အိန္ဒိယနိုင်ငံ၌ မဟာရဋ္ဌပြည်နယ်၊ ဂူဂျရတ်ပြည်နယ်၊ မဒ္ဒရာပရာဒေ့ရှ်ပြည်နယ် အနောက် ပိုင်းနှင့် ရာဂျပ်စတန်ပြည်နယ်ရှိ နေရာဒေသအချို့တို့တွင် မကြာသေးမီကာလ၌ မိုးသည်းထန်စွာ ရွာသွန်းလျက် မိုးသီးများကျရောက်ခဲ့မှုက ရှေ့လာမည့် ၃ လတာအတွင်း ပဲစင်းငုံနှင့် ကြက်သွန်နီ ဈေးနှုန်းများ ဖောင်းပွမှုကို ၆% အထိ မြင့်တက်စေနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောဆိုလျက် ရှိကြသည်။
စားသောက်ကုန်ဈေးနှုန်းများ ဖောင်းပွမှုသည် ဖိအားများ၏အောက်တွင် ဆက်လက်တည်ရှိ လျက် ရှေ့လာမည့် ၃ လတာအတွင်း ၆% ခန့် မြင့်တက်လာဖွယ်ရှိကြောင်း၊ လက်ရှိကာလတွင် ဆောင်းသီးနှံများ စိုက်ပျိုးနိုင်မှုမှာ နောက်ကျလျက်ရှိပြီး ဆည်တာတမံများ၌ ရေစုဆောင်းမှု နိမ့်ကျ ခြင်းက အဆုံးသတ်အားဖြင့် သီးနှံအထွက်ပမာဏ အပေါ် သက်ရောက်မှုရှိနိုင်ကြောင်းဖြင့် Baroda ဘဏ်မှ စီးပွားရေးရာ အရာရှိချုပ် Madan Sabnavis က ပြောကြားခဲ့သည်။
ယခင်လ၌ အိန္ဒိယအစိုးရက ထုတ်ပြန်ခဲ့သော စာရင်းများအရ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ လတွင် ငွေကြေးဖောင်းပွမှုမှာ ၄.၉% ကျဆင်းခဲ့သော်လည်း စားသောက်ကုန်ဈေးနှုန်းများ ဖောင်းပွ မှုသည် ပြောင်းလဲမှုမရှိပဲ ၆.၆% ဖြင့် ဆက်လက်တည်ရှိနေခဲ့သည်။ အိန္ဒိယ မိုးလေဝသဦးစီးဌာန၏ အချက်အလက်များအရ နိုင်ငံအလယ်ပိုင်းရှိ ပင်မစိုက်ပျိုးရေးဇုန်ဒေသများ၌ နိုဝင်ဘာလ ၂၃ ရက်မှ ၂၉ ရက်နေ့အတွင်း ကာလရှည်ပျမ်းမျှ မိုးရွာသွန်းမှုအပေါ် ၆၈၂% အထိ မြင့်တက်မှုကို ကြုံတွေ့ ခဲ့ရအပြီးတွင် စားသောက်ကုန်ဈေးနှုန်းများအပေါ် ဖိအားသက်ရောက်မှုမှာ ပိုမိုများပြားလာဖွယ် ရှိသည်။
အချိန်အခါမဟုတ် မိုးသီးကြွေမှုနှင့် မိုးရွာသွန်းမှုများက စိုက်ပျိုးထားရှိသော ပဲစင်းငုံနှင့် ကြက်သွန်နီ စိုက်ခင်းများအပေါ် ကြီးမားစွာ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်စေခဲ့ကြောင်း စိုက်ပျိုးရေး ပညာရှင်များက ပြောဆိုလျက်ရှိသည်။
ကြက်သွန်နီနှင့် ပဲမျိုးစုံ နှစ်ရပ်ပေါင်းသည် လက်လီဈေးနှုန်း ဖောင်းပွမှုအပေါ် ၃% မြင့်တက် မှု ဖြစ်စေခဲ့သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း ပဲစင်းငုံ ဈေးနှုန်းများသည် ယခင်နှစ် ကာလနှင့် နှိုင်းယှဉ်ပါက ၄၀.၉% မြင့်တက်မှုနှင့်အတူ ပဲမျိုးစုံ ဈေးနှုန်းများ ဖောင်းပွမှုသည် ၁၈.၈% မြင့်တက်ခဲ့သည်။ အဆိုပါ ပဲစင်းငုံဈေးနှုန်း ဖောင်းပွမှုနှုန်းသည် စက်တင်ဘာလကထက် ၃၇.၃% မြင့်မားလာခြင်းဖြစ်ပြီး ပဲတင်သွင်းမှုပိုမိုလာအောင် သွင်းကုန်အပေါ် ချမှတ်ထားသော အကောက် ခွန်နှုန်းထားကို လျှော့ချဆောင်ရွက်သည့် အစိုးရ၏ ကြိုးပမ်းအားထုတ်မှုမှာ သက်ရောက်မှု အနည်း ငယ်သာရှိခဲ့သည်။
ပဲစင်းငုံဈေးနှုန်းများမှာ ကျဆင်းသွားခြင်းမရှိသဖြင့် ပဲမျိုးစုံ ဈေးနှုန်းဖောင်းပွမှုသည် ဆက် လက်မြင့်တက်ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းလျက်ရှိသည်။ IDFC First Bank မှ စီးပွားရေးပညာရှင် Gaura Sengupta က နှစ်အလိုက်နှိုင်းယှဉ်ပါက နိုဝင်ဘာလ၌ ပဲစင်းငုံ လက်လီ ရောင်းဈေးနှုန်းများသည် ၃၇.၇% မြင့်တက်ခဲ့ကြောင်း၊ ၎င်းအချက်က ခေါင်းစည်းပိုင်း စားသုံးသူ ဈေးနှုန်း အညွှန်းကိန်း (Headline Consumer Price Index) တွင် ၀.၃% ခန့် မြင့်တက်မှုဖြစ်စေ ကြောင်း၊ လွှမ်းခြုံသုံးသပ်ရပါက နှစ်အလိုက်နှိုင်းယှဉ်ရာ၌ နိုဝင်ဘာလအတွင်း ပဲမျိုးစုံဈေးနှုန်းများ သည် စားသုံးသူ ဈေးနှုန်းအညွှန်းကိန်း အပေါ် ၂၂% မြင့်တက်စေခဲ့ကြောင်း ပြောဆိုခဲ့သည်။
ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ကြက်သွန်နီဈေးနှုန်းများ ၇၉% အထိ ကြီးမြင့်မှုသည် လည်း စားသုံးသူ ဈေးနှုန်းအညွှန်းကိန်းအပေါ် ၀.၅% မြင့်တက်မှုဖြစ်စေကြောင်း သိရှိရသည်။ စိုက် ပျိုးရေးထုတ်ကုန်ဈေးကွက် သုတေသနပြုအဖွဲ့တစ်ခုဖြစ်သော Agriwatch မှ သုတေသီ Tanmay Deepak က မကြာသေးမီရက်ပိုင်းအတွင်း မဟာရဋ္ဌပြည်နယ်၌ မိုးသီးများကျရာက်ခဲ့ခြင်းကြောင့် Nashik နှင့် Ahmednagar ဒေသများတွင် ကြက်သွန်နီသီးနှံများ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့ ကြောင်း၊ ယခုအချိန်၌ အဝယ်ဒိုင်များသို့ ကြက်သွန်နီဝင်ရောက်မှုမှာ အမြင့်မားဆုံးဖြစ်သင့်သော် လည်း လက်တွေ့တွင် ကြက်သွန်အဝင် ကျဆင်းလျက်ရှိပြီး ဈေးနှုန်းများ မြင့်တက်မှုကို တွန်းအား ပေးလျက်ရှိကြောင်း၊ ရာသီဥတု ကောင်းမွန်မှုမရှိသည့် အခြေအနေအရ မိုးကြက်သွန်နီ စိုက်ပျိုးမှု နှောင့်နှေးကြန့်ကြာခဲ့သဖြင့် စိုက်ဧကကျဆင်းမှုနှင့်အတူ ဈေးကွက်ဝင်ရောက်မှုမှာလည်း နောက် ကျခဲ့ခြင်းဖြစ်ကြောင်း၊ ဧပြီ-မေလများ၌ ရိတ်သိမ်းထွက်ရှိမှုမှ သိုလှောင်ထားရှိခဲ့သော ဆောင်း ကြက်သွန်နီ လက်ကျန်နည်းပါးမှုနှင့်အတူ မိုးကြက်သွန်နီ ဝင်ရောက်မှု နှောင့်နှေးခြင်းက ရောင်းလို အားအပိုင်း ကျပ်တည်းမှုဖြစ်ပေါ်ပြီး ဈေးနှုန်းမြင့်တက်စေခဲ့ကြောင်းဖြင့် ပြောဆိုပါသည်။
အစိုးရ၏စာရင်းများအရ စားဖိုဆောင်သုံးအဓိကသီးနှံဖြစ်သော ကြက်သွန်နီ၏ အိန္ဒိယနိုင်ငံ တစ်ဝန်းလုံးကို လွှမ်းခြုံသည့် လက်လီဈေးနှုန်းမှာ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ၁ ကီလိုဂရမ်လျှင် ၅၇.၈၅ ရူပီးနှုန်းဖြစ်ပြီး ယခင်နှစ် ကာလတူ၌ ဖြစ်ပေါ်ခဲ့သော ၁ ကီလိုဂရမ်လျှင် ၂၉.၇၆ ရူပီးနှုန်း အပေါ် ၉၄.၃၉% မြင့်တက်ခဲ့ကြောင်း သိရှိရသည်။
Source: Economic Times, 2 Dec 2023