥတို့မှာ အင်ဒိုနီးရှားနိုင်ငံသား ၂၈၁သန်း၏လိုအပ်ချက်ထက် ပိုလျှံခဲ့ကြောင်းသိရပါသည်။ ဝန်ကြီးက ၂၀၃၀ခုနှစ်တွင် ကမ္ဘာ့လူဦးရေ ၈.၆ဘီလီယံရောက်ရှိရန်ခန့်မှန်းရသဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် မဟာဗျူဟာမြောက်ခြေလှမ်းများကိုချက်ချင်းအကောင်အထည်ဖော်ရန်လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။

Source : Antara News

DOCA(ရန်ကုန်)

ဗီယက်နမ်၏ အရည်အသွေးအကောင်းမွန်ဆုံးသောဆန် ကနေဒါဈေးကွက်သို့ဝင်ရောက်

        ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီဖြစ်သည့် KD Trading သည် ဗီယက်နမ်၏ ST25 ဆန်ကို ကနေဒါဈေးကွက်သို့ပို့ဆောင်ပေးမည့် အဓိကမိတ်ဖက်ဖြစ်လာကြောင်းသိရပါသည်။ ST25 ဆန်သည် ကမ္ဘာ့အကောင်းဆုံးဆန်ဆုကို ၂၀၁၉ခုနှစ်နှင့် ၂၀၂၃ခုနှစ်တို့တွင် ရရှိခဲ့ကြောင်းသိရပါသည်။ KD Trading ၏ CEO ဖြစ်သူ Kevin Le က ဗီယက်နမ်၏ ST25 ဆန်ကို ကနေဒါသို့ တင်သွင်းရန်အတွက် ကုမ္ပဏီသည် ဆန်၏ရေရှည်ယှဉ်ပြိုင်နိုင်စွမ်းဖွံ့ဖြိုးတိုးတက်ရန်နှင့် အလွန်စေ့စပ်စွာ ဈေးကွက်စာရင်းကောက်ယူမှုများပြုလုပ်ခဲ့ကြောင်းပြောကြားခဲ့ပါသည်။ ကနေဒါနိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်ရေးအကြံပေးပုဂ္ဂိုလ် Tran Thu Quynh က ကုန်သွယ်ရေးရုံးသည် ဗီယက်နမ်ဆန်ထုတ်ကုန်များအား ကနေဒါဈေးကွက်သို့ ယူဆောင်ပေးသည့် ပြည်ပရှိ ဗီယက်နမ်လုပ်ငန်းများ၏ အခန်းကဏ္ဍကို  အသိအမှတ်ပြုကြောင်းပြောကြားခဲ့ပါသည်။ Quynh က ယခင်ကလုပ်ငန်းများသည် သင့်ရုံအရည်အသွေးရှိသောဆန်များကိုသာ ကနေဒါသို့တင်သွင်းရန် အာရုံစိုက်ခဲ့ကြောင်းပြောကြားခဲ့ပါသည်။ သို့သော် ပြည်ပရှိ ဗီယက်နမ်လူမျိုးများသည် ST25 ကဲ့သို‌သော အရည်အသွေးမြင့်မားသောဆန်များကို ကနေဒါဈေးကွက်သို့တင်သွင်းရန် အားထုတ်ခဲ့ကြကြောင်းသိရပါသည်။ ကနေဒါသည် ဆန်စားသုံးမှုကြီးမားသော ‌ဈေးကွက်တစ်ခုဖြစ်ပြီး နှစ်စဉ်ဆန်တန်ချိန်၅၀၀၀၀၀တင်သွင်းရန် ဝယ်လိုအားရှိကြောင်းသိရပါသည်။ ကနေဒါသည် ဆန်အရည်အသွေးအပေါ်တွင် တင်းကြပ်သည့် စံနှုန်းလိုအပ်ချက်များထားရှိကြောင်းသိရပါသည်။ Quynh ကတင်သွင်းသည့် ဆန်အရည်အသွေးအာမခံချက်အတွက် ကုန်သွယ်ရေးရုံး၊ တင်ပို့သူများ၊ တင်သွင်းသူများနှင့် ဖြန့်ချိရေးသမားများပါဝင်သည့် အဖွဲ့‌ပေါင်းစုံပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။ ယခုနှစ်၏ ပထမနှစ်ဝက်တွင် ကနေဒါသည် အမေရိကန်ဒေါ်လာ ၂၀၇သန်းတန်ကြေးရှိသည့် ဆန်များကိုတင်သွင်းခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၅ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်သည် ကနေဒါသို့ အမေရိကန်ဒေါ်လာ ၆.၅သန်းတန်ဖိုးရှိသည့်ဆန်များတင်ပို့ခဲ့ပြီး ကနေဒါသို့ ထိပ်တန်းဆန်တင်ပို့သူ (၅) နိုင်ငံထဲတွင် လတ်တလောပါဝင်ကြောင်းသိရပါသည်။

Source: Vietnam Plus

DOCA(ရန်ကုန်)

ယခုနှစ်၏ ပထမ(၈)လတွင် ရော်ဘာတင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၃၂၈သန်းရရှိခဲ့သည့် ကမ္ဘောဒီးယား

       ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လကာလအတွင်း ရော်ဘာ ၂၀၉၇၃၃တန်တင်ပို့ခဲ့ပြီး ဝင်ငွေအမေရိကန်ဒေါ်လာ ၃၂၈သန်းရရှိခဲ့ကာ လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၁၅.၅ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း  ရာဘာအထွေထွေညွှန်ကြားရေးဦးစီးဌာန၏ ၁၇-၉-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရသိရပါသည်။ စိုက်ပျိုးမွေးမြူရေး၊ သစ်တောနှင့်ငါးလုပ်ငန်းဝန်ကြီးဌာန (MAFF) အောက်ရှိ ရော်ဘာအထွေထွေညွှန်ကြားရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Khun Kakada က ကမ္ဘောဒီးယား၏ ယခုနှစ်ပထမ(၈)လ တင်ပို့မှုသည် လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၄၅၆၅တန်မြင့်တက်ခဲ့ကြောင်းနှင့် ရော်ဘာစေးတစ်တန်တန်ဖိုးမှာ ၁၅၆၅အမေရိကန်ဒေါ်လာရှိပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၁၈၀အမေရိကန်ဒေါ်လာမြင့်တက်ခဲ့သည်ဟုပြောကြားခဲ့ပါသည်။ ဩဂုတ်လတစ်လတည်းတွင် ရော်ဘာတန်ချိန် ၃၅၈၁၈တန်တင်ပို့ခဲ့ပြီး ဇူလိုင်လထက် ၇.၆၈ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ ကမ္ဘောဒီးယားရော်ဘာ အဓိကတင်ပို့သည့်နိုင်ငံများမှာ မလေးရှား၊ ဗီယက်နမ်၊ စင်္ကာပူနှင့် တရုတ်တို့ဖြစ်ကြောင်းသိရပါသည်။  ကမ္ဘောဒီးယားစိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနသည်  Tboung Khmum ပြည်နယ် Chob ကျေးရွာရှိ သက်တမ်းအရင့်ဆုံးရော်ဘာခြံ၏ ဗီဒီယိုကို ၁၆-၉-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်းသိရပါသည်။ ထိုသမိုင်းဝင်နေရာသည် Chob ရော်ဘာခြံဟုလူသိများပြီး Kakada  က ဦးစီးဌာနရော်ဘာအစီအစဉ်တစ်စိတ်တစ်ပိုင်း၏ ပထမခြေလှမ်းသည် ထိုဒေသကို သင့်လျော်သော အခြေခံအဆောက်အအုံအဖြစ် ပြင်ဆင်ရန်ဖြစ်ကြောင်းသိရပါသည်။ စိုက်ပျိုးမွေးမြူရေးဝန်ကြီး Dith Tina ၏ အကြံပြုချက်အရ Chob ကျေးရွာကို ရော်ဘာစိုက်ခင်းအဖြစ်အသွင်ကူးပြောင်းပြီး ကမ္ဘာလှည့်ခရီးသွားများအား ထိုနေရာနှင့်ပတ်သက်၍ လေ့လာစရာနေရာအဖြစ် ဆွဲဆောင်မည်ဟုသိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)

လာမည့်နှစ်တွင် ထိုင်းနိုင်ငံဆန်တင်ပို့မှုကျဆင်းမည်ဟု ခန့်မှန်းရ

         ဘတ်ငွေတန်ဖိုးအားကောင်းမှုနှင့် ယခုနှစ်ကုန်တွင် အိန္ဒိယက ၎င်းတို့၏ဆန်တင်ပို့မှုကန့်သတ်ထားခြင်းကိုပယ်ဖျက်ရန် ဖြစ်နိုင်ချေရှိမှု အစရှိသောအချက်များကြောင့် လာမည့်နှစ်တွင် ထိုင်းနိုင်ငံ၏ဆန်တင်ပို့မှုသည် တန်ချိန် ၈သန်းအောက်ကျဆင်းနိုင်ကြောင်းသိရပါသည်။ ထိုင်းနိုင်ငံဆန်တင်ပို့သူများအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌဖြစ်သူ Chookiat Ophaswongse က နိုင်ငံ၏မြောက်ပိုင်းနှင့် အ‌ရှေ့မြောက်ပိုင်းတို့တွင် ရေလွှမ်းမိုးမှုရှိခဲ့သော်လည်း ယခုနှစ်အတွက် ဆန်တင်ပို့မှုကို သက်ရောက်မှုမရှိကြောင်းပြောကြားခဲ့ပါသည်။ အသင်းကလည်း ထိုင်းနိုင်ငံသည် ယခုနှစ်တွင် နှစ်စဉ်တင်ပို့ရန် ရည်မှန်းချက်ဖြစ်သည့် တန်ချိန် ၈.၂သန်းကို ကျော်လွန်လိမ့်မည်ဖြစ်ပြီး အကယ်၍ ယခုနှစ်၏လက်ကျန်လများတွင် တစ်လလျှင် ပျမ်းမျှတန်ချိန်၆၀၀၀၀၀တင်ပို့ပါက နှစ်ကုန်တင်ပို့မှုစုစုပေါင်းပမာဏမှာ တန်ချိန် ၉သန်းအထိရောက်ရှိရန် မျှော်လင့်လျက်ရှိကြောင်းသိရပါသည်။ အင်ဒိုနီးရှားနိုင်ငံ၏ ဆန်တင်သွင်းသော အေဂျင်စီဖြစ်သည့် Bulog သည် တစ်လလျှင် ပျမ်းမျှဆန်တန်ချိန်၄၅၀၀၀၀တင်သွင်းရန် တင်ဒါရရှိထားကြောင်းသိရပါသည်။ သို့သော် ဗီယက်နမ်၊ မြန်မာနှင့် ပါကစ္စတန်တို့၏ ဆန်ဈေးနှုန်းမှာ ထိုင်းဆန်ထက် ဈေးနှုန်းနည်းပါးသောကြောင့် ထိုင်းဆန်ဈေးနှုန်းမှာ  Bulog ရည်မှန်းထားသည့် တင်ဒါဈေးနှုန်းနှင့်မကိုက်ညီသောကြောင့် အဆိုပါ(၃)နိုင်ငံထံမှ ပိုမိုတင်သွင်းမှုများကို ဦးတည်စေခဲ့ကြောင်းသိရပါသည်။ La Nina ရာသီဥတုဖြစ်စဉ်ကာလအတွင်း လုံလောက်သော မိုးရွာသွန်းမှုရရှိခဲ့သောကြောင့် ဗီယက်နမ်၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် မြန်မာတို့၌ ဆန်ထုတ်လုပ်မှုတိုးတက်ခဲ့ကြောင်းသိရပါသည်။ ထို့ပြင် ယခုနှစ်၏ စတုတ္ထသုံးလပတ်ကာလတွင် အိန္ဒိယက ဆန်ဖြူပြန်လည်တင်ပို့ပြီး ဈေးကွက်ဝေစုအတွက် ယှဉ်ပြိုင်လာပါက ကမ္ဘာ့ဆန်ဈေးနှုန်းနှင့် ထိုင်းနိုင်ငံပြည်တွင်းဆန်‌ဈေးနှုန်းတို့ကိုကျဆင်းစေနိုင်ကြောင်း အသင်း၏အဆိုအရသိရပါသည်။ အမေရိကန်စိုက်ပျိုးမွေးမြူရေးဦးစီးဌာနကလည်း အိန္ဒိယသည် ၂၀၂၅ခုနှစ်တွင် ဆန်တန်ချိန် သန်း၂၀ဖြင့် ကမ္ဘာ့အကြီးဆုံးဆန်တင်ပို့သူအဖြစ် ရပ်တည်နေမည်ဖြစ်ပြီး ၎င်း၏နောက်တွင် ထိုင်း(တန်ချိန် ၇.၅သန်း)၊ ဗီယက်နမ်(တန်ချိန် ၇.၅သန်း)၊ ပါကစ္စတန်(တန်ချိန် ၅.၆သန်း)တို့ဖြင့် အသီးသီးရပ်တည်နေမည်ဟု ခန့်မှန်းထားကြောင်းသိရပါသည်။ အသင်းကလည်း ၂၀၂၅ခုနှစ်တွင် အိန္ဒိယနိုင်ငံအနေဖြင့် ဆန်တင်ပို့မှုပြန်လည်စတင်ပြီး ထိပ်ဆုံးနေရာဆီ ပြန်ရောက်လာခြင်း၊ ဘတ်ငွေအားကောင်းလာခြင်းတို့ကြောင့် ထိုင်းနိုင်ငံသည် ၂၀၂၅ခုနှစ်တွင် ဆန်တင်ပို့မှုပမာဏတန်ချိန် ၇သန်းနှင့် ၇.၅သန်းကြားထိကျဆင်းနိုင်ကြောင်း သတိပေးထားပါသည်။ ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးဖြစ်သူ Suchart Chomklin  က ယခုအပတ်တွင် ကျင်းပပြုလုပ်ခဲ့သော Thai Rice Networking Forum 2024 ဖွင့်ပွဲအခမ်းအနား၌ ပြည်တွင်းဆန်စပါးဈေးကွက်ကိုမြှင့်တင်ရန်နှင့် ဆန်နှင့်ဆန်ထုတ်ကုန်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုင်းနိုင်ငံ၏မူဝါဒများကိုလေးစားကာ ကုန်သွယ်ရေးမိတ်ဖက်များအကြား ယုံကြည်မှုတိုးမြှင့်ရန်‌ ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံ၏ ယခုနှစ်ဆန်တင်ပို့မှုမှာ အပေါင်းလက္ခဏာဆောင်သည့် လမ်းကြောင်းပေါ်ရှိနေကြောင်းသိရပါသည်။ ယခုနှစ်၏ ပထမ(၇)လတွင် ဆန်တန်ချိန် ၅.၆၈သန်းတင်ပို့ခဲ့ပြီး လွန်ခဲ့သည့်နှစ်တူညီသည့်ကာလထက် ၂၂ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ ထိုတင်ပို့မှုမှတစ်ဆင့် ဝင်ငွေဘတ် ၁၃၂ဘီလီယံရရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၅၁ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။

Source: Bangkok Post

DOCA(ရန်ကုန်)

ဗီယက်နမ်နှင့်အီဂျစ် ပိုမိုအားကောင်းစွာ ပူးပေါင်းဆောင်ရွက်ရန်ကြိုးစား

         ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Bui Thanh Son သည် အီဂျစ်နိုင်ငံခြား‌ရေးရာနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး Badr Abdelatty နှင့် စက်တင်ဘာလ ၁၇ရက်နေ့တွင် ဖုန်းဖြင့်ပြောဆိုဆွေးနွေးခဲ့ကြောင်းသိရပါသည်။ Abdelatty က တိုက်ဖွန်းမုန်တိုင်း Yagi ကြောင့် ထိခိုက်ခဲ့ရသည့် ဗီယက်နမ်နိုင်ငံအတွက် နက်ရှိုင်းစွာဝမ်းနည်းကြောင်းပြောကြားခဲ့သည်ဟုသိရပါသည်။ ထို့ပြင် ၎င်းက ဗီယက်နမ်သည် အီဂျစ်၏ အရေးပါသောမိတ်ဖက်ဖြစ်ပြီး နှစ်နိုင်ငံအကြားစီးပွား‌ရေး၊ ရင်းနှီးမြှုပ်နှံမှုတို့တွင် ပူးပေါင်းဆောင်ရွက်မှုအရှိန်မြှင့်တင်ရန် အခန်းကဏ္ဍများစွာရှိကြောင်းနှင့် အီဂျစ်သည် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် ကောင်းမွန်သင့်လျော်သော အခြေအနေများကိုဖန်တီးပေးရန် အဆင်သင့်ဖြစ်နေကြောင်းပြောကြားခဲ့ပါသည်။ ထို့ပြင် အီဂျစ်သည် Southern Common Market(MERCOSUR)၊ အာရပ်နှင့် အာဖရိကတို့နှင့် လွတ်လပ်စွာကုန်သွယ်‌ရေးသဘောတူညီချက်များ (FTAs) တွင် လက်မှတ်ရေးထိုးထားသောကြောင့်ဗီယက်နမ်လုပ်ငန်းများသည် ထို FTA များ၏ အကျိုးကျေးဇူးကိုရယူကာ စုစုပေါင်းလူဦးရေ ၂ဘီလီယံရှိသော ထိုအားကောင်းသည့်ဈေးကွက်သို့ တင်ပို့မှုမြင့်တက်ရန် FTA များ၏အကျိုးကျေးဇူးကို ရယူနိုင်ကြောင်းပြောကြားခဲ့ပါသည်။ Son ကလည်း Abdelatty အား Yagi မုန်တိုင်းနှင့်ပတ်သက်၍ ၎င်း၏ဂရုဏာစကားအတွက် ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းသိရပါသည်။ နှစ်နိုင်ငံအကြား အလုံးစုံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်အလို့ငှာ Son က နှစ်ဖက်စလုံးသည် အစည်းအဝေးများပြုလုပ်ခြင်း၊ ကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန်စေလွှတ်ခြင်းနှင့် ကုလသမဂ္ဂကဲ့သို့သော ဘက်ပေါင်းစုံပါဝင်သောဖိုရမ်များတွင် အချင်းချင်းပံ့ပိုးရန်နှင့် ညှိနှိုင်းကြရန် အကြံပြုခဲ့ကြောင်းသိရပါသည်။ Son က ArabLeague နှင့် ASEAN ကဲ့သို့သော ၎င်းတို့နှစ်နိုင်ငံတွင် တစ်နိုင်ငံက အဖွဲ့ဝင်ဖြစ်နေသည့် ဒေသတွင်းအဖွဲ့အစည်းတို့တွင် တစ်ဖက်နှင့်တစ်ဖက် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် အနီးကပ်အတူ တကွလုပ်ဆောင်သွားရန် အဆိုပြုကမ်းလှမ်းခဲ့ပါသည်။ ဝန်ကြီးနှစ်ဦးစလုံးသည် နှစ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား အနီးကပ်ပူးပေါင်းဆောင်ရွက်မှုအားကောင်းရန်၊ ရိုးရာခင်မင်မှုကိုဆက်လက်မြှင့်တင်ရန်၊ ဗီယက်နမ်နှင့်အီဂျစ်အကြား ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်ရန် ကတိပြုခဲ့ကြကြောင်းသိရပါသည်။

Source: Vietnam Plus

DOCA(ရန်ကုန်)

ကမ္ဘောဒီးယားနိုင်ငံတွင် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်ရန် အခွင့်အလမ်းများရှာဖွေသည့် တိုင်းကိုယ်စားလှယ်အဖွဲ့

       ထိုင်းနိုင်ငံရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့၊ ထိုင်းနိုင်ငံစီးပွားရေးကောင်စီနှင့် ကုမ္ပဏီ(၂၀)မှ ရင်းနှီးမြှုပ်နှံသူများပါဝင်သည့် ထိုင်းကိုယ်စားလှယ်အဖွဲ့သည် နှစ်နိုင်ငံအကြား ရှေ့ဆက်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများရှာဖွေရန်နှင့် ကမ္ဘောဒီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ကိုလေ့လာရန်အတွက် ကမ္ဘောဒီးယားနိုင်ငံသို့ အလည်အပတ်ခရီးသွားရောက်ခဲ့ကြောင်းသိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံ၏  ခေတ္တစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဖြစ်သူ Kem Sithan က ထိုင်းကိုယ်စားလှယ်အဖွဲ့ကို ၁၇-၉-၂၀၂၄ ရက်နေ့တွင် ဝန်ကြီးရုံး၌ တွေ့ဆုံခဲ့ကြောင်းသိရပါသည်။ Sithan က နိုင်ငံတော်စီးပွားရေးကြီးထွားမှုအတွက် အင်ဂျင်အဖြစ်ယူဆရသည့် ပုဂ္ဂလိကကဏ္ဍ၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေမည့် စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ကာကွယ်ရေးမူဝါဒ၊ အခွန်မက်လုံးများနှင့် ကမ္ဘောဒီးယားတွင်စီးပွားရေးလုပ်ကိုင်ရန် လွယ်ကူမှုနှင့် စီးပွားရေးပတ်ဝန်းကျင်တိုးတက်မှု စသည့် များစွာသော အခြားအကျိုးကျေးဇူးများပါဝင်သည့် အစိုးရ၏ Pentagonal Strategy Phase 1 ကို အကျဉ်းချုပ်ပြောကြားခဲ့ကြောင်းသိရပါသည်။ ဝန်ကြီးဌာနသည်လည်း စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ၊ ပြုပြင်ထားသော စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ၊ ရေထွက်ကုန်များနှင့် စက်မှုထုတ်ကုန်များတင်ပို့မှုကို မြှင့်တင်လျက်ရှိပြီး ကမ္ဘောဒီးယားနှင့် ထိုင်းရင်းနှီးမြှုပ်နှံသူများအကြား စီးပွားရေးလုပ်ငန်းများတည်ထောင်ရန် ပူးပေါင်းဆောင်ရွက်ရေးအတွက် အဆင်သင့်ဖြစ်နေကြောင်းသိရပါသည်။ ယခုနှစ်၏ ပထမနှစ်ဝက်တွင် ကမ္ဘောဒီးယားနှင့်ထိုင်းနိုင်ငံအကြား အပြန်အလှန်ကုန်သွယ်မှုမှာ အမေရိကန်‌ဒေါ်လာ ၅.၁၉ဘီလီယံတန်ဖိုးရှိခဲ့ပြီး လွန်ခဲ့သည့်နှ၏စ် တူညီသည့်ကာလထက် ၂၀.၅၂ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ နှစ်နိုင်ငံစလုံးသည် ၂၀၂၅ခုနှစ်တွင် အပြန်အလှန်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၅ဘီလီယံရရှိရန်ရည်မှန်းထားကြောင်းသိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)

ဗီယက်နမ် ရွှေဈေးနှုန်းများ ၃လအတွင်း အမြင့်ဆုံးသို့တက်လာ

       ဗီယက်နမ် ရွှေဈေးနှုန်းများသည် ဇွန်လ ၁ရက်နေ့မှအစပြု၍ စက်တင်ဘာလ ၁၆ရက်နေ့အထိ ၁ tael (ရွှေ ၁ tael သည် တရုတ်နှင့် ဂျပန်တို့တွင် ငွေကြေးအဖြစ် အသုံးပြုခဲ့သည့် ရှေးဟောင်းအလေးချိန်ယူနစ်ဖြစ်ပြီး ၃၇.၅ဂရမ် (သို့မဟုတ်) (၁.၂ ထရွိင်အောင်စယူနစ်နှင့်ညီမျှသည်။) လျှင် VND ၈၂သန်း (အမေရိကန်ဒေါ်လာ၃၃၃၅.၃၇ ) သို့ ၁.၈၆ % သို့ ခုန်တက်သွားခဲ့ပြီး ကမ္ဘာ့နှုန်းထားများ၏ အထွတ်အထိပ်သို့ ရောက်ရှိကြောင်းသိရသည်။ ရွှေဂွင်းဈေးနှုန်းများမှာ ၁ tael လျှင် VND ၇၉.၂ သန်းဖြင့် တည်ငြိမ်လျက်ရှိသည်။

.    အားနည်းသောဒေါ်လာဈေးနှုန်းနှင့် Fed ၏ ကြီးမားသောအတိုးနှုန်းလျှော့ချရေးအလားလာတို့ကြောင့် တနင်္လာနေ့တွင် ရွှေဈေးနှုန်းများသည် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ၂၅၈၉.၆သို့မြင့်တက်လာခဲ့ကြောင်း Reufers သတင်းတွင် ဖော်ပြထားသည်။

          Goldman Sachs သည် ယခုသီတင်းပတ်အတွင်း ၎င်း၏ မူဝါဒအစည်းအဝေးတွင် ဗဟိုဘဏ်၏ ဝယ်လိုအားနှင့် US Federal Reserve မှ အတိုးနှုန်းလျော့ချခြင်းကိုကိုးကား၍ တနင်္လာနေ့က ၎င်း၏ရွှေဈေးနှုန်းအပေါ် အကောင်းမြင်သောအမြင်ဖြင့် ထမ်လောင်းပြောကြားခဲ့သည်။

          Saigon Jawelry Company (SJC) မှ ရွှေ ၁ tael လျှင် ရောင်းသူများအတွက်  VND သန်း၈၀နှင့် ဝယ်သူများအတွက် VND ၈၂သန်းရှိကြောင်း စာရင်းပြုစုခဲ့သည်။ ဈေးနှုန်းများသည် လွန်ခဲ့သောရက်များနှင့်နှိုင်းယှဉ်ပါက VND ၁.၅ သန်း(၆၁ဒေါ်လာ) သို့ တက်လာခဲ့ကြောင်းသိရပါသည်။

Source : vnexpress

DOCA(ရန်ကုန်)

၂၀၂၄ခုနှစ်၊ ဩဂုတ်လတွင် ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၂.၉ဘီလီယံရရှိခဲ့သည့် အင်ဒိုနီးရှား

      ၂၀၂၄ခုနှစ်၊ ဩဂုတ်လတွင် အင်ဒိုနီးရှားနိုင်ငံ၏ ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၂.၉ဘီလီယံရရှိခြင်းသည် နိုင်ငံတော်၏ နိုင်ငံခြားငွေလဲလှယ်မှုအရင်းမြစ်ကို ကွဲပြားစွာထားရှိသည့် အစိုးရ၏အောင်မြင်မှုရလဒ်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဘဏ္ဍာရေးမူဝါဒ အေဂျင်စီအကြီးအကဲ Febrio Kacarium က ပြောကြားခဲ့ပါသည်။ ၁၇-၉-၂၀၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၅ခုနှစ် နိုင်ငံတော်ဘက်ဂျက်အစည်းအဝေးတက်ရောက်အပြီးတွင် Kacarium က ပိုငွေရရှိမှုသည် တရုတ်နိုင်ငံ၏  စီးပွားရေးအားနည်းမှုကြောင့် လက်တလော ကမ္ဘာ့စီးပွားရေးအခြေအနေမသေချာမရေရာမှုကို အင်ဒိုနီးရှာက ကျော်လွှားနိုင်သည့် လက္ခဏာဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ Kacarium က ၎င်းတို့သည် ထိုသို့ စံချိန်တင်ကုန်သွယ်ရေးပိုငွေရရှိစေရန်စီမံနိုင်ခဲ့ပြီး ထိုသို့ မြင့်မားသောတန်ဖိုးရရှိရန် နိုင်ငံတော်၏ စီးပွားရေးဖွဲ့စည်းပုံကိုပြောင်းလဲရန် ကြိုးစားအားထုတ်ခဲ့ကြောင်းပြောကြားခဲ့ပါသည်။ Statistics Indonesia (BPS)က  အင်ဒိုနီးရှားသည်ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၂.၉ဘီလီယမ်ရရှိခဲ့ရာ တွင်ရေနံနှင့် ဂတ်စ်ကဏ္ဍမဟုတ်သည့်နယ်ပယ်များက အများဆုံးပါဝင်ခဲ့ကြောင်းကြေညာခဲ့ပါသည်။ BPS ၏ ဖြန့်ချိရေးနှင့် ဝန်ဆောင်မှုစာရင်းအင်း ဒုတိယအကြီးအကဲက အင်ဒိုနီးရှားသည် မေလ ၂၀၂၀ခုနှစ်မှစ၍ ၂၅ လဆက်တိုက် ပိုငွေပြခဲ့ကြောင်းနှင့် ရေနံနှင့်ဂတ်စ်ကဏ္ဍမဟုတ်သည့် သတ္တူလောင်စာများ၊  တိရိစ္ဆာန်နှင့် ဟင်းသီးဟင်းရွက်အဆီများ၊ သံနှင့် စတီလ်တို့ကဲ့သို့သော ကုန်ပစ္စည်းများမှ အဓိကရရှိခဲ့ကြောင်းပြောကြားခဲ့ပါသည်။

Source : Antera New

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ