ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

လာအိုသည် လယ်ယာစိုက်ပျိုးရေးကို မြှင့်တင်ရန် ရည်မှန်းထားပြီး သွင်းကုန်ဖြတ်တောက်ရန် ရည်ရွယ်ထား

           လာအိုနိုင်ငံသည် သွင်းကုန်လျှော့ချရန် ရည်ရွယ်ချက်ဖြင့် စိုက်ပျိုးရေးလုပ်ငန်းရှင်များ၏ အရင်းအနှီးရရှိရေး တိုးတက်စေခြင်းဖြင့် ပြည်တွင်းနှင့် ပို့ကုန်ဈေးကွက်အတွက် လယ်ယာထွက်ကုန်များ မြှင့်တင်ရန် ဆက်လက်ကြိုးပမ်းလျက်ရှိသည်။ လာအို လယ်ယာစီးပွားရေးအသင်းနှင့် လာအိုအသေးစားငွေရေးကြေးရေးအသင်းတို့သည် ပြည်တွင်းစားသုံးမှုနှင့် ပို့ကုန်များအတွက် သွင်းကုန်များ လျှော့ချထုတ်လုပ်နိုင်ရေးအတွက် နည်းပညာပူးပေါင်း ဆောင်ရွက်မှု နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း လာအိုအမျိုးသားကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (LNCCI) မှ ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါစာတမ်းသည် သတင်းအချက်အလက် မျှဝေရန်၊ စိုက်ပျိုးရေးစွန့်ဦး တီထွင်မှုမြှင့်တင်ရန်၊ သင်တန်းများပေးခြင်း၊ လုပ်ငန်းစီမံချက်များပြင်ဆင်ရာတွင် အဖွဲ့ဝင်များအား အထောက် အကူပြုစေရန်နှင့် နှစ်ဖက်အသင်းများအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်ရည်ရွယ် ကြောင်း သိရှိရပါသည်။

Source: Xinhua

DOCA(ရန်ကုန်) 

ပါကစ္စတန် တင်ပို့မှုသည် ဇူလိုင်လတွင် ၁၆ ရာခိုင်နှုန်းကျော် တက်လာခဲ့

          ပါကစ္စတန်၏ ပို့ကုန်တင်ပို့မှုသည် ၂၀၂၅-၂၆ ဘဏ္ဍာနှစ်၏ ပထမလဖြစ်သော ဇူလိုင်လတွင် တစ်နှစ်ထက်တစ်နှစ် ၁၆.၉၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂.၇၀ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း တရားဝင် အချက်အလက်များအရ သိရသည်။

          အပြုသဘောဆောင်သော ပို့ကုန်လမ်းကြောင်းတွင် ရှိနေသော်လည်း သွင်းကုန်များသည် ဇူလိုင်လတွင် ဒေါ်လာ ၅.၄၅ ဘီလီယံအထိ ခုန်တက်သွားသောကြောင့် ကုန်သွယ်မှု လိုငွေမှာ ယခင်နှစ်ထက် ၂၉.၂၅ ရာခိုင်နှုန်း တိုးလာခဲ့သည်။

          ဇူလိုင်လအတွက် ကုန်သွယ်မှုလိုငွေသည် ဒေါ်လာ ၂.၇၅ ဘီလီယံအထိ တိုးလာပြီး ယခင်နှစ်ကထက် ၄၄.၁၆ ရာခိုင်နှုန်း တိုးလာခဲ့သည်။

Source: Xinhua

(DOCA) ရန်ကုန် 

မက္ကဆီကိုနိုင်ငံသည် လတ်ဆတ်သော ခရမ်းချဉ်သီး တင်ပို့ခွင့် ဈေးနှုန်းများကို အနိမ့်ဆုံးသတ်မှတ်

          မက္ကဆီကိုနိုင်ငံသည် အမေရိကန်နှင့် သဘောတူညီချက်စာချုပ် သက်တမ်းကုန်ဆုံးပြီး နောက် ပြည်တွင်းထုတ်လုပ်မှုကို ကာကွယ်ရန်နှင့် ပြည်တွင်းထောက်ပံ့မှုကို ခိုင်မာစေရန်အတွက် လတ် ဆတ်သောခရမ်းချဉ်သီးများကို အနိမ့်ဆုံးတင်ပို့ခွင့် ဈေးနှုန်းသတ်မှတ်လိုက်ကြောင်း မက္ကဆီကိုနိုင်ငံ၏ စီးပွားရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေးဝန်ကြီးဌာနက ၂၀၂၅ခုနှစ် သြဂုတ်လ ၁၀ရက်နေ့က ပူးတွဲ ထုတ်ပြန်ခဲ့ပါသည်။

          ဤဆုံးဖြတ်ချက်သည် မက္ကဆီကိုမှ အမေရိကန်သို့ ခရမ်းချဉ်သီးတင်ပို့မှုကို နှစ်နိုင်ငံအကြား ထိန်းချုပ်ထားသည့် ၂၀၁၉ သဘောတူညီမှုမှ ဝါရှင်တန်သည် ဇူလိုင်လတွင် နုတ်ထွက်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရပါသည်။

          မက္ကဆီကိုနိုင်ငံမှ တင်သွင်းမည့် လတ်ဆတ်သောခရမ်းချဉ်သီးများကို အခွန် ၁၇ရာခိုင်နှုန်း ကောက်ခံမည့်ဟု ဇူလိုင်လ ၁၄ရက်နေ့တွင် Trump ကပြောကြားခဲ့ပါသည်။

          တစ်ကီလိုဂရမ်လျှင် အနည်းဆုံး ပို့ကုန်ဈေးနှုန်းမှာ ချယ်ရီနှင့် စပျစ်ခရမ်းချဉ်သီးများအတွက် ၁.၇၀ ဒေါ်လာ၊ရောမခရမ်းချဉ်သီးများအတွက် ၀.၈၈ဒေါ်လာ၊လုံးဝန်းသော ခရမ်းချဉ်သီးများအတွက် ၀.၉၅ ဒေါ်လာ၊ လုံးဝန်းပြီးအညှာပါသော ခရမ်းချဉ်သီးများအတွက် ၁.၆၅ ဒေါ်လာ သတ်မှတ်ထားပါ သည်။အခြားမျိုးကွဲများဖြစ်သည့် Cocktail နှင့် Heirloom ခရမ်းချဉ်သီးမျာအတွက် အနည်းဆုံးဈေး နှုန်း ၁.၇၀ဒေါ်လာ ကျသင့်မည်ဖြစ်ကြောင်း သိရပါသည်။

          မက္ကဆီကိုနိုင်ငံသည် ၂၀၂၄ခုနှစ်က ဒေါ်လာ ၃.၃ ဘီလီယံတန်ဖိုးရှိ ခရမ်းချဉ်သီးများ တင်ပို့ နိုင်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသဘောတူညီချက်ကို အစိုးရက သြဂုတ်လ ၈ရက်နေ့တွင် တရားဝင်ထု တ်ပြန်ပြီးနောက် မက္ကဆီကို ခရမ်းချဉ်သီးစိုက်ပျိုးသူများအသင်းက ထောက်ခံကြောင်းပြသခဲ့ သည်ဟု ဝန်ကြီးဌာနက ထပ်လောင်းပြောကြား ခဲ့ပါသည်။

Source : Reuters

DOCA(ရန်ကုန်)                                                                                   

ဗီယက်နမ်ကုမ္ပဏီများသည် ကမ္ဘောဒီးယားအရှေ့မြောက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံများ အရှိန်မြှင့်တင်

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်တွင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီး Nguyen Minh Vu ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ကမ္ဘောဒီးယားနိုင်ငံ၊ အရှေ့မြောက်ပိုင်းပြည်နယ်များသို့ လာရောက်လည်ပတ်စဉ် ဗီယက်နမ်နိုင်ငံမှ ကုမ္ပဏီများသည် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့် လုပ်ဆောင်ရန်စီစဉ်လျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။ ကမ္ဘောဒီးယား အရှေ့မြောက်ပိုင်းဒေသတွင် လုပ်ကိုင်နေသော ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်များကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ အဆိုပါကိုယ်စားလှယ်အဖွဲ့လာရောက်လည်ပတ်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ သံအမတ်ကြီး Nguyen Minh Vu က ဗီယက်နမ်ရင်းနှီးမြှုပ်နှံမှု များအထူးသဖြင့် ရော်ဘာကဏ္ဍမှပံ့ပိုး ကူညီမှုများနှင့် ဗီယက်နမ်အသိုင်းအဝိုင်း၏ ပေါင်းစည်းမှုအား ပံ့ပိုးကူညီမှုပေးခဲ့သည့် ဒေသအာဏာပိုင်များအား ကျေးဇူးတင်ရှိကြောင်း၊ ၂၀၂၅-၂၀၂၈ ခုနှစ်အတွင်း အရှေ့မြောက်ပိုင်းဒေသတွင် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရန် ကမ္ဘောဒီးယား၏ အထူးအစီအစဉ်အရ ရင်းနှီးမြှုပ်နှံမှုမက်လုံးများ ရရှိရေးအပါအဝင် လုပ်ငန်းများ တိုးချဲ့ရေးအတွက် ဆက်လက်ပံ့ပိုးပေးရန် တိုက်တွန်းခဲ့သည်။ အဆိုပါခရီးစဉ်တွင် ဗီယက်နမ်ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ၊ ပြည်နယ်(၃) ခုရှိ ဗီယက်နမ် လုပ်ငန်းရှင်များအား စိန်ခေါ်မှုအခြေနေများတွင် ခံနိုင်ရည်ရှိမှုနှင့် အလုပ်အကိုင်ဖန်တီးရေးနှင့် လူမှုရေးအစီအစဉ်များတွင် ၎င်းတို့၏အခန်းကဏ္ဍကို ချီးကျူးစကားပြောကြားခဲ့သည်။ ဗီယက်နမ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံအတွက် ထိပ်တန်းရင်းနှီးမြှုပ်နှံသည့် နိုင်ငံတစ်ခုဖြစ်ပြီး ၂၀၂၄ ခုနှစ် အကုန်အထိ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI) သည် ကန်ဒေါ်လာ ၂.၆၂ ဘီလီယံ အထိရှိခဲ့သည်။

Source: Khmer Times

DOCA (ရန်ကုန်)

နိုင်ငံတော်၏ FDI စီးဆင်းမှုသည် ၂၀၂၄ ခုနှစ်အထိ ကန်ဒေါ်လာ ၁.၇ ဘီလီယံအထိရှိ

             ကမ္ဘောဒီးယားနိုင်ငံ၏ တိုးပွားလာသော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) သည် ၂၀၂၄ ခုနှစ်အထိ ကန်ဒေါ်လာ ၁.၇ ဘီလီယံကျော် ရှိသည်ဟု ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာညီလာခံ (UNCTAD) မှ ထုတ်ပြန်သည့် ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှု အစီရင်ခံစာတွင် ဖော်ပြထားသည်။ UNCTAD သည် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းသည့် ကုလသမဂ္ဂ၏ အမြဲတမ်းအဖွဲ့ဖြစ်သည်။ ကုမ္ပဏီများသည် ၎င်းတို့၏ စျေးကွက်ကို ချဲ့ထွင်ရန်၊ အရင်းအမြစ်များကို ရယူရန်နှင့် အခြားနိုင်ငံများတွင် နည်းပညာအသစ်များရယူရန် ကြိုးပမ်းနေသောကြောင့် ၎င်းသည် ယှဉ်ပြိုင်နိုင်စွမ်း တိုးမြင့်လာမည့် လက္ခဏာတစ်ရပ်လည်း ဖြစ်သည်။ နိုင်ငံ၏ပြင်ပ FDI စတော့ရှယ်ယာသည် ၂၀၁၉ ခုနှစ်တွင် ကန်ဒေါ်လာ ၁ ဘီလီယံကျော်သွားခဲ့ပြီး ထိုအချိန်မှစ၍ ၂၀၂၄ ခုနှစ်ကုန်အထိ ကန်ဒေါ်လာ ၇၄၂ သန်းထပ်တိုးလာခဲ့သည်။ ၂၀၂၀ ခုနှစ်တွင် FDI စီးဆင်းမှုသည် ကန်ဒေါ်လာ ၁၂၇ သန်းရှိခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ကန်ဒေါ်လာ ၂၉ သန်းသို့ ကျဆင်းသွားခဲ့သည်။ အစီရင်ခံစာအရ အသားတင်ပြည်ပ FDI စီးဆင်းမှုနှင့် GDP အကြား အချိုးသည်  ၂၀၂၀ ခုနှစ်တွင် ၃.၄ ရာခိုင်နှုန်းမှ ၂၀၂၄ ခုနှစ်တွင် ၃.၇ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပါသည်။ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် FDI မှ ကန်ဒေါ်လာ ၅.၈ ဘီလီယံ ရရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၇၇ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း ကမ္ဘောဒီးယား၊ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ၏ အဆိုအရသိရသည်။

Source: Khmer Times

DOCA (ရန်ကုန်)

ကမ္ဘောဒီးယားနှင့် မလေးရှားတို့သည် ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေရန် ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့

            ကမ္ဘောဒီးယားနိုင်ငံ၊ ကျန်းမာရေးဝန်ကြီး Chheang Ra နှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီး Shaharuddin Onn တို့က ကမ္ဘောဒီးယားနိုင်ငံ၏ ကျန်းမာရေးကဏ္ဍ တွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက် ၁၀-၈-၂၀၂၅ ရက်နေ့၊ နံနက်ပိုင်းက ကျန်းမာရေးဌာန၌တွေ့ဆုံစဉ်တွင်နှစ်ဘက်စလုံးက ပြည်သူ့ကျန်းမာရေးရလဒ်များ မြှင့်တင်ရာတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးသည် အရေးကြီးကြောင်း အလေးပေး ပြောကြားခဲ့သည်။ Shaharuddin Onn သည် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ အတွေ့အကြုံမျှဝေခြင်းနှင့် သွေးလွန်တုပ်ကွေး၊ ငှက်ဖျားရောဂါနှင့် ကျန်းမာရေးခရီးသွား လုပ်ငန်းတို့ကို ဦးတည်သည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရန် မလေးရှားနိုင်ငံ၏ ခိုင်မာသောကတိကဝတ်များကို ပြောကြားခဲ့သည်။ Chheang Ra က ကမ္ဘောဒီးယားနိုင်ငံ၏ ကျန်းမာရေးစနစ် အားကောင်းလာစေရန် ဆက်လက်ပံ့ပိုးပေးမှုများအတွက် မလေးရှားအစိုးရအား ကျေးဇူးတင်ရှိကြောင်းနှင့် ကမ္ဘောဒီးယားပြည်သူများ၏ သက်သာချောင်ချိရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အခြေခံအဆောက်အအုံနှင့် ဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်လာစေရန်အတွက် မလေးရှား၏ ပံ့ပိုးကူညီမှုများကို အသိအမှတ်ပြုကြောင်း Chheang Ra ကပြောကြားခဲ့သည်။

Source: Khmer Times

DOCA (ရန်ကုန်)

အိန္ဒိယနိုင်ငံ ကာနာတကာပြည်နယ်၌ မိုးသည်းထန်မှုကြောင့် ပဲစိုက်ခင်းများထိခိုက်ပျက်စီး

       အိန္ဒိယနိုင်ငံ၊ ကာနာတကာပြည်နယ်တွင် ပဲမျိုးစုံစိုက်ပျိုးထားရှိမှု ဧရိယာ ဟက်တာ ၄ သိန်းခန့်သည် ထိခိုက်ပျက်စီးဆုံးရှုံးမည့် အခြေအနေ တွေ့ကြုံနေရကြောင်း အိန္ဒိယစိုက်ပျိုးရေးဌာန၏ ခန့်မှန်းချက်အရ သိရှိရပါသည်။ အဆိုပါ ပြည်နယ်အတွင်း Dharwad, Belagave, Haveri, Gadag နှင့် Bagalkot  ခရိုင်များရှိ တောင်သူများသည် မေလလယ်ပိုင်း မိုးများ စတင်ရွာသွန်းချိန်၌ ပဲမျိုးစုံကို ဆောလျင်စွာ စိုက်ပျိုးခဲ့ကြပြီး ယခုအခါ သီးနှံရိတ်သိမ်းရန် အသင့်ဖြစ်နေချိန်တွင် အချိန်အခါမသင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိသည်။

          ကာနာတကာပြည်နယ်တွင် ယခုနှစ် မိုးသီးနှံရာသီ၌ ပဲတီစိမ်းစိုက်ဧရိယာ ဟက်တာ ၂၃.၁၆ သိန်း စိုက်ပျိုးခဲ့ပြီး ၎င်း၏ ၇၀ ရာခိုင်နှုန်း (ဟက်တာ ၁၈ သိန်း) ခန့်သည် ပြည်နယ် အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများတွင် စုစည်းလျက်ရှိသဖြင့် အဆိုပါ ခရိုင် ၅ ခုအတွက် အဓိကသီးနှံဖြစ်လျက်ရှိ သည်။ စီရင်စု ၁၄ ခုကျော်ရှိ တောင်သူလယ်သမားများမှာ ပဲတီစိမ်းကို ပုံမှန်စိုက်ပျိုးချိန်ထက် စော၍ မေလလယ် မိုးအစောပိုင်းကျရောက်ချိန်တွင် စိုက်ပျိုးခဲ့ကြခြင်းဖြစ်သည်။ သို့သော် ဇွန်လ နှင့် ဇူလိုင်လများတွင် မိုးရေချိန် ကြီးမားလွန်ကဲစွာ ဖြစ်ပေါ်ခဲ့ပြီး အပင်ပေါက်ကာစ သီးနှံစိုက်ခင်း ဧရိယာ ဟက်တာ ၂ သိန်းခန့်၌ ထိခိုက်ပျက်စီးစေခဲ့ရာ တောင်သူလယ်သမားအများစုအတွက် ပြောင်းသီးနှံကို ပြောင်းလဲစိုက်ပျိုးရန် တွန်းအားပေးခဲ့သည်။ ယခုထပ်မံ၍ ပဲတီစိမ်းစိုက်ဧရိယာ ဟက်တာ ၄ သိန်းခန့်သည် စိုက်ခင်းများရေဝင်၍ သီးနှံများ ပျက်စီးဆုံးရှုံးလျက်ရှိကြောင်း သိရှိရ သည်။

          ကာနာတကာပြည်နယ် အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများမှ စိုက်ဧရိယာ ဟက်တာ ၄ သိန်းခန့် အပါအဝင်  ပြည်နယ်တစ်ဝန်း၌ မတ်ပဲသီးနှံကို ဧရိယာ ဟက်တာ ၁၁.၄၆ သိန်းခန့် စိုက်ပျိုးထားရှိမှုမှာလည်း ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်လျက်ရှိသည်။ မတ်ပဲသီးနှံ၏ ပျက်စီးဆုံးရှုံးမှု သည် ၁၀-၁၅ ရာခိုင်နှုန်းခန့်ထိ ရှိနိုင်ကြောင်း အရာရှိများ၏ ခန့်မှန်းချက်အရ သိရှိရသည်။

          ယခင်နှစ်တွင်လည်း ဩဂုတ်လမိုးကြောင့် သီးနှံရိတ်သိမ်းထွက်ရှိမှုကို ထိခိုက်မှုရှိခဲ့ပြီး အထွက် ၅၀ ရာခိုင်နှုန်းမျှသာ ရရှိခဲ့ကြောင်း၊ ယခုနှစ်၌ စိုက်ပျိုးသီးနှံ ၆၀ ရာခိုင်နှုန်းခန့်မှာ ရေဝင်၍ ပျက်စီးဆုံးရှုံးမှုများ ဖြစ်‌ပေါ်လျက်ရှိကြောင်း Belagavi ခရိုင် Yawad ကျေးရွာရှိ မတ်ပဲနှင့် ပဲတီစိမ်း ဧက ၂၀ စိုက်ပျိုးသည့် တောင်သူ Mallikarjun Hiremath က ပြောကြားခဲ့သည်။ Nargund နှင့် Bagalkot ခရိုင်ရှိ တောင်သူလယ်သမားများမှလည်း မိုးကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ ပြီးခဲ့သည့် ၂ နှစ်တာကာလအတွက် သီးနှံပျက်စီး ဆုံးရှုံးမှုလျော်ကြေးနှင့် အာမခံကြေးများလည်း မရရှိသေးသည့်အတွက် တောင်သူများအနေဖြင့် ကျေနပ်မှု မရှိကြောင်း သိရှိရပါသည်။

          Nargund ခရိုင်ရှိ တောင်သူတစ်ဦးဖြစ်သူ Basangouda Malipatil က သီးနှံပျက်စီးဆုံးရှုံး မှုများ ဆက်တိုက်ဖြစ်ပေါ်နေခဲ့ကြောင်း၊ သီးနှံများအခြေအနေကောင်းမွန်သဖြင့် အထွက်ကောင်း လိမ့်မည်ဟု မျှော်မှန်းခဲ့ကြသော်လည်း ဩဂုတ်လမိုးကြောင့် သီးနှံအားလုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ယခုအခါ ရိတ်သိမ်းချိန်ဖြစ်သော်လည်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် စိုက်ခင်းအတွင်း ဝင်ရောက်လုပ်ကိုင်ရန်ပင် ခက်ခဲမှုရှိကြောင်း ပြောကြားခဲ့သည်။

          ကောက်ပဲသီးနှံ ကုန်စည်အဝယ်ဒိုင်များတွင်မူ ပဲတီစိမ်း တစ်ကွမ်တယ် (၁၀၀ ကီလိုဂရမ်) လျှင် ရူပီး ၉၀၀၀ နှုန်းထိ မြင့်တက်လာပြီး သီးနှံပျက်စီးဆုံးရှုံးမှုများ ဆက်လက်ဖြစ်ပေါ်နေပါက ထပ်မံ၍ ဈေးနှုန်းမြင့်တက်လာနိုင်သည်ဟု ဈေးကွက်ဆန်းစစ်သုံးသပ်သူများက ခန့်မှန်းထားသည်။

          တောင်သူများအနေဖြင့် ပဲတီစိမ်းသီးနှံကို ၁ နှစ်အတွင်း ၂ ကြိမ် စိုက်ပျိုးနိုင်ရန်အတွက် ယခုနှစ်၌ စောစီးစွာ စိုက်ပျိုးခဲ့သဖြင့် ပျက်စီးဆုံးရှုံးမှုပိုမိုခဲ့ကြောင်း စိုက်ပျိုးရေးအရာရှိများက ပြော ကြားခဲ့သည်။ Dharwad ခရိုင်တစ်ခုတည်းတွင်ပင် ပဲတီစိမ်းသီးနှံ စိုက်ဧရိယာ ဟက်တာ ၁ သိန်း ရှိပြီး တောင်သူ ၆၀ ရာခိုင်နှုန်းခန့်မှာ အစောပိုင်းစိုက်ပျိုးခဲ့ကြကြောင်း၊ ယခုကာလသည် သီးနှံရိတ် သိမ်းချိန် ဖြစ်သော်လည်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အလွန်အမင်း စိုးရိမ်ဖွယ်ဖြစ်နေ ကြောင်း စိုက်ပျိုးရေး တွဲဖက်ညွှန်ကြားရေးမှူး Manjunath Antharvalli က ပြောကြားခဲ့သည်။

          ကာနာတကာပြည်နယ်တွင် ပဲတီစိမ်းနှင့် မတ်ပဲအပြင် ပဲပုပ်နှင့် ပြောင်းသီးနှံတို့သည်လည်း မိုးကြောင့် ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့နိုင်ဖွယ်ရှိကြောင်း Deccan Herald သတင်းဌာန၏ ဖော်ပြ ချက်အရ သိရှိရပါသည်။

Source: Deccan Herald, 25 August 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

 

မလေးရှားစားအုန်းဆီ ပို့ကုန်ဈေးကွက် ဆက်လက်အားကောင်းခိုင်မာမည့် အလားအလာရှိ

      ပြည်ပတင်ပို့မှု အားကောင်းခြင်းနှင့် သိုလှောင်မှုလက်ကျန်ဖိအား လျော့ပါးသက်သာလာ ခြင်းတို့အရ မလေးရှား၏ စားအုန်းဆီလုပ်ငန်းသည် ရှေ့လာမည့် အနီးကပ်ကာလတွင် ဆက်လက် အားကောင်းနေမည်ဟု မျှော်လင့်ထားကြောင်း Fast markets Palm Oil Analytics မှ အကြီးတန်း လေ့လာဆန်းစစ်သူ Mr. Sathia Varqa က ပြောကြားခဲ့သည်ဟု မလေးရှားနိုင်ငံပိုင် Bernama သတင်းအေဂျင်စီက ဩဂုတ်လ ၂၇ ရက်နေ့တွင် ဖော်ပြပါသည်။

          ကမ္ဘာ့ကုန်သွယ်ရေး မရေရာမှုများနှင့် အမေရိကန်နိုင်ငံ၏ ရှင်းလင်းပြတ်သားမှုမရှိသော ဇီဝလောင်စာထုတ်လုပ်မည့် မူဝါဒများကြောင့် စားအုန်းဆီကြမ်း (CPO) စျေးနှုန်းများသည် တစ် တန်လျှင် မလေးရှားရင်းဂစ် ၄၂၀၀ နှင့် ၄၅၀၀  အကြား၌ ဆက်လက်မြင့်မားနေဖွယ်ရှိကြောင်း၊ ထို့အပြင် စီးပွားရေးအင်အားကြီးနိုင်ငံများတွင် သွင်းကုန်အခွန်အခများနှင့် ကုန်သွယ်မှု အတား အဆီးများ ချမှတ်ခြင်းသည် ပြိုင်ဆိုင်မှုရှိသော စားသုံးဆီ စီးဆင်းမှုများကို အနှောင့်အယှက်ဖြစ်စေ ကြောင်း၊ အဓိကဈေးကွက်များ၌ ရောင်းလိုအား တင်းကျပ်မှု၊ ဆိုးကျိုးအန္တရာယ်အများဆုံး ဖြစ်ပေါ် နိုင်ခြေတိုးမြင့်လာမှုနှင့် စားအုန်းဆီကြမ်းစျေးနှုန်းများ အရှိန်အဟုန်ကိုမြှင့်တင်ပေးသော မှန်းဆ ဝယ်ယူမှုများကိုလည်း ဖြစ်ပေါ်စေကြောင်း Mr. Sathia Varqa က ပြောကြားခဲ့သည်။

          ထင်ရှားသော ဥပမာတစ်ခုအနေဖြင့် တရုတ်နိုင်ငံ၌ ကနေဒါမုန်ညှင်းဆီအပေါ် စုပုံဝင် ရောက်မှု တိုက်ဖျက်ရေးအခွန် (Anti-dumping duties) စည်းကြပ်ရန် အစိုးရ၏ လုပ်ဆောင်မှု သည် ပြည်တွင်းရှိ ကုန်စည်ဒိုင်များတွင် ပဲပုပ်ဆီ ကြိုပွိုင့်ဈေးနှုန်းများကို မြင့်တက်လာစေရန် တွန်းအားဖြစ်စေခဲ့ကြောင်း၊ ကုန်သည်များအနေဖြင့်  ဟင်းသီးဟင်းရွက်ဆီဈေးကွက် တစ်လျှောက် ဆီအမျိုးအစားအလိုက် နေရာရယူမှုကို ပြန်လည်ချိန်ညှိမှု လုပ်ဆောင်ကြသဖြင့် မုန်ညှင်းဆီ ဈေးနှုန်းမြင့်တက်မှုသည် စားအုန်းဆီကြိုပွိုင့် ဈေးနှုန်းများအပေါ် မြန်ဆန်စွာ ရိုက်ခတ်ပျံ့နှံ့ခဲ့ ကြောင်း Mr. Sathia က Bernama သတင်းဌာနသို့ ပြောကြားခဲ့သည်။

          အမေရိကန်နိုင်ငံ၏ သန့်ရှင်းသော လောင်စာဆီထုတ်လုပ်မှု အစီအစဉ် (45Z Programme) မှတစ်ဆင့် ဇီဝလောင်စာမူဝါဒများ ပြောင်းလဲဖော်ဆောင်မှုသည် သွင်းကုန်ထက် ပြည်တွင်းထုတ် ကုန်ပစ္စည်းများကို ဦးစားပေးခြင်းဖြင့် စားသုံးဆီဈေးကွက်ကို ပြောင်းလဲစေခဲ့ကြောင်း၊ အမေရိကန် နိုင်ငံတွင် ပဲပုပ်ဆီသည် ဇီဝဒီဇယ်ထုတ်လုပ်မှုအတွက် အဓိကကုန်ကြမ်းဖြစ်၍ ပဲပုပ်ဆီကို ရောနှော အသုံးပြုမည့် ယခုဇီဝဒီဇယ်မူဝါဒပြောင်းလဲမှုက ပဲပုပ်ဆီဈေးနှုန်းကို မြင့်တက်စေခဲ့ကြောင်း၊ ပဲပုပ် ဆီဈေးနှုန်း ခိုင်မာမှုသည် စားအုန်းဆီဈေးနှုန်းအပေါ် ထပ်ဆင့်သက်ရောက်လျက်ရှိပြီး ပိုမို ကျယ်ပြန့်သော စားသုံးဆီဈေးကွက်တွင် စားအုန်းဆီကြမ်းဈေးနှုန်းကို လိုက်ပါမြင့်တက်စေလျက် ရှိကြောင်း၊ အိန္ဒိယနိုင်ငံ၌ ပွဲတော်ရာသီအကြိုကာလ ဝယ်လိုအားကောင်းမွန်မှုအရ စားအုန်းဆီ တင်ပို့မှု အားကောင်းလျက် ရာသီအလိုက် ကုန်စည်ပြန်လည် ဖြည့်တင်းနိုင်မှုက လာမည့်လများ အတွင်း စားအုန်းဆီ သင်္ဘောတင်ပို့ဆောင်မှုအတွက် ခိုင်မာသောအထောက်အပံ့ပြုပေးနိုင်မည်ဟု မျှော်လင့်ရကြောင်း ၎င်းကပြောကြားခဲ့သည်။

          စားအုန်းဆီလက်ကျန် တန်ချိန်နှစ်သန်းအထက် ရောက်ရှိမှုသည် ကာလတို၌ ရောင်းလို အားနှင့် ဝယ်လိုအားတို့ ပြောင်းလဲမှု၏ ယာယီရလဒ်ကို ထင်ဟပ်နေကြောင်း၊ လက်ရှိ သိုလှောင်မှု လက်ကျန်ပမာဏ မြင့်မားနေသည့် အခြေအနေသည် ထုတ်လုပ်မှုပိုလျှံနေသည်ဟု ညွှန်ပြခြင်း မဟုတ်ကြောင်း၊ မလေးရှားနိုင်ငံ၏ ဆီအုန်းစိုက်ဧရိယာမှာ ၂၀၁၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ဟက် တာ ငါးသန်းတွင် တည်ငြိမ်လျက်ရှိပြီး ထုတ်လုပ်မှု တိုးတက်ခြင်း ရပ်တန့်နေသောကြောင့်ဖြစ် ကြောင်း၊ မကြာမီကာလတွင် စားအုန်းဆီထုတ်လုပ်မှုသည် အမြင့်မားဆုံးသို့ ရောက်ရှိလျက် ရာသီအလိုက် ဖြစ်ပေါ်လေ့ရှိသော ပုံစံများနှင့် ကိုက်ညီစွာ ၂၀၂၅ ခုနှစ် စတုတ္ထ သုံးလပတ်တွင် ပြန်လည်ကျဆင်းမည်ဟု မျှော်မှန်းရကြောင်းဖြင့် Mr. Sathia က ပြောဆိုထားသည်။

          မလေးရှားနိုင်ငံ၏ စားအုန်းဆီ သိုလှောင်မှုမှာ ဇူလိုင်လတွင် ၅ လဆက်တိုက် မြင့်တက်ခဲ့ပြီး ၂ နှစ်ခန့် ကာလအတွင်း အမြင့်ဆုံးဖြစ်ခဲ့ရာ ထုတ်လုပ်မှုက တင်ပို့မှုထက် ကျော်လွန်လျက်ရှိသည် ဟု မလေးရှား စားအုန်းဆီဘုတ်အဖွဲ့ (MPOB) ၏ အချက်အလက်များအရ သိရှိရကြောင်း မလေးရှားနိုင်ငံပိုင် Bernama သတင်းအေဂျင်စီက ဖော်ပြထားပါသည်။

Source: Bernama, 24th Aug 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ပြည်တွင်း၌စပါးဝယ်ယူမှုအပေါ် မူတည်၍ ဆန်တင်သွင်းခွင့်ခွဲတမ်း ဖိလစ်ပိုင် သတ်မှတ်မည်

     ဖိလစ်ပိုင်နိုင်ငံ၌ ဆန်တင်သွင်းမှုအပေါ် အကောက်ခွန်စည်းကြပ်မှု ဥပဒေ (၂၀၁၉) ကို ပြန်လည်ပြင်ဆင်ရန် စိုက်ပျိုးရေးဦးစီးဌာန၏ အဆိုပြုချက်များတွင် ဆန်တင်သွင်းမှု ခွဲတမ်းသတ် မှတ်ရေးလည်းပါဝင်ကြောင်း၊ ပြည်တွင်းရှိ တောင်သူများထံမှ ပုဂ္ဂလိကလုပ်ငန်းရှင်များက ဝယ်ယူ သည့် စပါးပမာဏအပေါ်မူတည်၍ ၎င်းတို့ထံ ဆန်တင်သွင်းခွင့်ခွဲတမ်းများကို ခွဲဝေသတ်မှတ်ပေး ရန်လိုအပ်ကြောင်း စိုက်ပျိုးရေးအတွင်းဝန် Francisco P. Tiu Laurel, Jr. က ဩဂုတ် ၁၉ ရက်၊ အင်္ဂါနေ့တွင်ပြောကြားခဲ့ပါသည်။

          အဆိုပါ ဥပ‌ဒေ၌ ပြဋ္ဌာန်းချက်များအရ ပုဂ္ဂလိကကုန်သည်များသည် ၎င်းတို့၏ ဆန်သွင်းကုန် များအပေါ် အခွန် ၃၅ ရာခိုင်နှုန်း ကနဦးပေးဆောင်ထားပါက ကန့်သတ်ချက်မရှိပဲ တင်သွင်းခွင့် ရရှိထားခြင်းဖြစ်သည်။ ပုဂ္ဂလိကကဏ္ဍမှ ဆန်တင်သွင်းခြင်းသည် အမျိုးသားစားနပ်ရိက္ခာ အာဏာ ပိုင်အဖွဲ့၏ ဆန်တင်သွင်းခွင့် အခွင့်အာဏာကို လွှဲပြောင်းရယူလျက် ကိုယ်စားပြုလုပ်ဆောင်ခြင်း ပင်ဖြစ်သည်။

          သို့ဖြစ်ရာ ပုဂ္ဂလိကကဏ္ဍမှ တင်သွင်းသူများ အနေဖြင့် အမျိုးသားစားနပ်ရိက္ခာအာဏာပိုင် အဖွဲ့က ဆောင်ရွက်နေသည့် နိုင်ငံတော်အရန်ဆန် သိုလှောင်ထိန်းသိမ်းမှု လုပ်ငန်းရပ်များကို လည်း မျှဝေတာဝန်ယူရန် လိုအပ်ကြောင်း၊ အရန်ဆန် သိုလှောင်ထားရှိရန် လိုအပ်သည့် ပမာဏကို လက်ရှိ ၁၅ ရက်စာမှ ရက် ၂၀ အတွက်အထိသို့ တိုးမြှင့်မည်ဆိုပါက အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍ နှစ်ရပ်သည် တစ်ဝက်စီခွဲ၍ တာဝန်ယူသင့်ကြောင်း၊ ထိုသို့ ၅၀-၅၀ စနစ်ဖြင့် လုပ်ဆောင်ခြင်းက အစိုးရ၏ အရန်စပါးဝယ်ယူမှုကို မြှင့်တင်နိုင်မည်ဖြစ်ပြီး သိုလှောင်မှုကုန်ကျစရိတ်များကိုလည်း သက်သာစေမည်ဖြစ်ကြောင်း၊ ဖြစ်နိုင်ပါက အစိုးရသည် အရန်ဆန်ထားရှိရန်အတွက် လိုအပ်သော ပမာဏကိုသာ တင်သွင်းမည်ဖြစ်ပြီး ကျန်ရှိသော ဆန်တင်သွင်းမှုအားလုံးကို ပုဂ္ဂလိက ကဏ္ဍက အလုံးစုံ တာဝန်ယူ ဆောင်ရွက်ရန်ဖြစ်ကြောင်း အတွင်းဝန်က ဆက်လက်ပြောကြားခဲ့ပါသည်။

          ဆန်တင်သွင်းမှုအပေါ် အကောက်ခွန်စည်းကြပ်မှုဥပဒေအား ယခင်အကြိမ် ပြင်ဆင်မှု၌ အနိမ့်ဆုံး သိုလှောင်ထားရှိရမည့် စည်းမျဉ်းများနှင့်စပ်လျဉ်း၍ သိုလှောင်ရက်ကို ၉ ရက်အစား ၁၅ ရက်သို့ တိုးမြှင့်သတ်မှတ်ခဲ့သည်။ အရန်သိုလှောင်ထားရှိမည့် ဆန်အားလုံးသည် ပြည်တွင်းရှိ လယ်သမားများထံမှ ဝယ်ယူထားသည့် ဆန်များဖြစ်ရန်လိုအပ်သည်ဟု ဥပဒေ၌ ပြဋ္ဌာန်းထားပါ သည်။

          စိုက်ပျိုးရေးဦးစီးဌာနသည် အမျိုးသားစားနပ်ရိက္ခာအာဏာပိုင်အဖွဲ့သို့ ကြီးကြပ်ပိုင်ခွင့်နှင့် အများပြည်သူထံသို့ ဆန်တိုက်ရိုက်ရောင်းချရန် အခွင့်အာဏာများ ပြန်လည်အပ်နှင်းပေးရန် မျှော်လင့်လျက်ရှိသည်။ လက်ရှိကာလတွင် အဆိုပါ အာဏာပိုင်အဖွဲ့အနေဖြင့် အစိုးရအဖွဲ့အစည်း များထံသို့သာ ဆန်ရောင်းချခွင့်နှင့် စားနပ်ရိက္ခာ အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာထားရှိ ချိန်၌သာ အခြားသော အဖွဲ့အစည်းအချို့ထံသို့ ဆန်ရောင်းချခွင့်ရှိပါသည်။

          ပြည်တွင်းအစိုးရအဖွဲ့အစည်းများသည် အမျိုးသားစားနပ်ရိက္ခာအာဏာပိုင်အဖွဲ့မှ ဖြန့်ဖြူး သည့် ဆန်များထက် ဈေးနှုန်းပိုမိုသက်သာမှုရှိသော ပြည်ပမှတင်သွင်းလာသည့် ဆန်များကို  ပိုမို လိုလားမှုရှိကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် သယ်ယူပို့ဆောင်ရေးနှင့် ဆည်ရေ ပေးဝေမှုတို့ကို ခေတ်မီတိုးတက်စေမည့် အစီအမံများ ပြန်လည်လုပ်ဆောင်သင့်ကြောင်း Mr. Laurel က ပြောကြားထားပါသည်။

          အထက်လွှတ်တော် စိုက်ပျိုးရေးကော်မတီဥက္ကဋ္ဌ Francis Pancratius N Pangilinan သည် စိုက်ပျိုးစီးပွားရေးရာ အဖျက်အမှောင့်လုပ်ငန်းများ ကာကွယ်တားဆီးရေးကော်မတီ အစည်းအဝေး ကို ဩဂုတ် ၂၀ ရက်နေ့၌ ခေါ်ယူကျင်းပရန် စီစဉ်ထားရှိကြောင်း၊ အစိုးရအနေဖြင့် ဥပဒေနှင့်အညီ ဆန်ကုန်သည်များကို ထိန်းကျောင်းမှုများ ဆောင်ရွက်ရန်နှင့် စိုက်ပျိုးရေးဦးစီးဌာနတွင် လစ်လပ် နေသည့် အလုပ်အကိုင်နေရာ ၂၅၀၀ အတွက် နိုင်ငံအဆင့် တက္ကသိုလ်၊ ကောလိပ်များ၊ အစိုးရ ကျောင်းများနှင့် အခြားတက္ကသိုလ်များမှ စိုက်ပျိုးရေးဘွဲ့ရရှိထားသူ ဦးရေ ၂၅၀၀၀ အနက်မှ ရွေးချယ် ခန့်အပ်သွားရန် ၎င်းက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source : Business World Online, 20 August 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယ၏ ဆန်တန်ချိန် သန်း ၂၀ ဖြန့်ဖြူးမည့် အစီအစဉ်အပေါ် ထိုင်းတောင်သူများ စိုးရိမ်

     ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့သူဖြစ်သည့် အိန္ဒိယသည် သိုလှောင်ထားသော ဆန်တန်ချိန် သန်း ၂၀ ခန့်ကို စက်တင်ဘာလအတွင်း ထုတ်ရောင်းရန် ပြင်ဆင်နေကြောင်း သတင်းများ ထွက်ပေါ်ပြီးနောက် ကမ္ဘာ့ဆန်ဈေးကွက် လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့သည်။

          အဆိုပါ လုပ်ဆောင်မှုသည် အိန္ဒိယအစိုးရက ပြည်တွင်းရှိ လယ်သမားများထံမှ ကောက်ပဲ သီးနှံအသစ်များ ဝယ်ယူရန် ပြင်ဆင်မှုနှင့်အတူ ရိတ်သိမ်းရာသီသစ်အတွက် သိုလှောင်နိုင်မည့် နေရာများ ရှင်းလင်းထားရှိနိုင်ရန် ရည်ရွယ်စီစဉ်နေခြင်းဖြစ်သည်။ သတင်းများအရ အိန္ဒိယနိုင်ငံ သည် သိုလှောင်ထားရှိသော အရန်ဆန်များကို အီသနောထုတ်လုပ်ရေးအတွက် အသုံးပြုရန်၊ ယင်း၏တစ်စိတ်တစ်ပိုင်းကို ဆင်းရဲနွမ်းပါးသူများထံ ဖြန့်ဝေရန်နှင့် ကမ္ဘာ့ဈေးကွက်ရှိ နိုင်ငံတကာ ကုန်သည်များထံ ရောင်းချရန် ရည်ရွယ်ထားကြောင်း သိရသည်။

          အိန္ဒိယ၏ ထိုကဲ့သို့ လုပ်ဆောင်မှုသည် ထိုင်းပြည်တွင်း၌ စပါးဈေးကျဆင်းခြင်းနှင့် ထိုင်း လယ်သမားများအပေါ် ကြီးမားသောဖိအား ဖြစ်စေနိုင်ကြောင်း ထိုင်းစိုက်ပျိုးရေးလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ Pramote Charoensilp က Thansettakij  သတင်းစာတိုက်သို့ ပြောကြားခဲ့သည်။ လက်ရှိကာလတွင် ထိုင်းနိုင်ငံ၏ နွေစပါးသီးနှံရာသီမှ ၈၀ ရာခိုင်နှုန်းခန့်ကို ရိတ်သိမ်းပြီးစီးဖြစ်ပြီး အချို့နေရာများတွင် ပြန်လည်စိုက်ပျိုးနေကြကြောင်း ၎င်းက ပြောဆိုခဲ့သည်။

          ထိုင်းနိုင်ငံ၏ အဓိကရာသီစပါး ရိတ်သိမ်းမှုသည် ပုံမှန်အားဖြင့် အောက်တိုဘာလလယ်တွင် စတင်ပြီး ဒီဇင်ဘာလနှောင်းပိုင်းအထိ ဆက်လက်ထွက်ရှိကြောင်း၊ ထို့နောက် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် အလင်းရောင်ရရှိသည့်ကာလကို အာရုံခံစားမှုမရှိသော  ရာသီမရွေး စိုက်ပျိုးနိုင် သည့် စပါးမျိုးကွဲများ (photoperiod-insensitive varieties) မှ နောက်ထပ်ရိတ်သိမ်းထွက်ရှိမှုကို မျှော်မှန်းနိုင်ကြောင်း၊ ရာသီပြင်ပ စပါးစိုက်ပျိုးမှုမှ သီးနှံများကို ပုံမှန်အားဖြင့် မတ်လနှင့် ဧပြီလများ တွင်သာ ရိတ်သိမ်းလေ့ရှိကြကြောင်း သိရှိရသည်။

          သို့သော် အယုဒ္ဓယဒေသတွင် ရိတ်သိမ်းခြင်း မပြုရသေးသော လယ်ကွင်းများမှာ ရေနစ် မြုပ်နေပြီး  ရေကြီးရေလျှံမှုအပေါ် စိုးရိမ်မှုများရှိနေကြောင်း အသင်းမှ ထုတ်ဖော်ပြောဆိုခဲ့သည်။ လယ်သမားများသည် ရေကြီးခြင်းဘေးအန္တရာယ်မှ လွတ်ကင်းရန် ရင့်မှည့်ချိန်မတိုင်မီ စပါးများကို ရိတ်သိမ်းခဲ့ရဖြင့် သီးနှံအရည်အသွေးကျဆင်းပြီး ဈေးနှုန်းများနိမ့်ကျသည့် အကျိုးရလဒ်ကိုဖြစ်ပေါ် စေခဲ့သည်။

          လယ်သမားများ ရိတ်သိမ်းချိန်ပိုမိုရရှိစေပြီး သီးနှံပျက်စီးမှု အနည်းဆုံးဖြစ်စေရန်အတွက် စပါးစိုက်ခင်းများသို့ ရေလွှဲခြင်းကို နှောင့်နှေးကြန့်ကြာအောင် ဆောင်ရွက်ရန် သို့မဟုတ် ပိုလျှံ နေသောရေများကို တတ်နိုင်သမျှ စုပ်ထုတ်ဖယ်ရှားပေးရန် ထိုင်းတော်ဝင်ဆည်မြောင်းဦးစီးဌာန သို့ အဆိုပါ တောင်သူလယ်သမားအသင်းက တိုက်တွန်းထားကြောင်း သိရပါသည်။

Source: The Nation Thailand, 25 August 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ