ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ယခုနှစ် ပထမ ၇ လ၌ ကမ္ဘောဒီးယား၏ ဆန်တင်ပို့မှု ၄.၆% တိုးတက်

    ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ် ပထမ (၇) လတွင် ဆန် ၃၇၉၅၄၆ တန် တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ် အလားတူကာလ၌ တန်ချိန် ၃၆၂၇၀၈ ရှိရာ ၄.၆% တိုးတက်လာကြောင်း၊ တန်ဖိုးအား ဖြင့် ဒေါ်လာ ၂၈၀ သန်း ရရှိခဲ့ရာ ယခင်နှစ်ကာလတူ၌ စံချိန်တင်ခဲ့သော ဒေါ်လာ ၂၅၃ သန်းထက် ပိုမိုခဲ့ကြောင်း ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ် (CRF) ၏ ၁၂-၈-၂၀၂၄ ရက်နေ့ ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

    အဆိုပါကာလအတွင်း တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားဆန်ကို အများဆုံးတင်သွင်းသည့် နိုင်ငံအဖြစ် တန်ဖိုး ဒေါ်လာ ၄၈ သန်းရှိသော ဆန် ၇၇၂၀၄ တန်ကို ဝယ်ယူခဲ့သည်။ ထို့အပြင် ဥရောပသမဂ္ဂရှိ နိုင်ငံပေါင်း ၂၆ နိုင်ငံသို့ ဒေါ်လာ ၁၄၄ သန်းတန်ဖိုးရှိ ဆန် ၁၈၆၃၇၇ တန်၊ တီမော လက်စတီ အပါအဝင် အာဆီယံဒေသတွင်း (၇) နိုင်ငံသို့ တန်ဖိုး ဒေါ်လာ ၅၃ သန်းရှိသော ဆန် ၇၇၉၃၃ တန်နှင့် အခြားနိုင်ငံများသို့ ဆန်တန်ချိန် ၃၈၀၃၂ တန်၊ တန်ဖိုး ဒေါ်လာ ၃၃ သန်း တို့ကိုအသီးသီး တင်ပို့နိုင်ခဲ့ကြောင်း သိရပါသည်။

    ပြည်ပသို့ တင်ပို့သည့် ဆန်အမျိုးအစားများမှာ ဆန်မွှေး၊ စပါးရှည်ဆန်ဖြူ၊ ပေါင်းဆန်နှင့် အော်ဂဲနစ်ဆန်များ ပါဝင်ကြောင်း၊ ဆန်မွှေးတင်ပို့မှုသည် စုစုပေါင်းတင်ပို့မှု၏ ၇၀.၅% ရှိကြောင်း ၎င်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

    စျေးကွက်သစ်များမြှင့်တင်ရန်၊ အရည်အသွေးကောင်းမွန်သော ထုပ်ပိုးမှုနှင့် အစိုးရနှင့် ဘဏ်များ၏ ငွေကြေးပံ့ပိုးမှုဖြင့် စွမ်းဆောင်ရည် မြင့်မားသော ဆန်စက်များ ဖြစ်ပေါ်လာစေရန် ကြိုးပမ်းမှုများကြောင့် ပို့ကုန်များ တိုးတက်လာခြင်းဖြစ်သည်ကို အသိအမှတ်ပြုကြောင်း CRF ဥက္ကဌ Chan Sokheang က Khmer Times သို့ ပြောကြားခဲ့သည်။

   ကမ္ဘောဒီးယားနိုင်ငံသည် အလားတူကာလအတွင်း အိမ်နီးချင်းနိုင်ငံများသို့ ဒေါ်လာ ၇၈၄ သန်း တန်ဖိုးရှိ စပါး ၂၇၁၁၁၇၉ တန် တင်ပို့ခဲ့ကြောင်း၊ စိုက်ပျိုးရေးဝန်ကြီးဌာန၏ အဆိုအရ ကမ္ဘောဒီးယားတွင် စပါးစိုက်ဧရိယာ ဟက်တာ ၃.၅၄ သန်းရှိပြီး နှစ်စဉ် စပါးတန်ချိန် ၁၂.၄၉ သန်း ထွက်ရှိကြောင်း၊ ပြည်တွင်းဝယ်လိုအားကို ဖြည့်ဆည်းပြီးနောက် ပိုလျှံမှုမှာ စပါးတန်ချိန် ၆.၅ သန်း ရှိသဖြင့် ဆန်ပိုမိုတင်ပို့နိုင်ကြောင်း သိရသည်။

   လက်ရှိကာလတွင် CRF သည် ဘဏ်များနှင့် ကမ္ဘောဒီးယား ကြွေးမြီအာမခံ ကော်ပိုရေးရှင်း (CGCC) တို့နှင့် ပူးပေါင်း၍ ရိတ်သိမ်းရာသီတွင် စပါးသိုလှောင်ရန်အတွက် လုပ်ငန်းအရင်းအနှီး အဖြစ် ချေးငွေပိုမိုထုတ်ပေးရန် ဆောင်ရွက်လျက်ရှိကြောင်း၊ CRF အနေဖြင့် ၂၀၂၅ ခုနှစ်တွင် အနည်းဆုံး ဆန်တန်ချိန်တစ်သန်း တင်ပို့ရန် ရည်မှန်းချက် ချမှတ်ထားကြောင်းနှင့် လွန်ခဲ့သော ၂ နှစ်တာကာလအတွင်း ဆန်တင်ပို့မှု တိုးတက်လာမှုအပေါ် အခြေခံပြီး အဆိုပါပန်းတိုင်သို့ အရောက်လှမ်းနိုင်မည်ဟု အခိုင်အမာမျှော်လင့်ပါကြောင်း Sokheang က ပြောကြားခဲ့သည်။

Source: Khmer Times, 13 Aug 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

စင်ကာပူဈေးကွက်သို့ ဝင်ရောက်နိုင်ရေး ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ် ကြိုးပမ်း

 ကမ္ဘောဒီးယားနိုင်ငံမှ စင်ကာပူနိုင်ငံသို့ ဆန်တင်ပို့မှု သိသာစွာတိုးမြှင့်ရန် ရည်ရွယ်လျက် ကာလရှည် ဆန်ထောက်ပံ့မှု သဘောတူညီချက်တစ်ရပ်ကို ထူထောင်နိုင်ရန် ကမ္ဘောဒီးယားနိုင်ငံ ဆန်စပါးအသင်းချုပ် (CRF) နှင့် စင်ကာပူနိုင်ငံ၏ အကြီးဆုံး လက်လီရောင်းချမှုလုပ်ငန်းများ အနက် တစ်ခုဖြစ်သည့် NTUC FairPrice Group တို့အကြား ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင် လျက်ရှိကြောင်း သိရပါသည်။

    အဆိုပါဆန်စပါးသဘောတူညီချက်နှင့်စပ်လျဉ်း၍ ကမ္ဘောဒီးယားနိုင်ငံဆန်စပါးအသင်းချုပ်၏ ဥက္ကဌ Chan Sokheang သည် စင်ကာပူနိုင်ငံ NTUC Fairprice Group ၏ သီးခြားဒါရိုက်တာ တစ်ဦးဖြစ်သည့်  Ho Wah Lee နှင့် ဖနွမ်းပင်မြို့တွင် တွေ့ဆုံခဲ့ကြောင်း၊ NTUC FairPrice သည် စင်ကာပူ၌ စူပါမားကတ်ဆိုင်ခွဲများ ဖွင့်လှစ်ရောင်းချသည့် အကြီးဆုံးလုပ်ငန်းဖြစ်ပြီး အမျိုးသားကုန်သည်လုပ်ငန်းရှင်များသမဂ္ဂ (National Trades Union Congress - NTUC) ၏ သမဝါယမ ကုမ္ပဏီတစ်ခုဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းစုသည် စင်ကာပူနိုင်ငံတစ်ဝန်းတွင် စူပါမားကတ်ပေါင်း ၁၀၀ ကျော်နှင့် ၂၄ နာရီကာလပတ်လုံး ဖွင့်လှစ်ရောင်းချသည့် Cheers convenience စတိုးဆိုင်ခွဲ ပေါင်း ၁၆၀ ကျော် ရှိကြောင်း သိရပါသည်။

    စင်ကာပူသည် စိုက်ပျိုးထုတ်လုပ်ရန် မြေနေရာ အကန့်အသတ်ရှိပြီး ၎င်း၏ စားနပ် ရိက္ခာ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် သွင်းကုန်များအပေါ် ကြီးမားစွာ အမှီပြုနေရမှုနှင့်အတူ ကုန်သွယ်မှုကို ချဲ့ထွင်ရန်နှင့် ရေရှည်တည်တံ့သော မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်နိုင်မည့် နည်းလမ်းများကို နှစ်နိုင်ငံလုံးရှိ လုပ်ငန်းရှင်များက ရှာဖွေနေကြပါသည်။ စင်ကာပူနိုင်ငံတွင် စားနပ်ရိက္ခာဖူလုံမှုရှိစေရေး တစ်စိတ်တစ်ပိုင်းအနေဖြင့် ရေရှည်တည်တံ့သော မိတ်ဖက် ပူးပေါင်းမှု အစီအစဉ်ကို ချမှတ်နိုင်ရန် ယခုဆွေးနွေးပွဲကို ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။

    ဆန်တင်ပို့ရမှု ပမာဏမှာ နည်းပါးသော်လည်း စင်ကာပူသည် ကမ္ဘောဒီးယား၏ ဆန်တင်ပို့ ရန် ရည်မှန်းသည့်နိုင်ငံများထဲမှ တစ်ခုဖြစ်ကြောင်း CRF အထွေထွေအတွင်းရေးမှူး Lun Yeng က ဩဂုတ်လ ၈ ရက်နေ့တွင် Khmer Times သို့ ပြောကြားခဲ့သည်။

   ကမ္ဘောဒီးယားနှင့် စင်ကာပူတို့အကြား ကာလရှည်ပူးပေါင်းဆောင်ရွက်မှု အောင်မြင်ပါက ဒေသတွင်း စိုက်ပျိုးရေးကုန်သွယ်မှုအတွက် စံနမူနာတစ်ခု ဖြစ်လာနိုင်ကြောင်းနှင့် ၎င်းသည် ကမ္ဘောဒီးယား၏ ပို့ကုန်ဈေးကွက်များ တိုးချဲ့နိုင်ရေးနှင့် သမားရိုးကျ ကုန်သွယ်ဖက်များအပေါ် မှီခိုအားထားမှုကို လျှော့ချနိုင်ရေး ကြိုးပမ်းမှုများကိုလည်း အထောက်အကူဖြစ်စေမည်ဖြစ်သည်။

   ကမ္ဘောဒီးယားသည် ၂၀၂၄ ခုနှစ် ပထမခြောက်လအတွင်း ဆန် ၃၃၈၆၅၄ တန် တင်ပို့ခဲ့ပြီး ယခင်နှစ် ကာလတူထက် ၂ ဒသမ ၇ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း CRF ၏ အစီရင်ခံစာတွင် ဖော်ပြ ထားသည်။ အာဆီယံအဖွဲ့ဝင် (၇) နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၅၁ သန်း တန်ဖိုးရှိသော ဆန် တန်ချိန် ၇၄၅၅၄ တန်ကို တင်ပို့နိုင်ခဲ့ကြောင်း၊ ပြည်ပသို့ တင်ပို့သည့် ဆန်အမျိုးအစားများမှာ ဆန်မွှေး၊ ဆန်ဖြူ၊ ပေါင်းဆန်နှင့် အော်ဂဲနစ်ဆန်များ ပါဝင်ကြောင်း သိရပါသည်။

Source: Khmer Times, 9 Aug 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယဈေးကွက်၌ သဘာဝရော်ဘာ ဈေးနှုန်းများ စံချိန်တင်မြင့်တက်

     အိန္ဒိယနိုင်ငံ ကီရာလာ (Kerala) ပြည်နယ်၌ ရော်ဘာဈေးနှုန်းမှာ မြင့်တက်လျက်ရှိကြောင်း၊ ရော်ဘာဘုတ်အဖွဲ့၏ ထုတ်ပြန်ချက်အရ RSS အဆင့် ၄ မှိုင်းခံရော်ဘာပြားများ၏ တစ် ကီလိုဂရမ်ဈေးနှုန်းမှာ ၂၄၇ ရူပီး ရှိပြီး အဆိုပါဈေးနှုန်းသည် ၂၀၁၁ ခုနှစ် ဧပြီ လ ၅ ရက်နေ့တွင် စံချိန်တင်ရရှိခဲ့သည့် ၂၄၃ ရူပီး ထက်ကျော်လွန်မှုရှိခဲ့ကြောင်း၊ Kottayam မြို့ရှိ ကုမ္ပဏီတစ်ခုမှ ရော်ဘာပြားများကို ၂၅၅ ရူပီးနှုန်းပေး၍ ဝယ်ယူနေသည့်အတွက် ရော်ဘာသမိုင်းတစ်လျှောက် အမြင့်ဆုံးဈေးပေးဝယ်ယူနေခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

    ကုန်သည်များက တရားဝင်ထုတ်ပြန်သည့် ရော်ဘာ တစ်ကီလိုဂရမ်၏ ဈေးနှုန်းမှာ ၂၄၂ ရူပီး ရှိသည်။ နိုင်ငံတကာ ဈေးနှုန်းနှင့် အိန္ဒိယဈေးကွက်အကြား  ဈေးနှုန်းကွာဟချက် ၄၄ ရူပီး ရှိနေပြီး ဘန်ကောက်ဈေးကွက်တွင် ရော်ဘာ တစ်ကီလိုဂရမ်ဈေးနှုန်းသည် ၂၀၃ ရူပီး ရှိကြောင်း သိရှိ ရပါသည်။ ဈေးနှုန်းများမြင့်တက်လာမှုသည် စိုက်ပျိုးရေးကဏ္ဍအပေါ် သက်ရောက်မှုရှိပြီး မိုးရွာသွန်းမှု အလွန်နည်းပါးသော တောင်ပိုင်းဒေသရှိ ခရိုင်များတွင် ရော်ဘာအစေးခြစ်ခြင်းကို အရှိန် မြှင့်တင် လုပ်ကိုင်လျက်ရှိကြောင်း သိရှိရပါသည်။

    ရော်ဘာဘုတ်အဖွဲ့၏ ပြောကြားချက်အရ မှိုင်းခံရော်ဘာပြားများသည် စီးပွားရေး တွက်ခြေ ကိုက်မှုရှိသည့်အတွက် စိုက်ပျိုးသူများအနေဖြင့် ရော်ဘာအစေး (Latex) မှ ရော်ဘာအပြား ရရှိ‌အောင် ထုတ်လုပ်သင့်ကြောင်း၊ ရော်ဘာအ‌စေး အနေဖြင့်လည်း ဈေးကောင်းရရှိသည့် မှတ်တမ်းရှိ ကြောင်း စသည်ဖြင့်သိရှိရပါသည်။

     ခြောက်သွေ့ရော်ဘာပါဝင်မှု (DRC) ၆၀ ရာခိုင်နှုန်းပါဝင်သည့် ရော်ဘာစေး ဈေးနှုန်းမှာ ၁၇၃ ရူပီးဖြစ်ပြီး၊ ၇၅ နှစ်သက်တမ်း ရှိပြီဖြစ်သည့် အိန္ဒိယရော်ဘာဈေးကွက်၏ သမိုင်းတွင် အမြင့်ဆုံးဈေးနှုန်းဟု ဆိုရမည်ဖြစ်ပါသည်။

    အိန္ဒိယနိုင်ငံ၌ ရော်ဘာ တစ်ကီလိုဂရမ်ဈေးနှုန်းသည် ၁၉၅၀ ပြည့်နှစ်တွင် ၃ ရူပီး ထိရှိခဲ့ပါ သည်။ ရာစုနှစ်တစ်ခု၏ ထက်ဝက်အကြာထိ ရော်ဘာဈေးနှုန်းသည် ၁၀ ရူပီး အောက်၌သာ ဆက်လက်ရှိနေခဲ့ပါသည်။ ၁၉၇၉ ခုနှစ်တွင် ၁၀ ရူပီးနှုန်းသို့ ရောက်ရှိခဲ့ပြီး ၂၀၀၈ ခုနှစ်သို့ရောက်မှသာ ရူပီး ၁၀၀ နှုန်းထားကို ကျော်လွန်ရောက်ရှိလာခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

Source: Mathrubhumi, 10 August 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ကမ္ဘောဒီးယား၏ ရော်ဘာတင်ပို့မှု တိုးတက်လျက်ရှိ

    ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်၊ ပထမ (၇) လတွင် သဘာဝရော်ဘာစေး (Natural Rubber Latex) ၁၇၃၉၁၅ တန် တင်ပို့ခဲ့ပြီး ယခင်နှစ်ကာလတူ ပမာဏဖြစ်သည့် ၁၇၀၉၆၈ တန်နှင့် နှိုင်းယှဉ်ပါက ၁ ဒသမ ၇၂ ရာခိုင်နှုန်းဖြင့် ပမာဏအနည်းငယ် တိုးလာခဲ့ကြောင်း ကမ္ဘောဒီးယား ရော်ဘာအထွေထွေ ညွှန်ကြားမှု ဦးစီးဌာန၏ ၁၁-၈-၂၀၂၄ ရက်နေ့ အစီရင်ခံစာအရ သိရှိရသည်။

     ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ခု နှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအတွင်း ရော်ဘာတင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၂၆၉ သန်းရရှိခဲ့ပြီး ယခင်နှစ်ကာလတူ ပမာဏဖြစ်သည့် အမေရိကန်ဒေါ်လာ ၂၃၉ ဒသမ ၃ သန်းနှင့်နှိုင်းယှဉ်ပါက ၁၂ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်လာကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

   ၂၀၂၄ ခုနှစ်၊ ပထမ (၇) လတွင် ရော်ဘာစေး တစ်တန်လျှင် ပျမ်းမျှဈေးနှုန်းမှာ ၁၅၄၇ ဒေါ်လာဖြစ်ပြီး ယခင်နှစ်ကာလတူထက် ၁၄၇ ဒေါ်လာခန့် ပိုမိုကြောင်း ရော်ဘာ အထွေထွေ ညွှန်ကြားမှုဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် Khun Kakada က အစီရင်ခံစာတွင် ပြောကြားထားချက်အရ သိရှိရသည်။

   ကမ္ဘောဒီးယားနိုင်ငံမှ ရော်ဘာကို မလေးရှား၊ ဗီယက်နမ်၊ စင်ကာပူနှင့် တရုတ်နိုင်ငံများသို့ အဓိကတင်ပို့လျက်ရှိကြောင်း၊ ရော်ဘာစိုက် ဧရိယာသည် ၄၀၇၁၇၂ ဟက်တာရှိပြီး ၎င်းအနက် ၃၂၀၁၈၄ ဟက်တာ သို့မဟုတ် ၇၈  ဒသမ ၆ ရာခိုင်နှုန်းရှိသော ရော်ဘာပင်များသည် ရော်ဘာအစေးခြစ်ရန် အရွယ်ရောက်သောအပင်များဖြစ်ကြောင်း သိရှိရသည်။

Source: Khmer Times, 12 August, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

စင်ကာပူသို့ စားသောက်ကုန်တင်ပို့ရာ၌ ဘေးကင်းလုံခြုံမှု စည်းမျဉ်းများကို သတိပြုရန် ကုမ္ပဏီများသို့ ဗီယက်နမ်ကုန်သွယ်ရေးသံမှူး ပြောကြား

    ဗီယက်နမ်နိုင်ငံရှိ ကုမ္ပဏီများအနေဖြင့် စင်ကာပူနိုင်ငံသို့ စားသောက်ကုန်များ တင်ပို့ရာတွင် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းမှုဆိုင်ရာ စည်းမျဉ်းများနှင့် ကိုက်ညီစေရေးနှင့် စည်းမျဉ်းစည်းကမ်း ပြောင်းလဲမှု နောက်ဆုံးအခြေအနေများကို  ပုံမှန်သတိပြုဆောင်ရွက်ရန် ဗီယက်နမ် ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက တိုက်တွန်းထားကြောင်း သိရှိရသည်။

    စင်ကာပူနိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံး၏ ပြောကြားချက်အရ မလေးရှားနိုင်ငံနှင့် အခြားသော ပင်ရင်းနိုင်ငံများစွာမှ ဝင်ရောက်လာသော ကော်ဖီထုတ်ကုန်များတွင် Sibutramine တားမြစ်ပစ္စည်းပါဝင်သည်ကို တွေ့ရှိခဲ့ရသည်ဟု စင်ကာပူစားနပ်ရိက္ခာအေဂျင်စီ (SFA) က မကြာသေးမီက ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ပြင်းထန်သည့် နှလုံးနှင့် အာရုံကြောဆိုင်ရာ ပြဿနာများ ဖြစ်ပွားစေသည့် ဘေးအန္တရာယ်မြင့်မားခြင်းကြောင့် စင်ကာပူနိုင်ငံတွင် Sibutramine ကို ၂၀၁၀ ပြည့်နှစ်မှ စတင်၍ တားမြစ်ပိတ်ပင်ထားပြီး ၎င်းပစ္စည်းပါဝင်သော ထုတ်ကုန်များအား ဝယ်ယူခြင်း သို့မဟုတ် သုံးစွဲခြင်းမပြုရန် SFA က အကြံပြုထားသည်။ ခန္ဓာကိုယ် အလေးချိန် လျှော့ချနိုင်သည့် အဆိုပါ Sibutramine ကို ဆရာဝန်၏ ညွှန်ကြားချက်ရရှိမှသာ ဆေးဘက်ဆိုင်ရာ အနီးကပ် စောင့်ကြည့်ကြပ်မတ်မှုအောက်တွင် သုံးစွဲနိုင်ကြောင်း သိရှိရသည်။

    စင်ကာပူနိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်ရေးသံမှူး Cao Xuan Thang က စင်ကာပူ၏ အစားအစာ သန့်ရှင်းမှုနှင့် ဘေးကင်းလုံခြုံမှုအတွက် လိုအပ်သည့်စံနှုန်းများမှာ မြင့်မားကြောင်း၊ စင်ကာပူဈေးကွက်သို့ တိုးချဲ့တင်ပို့လိုပါက ဗီယက်နမ်ကုမ္ပဏီများအနေဖြင့် ၎င်းစံနှုန်းသတ်မှတ်ချက်များ နှင့် ကိုက်ညီမှုရှိအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး နောက်ဆုံးထုတ်ပြန်သည့် စည်းမျဉ်းစည်းကမ်းများကို မပြတ်သတိပြုရန်လိုကြောင်း၊ ကုမ္ပဏီများသည် စင်ကာပူသို့ တင်ပို့သည့် ထုတ်ကုန်များ အတွက် စင်ကာပူ စားသောက်ကုန်စည်းမျဉ်းများကို အကိုးအကားပြုလျက် အစားအစာ ဖြည့်စွက်ပစ္စည်းများကို ခွင့်ပြုထားသည့်ပစ္စည်းနှင့် တားမြစ်ထားသောပစ္စည်းဟူ၍ စာရင်းများ ပြုစုလုပ်ကိုင် သင့်ကြောင်း၊ စည်းမျဉ်းများနှင့် ကိုက်ညီမှု ရှိ/မရှိ ခိုင်မာသေချာစေရန်အတွက်လည်း ကိုယ်တိုင် စမ်းသပ်စစ်ဆေးမှု လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ဗီယက်နမ် အထွေထွေအကောက်ခွန်ဦးစီးဌာန၏ အချက်အလက်များအရ ယခုနှစ် ပထမ နှစ်ဝက် ကာလအတွင်း ဗီယက်နမ်မှ စင်ကာပူသို့ ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံခန့်ရှိပြီး ယခင်နှစ်ကာလတူထက် ၂၄ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရှိရသည်။

Source: Vietnam Plus, 14 August, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အိန္ဒိယ၏ ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ပဲမျိုးစုံတင်သွင်းမှု လျော့ကျဖွယ်ရှိသည်ဟု ကုန်သည်များပြောဆို

   အိန္ဒိယနိုင်ငံတွင် မုတ်သုံရာသီဥတုအခြေအနေ ကောင်းမွန်ခြင်းက ပြည်တွင်းစိုက်ပျိုးထုတ် လုပ်မှု မြင့်မားပြီး လက်လီဈေးနှုန်းများ နိမ့်ကျမှု ဖြစ်စေနိုင်သဖြင့် ပဲမျိုးစုံတင်သွင်းမှုမှာ ယခင်နှစ်၌ တင်သွင်းခဲ့သော တန်ချိန် ၄၇ ဒသမ ၃၈ သိန်းမှ လျော့ကျလျက် လက်ရှိ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် တန်ချိန် သိန်း ၄၀ မှ ၄၅ သိန်းအတွင်းသာ တင်သွင်းရဖွယ်ရှိကြောင်း အိန္ဒိယ ပဲမျိုးစုံနှင့် ကောက်ပဲ သီးနှံအသင်း (IPGA) ၏ ဥက္ကဋ္ဌ Bimal Kothari က ဩဂုတ်လ ၉ ရက်နေ့၌ ပြောကြားခဲ့သည်။

    မူဝါဒများအား မကြာခဏပြောင်းလဲခြင်းသည် ပဲမျိုးစုံလုပ်ငန်းကဏ္ဍ၌ ပါဝင်လုပ်ကိုင်နေသူအားလုံး၏ အကျိုးစီးပွားကို ထိခိုက်စေသဖြင့် အစိုးရအနေဖြင့် ရူပီးငွေ ကုဋေ ၂ ဒသမ ၅ သိန်း ရှိသော ပဲမျိုးစုံဈေးကွက်အတွက် ကာလရှည် မူဝါဒတစ်ရပ်ကို မူဘောင်ချမှတ်သင့်ကြောင်း IPGA ကုန်သည်အသင်းက တောင်းဆိုထားသည်။

     ယခင်ဘဏ္ဍာနှစ်၌ ပဲမျိုးစုံတင်သွင်းမှု မြင့်မားခဲ့ခြင်း၊ ၂၀၂၄-၂၅ သီးနှံရာသီကာလ၌ စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်ဖွယ်ရှိခြင်းတို့ကြောင့် ယခုနှစ် ပဲမျိုးစုံတင်သွင်းမှုမှာ တန်ချိန် သိန်း ၄၀ မှ ၄၅ အတွင်းရှိမည်ဟု ခန့်မှန်းခြင်းဖြစ်ကြောင်း၊ အိန္ဒိယ၏ ပဲနီလေးတင်သွင်းရန် လိုအပ်ချက်မှာ တန်ချိန် ၁၀ သိန်းခန့်သာရှိသော်လည်း ယခင်ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၆ သိန်းအထိ တင်သွင်းခဲ့ကြောင်း၊ ၂၀၂၃-၂၄ ခုနှစ်၌ တင်သွင်းခဲ့မှုနှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင် စားတော်တင်သွင်းမှုသည်လည်း ကျဆင်းဖွယ်ရှိကြောင်း၊ ယခုနှစ် မုတ်သုံရာသီ၌ မိုးရွာသွန်းမှု ကောင်းမွန်မှုရှိရာ မိုးသီးနှံပဲမျိုးစုံ စိုက် ဧကများ တိုးတက်လာခဲ့ပြီး အထွက်ပမာဏသည်လည်း တိုးတက်လာမည်ဟု ခန့်မှန်းရကြောင်း ဖြင့် နယူးဒေလီမြို့တွင် ကျင်းပသည့် အိန္ဒိယပဲမျိုးစုံဆိုင်ရာ ဆွေးနွေးပွဲ ၂၀၂၄ (Bharat Dalhan Seminar 2024) ၌ Mr. Kothari က ပြောဆိုခဲ့သည်။

    လက်ကားဈေးကွက်တွင် ပဲမျိုးစုံဈေးနှုန်းများသည် လွန်ခဲ့သောတစ်လခန့်မှစ၍ ကျဆင်း လာခဲ့ပြီး ဆက်လက်၍လည်း ကျဆင်းမည်ဟု ခန့်မှန်းရကြောင်း၊ တစ်လတာအတွင်း ပဲစင်းငုံ လက်ကားဈေးနှုန်းသည် တစ်ကီလိုဂရမ်ပေါ်တွင် ရူပီးငွေ ၂၀ ခန့် လျော့ကျခဲ့ကြောင်း၊ ယခုနှစ်၌ ပဲမျိုးစုံ ဈေးနှုန်းများ မြင့်တက်လိမ့်မည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

    အိန္ဒိယနိုင်ငံအနေဖြင့် ပြည်တွင်းဈေးကွက်ဝယ်လိုအားကို ဖြည့်ဆည်းနိုင်ရန်အတွက် နှစ်စဉ် တင်သွင်းမှုပမာဏအပေါ် ၉၀ ရာခိုင်နှုန်း မြင့်တက်လျက် ၂၀၂၃-၂၄ ခုနှစ်၌ ပဲမျိုးစုံတန်ချိန် ၄၇ ဒသမ ၃၈ သိန်းအထိ တင်သွင်းခဲ့ရခြင်းဖြစ်သည်ဟု အစိုးရက လွှတ်တော်သို့ ယခင်လ၌ တင်ပြခဲ့ သည်။

    ဘဏ္ဍာနှစ်အလိုက် အိန္ဒိယ၏ ပဲမျိုးစုံတင်သွင်းမှုမှာ ၂၀၂၀-၂၁ ခုနှစ်တွင် တန်ချိန် ၂၄ ဒသမ ၆၆ သိန်း၊ ၂၀၂၁-၂၂ ခုနှစ်၌ တန်ချိန် ၂၆ ဒသမ ၉၉ သိန်းနှင့် ၂၀၂၂-၂၃ ခုနှစ်တွင် တန်ချိန် ၂၄ ဒသမ ၉၆ သိန်း အသီးသီးရှိခဲ့သည်။ လက်ရှိဘဏ္ဍာနှစ်တွင် ဧပြီလနှင့် မေလအတွင်း ပဲမျိုးစုံ တန်ချိန် ၁၁ ဒသမ ၃၂ သိန်းကို တင်သွင်းထားပြီးဖြစ်သည်။

    အိန္ဒိယနိုင်ငံ၌ ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုမှာ တိုးတက်လျက်ရှိပြီး ၂၀၁၅-၁၆ ခုနှစ်တွင် တန်ချိန် ၁၆၃ ဒသမ ၂၃ သိန်းရှိရာမှ ၂၀၂၃-၂၄ ခုနှစ်၌ တန်ချိန် ၂၄၄ ဒသမ ၉၃ သိန်းသို့ မြင့်တက်ခဲ့ ကြောင်း အစိုးရ၏ တတိယအကြိမ်ခန့်မှန်းချက် ထုတ်ပြန်မှုအရ သိရှိရသည်။

Source: Economic Times, 9 Aug 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ထိုင်းနိုင်ငံ ကတ်ဘိနက်ဝန်ကြီးအဖွဲ့က ခရီးသွားကဏ္ဍအတွက် ဘတ် ၄၄၃သန်းသုံးစွဲရန် ခွင့်ပြု

       ထိုင်းနိုင်ငံကတ်ဘိနက်ဝန်ကြီးအဖွဲ့သည် အားကစားနှင့် ခရီးသွားလာရေးဝန်ကြီးဌာနအား ခရီးသွားနည်းပါးသည့်ရာသီတွင် အွန်လိုင်းပရိုမိုးရှင်းနှင့် ပွဲများပြုလုပ်ရန်အတွက် ဘတ်ဂျက် ဘတ် ၄၄၃သန်းခွင့်ပြုခဲ့ကြောင်းသိရပါသည်။ ထိုင်းနိုင်ငံခရီးသွားလာရေးအာဏာပိုင်အဖွဲ့(TAT)က  နိုင်ငံတကာဈေးကွက်ကို အလွန်မှီခိုနေရမှုကိုသက်သာစေရန်အတွက် ပြည်တွင်းခရီးသွားကဏ္ဍကို ၂၀%ထိတိုးမြှင့်ပြီး ယခုနှစ်တွင် ဘတ် ၁.၂ထရီလီယံရရှိရန် မျှော်လင့်လျက်ရှိကြောင်းသိရပါသည်။

         ထိုင်းနိုင်ငံခရီးသွားလာရေးဝန်ကြီး Sermsak Pangpanit က “The Cherm of Thai” ဆိုသည့် ခေါင်းစဉ်အောက်တွင် တင်ဆက်ပေးမည့် စီမံကိန်းနှစ်ခုမှ ဘတ် ၁၇ဘီလီယလံရရှိရန်အတွက် ပြည်တွင်းနှင့် ပြည်ပမှ ခရီးသွားများသည် နေထိုင်ခွင့်တိုးမြှင့်ပေးမည့်ဒေသ ၅ခုကိုလည်ပတ်ရန် တိုက်တွန်းအားပေးခဲ့ရကြောင်းသိရပါသည်။ Mr.Sermsak က ပထမဆုံးစီမံကိန်းအစီအစဉ်အတွက် TAT သည် အွန်လိုင်းခရီးသွားအေးဂျင့် ၉ခုနှင့်ပူးပေါင်း၍ ဩဂုတ်လမှ စက်တင်ဘာလအတွင်း ခရီးစဉ်များအတွက် ပရိုမိုးရှင်းအစီအစဉ်များပြုလုပ်ကမ်းလှမ်းသွားမည်ဟုသိရပါသည်။ ဘတ် ၂၈၀သန်းတန်ဖိုးရှိသည့် အဆိုပါစီမံကိန်းသည် လေကြောင်းကြိုတင်စာရင်းပေးမှု၊ ဟိုတယ်ကြိုတင်စာရင်းပေးမှုနှင့် ဟိုတယ်နေထိုင်မှုနှုန်းထားမြင့်တက်လာပြီး အနည်းဆုံးလည်ပတ်သူ ၁၈၅၀၀၀လာရောက်လည်ပတ်ပြီး စုစုပေါင်းတန်ဖိုး ဘတ် ၂.၈ဘီလီယံရရှိရန်ရည်ရွယ်ကြောင်းသိရပါသည်။

         ဒုတိယစီမံကိန်းမှာ စက်တင်ဘာလတွင် ပွဲတော်များနှင့် ပွဲအခမ်းအနားများကျင်းပရန်ဖြစ်ကြောင်းသိရပါသည်။ စည်းရုံးလှုံ့ဆော်မှုများကို အဓိကမြို့တော်များသုံးစွဲကာ အရှိန်မြှင့်သွားမည်ဖြစ်ပြီး ဒုတိယတန်းစားမြို့တော်များကိုလည်းလိုအပ်ပါက ပံ့ပိုးပေးသွားမည်ဟုသိရပါသည်။

         ချင်းမိုင်အနုပညာနှင့် ဂီတပွဲတော်၊ Nakhan Si Thammarat တွင်ပြုလုပ်မည့် Art Installations and Performances ၊ Kanchanaburi တွင်ကျင်းပမည့် The Rive of Time ပွဲတော်နှင့် ချောင်ဘူရီနိုင်ငံတကာဂီတပွဲတော်တို့ပါဝင်သည့် စီစဉ်ဆောင်ရွက်ဆဲဖြစ်သော ထင်ရှားသည့် ပွဲတော်များထံမှ ဘတ် ၇၅၀သန်းရရှိရန် မျှော်လင့်လျက်ရှိကြောင်းသိရပါသည်။

         TAT အုပ်ချုပ်ရေးမှူး Thapanee Kiatphaibool က ၂၀၂၅ ခုနှစ်တွင် ခရီးသွားကဏ္ဍကြီးထွားမှုနှုန်း ၇.၅%ရှိမည်ဖြစ်ပြီး အေဂျင်စီအနေဖြင့်လည်း ကမ္ဘာ့စီးပွားရေးအခြေအနေနှင့် ပထဝီနိုင်ငံပဋိပက္ခများက ခရီးသွားလာမှုကို သက်ရောက်မှုရှိသောကြောင့် နိုင်ငံတကာဈေးကွက်ကို အလွန်အကျွံမှီခိုနေရမှုမှခွဲထွက်၍ ပြည်တွင်းခရီးသွားကဏ္ဍမှ ဝင်ငွေတိုးမြင့်ရရှိလာစေရန် ဦးစားပေးဆောင်ရွက်နေကြောင်းပြောကြားခဲ့ပါသည်။

          လွန်ခဲ့သည့်လတွင် အေဂျင်စီသည် ၂၀၂၅ခုနှစ်၌ ပြည်တွင်းခရီးသွားလာမှုပေါင်း ၂၀၅သန်းရရှိရန် ရည်မှန်းထားကြောင်းကြေညာခဲ့ပြီး ယင်းပမာဏမှာ မူလခန့်မှန်းထားသည့် သန်း၂၂၀ထက်လျော့ကျသွားကြောင်းသိရပါသည်။ Mr.Thapanee က ခရီးသွားလာမှုပေါင်း ၂၀၅သန်းမှာ အခြေခံမျဉ်းသတ်မှတ်ထားခြင်းဖြစ်ပြီး အေဂျင်စီသည် ခရီးသွားလာမှုပေါင်း သန်း၂၂၀ရရှိရန် ဆက်လက်ရည်ရွယ်ကြောင်းပြောကြားခဲ့ပါသည်။ ပြည်တွင်းငွေသုံးစွဲနိုင်စွမ်းအားနည်းမှုကိုကျော်လွှားရန် အေဂျင်စီသည် ငွေကုန်ကျမှုသက်သာမည့် ခရီးတိုအရေအတွက်မြင့်တက်ရန် ခရီးသွားများကို တိုက်တွန်းအားပေးလျက်ရှိကြောင်းသိရပါသည်။

Source : Bangkok Post

DOCA(ရန်ကုန်)

ဗီယက်နမ်နိုင်ငံဒုတိယဝန်ကြီးချုပ်က ဗီယက်နမ်-ဟောင်ကောင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်တိုက်တွန်း

       ဗီယက်နမ်နိုင်ငံဒုတိယဝန်ကြီးချုပ် Tran Luu Queng က ဗီယက်နမ်နိုင်ငံနှင့် တရုတ်နိုင်ငံ၏ ဟောင်ကောင်တို့သည် အဓိကဧရိယာများဖြစ်သည့် စီးပွားရေးကုန်သွယ်မှု၊ ခရီးသွားကဏ္ဍ၊ ပညာရေး၊ သိပ္ပံနည်းပညာ၊ ဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထုကာကွယ်ရေးတို့တွင် ၎င်းတို့၏ပူးပေါင်းဆောင်ရွက်မှုကိုပိုမိုနက်ရှိုင်းပြီး အရည်အသွေးတိုးတက်စေရေးအတွက် ဇူလိုင်လ ၃၁ရက်နေ့မှ ဩဂုတ်လ ၂ရက်နေ့အထိ အလည်အပတ်ခရီးလာရောက်ခဲ့သည့် ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအကြီးအကဲ John Lee Ka-chiu နှင့်ဆွေးနွေးမှုတွင် Quang က Lee ၏ခရီးစဉ်သည် အပြန်အလှန်ပူးပေါင်း‌ဆောင်ရွက်မှုကိုအရှိန်မြှင့်တင်ရန် အရေးပါသည့်မှတ်တိုင်တစ်ခုဖြစ်လာရန် ၎င်း၏မျှော်လင့်ချက်ကိုဖော်ပြခဲ့ပါသည်။

        Quang က ဗီယက်နမ်အုပ်စုများနှင့်လုပ်ငန်းများ ဗီယက်နမ်ဈေးကွက်အတွင်း ဝင်ရောက်ရန်ဖိတ်ခေါ်ခဲ့ပြီး အရည်အသွေးမြင့်စီမံကိန်းများလာရောက်ရန်နှင့် ဗီယက်နမ်ကုန်ပစ္စည်းအများတင်သွင်းမှုမြှင့်တင်ရန် ပြောကြားခဲ့ပါသည်။ ထို့ပြင် Quang ဘက်ပေါင်းစုံပါဝင်သောယန္တရားများ၊ ဖိုရမ်များတွင် နှစ်ဖက်စလုံးက ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်အကြံပြုခဲ့ပြီး ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် APEC 2027 တွင် ဟောင်ကောင်ကပံ့ပိုးပေးပြီး အနီးကပ်ပူးပေါင်းဆောင်ရွက်ပေးရန်တောင်းဆိုခဲ့ပါသည်။

          Lee ကလည်း ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအနေနှင့် ဗီယက်နမ်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် အဆင်သင့်ဖြစ်နေကြောင်းနှင့် နှစ်ဖက်စလုံးရှိ ပြည်သူလူထုနှင့် စီးပွားရေးအဖွဲ့အစည်းများအတွက် ထိရောက်စွာ အကျိုးအမြတ်ရရှိမှုကိုသယ်ဆောင်လာမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲတွင် နှစ်ဖက်စလုံးသည် ဗီယက်နမ်-ဟောင်ကောင်၏ စီးပွားရေးကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားကဏ္ဍတို့တွင် အပေါင်းလက္ခဏာထောင်သည့် ရလဒ်နှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ၎င်းတို့၏ စိတ်ကျေနပ်မှုကိုဖော်ပြခဲ့ကြောင်းသိရပါသည်။

        ဗီယက်နမ်သည် လတ်တလောတွင် ဟောင်ကောင်၏ အာဆီယံ၌ ဒုတိယအကြီးဆုံးကုန်သွယ်ရေးမိတ်ဖက်ဖြစ်ပြီး နိုင်ငံတကာတွင် ခုနှစ်နိုင်ငံမြောက်အကြီးမားဆုံးဖြစ်ပါသည်။ ထိုအချိန်တွင် ဟောင်ကောင်သည် ဗီယက်နမ်၏ ခုနှစ်နိုင်ငံမြောက် အကြီးမားဆုံးကုန်သွယ်ရေးမိတ်ဖက်ဖြစ်ကြောင်းသိရပါသည်။

         Lee သည် ဘဏ္ဍာရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု၊ ဒစ်ဂျစ်တယ်နှင့် အစိမ်းရောင်စီးပွားရေးနှင့် သိပ္ပံနည်းပညာတို့တွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးမှုများကိုတိုးမြှင့်ရန်အကြံပြုခဲ့ပါသည်။ ဆွေးနွေးပွဲအပြီးတွင် ဗီယက်နမ်ဒုတိယဝန်ကြီးချုပ်နှင့် ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအကြီးအကဲတို့သည် နှစ်ဖက်စလုံးမှအေဂျင်စီများနှင့် လုပ်ငန်းများအကြား ဘဏ္ဍာရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့်   လေယာဉ်လုပ်ငန်းနယ်ပယ်တို့တွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်ကြရန် သက်သေပြုခဲ့ကြောင်းသိရပါသည်။

Source : VietnamPlus

DOCA(ရန်ကုန်)

ဗီယက်နမ်၏ လတ်ဆတ်သောကျွဲကောသီးများ တောင်ကိုရီးယားနိုင်ငံသို့ တင်ပို့ခွင့်လိုင်စင်ရရှိ

         တောင်ကိုရီးယားနိုင်ငံတိရစ္ဆာန်နှင့် အပင်ရောဂါကာကွယ်တားဆီးရေးအေဂျင်စီ (APQA) က ဗီယက်နမ်နိုင်ငံထံမှ လတ်ဆက်သောကျွဲကောသီးများ တရားဝင်တင်သွင်းခွင့်ပြုကြောင်း ကြေညာခဲ့သည်ဟု ဗီယက်နမ်နိုင်ငံစိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနလက်အောက်ရှိ အပင်ကာကွယ်ရေးဦးစီးဌာန(PPD)၏ အဆိုအရသိရပါသည်။ ထို့ကြောင့် ကျွဲကောသီးသည် နဂါးမောက်သီးနှင့် သရက်သီးတို့ပြီးလျှင် တောင်ကိုရီးယားနိုင်ငံသို့ပို့ခွင့်ရသည့် တတိယမြောက်အသီးဖြစ်လာပြီး ဗီယက်နမ်လယ်ယာထွက်ကုန်များ နိုင်ငံတကာဈေးကွက်သို့ဝင်ရောက်ရန်အတွက် ကြီးမားသည့်အခွင့်အလမ်းတစ်ခုနှင့် သိသာထင်ရှားသည့် မှတ်တိုင်တစ်ခုဖြစ်ကြောင်းသိရပါသည်။

         PPD သည် ၂၀၁၈ ခုနှစ်တွင် ၎င်းတို့သည် တောင်ကိုရီးယားနိုင်ငံကို ကျွဲကောသီးတင်ပို့ရန်အတွက် ကြေညာမြှင့်တင်မည့် ပရိုဂရမ်ကိုစတင်နေကြောင်းပြောကြားခဲ့ပါသည်။ အပင်ဖျက် ပိုးမွှားအန္တရာယ်ဆန်းစစ်မှုလုပ်ငန်းစဉ်များ လွယ်ကူချောမွေ့စေရေးအတွက် အချက်အလက်ဖလှယ်ခြင်းနှင့် တက်ကြွစွာညှိနှိုင်းခြင်းနှင့် မြောက်များစွာသော ဆွေးနွေးညှိနှိုင်းမှုများပြီးသည့် နောက် PPD နှင့် APQA တို့သည် ၂၀၂၄ခုနှစ်၊ ဧပြီလတွင်ကျင်းပခဲ့သည့် အစည်းအဝေး၌ လုပ်ထုံးလုပ်နည်းအရ သဘောတူညီမှုရရှိခဲ့ကြောင်းသိရပါသည်။ PPD ၏အဆိုအရ တောင်ကိုရီးယားနိုင်ငံသို့ ကျွဲကောသီးတင်ပို့ရန်အတွက် စံနှုန်းများပြည့်မီရန်အတွက် အပင်စိုက်ပျိုးသည့်ဧရိယာများအနေဖြင့် ဌာနနှင့်အတူ နှစ်စဉ်မှတ်ပုံတင်ရမည်ဟုသိရပါသည်။

       APQA က အဆိုပါဧရိယာများ၌ အပင်ဖျက်ပိုးမွှားများအားထိန်းချုပ်ခြင်းနှင့် စောင့်ကြည့်ခြင်းတို့တွင် စီမံခန့်ခွဲမှုနှင့် ကြီးကြပ်ညွှန်ကြားမှုတို့ပြုလုပ်သွားမည်ဟုသိရပါသည်။ တောင်ကိုရီးယားသို့တင်ပို့မည့် လတ်ဆတ်သောကျွဲကောသီးများအား ထုပ်ပိုးမည့်အစီအစဉ်ကိုလည်း ဌာနနှင့်အတူ နှစ်စဉ်မှတ်ပုံတင်ရမည်ဖြစ်ပြီး ပုံမှန်သန့်ရှင်းမှုနှင့် စစ်ဆေးမှုပြုလုပ်ရမည်ဟုသိရပါသည်။ နှစ်စဉ် လတ်ဆက်သောကျွဲကောသီးများတင်ပို့မှုမစတင်မီက မှတ်ပုံတင်ထားသည့် ကျွဲကောသီးစိုက်ပျိုးမည့်ဒေသစာရင်း၊ တင်ပို့မည့်ထုပ်ပိုးမှုပုံစံနှင့် အပူငွေ့ပေးသည့်ပုံစံတို့ကို APQA ထံတင်ပြရမည်ဟုသိရပါသည်။

Source : VietnamPlus

DOCA(ရန်ကုန်)

အရှေ့မြောက်အာရှဈေးကွက်တွင် ဗီယက်နမ်သစ်သီးများအတွက် ကြီးမားသော အခန်းကဏ္ဍရှိနေ

      ဗီယက်နမ်သစ်သီးအမျိုးအစားများစွာသည် အရှေ့မြောက်အာရှဈေးကွက်တွင် ဝယ်လိုအားမြင့်တက်လျက်ရှိပြီး ၂၀၂၄ခုနှစ်အတွက် ရည်မှန်းချက်ဖြစ်သည့်သစ်သီးနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၇ဘီလီယံရရှိစေရေးအတွက် ပံ့ပိုးကူညီပေးလျက်ရှိကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံသစ်သီးနှင့်ဟင်းသီးဟင်းရွက်အသင်း၏ အတွင်းရေးမှူးချုပ်ဖြစ်သူ Deng Phue Nguyen ၏ပြောကြားချက်အရ ဇူလိုင်လကုန်တွင် သစ်သီးနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၃.၈ဘီလီယံရရှိခဲ့ပြီး အဆိုပါပမာဏအနက် ၄၀% သည် ဒူးရင်းသီးတင်ပို့မှုမှတစ်ဆင့် ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ အဆိုပါအောင်မြင်မှုသည် ဗီယက်နမ်စိုက်ပျိုးရေးထုတ်ကုန်များအတွက် အကောက်ခွန်လျှော့ချပေးပြီး ဈေးကွက်ဖွင့်လှစ်ပေးနိုင်ခဲ့သည့် လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်များ (FTAs) ကို အကောင်အထည်ဖော်နိုင်ခဲ့မှုကြောင့်လည်းပါဝင်ကြောင်းသိရပါသည်။ တရုတ်၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့သို့တင်ပို့မှုမှာ ထင်ထင်ရှားရှားကြီးထွားခဲ့ပြီး ဗီယက်နမ်သစ်သီးနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုစုစုပေါင်းတန်ဖိုး၏ ၈၀% မှာ အဆိုပါဈေးကွက်များသို့ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ Nguyen က တရုတ်နိုင်ငံသည် ကြီးမားသည့်လူဦးရေနှင့် သစ်သီးနှင့်ဟင်းသီးဟင်းရွက်များအတွက် ဝယ်လိုအားမြင့်မားမှုကြောင့် ဗီယက်နမ် သစ်သီးများအတွက် ရိုးရာဈေးကွက်တစ်ခုဖြစ်နေကြောင်းနှင့်  ဂျပန်နှင့် တောင်ကိုရီးယားတို့၌လည်း လူဦးရေများပြားပြီး အရည်အသွေးကောင်းသော စိုက်ပျိုးရေးထုတ်ကုန်များအတွက် မြင့်မားသည့်ဝင်ငွေနှင့် မြင့်မားသည့်ဝယ်လိုအားရှိကြောင်းပြောကြားခဲ့ပါသည်။ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့မှာ ဒေသတွင်း စဉ်ဆက်မပြတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) အဖွဲ့ဝင်များဖြစ်သည့်အတွက် ဗီယက်နမ်၏ အဆိုပါဈေးကွက်နှစ်ခုသို့တင်ပို့မှုမှာ အကောက်ခွန်လျှော့ချမှု၊ သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ရေးအတွက် ကုန်ကျစရိတ်နည်းပါးခြင်း စသည့် အကျိုးကျေးဇူးများကိုခံစားရကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံအပင်ကာကွယ်ရေးဦးစီးဌာနမှ Luong Ngoc Quang ၏အဆိုအရ တရုတ်နိုင်ငံသည် နဂါးမောက်သီး၊ တောကြက်မောက်သီး၊ လိုင်ချီးသီး၊ သရက်သီး၊ ဒူးရင်းသီးနှင့် အခြားအမျိုးအစားများပါဝင်သော ဗီယက်နမ်စိုက်ပျိုးရေးထုတ်ကုန် ၁၂ခုကိုတင်သွင်းခွင့်ပြုထားကြောင်းပြောကြားခဲ့ပါသည်။ ဂျပန်နိုင်ငံသည် နဂါးမောက်သီး၊ သရက်သီး၊ လိုင်ချီးသီးနှင့် တောကြက်မောက်သီးတို့ကိုတင်သွင်းလျက်ရှိပြီး တောင်ကိုရီးယားနိုင်ငံသည် လက်တလောတွင် ဗီယက်နမ်ထံမှ လတ်ဆတ်သော စပျစ်သီးတင်သွင်းရန် ခွင့်ပြုထားကြောင်းသိရပါသည်။ သို့သော် ဈေးကွက်ရရှိရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများမှာ ရှုပ်ထွေးပြီး အချိန်ကုန်ကြောင်းနှင့် တချို့ဆွေးနွေးမှုများသည် ၃နှစ်မှ ၅နှစ်အထိကြာမြင့်ကြောင်းသိရပါသည်။ ခွင့်ပြုချက်တစ်ခုရရှိပါက တင်သွင်းသည့်နိုင်ငံ၏ စံနှုန်းကိုလိုက်နာပြီး အနှောက်အယှက်ဖြစ်စေမည့်အရာများကိုရှောင်ရှားရန် အရေးပါကြောင်းသိရပါသည်။ ထုတ်လုပ်သူတစ်ဦး သို့မဟုတ် တင်ပို့မှုတစ်ခုက ချိုးဖောက်မှုတစ်ခုပြုလုပ်မိခဲ့လျှင် နယ်ပယ်တစ်ခုလုံးကိုသက်ရောက်မှုရှိပြီး သတိပေးခံရခြင်း သို့မဟုတ် တင်ပို့မှုပိတ်ပင်ခံရခြင်းကို ဦးတည်စေနိုင်သည်ဟုသိရပါသည်။ တောင်ပိုင်းဒေသ သစ်သီးဝလံသုတေသနအသင်း၏ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ Nguyen Thenh Hieu က ဗီယက်နမ်သစ်သီးများသည် ဈေးကွက်များစွာတွင် အရည်အသွေးမြင့်မားမှုနှင့်အတူ လူကြိုက်များလျက်ရှိကြောင်းပြောကြားခဲ့ပါသည်။ တင်ပို့သူအများစုသည်လည်း အပင်ရောဂါထိန်းချုပ်ခြင်းနှင့် အစားအစာလုံခြုံရေးအပေါ် ဈေးကွက်စည်းမျဉ်းများနှင့်ပတ်သက်၍ နောက်ဆုံးအခြေအနေကိုရှင်းလင်းပြောကြားလျက်ရှိကြောင်းသိရပါသည်။ သို့သော် စိုက်ပျိုးရေးတန်ဖိုးကွင်းဆက်၏ စတင်ရာဖြစ်သည့် လယ်သမားများသည် စည်းမျဉ်းအပြောင်းအလဲများနှင့်ပတ်သက်၍  သတင်းအရင်းအမြစ်ရရှိမှု မကြာခဏပြတ်လပ်လျက်ရှိကြောင်းသိရပါသည်။ ထို့ကြောင့် ဒေသအာဏာပိုင်များ၊ စီးပွားရေးလုပ်ငန်းများသည် လယ်သမားများအား ၎င်းတို့၏ထုတ်လုပ်မှုစံနှုန်းများ၊ ထုပ်ပိုးမှုပုံစံများ၊၊ ကုန်အမှတ်တံဆိပ်မြင့်တက်ခြင်းတို့တိုးတက်လာစေရန် ပံ့ပိုးမှုပေးသင့်ကြောင်းနှင့် သို့မှသာ ကမ္ဘာလုံးဆိုင်ရာဈေးကွက်တွင် ဗီယက်နမ်သစ်သီးများ၏ ဂုဏ်သတင်းတိုးမြှင့်နိုင်မည်ဖြစ်သည်ဟုသိရပါသည်။

Vietnam Plus

DOCA(ရန်ကုန်)        

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ