ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

၂၀၂၅ ခုနှစ်တွင် အပြန်အလှန်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ ရောက်ရှိရန် ထိုင်းနှင့်က‌မ္ဘောဒီးယားကြိုးပမ်းမည်

     ထိုင်းနိုင်ငံ စီးပွားကူးသန်းဝန်ကြီးဌာန၏ အကြီးတန်းအရာရှိတစ်ဦးက ထိုင်းနှင့် ကမ္ဘောဒီးယားတို့သည် ၂၀၂၅ ခုနှစ်တွင် အပြန်အလှန်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ ရောက်ရှိရန် ကြိုးပမ်းသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံ စီးပွားကူးသန်းဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံခြားကုန်သွယ်ရေးဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Noppadon Kuntamas က ကမ္ဘောဒီးယားနှင့်ထိုင်းနိုင်ငံအကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင်အောက်တွင် နှစ်နိုင်ငံလုံးသည် ကုန်သွယ်မှုမြှင့်တင်ရန်နှင့် နှစ်နိုင်ငံ ခေါင်းဆောင်များက လုပ်ပိုင်ခွင့်ပေးထားသည့် အကောင်အထည်ဖော်ရန် ကျန်ရှိ နေသော လုပ်ငန်းတာဝန်များကို ပြန်လည်ဆန်းစစ်ရန် သဘောတူညီခဲ့ကြကြောင်း ပြောကြား ခဲ့ပါသည်။ ၂၀၂၄ ခုနှစ် ၏ ပထမနှစ်ဝက်တွင် ကမ္ဘောဒီးယားနှင့်ထိုင်းနိုင်ငံအကြား အပြန်အလှန် ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၅.၁၉ ဘီလီယံရှိခဲ့ပြီး လွန်ခဲ့သည့်နှစ် တူညီသည့် ကာလထက် ၂၀.၅၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ကမ္ဘောဒီးယား၏ ထိုင်းနိင်ငံသို့ အဓိကတင်ပို့သည့် ပို့ကုန်များတွင် ရွှေ၊ ဟင်းသီးဟင်းရွက်၊ အလူမီနီယံအပိုင်းအစ၊ ဝိုင်ယာကြိုးများ၊ ကေဘယ်ကြိုး များနှင့် ကြေးနီအပိုင်းအစတို့ပါဝင်ကြောင်း သိရှိှိရသည်။ ထိုင်းနိုင်ငံထံမှ ပြန်လည်တင်သွင်းသည်မှာ မွမ်းမံထားသောထုတ်ကုန်များ၊ လောင်စာဆီ၊ သကြားဖြူနှင့် အချိုယမကာများဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အစိုးရ၏ ပထမဆုံးနှစ်တွင် အမေရိကန်ဒေါ်လာ ၇.၆ ဘီလီယံတန်ဖိုးရှိသည့် စီမံကိန်းများကို CDC ခွင့်ပြုခဲ့

    ကမ္ဘောဒီးယားနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကောင်စီ(CDC)သည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ မှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း စုစုပေါင်းအမေရိကန်ဒေါ်လာ ၇.၆ ဘီလီယံတန်ဖိုးရှိသည့် ရင်းနှီး မြှုပ်နှံမှုစီမံကိန်း ၃၉၁ ခုကို ခွင့်ပြုချက်ပေးခဲ့ကြောင်း သိရှိှိရသည်။ ရင်းနှီးမှုအများစုသည် အမေရိကန်၊ တရုတ်၊ ဂျပန်၊ ကနေဒါ၊ တောင်ကိုရီးယား၊ ဆွီဒင်၊ ဥ‌ရောပသမဂ္ဂ၊ ဩစတြေးလျနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများထံမှဖြစ်ကြောင်း သိရှိှိရသည်။ CDC ၏ ဒုတိယဥက္ကဌဖြစ်သူ Sun Chanthol ၏ အဆိုအရ စီမံကိန်း ၃၉၁ ခုသည် အလုပ်အကိုင်အသစ် ၃၄၀၀၀၀ ကို ဖန်တီးနိုင် ကြောင်း ပြောကြားခဲ့ပါသည်။ ယခင်အစိုးရ၏ နောက်ဆုံး ၁၂ လနှင့်နှိုင်းယှဉ်ပါက စီမံကိန်းအရေအတွက် ၇၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံသည့်ငွေပမာဏ ၁၆၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း Sun က KYI Centre ဖွင့်ပွဲအခမ်းအနားနှင့် Picasso Sky Gemme စတင်ဖွင့်လှစ်ပွဲ တွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ထိုသို့ မြင့်တက်လာခြင်းမှာ ငြိမ်းချမ်းကောင်းမွန်သော ဥပဒေမူဘောင်၊ စည်းမျဉ်းများနှင့် ကမ္ဘောဒီးယားစီးပွားရေး ကြီးထွားလာမှုကြောင့်ဟု Sun က ယူဆလျက်ရှိကြောင်း သိရှိှိရသည်။ ၎င်းသည် ဝန်ကြီးချုပ် Hun Manet ဦးဆောင်သည့် ကမ္ဘောဒီးယားအစိုးရအပေါ် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်ချက်ရှိမှုကို ပြသခြင်းဖြစ်ကြောင်း Sun က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဗီယက်နမ်နိုင်ငံသို့ လယ်ယာသုံးစက်ပစ္စည်းများတင်ပို့ရန် တောင်ကိုရီးယားကြိုးပမ်းမည်

    တောင်ကိုရီးယားနိုင်ငံ၊ စိုက်ပျိူးမွေးမြူရေး၊ အစားအသောက်နှင့် ကျေးလက်ရေးရာဝန်ကြီးဌာန(MAFRA)သည် ကိုရီးယားကုမ္ပဏီ ၁၅ ခုမှ ကိုယ်စားလှယ်အဖွဲ့အား ၎င်းတို့၏လယ်ယာသုံး စက်ပစ္စည်းများ ဗီယက်နမ်သို့တင်ပို့ခွင့်ရရန်အတွက် ကြေညာမိတ်ဆက်ရန် ဩဂုတ်လ ၂၆ မှ ၃၁ ရက်နေ့အထိ ဗီယက်နမ်သို့ စေလွှတ်သွားမည်ဟု သိရပါသည်။ MAFRA ၏ ထုတ်ပြန်ချက်အရ ဗီယက်နမ်သည် တောင်ကိုရီးယား လယ်ယာသုံးစက်ပစ္စည်းများနှင့် တပ်ဆင်ပစ္စည်းများတင်ပို့ရာ အရေးပါသော ဈေးကွက်တစ်ခုအဖြစ်ပေါ်ထွက်လာပြီး ၂၀၂၃ ခုနှစ်ကုန်တွင် အမေရိကန်ဒေါ်လာ ၁.၀၂ ဘီလီယံတန်ဖိုးရှိသည့် လယ်ယာသုံးစက်ပစ္စည်းများအား တောင်ကိုရီးယားထံမှ တင်သွင်းခဲ့ကြောင်း သိရပါသည်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှု အခက်အခဲများရှိသော်လည်း ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးတင်ပို့မှုမှာ ဆက်လက် မြင့်တက်နေပြီး လွန်ခဲ့သည့်နှစ်ထက် ၃၃ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရပါသည်။ တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်မှ ကုန်ပစ္စည်းများတင်သွင်းသည့် ကုမ္ပဏီ ၃၀ ခုတို့နှင့် ပို့ကုန်ညှိနှိုင်းဆွေးနွေးပွဲကို ဩဂုတ်လ ၂၇ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားကြောင်းသိရပါသည်။ ကိုယ်စားလှယ်အဖွဲ့သည် ပစ္စည်းတစ်ခုချင်းစီအတွက် သွင်းကုန် အကောက်ခွန် လုပ်ထုံးလုပ်နည်းများပါဝင်သော ဗီယက်နမ် ၏ စိုက်ပျိုးရေးနှင့်ဆက်စပ်သော မူဝါဒများ၊ စည်းမျဉ်းများနှင့် လယ်ယာသုံးစက်ပစ္စည်း၏ အသိအမှတ်ပြုလက်မှတ်နှင့် ဆက်စပ်သော အသေးစိတ်အချက်အလက်များ၏ လက်ရှိအခြေအနေကို လေ့လာရန် ဗီယက်နမ်နိုင်ငံ စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနသို့ သွား ရောက် လည်ပတ်မည်ဟု သိရပါသည်။ ကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်သို့တင်ပို့ခဲ့သည့် ထုတ်ကုန်များအတွက် မှတ်ပုံတင်ခြင်း၊ လိုင်စင်ထုတ်ခြင်း အစရှိသော လုပ်ထုံးလုပ်နည်းများတွင် ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းမှုပြုလုပ်ရန် မျှော်လင့်လျက်ရှိကြောင်း သိရပါသည်။ MAFRA ၏ Agri-Food Innovation Policy Bureau ၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Lee Sang-men က ပြည်ပကုန်စည်ပြပွဲများ၊ အဝယ်တော်ချိတ်ဆက်မှုနှင့် ပို့ကုန်ညှိနှိုင်းဆွေးနွေးရေး အစည်းအဝေးများ အစရှိသည့် အရောင်း Channel ဖန်တီးရန် ‌ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအသင်း စေလွှတ်ခြင်းအားဖြင့် တောင်ကိုရီးယားသည် ၎င်းတို့၏ လယ်ယာသုံးစက်ပစ္စည်းကုမ္ပဏီများအနေဖြင့် ဗီယက်နမ် ဈေးကွက်သို့ ထိုးဖောက်ရန်အတွက် အခြေခံအုတ်မြစ်ခိုင်မာပြီး တင်ပို့မှုတိုးချဲ့ရန် စွမ်းဆောင်နိုင်မည်ဟု မျှော်လင့်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၁၈ ခုနှစ်မှစ၍ MAFRA သည် တောင်ကိုရီးယား လယ်ယာသုံးစက်ပစ္စည်းတင်ပို့သူများ ပြည်ပဈေးကွက်တွင် တင်ပို့မှုတိုးချဲ့နိုင်ရန်အတွက် အခွင့်အလမ်းများရှာဖွေရန် နိုင်ငံများသို့ ဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးအသင်းများ နှစ်စဉ်စေလွှတ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဗီယက်နမ်နှင့် စီးပွားရေးနှင့်ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ရန် တရုတ်နိုင်ငံစီးပွားကူးသန်းဝန်ကြီးဌာန ကြိုးပမ်းမည်

    တရုတ်နိုင်ငံစီးပွားကူးသန်းဝန်ကြီးဌာန(MOC)သည် ဗီယက်နမ်-တရုတ် စီးပွားရေးနှင့် ကုန်သွယ်ရေးပူး‌ပေါင်းဆောင်ရွက်မှုတိုးတက်ရန်နှင့် အဆင့်မြှင့်တင်ရန် စီမံချက်များချမှတ်သွား မည်ဖြစ်ကြောင်း ဌာန၏ပြောခွင့်ရပုဂ္ဂိုလ် Ha Yadong က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။ He က လတ်တလောနှစ်များအတွင်း နှစ်နိုင်ငံကြားကုန်သွယ်ရေးသည် လျင်မြန်စွာ ကြီးထွားခဲ့ပြီး အပြန်အလှန်ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေးသည်လည်း စံချိန်တင်ရလဒ် ထွက်ပေါ်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ He ၏ အဆိုအရ တရုတ်သည် လတ်တလောတွင် ဗီယက်နမ်၏အကြီးဆုံးကုန်သွယ်ရေးမိတ်ဖက်နှင့် ဗီယက်နမ်လယ်ယာထွက်ကုန်များတင်ပို့ရာ အကြီးမားဆုံးဈေးကွက်ဖြစ်ကြောင်း သိရှိှိရသည်။ ဗီယက်နမ်၏ ဒူးရင်းသီးနှင့်နဂါးမောက်သီးတို့ကို တရုတ်စားသုံးသူများက သဘောကျနှစ်သက်လျက်ရှိပြီး အဆိုပါအသီးများကို တရုတ်က ဗီယက်နမ်ထံမှ တင်သွင်းမှုသည် ၎င်းတို့၏ အာဆီယံဒေသထံမှ စုစုပေါင်းတင်သွင်းမှု၏ ၅ ပုံ ၁ ပုံ ရှိကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် ဗီယက်နမ်သည် တရုတ်အတွက် အရေးကြီးသောရင်းနှီးမြှုပ်နှံရာ ဦးစားပေးနေရာဖြစ်ကြောင်း သိရှိှိရသည်။ တရုတ်ကုမ္ပဏီများသည် ဗီယက်နမ်၌ လေစွမ်းအင်နှင့် ဆိုလာစွမ်းအင်စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံမှုပြုခဲ့ကြပြီး ဗီယက်နမ်၏ အစိမ်းရောင်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွင် သိသာစွာ ထွက်ပေါ်လာခဲ့ကြောင်း သိရှိှိရသည်။ He က ဝန်ကြီးဌာနသည် နှစ်နိုင်ငံနှင့်နှစ်နိုင်ငံပါတီများမှ အမြင့်ပိုင်းခေါင်းဆောင်များ အကြား အ‌‌ရေးပါသောသဘောတူညီချက်များအား ထိရောက်စွာ အကောင်အထည်ဖော်လျက်ရှိကြောင်း အခိုင်အမာပြောကြားခဲ့ပါသည်။ မကြာမီကျင်းပမည့် ၇၅ ကြိမ်မြောက် သံတမန်ဆက်ဆံရေး နှစ်ပတ်လည်ပွဲသည် နှစ်နိုင်ငံကြား စီးပွားရေးနှင့်ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရန် နှင့် အဆင့်မြှင့်တင်ရန် ရည်ရွယ်သည့် များစွာသော စီမံချက်များကို မိတ်ဆက်ရန် အခွင့်အလမ်းဖြစ် ကြောင်း He က ဖြည့်စွက်ပြောကြားခဲ့ပါသည်။ တရုတ် စီးပွားကူးသန်းဝန်ကြီးဌာနအနေဖြင့်လည်း အရည်အသွေးမြင့် စိုက်ပျိုးရေးနှင့်စက်မှုထုတ်ကုန် များ ထုတ်လုပ်သည့်လုပ်ငန်းများ ကျယ်ပြန့်လာ စေရန် တရုတ်၏ နိုင်ငံတကာသွင်းကုန်ပြပွဲ၊ Canton ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံကုန်စည် ပြပွဲစသည့် ကုန်သွယ်ရေး ပလက်ဖောင်း များတွင် စီးပွားရေးအဖွဲ့အစည်းများ၌ ရင်းနှီးမြှုပ်နှံမှုကို ပံ့ပိုးသွားမည်ဟု သိရပါသည်။ ၎င်းသည် ဒစ်ဂျစ်တယ်စီးပွားရေးနှင့်အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုတို့ တွင် အပြန်အလှန် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းရန်နှင့် နှစ်ဖက်လုံးအဆင်ပြေအောင်မြင်သည့် ပူးပေါင်း ဆောင်ရွက်မှု အရှိန်မြှင့်တင်ရန် အတွက် မောင်နှင်အားတစ်ခုအဖြစ် လုပ်ဆောင်လိမ့်မည်ဟု သိရပါ သည်။ ဝန်ကြီးဌာနသည် ဒေသတွင်း ကျယ်ပြန့်သော စီးပွားရေးအဖွဲ့အစည်း၏  အကျိုးကျေးဇူးရရှိ မှုကို ကျားကန်ယူ၍ ASEAN-China Free Trade Area 3.0 ကို အဆင့်မြှင့်တင်ရန်အတွက် ဆွေးနွေး မှုများ အရှိန်မြှင့်တင်ကာ ပိုမိုအားကောင်းသော စီးပွားရေးပေါင်းစပ်မှုဖြစ်လာစေရန် မျက်စိကျလျက်ရှိကြောင်း သိရှိသည်။

DOCA(ရန်ကုန်)

တရုတ်နိုင်ငံထံမှ အရည်အသွေးရှိသော ရင်းနှီးမြှုပ်နှံမှုများကို အင်ဒိုနီးရှားအလိုရှိ

    လွန်ခဲ့သည့်(၁၀)စုနှစ်တာကာလတွင် အပြန်အလှန် ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုတန်ဖိုးများ မြင့်တက်လာသော်လည်း အင်ဒိုနီးရှားနိုင်ငံခြား‌ရေးဝန်ကြီး Rento Marsudi က အင်ဒိုနီးရှား သည် တရုတ်ထံမှ အရည်အသွေးရှိသော ရင်းနှီးမြှုပ်နှံမှုများကို တံခါးဖွင့်ထားကြောင်း ပြောကြားခဲ့ပါသည်။ Marsudi က ၎င်းတို့သည် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့မှုနှင့် အုပ်ချုပ်မှု စည်းကမ်းများကို လေးစားမှုရှိသည့် အရည်အသွေးရှိသော ရင်းနှီးမြှုပ်နှံမှုများကို တရုတ်ထံမှ အလိုရှိကြောင်း ၂၃-၈-၂၀၂၄ ရက်နေ့က ပြောကြားခဲ့ကြောင်း သိရှိှိရသည်။ Marsudi က အဆိုပါ မှတ်ချက်ကို ဘေဂျင်း၌ကျင်းပသော (၅)ကြိမ်မြောက် အင်ဒိုနီးရှား-တရုတ်အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးပူးတွဲကော်မရှင်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နှင့် အစည်းအဝေးအပြီး တွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိှိရသည်။ ရင်းနှီးမြှုပ်နှံမှုညှိနှိုင်းဆွေးနွေးခြင်းဘုတ်အဖွဲ့၏ အချက်အလက်များအရ ၂၀၂၄ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၌ တရုတ်ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၇.၄၃ ဘီလီယံရှိခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာသန်း ၈၀၀ သာ ရှိသည့်အတွက် ၁၀ ဆခန့်မြင့်တက်ခဲ့ကြောင်း သိရပါသည်။ လတ်တလောတွင် တရုတ်သည် စင်္ကာပူပြီးနောက် အင်ဒိုနီးရှား၏ ဒုတိယအကြီးဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ကြောင်း သိရှိှိရသည်။ သို့သော် တရုတ်ထံမှ အဆိုပါ အမေရိကန်ဒေါ်လာ ၇.၄၃ ဘီလီယံ ရင်းနှီးမြှုပ်နှံမှုသည် ဟောင်ကောင်မှရင်းနှီးမြှုပ်နှံမှု မပါဝင်ကြောင်း သိရပါသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi သည် အင်ဒိုနီးရှား၌ တရုတ်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံနှင့် တရုတ်၌ အင်ဒိုနီးရှားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၂ ဘီလီယံဖြင့် စုစုပေါင်းအပြန်အလှန်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၅၅ ဘီလီယံထိ ရောက်ရှိနိုင်သည့် အလားလာရှိကြောင်း ပြောကြားခဲ့သည်ဟု သိရှိှိရသည်။ တရုတ်နိုင်ငံအကောက်ခွန်အာဏာပိုင်အဖွဲ့၏ အချက်အလက်များအရ ၂၀၁၄ ခုနှစ်တွင် အင်ဒိုနီးရှားနှင့်တရုတ်နိုင်ငံအကြား ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၆၃.၆၆ ဘီလီယံ ရှိခဲ့ပြီး အင်ဒိုနီးရှားဖက်က ကုန်သွယ်ရေးလိုငွေ အမေရိကန်ဒေါ်လာ ၁၄.၄၈ ဘီလီယံပြခဲ့ကြောင်း သိရပါသည်။ သို့သော် ၂၀၂၃ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၃၉.၂၆ ဘီလီယံ ရှိပြီး အင်ဒိုနီးရှားက ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၉ ဘီလီယံရရှိခဲ့ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

Western Digital ၏အမေရိကန်ဒေါ်လာ ၆၉၃သန်းရင်းနှီးမြှုပ်နှံမှု ပရောဂျက်ကို ထိုင်းနိုင်ငံမှအတည်ပြု

   Cloudနည်းပညာနှင့် ဒေတာစင်တာဝယ်လိုအားတိုးလာခြင်းကြောင့် ထိုင်းနိုင်ငံ၏ hard disk ထုတ်လုပ်မှုကို တိုးချဲ့ရန်အတွက် Western Digital ၏ ဘတ်၂၃.၅ ဘီလီယံ(အမေရိကန် ဒေါ်လာ ၆၉၃ သန်း) စီမံကိန်းကို ထိုင်းနိုင်ငံမှအတည်ပြုလိုက်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံရင်းနှီးမြှုပ်နှံ မှုဘုတ်အဖွဲ့ (BOI) က သြဂုတ်လ ၂၆ ရက်(တနင်္လာနေ့)က ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

    ရင်းနှီးမြှုပ်နှံမှုသည် ထိုင်းနိုင်ငံစီးပွားရေးကို တစ်နှစ်လျှင် ဘတ် ၂၀၀ ဘီလီယံတန်သော ပို့ကုန်များနှင့် အလုပ်အကိုင်ပေါင်း ၁၀၀၀၀ အပိုဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း (BIO)က ဆိုသည်။

    Western Digital ၏ Thai Facility သည်လက်ရှိတွင် ထိုင်းနိုင်ငံမှလူဦးရေ ၂၈၀၀၀ ကို အလုပ်ခန့်ထားပြီးကမ္ဘာ့ hard disk များ၏ ၈၀ ရာခိုင်နှုန်းခန့်ကိုထုတ်လုပ်ခဲ့ကြောင်း (BIO) ၏အဆို အရသိရသည်။

  ထိုင်းနိုင်ငံသည် ဆယ်စုနှစ်အတွင်း hard diskလုပ်ငန်း၌ ၈၂.၆ဘီလီယံတန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှုများကိုခွင့်ပြုခဲ့သည်။ ယမန်နှစ်ကပြိုင်ဘက် hard diskထုတ်လုပ်သူ Seagate သည် ဘတ် ၁၆ဘီလီယံ ရင်းနှီးမြှုပ်နှံမှုကိုတိုးချဲ့ခဲ့သည်။

    အရှေ့တောင်အာရှ၏ ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံသည် အလုံးစုံရင်းနှီးမြှုပ်နှံမှု လျှောက်လွှာများကို ၂၀၂၄ ခုနှစ်အတွက် ဘတ် ၈၀၀ ဘီလီယံအထိ ရောက်ရှိရန်မျှော်မှန်းထားကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

တစ်ကမ္ဘာလုံးဆိုင်ရာဒစ်ဂျစ်တယ်ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးကိုမြင့်တင်ရန်အတွက် 3rd Global Digital trade Expo အားကျင်းပသွားမည်

    တတိယအကြိမ်မြောက် တစ်ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ်ကုန်စည်ပြပွဲအား တရုတ်နိုင်ငံ အရှေ့ပိုင်း Zhejiang ပြည်နယ်မြို့တော် Hongzhou တွင် ၂၀၂၄စက်တင်ဘာ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အိကျင်းပမည်ဖြစ်ပြီး ကာဇက်စတန်နှင့် ထိုင်းနိုင်ငံတို့မှ ဂုဏ်ပြုဧည့်သည်များ ပါဝင်မည်ဖြစ်ကြောင်းသိရှိရပါသည်။ အဆိုပါကုန်စည်ပြပွဲသည်ပူးပေါင်းဆောင်ရွက်မှုမြင့်တင်ရန်နှင့် ဖွံ့ဖြိုး တိုးတက်မှုမြှင့်တင်ရန် ကမ္ဘာ့ဒစ်ဂျစ်တယ်ကုန်သွယ်မှု အရင်းအမြစ်များကိုအသုံးချရန် ရည်ရွယ်ထားကြောင်း တရုတ်နိုင်ငံ၏  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးဗျူရို၏ လက်ထောက်ညွှန်ကြားရေးမှူး Deng Bo က (၂၄.၈.၂၀၂၄) ဗုဒ္ဓဟူးနေ့တွင်ပြုလုပ်သည့် သတင်းစာ ရှင်းလင်ပွဲတွင်ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

     Zhejiang ပြည်နယ်ကူးသန်းရောင်းဝယ်ရေးဌာန ညွှန်ကြားရေးမှူး Han Jic ၏အဆိုအရ ဒစ်ဂျစ်တယ်ကုန်သွယ်မှုလုပ်ငန်းပေါင်း ၁၀၀၀ ကျော်နှင့် နိုင်ငံတကာအဖွဲ့အစည်း ၁၅ ခုတို့ အဆိုပါ ကုန်စည်ပြပွဲတွင်ပါဝင်မည်ဖြစ်ပြီး နိုင်ငံနှင့်ဒေသပေါင်း၅၀ကျော်မှ ကျွမ်းကျင်သောဝယ်ယူသူများအနေဖြင့် ဝယ်ယူရေးလုပ်ငန်းများတွင် ပါဝင်ရန်မျှော်မှန်းထားကြောင်းသိရသည်၊ ကုန်စည်ပြပွဲအတွက်မြေနေရာအကျယ်အဝန်းသည် စတုရန်မီတာ ၁၅၀၀၀ ခန့်ရှိမည်ဖြစ်ပြီး ကျယ်ပြန့်လှသော ပြပွဲဧရိယာနှင့်ဒစ်ဂျစ်တယ်စက်မှုလုပ်ငန်းများအတွက် အထူးပြုဇုန် ၈ ခုလည်းပါဝင်မည်ဖြစ် သည်။

    ညဏ်ရည်တု၊ အနိမ့်အမြင့်စီးပွားရေးနှင့် ဒစ်ဂျစ်တယ် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ များကိုလည်း ကုန်စည်ပြပွဲတွင်ပါဝင်မည်ဖြစ်သည်၊ အဆိုပါကုန်စည်ပြပွဲသည် ၂၀၂၂ခုနှစ်က စတင် ကျင်းပခဲ့ပြီး Zhejiang ပြည်နယ်အစိုးရနှင့် တရုတ်နိုင်ငံ၏ ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနတို့မှ ပူးတွဲကျင်းပခဲ့ခြင်းဖြစ်သည်။

DOCA(ရန်ကုန်)

အင်ဒိုနီးရှားနိုင်ငံ၌ ဇီဝဒီဇယ်ဆီ ၅၀ ရာခိုင်နှုန်း ရောစပ်သုံးစွဲခြင်းကို လာမည့်နှစ်ဆန်းပိုင်းတွင် စတင်ဖွယ်ရှိ

    အင်ဒိုနီးရှား ရွေးကောက်ခံသမ္မတ ပရာဘိုဝို ဆူဘီယန်တိုသည် လာမည့်နှစ်အစောပိုင်းတွင် စားအုန်းဆီ ၅၀ ရာခိုင်နှုန်းကိုရောနှော၍ ဇီဝဒီဇယ်ဆီ(B50) အစီအစဉ်အား မဖြစ်မနေ အကောင် အထည်ဖော်ရန် မျှော်လင့်ထားပြီး လောင်စာဆီတင်သွင်းမှုကို တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ (ရင်းဂစ် ၈၆.၉၅ ဘီလီယံ) လျှော့ချနိုင်မည်ဖြစ်ကြောင်း  The Edge Malaysia သတင်း ဌာနက ဖော်ပြပါသည်။

    အင်ဒိုနီးရှားသည် လောင်စာဆီတင်သွင်းမှုကို လျှော့ချရန်နှင့် ရုပ်ကြွင်းလောင်စာများမှ ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရန် ကြိုးပမ်းမှုတွင် လက်ရှိ ဇီဝဒီဇယ် ၃၅% ပါဝင်မှုမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ရောစပ်မှုကို ၄၀ ရာခိုင်နှုန်းအထိ မြှင့်တင်ရန် စီစဉ်ထားကြောင်း ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောကြားခဲ့သည်။

    ပရာဘိုဝိုသည် လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒိုထံမှ အောက်တိုဘာလတွင် တာဝန်လွှဲပြောင်းရယူ မည်ဖြစ်ပြီး B50 အတွက် ပြင်ဆင်ရန် ၎င်း၏ စီမံခန့်ခွဲရေးအဖွဲ့က စားအုန်းဆီလုပ်ငန်းနယ်ပယ်သို့ ညွှန်ကြားထားကြောင်း၊  ယင်းသို့ ရောစပ်အသုံးပြုမှု အစီအစဉ်အတွက် လိုအပ်သော စမ်းသပ်မှုများ စတင်နေပြီဖြစ်ကြောင်း ဖော်ပြပါသည်။

   လက်ရှိတွင် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် B35 အစီအစဉ်အား ဆောင်ရွက်နေပြီဖြစ်ပြီး B40၊ B50 အထိ အရှိန်မြှင့်တင်ဆောင်ရွက်မည်ဖြစ်‌ကြောင်း၊ B50 အစီအစဉ်ဆိုသည်မှာ စားအုန်းဆီ ၅၀ ရာခိုင်နှုန်း ရောနှော၍ ဇီဝဒီဇယ်အဖြစ် အသုံးပြုခြင်းကို ခေါ်ဆိုကြောင်း၊ ယင်း B50 အစီအစဉ်ကို ယခုနှစ်ကုန် သို့မဟုတ် လာမည့်နှစ်အစောပိုင်းတွင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ယင်းသို့ ပြည်တွင်း၌ ထွက်ရှိသည့် စားအုန်းဆီကို ၅၀ ရာခိုင်နှုန်းအထိ ရောနှော၍ ဇီဝဒီဇယ်ဆီအဖြစ် အသုံးပြုမည်ဆိုပါက ပြည်ပမှ တင်သွင်းရသည့် လောင်စာဆီအတွက် တစ်နှစ် လျှင် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ သက်သာနိုင်မည်ဖြစ်ကြောင်း ပရာဘိုဝိုက ဩဂုတ်လ ၂၄ ရက်၊ စနေနေ့ နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။

  အင်ဒိုနီးရှားနိုင်ငံတွင် ဓာတ်ခွဲစမ်းသပ်မှုနှင့် မောင်းနှင်စမ်းသပ်မှုများ အပါအဝင် စားအုန်းဆီ ကို တိုးမြှင့်ရောစပ်၍ လောင်စာဆီအဖြစ် အသုံးပြုနိုင်ရေး ယခင်က စမ်းသပ်ဆောင်ရွက်ခဲ့မှုများ သည် ယေဘုယျအားဖြင့် တစ်နှစ်ခန့် အချိန်ကြာမြင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: The Edge Malaysia, 26th Aug 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဆန်ကို အထိတ်တလန့်ဝယ်ယူရန် မလိုအပ်ဟု ဂျပန်စိုက်ပျိုးရေးဝန်ကြီး ပြောကြား

    ဂျပန်နိုင်ငံ၌ ယခုနှစ်ရိတ်သိမ်းထွက်ရှိမှုဖြင့် ဆန်ရောင်းလိုအားမှာ ပြန်လည်တိုးတက်လာမည်ဖြစ်၍ ဈေးဝယ်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်စွာဖြင့် ဝယ်ယူခြင်းမှ ရှောင်ကြဉ်ကြရန် စိုက်ပျိုးရေးဝန်ကြီးက တိုက်တွန်းပြောဆိုထားကြောင်း၊ ယခုဖြစ်စဉ်သည် ဆန်ပြတ်လပ်မှုကြောင့် စတိုးဆိုင်များတွင် ဆန်ဝယ်ယူရရှိရန် ခက်ခဲနေသည်ဟု  စားသုံးသူများက သတင်းပေးပို့မှုအရ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သိရပါသည်။

   ပြည်တွင်း၌ စပါးစိုက်ပျိုးထားရှိမှုမှာ ပုံမှန်ကြီးထွားဖွံ့ဖြိုးလျက်ရှိပြီး အချို့ဒေသများတွင် လယ်သမားများသည် ပုံမှန်ထက် တစ်ပတ်လောက်စောပြီး ရိတ်သိမ်းနိုင်ကြောင်း၊ ဆန်ပြတ်လပ်မှုများသည် တဖြည်းဖြည်း ပြေလည်သွားလိမ့်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ သစ်တောရေးရာနှင့် ရေ လုပ်ငန်းဝန်ကြီး Sakamoto Tetsushi က သတင်းထောက်များသို့ ဩဂုတ်လ ၂၇ ရက်နေ့တွင် ပြောကြားခဲ့ပြီး စားသုံးသူများအနေဖြင့် ဆန်ကိုလိုအပ်သည့်ပမာဏသာဝယ်ယူရန် တိုက်တွန်းခဲ့သည်။

   အချို့သော စူပါမားကက်များနှင့် လက်လီရောင်းချသူများထံ၌ ဆန်ပြတ်လပ်မှုဖြစ်ပေါ်ရသည့် အကြောင်းအရင်းများစွာရှိကြောင်း၊ သီးနှံရာသီအသစ်မှ ဆန်များ ဈေးကွက်သို့ အပြည့်အဝ ဝင်ရောက်မှုမရှိမီ အချိန်၌ သိုလှောင်ထားသည့် လက်ကျန်များ လျော့နည်းလာခြင်းဖြစ်ကြောင်း၊ မကြာသေးမီက ဖြစ်ပေါ်ခဲ့သော ငလျင်များနှင့် တိုင်ဖွန်းမုန်တိုင်းများကြောင့် ပြည်သူအချို့က လည်း ဆန်ကို သိုလှောင်မှုပြုခဲ့ကြကြောင်း ဝန်ကြီးက ကိုးကားဖော်ပြခဲ့သည်။

    အရေးပေါ်အခြေအနေအတွက် နိုင်ငံအတွင်း သိုလှောင်ထားသော ဆန်များအား ဖြန့်ဖြူး  သုံးစွဲခြင်းသည် စီးပွားရေးဈေးကွက်အတွင်း ရောင်းလိုအားနှင့်ဝယ်လိုအား မျှခြေနှင့် ဈေးနှုန်းများအပေါ် ထိခိုက်စေနိုင်သဖြင့် သတိကြီးစွာထား ဆောင်ရွက်သင့်ကြောင်း ဝန်ကြီး Sakamoto က ပြောကြားခဲ့သည်။

Source: NHK WORLD-JAPAN News, 27 Aug 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အင်ဒိုနီးရှား၏ သတ္တမအကြိမ်ဆန်အဝယ်တင်ဒါ၌ ပါကစ္စတန်နှင့် ထိုင်းတို့ အဓိကယှဉ်ပြိုင်ရနိုင်

     အင်ဒိုနီးရှားနိုင်ငံပိုင် ဝယ်ယူရေးအေဂျင်စီ Bulog သည် ဆန်ကွဲ ၅ ရာခိုင်နှုန်းပါဝင်သော ဆန်ဖြူ မက်ထရစ်တန် ၃၅၀,၀၀၀ ဝယ်ယူရန်အတွက် ယခုနှစ်အတွင်း ၎င်း၏ သတ္တမအကြိမ် မြောက် ဆန်အဝယ်တင်ဒါခေါ်ယူမှုကို သြဂုတ်လ ၂၃ ရက်နေ့တွင် ကြေညာခဲ့ပါသည်။

    စက်တင်ဘာလတွင်  သီးနှံရာသီအသစ်မှ ဆန်များ ဈေးကွက်ဝင်ရောက်လာမည်ဖြစ်ပြီး ၎င်း တို့၏ စျေးနှုန်းယှဉ်ပြိုင်နိုင်စွမ်းရှိမှုအရ ပါကစ္စတန် ဆန်ရောင်းချသူများသည် ယခုတင်ဒါခေါ်ယူမှု ကို အလားအလာကောင်းမွန်သော အခွင့်အလမ်းတစ်ရပ်အဖြစ် ရှုမြင်လျက်ရှိကြသည်။ ဗီယက်နမ် ၏ ဆန်ရောင်းလိုအား လျော့နည်းလာသည်နှင့်အမျှ ထိုင်းနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့ အကြား ပြိုင်ဆိုင်မှု ပြင်းထန်လာဖွယ်ရှိပါသည်။

    Bulog  ၏ အဝယ်တင်ဒါသည် ဗီယက်နမ်၊ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယားနှင့် ပါကစ္စတန် တို့မှ ဆန်များကို စက်တင်ဘာလမှ အောက်တိုဘာလအတွင်း ဝယ်ယူတင်သွင်းရန် လျာထား ကြောင်း၊  ၂၀၂၄ ခုနှစ် သီးနှံရာသီ (အောက်တိုဘာမှ စက်တင်ဘာလ) ကာလ၌ ထွက်ရှိသော စပါး များအား လွန်ခဲ့သော ခြောက်လအတွင်း ကြိတ်ခွဲရရှိသည့်ဆန်များကိုသာ တင်သွင်းရမည်ဖြစ်ပြီး တင်ဒါ ဝင်ရောက်ယှဉ်ပြိုင်မှု ရလဒ်များကို စက်တင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာမည် ဖြစ်ကြောင်း သိရပါသည်။

   ၂၀၂၄ ပြက္ခဒိန်နှစ်အတွင်း အင်ဒိုနီးရှားသည် ယခုအချိန်အထိ ဆန်အဝယ်တင်ဒါ ၇ ကြိမ်   ခေါ်ယူထားပြီး ပထမခေါ်ယူထားသည့် တင်ဒါ ၆ ခုတွင် တစ်နှစ်တာ တင်သွင်းခွင့်ရန် ခွဲတမ်း သတ်မှတ်ချက်၏ ထက်ဝက်ကျော်ရှိသော ဆန်မက်ထရစ်တန်ချိန် ၂ သန်း ကို ဝယ်ယူပြီးဖြစ်သည်။ ဗီယက်နမ်၊ ထိုင်း၊ မြန်မာနှင့် ပါကစ္စတန် နိုင်ငံတို့သည် ယခုနှစ်တွင် အင်ဒိုနီးရှားသို့ အဓိက ဆန်ပေးသွင်းသူများ ဖြစ်ကြသည်။

   အင်ဒိုနီးရှားနိုင်ငံပိုင် ဝယ်ယူရေးအေဂျင်စီ Bulog သည် ယခင်နှစ် တင်သွင်းခဲ့သော ဆန် တန်ချိန် ၃.၈ သန်းအောက် လျှော့ချလျက် ၂၀၂၄ ခုနှစ်အတွက် ဆန်တင်သွင်းခွင့်ခွဲတမ်းကို တန်ချိန် ၃.၆ သန်း သတ်မှတ်ထားသည်။  အယ်လ်နီညိုရာသီဥတုဖြစ်စဉ်၏ ခြောက်သွေ့သော အခြေအနေ များကြောင့် သီးနှံများရိတ်သိမ်းမှုနှောင့်နှေးလျက် နိုင်ငံ၏ စပါးအထွက်ပမာဏ လျော့နည်းနိုင်ခြင်း နှင့် ကမ္ဘာ့ဆန်ထောက်ပံ့ပေးသွင်းမှုမှာ အကန့်အသတ်များ ရှိခြင်းကြောင့် အဆိုပါ ဆန်ခွဲတမ်း ပမာဏအားလုံးကို အပြည့်အဝ သုံးစွဲရနိုင်ကြောင်း သိရပါသည်။

     ဗီယက်နမ်၏ ဆန်ပေးသွင်းနိုင်မှုမှာ ပြတ်လပ်တော့မည်ဖြစ်ပြီး ယခုအချိန်သည် ထိုင်းနှင့် ပါကစ္စတန်တို့၏ ကစားပွဲ ဖြစ်လာနိုင်ကြောင်း၊ ထိုင်းဘတ်ငွေ တန်ဖိုး ခိုင်မာအားကောင်းလျက်ရှိပြီး ထိုင်းနိုင်ငံ၌ ဈေးနှုန်းများ မြင့်တက်တက်လာခဲ့ရာ ပါကစ္စတန်အနေဖြင့် ထိုင်းနိုင်ငံကို ရွေးချယ်မည့် ဝယ်လက်များကို ဆွဲဆောင်ရန် လျှော့ဈေးဖြင့် ကမ်းလှမ်းလျက် ကြိုးစားလိမ့်မည်ဖြစ်ကြောင်း၊  အထူးသဖြင့် တင်သွင်းသည့်ဆန်များအား အင်ဒိုနီးရှားသို့ စက်တင်ဘာလမှ အောက်တိုဘာလ အတွင်း ဆိုက်ရောက်ရမည့် တင်းကျပ်သော အချိန်ဇယားကြောင့် ပါကစ္စတန်၏ ဆန်တင်ပို့နိုင်မည့် အလားအလာမှာ ကောင်းမွန်လျက်ရှိကြောင်း၊ သို့သော် ယခင်အကြိမ်များတွင် ဆန်တင်ပို့သူများ နှင့် Bulog အဖွဲ့တို့ နှစ်ဖက်လုံး၌ သင်္ဘောတင်ပို့မှုမှာ နှောင့်နှေးမှုများရှိခဲ့ကြောင်း၊ ပါကစ္စတန်သည် ဤမျှကြီးမားသော ပမာဏကို ရောင်းချနိုင်သည့် အခြားနေရာ သို့မဟုတ် အခွင့်အလမ်းများစွာ မရှိ သောကြောင့် ယခုတင်ဒါ၌ အောင်မြင်မှုရရှိရေးကို အပူတပြင်း ကြိုးပမ်းလိမ့်မည်ဖြစ်ကြောင်းဖြင့် ပါကစ္စတန် အခြေစိုက် ကုန်သည်တစ်ဦးက ပြောကြားခဲ့ပါသည်။

   ပါကစ္စတန်၏ ဆန်ပို့ကုန်များအတွက် ကာလတိုအလားအလာမှာ တိုးတက်မှုရှိသော်လည်း ယခင်တင်ပို့မှုများ၌ နှောင့်နှေးကြန့်ကြာမှုများ ရှိခဲ့ခြင်းမှာ စိုးရိမ်စရာအဖြစ် ရှိနေသေးသည်။ သီးနှံ အသစ်များ ဈေးကွက်ဝင်ရောက်လာမှုမှာ အကန့်အသတ်ရှိခြင်းက စိန်ခေါ်မှုများရှိလာနိုင်ကြောင်း ပါကစ္စတန်ဆန်မှ တင်ပို့သူအချို့က သတိပေးထားသည်။

    ဗီယက်နမ်ဆန်ဈေးနှုန်းများသည် Bulog မှ တင်ဒါရလဒ်များ ကြေညာခြင်း မပြုမီအထိ တည်ငြိမ်နေနိုင်သည်ဟု မျှော်လင့်ရသည်။ လက်ရှိကာလတွင် ဗီယက်နမ်ဆန်သည် ထိုင်းနိုင်ငံ ထက် ဈေးပိုမြင့်နေသော်လည်း ဗီယက်နမ် ပို့ကုန်လုပ်ငန်းရှင်များသည် ယခင်ကကဲ့သို့ ဈေးနှုန်း များ လျှော့ချနိုင်ခြင်း ရှိ/မရှိမှာ သေချာမှု မရှိကြောင်း၊ တစ်ချိန်တည်းမှာပင် ပါကစ္စတန်သည် စျေးနှုန်းအရ ဆွဲဆောင်နိုင်မှုရှိပြီး ဆန်ပမာဏ အမြောက်အမြားရရှိနိုင်သောကြောင့်  ဆက်လက် စောင့်ကြည့်ရမည့် အခြေအနေဖြစ်ကြောင်း ဗီယက်နမ် ဆန်ကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။

    စင်္ကာပူအခြေစိုက် ကုန်သည်တစ်ဦးကလည်း ဗီယက်နမ်ကုမ္ပဏီများအနေဖြင့် Bulog သို့  လျှော့ဈေးဖြင့် ရောင်းရန်မှာ မျှော်လင့်ချက်ကင်းမဲ့သော အခြေအနေရှိ၍ ဗီယက်နမ် ဈေးကွက်ကို  ခန့်မှန်းရခက်ကြောင်း ပြောဆိုခဲ့သည်။

    ထိုင်းနိုင်ငံသည် ယခင်အကြိမ်တင်ဒါများထက် ယှဉ်ပြိုင်နိုင်စွမ်း ပိုမိုမြင့်မားမှုရှိနေသဖြင့် Bulog ၏ ယခုနောက်ဆုံးခေါ်ယူသည့်တင်ဒါတွင် အနိုင်ရနိုင်ကြောင်း၊ နောက်ဆက်တွဲအနေဖြင့်  လာမည့်သီတင်းပတ်များတွင် ပြည်တွင်းဈေးနှုန်းများ ကျဆင်းလာနိုင်သောကြောင့် ပို့ကုန်ဈေးနှုန်း များလည်း ကျဆင်းနိုင်မည်ဟု မျှော်လင့်ရကြောင်း၊ လက်ရှိအချိန်တွင် Bulog သည် ဈေးကွက်အတွင်း ဆန်ဝယ်ယူနေသည့် တစ်ဦးတည်းသော ဝယ်သူဖြစ်ပြီး အခြားဝယ်ယူသူများသည် အိန္ဒိယ ၏ ဆန်တင်ပို့မှုပိတ်ပင်ခြင်းဆိုင်ရာ အချက်အလက်များ ပိုမိုရှင်းလင်းစွာသိရသည်အထိ စောင့်ဆိုင်းလျက်ရှိကြောင်းဖြင့် ထိုင်းသတင်းရင်းမြစ်တစ်ခုက ဖော်ပြထားသည်။ သို့သော်လည်း ယခု တင်ဒါကြောင့် ထိုင်းဆန်ဈေးနှုန်းများမှာ မြင့်တက်နေသည်ဟု အခြားသော ထိုင်းဆန်ကုန်သည် တစ်ဦးက မှတ်ချက်ပြု ပြောဆိုခဲ့သည်။

    S&P Global Commodity Insights ၏ လုပ်ငန်းရပ်တစ်ခုဖြစ်သော Platts အဖွဲ့က သြဂုတ် လ ၂၃ ရက်နေ့တွင်ကုန်ဆုံးသည့် သီတင်းပတ်အတွင်း ဆန်ကွဲ ၅ ရာခိုင်နှုန်းပါဝင်သော ထိုင်းဆန်ဖြူတစ်တန်လျှင် သင်္ဘောပေါ်အရောက် FOB ဈေးနှုန်းသည် ၁၁ ဒေါ်လာမြင့်တက်လျက် ဒေါ်လာ ၅၇၀ နှုန်းသို့ ရောက်ရှိခဲ့ကြောင်း၊ ဗီယက်နမ်၏ ဆန်ကွဲ ၅% ပါသောဆန်ဖြူသည်လည်း  အလားတူကာလတွင် FOB ဈေးနှုန်း တစ်တန်လျှင် ၅၆၄ ဒေါ်လာဖြင့် ၁၀ ဒေါ်လာ မြင့်တက်လာခဲ့ကြောင်း၊ ဆန်ကွဲ ၅% ပါသော ပါကစ္စတန်ဆန်ဖြူ တစ်တန်၏ FOB ဈေးနှုန်းမှာမူ ပြောင်းလဲမှုမရှိပဲ ဒေါ်လာ ၅၄၀ နှုန်းဖြင့် ယခင်သီတင်းပတ်ကအတိုင်းရှိနေသည်ဟု အကဲဖြတ်ခဲ့ကြောင်း သိရပါသည်။

Source: S&P Global, 23 Aug 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ