ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

တရုတ်နိုင်ငံ၏ ပဲပုပ်တင်သွင်းမှု ဩဂုတ်လ၌ တန်ချိန် ၁၂ သန်းကျော်ထိ စံချိန်တင်မြင့်တက်

      အမေရိကန်နိုင်ငံ၌ သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် နောက်တစ်ကြိမ်ထပ်မံ၍ သမ္မတအဖြစ် ရွေးကောက်ခံရပါက ကုန်သွယ်ရေးတင်းမာမှု မြင့်မားလာနိုင်ခြေရှိခြင်းကို စိုးရိမ်မှုနှင့်အတူ ကုန်သည်များက ဈေးနှုန်းများနိမ့်ကျနေသည့် အခွင့်အရေးအားအရယူလျက် ဝယ်ယူစုဆောင်းကြ သဖြင့် တရုတ်နိုင်ငံ၏ ဩဂုတ်လအတွင်း ပဲပုပ်စေ့တင်သွင်းမှုမှာ တန်ချိန် ၁၂.၁၄ သန်းအထိ စံချိန် တင် မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

     အကောက်ခွန်ဌာန၏ စက်တင်ဘာ ၁၀ ရက်နေ့ထုတ်ပြန်သော အချက်အလက်များအပေါ် အခြေပြု၍ ရိုက်တာသတင်းဌာနက တွက်ချက်ထားရှိမှုများအရ အဆိုပါ ပဲပုပ်စေ့များ တင်သွင်းခဲ့မှု ပမာဏသည် ယခင်နှစ် အလားတူကာလ၌ တင်သွင်းခဲ့သော တန်ချိန် ၉.၄၃ သန်းအပေါ် ၂၉ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်သည်။

     ထိုကဲ့သို့ ပဲပုပ်စေ့တင်သွင်းမှု မြင့်တက်လာခြင်းမှာ ယခင်လ၌ အကောက်ခွန်ရှင်းလင်းရေး ကိစ္စရပ်များ ကြန့်ကြာမှုရှိခဲ့သော ကုန်သင်္ဘောများအား ယခုလတွင် အပြီးသတ်ရှင်းလင်းနိုင်၍ဖြစ် ကြောင်း၊ ချီကာဂိုဈေးကွက်၌ ပဲပုပ်စေ့ဈေးနှုန်းများ နိမ့်ကျနေခြင်းက ယခင်လများတွင် ဝယ်ယူမှု အများအပြားပြုလုပ်ရန်အတွက် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်ခဲ့ကြောင်း၊ အမေရိကန်နိုင်ငံ၏ သမ္မတရွေးကောက်တင်မြောက်ပွဲတွင် ဒေါ်နယ်ထရမ့် အနိုင်ရခဲ့ပါက အခွန်နှုန်းထားများ မြှင့်တင် နိုင်မည့်အရေးကို ကြိုတင်ဆောင်ရွက်မှုအဖြစ် ကုန်သည်များကဝယ်ယူနေကြသည်ဟု ပြောဆိုမှုများရှိကြောင်းဖြင့် ရှန်ဟိုင်းမြို့အခြေစိုက် စိုက်ပျိုးရေးအတိုင်ပင်ခံလုပ်ငန်းတစ်ခုဖြစ်သော JCI မှ သုတေသီ Rosa Wang က ပြောကြားခဲ့သည်။

     တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေစီမံအုပ်ချုပ်ရေးဌာန၏ အချက်အလက်များအရ ယခုနှစ် ပထမ ၈ လအတွင်း ပဲပုပ်စေ့တင်သွင်းရောက်ရှိမှု စုစုပေါင်းမှာ တန်ချိန် ၇၀.၄၈ သန်းရှိပြီး ယခင်နှစ် ကာလတူ တင်သွင်းမှုအပေါ် ၂.၈ ရာခိုင်နှုန်း ပိုမိုခဲ့ကြောင်း သိရှိရသည်။ တိရစ္ဆာန် အစား အစာနှင့် စားသုံးဆီထုတ်လုပ်ရန်အတွက် ကြိတ်ခွဲအသုံးပြုရသော ပဲပုပ်စေ့တန်ချိန် အမြောက် အမြား ရောက်ရှိလာမှုသည် အသားနှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်ရေးကဏ္ဍ၏ သုံးစွဲမှု အားနည်းနေ သော စီးပွားရေးအခြေအနေတွင် ကမ္ဘာ့ထိပ်တန်း ဝယ်ယူသူဖြစ်သော တရုတ်နိုင်ငံ၌ ပဲပုပ်များ ပိုလျှံ ဖောင်းပွမှုကို ဖြစ်ပေါ်စေလျက်ရှိသည်။

      ပြည်တွင်းထွက် ပဲပုပ်စေ့နှင့် ပဲပုပ်ဆီကြိတ်ဖတ် မွေးမြူရေးအစားအစာများ သိုလှောင်ထားရှိမှုမှာ အနည်းငယ်ကျဆင်းခဲ့သော်လည်း ကုန်ကျန်ပမာဏမှာ မြင့်မားနေဆဲဖြစ်ကြောင်း၊ ပဲပုပ်ဆီကြိတ်ဖတ် ရောင်းလိုအားနှင့် ဝယ်လိုအားတို့အကြား ကွဲလွဲဆန့်ကျင်မှု ဖြစ်ပေါ်လျက်ရှိခြင်းကို သက်သာစေရန်မှာ အချိန်ကြာမြင့်မှု ရှိလိမ့်မည်ဖြစ်ကြောင်း၊ ပဲပုပ်ဆီကြိတ်ဖတ် ဈေးနှုန်းများသည်လည်း ကာလရှည်စွာ နိမ့်ကျနေဦးမည်ဖြစ်ကြောင်း MySteel စိုက်ပျိုးရေးအတိုင်ပင်ခံလုပ်ငန်းက အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

    တင်သွင်းလာသည့်ပဲပုပ်စေ့များ၏ ကုန်ကျစရိတ်မြင့်မားလာခြင်းက တရုတ်နိုင်ငံ၏ အဓိကကြိတ်ခွဲထုတ်လုပ်ရာ အချက်အချာဒေသဖြစ်သော Rizhao မြို့တွင် ဇူလိုင်လနောက်ပိုင်း အမြင့်မားဆုံးအဖြစ် စက်တင်ဘာလ ကြိတ်ခွဲမှုအမြတ်အစွန်းကို မြှင့်တင်ပေးခဲ့သည်။ သို့သော် ကြိတ်ခွဲထုတ်လုပ်သူများအနေဖြင့် ပဲပုပ်စေ့ ၁ တန်ကြိတ်ခွဲတိုင်း ယွမ်ငွေ ၃၀၀ (၄၂.၁၇ ဒေါ်လာ) ခန့် အရှုံးပေါ် နေဆဲဖြစ်သည်။

     ရိုက်တာသတင်းဌာနက ဈေးကွက်သုတေသန လေ့လာဆန်းစစ်ရေးအဖွဲ့ ၁၀ ခုသို့  စစ်တမ်းကောက်ယူခဲ့ရာတွင် ကမ္ဘာ့ထိပ်တန်း ပဲပုပ်စိုက်ပျိုးထုတ်လုပ်သည့် ဘရာဇီးနိုင်ငံ၌ မိုးရွာသွန်းမှု ကောင်းမွန်ဖွယ်ရှိမည့် ခန့်မှန်းချက်များအရ ၂၀၂၄-၂၅ စိုက်ပျိုးရေးနှစ်တွင် တောင်သူများအနေဖြင့် ယခင်နှစ်ကထက် ၁၄ ရာခိုင်နှုန်း ပိုမိုလျက် တိုးတက်ထုတ်လုပ်နိုင်ဖွယ်ရှိသည်ဟု သိရှိရသည်။

Source: Business Recorder, 10 Sept 2024

(လယ်ယာထွက်ကုန်များ နှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့် လေ့လာရေးအဖွဲ့)

ဇီဝဒီဇယ်ဆီ ရည်ညွှန်းဈေးထုတ်ပြန်ရန် ထိုင်းဆီအုန်းစိုက်ပျိုးသူများ တောင်းဆို

   ထိုင်းနိုင်ငံ၌ B100 ခေါ် ဇီဝဒီဇယ် ၁၀၀ ရာခိုင်နှုန်း စက်သုံးဆီ၏ ရည်ညွှန်းဈေးနှုန်းကို မည်သည့်အများပြည်သူဆိုင်ရာ သတင်းဌာနများတွင်မဆို ကြေညာခြင်းမပြုရန် တားမြစ်ပိတ်ပင်သည့် အမိန့်အား စွမ်းအင်မူဝါဒနှင့်စီမံကိန်းရုံးမှ မကြာသေးမီက ထုတ်ပြန်ခဲ့ခြင်းကို ပယ်ဖျက်ပေးရန်အတွက် စက်တင်ဘာ ၉ ရက်နေ့တွင် စွမ်းအင်ဝန်ကြီး Pirapan Salirathavibhaga ထံ တွေ့ဆုံအရေးဆိုရန် ဆီအုန်းစိုက်ပျိုးသောတောင်သူများ၏ ကိုယ်စားလှယ်များက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

   ထိုကဲ့သို့ B100 ရည်ညွှန်းဈေးနှုန်းကို ထုတ်ဖော်ကြေညာမှုမပြုခြင်းသည် အဓိကစက်သုံးဆီ ဖြန့်ဖြူးသူများအတွက် B100 ဇီဝဒီဇယ်ဆီ ထုတ်လုပ်သူများထံမှ နိမ့်ကျသောဈေးနှုန်းဖြင့် ဝယ်ယူခွင့်ရရှိစေမည်ဖြစ်ကြောင်း၊ B100 ဆီထုတ်လုပ်သူများကလည်း တောင်သူများထံမှ ဆီအုန်းခိုင်များကို ဈေးနှိမ်၍ ဝယ်ယူကြလိမ့်မည်ဖြစ်ကြောင်းဖြင့် အဆိုပါ ကိုယ်စားလှယ်များက စွပ်စွဲပြောဆိုခဲ့ကြသည်။

    ထိုင်းနိုင်ငံတွင် စက်သုံးဆီဖြန့်ဖြူးသူများသည် B100 ဆီကို ဝယ်ယူပြီး သန့်စင်ထားသော ဒီဇယ်ဆီနှင့် ရောစပ်ခြင်းဖြင့် ဇီဝဒီဇယ်ဆီကို ထုတ်လုပ်လျက် စက်သုံးဆီအရောင်းဆိုင်များသို့ ရောင်းချပေးခြင်းဖြစ်သည်။

    စွမ်းအင်မူဝါဒနှင့်စီမံကိန်းရုံး အနေဖြင့် စက်သုံးဆီဖြန့်ဖြူးသူများက လိုက်နာရမည့် B100 ရည်ညွှန်းဈေးနှုန်းကို သတ်မှတ်ဆောင်ရွက်ရန် အမျိုးသားစားအုန်းဆီမူဝါဒကော်မတီက ဇွန်လ ၇ ရက်နေ့၌ ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း၊ ဆီအုန်းစိုက်ပျိုးသော တောင်သူများမှ အသီးခိုင်များအား ရောင်းချရာတွင် ဈေးကောင်းရရှိစေရေးကို အထောက်အပံ့ပြုသည့် လုပ်ဆောင်မှုတစ်ရပ်အဖြစ် အဆိုပါ ဆုံးဖြတ်ချက်အပေါ် အစိုးရအဖွဲ့ကလည်း ဇူလိုင်လ ၂ ရက်နေ့တွင် အတည်ပြုထားပြီးဖြစ်ကြောင်း၊ သို့ဖြစ်ရာ B100 ရည်ညွှန်းဈေးနှုန်းကို ကြေညာခြင်းမပြုရန် တားမြစ်ခြင်းအား ပယ်ဖျက်ပေးရန်အတွက် စွမ်းအင်ဝန်ကြီး၊ စွမ်းအင်ဝန်ကြီးဌာနရှိ အမြဲတမ်းအတွင်းဝန်နှင့် စွမ်းအင်မူဝါဒနှင့် စီမံကိန်းရုံး၏ ညွှန်ကြားရေးမှူးချုပ်တို့ထံ စက်တင်ဘာ ၉ ရက်နေ့တွင် စာဖြင့်ပေးပို့ တောင်းဆိုမည် ဖြစ်ကြောင်း၊ အကယ်၍ ပြေလည်မှုမရရှိခဲ့ပါက အမျိုးသားအဂတိတိုက်ဖျက်ရေးကော်မရှင်ထံ ဆက်လက်တင်ပြ အရေးဆိုမည်ဖြစ်ကြောင်း တောင်သူကိုယ်စားလှယ်များက ပြောဆိုခဲ့ကြသည်။

Source: The Nation Thailand, 8 Sept 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဘင်္ဂလားဒေ့ရှ်၏ စပါးအထွက်ကျဆင်းပြီး ဂျုံစားသုံးမှုမြင့်တက်မည်ဟု အမေရိကန်စိုက်ပျိုးရေးဌာန ခန့်မှန်း

      ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုမှာ ရေလွှမ်းမိုးမှုများကြောင့် ထိခိုက် ပျက်စီးမှုဖြစ်ပေါ်လျက်ရှိရာ ရိတ်သိမ်းရရှိနိုင်မည့် ဧရိယာပမာဏသည် ဟက်တာပေါင်း ၁၁.၅ သန်း အောက်သို့ လျော့ကျဖွယ်ရှိပြီး ၂၀၂၄-၂၅ ဈေးကွက်ရာသီနှစ်တွင် ကြိတ်ခွဲပြီး ဆန်တန်ချိန် ၃၆.၈ သန်းခန့်သာ ထွက်ရှိနိုင်မည်ဟု အမေရိကန်ပြည်ထောင်စု၊ စိုက်ပျိုးရေးဦးစီးဌာန လက်အောက်ရှိ ပြည်ပစိုက်ပျိုးရေးဝန်ဆောင်မှုဌာန (Foreign Agricultural Service  ̶  FAS) က အစီရင်ခံဖေါ်ပြ ခဲ့သည်။

     အဆိုပါအစီရင်ခံစာ၌ အထွက်ကျဆင်းမှုနှင့် ဈေးနှုန်းကြီးမြင့်မှုများကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ အဓိကအစားအစာဖြစ်သော ဆန်ကို စားသုံးမှုသည်လည်း ယခင်ခန့်မှန်းထားသည့် ပမာဏ အောက် တန်ချိန် ၃၀၀၀၀၀ လျှော့ချလျက် ၂၀၂၄-၂၅ ခုနှစ်တွင် တန်ချိန် ၃၇.၇ သန်းသာ သုံးစွဲဖွယ် ရှိသည်ဟု ခန့်မှန်းထားသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၂၀၂၂ ခုနှစ် ဩဂုတ်လမှစတင်၍ ငွေကြေး ဖောင်းပွမှု လွန်စွာမြင့်မားခြင်းကို ကြုံတွေ့ခဲ့ရပြီး ၎င်းအချက်က စားသုံးသူများ၏ ဝယ်ယူနိုင်စွမ်းကို ထိခိုက်စေခဲ့ကြောင်း၊ ဇူလိုင် ၃၁ ရက်နေ့မှစ၍ အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍနှစ်ရပ်လုံးသည် ဆန်တင် သွင်းခြင်း မရှိခဲ့ကြောင်း FAS ဌာနက ဖော်ပြထားသည်။

      ထို့အပြင် အိန္ဒိယ၏ ဘာစမာတီမဟုတ်သော ဆန်ဖြူများတင်ပို့မှုအား တားမြစ်ကန့်သတ် ချက်နှင့် ကမ္ဘာ့ဆန်ဈေးနှုန်းများ ကြီးမြင့်နေမှုအရ တင်သွင်းမည့်ဆန်၏ တန်ဖိုးသည် ပြည်တွင်း၌ ထုတ်လုပ်သည့်ဆန်ထက် စရိတ်ပိုမိုများပြားနိုင်သဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် နိုင်ငံတကာ ဈေးကွက်မှဆန်ကို တင်သွင်းဖွယ်မရှိသည့် အခြေအနေရှိသည်။ 

    ဆန်တင်သွင်းရန် စိန်ခေါ်မှုများရှိနေမှုနှင့်အတူ ထုတ်လုပ်မှုကျဆင်းမည့် အခြေအနေကို ထည့်သွင်းစဉ်းစားလျက် ဘင်္ဂလားဒေ့ရှ်ပြည်တွင်း၌ ဆန်ဈေးနှုန်းများမှာ မကြာမီကာလအတွင်း မြင့်တက်လာနိုင်ကြောင်း၊ ရလဒ်အားဖြင့် ဆန်စားသုံးမှုကျဆင်းမည်ဟု ခန့်မှန်းရကြောင်း၊ သို့သော် ဆန်ကိုအစားထိုးနိုင်သည့် ဂျုံမှုန့်၏ဈေးနှုန်းများမှာ ပိုမိုသက်သာမှုရှိနေသဖြင့် ဂျုံစားသုံးမှုသည် မြင့်တက်လာဖွယ်ရှိကြောင်း FAS က ပြောကြားထားသည်။

     ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆန်၏နောက်၌ ဂျုံသည် ဒုတိယ အရေးပါသည့် အဓိကအစားအစာ ဖြစ်သည်။ ပြည်တွင်းမှ စိုက်ပျိုးထုတ်လုပ်မှုသည် ဂျုံဝယ်လိုအား စုစုပေါင်း၏ ၁၅ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးလျက်ရှိသည်။ ဘင်္ဂလားဒေ့ရှ် အနေဖြင့် ၂၀၂၃-၂၄ ခုနှစ် ခန့်မှန်းချက်နည်းတူ ၂၀၂၄-၂၅ ခုနှစ်တွင်လည်း ဂျုံရိတ်သိမ်းမှုဧရိယာ ဟက်တာ ၃၁၀၀၀၀ မှ အထွက်တန်ချိန် ၁.၁ သန်းကို ထုတ်လုပ်နိုင်မည်ဟု FAS က ခန့်မှန်းထားသည်။

     FAS ဌာန၏ အစီရင်ခံစာအရ လက်ရှိကာလ နိုင်ငံတကာဈေးနှုန်းများတည်ငြိမ်မှု၊ ထောက်ပံ့ ပေးသွင်းရေး လွယ်ကူချောမွေ့မှုနှင့် ပြည်တွင်းအထွက်မြင့်မားမှုတို့ကို အခြေခံတွက်ချက်ပါက ဘင်္ဂလားဒေ့ရှ်၏ ဂျုံတင်သွင်းမှုသည် တန်ချိန် ၆.၆ သန်းရှိနိုင်ကြောင်း သိရှိရသည်။ အဆိုပါပမာဏ သည် ယခင်အကြိမ် ခန့်မှန်းထားသည်ထက် ၆.၅ ရာခိုင်နှုန်း ပိုမိုလာခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် စားနပ်ရိက္ခာဝန်ကြီးဌာနနှင့် စိုက်ပျိုးရေးဝန်ကြီးဌာနတို့မှ နောက်ဆုံးထုတ်ပြန်သော ကုန်သွယ်မှုအချက်အလက်များကို အခြေခံ၍ ၂၀၂၂-၂၃ ခုနှစ်၌ တင်သွင်းမှုထက် ၃၃ ရာခိုင်နှုန်းပိုမိုလျက် ၂၀၂၃-၂၄ ခုနှစ်တွင် ဂျုံတန်ချိန် ၆.၈ သန်းအထိ တင်သွင်းခဲ့ဖွယ်ရှိသည်ဟု FAS က ပြင်ဆင်ခန့်မှန်းခဲ့သည်။

     အိန္ဒိယနိုင်ငံသည် ဂျုံတင်ပို့မှုကို ၂၀၂၂ ခုနှစ် မေလမှ စတင်ပိတ်ပင်ခဲ့ရာ ဘင်္ဂလားဒေ့ရှ် သွင်းကုန်လုပ်ငန်းရှင်များသည် ကြိတ်ခွဲစက်များသို့ ပေးသွင်းရန်အတွက် ရုရှားနိုင်ငံထံမှ ဂျုံများကို ပြောင်းလဲဝယ်ယူတင်သွင်းခဲ့သည်။ ယူကရိန်း၊ ကနေဒါ၊ ဩစတေးလျနှင့် ဘရာဇီး စသည့်နိုင်ငံများ ကလည်း ဘင်္ဂလားဒေ့ရှ်သို့ ဂျုံတင်ပို့လျက်ရှိသည်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဂျုံစားသုံးမှုပမာဏ စုစုပေါင်းမှာ ၂၀၂၂-၂၃ ခုနှစ်နှင့် ၂၀၂၃-၂၄ ခုနှစ် တို့တွင် တန်ချိန် ၆.၇ သန်းနှင့် ၇.၅ သန်း အသီးသီးရှိခဲ့ရာမှ မြင့်တက်လာပြီး ၂၀၂၄-၂၅ ခုနှစ်၌ တန်ချိန်၇.၇ သန်းအထိ ရောက်ရှိနိုင်ကြောင်း၊ ဘီစကစ်၊ အချိုမုန့်၊ ပါစတာ၊ ခေါက်ဆွဲနှင့် မုန့်မျိုးစုံတို့အပေါ် ဝယ်လိုအားကြီးမားမှုနှင့်အတူ အိမ်ထောင်စုစားသုံးမှုအဆင့်၌ ဝယ်လိုအားများပြားလာခြင်းက ဂျုံသုံးစွဲမှုပမာဏကို မြင့်တက်စေလျက်ရှိကြောင်း သိရှိရသည်။

Source: World Grain, 4 Sept 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အမေရိကန်သကြားဈေးကွက်သို့ ဖိလစ်ပိုင်ဝင်ရောက်

    ကြံစိုက်ပျိုးသူများအတွက် တည်ငြိမ်သော အကျိုးအမြတ်ရရှိစေရန် ပြည်တွင်းရောင်းလိုအား ဟန်ချက်ညီရန် အစိုးရ၏ စီမံချက်တစ်စိတ်တစ်ပိုင်းအနေဖြင့် ဖိလစ်ပိုင်သည် အမေရိကန်သို့ သကြားအကြမ်းထည် ၂၅၃၀၀ မက်ထရစ်တန်ကို ၃-၉-၂၀၂၄ ရက်နေ့က တင်ပို့ခဲ့ပြီး အမေရိကန် ဈေးကွက်သို့ တရားဝင်ပြန်လည်ဝင်ရောက်ခဲ့ကြောင်း သိရပါသည်။ အမေရိကန်၏ အကောက်ခွန်နှုန်း၊ ခွဲတမ်း(TRQ)စနစ်အောက်တွင် သကြားတင်သွင်းရန်အတွက် စက်တင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထား၍ အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်သို့ အရောက် တင်ပို့ရမည်ဟု သိရပါသည်။ ဖိလစ်ပိုင်သည် တင်သွင်းသည့်ကုန်ပစ္စည်းများအား အတော်အသင့်နည်းပါးသည့် အကောက်ခွန်နှုန်းထားဖြင့် ဝင်ရောက်ရန်ခွင့်ပြုသည့် အမေရိကန် ၏ TRQ စနစ်အောက်တွင် အကျိုးအမြတ်ရရှိနေသူများထဲမှ တစ်ခုဖြစ်ကြောင်း သိရပါသည်။ ဖိလစ်ပိုင်နိုင်ငံ သကြားစီမံခန့်ခွဲ ရေးအာဏာပိုင်အဖွဲ့(SRA)၏ CEO ဖြစ်သူ Pablo Luiz Azcona က ယခုလိုတင်ပို့ခြင်းသည် ယခုလ အကုန်တွင် ကြိတ်ခွဲမှုစတင်သောအခါ နိုင်ငံအတွင်း သကြားရောင်းလိုအားကို ဟန်ချက်ညီစေမည် ဟု ပြောကြားခဲ့ပါသည်။ လွန်ခဲ့သည့်လတွင် SRA ဘုတ်အဖွဲ့သည် ပြည်တွင်း၌ထုတ်လုပ်သည့် သကြားအကြမ်းထည်အချို့ကို ထပ်မံပြုပြင် ခွဲတမ်းချသည့် စည်းမျဉ်းဖြစ်သည့် Sugar Order 3 ကို ထုတ်ပြန်ခဲ့ပါသည်။ ၂၀၂၀-၂၀၂၁ ကောက်ရိတ်သိမ်းနှစ်မှစ၍ ပြည်တွင်းထွက်ရှိမှုသည် ဝယ်လိုအား အောက်နိမ့်ကျနေမှုကြောင့် ဖိလစ်ပိုင်သည် အမေရိကန်သို့ သကြားဖိလစ်ပိုင် အကြမ်းထည်အား (၂)နှစ်ဆက် တင်ပို့နိုင်ခြင်းမရှိကြောင်း သိရပါသည်။ သကြားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်စပ်၍ ပြည်တွင်းသကြားစက်များသည် ကုန်သွယ်ရေးသဘောတူညီချက်အရ UAE နိုင်ငံထံမှတင်သွင်း မည့် သန့်စင်ထားသော သကြားများအတွက် အစိုးရ၏ အကောက်ခွန်လျှော့ချပေးမည့် မည်သည့်အစီအစဉ်ကိုမဆို ဆန့်ကျင်ကြကြောင်းသိရပါသည်။ ဖိလစ်ပိုင်သကြားစက်များအသင်း (PSMA) က လတ်တလော အကောက်ခွန်ကော်မရှင်ကြားနာမှုအတွင်း ကျယ်ပြန့်သော စီးပွားရေး မိတ်ဖက်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သောကြောင့် နိုင်ငံ၏ သန့်စင်ထားသော သကြားအပေါ် အကောက်ခွန်များကို ဖြတ်တောက်ရန် တောင်းဆိုချက်များကို ခွင့်မပြု သင့်ကြောင်း ၎င်းတို့၏ ဆန့်ကျင်မှုကို ပြောကြားခဲ့ကြောင်း သိရပါသည်။ PSMA ၏ ညွှန်ကြားရေးမှူးဖြစ်သူ Jesus Barrera က UAE  တွင် ကမ္ဘာ့အကြီးမားဆုံးသကြားသန့်စင် စက်ရုံများထဲမှ တစ်ခုရှိကြောင်းနှင့် ဖိလစ်ပိုင်သို့ ၎င်းတို့၏ တင်ပို့မှုများကို နည်းပါးသော အကောက်ခွန်နှုန်းထားများဖြန့်ဝင်ရောက်ခွင့်ပြုပါက ပြည်တွင်း သကြားလုပ်ငန်းကို ထိခိုက် စေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ UAE ၏ သကြားသန့်စင်စက်ရုံထဲမှ တစ်ခု၏ ထုတ်လုပ်နိုင်စွမ်းမှာ မက်ထရစ်တန် ၁.၅ သန်း ရှိပြီး အဆိုပါ ပမာဏသည် ဖိလစ်ပိုင် တစ်နိုင်ငံလုံး ထုတ်လုပ်နိုင်စွမ်းနှင့် ညီမျှကြောင်းသိရပါသည်။ ကုန်သွယ်ရေးတာဝန်ရှိသူများကလည်း ကုန်သွယ်ရေးကော်မရှင်ကြားနာမှုအတွင်း UAE သည် သန့်စင်ထားသော သကြားအပေါ်တွင် ဖိလစ်ပိုင်ကောက်ခံမည့် အကောက်ခွန်ကို လျှော့ချပေးရန် ဆန္ဒရှိကြောင်း အတည်ပြုပြောကြားခဲ့ကြောင်း သိရပါသည်။

 

Source: Philippines Star

DOCA(ရန်ကုန်)

 

ပြည်တွင်းစားသုံးမှုနှင့် အီသနောထုတ်လုပ်မှုကို အရှိန်မြှင့်တင်ရန်ရည်ရွယ်၍ သကြားတင်ပို့ခွင့်ကို အိန္ဒိယဆက်လက်ပိတ်ပင်

      ကြံထွက်ရှိမှုနည်းပါးမည်ဟု မျှော်မှန်းရသောကြောင့် အိန္ဒိယအစိုးရသည် သကြားတင်ပို့ခွင့်ကို (၂)နှစ်ဆက်တိုက်ပိတ်ပင်ရန် စီစဉ်ထားကြောင်း သိရပါသည်။ ဘိုင်အိုလောင်စာအတွက် ထောက်ပံ့မှုပေးနိုင်ရေးအရှိန်မြှင့်တင်ရန် အားထုတ်မှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ရေနံကုမ္ပဏီများက သကြားစက်များထံမှ အီသနောဝယ်ယူမှုများရှိနေကြောင်း သိရပါသည်။ ကမ္ဘာ့သကြား ဈေးကွက်တွင် အိန္ဒိယပါဝင်မှုသည် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့နိုင်စွမ်းကို ကျုံ့သွားစေပြီး အမေရိကန်နှင့် အင်္ဂလန်တို့တွင် သကြားဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ကမ္ဘာ့ အကြီးမားဆုံး သကြားထုတ်လုပ်သူ ဘရာဇီးသည် မိုးခေါင်မှုကြောင့် အထွက်နှုန်းကျဆင်း နိုင်သော အခါ အိန္ဒိယသည် သကြားစက်များအား တင်ပို့မှုပိတ်ပင်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ပြည်တွင်းသုံးစွဲရန် သကြားဖူလုံမှုရရှိပါက ၎င်းတို့၏ နောက်ထပ်ရည်မှန်းချက်သည် အီသနော ထုတ်လုပ်ရန်ဖြစ်ကြောင်း အစိုးရသတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့ကြောင်း သိရပါသည်။ ကာဗွန်ထုတ်လုပ်မှုကိုလျှော့ချရန်အတွက် အိန္ဒိယသည် Gasoline တွင် အီသနောပါဝင်မှုပမာဏ ကို ယခုတွင် ၁၃ ရာခိုင်နှုန်းမှ ၁၄ ရာခိုင်နှုန်း ကြားပါဝင်ရာမှ ၂၀၂၅-၂၀၂၆ တွင် ၂၀ ရာခိုင်နှုန်းထိ တိုးမြှင့်ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ E.I.D.Parry Balrampur Chini Mills၊ Shree Renuka၊ Bajaj Hindustan နှင့် Dwarikesh Sugar အစရှိသည့် အိန္ဒိယဆန်စက်များသည် ၎င်းတို့၏ အီသနောထုတ်လုပ်နိုင်စွမ်းကို လွန်ခဲ့သည့် နှစ်အနည်းငယ်မှ စ၍ မြှင့်တင်ခဲ့ကြောင်း သိရပါသည်။ အစိုးရသည်လည်း အီသနောဝယ်ယူသည့်ဈေးနှုန်းကို ဈေးကွက်ရာသီအသစ်ဖြစ်သည့် နိုဝင်ဘာလမှစ၍ ၅ ရာခိုင်နှုန်းကျော်မြှင့်တင်ရန် စဉ်းစားလျက်ရှိကြောင်း သိရပါသည်။ လွန်ခဲ့သည့် လတွင် အစိုးရသည် နိုဝင်ဘာလမှစ၍ သကြားစက်များအား ကြံရည်နှင့်သကြားရည်များအား အီသနောထုတ်လုပ်ရန်အတွက်သာ ခွင့်ပြုမည်ဟု အမိန့်ထုတ် ထားကြောင်း သိရပါသည်။ အိန္ဒိယအပြင် ကမ္ဘာ့အကြီးဆုံးသကြားထုတ်လုပ်သူ ဘရာဇီးသည် လည်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစ၍ သကြားစက်များအား သကြားတင်ပို့ခွင့် ပိတ်ပင်ထားကြောင်း သိရပါသည်။ နယူးဒေလီအစိုးရသည် လွန်ခဲ့သည့်ရာသီတွင် သကြား တန်ချိန် မက်ထရစ်တန် ၆.၁ သန်းသာ တင်ပို့ခွင့် ပြုခဲ့ပြီး အဆိုပါ ပမာဏသည် ၂၀၂၁-၂၀၂၂ က တင်ပို့မှု၏ ထက်ဝက်သာလျှင်ရှိကြောင်း သိရပါသည်။ မွန်ဘိုင်းမြို့အခြေစိုက်ကုန်သည်တစ်ဦးက ဘရာဇီးနိုင်ငံမှ ထုတ်လုပ်မှုကျဆင်းရန် ခန့်မှန်းရသောကြောင့် ကမ္ဘာကြီးသည် ၂၀၂၅ ခုနှစ်တွင် အိန္ဒိယ၏တင်ပို့မှုများကို လိုအပ်ကြောင်းနှင့် အိန္ဒိယ၏ တင်ပို့မှု မရရှိပါက ကမ္ဘာ့သကြားဈေးနှုန်းများ ဆက်လက်မြင့်တက်လိမ့်မည်ဟု ပြောကြားခဲ့ပါ သည်။  

Source: Malay Mail

 

DOCA(ရန်ကုန်)

ဗီယက်နမ်ပင်မှည့်သီးများ ဩစတြေးလျဈေးကွက်သို့ ဝင်ရောက်

     ပင်မှည့်သီးသည် သရက်သီး၊ သမင်မျက်လုံးသီး(Longan)၊ လိုင်ချီးသီးနှင့် နဂါးမောက်သီးတို့၏နောက်တွင် ဩစတြေးလျသို့ တရားဝင်တင်ပို့ခဲ့သည့် (၅)ခုမြောက်အမျိုးအစားဖြစ်လာကြောင်း သိရပါသည်။ စက်တင်ဘာလ ၉ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ အပင်ကာကွယ်ရေးဦးစီးဌာနနှင့် ဗီယက်နမ်နိုင်ငံရှိ ဩစတြေးလျသံရုံးနှင့်ပူးပေါင်း၍ ဗီယက်နမ်ပင်မှည့်သီးများ ဩစတြေးလျသို့တင်ပို့မှုနှင့် ဩစတြေးလျမက်မန်းသီးများအား ဗီယက်နမ်က တင်သွင်းမှုတို့ကို ကြေညာရန် အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရပါသည်။ အပင်ကာကွယ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးဖြစ်သူ Huynh Tan Dat က ဗီယက်နမ်တွင် အပူပိုင်းဒေသထွက် သစ်သီးများတွင် ကြီးမားသည့်အလားအလာနှင့် အခွင့်အရေးရှိနေကြောင်း ပြောကြားခဲ့ပါသည်။ လတ်တလောတွင် ဗီယက်နမ်သစ်သီးများသည် နိုင်ငံ(၆၀)ကျော်တွင် ဝယ်ယူရရှိနိုင်ပြီဟု သိရပါသည်။ အထူးသဖြင့် ပင်မှည့်သီးများကို လတ်ဆတ်သော ပင်မှည့်သီး၊ အေးခဲထားသော ပင်မှည့်သီးနှင့် ဖျော်ရည်အစရှိသောပုံစံမျိုးစုံစံဖြင့် နိုင်ငံ(၂၀)ကို တင်ပို့ခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။ ဗီယက်နမ်တွင် ပင်မှည့်သီး စိုက်သည့်ဧရိယာမှာ ၁၂၀၀၀ ဟတ်တာရှိပြီး လတ်တလောတွင် ထပ်မံတိုးချဲ့နေကြောင်း  သိရပါသည်။ လတ်တလောနှစ်များတွင် ဗီယက်နမ် သည် အမျိုးအစား(၂)မျိုးဖြစ်သည့် အဝါရောင်ပင်မှည့်သီးနှင့် ခရမ်းရောင်ပင်မှည့်သီးတို့၏ အရည်အသွေးကိုမြှင့်တင်ရန် အာရုံစိုက်ခဲ့ကြောင်း သိရပါသည်။ မကြာမီအချိန်တွင် အပင်ကာကွယ်ရေးဦးစီးဌာနသည် စိုက်ပျိုးရေးသမားများနှင့်ဒေသခံများအား တင်သွင်းမည့် နိုင်ငံများ၏ လိုအပ်ချက်နှင့် ထုတ်လုပ်မှုမြှင့်တင်ရန်၊ ပင်မှည့်သီးထုတ်ကုန်များ ၏ အကျိုးကျေးဇူးရရှိမှုကို ဆက်လက်မြှင့်တင်နိုင်ရန် လမ်းညွှန်မှုပေးသွားမည်ဟု သိရပါသည်။ ဗီယက်နမ်နိုင်ငံဆိုင်ရာ ဩစတြေးလျသံအမတ်ကြီး Andrew Goledzinowski က ဗီယက်နမ်နှင့် ဩစတြေးလျတို့သည် သစ်သီးများပါဝင်သည့် စိုက်ပျိုးရေးထွက်ကုန်များကုန်သွယ်ရာတွင် မိတ်ဖက်များဖြစ်ကြောင်းနှင့် တစ်နိုင်ငံမှ များစွာသောအရည်အသွေးမြင့်သစ်သီးများသည် တစ်နိုင်ငံ၏ ဈေးကွက်ထဲသို့ ရောက်ရှိကြကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် သံအမတ်ကြီးက နှစ်နိုင်ငံလုံးသည် ဗီယက်နမ် စပျစ်သီးများနှင့် ဩစတြေးလျ ဘလူးဘယ်ရီသီးများကို အပြန်အလှန် တင်ပို့ကြရန်အတွက် ဆွေးနွေးမှုများကို အပြီးသတ်နိုင်ရန် ဆက်လက်ကြိုးပမ်းကြမည်ဟု ပြောကြားခဲ့ပါသည်။

Source: Vietnam Plus

DOCA(ရန်ကုန်)

Tesla ၏ ဩဂုတ်လ ရောင်းအားသည် တရုတ်ဈေးကွက်အလားအလာကို ပြသလျက်ရှိ

     ဩဂုတ်လတွင် အမေရိကန် အခြေစိုက် Tesla သည် တရုတ်နိုင်ငံတွင် လစဉ်ရောင်းအား စံချိန်သစ်တင်ခဲ့ပြီး ၎င်း၏ Shanghai Gigafactory မှ တင်ပို့မှုမှာ နှစ်လဆက်တိုက်မြင့်တက်ခဲ့သည်။ ကျွမ်းကျင်သူများက ဤတိုးတက်မှုသည် ကြီးမားကျယ်ပြန့်သော တရုတ်ဈေးကွက်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် လုပ်ငန်းချဲ့ထွင်မှုအလားအလာကို ခိုင်မာသော ညွှန်ပြချက်အဖြစ် ရှုမြင်ထားကြသည်။

     တရုတ်နိုင်ငံသည် ၎င်း၏ ပွင့်လင်းမြင်သာမှုနှင့် စိမ်းလန်းသော အသွင်ကူးပြောင်းရေး ကြိုးပမ်းမှုများကို အရှိန်အဟုန်မြှင့်လျက်ရှိသည်။ တရုတ်နိုင်ငံတွင် Tesla ၏ အောင်မြင်မှုသည် လွတ်လပ်သော ကုန်သွယ်မှုအတွက် နိုင်ငံ၏ ကတိကဝတ်ကို စံနမူနာပြပြီး နိုင်ငံခြား ကုမ္ပဏီ များအတွက် မျှတသော ဈေးကွက်ဆက်ဆံမှုနှင့် ကျယ်ပြန့်သော စီးပွားရေးအခွင့်အလမ်းများကို ရရှိစေသည်ဟု ကျွမ်းကျင်သူများက မှတ်ချက်ပြုသည်။

   အမေရိကန်လျှပ်စစ်ကားကုမ္ပဏီကြီး Tesla ၏ တရုတ်နိုင်ငံအတွင်း ရောင်းအားသည် ဩဂုတ်လတွင် အစီးရေ ၆၃၀၀၀ ကို ကျော်လွန်ကာ လစဉ် ၃၇% တက်လာကာ ယခုနှစ်အတွက် စံချိန်သစ်တင်ခဲ့ပြီး နိုင်ငံ၏ ဇိမ်ခံကားရောင်းချသူအဖြစ် ၎င်း၏ရပ်တည်မှုအား ပိုမိုခိုင်မာလာစေခဲ့သည်။

     Tesla ၏ Shanghai Gigafactory သည် ဒုတိယလအတွက် ပို့ဆောင်မှု ၁၇% ဆက်တိုက် တိုးလာခဲ့ပြီး အစီးရေ ၈၆၆၉၇ စီးအထိ ရောက်ရှိခဲ့ကြောင်း China Passenger Car Association (CPCA) ၏ အဆိုအရ သိရသည်။ ဩဂုတ်လတွင် တရုတ်နိုင်ငံ EV အမှတ်တံဆိပ်များ၏ စံချိန်တင်ရလဒ်များအား ထုတ်ပြန်ခဲ့သည်။ BYD သည် ဩဂုတ်လတွင် NEV အစီးရေ ၃၇၃၁၀၀ စံချိန်တင် ရောင်းချခဲ့ပြီး Li Auto ၏ ပေးပို့မှုမှာ လစဉ် ၃၇.၈% အထိ မြင့်တက်လာခဲ့သည်ဟု သိရသည်။

    ဩဂုတ်လ နှောင်းပိုင်းတွင် ကနေဒါသည် တရုတ် EV ကားများပေါ်တွင် ၁၀၀% ထပ်ဆောင်း အခွန်စည်းကြပ်ရန် နိုင်ငံရေးအရ လှုံဆော်မှုဖြင့် အမေရိကန်နှင့် ဥရောပတို့ကို လိုက်နာခဲ့သည်။

Source : globaltimes

DOCA(ရန်ကုန်)                 

ကမ္ဘောဒီးယား-တရုတ်၊ အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆွေးနွေး

     ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန (MFAIC) ၏ ဒုတိယဝန်ကြီးနှင့် ကမ္ဘောဒီးယား၏ အာဆီယံအဆင့်မြင့်အရာရှိကြီးများ ခေါင်းဆောင် Kung Phoak သည် ၎င်း၏ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်အတွင်း နိုင်ငံတော်ကောင်စီ၏ ဟောင်ကောင်နှင့်မကာအိုရေးရာ ဒုတိယခေါင်းဆောင်ဖြစ်သူ Nong Rong နှင့် ၉-၉-၂၀၂၄ ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်းသိရပါသည်။  MFAIC ၏အဆိုအရ အစည်းအဝေးအတွင်း Phoak နှင့် Nong တို့သည် ကမ္ဘောဒီးယား-တရုတ်နှင့် အာဆီယံ-တရုတ်အကြား နှစ်ဦးနှစ်ဖက်အကျိုးရှိသော ဆက်ဆံရေးအပေါ် ဆွေးနွေးခဲ့ကြောင်းသိရပါသည်။  ၎င်းတို့နှစ်ဦးသည် ဒစ်ဂျစ်တယ်စီးပွားရေး၊၊ အစိမ်းရောင်စီးပွားရေး၊ အစိမ်းရောင်အသွင်ကူးပြောင်းမှု၊ အပြာရောင်စီးပွားရေး၊ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုအတွက် ဘဏ္ဍာရေး၊ နည်းပညာနှင့်ထောက်ပံ့ပို့ဆောင်ရေးအချက်အခြာဖွံ့ဖြိုးတိုးတက်‌ရေး အစရှိသည့် ကျယ်ပြန့်ပြီး နက်ရှိုင်းသော အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု၏အ‌ရေးပါမှုကို အသားပေးဆွေးနွေးခဲ့ကြောင်းသိရပါသည်။ နှစ်ဖက်စလုံးသည် အာဆီယံအသိုက်အဝန်းက ကြိုးပမ်းလျက်ရှိသည့် အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်ရေးကို အရှိန်မြှင့်တင်ရန် မြင်သာထင်သာရှိသောစီမံကိန်းများကို အကောင်အထည်ဖော်ရန်အတွက် နည်းလမ်းများကိုဆွေးနွေးခဲ့ကြောင်းသိရပါသည်။  Phoak သည် ၈-၉-၂၀၂၄ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တရုတ်၏ အာဆီယံအဆင့်မြင့်အရာရှိကြီးများ၏ ခေါင်းဆောင်ဖြစ်သူ Sun Weidong နှင့်လည်း အပေါင်းလက္ခဏာဆောင်သည့် ဆွေးနွေးမှုရှိခဲ့ကြောင်းသိရပါသည်။ နှစ်ဖက်လုံးသည် ASEAN China Dialouge Partenership ‌အောက်တွင် ပူးပေါင်းဆောင်ရွက်ရန် အလားအလာရှိသောနေရာများနှင့် ASEAN- China Comprehensive Strategic Partnership (CSP) ကိုတိုးမြှင့်ရန်နည်းလမ်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းသိရပါသည်။ ထို့ပြင် ၎င်းတို့သည် ဒေသတွင်းနှင့် နိုင်ငံတကာဆိုင်ရာအများနှင့်ဆိုင်သော အကျိုးစီးပွားများနှင့် စိုးရိမ်မှုများအပေါ်  အမြင်များဖလှယ်ခဲ့ကြကြောင်းသိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)

ဆန်စပါးကဏ္ဍကို အရှိန်မြှင့်တင်ရန် ကမ္ဘောဒီးယားနိုင်ငံဆန်စပါးဖိုရမ် ၂၀၂၄ ကျင်းပပြုလုပ်

       ကမ္ဘောဒီးယားနိုင်ငံဆန်စပါးအသင်းချုပ် (CRF) သည် ၁၀-၉-၂၀၂၄ ရက်နေ့တွင် (၇)ကြိမ်မြောက် ကမ္ဘောဒီးယားနိုင်ငံဆန်စပါးဖိုရမ်ကို ဖနွမ်းပင်မြို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါ သည်။ ဖိုရမ်ကို နိုင်ငံ၏ပေါ်ထွန်းလာသည့်ဆန်စပါးကဏ္ဍနှင့် ကမ္ဘာ့ဈေးကွက်တိုးချဲ့ရန်အတွက် အလားအလာကို အသားပေးဆွေးနွေးရန် ကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ ဖိုရမ်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Cham Nimul၊ စက်မှု၊ နည်းပညာ၊ သိပ္ပံနှင့်ဆန်းသစ်တီထွင်မှုဝန်ကြီး Hem Vanndy ၊ စိုက်ပျိုးမွေးမြူရေး၊ သစ်တောနှင့်ငါးလုပ်ငန်းဝန်ကြီး Dith Tina၊ CRF ဥက္ကဋ္ဌ Chan Sokheang နှင့် စိုက်ပျိုးရေးအသင်းအဖွဲ့များ၊ အဖွဲ့အစည်းများမှ (၃၀၀)ဦးကျော်ခန့်တက်ရောက်ခဲ့ကြောင်းသိရပါသည်။ ဖိုရမ်၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံ၏ ဆန်ထုတ်လုပ်နိုင်စွမ်း၊ ကြိတ်ခွဲနိုင်စွမ်းနှင့် ပြုပြင်ထုတ်လုပ်နိုင်စွမ်းတို့ကို သရုပ်ပြခြင်းအားဖြင့် ကမ္ဘောဒီးယားဆန်စပါးကဏ္ဍကို ကမ္ဘာကိုပြသရန်ဖြစ်ကြောင်းသိရပါသည်။ ထို့ပြင် ဆန်စပါးကဏ္ဍနှင့်ပတ်သက်၍ အဓိကအတွင်းကျကျသိသူများအား ပွဲတက်ရောက်လာသူများနှင့် ဈေးကွက်ဦးတည်ရာ၊ ဆန်၊ ထုတ်လုပ်မှုနည်းစနစ်များနှင့် ဆန်စပါးစိုက်ပျိုးခြင်း၊ ကြိတ်ခွဲခြင်းနှင့်ဆက်စပ်သောနည်းပညာများ၊ ဆန်စပါးကဏ္ဍအတွက် အစိုးရ၏အမြင်၊ မူဝါဒများ၊ အစီအမံများနှင့် ကမ္ဘောဒီးယားဆန်စပါးကဏ္ဍတိုးတက်လာစေရန်အတွက် အကြံပြုချက်များမျှဝေရန် ရည်ရွယ်ကြောင်းသိရပါသည်။ ပွဲကို အလှည့်ကျဆွေးနွေးခြင်းများ၊ ရှင်းလင်းတင်ပြခြင်းများ၊ ပူးပေါင်းဆောင်ရွက်ရန်အတွက် ကွန်ရက်ချိတ်ဆက်ရန် အခွင့်အလမ်းများနှင့် အတွေ့အကြုံဝေမျှ ခြင်တို့ဖြင့် ပြုလုပ်ခဲ့ကြောင်းသိရပါသည်။ ယခုနှစ်၏ ပထမ (၈) လတွင် ကမ္ဘောဒီးယားနိုင်ငံသည် ဆန်တန်ချိန် ၄၁၂၀၂၃တန်တင်ပို့ခဲ့ရာမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၃၀၅သန်းရရှိခဲ့ကြောင်း CRF ၏ အစီရင်ခံစာအရသိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)

ဗီယက်နမ်နိုင်ငံ Binh Dinh ပြည်နယ်တွင် အေးခဲပြီး အခြောက်ခံထားသော အသင့်သုံးကော်ဖီစေ့စက်ရုံတည်ဆောက်မည်

        ဗီယက်နမ်နိုင်ငံ Binh Dinh ပြည်နယ်တွင် အမေရိကန်ဒေါ်လာ ၈၀.၇၄သန်း (ဗီယက်နမ်ဒေါင် ၂ထရီလီယံ)တန်ဖိုးရှိသော အေးခဲပြီး အခြောက်ထားသော အသင့်သုံးကော်ဖီစေ့ထုတ်လုပ် သည့်စက်ရုံတည်ဆောက်မည်ဟု ပြည်နယ်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစင်တာက ကြေညာခဲ့ပါသည်။ Future Enterprises PTE Ltd က တည်ဆောက်မည့်စက်ရုံသည် နှစ်စဉ်ထုတ်ကုန်တန်ချိန် ၅၄၀၀ထုတ်လုပ်နိုင်စွမ်းရှိမည်ဟုသိရပါသည်။ စက်ရုံတည်ဆောက်မှုကို ၂၀၂၅ခုနှစ်၊ မတ်လတွင်စတင်ပြီး ၂၀၂၈ခုနှစ်အစောပိုင်းတွင် ပြီးမြောက်မည်ဟုမျှော်မှန်းရကြောင်းသိရပါသည်။ ယခုနှစ်၏အစမှစ၍ ပြည်နယ်သည် အခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်း (၃၉)ခုကိုဆွဲ‌ဆောင်နိုင်ခဲ့ပြီး စုစုပေါင်းမှတ်ပုံတင်ထားသည့် ရင်းနှီးမြှုပ်နှံမည့်ငွေရင်းပမာဏမှာ အမေရိကန်ဒေါ်လာ ၁၉၆.၆၃သန်းကျော်ရှိကြောင်း စင်တာ၏အဆိုအရသိရပါသည်။ အဆိုပါပမာဏထဲမှ စီမံကိန်း(၃၁)ခုမှာ စက်မှုလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး (၃)ခုမှာ စိုက်ပျိုးရေး၊ သစ်တောနှင့်ငါးလုပ်ငန်း၊ (၂)ခုမှာ ဆိပ်ကမ်းဝန်ဆောင်မှုနှင့်ထောက်ပံ့ပို့ဆောင်ရေး၊ (၂)ခုမှာ ဆောက်လုပ်ရေးနှင့်အခြေခံအဆောက်အအုံ၊ (၁)ခုမှာ ကုန်သွယ်ရေးဝန်ဆောင်မှုနှင့်ခရီးသွားကဏ္ဍတွင်ဖြစ်ကြောင်းသိရပါသည်။ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ပြည်နယ်၏ လက်ရှိစီမံကိန်းများကို ဗီယက်နမ်ဒေါင် ၁.၉၂ထရီလီယံကျော် ထပ်မံရင်းနှီးမြှုပ်နှံခဲ့‌ကြောင်းသိရပါသည်။

Source: Vietnam Plus

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ