ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

အိန္ဒိယနိုင်ငံရှိ ပန်ဂျပ်ပြည်နယ်သည် Kharif ရာသီတွင် ဘာစမာတီစိုက်ပျိုးဧရိယာ ၁၂.၅၈ရာခိုင်နှုန်းတိုးလာ

        ပန်ဂျပ်ပြည်နယ်အစိုးရ၏ ကောက်ပဲသီးနှံ အရှိန်အဟုန်မြင့်တင်မောင်းနှင်မှုဖြင့် ယခု Kharif ရာသီအတွင်း ပန်ဂျပ်ပြည်နယ်သည် ဘာစမာတီစိုက်ပျိုးဧရိယာ ၁၂.၅၈ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း စိုက်ပျိုးရေးနှင့် တောင်သူလယ်သမားလူမှုဖူလုံရေးဝန်ကြီး Gurmeet Singh Khudian က သြဂုတ်လ ၁၈ရက်နေ့ကပြောကြားခဲ့သည်။

         စပါးရှည်စိုက်ပျိုးမှုမှာ လက်ရှိတွင် ဟတ်တာ ၆.၇၁သိန်းအထိတိုးချဲ့စိုက်ပျိုးထားပြီး ယခင် Kharif ရာသီတွင် ဟတ်တာ ၅.၉၆သိန်းမှ သိသိသာသာတိုးတက်လာကြောင်း ဝန်ကြီးက ပြောကြားသည်။

         ဘာစမာတီစိုက်ပျိုးမှု၏ ခရိုင်အလိုက် စာရင်းဇယားများအရ  Amritsar သည်ဟတ်တာ ၁.၄၆သိန်းဖြင့် ဦးဆောင်နေခဲ့သည်ဟု Khudian ကပြောကြားခဲ့သည်။ Amritsar ၏နောက်တွင် ဟတ်တာ ၁.၁၀သိန်းရှိသည့် Muktsar၊ ဟတ်တာ ၈၄၉၀၀၀ရှိသော Fazilka၊ ဟတ်တာ၇၂၅၀၀၀ရှိသော Tarn Taran နှင့် ဟတ်တာ၄၉၈၀၀၀ရှိသော Sangrur စသည်ဖြင့်အသီးသီးရှိကြပြီး အဆိုပါခရိုင်များတွင် ဘာစမာတီကို အများဆုံးစိုက်ပျိုးလျက်ရှိကြောင်းပြသနေသည်။

          ၂၀၂၃ခုနှစ် Kharif ရာသီတွင်ရှိခဲ့သော ဧက၁.၇၂သိန်းမှ ရေချွေတာသော DSR နည်းလမ်းဖြင့် စိုက်ပျိုးသည့်ဧရိယာသည် ဧက၂.၅၂သိန်းအထိတိုးလာကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

          အနံ့ထွက်သီးနှံများ၏အရည်အသွေးကို ကမ္ဘာ့အဆင့်မီစံနှုန်းဖြင့် တင်ပို့နိုင်စေရန် ဘာစမာတီဆန်များတွင် ပိုးသတ်ဆေး(၁၀)မျိုးအသုံးပြုခွင့်ကို ကန့်သတ်တားမြစ်ထားကြောင်း ဝန်ကြီးကပြောသည်။

Source: business -standard

DOCA(ရန်ကုန်)

ဗီယက်နမ်ဝန်ကြီးချုပ်က ဗီယက်နမ်-အိန္ဒိယနှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံထိ တိုးမြှင့်ရန် တိုက်တွန်း

       ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် Pham Minh Chinh သည် ၎င်း၏ အိန္ဒိယနိုင်ငံသို့ နိုင်ငံတော်အဆင့်ခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် နယူးဒေလီမြို့တွင် ဇူလိုင်လ ၃၁ ရက်နေ့က ကျင်းပခဲ့သည့်  ဗီယက်နမ်-အိန္ဒိယစီးပွား‌ရေးဖိုရမ်ကို တက်ရောက်ခဲ့ပြီး နှစ်ဖက်စလုံးအနေနှင့် နှစ်နိုင်ငံကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံအထိ ရောက်ရှိရန် အတူတကွကြိုးစားသင့်ကြောင်း ကမ်းလှမ်းပြောကြားခဲ့သည်ဟု သိရပါသည်။

     ဗီယက်နမ်နှင့်အိန္ဒိယနှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏသည် ၂၀၀၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ရှိရာမှ ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံနီးပါး ရောက်ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၈.၅ ဘီလီယံသည် ဗီယက်နမ်မှ တင်ပို့ခြင်းဖြစ်ကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံသည် ဗီယက်နမ်နိုင်ငံ၌ အမေရိကန်ဒေါ်လာ ၁.၀၃ ဘီလီယံတန်ဖိုးရှိ သည့် စီမံကိန်း ၄၁၀ ခုရှိပြီး ဗီယက်နမ်နိုင်ငံ၏ အိန္ဒိယနိုင်ငံရှိ စီမံကိန်းများမှာ အမေရိကန် ဒေါ်လာ ၁၄ သန်း တန်ဖိုးရှိသည့် စီမံကိန်း ၁၆ ခုဖြစ်ကြောင်း သိရပါသည်။

    ဝန်ကြီးချုပ်က နှစ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများအကြား အောင်မြင်ပြီး ထိရောက်သည့် ပူးပေါင်းဆောင်ရွက်မှုအတွက် အခြေခံအချက်များမှာ နှစ်ဦးနှစ်ဖက် အပြန်အလှန်ချစ်ခင်ရင်းနှီး မှု၊ မြင့်မားသည့် နိုင်ငံရေးယုံကြည်စိတ်ချရမှု၊ တံခါးဖွင့်ထားသည့်ဈေးကွက်၊ တူညီသည့် ယဉ်ကျေးမှု၊ လူမှုအဖွဲ့အစည်းနှင့် သမိုင်းကြောင်းနှင့် လျှင်မြန်ပြီး တည်ငြိမ်မှုရှိသည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့နှင့်အတူ အားကောင်းပြီး ကြွယ်ဝချမ်းသာသော နိုင်ငံကို တည်ထောင်ရန် အပြန်အလှန်ရည်မှန်းချက်ထားရှိမှုတို့ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

      ထို့အပြင် ဝန်ကြီးချုပ်က ဗီယက်နမ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေးအင်အား အကြီးမားဆုံး နိုင်ငံ ၄၀ ထဲမှ တစ်နိုင်ငံဖြစ်ကြောင်း၊ ကုန်သွယ်မှုပြုလုပ်သည့် ထိပ်ဆုံးနိုင်ငံ ၂၀ စာရင်းဝင်ကြောင်းနှင့် နိုင်ငံတော်ပုံရိပ်တန်ဖိုးအမြင့်ဆုံးနိုင်ငံ ၁၀၀ စာရင်းတွင် နံပါတ် ၃၂ နေရာတွင် ရပ်တည်နေကြောင်း ပြောကြားခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံသည် နိုင်ငံပေါင်း ၆၀ ကျော်နှင့် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူစာချုပ် ၁၆ ခုချုပ်ဆိုထားကြောင်း သိရပါသည်။

    ဝန်ကြီးချုပ်က အစိုးရအနေနှင့် အိန္ဒိယစီးပွားရေးလုပ်ငန်းများအား အိန္ဒိယနိုင်ငံက အားကောင်းပြီး ဗီယက်နမ်နိုင်ငံက ဦးစားပေးအနေနှင့် လိုအပ်ချက်မြင့်မားနေသည့် ကဏ္ဍများဖြစ်သည့် မြင့်မားသည့်နည်းပညာများ၊ အီလက်ထရောနစ်၊ သိပ္ပံနှင့် နည်းပညာ၊ AI ၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်လည်အသုံးပြုနိုင်သောစွမ်းအင်၊ ဟိုက်ဒရိုဂျင် ကဲ့သို့သောစွမ်းအင်၊ ဘိုင်အိုနည်းပညာ၊ ဆန်းသစ်တီထွင်မှု၊ နည်းပညာမြင့်စိုက်ပျိုးမှုနှင့် ဆေးဝါးအစရှိသည့် ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရန်အတွက် တိုက်တွန်းပြောကြားခဲ့ပါသည်။

      အဆိုပါဖိုရမ်တွင် နိုင်ငံနှစ်နိုင်ငံမှ လုပ်ငန်းများသည် လေယာဉ်ထုတ်လုပ်ခြင်း၊ ခရီးသွားကဏ္ဍ၊ ယဉ်ကျေးမှုနှင့် ဆေးဝါးနယ်ပယ်တို့တွင် ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက် ၆ ခု ရရှိခဲ့ကြောင်း သိရပါသည်။

Source : Hindustan Times

DOCA(ရန်ကုန်)

ကုန်သွယ်မှုတိုးတက်ရေးနှင့် စားသုံးသူအကျိုးစီးပွားကာကွယ်ရေးမှ အနာဂတ်စီးပွားရေးဖွံ့ဖြိုးရေးဆီသို့

      မြန်မာနိုင်ငံသည် ပြောင်းလဲတိုးတက်နေသောစီးပွားရေးကို လမ်းကြောင်းပြနေချိန်တွင် ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူကာကွယ်ရေးသည် ၎င်း၏ စီးပွားရေးမူဝါဒ၏ အဓိက မဏ္ဍိုင်ဖြစ်လာသည်။  ထို့ပြင် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုကွန်ရက်သို့ ပြန်လည်ပေါင်းစည်းရန် အာရုံစိုက်လျက်ရှိသည်။  တစ်ချိန်တည်းမှာပင် ရေရှည်တည်တံ့သော စီးပွားရေးတိုးတက်မှုကိုအာမခံရန်အတွက် စားသုံးသူများ၏အကျိုးစီးပွားကိုကာကွယ်ရန် အရေးကြီးပါသည်။ 
မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေး
        မြန်မာနိုင်ငံသည် ကုန်သွယ်မှုနှင့် စီးပွားရေးကိုမြှင့်တင်ရန်အတွက် အရေးကြီးသောနည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအခြေအနေများနှင့် ဂေဟစနစ်အပြောင်းအလဲများကိုထိန်းညှိနှိုင်ရန် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများအကြား ပူးပေါင်းဆောင်ရွက်မှုများကို အထူးအားပေးလျက်ရှိသည်။ အထူးသဖြင့် မြန်မာ့ကုန်စည်များကို ဖိတ်ခေါ်နိုင်ရန်၊ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်နိုင်ရန်၊ နိုင်ငံတကာအရပ်ဖက်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုများဆောင်ရွက်လျက်ရှိသည်။

      ကုန်ပစ္စည်းများ၏ အရည်အသွေးနှင့် စံချိန်စံညွှန်းများတိုးတက်ကောင်းမွန်စေရန်အတွက် တင်ပို့ကုန်များ၏အရည်အသွေးမြှင့်တင်ရေးအစီအစဉ်များပြုလုပ်လျက်ရှိသည်။ စက်မှုဇုန်များ၊ စိုက်ပျိုးရေးကဏ္ဍများတွင် နည်းပညာအသစ်များဖြန့်ဝေခြင်းအားဖြင့် ထုတ်လုပ်မှုအကျိုးအမြတ်များတိုးတက်လာအောင် နည်းပညာနှင့် ဖွံ့ဖြိုးတိုးမှုအပေါ်ဦးတည်၍ ဆောင်ရွက် လျက်ရှိသည်။ အဓိကစီးပွားရေးမိတ်ဖက်နိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် အာရှစီးပွားရေးအဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်ရေးဆက်ဆံရေးများကိုတိုးချဲ့ရန် ကြိုးပမ်းမှုများပြုလုပ်လျက်ရှိသည်။ ရင်းနှီးမြှုပ်နှံမှုများကိုဆွဲဆောင်နိုင်ရန်အတွက် အခွန်အခများလျှော့ချခြင်း၊ စီးပွားရေးဇုန်များတိုးချဲ့ခြင်းတို့ကို အဓိကထားလျက်ရှိသည်။

      ၎င်း၏အခြေခံအဆောက်အအုံများမြှင့်တင်ရန်၊ ကုန်သွယ်မှုမူဝါဒများဖြေလျှော့ပေးရေးနှင့် နိုင်ငံတကာဆက်ဆံရေးကိုမြှင့်တင်ခြင်းဖြင့် ကုန်သွယ်မှုမြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ကုန်သွယ်မှုနှင့် စီးပွားရေးမြှင့်တင်ရေးမှာ မြန်မာ့အနာဂတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်မည့် ကဏ္ဍတစ်ခုဖြစ်ပါသည်။

အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး
        ကုန်သွယ်မှုလွယ်ကူစေရန် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအရ နိုင်ငံအများစုသည် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုစနစ်များနှင့် အဆက်အသွယ်ပြတ်လပ်ခြင်းများကိုဖြေရှင်းနိုင်ရန်အတွက် ပိုမိုပြည့်စုံသော အခြေခံအဆောက်အအုံများဖန်တီးရန် အားထုတ်နေကြသည်။ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှုသည် လမ်းများ၊ မီးရထားလိုင်းများနှင့် ဆိပ်ကမ်းများတိုးချဲ့ခြင်းမှစ၍ သွယ်တန်းပေးရေးနည်းပညာများအဆင့်မြှင့်တင်ခြင်းအထိ ကျယ်ပြန့်စွာပါဝင်ပါသည်။ ၎င်းသည် စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ အသွားအလာ အပြောင်းအလဲများကို ပိုမိုလွယ်ကူအောင်ပြုလုပ်ပေးပြီး ကုန်ပစ္စည်းများ၏ လုပ်ဆောင်မှုမြန်နှုန်းကို တိုးတက်စေသည်။

      5G နှင့် အင်တာနက်အဆင့်မြှင့်စနစ်များအတွက် ရင်းနှီးမြှပ်နှံမျုများကိုတိုးမြှင့်ခြင်းဖြင့် နိုင်ငံပေါင်းစုံကြား  အချက်အလက်ပို့ဆောင်မှုကို ပိုမိုမြန်ဆန်စေခြင်းဖြင့် ဆက်သွယ်ရေးနည်း ပညာများဆန်းသစ်တိုးတက်မှုများလုပ်ဆောင်လျက်ရှိသည်။ အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လမ်းများ၊ မီးရထားလမ်းများ၊ လေဆိပ်များနှင့် ဆိပ်ကမ်းများ ပြင်ဆင်တိုးချဲ့နေပြီး ပြည်တွင်းနှင့် နိုင်ငံတကာကုန်သွယ်ရေးလွယ်ကူစေရန် လမ်းပန်းဆက်သွယ်ရေး အရပ်ဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။

       ထုတ်လုပ်မှုနှင့် သွားလာရေးလုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အားနှင့် စွမ်းအင်များ စည်းကမ်းတကျပေးဝေရန် စွမ်းအင်အရင်းအမြစ်များအားမြှင့်တင်ခြင်းကို အထူးအရေးထားဆောင်ရွက်လျက်ရှိသည်။ ကုန်သွယ်မှုလွယ်ကူစေရန်အတွက် ဆိပ်ကမ်းများ၊ လမ်းများ၊ ရထားလမ်းများကဲ့သို့သော အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံထားသည်။  မြန်မာနိုင်ငံသည် Belt and Road Initiative ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကဲ့သို့သော အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းအများအပြားကို ဖော်ဆောင်လျက်ရှိသည်။  အဆိုပါစီမံကိန်းများသည် မြန်မာနိုင်ငံအား ဒေသတွင်းကုန်သွယ်မှုဗဟိုချက်အဖြစ် ချိတ်ဆက်မှုမြှင့်တင်ရန်ရည်ရွယ်လျက် ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံများနှင့် စီးပွားရေးဇုန်ကြီးများသည် ကုန်သွယ်ရေးလုပ်ဆောင်မှုများအား အကောင်းဆုံးအဆင့်သို့ရောက်စေရန် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးကိုကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ကုန်သွယ်မှုလွတ်လပ်ခွင့်
        မြန်မာနိုင်ငံသည် အာဆီယံ (ASEAN) ကဲ့သို့သော‌သော ဒေသတွင်းကုန်သွယ်မှုသဘောတူစာချုပ်များနှင့် တက်ကြွစွာပူးပေါင်းပါဝင်နေသော်လည်း ကုန်သွယ်မှုဖြေလျှော့မှုဆိုင်ရာမူဝါဒများကို ဆက်လက်ကျင့်သုံးလျက်ရှိရာ  အကောက်ခွန်လုပ်ထုံးလုပ်နည်းများ ရိုးရှင်းလွယ်ကူစေရန်၊ အကောက်ခွန်များလျှော့ချရန်နှင့် ကုန်သွယ်မှုဆိုင်ရာ အတားအဆီးများကိုဖယ်ရှားရန် ကြိုးပမ်းမှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။  မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများနှင့် ကုန်သွယ်မှုသဘောတူညီချက်များတိုးမြှင့်ရန်နှင့် တရုတ်၊ အိန္ဒိယ၊ ဂျပန်တို့ကဲ့သို့သော အဓိကကုန်သွယ်ဖက်များနှင့် ဆက်ဆံရေးကိုတိုးမြှင့်ရန် ကြိုးပမ်းလျက်ရှိသည်။  ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) သဘောတူညီချက်တွင် မြန်မာနိုင်ငံမှပါဝင်မှုသည် ၎င်း၏ကုန်သွယ်မှုအခွင့်အလမ်းများကိုတိုးချဲ့ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာမှ အကူအညီများ၊ အခွန်နှုန်းကန့်သတ်မှုများကိုလျှော့ချ၍ ပိုမိုကောင်းမွန်သော ကုန်သွယ်မှုလုပ်ငန်းများကို အကောင်အထည်ဖော်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
အဓိကကဏ္ဍများမြှင့်တင်ရေး
         မြန်မာအစိုးရသည် စိုက်ပျိုးရေး၊ အထည်အလိပ်နှင့် ကုန်ထုတ်လုပ်ငန်း စသည့်အဓိကကဏ္ဍများကို စီးပွားရေးတိုးတက်မှုအတွက် တွန်းအားအဖြစ် ဖော်ထုတ်ခဲ့သည်။  အထူးသဖြင့် မြန်မာနိုင်ငံသည် နိုင်ငံတကာဈေးကွက်သို့ ဆန်၊ ပဲနှင့် အခြားကုန်စည်များ အဓိကတင်သွင်းသူဖြစ်လာရန် ရည်မှန်းထားသောကြောင့် စိုက်ပျိုးရေးပို့ကုန်မြှင့်တင်ရေးသည် ဦးစားပေးဖြစ်သည်။  အထူးစီးပွားရေးဇုန်များ (SEZ) များသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်ဆွဲဆောင်ကာ ကုန်သွယ်မှုမြှင့်တင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးလျက်ရှိ သည်။ စီးပွားရေးအရ မြန်မာနိုင်ငံသည် ကျယ်ပြန့်သောပြောင်းလဲမှုများနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အစီအစဉ်များဆောင်ရွက်လျက်ရှိသည်။ ထုတ်လုပ်မှုလမ်းကြောင်းများကို တိုးချဲ့ရန်၊ ဒေသတွင်းနှင့် နိုင်ငံတကာက စီးပွားရေးမိတ်ဖက်များနှင့်ပူးပေါင်းဆောင်ရွက်ရန် လုပ်ဆောင်လျက်ရှိသည်။ လျင်မြန်သော စီးပွားရေးမြှင့်တင်ရေးအတွက် အခြေခံအဆောက်အအုံများ၊ သွယ်ဝိုက်မှုနည်းပညာများနှင့် မြင့်မားသောနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများလိုအပ်ပါသည်။
မြန်မာနိုင်ငံရှိစားသုံးသူကာကွယ်ရေး
        ကုန်သွယ်မှုတိုးလာသည်နှင့်အမျှ စားသုံးသူများအား တရားမျှတမှုမရှိသော အလေ့အကျင့်များမှ ကာကွယ်ခြင်းသည် ယခင်ထက် ပိုမိုအရေးကြီးလာသည်။  စျေးကွက်တွင် ယုံကြည်မှုကိုမြှင့်တင်ရန်နှင့် နိုင်ငံသားအားလုံးအတွက် စီးပွားရေးတိုးတက်မှုကိုအာမခံရန်အတွက် ခိုင်မာသောစားသုံးသူအကာအကွယ်ပေးရေးမူဘောင်သည် မရှိမဖြစ်လိုအပ်ပါသည်။ ကုန်ပစ္စည်း အရည်အသွေးနှင့် သီးသန့်ထုတ်လုပ်သူများအနေဖြင့် အရည်အသွေးမသင့်လျော်သည့် ကုန်ပစ္စည်းများကိုရှောင်ရန် စိစစ်မှုများ ပိုမိုတိုက်ရိုက်ဆောင်ရွက်လျက်ရှိသည်။ ကုန်ပစ္စည်းထုတ်လုပ်သူများကို လိုင်စင်ပြုလုပ်ပေးခြင်း၊ ကုန်ပစ္စည်းများရောင်းဝယ်သူများနှင့် ထုတ်လုပ်သူများကို ဥပဒေအရ စိစစ်ခြင်းနှင့် လိုင်စင်ပြုလုပ်ပေးခြင်းလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိသည်။ စားသုံးသူများအားကာကွယ်ရန် အပြစ်ပေးမှုများပြုလုပ်ခြင်း၊ ဥပဒေအတိုင်း မလိုက်နာသောအမှုများကို ဆောင်ရွက်လျက်ရှိသည်။

        ထို့ပြင် သုံးစွဲသူများကို တင်ပြချက်၊ အကြံပြုချက်များနှင့် သတင်းအချက်အလက်များပေးခြင်းနှင့် သုံးစွဲသူများအနေဖြင့် ပစ္စည်းများကိုဖျက်သိမ်းခြင်း၊ ပြန်လည်၍ အပြန်အလှန်ပြုလုပ်နိုင်မှုအစီအစဉ်များဖွင့်လှစ်ပေးခြင်း စသည့်ဆောင်ရွက်ချက်များကို ကာကွယ်ရေးလုပ်ငန်းနှင့် စီမံခန့်ခွဲမှုကောင်းစွာလုပ်ဆောင်သည့် အဖွဲ့အစည်းများမှ စနစ်တကျအောင်မြင်စွာ တိုးတက်စေရန် ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် စားသုံးသူကာကွယ်ရေးကို ပိုမိုအာရုံစိုက်၍ ကောင်းမွန်သောကုန်သွယ်မှုစနစ်တစ်ခုကိုတည်ဆောက်နိုင်ရန် အစိုးရ၊ စီးပွားရေးလုပ်ငန်းများနှင့် စားသုံးသူများပူးပေါင်းကာ  စားသုံးသူကာကွယ်ရေးကိစ္စများတိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်း ရေးသားလိုက်ရပါသည်။

ကိုးကား-  ကုန်သွယ်မှုတွင် စားသုံးသူကာကွယ်ရေး အရေးပါပုံ ၂၀၂၄

DOCA(ရန်ကုန်)

အိန္ဒိယနိုင်ငံသည် နယူးဇီလန်မှ ကီဝီသီးတင်သွင်းခွန်ကို ၃၀% လျှော့ချ

      အိန္ဒိယနိုင်ငံသည် ကီဝီသီးအပေါ်တင်သွင်းခွန်ကို ၃၀% လျှော့ချရန် နယူးဇီလန်၏တောင်းဆိုမှုကို သဘောတူညီခဲ့သည်။ နယူးဇီလန်သည် အိန္ဒိယမှ သရက်သီးများ၊ ငှက်ပျောသီးများနှင့် လတ်ဆတ်သော သလဲသီးများအတွက်လည်း ၎င်းတို့၏ဈေးကွက်ကို ဖွင့်လှစ်ပေးခဲ့သည်။

     နယူးဇီလန်သည် ပန်းသီးကဲ့သို့သော သစ်သီးဝလံများကို တိုးမြှင့်ထုတ်လုပ်ရန်နည်းပညာများဖလှယ်ရာတွင် ပူးပေါင်းဆောင်ရွက်ရန် အိန္ဒိယ၏အဆိုပြုချက်ကို အပြုသဘောဖြင့် တုံ့ပြန်ခဲ့သည်။ နယူးဇီလန်ဝန်ကြီးချုပ် အိန္ဒိယသို့ အောက်တိုဘာလတွင် လာရောက်သည့်အခါ သဘောတူညီချက်တစ်ရပ်လက်မှတ်ရေးထိုးနိုင်မည်ဟုမျှော်လင့်ထားကြသည်။

      သို့သော်လည်း အိန္ဒိယနိုင်ငံအတွင်း၌ ကီဝီဧရိယာဟတ်တာ ၆၀၀၀ခန့်အထိရှိပြီဖြစ်သောကြောင့် အိန္ဒိယမှ စိုက်ပျိုးသူများအတွက် ထိခိုက်နစ်နာမှုရှိနိုင်သောကြောင့် နယူးဇီလန်သွင်းကုန်ခွန်ကို သိသိသာသာလျှော့ချနိုင်မည်မဟုတ်ကြောင်း တာဝန်ရှိသူတစ်ဦးကပြောသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အိန္ဒိယနိုင်ငံမှ ကီဝီသီးတန်ချိန် ၅၀၉၂၀တင်သွင်းနိုင်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် တန်ချိန် ၄၃၂၇၀သာတင်သွင်းနိုင်ခဲ့သည်။

        ထိပ်တန်းသစ်သီးဝလံတင်သွင်းသူ Anil Dwivedi က ချီလီနိုင်ငံမှ ကီဝီသီးများကို အိန္ဒိယဦးစားပေးကုန်သွယ်မှုသဘောတူညီချက်ကြောင့် ၁၅% အခွန်ဆောင်ရကြောင်း၊ ရလဒ်အနေဖြင့် နယူးဇီလန်ထက် ဈေးနှုန်းအသာစီးရကြောင်းပြောကြားခဲ့သည်။

       အိန္ဒိယနှင့် နယူးဇီလန်တို့သည် လွတ်လပ်သောသဘောတူညီချက် (FTA) ၂၀၁၀ခုနှစ်တွင် ဧပြီလမှစတင်၍ ဆွေးနွေးခဲ့ကြပြီး ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဒေလီမြို့၌ နောက်ဆုံးတရားဝင်ဆွေးနွေးပွဲများကျင်းပခဲ့သည်။ သို့သော်လည်း ကုန်သွယ်မှုပမာဏနည်းပါးခြင်းအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ဆွေးနွေးပွဲများကိုရပ်ဆိုင်းခဲ့ရသည်။

       စေ့စပ်ညှိနှိုင်းမှုတွင် အဓိကအကျုံးဝင်သောကဏ္ဍများမှာ ကုန်စည်ဝန်ဆောင်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်စပ်ကိစ္စရပ်များပါဝင်သည်။ စေ့စပ်ညှိနှိုင်းမှုများကို နယူးဇီလန်မှတာဝန်ရှိသူများက မဖြစ်နိုင်သောစိန်ခေါ်မှုဟုဖော်ပြခဲ့သည်။ ကုန်သွယ်ရေးသဘောတူညီချက်ကို စေ့စပ်ညှိနှိုင်းရာတွင် ရှုပ်ထွေးမှုများကြောင့် သဘောတူညီချက်တစ်ခုရရှိရန် အခက်အခဲတချို့ရှိနေသည်ဟု ယင်းအချက်ကညွှန်ပြနေသည်။

Source : Finance.yahoo

DOCA(ရန်ကုန်)

ပိုက်လိုင်းမီးလောင်မှုကြောင့် လစ်ဗျားရေနံတင်ပို့သည့်ဂိတ်သို့ ရေနံစီးဆင်းမှုပြတ်တောက်

      လစ်ဗျားနိုင်ငံအရှေ့ပိုင်းရှိ Es Sider ရေနံတင်ပို့သည့်ဂိတ်သည် Sirte မြစ်ဝှမ်းရှိရေနံတွင်းများမှ ပိုက်လိုင်းတစ်လျှောက် မီးလောင်ကျွမ်းမှုကြောင့် ရေနံစိမ်းများစီးဆင်းမှု ရပ်တန့်သွားကြောင်း Argus က ဩဂုတ်လ ၁၃ရက်နေ့တွင် အစီရင်ခံတင်ပြခဲ့သည်။

     လစ်ဗျာနိုင်ငံရှိ အကြီးဆုံးရေနံမြေကြီး Sharara တွင် ဆန္ဒပြမှုများကြောင့် ထုတ်လုပ်မှုရပ်ဆိုင်းပြီးနောက် တစ်ပတ်အကြာတွင် ထိုသို့သော အနှောင့်အယှက်များ ထပ်မံပေါ်ပေါက်လာခြင်းဖြစ်သည်။

        Es Sider ဂိတ်သို့ ချိတ်ဆက်ထားသော ရေနံပိုက်လိုင်းအား မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း အော်ပရေတာ Waha Oil က ပြောကြားခဲ့သော်လည်း Argus မှ ကိုးကားထားသော သတင်းရင်းမြစ်များနှင့် လုပ်ငန်းလည်ပတ်မှုအစီရင်ခံစာများက ပိုက်လိုင်းမှတစ်ဆင့် စီးဆင်းမှုကိုလျှော့ချရန်နှင့် ရေနံမြေများတွင် ထုတ်လုပ်မှုကိုလျှော့ချရန်ထောက်ပြခဲ့သည်။

       Waha Oil သည် တစ်နေ့လျှင် ရေနံစိမ်းစည်ပေါင်း (bpd) ၂၆၁၀၀၀ ထုတ်လုပ်ခဲ့ပြီး ရေနံစိမ်းစည်ပေါင်း ၂၇၁၀၀၀ခန့်သည့် ၎င်း၏ ပိုက်လိုင်းစနစ်မှ Es Sider ရေနံတင်ပို့သည့်ဂိတ်သို့ စီးဆင်းသွားခဲ့ကြောင်း Argus ၏ လုပ်ငန်းလည်ပတ်မှုအစီရင်ခံစာတစ်ခုအရသိရပါသည်။

         Es Sider သို့ ရေနံစီးဆင်းမှုသည် ယခုအချိန်တွင် ၁၂၅၀၀၀bpd သို့ကျဆင်းသွားခဲ့ကြောင်း သတင်းရင်းမြစ်တစ်ခုက Argus သို့ပြောကြားခဲ့သည်။

Source : Oilprice

DOCA(ရန်ကုန်)

ဗီယက်နမ်နိုင်ငံသည် ၉နှစ်ဆက် ကုန်သွယ်ရေးပိုငွေရနိုင်ကြောင်း ကျွမ်းကျင်သူများခန့်မှန်း

        ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ခုနှစ် လက်ကျန်လများကို ဇန်နဝါရီလမှ ဇူလိုင်လအတွင်း တင်ပို့မှုကြီးထွားနှုန်းကိုထိန်းထားနိုင်ပါက ၂၀၂၄ခုနှစ်တွင် ၉နှစ်ဆက် ကုန်သွယ်ရေးပိုငွေရရှိနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းပြောကြားခဲ့ကြပါသည်။ အဆိုပါ ၇လတာကာလတွင် နိုင်ငံ၏တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၂၂၆.၉၈ဘီလီယံရှိခဲ့ပြီး ၁၅.၇% မြင့်တက်လာကာ ကုန်သွယ်ရေးပိုငွေ ၁၄.၀၈ဘီလီယံရရှိခဲ့ကြောင်း အထွေထွေစာရင်းအင်းရုံး၏ အဆိုအရသိရပါသည်။ ကျွမ်းကျင်သူများက ဗီယက်နမ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၄၁၀ဘီလီယံတန်ဖိုးရှိသည့် ထုတ်ကုန်များကို ပြည်ပသို့တင်ပို့နိုင်ပြီး ၂၀၂၄ခုနှစ် တစ်နှစ်စာလုံးအတွက် ကုန်သွယ်ရေးပို့ငွေအား အမေရိကန်ဒေါ်လာ ၂၁ဘီလီယံကျော်ရရှိခံစားနိုင်သည်ဟုခန့်မှန်းထားကြပါသည်။ ကုန်သွယ်ရေးပို့ငွေရရှိမှုမြင့်တက်လာခြင်းသည် နိုင်ငံဘဏ္ဍာရေးစိတ်ချရမှုရှိရေးအတွက် နိုင်ငံ၏ငွေပေးချေမှုနှင့် နိုင်ငံတကာအရန်ငွေတွင် ဟန်ချက်ညီမျှတို့တွင် တိုးတက်လာနိုင်ကြောင်းသိရပါသည်။ ယခုနှစ်၏ ပထမ ၇လတွင် တင်ပို့မှု အခု၃၀မှ အမေရိကန်ဒေါ်လာ ၁ဘီလီယံကျော်ရရှိခဲ့ကြောင်းသိရပါသည်။ တင်ပို့မှု ၇ခုမှ အမေရိကန်ဒေါ်လာ ၈ဘီလီယံရရှိခဲ့ပြီး ကွန်ပျူတာ၊ အီလက်ထရောနစ်ထုတ်ကုန်နှင့် အစိတ်အပိုင်းများတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၉.၉ဘီလီယံနီးပါး၊ တယ်လီဖုန်းနှင့် အစိတ်အပိုင်းများတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၂.၄ဘီလီယံနှင့် စက်များ၊ စက်မှုပစ္စည်းကိရိယာများတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၇.၆ဘီလီယံကျော်ရရှိခဲ့ကြောင်းသိရပါသည်။ ထုတ်ကုန်များစွာ၏တင်ပို့မှုမှ သိသာစွာကြီးထွားမှုရှိခဲ့ပြီး ကော်ပီ (၅၁.၉%)၊ ဆန်(၁၈.၂%)၊ ငရုတ်ကောင်း (၄၅%)၊ ရော်ဘာ(၁၄.၈%)၊ ပီလောပီနံနှင့် ပီလောပီနံထုတ်ကုန် (၁၃.၉%) အသီးသီးကြီးထွားခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံသည် ဆန်၊ ငရုတ်ကြောင်း၊ အဝတ်အထည်တို့ကဲ့သို့သော ထုတ်ကုန်များတွင် ကမ္ဘာ့ထိပ်တန်းတင်ပို့သူများထဲတွင် ပါဝင်လျက်ရှိပြီး တင်သွင်းမည့်ဈေးကွက်များ၏ လိုအပ်ချက်ကိုက်ညီရန် ထုတ်ကုန်၏ အရည်အသွေး ဆက်လက်တိုးတက်နေစေရန် နိုင်ငံအတွက် အလွန်အရေးပါသည်ဟုသိရပါသည်။ ကုမ္ပဏီများအနေဖြင့်လည်း ဈေးကွက်တစ်ခုတည်းနှင့် အနည်းငယ်အပေါ်တွင် စွန့်စားမှီခိုနေရမှုလျှော့ချရန်အလို့ငှာ အရှေ့အလယ်ပိုင်းဒေသ အာဖရိကနှင့် တောင်အမေရိက အစရှိသည့်ဈေးကွက်များသို့ဖြန့်ခွဲရန်နှင့် တိုးချဲ့ရန်လိုအပ်ကြောင်း ကျွမ်းကျင်သူများက အကြံပြုခဲ့ကြပါသည်။

Source : VietnamPlus

DOCA(ရန်ကုန်)

စင်္ကာပူသည် ဖိလစ်ပိုင်နှင့်အတူ ကျန်းမာရေးနှင့်ညီညွတ်သော ဆန်မျိုးများတီထွင်ရန် ကြိုးပမ်းလျက်ရှိ

         စင်္ကာပူနိုင်ငံသည် မိုးခေါင်ရေရှားမှုနှင့် ရေလွှမ်းမိုးမှုဒဏ်ကို ပိုမိုခံနိုင်ရည်ရှိသော ဆန်မျိုးများကိုတီထွင်ရန်နှင့် အာရှတစ်ဝန်းတွင် ပျံ့နှံ့နေသောဆီးချိုရောဂါကို ကိုင်တွယ်ဖြေရှင်းရန် အတွက် ကျန်းမာရေးနှင့်ညီညွတ်သော စပါးမျိုးများကိုပြုစုပျိုးထောင်ရန် ဖိလစ်ပိုင်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

         သြဂုတ်လ ၁၇ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံသို့ သုံးရက်ကြာနိုင်ငံတော်ခရီးစဥ်အပြီးတွင် နိုင်ငံတကာဆန်စပါးသုတေသနဌာ(IRRI)၌ သမ္မတTharmanshanmugratran က ဇီဝမျိုးစုံ မျိုးကွဲများနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးကိုကာကွယ်ရန်အတွက် နယ်ပယ်အများအပြားတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေကြောင်းပြောကြားခဲ့သည်။

        မိုးခေါင်ခြင်း၊ အပူလိုင်းနှင့် ကုန်းတွင်းပိုင်းဒေသများသို့ ရွေ့လျားလာသောပင်လယ်‌ရေမှ ဆားငန်ဝင်‌ရောက်မှုတို့သည် အာရှနှင့်အာဖရိကရှိ ဆန်စပါးစိုက်ပျိုးသူများကို ခြိမ်းခြောက်လျက်ရှိကြောင်း သုတေသီများကတွေ့ရှိခဲ့သည်။

     ဖွံ့ဖြိုးဆဲနိုင်ငံများစွာရှိ ကလေးသူငယ်များအကြား အာဟာရချို့တဲ့မှုကိုကိုင်တွယ်ဖြေရှင်းရန် မြင့်မားသောပရိုတင်းဓာတ်များပါဝင်သော ဆီးချိုရောဂါဒီရေကိုတွန်းလှန်ရန်အတွက် glycemic index (GI) ရမှတ်နည်းပါးသော ကျန်းမာရေးနှင့်ညီညွတ်သည့် ဆန်မျိုးများလိုအပ်ကြောင်း၊ စင်္ကာပူနိုင်ငံရှိ Temaska Life Science Laboratory သည် အဆိုပါပြဿနာများ ကိုဖြေရှင်းရန်အတွက် ဆန်မျိုးကွဲအသစ်များတီထွင်ထုတ်လုပ်ရန် IRRI နှင့်ပူးပေါင်းဆောင်ရွက်နေကြောင်း မစ္စတာ  Tharmar ကပြောကြားခဲ့သည်။

         IRRI မှ သုတေသီများသည် အောင်မြင်မှုတချို့ရရှိခဲ့သည်။ စပါးစေ့များ၏ GI လွှမ်းမိုးမှုရရှိသောမျိုးဗီဇများကိုဖော်ထုတ်ပြီးနောက် GI အဆင့်နိမ့်သော လူကြိုက်များသည့် စပါးမျိုးများကိုစိုက်ပျိုးနိုင်ခဲ့သည်။

       ထိုဆန်မျိုးများသည် အာရှနှင့်ကမ္ဘာတစ်ဝန်းတွင် မြင့်တက်နေသည့် ဆီးချိုရောဂါအပါအဝင် အာဟာရချို့တဲ့မှုနှင့် အဝလွန်ခြင်းအပါအဝင် ပြဿနာများစွာကို ကိုင်တွယ်ဖြေရှင်းနိုင်ကြောင်း မစ္စတာသာမန်က မှတ်ချက်ပြုခဲ့သည်။

Source:thestraitstimes

DOCA(ရန်ကုန်)

တရုတ်နိုင်ငံ၏ ကျောက်မီးသွေးပေါကြွယ်ဝသောပြည်နယ်သည် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း နိုင်ငံခြားကုန်သွယ်မှု ၁၄.၇ရာခိုင်နှုန်းတိုးတက်

      တရုတ်နိုင်ငံမြောက်ပိုင်းရှိ ကျောက်မီးသွေးအထွက်များသော Shan Xi ပြည်နယ်ရှိ ကုန်စည်တင်သွင်းမှုနှင့် တင်းပို့မှုစုစုပေါင်းသည် တစ်နှစ်ထက်တစ်နှစ် ၁၄.၇ရာခိုင်နှုန်းတိုးလာပြီး ၂၀၂၄ခုနှစ်၊ ပထမခုနစ်လတွင် ယွမ် ၁၀၁.၂ဘီလီယံ(အမေရိကန်ဒေါ်လာ၁၄.၂ဘီလီယံခန့်) ရှိကြောင်း သြဂုတ်လ ၁၇ရက်နေ့တွင်ဖော်ပြခဲ့သော တရားဝင်အချက်အလက်များအရသိရသည်။

        ဇန်နဝါရီလမှ ဇူလိုင်လအထိ ပြည်နယ်၏ပို့ကုန်သည် ၁၂.၅ရာခိုင်နှုန်းတိုးကာ ယွမ်၆၁.၅ဘီလီယံရှိပြီး သွင်းကုန်သည် ၁၈.၂ရာခိုင်နှုန်းမှ ၄၀.၅ဘီလီယံယွမ်အထိမြင့်တက်လာခဲ့ကြောင်း Tai yuan ပြည်နယ်၏ အကောက်ခွန်ဗျူရိုထုတ်ပြန်ချက်အရသိရသည်။

       အဆိုပါကာလအတွင်း Shan Xi    Belt and Road Initiative တွင်ပါဝင်သည့်နိုင်ငံများနှင့် ကုန်သွယ်မှုသည် ယွမ် ၄၇.၅၂ဘီလီယံအထိရောက်ရှိခဲ့ပြီး ၂၃.၆ရာခိုင်နှုန်းတိုးမြင့်လာပြီး စုစုပေါင်းကုန်သွယ်မှုပမာဏ၏ ၄၇ရာခိုင်နှုန်းရှိသည်။ အခြားဒေသဆိုင်ရာ ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) အဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှုစုစုပေါင်း၏ ၃၂.၁ရာခိုင်နှုန်း ဖြစ်သည်။

          ပိုကုန်များနှင့်ပတ်သက်၍ မိုဘိုင်းဖုန်းများတင်ပို့မှုမှာ ၁၀.၈ရာခိုင်နှုန်း၊ သံမဏိများတင်ပို့မှုမှာ ၁၅.၆ရာခိုင်နှုန်း၊ ဆိုလာဆဲလ်နှင့် ကျောက်မီးသွေးတင်ပို့မှုမှာ ၁၇၇.၄ရာခိုင်နှုန်း စသည်ဖြင့်အသီးသီးတိုးတက်လာခဲ့သည်။

Source:Xinhua

DOCA(ရန်ကုန်)

ပိုလန်သည် တရုတ်နိုင်ငံကိုကျော်ကာ ဂျာမန်ထုတ်ကုန်များရောင်းချသည့် ဈေးကွက်တစ်ခုဖြစ်လာ

      ဂျာမဏီနိုင်ငံ၏ ပို့ကုန်လုပ်ငန်းရှင်များသည် ယခုနှစ် ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံထက် ပိုလန်နိုင်ငံသို့ ကုန်ပစ္စည်းပိုမိုရောင်းချခဲ့ကြောင်း သြဂုတ် ၁၆ရက်နေ့တွင်ပြုလုပ်ခဲ့သော လေ့လာဆန်းစစ်မှုတစ်ခုအရသိရသည်။

  ဂျာမဏီနှင့် အရှေ့ဥရောပနိုင်ငံများကြား ကုန်သွယ်မှုကိုမြင့်တင်ရန်ရည်ရွယ်သည့် စည်းရုံးရေးအဖွဲ့ဖြစ်သည့် အရှေ့ဥရောပစီးပွားရေးဆက်ဆံရေး ကော်မတီ၏ အချက်အလက်များအရ ပိုလန်သို့ ဂျာမဏီမှ ကုန်ပစ္စည်းတင်ပို့မှုသည် ၄.၆ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ယခုနှစ်၏ ပထမခြောက်လတွင်း ယူရို ၄၈.၄ဘီလီယံ(ဒေါ်လာ ၅၃.၂ဘီလီယံ)ရှိကြောင်းပြသခဲ့သည်။

       ဆန့်ကျင်ဘက်အားဖြင့် ဂျာမဏီနိုင်ငံမှ တရုတ်နိုင်ငံသို့ ပို့ကုန်များ၏တင်ပို့မှုသည် ယခင်နှစ်အလားတူကာလနှင့်နှိုင်ယှဉ်ပါ ၄၈.၂ဘီလီယံအထိ ၂.၇ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဂျာမန်စာရင်းအင်းရုံးမှ ပမာဏအချက်အလက်များကိုအခြေခံထားသော အစီရင်ခံစာအရသိရသည်။

        ထို့ကြောင့် ပိုလန်သည် ဂျာမန်ပို့ကုန်လုပ်ငန်းများအတွက် အရေးကြီးဆုံးအရောင်းဈေးကွက်များအနက် စတုတ္ထနေရာသို့ရောက်လာခဲ့ပြီး တရုတ်နိုင်ငံသည် ပဥ္စမနေရာသို့ကျဆင်းသွားခဲ့သည်။

         ကိန်းဂဏန်းများအရ ဂျာမဏီနိုင်ငံ၏ပြည်ပသို့ ပို့ကုန်တင်ပို့မှုစုစုပေါင်းမှာ လျော့ကျသွားခဲ့သော်လည်း ၎င်းစုစုပေါင်းမှ အ‌ရှေ့ဥရောပသို့တင်ပို့မှုမှာ ယူရို၁၄၅ယီလီယံအထိ အနည်းငယ်တိုးလာခဲ့ကြောင်းသိရသည်။

Source: fish farming expert

DOCA(ရန်ကုန်)

မလေးရှား၏ စားအုန်းဆီလက်ကျန်နည်းပါးမှု ပြန်လည်မြင့်တက်ဖွယ်ရှိ

    မလေးရှားနိုင်ငံ၏ စားအုန်းဆီ လက်ကျန်ပမာဏသည် မကြာသေးမီက ကျဆင်းလာခဲ့ ပြီးနောက် လာမည့်လများအတွင်း ပြန်လည်တိုးလာနိုင်ပြီး တန်ချိန် နှစ်သန်းအထိ ရောက်ရှိနိုင်ခြေ ရှိသည်ဟု ဈေးကွက်သုတေသနအဖွဲ့များက ခန့်မှန်းတွက်ချက်လျက်ရှိကြောင်း မလေးရှား အခြေ စိုက် Bernama သတင်းဌာနက ဩဂုတ်လ ၁၃ ရက်နေ့တွင် ဖော်ပြပါသည်။

     မလေးရှားနိုင်ငံ၏ စားအုန်းဆီလက်ကျန်မှာ ၂၀၂၄ ခုနှစ်၊ မတ်လနောက်ပိုင်း ပထမဆုံး အကြိမ်ကျဆင်းလျက် ဇူလိုင်လတွင် တန်ချိန် ၁ ဒသမ ၇၃ သန်း ခန့်သာရှိပြီး ယခင်လ လက်ကျန် ပမာဏ နှင့် နှိုင်းယှဉ်ပါက ၅ ဒသမ ၄ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း သိရပါသည်။

    ဆီအုန်းစိုက်ခင်းကဏ္ဍ၏ အလားအလာမှာ ပုံမှန်အခြေအနေအတိုင်းရှိမည်ဟု ၎င်းတို့၏ သုံးသပ်မှုအား ဆက်လက်ထိန်းသိမ်းလျက် စားအုန်းဆီလက်ကျန်ပမာဏမှာ ပိုမိုမြင့်တက်လာနိုင် ဖွယ်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုဘဏ်များဖြစ်သည့် Hong Leong Investment Bank, RHB Investment Bank နှင့် Maybank Investment Bank တို့မှ သုတေသနပညာရှင်များက ဩဂုတ်လ ၁၃ ရက်နေ့ ထုတ်ပြန်သည့် ခန့်မှန်းချက်များတွင် ဖော်ပြပါသည်။  

     သီးနှံစိုက်ပျိုးမှုပုံစံတွင် ရာသီအလိုက်တိုးတက်လာခြင်းကြောင့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ တွင် စားအုန်းဆီသိုလှောင်မှု လက်ကျန်ပမာဏသည် ပြန်လည်တိုးတက်လာဖွယ်ရှိမည်ဟု မျှော် လင့်ကြကြောင်း၊ သို့သော် ပဲပုပ်ဆီ‌ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းကွာဟချက်နည်းပါးမှုကြောင့် စားအုန်းဆီတင်ပို့မှုမှာ အားနည်းသွားဖွယ်ရှိကြောင်း၊ အဓိကတင်သွင်းသည့် နိုင်ငံများတွင် ဆီ လက်ကျန်နည်းပါးခြင်းနှင့် ဈေးနှုန်းအရ ယှဉ်ပြိုင်နိုင်စွမ်း ကောင်းမွန်ခြင်းတို့ကြောင့် ဇူလိုင်လ၌ စားအုန်းဆီတင်ပို့မှုသည် ၃၉ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်လျက် တန်ချိန် ၁ ဒသမ ၆၉ သန်းအထိ မြင့်တက်ခဲ့ကြောင်း Hong Leong ရင်းနှီး မြှုပ်နှံမှုဘဏ်က မှတ်ချက်ပြုခဲ့သည်။

    ဇူလိုင်လ၌ မလေးရှားမှ စားအုန်းဆီကို အာဖရိက၊ တရုတ်၊ ဥရောပသမဂ္ဂ၊ အိန္ဒိယနှင့် အရှေ့အလယ်ပိုင်း‌ဒေသနိုင်ငံများသို့ အများဆုံးတင်ပို့ခဲ့ကြောင်း၊ သြဂုတ်လ ပထမ ၁၀ ရက်အတွင်း တင်ပို့မှုသည် ယခင်လ ကာလတူတင်ပို့နိုင်မှုနှင့် နှိုင်းယှဉ်ပါက ၁၂ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အိန္ဒိယနှင့် အရှေ့အလယ်ပိုင်းသို့ တင်ပို့မှုနည်းပါးခြင်းကြောင့် တန်ချိန် ၄၇၀၇၀၀ သို့ ကျဆင်းခဲ့ ခြင်းဖြစ်ကြောင်း ကုန်တင်စစ်တမ်း ကောက်ယူသူ Intertek Services ကုမ္ပဏီ၏ စစ်တမ်းတွင် ဖော်ပြပါသည်။

    RHB ရင်းနှီးမြှုပ်နှံမှုဘဏ်က လာနီညာကဲ့သို့ ကြိုတင်မမျှော်မှန်းနိုင်သော ရာသီဥတု ဖြစ်စဉ်များကို တုံ့ပြန်တားဆီးနိုင်ခြင်းဖြင့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှ ဒီဇင်ဘာလအတွင်း တန်ချိန် ၂ သန်းကျော်ရှိလာနိုင်ကာ ကုန်လက်ကျန်ပမာဏများ တဖြည်းဖြည်းတိုးတက်လာမည်ဟုမျှော်လင့်ပါကြောင်း၊ မလေးရှား စားအုန်းဆီကြမ်း (CPO) အတွက် သင်္ဘောပေါ်အရောက် FOB စျေးနှုန်း သည် ၂၀၂၄ ခုနှစ်အတွက် တစ်တန်လျှင် မလေးရှားရင်းဂစ် ၃၉၀၀ နှင့် ၂၀၂၅ ခုနှစ်အတွက် တစ်တန်လျှင် မလေးရှားရင်းဂစ် ၃၈၀၀ ရှိမည်ဟူသော ခန့်မှန်းချက်ကို ဆက်လက် ထိန်းသိမ်းထားပါကြောင်း ပြောဆိုပါသည်။

   ဩဂုတ်လအတွင်း တင်ပို့မှုအားနည်းနေမည်ဟု ယူဆမှုနှင့်အတူ ဆီလက်ကျန်ပမာဏ ပိုမိုမြင့်တက်ပြီး လကုန်၌ တန်ချိန် ၁ ဒသမ ၉ သန်း ရှိနိုင်မည်ဟု မျှော်မှန်းရကြောင်း၊ စားအုန်းဆီ ထုတ်လုပ်မှု အမြင့်မားဆုံး ကာလဖြစ်သည့် သြဂုတ်လမှ အောက်တိုဘာလအထိ သိုလှောင်မှု လက်ကျန် ဆက်လက်မြင့်တက်ဖွယ်ရှိကြောင်း၊ ရှေ့လာမည့် နှစ်လအတွင်း စားအုန်းဆီကြမ်း စျေးနှုန်းများအပေါ် ရာသီအလိုက် ဖိအားသက်ရောက်မှုရှိမည်ဟု ခန့်မှန်းရသော်လည်း စားအုန်း ဆီကြမ်း တစ်တန်လျှင် ပျမ်းမျှရောင်းဈေးသည် ၂၀၂၄ ခုနှစ်၌ ၄ ဒသမ ၁  ရာခိုင်နှုန်း တိုးတက်လျက် မလေးရှားရင်းဂစ် ၃၈၅၀ နှုန်းနှင့် ၂၀၂၅ ခုနှစ်တွင် ၂ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ပြီး မလေးရှား ရင်းဂစ် ၃၇၀၀ နှုန်းရှိနိုင်ကြောင်း Maybank ရင်းနှီးမြှုပ်နှံမှုဘဏ်က ပြောကြားခဲ့သည်။ 
    Public Investment Bank က တစ်နှစ်ပတ်လုံး စားအုန်းဆီထုတ်လုပ်မှု၏ ၅၅ ရာခိုင် နှုန်းဖြစ်သော တန်ချိန် ၁၉ ဒသမ ၅ သန်းကို ၂၀၂၄ ခုနှစ်၊ ဒုတိယနှစ်ဝက်တွင် ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ ၂၀၂၄ ခုနှစ် ပထမ ၇ လအတွက် ထုတ်လုပ်မှုသည် ယခင်နှစ်ကာလတူထက် ၁၀ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်လျက် တန်ချိန် ၁၀ ဒသမ ၇ သန်း ရှိခဲ့ကြောင်း၊ မလေးရှား ကျွန်းဆွယ်၌ ထုတ်လုပ်မှု ပိုမိုအားကောင်းလာပြီး ၁၃ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်လာကြောင်း၊ အရှေ့မလေးရှားတွင် တိုးတက်မှု ၁၅ ဒသမ ၃ ရာခိုင်နှုန်း ရှိကြောင်း၊ လာမည့် အစီရင်ခံစာများတွင် စားအုန်းဆီ လက်ကျန်အခြေအနေအပါအဝင် ပျမ်းမျှရောင်းဈေးနှုန်းများ (Average Selling Prices -ASPs)၊ တစ်ယူနစ်ကုန်ကျစရိတ်နှင့် ထုတ်လုပ်မှုအခြေအနေတို့ကို ထည့်သွင်းသုံးသပ်ဆောင်ရွက် မည်ဖြစ်ကြောင်း  ပြောကြားခဲ့ပါသည်။

Source: Bernama , 13th Aug, 2024 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ