ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

အင်ဒိုနီးရှားသို့ ဆန်တန်ချိန် ၁ သန်းတင်ပို့ရန် အိန္ဒိယအစိုးရ အတည်ပြု

   အိန္ဒိယနိုင်ငံအစိုးရသည် အင်ဒိုနီးရှားနိုင်ငံသို့ ဘာစမာတီမဟုတ်သောဆန် တန်ချိန် ၁ သန်း တင်ပို့ရေး သဘောတူညီချက် လက်မှတ်ရေးထိုးရန် အဆိုပြုချက်ကို အတည်ပြုခဲ့ကြောင်း အိန္ဒိယ Rural Voice အင်တာနက်သတင်းစာမျက်နှာက ဖော်ပြပါသည်။

    ဇန်နဝါရီ ၁ ရက်နေ့တွင် ကျင်းပသော အစိုးရအဖွဲ့ စီးပွားရေးရာကော်မတီ၏ အစည်းအဝေး ၌ အဆိုပါ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်ပြီး အိန္ဒိယနိုင်ငံဘက်မှ သမဝါယမဝန်ကြီးဌာနနှင့် အင်ဒိုနီးရှားနိုင်ငံဘက်မှ ကုန်သွယ်ရေးဝန်ကြီးဌာနတို့သည် ဘာစမာတီမဟုတ်သောဆန် တန်ချိန် ၁ သန်း တင်ပို့ရေး နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးမည်ဖြစ်သည်။

   သတင်းအရင်းအမြစ်များမှ ပြောကြားချက်အရ အမျိုးသား သမဝါယမပို့ကုန် လီမိတက် (National Cooperative Export Limited - NCEL) သည် သမဝါယမဝန်ကြီးဌာန၏ ကိုယ်စား ဆန် တင်ပို့မှု ကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံဘက်၌ ကုန်သွယ် ရေးဝန်ကြီးဌာနကိုယ်စား နိုင်ငံပိုင်ဝယ်ယူရေးအေဂျင်စီဖြစ်သော ဘူးလော့အဖွဲ့ (BULOG) က ဆန်တင်သွင်းမှု လုပ်ငန်းများကို လုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။

   ဆန်တင်ပို့မှု ကန့်သတ်တားမြစ်ထားသည့်ကာလအတွင်း အိန္ဒိယအစိုးရ၏ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှု အစီအစဉ်ဖြင့် ခွင့်ပြုသည့် ဆန်တင်ပို့မှုများကို နိုင်ငံတော်အဆင့် သမဝါယမ အသင်းချုပ် ၃ ခုအနက် တစ်ခုအပါအဝင်ဖြစ်သော NCEL လီမိတက်က တာဝန်ယူ တင်ပို့ခဲ့ခြင်းဖြစ် သည်။ အင်ဒိုနီးရှားသို့ ဘာစမာတီမဟုတ်သောဆန် တန်ချိန် ၁ သန်း တင်ပို့မည့် ယခုအစီအစဉ်တွင် NCEL သည် တင်ပို့မည့်ဆန်များကို အစိုးရ၏ အရန်ရိက္ခာသိုလှောင်ထားရှိမှုမှ ရယူခြင်းမပြုပဲ ပြင်ပ ဈေးကွက်အတွင်းမှ ဝယ်ယူလျက် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သည့်ပုံစံဖြင့်သာ တင်ပို့သွားမည် ဖြစ်သည်။

    ကမ္ဘာ့အကြီးဆုံးဆန်တင်ပို့သူဖြစ်သော အိန္ဒိယနိုင်ငံ၌ မိုးသီးနှံရာသီ ဆန်ထုတ်လုပ်မှုသည် ၂၀၂၃-၂၄ ခုနှစ်တွင် တန်ချိန် ၁၁.၃၂ ကုဋေရှိရာမှ ၂၀၂၄-၂၅ ခုနှစ်၌ တန်ချိန် ၁၁.၉၉ ကု‌ဋေအထိ စံချိန်တင်တိုးတက်မည်ဟု ခန့်မှန်းထားသည်။ လက်ရှိကာလတွင် ဆန်ဈေးနှုန်းများတည်ငြိမ်နေပြီး အစိုးရ၏ အရန်ရိက္ခာသိုလှောင်မှု လုံလောက်မှုရှိနေချိန်၌ အင်ဒိုနီးရှားသို့ ဆန်တန်ချိန် ၁ သန်း တင်ပို့ရန် လက်မှတ်ရေးထိုးမည့် အစီအစဉ်သည် အိန္ဒိယရှိ ဆန်တင်ပို့သူများနှင့် လယ်ယာစိုက်ပျိုး ရေးလုပ်ကိုင်သူများအတွက် သတင်းကောင်းတစ်ရပ်ပင်ဖြစ်ကြောင်း Rural Voice သတင်း ဝက်ဘ် ဆိုက်က ဖော်ပြထားသည်။

Source: Rural Voice, 2 Jan 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် သတင်းတင်ပြချက် (၂၈-၁၂-၂၀၂၄ နေ့မှ ၃-၁-၂၀၂၅ နေ့အထိ)

အစီရင်ခံစာအမှတ် - ၁/၂၀၂၅

တရုတ်နိုင်ငံသို့ ဆန်တင်ပို့ခွင့်ခွဲတမ်း တန်ချိန် ၅ သိန်း ကမ္ဘောဒီးယား တိုးမြှင့်ရရှိ

 ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသို့ ကြိတ်ခွဲပြီးဆန်တင်ပို့မှုကို တန်ချိန် ၄ သိန်း ခွဲတမ်းရရှိခဲ့ရာမှ သဘောတူညီချက်အသစ်တစ်ရပ်ကို လက်မှတ်ရေးထိုးပြီး ၂၅ ရာခိုင်နှုန်းမြှင့်တင် လျက် ဆန်တန်ချိန် ၅ သိန်းအထိ တင်ပို့ခွင့်ရရှိခဲ့ကြောင်း ခမာတိုင်းမ် သတင်းဌာနက ဖော်ပြပါ သည်။

  ကမ္ဘောဒီးယား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံပိုင် ထောက်ပံ့ပို့ဆောင်ရေးနှင့် ကုန်သွယ်ရေးလုပ်ငန်းဖြစ်သော Green Trade ကုမ္ပဏီသည် တရုတ် နိုင်ငံရှိ အစိုးရပိုင် စားသောက်ကုန်လုပ်ငန်းဖြစ်သည့် COFCO ကော်ပိုရေးရှင်းနှင့် ဆန်ကုန်သွယ်မှု ဆိုင်ရာ နားလည်မှုစာချွန်လွှာ အသစ်တစ်ရပ်ကို လက်မှတ်ရေးထိုးလျက် တရုတ်နိုင်ငံသို့ ဆန် တင်ပို့ခွင့်ခွဲတမ်းကို တန်ချိန် ၅ သိန်းသို့ တိုးမြှင့်နိုင်ခဲ့သည်ဟု ၂၀၂၄ ခုနှစ် ဒီဇင်ဘာလလယ်ပိုင်း၌ ထုတ်ပြန်သည့် နှစ်ပတ်လည် အစီရင်ခံစာ၌ အဆိုပါဝန်ကြီးဌာနက ဖော်ပြခဲ့ခြင်းဖြစ်သည်။

 ဝန်ကြီးဌာနအနေဖြင့် Green Trade ကုမ္ပဏီမှတစ်ဆင့် ဒေသတွင်းရှိ အချို့သောနိုင်ငံများ ထံသို့ ကမ္ဘောဒီးယား၏ ဆန်ဈေးကွက်ကို ချဲ့ထွင်နိုင်ရေး စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင်လျက် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ကမ္ဘောဒီးယား - တရုတ် လွတ်လပ်စွာ ကုန် သွယ်မှု သဘောတူစာချုပ်အရ ဆန်တင်ပို့မှုဈေးကွက်မြှင့်တင်ရန် လုပ်ဆောင်လျက်ရှိကြောင်းဖြင့် ကမ္ဘောဒီးယား ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Cham Nimul က ပြောကြားခဲ့သည်။

၂၀၁၄ ခုနှစ် ဩဂုတ်လ၌ ကမ္ဘောဒီးယားနှင့်တရုတ် နှစ်နိုင်ငံအကြား သဘောတူ လက်မှတ် ရေးထိုးခဲ့သည့် ပထမဦးဆုံး ဆန်တင်ပို့ခွင့်ခွဲတမ်း သတ်မှတ်ချက်မှာ တန်ချိန် ၁၀၀၀၀၀ သာ ရှိခဲ့ ရာမှ တဖြည်းဖြည်း တိုးမြင့်လာခဲ့ခြင်းဖြစ်သည်။

 ကမ္ဘောဒီယားနိုင်ငံသည် ၂၀၂၄ ခုနှစ် ပထမ ၁၁ လအတွင်း ပြည်ပသို့ ဆန် ၅၇၅၅၆၂ တန်ကို တင်ပို့လျက် ဝင်ငွေ ဒေါ်လာ ၄၁၃.၉ သန်းရရှိခဲ့ကြောင်း၊ ကုမ္ပဏီ ၅၅ ခုမှ နိုင်ငံပေါင်း ၆၇ နိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အဓိကဈေးကွက်အဖြစ် ဆက်လက်ရပ်တည်နေပြီး အဆိုပါ ကာလအတွင်း တန်ဖိုးဒေါ်လာ သန်း ၇၀ ရှိသော ဆန်တန်ချိန် ၁၀၉၄၄၈ တန်ကို တင်ပို့ခဲ့ ခြင်းဖြစ်ကြောင်း ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ်၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

တရုတ်နိုင်ငံ၌ ကျင်းပခဲ့သော တရုတ်-အာဆီယံ အရည်အသွေးမြင့် အင်ဒီကာဆန်မျိုးများ ၏ အရသာအရည်အသွေး သုံးသပ်အကဲဖြတ်ပြိုင်ပွဲတွင် ကမ္ဘောဒီးယား၏ Sen Kra Ob ဆန်မွှေး သည် အကောင်းဆန်အဖြစ် ပထမဆုရရှိထားသည်။ အဓိက ဈေးကွက်ဖြစ်သော တရုတ်နိုင်ငံသို့ ဆန်တင်ပို့ခွင့်ခွဲတမ်း တိုးချဲ့နိုင်ခြင်းက ကမ္ဘောဒီးယား၏ ဆန်တင်ပို့မှုကို တိုးမြှင့်နိုင်မည်ဖြစ် သကဲ့ သို့ နိုင်ငံ၏ လယ်ယာကဏ္ဍကိုလည်း သိသာစွာ မြှင့်တင်နိုင်လိမ့်မည်ဟု ခမာတိုင်းမ် သတင်းဌာနက ဖော်ပြထားသည်။

Source: Khmer Times, 1 Jan 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဘင်္ဂလားဒေ့ရှ်အမျိုးသားအခွန်ဘဏ္ဍာဘုတ်အဖွဲ့ကနေကြာဆီနှင့်ပန်းနှမ်းဆီ(Canola oil) အတွက်သွင်းကုန်အခွန်များဖယ်ရှား

          အမျိုးသားအခွန်ဘဏ္ဍာဘုတ်အဖွဲ့သည် ပြည်တွင်းဈေးကွက်တွင် စားသုံးဆီဈေးနှုန်းမြင့်တက်နေမှုကိုထိမ်းချုပ်ရန်နှင့် ရောင်းချမှုအရှိန်မြှင့်တင်ရန် နေကြာဆီနှင့် ပန်းနှမ်းဆီ (Canola oil)များအတွက် သွင်းကုန်အခွန်အားလုံးကို ဖယ်ရှားမည်ဟုသိရပါသည်။ ထိုဆုံးဖြတ်ချက်သည် ဘင်္ဂလားဒေ့ရှ်ကုန်သွယ်ရေးနှင့် အကောက်ခွန်ကော်မရှင်က အစိုးရအနေနှင့် ဟင်းချက်ဆီများ ဈေးကွက်အတွင်းသို့ ပိုမိုဝင်ရောက်နိုင်ရန် သွင်းကုန်အခွန်များလျှော့ချရန် အဆိုပြုခဲ့ပြီးနောက် ပေါ်ထွက်လာခြင်းဖြစ်ကြောင်းသိရပါသည်။ ထိုသွင်းကုန်အခွန်အကျိုးခံစားခွင့်သည် ၂၀၂၅ ခုနှစ် မတ်လအထိ အသက်ဝင်မည်ဟုသိရပါသည်။ ထိုသို့အကောက်ခွန်ဖြတ်တောက်မှု သည် ထိုဆီများအတွက် သွင်းကုန်ကုန်ကျစရိတ် တစ်လီတာလျှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံးငွေ Tk ၄၀ မှ ၅၀ ကြား လျော့ချနိုင်မည်ဟုသိရပါသည်။ ဘင်္ဂလား‌ဒေ့ရှ်စားသုံးသူများသည် လွန်ခဲ့သည့် ၃ လတွင် ငွေကြေး ဖောင်းပွမှုနှင့် ဟင်းချက်ဆီဈေးမြင့်တက်မှုပြသနာနှင့် ရင်ဆိုင်နေရကြောင်း သိရပါသည်။ ထိုသို့ မြင့်တက်လာမှုသည် ကမ္ဘာ့အကြီးမားဆုံးစားအုန်းဆီထုတ်လုပ်သည့် မလေးရှားနှင့် အင်ဒိုနီးရှား တို့က ဘိုင်အိုဒီဇယ်ထုတ်လုပ်ရန်အတွက် စားအုန်းဆီကိုအသုံးပြုရန် အဓိကအာရုံစိုက်လာသောကြောင့် စားအုန်းဆီထုတ်လုပ်မှုကျဆင်းလာမည်ကို စိုးရိမ်ပူပန်နေကြ ခြင်းနှင့် နိုင်ငံတကာဈေးနှုန်းများ မြင့်တက်လာသောကြောင့်ဖြစ်ကြောင်းသိရပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၎င်းတို့၏ စားသုံးဆီဝယ်လိုအား ခန့်မှန်းတစ်နှစ်လျှင်စားသုံးဆီတန်ချိန် ၂၃ သိန်းပြည့်မီရန်အတွက် တင်သွင်းမှုကို ကြီးမားစွာမီခိုနေရကြောင်းသိရှိရပါသည်။

Daily Star

DOCA(ရန်ကုန်)                                                                                      မြသူ (DOCA-YGN)

စိုက်ပျိုးမွေးမြူရေး-သစ်တော-ငါးလုပ်ငန်းတင်ပို့ရာမှတစ်ဆင့်အမေရိကန်ဒေါ်လာ ၆၂ ဘီလီယံကျော်ရရှိရန်ခန့်မှန်းရသည့်ဗီယက်နမ်

            ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်၏စိုက်ပျိုးမွေးမြူရေး-သစ်တော-ငါးလုပ်ငန်းတင်ပို့မှုမှ တစ်ဆင့် အမေရိကန်ဒေါ်လာ ၆၂ ဘီလီယံကျော်ရရှိရန်ခန့်မှန်းရပြီး ၂၀၂၅ တွင်လည်း ဆက်လက်ကြီးထွား နိုင်ကြောင်း ဒီဇင်ဘာလ ၁၆ ရက်နေ့က ဟိုချီမင်းမြို့တော်တွင်ကျင်းပခဲ့သည့် ကွန်းဖရန့်တွင် အရည်အသွေး၊ပြုပြင်ထုတ်လုပ်ခြင်းနှင့်စျေးကွက်ဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးဖြစ်သူ Le Thanh Hoa က ပြောကြားခဲ့ကြောင်းသိရပါသည်။ ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍသည် ထုတ်လုပ်မှုတွင်သာမက တင်ပို့မှုတွင်ပါကြီးထွား ခဲ့ကြောင်းသိရပါသည်။ ထုတ်လုပ်မှုတန်ဖိုးသည် ၂၀၂၃ ခုနှစ်ကထက် ၃.၂ ရာခိုင်နှုန်းနှင့် တင်ပို့မှု သည် ၁၈ ရာခိုင်နှုန်းမြင့်တက်ရန်မျှော်မှန်းရကြောင်းသိရပါသည်။ သစ်နှင့်သစ်ထုတ်ကုန် (အမေရိကန်ဒေါ်လာ၁၆.၁ဘီလီယံ)၊ သစ်သီးနှင့်ဟင်းသီးဟင်းရွက် (အမေရိကန်ဒေါ်လာ၇.၁ ဘီလီယံ)၊ ဆန်(အမေရိကန်ဒေါ်လာ၅.၈ဘီလီယံ)၊ ကော်ဖီ(အမေရိကန်ဒေါ်လာ၅.၄ ဘီလီယံ)၊ သီဟိုဠ်စေ့များ (အမေရိကန်‌ဒေါ်လာ၄.၃ ဘီလီယံ)၊ ပုဇွန်(အမေရိကန်ဒေါ်လာ၃.၈ ဘီလီယံ)နှင့် ရာဘာ(အမေရိကန်ဒေါ်လာ ၃.၂ ဘီလီယံ)တို့ပါဝင်သော ထုတ်ကုန် ၁၁ ခုမှာ တင်ပို့မှုတန်ဖိုး အနည်းဆုံး အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ခဲ့ကြောင်းသိရပါသည်။ ကြီးထွားနှုန်းတွင် လည်း နှစ်ဆမြင့်တက်ခဲ့သည့် အချို့ထုတ်ကုန်များမှာ ကော်ဖီ(၅၆.၉ ရာခိုင်နှုန်း)၊ ငရုတ်ကောင်း အနက် (၅၃.၃ ရာခိုင်နှုန်း)၊ ရာဘာ(၂၄.၆ ရာခိုင်နှုန်းနှင့် ဆန်(၁၀.၆ ရာခိုင်နှုန်း)တို့ ဖြစ်ကြောင်းသိရ ပါသည်။ ယခုနှစ်၏ပထမ ၁၁ လတွင်အမေရိကန်သည် အမေရိကန်ဒေါ်လာ ၁၂.၃ ဘီလီယံဖြင့် ဗီယက်နမ်၏အကြီးမားဆုံး စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တင်ပို့ရာ ဈေးကွက်ဖြစ်ပြီး ၎င်းတို့၏နောက်တွင် တရုတ်၊ ဥရောပသမဂ္ဂ၊ ဂျပန်နှင့် တောင်ကိုရီးယားတို့ ရပ်တည်နေကြောင်းသိရ ပါသည်။ ခန့်မှန်းတင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၆၂ ဘီလီယံဖြင့် ဗီယက်နမ်သည် ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော်ရရှိခဲ့ကြောင်း သိရပါသည်။ Hoa က ဗီယက်နမ်လက်မှတ်ရေးထိုးခဲ့သည့် လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်များက ထိုသို့အောင်မြင်မှုများရရှိစေခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

Vietnam Plus

DOCA(ရန်ကုန်)

ဆီမီးကွန်ဒတ်တာကဏ္ဍတွင်ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၁၇၄ ခု လက်ခံရရှိထားသည့်ဗီယက်နမ်နိုင်ငံ

            ဗီယက်နမ်နိုင်ငံသည်ဆီမီးကွန်ဒတ်တာလုပ်ငန်းတွင် အချက်အချာအဖြစ် လျှင်မြန်စွာ ပေါ်ထွက်လာလျှက်ရှိပြီး ယခုအခါအမေရိကန်ဒေါ်လာ ၁၁.၆ ဘီလီယံတန်ဖိုးရှိသော ပြည်ပ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၁၇၄ ခုကိုရရှိထားကြောင်း စီမံကိန်းနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီး Nguyen Chi Dung က ပြောကြားခဲ့ပါသည်။ ဆီမီးကွန်ဒတ်တာလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်လမ်းညွှန်ကော်မတီ၏ ဒုတိယအကြီးအကဲလည်းဖြစ်သူ Dung က မူဝါဒများ မွမ်းမံခြင်း၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးပရိုဂရမ်များစတင်ခြင်း၊ ဆီမီးကွန်ဒတ်တာ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာနှင့် ဂေဟစနစ်တို့မှတစ်ဆင့် လုပ်ငန်းနယ်ပယ်အရှိန် အဟုန်မြှင့်တင်ရေးအတွက် နိုင်ငံကအာမခံကြောင်းပြောကြားခဲ့ပါသည်။ ဝန်ကြီးဌာနသည် Qualcomm၊ Google၊ Meta၊ LAM Research၊ Qorvo နှင့် AIChip ကဲ့သို့သော နည်းပညာ ကုမ္ပဏီကြီးများနှင့် စေ့စပ်ဆွေးနွေးလျှက်ရှိကြောင်းသိရပါသည်။ ဗီယက်နမ်သို့ ၎င်းတို့၏ ထောက်ပံ့မှုကွင်းဆက်ကူးပြောင်းရန်၊ သုတေသနစင်တာများထူထောင်ရန်နှင့် နိုင်ငံတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်များတိုးချဲ့ရန်အထူးအစီအစဉ်များမှာ လမ်းကြောင်းပေါ်တွင်ရှိနေပြီး ဖြစ်ကြောင်းသိရပါသည်။ အထူးသဖြင့် ဗီယက်နမ်အစိုးရနှင့် အမေရိကန်နည်းပညာလုပ်ငန်း NVIDIA တို့ကြား ဒီဇင်ဘာ ၅ ရက်နေ့ကလက်မှတ်ရေးထိုးခဲ့သည့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်သည် အဓိကမှတ်တိုင်တစ်ခုဖြစ်ခဲ့ကြောင်းသိရပါသည်။ ထိုသဘောတူညီချက် သည် ဗီယက်နမ်တွင်သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုစင်တာနှင့် AI ဒေတာအချက်အချာ ထူထောင်ရန်ရည်ရွယ်ကြောင်းသိရပါသည်။ Dung က ထိုအခွင့်အလမ်းသည် ဗီယက်နမ်အား ကမ္ဘာ့ဆီမီးကွန်ဒတ်တာထောက်ပံ့မှုကွင်းဆက်တွင်  အဓိကအချက်အချာဖြစ်လာရန် တွန်းပို့ပေး မည်ဖြစ်ကြောင်းနှင့် များစွာသောဝန်ကြီးဌာနများ၊ စီးပွားရေးလုပ်ငန်းများ၊ သုတေသန တက္ကသိုလ်များနှင့် ပြည်တွင်းနှင့်ပြည်ပမှကျွမ်းကျင်ပညာရှင်များ၏ ပါဝင်မှုလိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများနှင့် အဓိကဆီမီးကွန်ဒတ်တာ နှင့် AI ပူးပေါင်းဆောင်ရွက်မှုများသည် အလွန်အရေးပါကြောင်းသိရပါသည်။ Dung က အောင်မြင်မှုရရှိရန်အတွက် ယန္တယားနှင့်မူဝါဒ၊ အခြေခံအဆောက်အအုံနှင့်ကျွမ်းကျင်မှုရှိသော လုပ်သားထု အစရှိသည့်အဓိကထောက်တိုင်သုံးခုလိုအပ်ကြောင်းနှင့် ပင်ကိုပါရမီရှိသူများ အထူးသဖြင့် ကမ္ဘာတစ်ဝှမ်းမှဗီယက်နမ်ကျွမ်းကျင်ပညာရှင်များကို ဆွဲဆောင်နိုင်ခြင်းသည် လုပ်ငန်းနယ်ပယ်ကြီးထွားရေးကိုမောင်းနှင်ရာတွင် မုချလိုအပ်ကြောင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

Vietnam Plus

DOCA(ရန်ကုန်)

ဗီယက်နမ်နှင့်ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးနှင့်စီးပွားရေး ချိတ်ဆက်မှုအားကောင်းစေရန်ကြိုးပမ်း

          ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာဗီယက်နမ်သံရုံးနှင့် ဗီယက်နမ်စီးပွားရေးကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်လာသည့် သံအမတ်Nguyen Manh Cuong သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Sylhet မြို့တော် မှ အစိုးရအေဂျင်စီများ၊ စီးပွားရေးမိတ်ဖက်များနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ထိုအစည်းအဝေးတွင် နှစ်ဖက်စလုံးသည် ယဉ်ကျေးမှုဖလှယ်ရန်၊ ခရီးသွားကဏ္ဍနှင့် စီးပွားရေးချိတ်ဆက်ရေးနှင့် နှစ်နိုင်ငံလုံးမှပြည်သူများကြား အပြန်အလှန်နားလည်မှုမြှင့်တင်ရန် သဘောတူခဲ့ကြကြောင်းသိရပါသည်။ Sylhet မြို့တော်အုပ်ချုပ်ရေးအဖွဲ့၏ခေါင်းဆောင်ဖြစ်သူ Muhammad Sher Mahbud Murad က မြို့တော်သည် လတ်တလောတွင် ခရီးသွားကဏ္ဍ အားကောင်းမှု၊ စိုက်ပျိုးမွေးမြူရေးထုတ်လုပ်မှုနှင့် သဘာဝဂတ်စ်ငွေ့ထုတ်ယူမှုတို့တွင် အားကောင်းမှုနှင့်အတူ နိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှုအမြန်ဆုံးမြို့တော်ထဲမှ တစ်ခုအဖြစ်ရပ်တည် နေကြောင်းပြောကြားခဲ့ပါသည်။ သို့သော်ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုတို့ကြောင့် ၎င်းတို့သည် ရေလွှမ်းမိုးမှုနှင့် အပူလှိုင်းအစရှိသည့် ပြင်းထန်သော ရာသီဥတု အခြေအနေများနှင့်ရင်ဆိုင်နေရကြောင်းသိရပါသည်။ ပြည်တွင်းအစိုးရသည် ရာသီဥတု ပြောင်းလဲမှု ၏ဆိုးကျိုးသက်‌ရောက်မှုများကို လျှော့ပါးသက်သာစေရန်နှင့် တုန့်ပြန်နိုင်ရန် နိုင်ငံတကာ အတွေ့အကြုံ အထူးသဖြင့်ဗီယက်နမ်၏အတွေ့အကြုံကို တက်ကြွစွာသုတေသန ပြုလျှက်ရှိ ကြောင်းသိရပါသည်။ထို့ပြင် Murad က ၎င်းသည် ပြည်တွင်းအစားအစာဖူလုံမှုရှိရေးနှင့် တင်ပို့ နိုင်ရန်အတွက် စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် တည်ငြိမ်မှုရှိရန် မြင့်မားသောနည်းပညာ ဖွံဖြိုး တိုးတက်ရေးအတွက် ဗီယက်နမ်ထံမှအကြံဉာဏ်ရယူလိုကြောင်းပြောကြားခဲ့ပါသည်။ သံအမတ် Cuong က ၎င်းသည် Sylhet မြို့တော်အား အနာဂတ်တွင် စံပြခရီးသွား မြို့တော်အဖြစ် အောင်မြင်စွာဖွံဖြိုးတိုးတက်ပြီး ဘင်္ဂလားဒေ့ရှ်၏အဓိကစီးပွားရေးအချက်အချာဖြစ်လာမည်ဟု ယုံကြည်ချက်ရှိနေကြောင်းပြောကြားခဲ့ပါသည်။ ဗီယက်နမ်သည်စိုက်ပျိုးမွေးမြူရေးနှင့် ခရီးသွား ကဏ္ဍအတွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင့်လျှော်သည့်ကမ်းရိုးတန်းနိုင်ငံဖြစ်သည့်အတွက် သံအမတ်ကြီးက နှစ်ဖက်စလုံးအနေဖြင့်‌ ဒေသများအကြားချိတ်ဆက်မှုနှင့် မိတ်ဖက်ဖွဲ့မှု အလားအလာများကိုရှာဖွေရန်၊ ထိုမှတစ်ဆင့်စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အစရှိသည့်များစွာသောနယ်ပယ်များတွင် ဖွံ့ဖြိုးတိုးတက်မှုအတွေ့အကြုံကိုဝေမျှရန်နှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် အကြံပြုခဲ့ကြောင်းသိရပါသည်။ ထို့နောက်ဗီယက်နမ်ကိုယ်စားလှယ်အဖွဲ့ သည် Moulvibazar ပြည်နယ်နှင့် Habiganj ပြည်နယ်တို့သို့ သွားရောက် လည်ပတ်ကာ ကုန်သွယ်ရေးနှင့်အစားအစာပို့ကုန်-သွင်းကုန်အစရှိသည်တို့တွင် ပူးပေါင်းဆောင်ရွက်ရန် အခွင့် အလမ်းများကိုရှာဖွေခဲ့ကြကြောင်းသိရပါသည်။ ထို့ပြင်သံရုံးသည် လတ်တလောတွင် ဘင်္ဂလားဒေ့ရှ်၌ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင်နှင့် နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းများကြား ပူးပေါင်းဆောင်ရွက်မှုအလားအလာအပေါ် ဆွေးနွေးပွဲကျင်းပရန် ဘင်္ဂလားဒေ့ရှ်-ဗီယက်နမ် ကုန်သည်နှင့်စက်မှုလုပ်ငန်းရှင်များအသင်းနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

Vietnam Plus

DOCA(ရန်ကုန်)                 

ကမ္ဘောဒီးယားနှင့် အာဆီယံကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ်၊ ပထမ (၁၁) အတွင်း ၁၂.၈ ရာခိုင်နှုန်းအထိ မြင့်တက်

     ကမ္ဘောဒီးယားနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှုပမာဏသည် ၂၀၂၄ ခုနှစ်၊ ပထမ (၁၁) လအတွင်းကန်ဒေါ်လာ၁၄.၃ ဘီလီယံအထိရှိပြီး ၂၀၂၃ ခုနှစ် အလားတူကာလ ကန်ဒေါ်လာ ၁၂.၆၈ ဘီလီယံမှ ၁၂.၈ ရာခိုင်နှုန်းတိုးမြင့်လာကြောင်း တရားဝင်အစီရင်ခံစာများ အရသိရသည်။ ကမ္ဘောဒီးယားသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း အာဆီယံနိုင်ငံများသို့ ကုန်ပစ္စည်း တန်ဖိုးအမေရိကန်ဒေါ်လာ ၄.၆၂ ဘီလီယံဖိုးတင်ပို့ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ အလားတူကာလ ကန်ဒေါ်လာ ၄.၂၄ ဘီလီယံမှ ၈.၉ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန(MoC) ၏အစီရင်ခံစာအရသိရသည်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ကမ္ဘောဒီးယားနိုင်ငံသို့ သွင်းကုန်ပမာဏသည် ကန်ဒေါ်လာ ၉.၆၈ ဘီလီယံ ရှိသည်။ ဗီယက်နမ်၊ ထိုင်း၊ စင်္ကာပူ၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့သည် ၂၀၂၄ ခုနှစ်၊ ပထမ (၁၁) လ အတွင်း ကမ္ဘောဒီးယားနိုင်ငံ၏ ထိပ်တန်းကုန်သွယ်ဖက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ဖြစ်သည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet က အာဆီယံအတွင်းနိုင်ငံများနှင့် တက်ကြွသောကုန်သွယ်မှုမိတ်ဖက်နိုင်ငံအဖြစ်ရပ်တည်ခဲ့ပြီး အထည်ချုပ်နှင့် စက်ဘီးကဲ့သို့သော ကမ္ဘောဒီးယားနိုင်ငံထုတ်ကုန်ပစ္စည်းများသည် အရည်အသွေးနှင့် သက်သာသောဈေးနှုန်းများဖြင့် အာဆီယံနှင့် ကမ္ဘာတစ်ဝှမ်းတွင် အသိအမှတ်ပြုခြင်းခံရကြောင်းပြောကြားခဲ့သည်။ ဝန်ကြီးချုပ် က အာဆီယံနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အပါအဝင် ဒေသတွင်းနှင့်ကမ္ဘော့ကုန်သွယ်ရေး သဘောတူညီချက်များတွင် ကမ္ဘောဒီးယားနိုင်ငံသည် ဈေးကွက်အတွင်း ပူးပေါင်းပါဝင်မှု မြှင့်မားသောနိုင်ငံအဖြစ်ရပ်တည်နေကြောင်း ထပ်မံပြောကြားခဲ့သည်။

Source : Khmer Times

DOCA(ရန်ကုန်)

 

ကမ္ဘောဒီးယား၏ အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွားကုန်ပစ္စည်းတင်ပို့မှုသည် ၁၁ လအတွင်း ၂၄.၉ ရာခိုင်နှုန်း အထိတိုးတက်လာ

      ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်၊ ပထမ (၁၁) လအတွင်း အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွားကုန်ပစ္စည်းတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၁၂.၂၂ ဘီလီယံရရှိခဲ့ပြီး ၂၄.၉ ရာခိုင်နှုန်းတိုးတက်လာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၁၉-၁၂-၂၀၂၄ ရက်နေ့ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရသိရသည်။ အစီရင်ခံစာအရ အထည်ချုပ် ထုတ်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈.၉၄ ဘီလီယံ၊  ဖိနပ်ထုတ်ကုန်များတင်ပို့မှုမှ  ကန်ဒေါ်လာ ၁.၅ ဘီလီယံနှင့် ခရီးသွားကုန်ပစ္စည်းတင်ပို့မှုမှ ကန်ဒေါ်လာ ၁.၇၈ ဘီလီယံ အသီးသီးရရှိခဲ့သည်။ ASEAN+3 Macroeconomic Research Office မှ စီးပွားရေးပညာရှင် Hoe Ee Khor က အထည်ချုပ်၊ ဖိနပ်နှင့်ခရီးသွားကုန်ပစ္စည်း (GFT) ကဏ္ဍသည် ကမ္ဘောဒီးယားနိုင်ငံ ၏ စီးပွားရေးတိုးတက်မှုအတွက် အဓိကအခန်းကဏ္ဍဖြစ်ကြောင်းနှင့် ထိုကဏ္ဍတိုးတက်မှုနှုန်းသည် အဆင့်မြင့်ဈေးကွက်များတွင် လူသုံကုန်ပစ္စည်းများဝယ်လိုအားပိုမိုအားကောင်းလာသောကြောင့် ၂၀၂၄ ခုနှစ်အတွင်း ပြန်လည်ဦးမော့လာကြောင်းပြောကြားခဲ့သည်။ (GFT) ကဏ္ဍသည် အရှေ့တောင်အာရှနိုင်ငံများတွင် နိုင်ငံခြားဝင်ငွေအများဆုံးရရှိသော ကဏ္ဍတစ်ခုဖြစ်ပြီး လက်ရှိ ကမ္ဘောဒီးယားနိုင်ငံ၏ အဆိုပါကဏ္ဍတွင် စက်ရုံပေါင်း ၁,၅၈၃ ခန့်ရှိပြီး အလုပ်သမား ၉၁၃,၀၀၀ ခန့်ရှိကြောင်း အသက်မွေးဝမ်းကြောင်းလေ့ကျင့်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

Source : Khmer Times

DOCA(ရန်ကုန်)

 

ကမ္ဘောဒီးယား-တောင်ကိုရီးယား ကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ်တွင် ကန်ဒေါ်လာ ၇၆၂ သန်း အထိရောက်ရှိခဲ့

    ကမ္ဘောဒီးယားနိုင်ငံနှင့်တောင်ကိုရီးယားနှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၆၂ သန်းအထိအရောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၁၁.၄၉ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MoC) က ၁၉-၁၂-၂၀၂၄ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ ပို့ကုန် စုစုပေါင်းသည် ကန်ဒေါ်လာ ၂၈၈ သန်းရှိပြီး ကိုရီးယားနိုင်ငံမှ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ ၄၇၄ သန်းရှိကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။ ကမ္ဘောဒီးယားနိုင်ငံသည် အဓီကအားဖြင့် ဖိနပ်၊ ခရီးသွားထုတ်ကုန်များ၊ အဝတ်အထည်၊ လျှပ်စစ်ပစ္စည်းအစိတ်အပိုင်းများ၊ ရာဘာနှင့် စိုက်ပျိုးရေးထုတ်ကုန်များကို တောင်ကိုရီးယားနိုင်ငံသို့တင်ပို့သည်။ တောင်ကိုရီးယားမှ မော်တော်ယာဉ်များ၊ လျှပ်စစ်ပစ္စည်းများ၊ မီဖိုချောင်သုံးပစ္စည်းများ၊ အဖျော်ယမကားများ၊ ဆေးဝါးများနှင့် ကုန်ချောပလတ်စတစ်များကို တင်သွင်းသည်။ MOC သည် ကိုရီးယားနိုင်ငံ ၏ အမျိုးသားကုန်သွယ်မှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအေဂျင်စီ၏ ဥက္ကဋ္ဌနှင့်တွေ့ဆုံစဉ်က ဒစ်ဂျစ်တယ်နည်းပညာ၊ လျှပ်စစ်ပစ္စည်း၊ မော်တော်ကား ပြုပြင်ထုတ်လုပ်ရေး၊ စိုက်ပျိုးရေး နှင့် အစားအစာကဏ္ဍများတွင် ကမ္ဘောဒီးယားနှင့် ကိုရီးယားနှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်အားကောင်းစေရန် သဘောတူညီချက်များရယူခဲ့သည်။ ကမ္ဘောဒီးယား-ကိုရီးယားလွတ်လပ်သောကုန်သွယ်မှုသဘောတူညီမှုစာချုပ်(CKFTA) ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်အသက်ဝင်ခဲ့ပြီး တောင်ကိုရီးယားမှ ရင်းနှီးမြှုပ်နှံသူများကို ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံမှုများတိုးတက်လာစေရန်တွန်းအားပေးခဲ့ပြီး ကိုရီးယားမှ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI) သည် ၂၀၂၃ ခုနှစ်တွင် ကန်ဒေါ်လာသန်း ၃၀ ရရှိခဲ့သည်။

Source : Khmer Times

DOCA(ရန်ကုန်)

 

ပီလောပီနံ၏ စီးပွားရေးအလားအလာကိုမြှင့်တင်ရန် Hem Vanndy တောင်းဆို

     စက်မှု၊ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီးဌာန (MISTI) နှင့် ကမ္ဘောဒီးယား နိုင်ငံပီလောပီနံအသင်းချုပ် (CFC) တို့သည် ဒေသတွင်းပီလောပီနံထုတ်လုပ်မှုကို တိုးမြှင့်ရန် မဟာဗျူဟာများကို ၁၉-၁၂-၂၀၂၄ ရက်နေ့ကဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။  ကမ္ဘောဒီးယား နိုင်ငံသည် ပီလောပီနံစိုက်ခင်း ဟက်တာ ၆၀,၀၀၀ မှ ၈၀,၀၀၀ အထိရှိပြီး အာရှတွင် စတုတ္ထ မြောက်အများဆုံးပီလောပီနံတင်ပို့သည့်နိုင်ငံဖြစ်သည်။ ဝန်ကြီး Hem Vanndy က Chray Son ဦးဆောင်သော ကမ္ဘောဒီးယားနိုင်ငံ ပီလောပီနံအသင်းချုပ် (CFC)မှ ကိုယ်စားလှယ် အဖွဲ့ဝင်များ နှင့်တွေ့ဆုံစဉ် ပီလောပီနံများကို ပြည်တွင်းပြုပြင်ခြင့်မှ ပြည်ပသို့တင်ပို့ရာတွင် မြင့်မားသော တန်ဖိုးဖန်တီးခြင်း၊ လယ်သမားများ၏ အသက်မွေးဝမ်းကြောင်းမြှင့်တင်ခြင်းနှင့် ကမ္ဘောဒီးယား ၏ စက်မှုလုပ်ငန်းများကွဲပြားစေရန်အတွက် မရှိမဖြစ်လိုအပ်သည်ဟုပြောကြားခဲ့ သည်။ သန့်စင် သောထုတ်လုပ်မှုနည်းလမ်းများချမှတ်ရန်နှင့် ပီလောပီနံတန်ဖိုးကွင်းဆက် တည်ဆောက်ရန် (CFC) ၏အဆိုပြုချက်ကိုထောက်ခံကြောင်း ထပ်မံပြောကြားခဲ့သည်။ (CFC) ကို စီးပွားရေးစီမံကိန်း ရေးဆွဲခြင်း၊ ဈေးကွက်ဝင်ရောက်ကြည့်ရှုခြင်းနှင့် နိုင်ငံတကာကုန်စည် ပြပွဲများတွင် ပါဝင်ခြင်းတို့ အတွက် Khmer Enterprise နှင့် ပူးပေါင်းဆောင်ရွက်ရန် Hem Vanndy မှ တိုက်တွန်းခဲ့သည်။ (CFC) ဥက္ကဋ္ဌ Chray Son မှ လက်ရှိတွင် ကမ္ဘောဒီးယားသည် ပီလောပီနံ ၉၅ ရာခိုင်နှုန်း တင်ပို့ လျက်ရှိပြီး ပြည်တွင်း၌ ၅ ရာခိုင်နှုန်းသာ စီမံဆောင်ရွက်နေပြီး နိုင်ငံတော်စီးပွားရေးအတွက် ကန်ဒေါ်လာ ၇၂၈ သန်းပံ့ပိုးပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

 

Source : Khmer Times

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ