ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ကမ္ဘောဒီးယားနိုင်ငံဆန်တင်ပို့ရန် နိုင်ငံ(၉)ခုတွင် ဈေးကွက်သစ်များရရှိ

   ကမ္ဘောဒီးယားနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဌဖြစ်သူ Chan Sokheang က ယခုနှစ်တွင် ကမ္ဘောဒီးယား၏ ဆန်တင်ပို့မှုသည် များစွာသောကျွန်းများနှင့် နိုင်ငံ(၉)ခုပါဝင်သော ဈေးကွက် အသစ်များသို့ တိုးချဲ့လိမ့်မည်ဖြစ်ပြီး ဝယ်ယူသူအများစုမှာ ဆန်မွှေးဝယ်ယူကြကြောင်း ပြောကြားခဲ့ပါသည်။ Chan Sokheang က ယခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအတွင်း ကမ္ဘောဒီးယားသည် ၎င်းတို့ဆန်မွှေးကို ဂျပန်သို့ ၁၄၀ တန်၊ လက်ဗီးယားသို့ ၃၅၀ တန်၊ လက်ဘနွန်သို့ ၂၂ တန်၊ UAE သို့ ၃၁၉ တန်၊ အာဖရိကသို့ ၅၂ တန်၊ ကိုမိုရို့စ်ကျွန်းများသို့ ၂၅ တန်၊ မကာအိုသို့ ၈၅ တန်၊ နယူး ကယ်လီဒိုးနီးယားသို့ ၂၁၃၅ တန်နှင့် မာတင်နီသို့ ၆၄ တန် တင်ပို့ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် ဥက္ကဌက အဆိုပါဈေးကွက်များသို့ ဆန်တင်ပို့သည့်ပမာဏမှာ သေးငယ်နေဆဲဖြစ်ကြောင်းနှင့် အဓိကအားဖြင့် စမ်းသပ်ရန်အတွက်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Chen သည် အဆိုပါ ဈေးကွက်များသို့ ပိုမိုများပြားသော ဆန်ပမာဏကိုတင်ပို့ရန် မျှော်လင့်နေပြီး အဘယ်ကြောင့်ဆိုသော် ကမ္ဘောဒီးယားသည် ၎င်းတို့၏ အရည်အသွေးမြင့်မားသောဆန်ကြောင့် လူသိများခြင်းဖြစ်‌ကြောင်း သိရပါသည်။ ယခုနှစ်၏ ပထမ(၇)လတာကာလတွင် ကမ္ဘောဒီးယားသည် အမေရိကန် ‌ဒေါ်လာသန်း ၂၈၀ တန်ဖိုးရှိသော ဆန်တန်ချိန် ၃၇၉၅၄၆ တန်ကို ဈေးကွက် ၆၄ ခုသို့ တင်ပို့ခဲ့ကြောင်း သိရပါသည်။ အဆိုပါ တင်ပို့သည့်ဆန်ပမာဏထဲမှ ၇၀.၅၂ ရာခိုင်နှုန်းသည် ဆန်မွှေး၊ ၂၄.၃၀ ရာခိုင်နှုန်းသည် ဆန်ဖြူ၊ ၃.၁၆ ရာခိုင်နှုန်းသည် ပေါင်းဆန်၊ ၁.၇၄ ရာခိုင်နှုန်းသည် အော်ဂဲနစ်ဆန်နှင့် အခြားအမျိုးအစား ၀.၂၈ ရာခိုင်နှုန်းဖြစ်ကြောင်း သိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)

 

ယခုနှစ်၏ ပထမ(၈)လတွင် ဗီယက်နမ်၏ Dong Nai ပြည်နယ် ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၄.၂ ဘီလီယံရရှိ

     ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်ပြန်လည်နာလန်ထူလာမှုနောက်တွင် ဗီယက်နမ်နိုင်ငံတောင်ပိုင်းရှိ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI)ကို ဆွဲဆောင်ရာ Dong Nai ပြည်နယ်သည် ယခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအတွင်း ကုန်သွယ်ရေးပို‌ငွေ အမေရိကန်ဒေါ်လာ ၄.၂ ဘီလီယံ ရရှိ ခဲ့ကြောင်း ပြည်နယ်၏စာရင်းအင်းရုံး၏ အဆိုအရ သိရပါသည်။ ထို(၈)လတာကာလအတွင်း ပြည်နယ်သည် အမေရိကန်ဒေါ်လာ ၁၅.၅ ဘီလီယံတန်ဖိုးရှိသည့် ထုတ်ကုန်များကို ပြည်ပသို့ တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၁.၃ ဘီလီယံတန်ဖိုး ပြန်လည်တင်သွင်းခဲ့ကာ လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၈.၆ ရာခိုင်နှုန်းနှင့် ၈.၇ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ကြောင်း သိရပါသည်။ အမေရိကန်၊ ဥ‌ရောပနှင့် တရုတ်ကဲ့သို့သော ကြီးမားသည့် ကုန်သွယ်‌ရေးမိတ်ဖက်များထံမှ မှာယူမှု များစွာရရှိခဲ့ခြင်းကြောင့် ယခုလိုမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် တင်ပို့မှုအများစု အထူးသဖြင့် သီဟိုဠ်စေ့၊ ကော်ဖီနှင့် ငရုတ်ကောင်းတို့၏ ဈေးနှုန်းများမြင့်တက်ခဲ့ခြင်းက ယခုလို တင်ပို့မှုဝင်ငွေမြင့်တက်ရာတွင် ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ အဆိုပါ ကာလအတွင်း ဆေးရွက်ကြီး ၈.၅ ရာခိုင်နှုန်း၊ အဝတ်အထည်နှင့်ချည်မျှင် ၇.၆ ရာခိုင်နှုန်း၊ သားရေနှင့်ဆက်စပ် ထုတ်ကုန်များ ၆.၇ ရာခိုင်နှုန်း၊ ရာဘာနှင့်ပလတ်စတစ်ထုတ်ကုန်များ ၁၀.၇ ရာခိုင်နှုန်းနှင့် လျှပ်စစ် တပ်ဆင်ပစ္စည်းများ ၁၀ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ခြင်းကြောင့် ပြည်နယ်၏ စက်မှုကုန်ထုတ် လုပ်မှုအညွှန်းကိန်းမှာ လွန်ခဲ့သည့်နှစ်တူညီသည့်ကာလထက် ၇.၃ ရာခိုင်နှုန်း ကြီးထွားမှုဖြစ်ခဲ့ကြောင်း သိရပါသည်။ လက်ကျန်လများအတွက်လည်း ပြည်နယ်အစိုးရသည် လုပ်ငန်းများ အတွက် အတားအဆီးများကို ဖယ်ရှားပေးမည့်စီမံချက်များကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပြီး ၎င်းတို့အတွက် တင်ပို့ရာဈေးကွက်များတိုးချဲ့ရန်နှင့် ကုန်သွယ်ရေးသဘောတူညီချက်များ ရရှိရန် ကူညီပေးသွားမည်ဟု သိရပါသည်။

Source: Vietnam Plus

DOCA(ရန်ကုန်)

 

အင်ဒိုနီးရှား-ဥရောပသမဂ္ဂ CEPA ဆွေးနွေးမှု ၉၀ ရာခိုင်နှုန်းပြီးမြောက်

    အင်ဒိုနီးရှား-ဥရောပသမဂ္ဂ ကျယ်ပြန့်သော စီးပွားရေးမိတ်ဖက်သဘောတူညီချက်(IEU- CEPA)အပေါ် ဆွေးနွေးမှုများသည် ၉၀ ရာခိုင်နှုန်းနီးပါး ပြည့်စုံနေပြီဖြစ်ပြီး သဘောတူညီချက်သည် ယခုကာလတွင် အပြီးသတ်နိုင်မည်ဟု မျှော်လင့်ရကြောင်း ကုန်သွယ်ရေးဝန်ကြီး Zulkifli Hasan က ၄-၉-၂၀၂၄ ရက်နေ့က ပြောကြားခဲ့ပါသည်။ ဝန်ကြီးသည် ဩဂုတ်လ ၂၉ ရက်နေ့ကလည်း တူညီသည့် ထုတ်ပြန်ချက်ရှိခဲ့ပြီး အောက်တိုဘာလတွင် လွှဲပြောင်းဆက်ခံမည့်သမ္မတအသစ် Prabowo Subiabto ဦးဆောင်သည့် အစိုးရအသစ်မတိုင်မီ IEU-CEPA ပါဝင်သည့် ကုန်သွယ်ရေးသဘောတူညီချက်များအတွက် ဆွေးနွေးမှုများကို အပြီးသတ်ရမည်ဟု ပြောကြားခဲ့ ကြောင်း သိရပါသည်။ ဝန်ကြီးသည် အင်ဒိုနီးရှားနိုင်ငံတွင် ၅၁ လဆက်တိုက် ကုန်သွယ်ရေးပိုငွေပြခဲ့ကြောင်းနှင့် ကုန်သွယ်ရေးအတားအဆီးများကို သံတမန်ရေးသဘောတူညီချက်များဖြင့် ကျော် ဖြတ်ကာ ဆက်လက်အားကောင်းနေစေရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် နှစ်ဖက်အပြန်အလှန်ကုန်သွယ်ရေးကို ကြန့်ကြာစေမည့် အတားအဆီးများ ကို ကျော်လွှားရာတွင် တူညီနိုင်မည်ဟု မျှော်လင့်ရသည့် IEU-CEPA သဘောတူညီချက်အတွက် (၉)နှစ်ကြာဆွေးနွေးမှုများကို အပြီးသတ်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရပါသည်။ အကယ်၍ သဘောတူညီချက်အသက်ဝင်ပါက အင်ဒိုနီးရှားသည် ၎င်းတို့၏ ထုတ်ကုန်များ ဥရောပဈေးကွက် များသို့ ဝင်ရောက်သည့်အခါ သွင်းကုန်အခွန်ကင်းလွတ်ခွင့်ရရန် မျှော်လင့်နိုင်ကြောင်း သိရပါ သည်။ ဝန်ကြီး၏ နိုင်ငံတကာကုန်သွယ်ရေး ကျွမ်းကျင်ဝန်ထမ်းဖြစ်သူ Bra Krishna Hasibuan က ဥရောပသမဂ္ဂသည် ၎င်းတို့၏ ကြီးမားသည့်ဈေးကွက်ကြောင့် အင်ဒိုနီးရှား၏ အရေးပါသော ကုန်သွယ်ရေးမိတ်ဖက်ဖြစ်ကြောင်းနှင့် ထို့ကြောင့် နှစ်ဖက်စလုံးသည် သဘောတူညီချက် မကြာမီပြီးမြောက်ရေး ကတိပြုထားကြောင်း ပြောကြားခဲ့ပါသည်။ သွင်းကုန်အကောက်ခွန်ကင်းလွတ်ခွင့် ရရှိခြင်းဖြစ်နိုင်ချေအပြင် IEU-CEPA သည် အင်ဒိုနီးရှားနှင့် ဥရောပသမဂ္ဂအကြား သဘောထား ကွဲပြားလျက်ရှိသည့် EU Deforestation Regulation(EUDR) နှင့် Carbon Border Adjustment Mechanism(CBAM) အပေါ်တွင် ညှိနှိုင်းအဆင်ပြေရန် ပေါင်းကူးတံတားအနေဖြင့် ကူညီပေးရန် မျှော်လင့်ရကြောင်း သိရပါသည်။

Source: Antara News

DOCA(ရန်ကုန်)

အမေရိကန်သည် ဗီယက်နမ်၏ စိုက်ပျိုးရေး-သစ်တောလုပ်ငန်း-ငါးလုပ်ငန်း ထုတ်ကုန်များ အဓိကတင်သွင်းသူဖြစ်

    ဗီယက်နမ်နိုင်ငံ စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ အဆိုအရ ယခုနှစ်၏ လွန်ခဲ့သည့်(၈)လတွင် အမေရိကန်နိုင်ငံသည် တရုတ်ကိုကျော်ဖြတ်ကာ ဗီယက်နမ်၏ စိုက်ပျိုးရေး-သစ်တောလုပ်ငန်း-ငါးလုပ်ငန်း ထုတ်ကုန်များအတွက် အကြီးမားဆုံး ဈေးကွက်ဖြစ်လာကြောင်း သိရပါသည်။ အဆိုပါ ကာလအတွင်း ဗီယက်နမ်သည် အမေရိကန် ဈေးကွက်ထံမှ အ‌မေရိကန်ဒေါ်လာ ၈.၅၈ ဘီလီယံရရှိခဲ့ကြောင်း သိရပါသည်။ ထိုပမာဏသည် အဆိုပါကဏ္ဍတွင် ဗီယက်နမ်၏ စုစုပေါင်းတင်ပို့မှု၏ ၂၁.၄ ရာခိုင်နှုန်းရှိပြီး လွန်ခဲ့သည့်နှစ်တူညီသည့်ကာလထက် ၂၃.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုအချိန်တွင် တရုတ်သို့တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၈.၁၇ ဘီလီယံရှိပြီး စုစုပေါင်းတင်ပို့မှု၏ ၂၀.၄ ရာခိုင်နှုန်းရှိကာ လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၁၀.၂ ရာခိုင်နှုန်း ကြီးထွားခဲ့ကြောင်း သိရပါသည်။ လွန်ခဲ့သည့်နှစ်တွင် တရုတ်သည် ဗီယက်နမ်၏ စိုက်ပျိုးရေး-သစ်တောလုပ်ငန်း-ငါးလုပ်ငန်း ထုတ်ကုန်များကို အဓိကတင်သွင်းသူဖြစ်ပြီး အဆိုပါကဏ္ဍတင်ပို့မှု၏ ၂၃.၂ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ သို့သော် ယခုနှစ်၏ ပထမ(၈)လတွင် အဆိုပါကဏ္ဍ၌ အမေရိကန်က နံပါတ်(၁)ဖြစ်ခဲ့သည့်အတွက် အပြောင်းအလဲဖြစ်ပေါ်ခဲ့ကြောင်း သိရပါသည်။

Source: Vietnam Plus

DOCA(ရန်ကုန်)

 

ထိုင်းနိုင်ငံကုန်စည်ပို့‌ဆောင်ရေးလုပ်ငန်းရှင်များက တင်ပို့မှုကြီးထွားနှုန်း ၅ ရာခိုင်နှုန်းရည်မှန်းထား

    ထိုင်းနိုင်ငံအမျိုးသားကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များကောင်စီ(TNSC)သည် ဘတ်ငွေ တန်ဖိုးတက်မှုနှင့် ပထဝီနိုင်ငံရေးတင်းမာမှု အစရှိသည့် စွန့်စားရသည့် အကြောင်းအချက်များရှိနေသော်လည်း နှစ်စဉ် ပျမ်းမျှတင်ပို့မှုကြီးထွားနှုန်း ရည်မှန်းချက်ကို ၅ ရာခိုင်နှုန်းသတ်မှတ်ရန် ဝန်ကြီးချုပ်အား တောင်းဆိုခဲ့ကြောင်း သိရပါသည်။ TNSC ၏ ဥက္ကဌဖြစ်သူ Chaichan Chareonsuk က တင်ပို့မှုအပေါ် အပေါင်းလက္ခဏာ‌ဆောင်သည့် သက်ရောက်မှုရရှိစေမည့် ဩဂုတ်လမှ စက်တင်ဘာလအတွင်း မတည်ကုန်ပစ္စည်းများ(Capital Goods) တင်သွင်းမှု မြင့်တက်လာသောကြောင့် ယခုနှစ်တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၉၀ ဘီလီယံဖြင့် ၁-၂ ရာခိုင်နှုန်း မြင့်တက်ရန် မျှော်လင့်ရကြောင်း ပြောကြားခဲ့ပါသည်။ ကောင်စီ၏အဆိုအရ Federal Reserve သည် ယခုနှစ်တွင် အတိုးနှုန်းဖြတ်တောက်ရန် မျှော်လင့်ရသောကြောင့် ဘတ်ငွေသည် လာမည့်နှစ်အစတိုင်အောင် အားကောင်းနေမည်ဟု မျှော်လင့်ရကြောင်း သိရပါသည်။ သို့သော် ယှဉ်ပြိုင်ဘက်များနှင့်ယှဉ်ပါက ထိုင်းပို့ကုန်များ၏ ဈေးနှုန်းပိုမိုကြီးမြင့်မှုကိုဖြစ်ပေါ်စေမည့် ဒေါ်လာနှင့်ယှဉ်ပါက ဘတ်တန်ဖိုးတက်မှု၊ ဥရောပနှင့် အရှေ့အလယ်ပိုင်း၌ ပထဝီနိုင်ငံရေးတင်းမာမှု၊ အာရှဈေးကွက်များသို့ တရုတ်ကုန်ပစ္စည်းများလွှမ်းမိုးမှုကို ဖြစ်ပေါ်စေမည့် တရုတ်နှင့် အမေရိကန်ကြား သွင်းကုန်အကောက်ခွန် အပြန်အလှန်တိုးမြှင့်မှုနှင့် အခြားအကြောင်းများပါဝင်သည့် များစွာသော မသေချာမရေရာမှုများ ၂၀၂၄ ခုနှစ်၏ ဒုတိယပိုင်းတွင် ဆက်လက်ရှိနေကြောင်း TNSC ကပြောကြားခဲ့ကြောင်း သိရပါသည်။ ထို့ပြင် အသေးစားနှင့်အလတ်စားအရွယ်အစား ကုန်စည်ပို့ဆောင်သူများမှာလည်း တင်ပို့ရန် ထုတ်ကုန်အတွက် ငွေလက်ငင်းရရှိမှုခက်ခဲသည့် ပြဿနာနှင့် ရင်ဆိုင်နေရကြောင်း သိရပါသည်။ TNSC သည် နိုင်ငံတကာကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို အဓိကထားပြီး ထိုင်းနိုင်ငံ၏ စီးပွားရေးကြီးထွားလာစေရန် Trading Nation (နိုင်ငံတကာကုန်သွယ်ရေးကို မှီခိုသည့်နိုင်ငံ) မဟာဗျူဟာကို ရွေးချယ်ရန် ထိုင်းအစိုးရကို ကမ်းလှမ်းခဲ့ကြောင်း သိရပါသည်။ ထို့ပြင် ကောင်စီသည် အစိုးရက ပို့ကုန်လုပ်ငန်းကို ပြန်လည် ဖွဲ့စည်းရာတွင် ၂၀၃၂ တွင် Trading Nation ဖြစ်လာစေမည့် ရည်မှန်းချက် အောင်မြင်စေရုံသာမကဘဲ တစ်နှစ်လျှင် တင်ပို့မှုကြီးထွားနှုန်း ပျမ်းမျှ ၅ ရာခိုင်နှုန်း ရောက်ရှိရန်ရည်ရွယ်၍ ထိုင်းနိုင်ငံ  ပို့ကုန်များ၏  ယှဉ်ပြိုင်နိုင်စွမ်းရှိလာစေရန် ပံ့ပိုးပေးရန်ပါ အကြံပြုခဲ့ကြောင်း သိရပါသည်။ Mr.Chaichan က TNSC သည် လာမည့်နှစ်စတွင် အစိုးရသစ်က အကောင်အထည်ဖော်ရမည့် Trading Nation ဖြစ်လာစေရန်အတွက် (၈)နှစ်စာမဟာဗျူဟာ အစီအစဉ်ကို ကမ်းလှမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ယခုနှစ်၏ တတိယသုံးလပတ်တာကာလတွင် ထိုင်းနိုင်ငံ၏ တင်ပို့မှု ၂ ရာခိုင်နှုန်းမြင့်တက်ရန် မျှော်လင့်ရကြောင်း သိရပါသည်။ စတုတ္ထသုံးလပတ်ကာလတွင်မူ ရာဘာ၊ ကားတာယာများနှင့်တိရစ္ဆာန်အစားအစာပါဝင်သည့် တင်ပို့မှုများအားကောင်းစွာ တိုးချဲ့ နိုင်ကြောင်း ကောင်စီ၏ အဆိုအရ သိရှိရပါသည်။

DOCA(ရန်ကုန်)

ကမ္ဘောဒီးယားနိုင်ငံ၏ အဝတ်အထည်လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန် ဟောင်ကောင်လုပ်ငန်းမျက်စိကျနေ

     ဟောင်ကောင်ရှိ ကုန်သွယ်ရေးနှင့်ထောက်ပံ့မှုကွင်းဆက်စီမံခန့်ခွဲရေးကုမ္ပဏီဖြစ်သည့် Fung Group သည် ကမ္ဘောဒီးယား၏ အထူးစီးပွားရေးဇုန်များ၌ အထူးသဖြင့် ချည်မျှင်နှင့်အဝတ် အထည်လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေကြောင်း သိရပါသည်။ အဆိုပါ စိတ်ဝင်စားမှုကို Fung Group ၏ ဒုတိယဥက္ကဌဖြစ်သူ Dr.William Kwok Lun Fung က ကမ္ဘောဒီးယားနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ် Sun Chanthol နှင့် ဖနွမ်းပင်မြို့၌ စက်တင်ဘာလ ၂ ရက်နေ့က တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ Chanthol သည် Dr.William အား Digital စနစ်သို့ လုံးဝကူးပြောင်းရေးအတွက် အဆင်သင့်ဖြစ်နေသော ငယ်ရွယ်ပြီးစွမ်းအင်ပြည့်ဝသော လုပ်သားထု၊ နိုင်ငံ၏ငြိမ်းချမ်းမှု၊ နိုင်ငံရေးနှင့်မက်ခရိုစီးပွားရေးတည်ငြိမ်မှု အစရှိသည့် ရင်းနှီးမြှုပ်နှံသူများက ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံရန် စဉ်းစားသင့်သည့်များစွာသော အပေါင်းလက္ခဏာ ဆောင်သည့်အချက်များကို ပြောကြားခဲ့ကြောင်း သိရပါသည်။ ထို့ပြင် Chanthol က အစိုးရ၏ ကမ္ဘာနှင့်ဒေသတွင်းနိုင်ငံများ ကုန်ပစ္စည်းနှင့်ထုတ်ကုန်များ သယ်ယူပို့ဆောင်ရေးလွယ်ကူ အဆင်ပြေစေရန် ရည်ရွယ်၍ ပိုမိုကွဲပြားပြီး ဆက်သွယ်မှုကောင်းသော အခြေခံအ‌ဆောက်အအုံများအား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်းအားထုတ်နေကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ ကမ္ဘောဒီးယား-တရုတ်စီးပွားရေးအသင်း တည်ထောင်သူနှင့်ဂုဏ်ထူးဆောင်ဥက္ကဌဖြစ်သူ Dr.Ben Li က လွန်ခဲ့သည့်(၁၀)စုနှစ် (၂)ခုတွင် ဟောင်ကောင်ရင်းနှီးမြှုပ်နှံသူများသည် ဖိနပ်များ၊ အဝတ်အထည်များ၊ ခြေအိတ်များပါဝင်သည့် ကုန်ထုတ်လုပ်ခြင်းကို အဓိကထားကြောင်း၊ သို့သော် ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့၏ စိတ်ဝင်စားမှုကို သယ်ယူပို့ဆောင်ရေးလုပ်ငန်းစဉ်ကဏ္ဍသို့ ပြောင်းလဲသွားခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် Dr.Ben Li က ကမ္ဘောဒီးယားသည် ဆန်းသစ်တီထွင်ခြင်း၊ အစိမ်းရောင်နည်းပညာနှင့် လေဆိပ်သစ်များပါဝင်သည့် သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံများ အစရှိသည့်နယ်ပယ်များတွင် ဖွံ့ဖြိုးတိုးတက်လျက်ရှိကြောင်းနှင့် ဟောင်ကောင်သည် ကမ္ဘောဒီးယားနိုင်ငံအား ကမ္ဘာနှင့်ချိတ်ဆက်ရန် ၎င်းတို့ကျွမ်းကျင်သည့် လေကြောင်း၊ ကုန်းလမ်း၊ ရေကြောင်း သယ်ယူပို့‌ဆောင်ရေးစနစ်များတွင် ကူညီပေးရန် စွမ်းဆောင်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။ ဟောင်ကောင်သည် ကမ္ဘောဒီးယားတွင် အကြီးမားဆုံးဆွယ်တာ အင်္ကျီထုတ်လုပ်သူအဖြစ် ရပ်တည်နေပြီး ရင်းနှီးမြှုပ်နှံသူများသည် ကမ္ဘောဒီးယား၏ အလားအလာရှိသော ဖွံ့ဖြိုးတိုးတက်မှုကို နားလည်သဘောပေါက်လျက်ရှိကြောင်း သိရပါသည်။ ထို့ပြင် နိုင်ငံသည် စားသောက်ဆိုင်များ၊ လက်လီအရောင်းဆိုင်များနှင့် ဟိုတယ်များ အစရှိသည့် ဝန်ဆောင်မှုလုပ်ငန်းများတွင်လည်း အားကောင်းစွာ မြှင့်တင်လျှက်ရှိကြောင်း သိရှိရပါသည်။

 DOCA(ရန်ကုန်)

မိုးခေါင်မှု၏ သက်ရောက်မှုကိုခံခဲ့ရသော်လည်း ထိုင်းနိုင်ငံ သကြားထုတ်လုပ်မှုအလျှံပယ်ရှိနေ

    ယခုနှစ်တွင် ထိုင်းနိုင်ငံ၏ ပြည်တွင်းသကြားထုတ်လုပ်မှုသည် စက်မှုလုပ်ငန်းနှင့် အိမ်သုံးကဏ္ဍအတွက် အလုံအလောက် ထောက်ပံ့ပေးနိုင်စွမ်းရှိပြီး ယခုနှစ် ပထမ(၆)လတွင် စုစုပေါင်း ပြည်တွင်းသုံးစွဲမှုတန်ချိန် ၁.၂၇ သန်းရှိကြောင်း ထိုင်းနိုင်ငံ ကြံနှင့်သကြားဘုတ်အဖွဲ့ရုံး(OCSB)၏ ပြောကြားချက်အရ သိရပါသည်။ မိုးခေါင်မှုကြောင့် ထိုင်းနှင့်အခြားနိုင်ငံများတွင် ကြံပင်အထွက်နှုန်းလျော့ကျခဲ့ပြီး သို့သော် တာဝန်ရှိသူများသည် နိုင်ငံအနေဖြင့် သကြားရှားပါးမှုနှင့် ရင်ဆိုင်ရမည် မဟုတ်ဟု ယုံကြည်ချက်ရှိကြောင်း OSCB ၏ အတွင်းရေးမှူးချုပ် Virit Viseshindh က ပြော ကြားခဲ့ပါသည်။  Virit က 2023-2024 Crop year တွင် ပြည်တွင်းဈေးကွက်အတွက် သကြားလုံလောက်မှုရှိကြောင်းနှင့် လာမည့် Crop year တွင် ကြံပင်ပမာဏ မြင့်တက်လာမည်ဟု မျှော်လင့်ရကြောင်း ပြောကြားခဲ့ပါသည်။ 2023-2024 Crop year တွင် ကြံပင်အထွက်နှုန်းတန်ချိန် ၈၂.၁ သန်းရှိပြီး ထိုပမာဏထဲမှ တန်ချိန် ၈.၈ သန်းကို သကြားအဖြစ်ထုတ်လုပ်ခဲ့ကာ အချို့ကို ပြည်ပသို့တင်ပို့ခဲ့ကြောင်း သိရပါသည်။ Khon Kaen Sugar Industry Plc(KSL)ကလည်း 2024-2025 Crop year တွင် ကြံပင်အထွက်နှုန်းမှာ တန်ချိန် ၉၀-၁၀၀ သန်းကြားအထိ မြင့်တက်မည်ဟု မျှော်လင့်လျက်ရှိကြောင်း သိရပါသည်။ ကြံပင်များကို ယခုနှစ် နိုဝင်ဘာနှင့် ၂၀၂၅ ခုနှစ်၊ ဧပြီလ ကြားတွင် သကြားစက်များသို့ သကြားထုတ်လုပ်ရန်အတွက် ပေးပို့ရန်အစီအစဉ်ဆွဲထားကြောင်း သိရပါသည်။ ထိုမှတစ်ဆင့် သကြားတန်ချိန် ၉-၁၀ သန်းကြား ထုတ်လုပ်နိုင်မည်ဟု သိရပါသည်။ ထိုင်းနိုင်ငံတွင် သကြားစက်ရုံ ၅၇ ရုံရှိကြောင်း သိရပါသည်။ ထိုင်းနိုင်ငံပြည်တွင်းသကြားဈေးနှုန်းကို စီးပွားကူးသန်းဝန်ကြီးဌာနက ထိန်းကြောင်းပေးလျက်ရှိပြီး လတ်တလောဈေးနှုန်းမှာ 1 Kg လျှင် ၂၇-၂၈ ဘတ်ရှိကြောင်း သိရပါသည်။ နိုင်ငံများစွာ၏  ကြံစိုက်ခင်းများအပေါ် မိုးခေါင်မှု၏ သက်ရောက်မှုကြောင့် ကမ္ဘာလုံးဆိုင်ရာထောက်ပံ့နိုင်စွမ်းလျှော့ကျခဲ့ပြီး ကမ္ဘာ့ဈေးကွက်တွင် သကြားဈေးနှုန်းမှာ ၃၀ ရာခိုင်နှုန်း ပတ်ခြာလည်မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ယခုနှစ်၏ ပထမနှစ်ဝက်တွင် ကမ္ဘာ့သကြားဈေးနှုန်းသည် တစ်ပေါင်လျှင် ၂၅-၂၆ cents ရှိပြီး ၁၂ နှစ်အတွင်း အမြင့်ဆုံးဖြစ်ကြောင်း KSL ၏ အဆိုအရ သိရပါသည်။ ကမ္ဘာ့အကြီးဆုံးသကြားထုတ်လုပ်သူဖြစ်သည့် ဘရာဇီးသည် ပိုမိုမြင့်မားသောဈေးနှုန်းရရှိရန် ရည်ရွယ်၍ ကြံပင်များမှ သကြားပိုမိုထုတ်လုပ်၍ ထိုမှတစ်ဆင့် Ethanol ထုတ်လုပ်မှုမှာ ဧပြီလမှစ၍ နှေးကွေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဗီယက်နမ်နိုင်ငံသည် အမေရိကန်သို့ အဖြူ‌ရောင်ငါး(Tra Fish) ဒုတိယအကြီးမားဆုံးတင်ပို့သူဖြစ်လာ

    ၂၀၂၄ ခုနှစ်၏ ပထမနှစ်ဝက်တွင် ဗီယက်နမ်သည် အမေရိကန်နိုင်ငံသို့ အဖြူရောင်ငါး (Tra Fish) ဒုတိယအကြီးမားဆုံးတင်ပို့သူဖြစ်လာကြောင်း သိရပါသည်။ နိုင်ငံတကာကုန်သွယ်ရေး စင်တာထံမှ အချက်အလက်များအား ဗီယက်နမ်ပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း (VASEP)၏ ကိုးကားပြောကြားချက်အရ အမေရိကန်သို့ ဗီယက်နမ် Tra Fish တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၁၈၄ သန်းထိ ရောက်ရှိခဲ့ပြီး စုစုပေါင်းတင်ပို့မှု၏ ၂၁ ရာခိုင်နှုန်းရှိကြောင်း သိရှိရပါသည်။ ဇူလိုင်လ(၁)လတည်း တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၁ သန်း တန်ဖိုးရှိပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၆၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ အမေရိကန်သည် လတ်တလောတွင် တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်၏နောက်တွင် ဗီယက်နမ် Tra Fish ၏ ဒုတိယအကြီးမားဆုံးတင်ပို့ရာဈေးကွက်ဖြစ်ကြောင်း သိရပါသည်။ အမေရိကန်သို့တင်ပို့သည့် ဗီယက်နမ် Tra Fish ထုတ်ကုန်များတွင် အေးခဲထားသော ငါးအသားလွှာများ၊ တန်ဖိုးမြင့် Tra Fish ထုတ်ကုန်များ၊ Tra Fish ခြောက်များနှင့် အခြားအေးခဲထား‌သောထုတ်ကုန်များ ပါဝင်ကြောင်း သိရပါသည်။ VASEP ၏ အဆိုအရ ၂၀၂၃ ခုနှစ်တွင် Tra Fish ဈေးကွက်မှာ  သိသာထင်ရှားစွာ ကျဆင်းခဲ့သော်လည်း ယခုနှစ်အစမှစ၍ ဗီယက်နမ်မှ အမေရိကန်သို့ အဆိုပါငါးတင်ပို့မှုမှာ ပြန်လည်နာလန်ထူလာခဲ့ကြောင်း သိရပါသည်။ ထို့ပြင် ပွဲတော်များနှင့် နှစ်ကုန်အားလပ်ရက်များအတွက် ပြင်ဆင်မှုများကလည်း စားသုံးသူများ၏ ဝယ်လိုအားကို မြင့်တက်စေခဲ့ကြောင်း သိရပါသည်။ ထို့ကြောင့် ယခုနှစ်၏ နောက်ဆုံးလများတွင် အမေရိကန်မှ Tra Fish ငါးတင်ပို့ရန် မှာယူမှုများ ဆက်လက်မြင့်တက်မည်ဟု ခန့်မှန်းရကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်၏ ပထမ(၇)လတွင် ဗီယက်နမ်နိုင်ငံ၏ Tra Fish ငါးတင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံရှိခဲ့ပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၄ ရာခိုင်နှုန်းလျော့ကျခဲ့ကြောင်း သိရပါသည်။ Comprehensive and Progressive Agreement for Trans-Pacific Partnership (CPTPP)၏ ဈေးကွက်မှာ အမေရိကန်ဒေါ်လာ ၁၅၅ သန်းဖြင့် တတိယအကြီးမားဆုံးဈေးကွက်ဖြစ်ပြီး ဥရောပသမဂ္ဂမှာ အမေရိကန်ဒေါ်လာ ၉၉ သန်းဖြင့် စတုတ္ထအကြီးဆုံးဈေးကွက်ဖြစ်ကြောင်း သိရှိရပါပါသည်။

 DOCA(ရန်ကုန်)

၂၀၂၄ ခုနှစ်၏ ပထမ(၈)လတွင် ဆန်တန်ချိန် ၆.၁ သန်း တင်ပို့ခဲ့သည့် ဗီယက်နမ်

    ၂၀၂၄ ခုနှစ်၏ ပထမ(၈)လတွင် ဗီယက်နမ်နိုင်ငံသည် ဆန်တန်ချိန် ၆.၁ သန်း တင်ပို့ခဲ့ပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၅.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန(MARD)၏ အဆိုအရ သိရပါသည်။ အဆိုပါတင်ပို့မှုမှ တစ်ဆင့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃.၈၅ ဘီလီယံရရှိခဲ့ပြီး လွန်ခဲသည့်နှစ် တူညီသည့်ကာလထက် ၂၁.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။ MARD ၏ အဆိုအရ ဆန်ထွက်ရှိမှုမြင့်တက်လာမှုနှင့်အတူ ပျမ်းမျှ ဆန်တင်ပို့သည့် ဈေးနှုန်းမှာလည်း တစ်တန်လျှင် ၆၂၅ အမေရိကန်ဒေါ်လာဖြင့်  ၁၄.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ပြည်တွင်းဈေးကွက်တွင် Mekong Delta ဒေသရှိ များစွာသော ဆန်ဈေးနှုန်းများမှာ လွန်ခဲ့သည့်တစ်ပတ်တွင် တည်ငြိမ်လျက်ရှိကြောင်း သိရပါသည်။ အထူးသဖြင့် Dai Tham ၊ OM 5451 နှင့် OM 18 အစရှိ သော Mekong Dellta ပြည်နယ်၏ An Giang ရှိ နာမည်ကျော် ဆန်အမျိုးအစားများ၏ ဈေးနှုန်းမှာ မပြောင်းလဲဘဲ ဆက်လက်တည်ရှိနေကြောင်း သိရပါသည်။ ပြည်တွင်းဈေးကွက်တွင် ပုံမှန်ဆန်ဈေးနှုန်းမှာ 1 Kg လျှင် ၁၅၀၀၀ ဗီယက်နမ်ဒေါင်မှ ၁၆၀၀၀ ဗီယက်နမ်ဒေါင်ကြားရှိပြီး ဆန်မွှေးဈေးနှုန်းမှာ 1 Kg လျှင် ၂၀၀၀၀ ဗီယက်နမ်ဒေါင်မှ ၂၁၀၀၀ ဗီယက်နမ်ဒေါင်ကြားရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Geely သည် BYD ကိုစိန်ခေါ်ရန်ကုန်ကျစရိတ်သက်သာသော Xingyuan EVအသစ်အားမိတ်ဆက်

    Geely Auto သည်  Game Xingyuan EV အသစ်ကို အင်္ဂါနေ့တွင်ထုတ်ဖော်ပြသခဲ့ပါသည်။ ဈေးနှုန်းအနေဖြင့် အမေရိကန်ဒေါ်လာ ၁၁၂၀၀(ယွမ် ၈၀၀၀၀)ဝန်းကျင်ဖြင့် Geely မော်ဒယ်အသစ်သည် BYD Dolphin ကဲ့သို့တန်ဖိုးနည်း EV များကိုယှဥ်ပြိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

     Geely သည်  Geome မော်ဒယ်အား ၂၀၁၉ခုနှစ်တွင်ထုတ်ဖော်ပြသခဲ့ပြီး ၂၀၂၅ခုနှစ်အထိ ကဏ္ဍအသီးသီးတွင် EV အမျိုးအစားဆယ်ခုကို ထုတ်လုပ်နိုင်ရန်အတွက်စီစဥ်ခဲ့သည်။ Geome အမှတ်တံဆိပ်အား သီးခြားထုတ်လုပ်ခဲ့သော်လည်း ရောင်းချမှုနည်းပါးခြင်းကြောင့် Geelyမှ၎င်း အားပြန်လည်ထိန်းချုပ်ခဲ့သည်။Xingyuan EV သည်ဒီဇိုင်အသစ်အပြင်အဆင်များရှိပါသည်။ ၎င်း၏ ဘဲဥပုံခေါင်းနှင့်နောက်မီးများသည် မြို့ပြခရီးသွားခြင်းအတွက် ပြီးပြည့်စုံသည်ဟု Geely မှပြောကြားခဲ့ကြောင်း သိရှိရပါသည်။

    Hoagen-Dasz နှင့်၎င်း၏ပူးပေါင်းဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းအနေဖြင့် အပြင်ပန်း အရောင်များနှင့် ရေခဲမုန့်အမည်များကို ထည့်သွင်းထားကြောင်း သိရှိရပါသည်။ ရွေးချယ်စရာအရောင်များအနေဖြင့် Vanilla Beige၊ Basil Green၊ Berry Powder၊  Milk White၊ Mousse Silver၊ Truffel Gray နှင့် Sea Salf Blue ဟူ၍အရောင်များစွာပါဝင်မည်ဖြစ်သည်၊Geely ၏တန်ဖိုးနည်း EV အသစ်သည် အရှည် ၄၁၃၅မီလီမီတာ၊ အကျယ် ၁၈၀၅မီလီမီတာနှင့်အမြင့် ၁၅၇၀မီလီမီတာရှိသည်၊ ၎င်းအား ၃၀.၁၂KWHနှင့် ၄၀.၁၆ KWH ဟူ၍ဘက်ထရီရွေးချယ်မှုပြုလုပ်နိုင်မည်ဖြစ်ပြီး စက်တင်ဘာ လကုန်ပိုင်းလောက်တွင် စတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ