ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

နော်ဝေ၏ သဘာဝဓာတ်ငွေ့ တင်ပို့မှုသည် ၂၀၂၄ ခုနှစ် တွင် စံချိန်တင် မြင့်မားနေရန် စီစဉ်ထား

နော်ဝေနိုင်ငံ၏ သဘာဝဓာတ်ငွေ့ တင်ပို့မှုသည် ၂၀၂၄ ခုနှစ်တွင် စံချိန်တင်အဆင့်သို့ ရောက်ရှိခဲ့ပြီး လာမည့်နှစ်အနည်းငယ်အတွင်း မြင့်မားသော ဓာတ်ငွေ့တင်ပို့မှုစနစ်နှင့် နီးကပ်  နေမည်ဟု မျှော်လင့်ထားကြောင်း ဓာတ်ငွေ့တင်ပို့မှုစနစ် အော်ပရေတာ Gassco က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည် ။ ပြီးခဲ့သည့်နှစ်က ဥရောပသို့ နော်ဝေ တင်ပို့မှု စံချိန်တင်နှစ် ဖြစ်ခဲ့ကြောင်း Gassco က ပြောကြားပြီး နော်ဝေနိုင်ငံ၏ သဘာဝဓာတ်ငွေ့သည် ဥရောပ၏ သဘာဝဓာတ်ငွေ့ တင်သွင်းမှု၏ ၃၀ ရာခိုင်နှုန်းနှင့် ဥရောပ စွမ်းအင် သုံးစွဲမှု အားလုံး၏ ၉ ရာခိုင်နှုန်းခန့် ရှိကြောင်း Gassco က ပြောကြားခဲ့သည်။ Norwegian Offshore Directorate မှ နော်ဝေနိုင်ငံ၌ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုသည် ယမန်နှစ်က စံချိန်တင်မြင့်မားခဲ့ကြောင်း ပြသသည့် ၎င်း၏ နှစ်ပတ်လည် ၂၀၂၄  အစီရင်ခံစာကို ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်။ ယူကရိန်းကိုဖြတ်၍ ရုရှားမှ ဓာတ်ငွေ့ ပို့ဆောင်မှုသည် နှစ်ကုန်တွင် ရပ်ဆိုင်းသွားသည့်အတွက် နော်ဝေးနိုင်ငံ၏ ဓာတ်ငွေ့သည် ပို၍ အရေးကြီးလာကြောင်း နော်ဝေ ကမ်းလွန်ပင်လယ်ပြင် ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူးချုပ် Torgeir Stordal က ပြောကြားခဲ့သည်။ နော်ဝေကမ်းလွန်ပင်လယ်ပြင်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု စုစုပေါင်းသည် လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်ကတည်းက အမြင့်ဆုံးအဆင့်သို့ ရောက်ရှိပြီးနောက် မြင့်မားပြီး တည်ငြိမ်သည့်အဆင့်တွင် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ သည်။ နော်ဝေး၏သဘာဝဓာတ်‌ငွေ့ ထုတ်လုပ်မှုသည် ၂၀၂၀ ခုနှစ်များအကုန်တွင် တဖြည်းဖြည်း ကျဆင်းခြင်းမပြုမီ တည်ငြိမ်ပြီး မြင့်မားသောအဆင့်တွင် ဆက်လက်ရှိနေရန် မျှော်လင့်ထား ကြောင်း ညွှန်ကြားရေးမှူးရုံးမှ ပြောကြားချက်အရ သိရသည်။ အနောက်ဥရောပ၏ အကြီးဆုံး ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်သူသည် ယခုဆယ်စုနှစ်နှောင်းပိုင်းတွင် မျှော်မှန်းထားသည့် ထုတ်လုပ်မှု ကျဆင်းမှုကို နှေးကွေးစေရန် သဘာဝဓာတ်ငွေ့တူးဖော်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလိုအပ်ကြောင်း  Torgeir Stordal က ၎င်း၏အမြင်ကို ထပ်လောင်းပြောကြားခဲ့သည်။

DOCA(ရန်ကုန်)

 

အင်ဒိုနီးရှားနိုင်ငံ၏ BRICS သို့ဝင်ရောက်မှုသည် ရေနံနှင့်ဂတ်စ်တို့တွင်ရင်းနှီးမြှုပ်နှံမှုရရှိမှု ကြီးထွားလာနိုင်

          အင်ဒိုနီးရှားနိုင်ငံ၏ BRICS သို့ဝင်ရောက်နိုင်မှုသည် ရေနံနှင့်ဂတ်စ်တို့တွင် ရင်းနှီးမြှုပ်နှံမှု ဝင်‌ရောက်မှု အရှိန်မြှင့်တင်နိုင်ရန် ကူညီပေးနိုင်မည်ဟု Special Task Force For Upstream Oil and Gas Business Activities (SKK Migas ) ၏အဆိုအရသိရပါသည်။ SKK Migas ၏ အကြီး အကဲဖြစ်သူ Djoko Siswanto က အင်ဒိုနီးရှား BRICS သို့ဝင်ရောက်မှုနှင့်အတူ ၎င်းတို့သည် ရင်းနှီးမြှုပ်နှံမှုများတွင် အပြန်အလှန်ကူညီခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ ပြုလုပ်နိုင်မည် ဖြစ်ကြောင်းနှင့် လူသားအရင်းအမြစ်နှင့် နည်းပညာကဏ္ဍတို့တွင် ဖလှယ်ရန် အခွင့်အလမ်း သစ်များ ဖွင့်လှစ်ပေးနိုင်မည်ဟု သိရပါသည်။ BRICS ကို ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံတို့ဖြင့် မူလပထမဖွဲ့စည်းထားပြီး ယခုအခါ ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်း ရှိသော နိုင်ငံ ၁၀ နိုင်ငံနှင့်ဖွဲ့စည်းထားကြောင်း သိရပါသည်။ ရေနံနှင့်ဓာတ်ငွေ့တင်ပို့မှုနှင့် ပတ်သတ်၍ Siswanto က အင်ဒိုနီးရှား၏ လတ်တလောဦးစားပေးသည် ပြည်တွင်းလိုအပ်ချက် ပြည့်မီရန်ဖြစ်ကြောင်း သို့သော်ဂတ်စ်ကိုတင်ပို့မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၅ ခုနှစ် အတွက် BRICS ၏ဥက္ကဌအဖြစ် တာဝန်ယူသည့်ဘရာဇီးနိုင်ငံက အင်ဒိုနီးရှား၏ဝင်‌ရောက်မှုကို အသိအမှတ်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ထိုသို့ဝင်ရောက်လာမှုသည် အင်ဒိုနီးရှားအား ရုရှား၏ရေနံကို နည်းပါးသောဈေးနှုန်းဖြင့် ရရှိနိုင်ရန် အခွင့်အလမ်းသစ်များကို ဖွင့်လှစ်ပေးနိုင် မည်ဟု သိရပါသည်။ အင်ဒိုနီးရှားအမျိုးသားစီးပွားရေးကောင်စီ၏ ဥက္ကဌဖြစ်သူ Luhut Binsar Pandjaitan ကလည်း ၎င်း၏အဖွဲ့သည် ရုရှားထံမှရေနံတင်သွင်းမှု၏ ကောင်းကျိုးနှင့်ဆိုးကျိုး များကို တွက်ဆနေကြောင်းပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)

အင်ဒိုနီးရှားနှင့်‌ဟောင်ကောင်တို့ ထောက်ပံ့မှုကွင်းဆက် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဆွေးနွေး

    အင်ဒိုနီးရှားနိုင်ငံစီးပွားရေးရာ ညှိနှိုင်းဆွေးနွေးရေးဝန်ကြီးဖြစ်သူ Airlangga Hartarto က ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဘဏ္ဍာရေးအတွင်းရေးမှူးဖြစ်သူ Paul Chan နှင့် ထောက်ပံ့မှုကွင်းဆက်ဝန်ဆောင်မှုဖွံ့ဖြိုးတိုးတက်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန် ဇန်နဝါရီလ ၈ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ အာရှ၏အကြီးမားဆုံး ဘဏ္ဍာရေး ဝန်ဆောင်မှု ပေးသူများထဲမှတစ်ခုဖြစ်သည့် ဟောင်ကောင်သည် ဘဏ္ဍာရေးကဏ္ဍတွင် အင်ဒိုနီးရှားနှင့်ပူးပေါင်း ဆောင်ရွက်ရန် သိသာထင်ရှားသောအလားအလာရှိနေကြောင်း Hartarto ကပြောကြားခဲ့ပါသည်။ ထိုအစည်းအဝေးတွင် ဝန်ကြီးက ထောက်ပံ့မှုကွင်းဆက် ဝန်ဆောင်မှုများနှင့် အခြားအခြေခံအဆောက်အအုံစီမံကိန်းများ တည်ထောင်ရန် ဟောင်ကောင် ကကမ်းလှမ်းသည့် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်နှင့် ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှုကို ကြိုဆိုကြောင်းပြောကြားခဲ့ပါသည်။ Hartarto က ဟောင်ကောင်စီးပွားရေးလုပ်ငန်းများအား အင်ဒိုနီးရှားတွင် ကွဲပြားသည့်ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကိုရှာဖွေရန်တိုက်တွန်းခဲ့ပြီး ၎င်းတို့ ကလည်းများစွာသော ဘဏ္ဍာရေးမက်လုံးများပံ့ပိုးပေးသွားမည်ဟု ပြောကြားခဲ့ပါသည်။ ထို ဝန်ဆောင်မှုများသည် အင်ဒိုနီးရှားနှင့်ဟောင်ကောင်မှ စီးပွားရေးလုပ်ငန်းများအား ကျယ်ပြန့် သော ဈေးကွက်များသို့ဝင်ရောက်ရန်နှင့် စီးပွားရေးစွမ်းရည်မြင့်တက်လာရန် ခွင့်ပြုပေးနိုင်မည် ဟု သိရပါသည်။ အစည်းအဝေးတွင် Chan က ဟောင်ကောင်သည် အင်ဒိုနီးရှားတွင် ထောက်ပံ့မှု ကွင်းဆက် ဖွံ့ဖြိုးတိုးတက်ရေးတွင် အလားအလာရှိသော မိတ်ဖက်ဖြစ်ကြောင်း ပြောကြားခဲ့ပါ သည်။ နှစ်ဦးစလုံးသည်လတ်တလော ကမ္ဘာ့စီးပွားရေးအခြေအနေများကို ဆွေးနွေးခဲ့ကြပြီး ပထဝီ နိုင်ငံရေးအခြေအနေများကြောင့် ကမ္ဘာ့စီးပွားရေးမသေချာမရေရာမှုများသည် နိုင်ငံ အားလုံး အတွက် စိန်ခေါ်မှုဖြစ်နေကြောင်း ပြောကြားခဲ့ကြပါသည်။ ထို့ပြင် Chan က ကမ္ဘာ့စီးပွားရေး အခက်အခဲများကြား အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေးနှင့်ဈေးကွက်ကြီးထွားလာမှု အပေါ်အမွှမ်းတင် ပြောကြားခဲ့ပါသည်။ ၎င်းတို့၏ဆွေးနွေးမှုအချုပ်တွင် ဝန်ကြီးက ပြည့်ဖြိုးမြဲစွမ်းအင်နှင့် အစိမ်းရောင်ကဏ္ဍများ အစရှိသည့် အလားအလာရှိသောဧရိယာများအား ဟောင်ကောင်ရင်းနှီး မြှုပ်နှံသူများကရှာဖွေရန်နှင့် စက်မှု၊ ခရီးသွား၊ ကုန်ထုတ်လုပ်မှုနှင့် ဒစ်ဂျစ်တယ်ကဏ္ဍများကို အဓိကထားသည့် အထူးစီးပွားရေးဇုန်များပါဝင်သော သိသာ ထင်ရှားသော အလားအလာရှိသည့် ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများကို ပြောကြားခဲ့ ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက်ငှက်သိုက်တင်ပို့မှုအရှိန်မြှင့်တင်ရန် အင်ဒိုနီးရှားအစိုးရ ရည်ရွယ်

         အင်ဒိုနီးရှားနိုင်ငံစိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးဖြစ်သူ Sudaryono က ပြည်သူများအနေဖြင့် ငှက်သိုက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ရန် တိုက်တွန်းအားပေးခဲ့ပြီး ၎င်း သည် မိသားစုများ၏စီးပွားရေး တိုးတက်ရန်သိသာထင်ရှားသောအလားအလာရှိပြီး နိုင်ငံ၏တင်ပို့ မှုများကို အရှိန်မြှင့်တင်နိုင်မည်ဟု ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့ငှက်သိုက် တင်ပို့မှု၏ ၆၀ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ အစိုးရသည်လည်း ငှက်မွေးမြူရေးသမားများ အား ပံ့ပိုးပေးမည်ဖြစ်ပြီး လိုအပ်သောလုပ်ငန်းစဉ်များအား ရှင်းလင်းစေရန်နှင့် အရှိန်မြှင့်တင်ရန် ပြင်ဆင်ထားကြောင်း သိရပါသည်။ Sudaryono က အစိုးရဘက်ခြမ်းအနေဖြင့် တင်ပို့မှုပမာဏ မြှင့်တင်ရန်အလိုရှိကြောင်းနှင့်လုပ်ငန်းရှင်များစိတ်အားထက်သန်စေရန်အတွက် စည်းမျဉ်းများကို ရှင်းလင်းစေရန် ဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားသမ္မတသည် အစား အစာဖူလုံမှုရှိစေရန်၊ တင်သွင်းမှုလျှော့ချရန်နှင့် တင်ပို့မှုမြှင့်တင်ရန် ရည်ရွယ်ထားကြောင်း သိရ ပါသည်။ Sudaryono က ငှက်များအတွက်အသိုက်များသင့်ရုံမျှစီစဉ်ပေးရုံမျှဖြင့် မွေးမြူရေးသမား များသည် ဝင်ငွေအများအပြားရရှိနိုင်ကြောင်းနှင့် ငှက်သိုက်ဈေးနှုန်းများသည်လည်း တစ်ကီလို ဂရမ်လျှင် ရူပီးသန်းချီရရှိနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနသည် လည်း နိုင်ငံ၏ GDP တိုးတက်လာရန် ငှက်သိုက်ထုတ်ကုန်များ ပြုပြင်ထုတ်လုပ်တင်ပို့ခြင်းကို တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ‌ပေါ်တွင် ငှက်သိုက်အဓိက‌ရောင်းချသူဖြစ်ပြီး ကမ္ဘာ့စုစုပေါင်းရောင်းချမှု၏ ၆၀ မှ ၈၀ ရာခိုင်နှုန်းကြားပံ့ပိုး ရောင်းချလျှက်ရှိကြောင်း သိရပါသည်။ ၎င်းတို့သည် တစ်နှစ်လျှင် ငှက်သိုက်တန်ချိန် ၁၈၀၀ တင်ပို့လျှက်ရှိပြီး တရုတ်နိုင်ငံက တန်ချိန် ၅၀၀ ဖြင့် အဓိကတင်သွင်းသူဖြစ်ကြောင်းသိရပါသည်။

DOCA(ရန်ကုန်)

 

အင်ဒိုနီးရှားနှင့်သြစတေးလျတို့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအရှိန်မြှင်တင်ရန်ကြိုးပမ်း

          အင်ဒိုနီးရှားနိုင်ငံစီးပွားရေးရာ ညှိနှိုင်းဆွေးနွေးရေးဝန်ကြီးဖြစ်သူ Airlangga Hartarto နှင့် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ သြစတေးလျသံအမတ် Penny Williams တို့သည် နှစ်နိုင်ငံအပြန်အလှန် စီးပွားရေးဆောင်ရွက်မှု အားကောင်းစေရန်အတွက် နည်းလမ်းများရှာဖွေရန် ဇန်နဝါရီလ ၉ ရက် နေ့က ဝန်ကြီးရုံးတွင် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရပါသည်။ အင်ဒိုနီးရှားနှင့် သြစ‌တေးလျ နိုင်ငံတို့သည် ကာလကြာရှည်မိတ်ဖက်များဖြစ်ကြပြီး ၂၀၂၄ ခုနှစ်က ၇၅ ကြိမ်မြောက် သံတမံ ဆက်ဆံရေးအခမ်းအနားကို ကျင်းပခဲ့ကြောင်းသိရပါသည်။ ဝန်ကြီးက သံအမတ် Williams သည် စီးပွားရေးမိတ်ဖက်ပရိုဂရမ် Prospera နှင့် အစိုးရနောက်ခံပြုထားသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုပရိုဂရမ် Katalis တို့ကိုအကောင်အထည်ဖော်ရန် ဦးဆောင်မောင်းနှင်နေကြောင်း အသားပေး ပြောကြားခဲ့ပါသည်။ ထိုပရိုဂရမ်နှစ်ခုသည် အင်ဒိုနီးရှား-သြစတေးလျ ဘက်ပေါင်းစုံ စီးပွားရေး မိတ်ဖက်သဘောတူညီချက်ကို ပြည့်စုံစေရန် ဖန်တီးထားကြောင်း သိရပါသည်။ ထိုစီးပွားရေးပရိုဂရမ်များအား အကောင်အထည်ဖော်ခြင်းသည် နှစ်နိုင်ငံ၏စီးပွားရေးကြီးထွားမှု နှင့် ကောင်းမွန်သောခင်မင်ရင်းနှီးမှုတို့အတွက် အာမခံချက်ရရှိမည်ဟု သိရပါသည်။ ထိုအစည်းအဝေးအတွင်း ဝန်ကြီးနှင့် သံအမတ်ကြီးတို့သည် နှစ်ဦးနှစ်ဖက် အကျိုးရှိပြီး ဟန်ချက် ညီသောစီးပွားရေးဆက်နွယ်မှုကိုအဓိကထားသော ကုန်သွယ်ရေးဆောင်ရွက်မှုများကို နက်ရှိုင်းရန် နည်းလမ်းများကို ဆွေးနွေးခဲ့ကြကြောင်းသိရပါသည်။ ထို့ပြင်နှစ်ဦးစလုံးသည် များစွာသောဖိုရမ် များတွင် ၎င်းတို့နိုင်ငံများ၏စည်းလုံးညီညွတ်မှုကို အသားပေးပြောကြားခဲ့ကြကြောင်း သိရပါ သည်။ အစည်းအဝေးအဆုံးတွင် ဝန်ကြီးက သြစတေးလျသည် အင်ဒိုနီးရှား၏ စီးပွားရေးနှင့် ပညာရေးကဏ္ဍများတွင် ဗျူဟာမြောက်မိတ်ဖက်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံအကြား ကြာရှည်ပြီး နီးကပ်သော မိတ်ဖက်ဖွဲ့မှုကိုမျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)

 

၂၀၂၅ ခုနှစ်တွင် ဗီယက်နမ်စီးပွားရေး ၇ ရာခိုင်နှုန်း ကြီးထွားရန် UOB ဘဏ်ခန့်မှန်း

         စင်ကာပူအခြေစိုက် United Oversea Bank(UOB) က၂၀၂၅ ခုနှစ်တွင် ဗီယက်နမ်၏ စီးပွားရေးကြီးထွားနှုန်းကို ယခင်ခန့်မှန်းထားသည့် ၆ ရာခိုင်နှုန်းကိုကျော်လွန်၍ ၇ ရာခိုင်နှုန်း တိုးမြှင့်ခန့်မှန်းထားကြောင်းသိရပါသည်။ UOB မှကျွမ်းကျင်ပညာရှင်များ၏အဆိုအရ ဗီယက်နမ် သည် ၂၀၂၄ ခုနှစ်၏ စတုတ္ထ ၃ လပတ်ကာလတွင် GDP ကြီးထွားနှုန်း ၇.၅၅ ရာခိုင်နှုန်းနှင့်အတူ ၂၀၂၄ ခုနှစ်ကို အားကောင်းစွာ ပိတ်သိမ်းနိုင်ခဲ့ကြောင်း သိရပါသည်။ နောက်ဆုံး ၃ လပတ် ကာလတွင် အားကောင်းသောစွမ်းရည်ပြသနိုင်မှုနှင့်အတူ ဗီယက်နမ်၏ စီးပွားရေးသည် ၂၀၂၄ တွင် ၇.၀၉ ရာခိုင်နှုန်းတိုးချဲ့နိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ၅.၁ ရာခိုင်နှုန်းတိုးချဲ့ နိုင်ခဲ့ကြောင်း သိရပါသည်။ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများသည် ကြီးထွားမှုတွင် အဓိကမောင်းနှင် အားအနေဖြင့် ဆက်လက်တည်ရှိနေပြီး ကုန်သွယ်မှုသည်လည်း အားကောင်းသောလမ်းကြောင်း ပေါ်တွင် ဆက်လက်တည်ရှိခဲ့ကြောင်းသိရပါသည်။ ၂၀၂၃ နှစ်လည်မှစ၍ ဆီမီးကွန်ဒတ်တာ ရောင်းချရမှု မြင့်တက်ခဲ့သည့်အဟုန်သည် ၂၀၂၅ ခုနှစ်၏ ပထမ နှင့် ဒုတိယ ၃ လပတ် ကာလ အထိ ဆက်လက်မြင့်တက်မည်ဟု မျှော်လင့်ရကြောင်း သိရပါသည်။ အမျိုးသားညီလာခံက ယခုနှစ်အတွက် စီးပွားရေးတိုးတက်နှုန်းကို ၆.၅-၇ ရာခိုင်နှုန်း မြင့်တက်ရန်ခန့်မှန်းထားကြောင်း သိရပါသည်။ ဝန်ကြီးချုပ် Pham Minh Chinh ကမူ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအသစ်များကို ဆွဲဆောင်မှု အရှိန်မြှင့်တင်ရန် အများပိုင်ရင်းနှီးမြှုပ်နှံမှုအတွက် မြန်ဆန်စွာငွေထုတ်ပေးမည်ဖြစ်သောကြောင့် အနည်းဆုံးစီးပွားရေးတိုးတက်နှုန်း ၈ ရာခိုင်နှုန်း ရရှိရန်တောင်းဆိုထားကြောင်း သိရပါသည်။ ဘဏ်သည်ကုန်ထုတ်လုပ်မှု၊ စားသုံးသူငွေသုံးစွဲမှုနှင့် ခရီးသွားလာမှုအစရှိသည့် ပြည်တွင်းမောင်းနှင်အားများထံမှ အပေါင်းလက္ခဏာဆောင်သည့် အဟုန်ကိုရရှိရန်ခန့်မှန်းထားကြောင်း သိရပါသည်။ သို့သော် ၂၀၂၅ ဒုတိယနှစ်ဝက်တွင်မူ ပို့ကုန်ကိုမီခိုမှုမြင့်တက်လာမှုကြောင့် ဗီယက်နမ်အတွက် စွန့်စားရမှုများရှိလာနိုင်ကြောင်း သိရပါ သည်။  ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်၏ ပို့ကုန်ဝင်ငွေရရှိမှုမှာ စံချိန်တင် အမေရိကန်ဒေါ်လာ ၄၀၀ ဘီလီယံရှိပြီး ၎င်းတို့၏ GDP မှာ အမေရိကန်ဒေါ်လာ ၄၅၀ ဘီလီယံဖြစ်ကြောင်းသိရပါသည်။

DOCA(ရန်ကုန်)

 

နာနတ်သီးစိုက်ပျိုးမှုသည် ကမ္ဘောဒီးယားတောင်သူများအကြား ရေပန်းစား

          ကမ္ဘာပေါ်တွင် ဆန်စပါးအများဆုံးထွက်ရှိနေသည့် နိုင်ငံတစ်ခုအတွက် ပုံမှန်မဟုတ်သော လှည့်ကွက်တစ်ခုတွင် Battambang ပြည်နယ်မှ လယ်သမား Prourn Sav သည် စပါးစိုက်ပျိုးမှု အစား နာနတ်သီးကိုပြောင်းလဲစိုက်ပျိုးခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် နာနတ်သီးစိုက်ပျိုးမှုမှ ကုန်ကျ စရိတ်သည် အနည်းငယ်ကျဆင်းခဲ့ပြီး စပါးစိုက်ပျိုးမှုထက်ဝင်ငွေပိုမိုရရှိနေကြောင်း နာနတ်သီး စိုက်တောင်သူတစ်ဦးမှ ပြောကြားခဲ့သည်။ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO) ၏ အဆိုအရ ကမ္ဘောဒီးယားနိုင်ငံသည် ကမ္ဘာပေါ်တွင် ၄၆ နိုင်ငံမြောက် နာနတ်သီးအများဆုံး စိုက်ပျိုးထုတ်လုပ်သည့်နိုင်ငံအဖြစ် အဆင့်သတ်မှတ်ခံခဲ့ရပြီး ထုတ်လုပ်မှုတန်ချိန် ၂၆,၀၀၀ ခန့် ရှိကြောင်းသိရသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ နာနတ်သီးစိုက်ပျိုးထုတ်လုပ်မှုသည် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း တစ်နှစ်လျှင် ၁.၆ ရာခိုင်နှုန်းခန့် ဆက်တိုက်တိုးတက်လာခဲ့သည်။ လယ်သမားများသည် တစ်ဟက်တာလျှင် ပျိုးပင် ၆၀,၀၀၀ ခန့်စိုက်ပျိုးကြပြီး ပျမ်းမျှ ၅၀,၀၀၀ ခန့်ထွက်ရှိကြောင်း ပြောကြားခဲ့သည်။

DOCA(ရန်ကုန်)

ဗီယက်နမ်နိုင်ငံ၏ ငရုတ်ကောင်းတင်ပို့မှုမှာ ပမာဏကျဆင်းလာသော်လည်း တန်ဖိုးမြင့်တက်လာ

          ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ငရုတ်ကောင်းတင်ပို့မှု ပမာဏကျဆင်း လာ သော်လည်း တင်ပို့မှု တန်ဖိုးမြင့်တက်လာခဲ့ကြောင်း ဗီယက်နမ် ငရုတ်ကောင်းနှင့် ဟင်းခတ် အမွှေးအကြိုင်အသင်း၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဗီယက်နမ် သတင်းအေဂျင်စီမှ ၇.၁.၂၀၂၅ နေ့က ပြောကြားခဲ့သည်။ ဗီယက်နမ်နိုင်ငံသည် ပို့ကုန်ပမာဏ ၅.၁% ကျဆင်းခဲ့သော်လည်း ၂၀၂၄ ခုနှစ်တွင် ပို့ကုန်တန်ဖိုး ၄၅.၄% တိုးလာခဲ့ပြီး အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံနီးပါးအထိ ရောက်ရှိခဲ့ကြောင်း အဆိုပါ အသင်း၏ ထုတ်ပြန်ချက်အရသိရသည်။ ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ငရုတ်ကောင်းမဲ ၂၂၀၂၆၉ တန် နှင့် ငရုတ်ကောင်းဖြူ ၃၀၃၃၁ တန် အပါအဝင် အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံအထိ ရရှိခဲ့ပြီး ငရုတ်ကောင်းဖြူ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၀၀.၆ သန်းရရှိခဲ့သည်။ သွင်းကုန်ဘက်တွင်လည်း ဗီယက်နမ်သည် ၂၀၂၄ ခုနှစ်တွင် ဒေါ်လာ ၁၇၆.၂ သန်း တန်ဖိုးရှိသော ငရုတ်ကောင်း ၃၆၇၂၇ တန် ကိုဝယ်ယူခဲ့ပြီး ပမာဏအားဖြင့် ၃၈.၄% တိုးလာကာ ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက တန်ဖိုး ၉၉.၅% တိုးလာကြောင်းသိရသည်။

DOCA(ရန်ကုန်)

ကင်ညာနိုင်ငံ၏ ပို့ကုန်များတင်ပို့မှုသည် ၂၀၂၄ ခုနှစ် တတိယသုံးလပတ်တွင် ၅.၅%မြင့်တက်လာ

          ၂၀၂၄ ခုနှစ် တတိယသုံးလပတ်တွင် ကင်ညာ၏ တင်ပို့ကုန်သည် ၅.၅% တိုးတက်ခဲ့ပြီး ၂၈၄.၄ ဘီလီယံ ကင်ညာရှီလင် (အမေရိကန်ဒေါ်လာ ၂.၁၉ ဘီလီယံခန့်) တိုးလာခဲ့ကြောင်း နိုင်ငံ၏ အမျိုးသားစာရင်းအင်းဗျူရိုက ၇.၁.၂၀၂၅ ရက်နေ့တွင် ပြောကြားခဲ့သည်။ ကင်ညာ အမျိုးသားစာရင်းအင်းဗျူရို (KNBS) မှ အချက်အလက်များအရ အဖရိကသည် ၂၀၂၃ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ပို့ကုန် ၅.၂% ကျဆင်းသွားသော်လည်း စုစုပေါင်း ပို့ကုန် ဝင်ငွေ၏ ၃၉.၆% တွင် အကြီးဆုံးရှယ်ယာအဖြစ် ဆက်လက်ရပ်တည်နေကြောင်းဖော်ပြခဲ့သည်။ အီဂျစ်သို့ တင်ပို့မှု ၃၂.၆%၊ တန်ဇန်နီးယား ၁၀.၄၂%၊ ဘူရွန်ဒီ ၃၆.၉%နှင့် တောင်ဆူဒန် ၂၇.၅% စသဖြင့် တစ်စိတ်တစ်ပိုင်းကျဆင်းသွားကြောင်း KNBS ကဆိုသည်။ အာရှသို့ တင်ပို့မှုမှာ ကင်ညာရှီလင် (ဒေါ်လာ ၆၁၂.၈ သန်းခန့်) မှ ၇၉.၃ ဘီလီယံအထိ တိုးမြင့်လာကြောင်း စာရင်းအင်းဗျူရိုက မှတ်ချက်ပြုခဲ့သည်။ အဓိကအားဖြင့် အာရပ်စော်ဘွားများ ပြည်ထောင်စုသို့ ရေနံဆီအမျိုးအစားဖြစ်သော လေယာဉ်ဆီပြန်လည်တင်ပို့မှုနှင့် အိန္ဒိယသို့ ပဲစင်းငုံ တင်ပို့မှုတို့ကြောင့် တိုးမြင့်လာခြင်းဖြစ်သည်။ ဥရောပသမဂ္ဂသို့ တင်ပို့မှုမှဝင်ငွေသည် ကင်ညာရှီလင် ၃၈ ဘီလီယံ (ဒေါ်လာ ၂၉၃.၇ သန်း) သို့ ၂၀၂၃ ခုနှစ်၏ ၂၈.၈ ဘီလီယံ ကင်ညာရှီလင် (ဒေါ်လာ ၂၉၉.၈ သန်း) မှ အနည်းငယ်ကျဆင်းသွားကြောင်း KNBS မှပြောကြားခဲ့သည်။ သို့သော်လည်း အမေရိကသို့ တင်ပို့မှုမှ ဝင်ငွေသည် ၂၀၂၃ ခုနှစ်ထက် ၂၆.၂ ဘီလီယံကင်ညာရှီလင် (ဒေါ်လာ ၂၀၂.၅ သန်း) သို့ ၄၆.၈% တိုးလာကြောင်း ဗျူရိုက ပြောကြား ရာတွင် အဓိကအားဖြင့် ပြည်တွင်းအထည်နှင့် အဝတ်အစားအသုံးအဆောင်ပစ္စည်းများ တင်ပို့မှုတိုးတက်လာခြင်းနှင့် ပြန်လည်တင်ပို့ခြင်းတို့ကြောင့် ဖြစ်ကြောင်းသိရသည်။

 

DOCA(ရန်ကုန်)

၂၀၂၅ ခုနှစ်တွင် စီးပွားရေးကြီးထွားမှုရည်မှန်းချက် ၈ ရာခိုင်နှုန်း ပြည့်မီရန် များစွာသောစီမံချက်များဆောင်ရွက်ရန်ရှိသည့် ဗီယက်နမ်

          ဗီယက်နမ်နိုင်ငံသည် အစိုးရကသတ်မှတ်ထားသည့်  ၂၀၂၅ ခုနှစ် စီးပွားရေးကြီးထွားမှု ရည်မှန်းချက် ၈ ရာခိုင်နှုန်းပြည့်မီရန် များစွာသော စီမံချက်များ ဆောင်ရွက်သွားမည်ဟု စီမံကိန်း နှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သူ Nguyen Duc Tam က ဇန်နဝါရီလ ၈ ရက် နေ့က အစိုးရသတင်းစာရှင်းလင်းပွဲတွင် အကျဉ်းချုပ်ပြောကြားခဲ့ပါသည်။ Tam က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းတွင် ဝန်ကြီးချုပ်က ဝန်ကြီးဌာနများနှင့် ကဏ္ဍများအား ၂၀၂၅ ခုနှစ်တွင် အနည်းဆုံးစီးပွားရေးကြီးထွားနှုန်း ၈ ရာခိုင်နှုန်းရရှိရန်အတွက် အကောင်အထည်ဖော်ကြရန် တရားဝင်ထုတ်ပြန်ခဲ့သည်ဟု ပြောကြားခဲ့ပါသည်။ ထိုထဲတွင် Hanoi၊ Ho Chi Minh၊ Binh Duong နှင့် Dong Nai ကဲ့သို့သောအဓိကစီးပွားရေးမြို့ကြီးများအတွက် မျှော်လင့်ချက်မြင့်မားစွာ ထားရှိမှုပါဝင်ကြောင်း သိရပါသည်။ အကယ်၍ ထိုဒေသများသည် ၂၀၂၄ စီးပွားရေးရလဒ်များ ထက် ကြီးထွားခဲ့ပါက နိုင်ငံစီးပွားရေးအတွက် သိသာထင်ရှားစွာ ပူးပေါင်းပါဝင်ပေးနိုင်မည်ဟု သိရပါသည်။ Tam က ၎င်း၏ဝန်ကြီးဌာနသည် ၂၀၂၅ ခုနှစ်တွင် အဖွဲ့အစည်းမူဘောင်တိုးတက် ရေးနှင့် ဆန်းသစ်တီထွင်မှုများ ဆက်လက်ပြုလုပ်သွားရန် အာမခံခဲ့ကြောင်း ပြောကြားခဲ့ပါ သည်။ လာမည့် ၉ ကြိမ်မြောက် အမျိုးသားညီလာခံတွင် အစိုးရသည် စီမံခန့်ခွဲမှုဥပဒေနှင့် စီးပွားရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်ခြင်းတို့တွင် နိုင်ငံတော်မတည်ငွေသုံးစွဲမှုပါဝင်‌သော များစွာသောဥပဒေများကို ပြင်ဆင်ရန်စီစဉ်ထားကြောင်း သိရပါသည်။ သို့သော် စီးပွားရေး လုပ်ငန်းဥပဒေကိုပြန်လည်ဆန်းစစ်ခြင်းသည် ကုမ္ပဏီများစွာထံမှ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရန် မျှော်လင့်ရကြောင်း သိရပါသည်။ ထို့ပြင် မက်ခရိုစီးပွားရေးတည်ငြိမ်ရေး၊ ငွေကြေးဖောင်းပွမှု ထိမ်းချုပ်ခြင်းနှင့် အဓိကစီးပွားရေးမျှချေရှိရေးအတွက် စီမံချက်များအကောင်အထည်ဖော်သွား မည်ဟု သိရပါသည်။ အခြားအဓိကဖြေရှင်းချက်များတွင် ရင်းနှီးမြှုပ်နှံမှု၊ ပြည်တွင်းစားသုံးမှုနှင့် ပို့ကုန်-သွင်းကုန်များစသည့် စီးပွားရေးမောင်းနှင်အားများကို ထပ်မံကြိုးပမ်းမှုတို့ပါဝင်ကြောင်း သိရပါသည်။ စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနသည်၂၀၂၅ ခုနှစ်အား ပြည်တွင်းနှင့် ပြည်ပမှခရီးသွားများအား ဆွဲဆောင်ရန်အားထုတ်မှုပါဝင်သော ပြည်တွင်းစားသုံးမှု ကိုလှုံ့ဆော် မည့် နှစ်တစ်နှစ်အဖြစ် သတ်မှတ်ထားကြောင်း သိရပါသည်။ ထို့ပြင် ဟာလာကုန်ပစ္စည်း ဈေးကွက်အားမြှင့်တင်ခြင်းနှင့်အတူ လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက် ၁၇ ချက်ကို အကောင်အထည်ဖော်ရန် အရှိန်မြှင့်ဆောင်ရွက်သွားမည်ဟု သိရပါသည်။ အခြေခံ အဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးသည်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက မောင်းနှင်အားတစ်ခုဖြစ်သောကြောင့် ၂၀၂၅ နှစ်ကုန်ပိုင်းတွင် ကီလိုမီတာ ၃၀၀၀ ရှည်လျားသော အဝေးပြေးကားလမ်းနှင့် ကီလိုမီတာ ၁၀၀၀ ရှည်လျားသော ကမ်းရိုးတန်း လမ်းမကို အကောင် အထည်ဖော်နိုင်ရန် မျှော်လင့်ရကြောင်း Tam ကအသားပေးပြောကြားခဲ့ ပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ