ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ထိုင်းကုမ္ပဏီမှ ဖိလစ်ပိုင်နိုင်ငံတွင် mega form အတွက် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံရင်းနှီးမြှုပ်နှံ

     ဖိလစ်ပိုင်နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍကို မြှင့်တင်ရန် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ (PHP ၈၇.၅ ဘီလီယံ) ရင်းနှီးမြှုပ်နှံအစီအစဉ်အတွက် သမ္မတ Ferdnand R.Marcos Tr မှ ထိုင်းနိုင်ငံ၏ လုပ်ငန်းစုဖြစ်သည့် Charoen Pakphand Group (CP Group) အား ကျေးဇူးတင်ခဲ့သည်။

     ဆိုရှယ်မီဒီယာပို့စ်တစ်ခုတွင် Marcos မှ CP Group ဥက္ကဌ Soopakij Chris Chearavanont နှင့် Laperal Mansion တွင် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ပရေဂျက်များနှင့်အခြား အကြောင်းအရာများကို ဆွေးနွေးရန် အင်္ဂါနေ့က တွေ့ဆုံခဲ့ကြောင်း ပြောကြားခဲ့သည်။

   ထိုင်းလုပ်ငန်းစုသည် ဟတ်တာ ၁၀၀၀၀ ရှိသော ခေတ်မှီ mega farm ဖြင့် အစပြုရန် နိုင်ငံအတွက် နောက်ထပ်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံကို ကတိပြုထား ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

   ပြီးခဲ့သည့်နှစ် မေလတွင် သမ္မတသည် Malacarang တွင် ကုမ္ပဏီတာဝန်ရှိသူများနှင့် တွေ့ဆုံပြီးနောက်နိုင်ငံအတွင်း အမေရိန်ကန်ဒေါ်လာ ၂.၅ ဘီလီယံ (PHP ၁၄၀.၈ ဘီလီယံ ခန့်ရင်းနှီးမြှုပ်နှံရန် CP Group အစီအစဉ်ကို ကြေညာခဲ့သည်။

    CP Group အမှုဆောင်အရာရှိများသည် Marcos နှင့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည်။

     ထိုင်းနိုင်ငံတွင် ထိပ်တန်းဦးပိုင်ကုမ္ပဏီတစ်ခုဖြစ်သည့် CP Group သည် ကမ္ဘာတစ်ဝှမ်း ရှိ နိုင်ငံပေါင်း ၂၁ နိုင်ငံနှင့် စီးပွားရေးလုပ်ငန်းအများအပြားတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ထားပြီး လုပ်ငန်းခွဲပေါင်း ၂၀၀ ကျော်တွင် အလုပ်သမားပေါင်း ၃၀၀၀၀၀ ကျော်အား ခန့်အပ်ထားရှိသည့်။ ၎င်းသည် လုပ်ငန်းပေါင်း ၈ ခုအား ကိုင်တွယ်ဆောင်ရွက်လျက်ရှိပြီး ဆက်သွယ်ရေး၊ E-commerce  ပိုင်ဆိုင်မှုဖွံ့ဖြိုးတိုးတက်ရေး၊ မော်တော်ကားနှင့် စက်မှုထုတ်ကုန်များ၊ ဆေးဝါးများနှင့် ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုစသည်တို့ဖြစ်သည်။

Source : pna.gov.ph

DOCA(ရန်ကုန်)

 

ကင်ညာနိုင်ငံ၏ ဥယျာဉ်စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့မှုသည် ၂၀၂၄ ခုနှစ်၏ ပထမသုံးလပတ်တွင် ၁၄% အထိတိုးလာ

     ကင်ညာနိုင်ငံသည် ဥယျာဉ်စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့မှုသည် ၂၀၂၄ ခုနှစ်၏ ပထမသုံးလပတ်အတွင်း ၁၄% မြင့်တက်ခဲ့ပြီး ဥရောပနှင့် အာရှဈေးကွက်များသို့ တင်ပို့ရောင်းချ ခြင်းဖြင့် ယင်းကဲ့သို့ မြင့်တက်လာခဲ့ကြောင်း ဗဟိုဘဏ်က သောကြာနေ့တွင် ထုတ်ပြန်သော စီးပွားရေးဒေတာ အသစ်အရသိရသည်။

    ကင်ညာနိုင်ငံသည် ယခုနှစ်သုံးလပတ်အတွင်း ရှီလင် ၄.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၅၁ သန်းနီးပါး) ရရှိခဲ့ကြောင်း ဗဟိုဘဏ်က ပြောကြားခဲ့သည်။ အဆိုပါ သုံးလပတ်တွင်း ကင်ညာနိုင်ငံသည် ပဲတန်ချိန် ၂၀၈၁၄၆ တင်ပို့ခဲ့ပြီး ၂၀၂၃ ခုနှစ် အလားတူကာလတွင် တန်ချိန် ၁၇၁၃၈၄ မှ တိုးလာကြောင်း သိရသည်။

     ကင်ညာနိုင်ငံမှ အဓိကတင်ပို့သော ဥယျာဉ်စိုက်ပျိုးရေး ထွက်ကုန်များမှာ ဟင်းသီးဟင်းရွက်များ၊ အသီးအနှ့များနှင့် အလှပန်းများဖြစ်ပြီး ဥရောပတွင် ပန်းများအဓိက ရောင်းချခြင်းမှ ဝင်ငွေအများစုကို ရရှိနေခြင်းဖြစ်သည်။

     ဥရောပတွင် နယ်သာလန်နှင့် ဗြိတိန်တို့သည် ကင်ညာနိုင်ငံအတွက် အကြီးဆုံးဥယျာဉ် စိုက်ပျိုးရေး ထွက်ကုန်ဈေးကွက်များဖြစ်ပြီး အာရှတွင် တရုတ်၊ အိန္ဒိယနှင့် ကာဇတ်စတန်တို့ရှိသည်။

     ကင်ညာသည် ၎င်း၏ ထုတ်ကုန်များအတွက် အထူးသဖြင့် အာဖရိကတွင် ဈေးကွက် သစ်များ ရှာဖွေလျက်ရှိပြီး မေလတွင် ကင်ညာနိုင်ငံသည် အီသီယိုပီးယားနှင့်အတူ ဘုံဈေးကွက်အတွက် အရှေ့နှင့် တောင်ပိုင်းအာဖရိက (COMESA)နှင့် အရှေ့အာဖရိက အသိုက်အဝန်း (EAC) Horticultural Accelerator ပမာဏခြေလှမ်းကို အကောင်အထည်ဖော်ရန် ရွေးချယ်ထားသည့် နိုင်ငံငါးနိုင်ငံအနက်မှတစ်နိုင်ငံအဖြစ်ပါဝင်ခဲ့သည်။ ယင်းနိုင်ငံငါးနိုင်ငံတို့မှာ ကင်ညာ၊ အီသီယိုးပီးယား၊ ရဝန်ဒါ၊ တန်ဇနီယားနှင့် ယုဂန်ဒါတို့ဖြစ်သည်။

   COMESA အတွင်းရေးမှူးချုပ်မှ ပရိုဂရမ်များအတွက် လက်ထောက်အထွေထွေ အတွင်းရေးမှူး၊ Mohamed Kadah က အဆိုပါ အစီအစဉ်သည် ဒေသနှစ်ခုကို နိုင်ငံများ၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ကဏ္ဍများကြီးထွားမှုကို အရှိန်မြှင့်ပေးမည်ဟု မကြာသေးမီက ပြောကြားခဲ့သည်။

Source : English.news

DOCA(ရန်ကုန်)

 

ကမ္ဘာ့ပထမဆုံး Zeekr X RHD မော်ဒယ်အား ထိုင်းနိုင်ငံတွင် ဖြန့်ချီ

    ဩဂုတ်လ ၂ ရက်နေ့တွင် Zeekr သည် ၎င်း၏ ပထမဆုံး ညာမောင်း (RHD) Zeekr X အား ကမ္ဘာလုံးဆိုင်ရာ ပို့ဆောင်မှုကို ဩဂုတ်လ ၁ ရက်နေ့တွင် ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း ကြေညာခဲ့သည်။ အဆိုပါ Zeekr X RHD အား Athens Cloud White, Paris Brown Rice, Hongzhou Green, Su Mo Gray, Berlin Silver Gray စသဖြင့် အရောင်ငါးမျိုးဖြင့် ရရှိနိုင်မည်ဖြစ်ပြီး ဘတ် ၁၁၉၉ သန်း (ယွမ် ၂၄၄၀၀၀ သို့မဟုတ် အမေရိကန်ဒေါ်လာ ၃၄၀၀၀) နှင့် ဘတ် ၁.၃၄၉ သန်း (ယွမ် ၂၇၅၀၀၀ သို့မဟုတ် အမေရိကန်ဒေါ်လာ ၃၈၄၀၀) အသီးသီး ဈေးနှုန်းများရှိမည်ဖြစ်သည်။

  လက်ရှိ ဘန်ကောက်နိုင်ငံတွင် Zeekr ပေါ့အပ်ဆိုင် ၄ ခုရှိပြီး ၂၀၂၄ နှစ်ကုန်တွင် Zeekr သည် ထိုင်းနိုင်ငံတွင် ဆိုင်ပေါင်း ၁၄ ဆိုင်ခန်းအား တည်ဆောက်နိုင်ရန် မျှော်လင့်ထားသည်။

   Zeekr X RHD သည် ဇူလိုင်လ ၁၁ ရက်နေ့တွင် ထိုင်းနိုင်ငံဈေးကွက်အတွင်းသို့ တရားဝင် ဝင်ရောက်လာခဲ့သည်။ ထို Zeekr X RHD သည် ထိုင်းနိုင်ငံမှ အသုံးပြုသူများအတွက် ထိုင်းအသံဖြင့် လမ်းညွှန်ပေးခြင်း၊ ယာဉ်ထိန်းချုပ်ခြင်းဆိုင်ရာ လုပ်ဆောင်ချက်များနှင့် ဖျော်ဖြေရေး အပလီကေးရှင်းအမျိုးမျိုးကို အပါအဝင်ဒေသအလိုက် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ပေးသွားမည်ဖြစ်သည်။

   ၂၀၂၄ ခုနှစ်ကုန်တွင် Zeekr ကို ကမ္ဘောဒီးယား၊ စင်္ကာပူ၊ မလေးရှား၊ မြန်မာ၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့တွင် စာရင်းသွင်းပြီး ရောင်းချမည်ဖြစ်သည်။ ဇွန်လကုန်အထိ Zeekr သည် ကမ္ဘာတစ်ဝှမ်းရှိ ပင်မဈေးကွက် ၂၅ ခု ကျော်ဝင်ရောက်ခဲ့ပြီး ဥရောပ၊ အာရှ၊ Oceania နှင့် လက်တင်အမေရိကတို့ကို လွှမ်းခြုံကာ ယခုနှစ်တွင် နိုင်ငံတကာ ပင်မဈေးကွက် ၅၀ ကျော်သို့ ဝင်ရောက်နိုင်ရန် မျှော်လင့်ထားသည်။

Source : carnewschina

DOCA(ရန်ကုန်)

 

ထိုင်းနိုင်ငံသည် ခရီးသွား လုပ်ငန်းကို မြှင့်တင်ရန်အတွက် ကာစီနိုများကို တရားဝင်ခွင့်ပြုရန် စီစဉ်လျက်ရှိ

     နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှုများနှင့် အခွန်ငွေ ဒေါ်လာဘီလီယံပေါင်းများစွာကို ဆွဲဆောင်ရန် ကြိုးပမ်းနေသောကြောင့် ထိုင်းနိုင်ငံသည် ကာစီနိုများအား တရားဝင်ခွင့်ပြုပေးမည့် အစီအစဉ်များကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိသည်။ ကနဦး လိုင်စင်ဖြင့် ကာစီနိုလောင်းကစားများကို အနှစ် ၃၀ ခွင့်ပြုရန် ဥပဒေမူကြမ်းကို အစိုးရ၏ တရားဝင်အေဂျင်စီဖြစ်သော နိုင်ငံတော်ကောင်စီမှ ဩဂုတ်လ ၁၈ ရက်အထိအများပြည်သူသို့ အကြံပြုချက်ထုတ်ပြန်ခဲ့သည်။ ကာစီနိုများသည်ပါမစ်ကို နောက်ထပ် ၁၀ နှစ်သက်တမ်းတိုးရန် ရွေးချယ်ခွင့်ရှိပြီး ဟိုတယ်များ၊ ကွန်ဗင်းရှင်းစင်တာများနှင့် အပန်းဖြေဥယျာဉ်များအပါအဝင် ဖျော်ဖြေရေးအဆောက်အအုံ ကြီးများတွင် ထားရှိမည်ဖြစ်သည်။ ထိုင်းနိုင်ငံသည် အာရပ်စော်ဘွားများ၊ ဂျပန်တို့နှင့် ပူးပေါင်းကာ ကမ္ဘာလုံးဆိုင်ရာ ကာစီနိုလုပ်ငန်းကို ယှဉ်ပြိုင်နိုင်ရန် IBIS မှ ခန့်မှန်းထားသည့် ယမန်နှစ်က ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၆၃ ဘီလီယံရရှိခဲ့သည်။ Las Vegas Sands ကော်ပိုရေးရှင်းမှလည်း ထိုင်းနိုင်ငံတွင် ကာစီနိုများ တိုးချဲ့ဖွင့်လှစ်နိုင်ရန် စိတ်ဝင်စားလျက်ရှိသည်ဟု ပြီးခဲ့သည့်လက ပြောကြားခဲ့သည်။

     လွန်ခဲ့သည့် တစ်နှစ်က အာဏာရခဲ့သော ဝန်ကြီးချုပ်ဟောင်း Srettha Thavisin သည် ထိုင်းနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် မူဝါဒများကို အပြင်းအထန်တွန်းအားပေးခဲ့ပြီး ပိုမိုကောင်းမွန်သော ကြီးကြပ်မှုနှင့် အခွန်ကောက်ခံမှုများအတွက် ကာစီနိုများကို တရားဝင်ဖြစ်စေမည့် အစီအစဉ်ကိုလည်းထောက်ခံခဲ့သည်။

      နိုင်ငံ၏ အဖွဲ့ဝင် ၅၀၀ ပါ အောက်လွှတ်တော်သည် ကြီးမားသော ဖျော်ဖြေရေးနေရာများတွင် တရားဝင်အဖြစ်ထားသော ကာစီနိုလောင်းကစားရုံများ တည်ထောင်ခြင်းကို နှစ်သက်သည့် ဥပဒေပြုအမတ်များ၏ လေ့လာမှုတစ်ရပ်ကို ကျောထောက်နောက်ခံပြုထားပြီးဖြစ်သည်။ ထိုင်းနိုင်ငံသည် ကာစီနိုများကို တရားဝင်ခွင့်ပြုကာ ဖျော်ဖြေရေး အဆောက်အအုံကြီးများတွင် တည်ခိုကြခြင်း၊ ခရီးသွားလုပ်ငန်းမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၁၂ ဘီလီယံခန့်ကို တိုးမြှင့်ရရှိခဲ့ကြောင်း လေ့လာတွေ့ရှိခဲ့သည်။

     လောင်းကစားအမျိုးအစားအများစုသည် ထိုင်းနိုင်ငံတွင် တရားမဝင်သော်လည်း ကာစီနိုများ ဖွင့်လှစ်ခြင်းသည် ကပ်ရောဂါဘေးမှ ၎င်း၏ ခရီးသွားလုပ်ငန်းကို ပြန်လည် အသက်သွင်းရန်အတွက် လစ်ဘရယ်အခင်းအကျင်းနှင့် လိုက်လျောညီထွေဖြစ်စေမည်ဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် ထိုင်းနိုင်ငံသည် အာရှတွင် ဆေးခြောက်ကို သုတ်သင်ရှင်းလင်းသည့် ပထမဆုံးနိုင်ငံဖြစ်လာပြီး အရှေ့တောင်အာရှတွင် လိင်တူလက်ထပ်ခြင်းကို တရားဝင်ခွင့်ပြုသည့် ပထမဆုံးနိုင်ငံဖြစ်လာရန်လည်း အလားအလာရှိသည်။

     ခရီးသွားလုပ်ငန်းသည် ထိုင်းနိုင်ငံ၏ အဓိကလုပ်ငန်းတစ်ခုဖြစ်ပြီး အလုပ်အကိုင်စုစုပေါင်း ၏ ၂၀% ခန့်နှင့် နိုင်ငံစီးပွားရေးဒေါ်လာ ၅၀၀ ဘီလီယံ၏ ၁၂% ခန့်ရှိသည့်။ ယခုနှစ် ဇူလိုင်လ၏ နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုမှာ ၂၀၂၃ ခုနှစ်အလားတူ ကာလထက် ၃၄% အထိမြင့်တက်လာခဲ့သည်။

Source : theedgehnalaysia

DOCA(ရန်ကုန်)

ပူပြင်းခြောက်သွေ့မှုကြောင့် မလေးရှား၏ ဆန်စပါးထုတ်လုပ်မှု ၅၀% ခန့်လျော့ကျဖွယ်ရှိ

    မလေးရှားနိုင်ငံတွင် အပူလွန်ကဲမှုနှင့် မိုးခေါင်မှုကြောင့် စပါးဧက ၁၃၀၀၀၀ (၅၂၆၀၉.၁၃ ဟက်ကာ) ခန့် ထိခိုက်မှုဖြစ်ပေါ်ခဲ့ရာ ယခုနှစ် ဆန်စပါးထုတ်လုပ်မှုအတွက်  ကိုယ်ပိုင်စွမ်းအားဖြင့် လုံလောက်နိုင်မှုအဆင့် (Self-Sufficiency Level - SSL) သည် ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းဖွယ်ရှိ ကြောင်း The Malaysian Reserve သတင်းဌာနက ဖော်ပြထားသည်။

    အဆိုပါအချက်က နိုင်ငံ၏ တင်သွင်းဆန်အပေါ် မှီခိုအားထားရမှုအား လျှော့ချရန် ရည်ရွယ်ထားသည့် နှစ်စဉ်ထုတ်လုပ်မှု ၆၀ ရာခိုင်နှုန်း တိုးမြှင့်ရန်လျာထားချက်မှ ၁၀ ရာခိုင်နှုန်း ကျဆင်းစေခြင်းဖြစ်သည်။ Perak, Perlis, Kedah, Melaka နှင့် Kelantan တို့ကဲ့သို့သော အဓိက စပါး စိုက်ပျိုးရာဒေသများတွင် ဆည်ရေရရှိမှု မလုံလောက်ခြင်းသည် လက်ရှိ စိုက်ပျိုးထားရှိမှု ရက် ၅၀ မှ ၆၀ အတွင်း သက်တမ်းရှိနေပြီဖြစ်သော စပါးစိုက်ခင်းများကို ဆိုးရွားစွာ ထိခိုက်စေကြောင်း သိရှိရပါသည်။

     Perlis ပြည်နယ်တွင် Timah Tasoh ဆည်၌ ရေပမာဏ လွန်စွာလျော့ကျမှုကြောင့် စိုက်ပျိုးရေးအတွက် ရေပေးဝေမှုကို ရပ်ဆိုင်းခဲ့ပြီးနောက် အခြေအနေပိုမိုဆိုးရွားလာခဲ့ကြောင်းနှင့်  Perak ပြည်နယ်ရှိ Bukit Merah ရေကန်သည်လည်း ဇွန်လကတည်းကပင် ခြောက်သွေ့သွားခဲ့ကြောင်း သိရှိရပါသည်။

     Perak, Kedah, Kelantan နှင့် Terengganu ပြည်နယ်များတွင် စုစုပေါင်း စပါးစိုက် ဧရိယာ ၈၇၈၈ ဧကသည် ခြောက်သွေ့မှုဒဏ်ကို ကြုံတွေ့ခဲ့ရကြောင်း တောင်သူလယ်သမားများ အဖွဲ့ ဥက္ကဋ္ဌ Datuk Mahfuz Omar ၏ ပြောကြားမှုအား မလေးနေ့စဉ်ထုတ် သတင်းစာတစ်စောင်က ဖော်ပြခဲ့သည်။ မလေးရှားလယ်သမားညီအစ်ကိုများအသင်း (PeSAWAH) ၏ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ Abdul Rashid Yob ကလည်း လက်ရှိကာလအထိ ပူပြင်းသောရာသီဥတုကြောင့် Kerian, Bagan Serai, Selinsing နှင့် Semanggol ဒေသများတွင် အဆိုးရွားဆုံး ထိခိုက်ခဲ့သော စပါးစိုက်ဟက်တာ ၅၀၀၀ ခန့်ရှိကြောင်းနှင့် လယ်ကွင်းများလည်း ခြောက်သွေ့နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

    ထို့အပြင် Kelantan ပြည်နယ်အတွင်း Kemubu စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုအာဏာပိုင်အဖွဲ့ (KADA) လက်အောက်ရှိ စပါးစိုက်ဧရိယာ ဟက်တာ ၃၇,၀၀၀ သည် ဆည်ရေမလုံလောက်မှုနှင့် ရင်ဆိုင်နေရကြောင်း၊  မလက္ကာ (Melaka) ဒေသတွင်လည်း စပါးမဟုတ်သော သီးနှံစိုက်ပျိုးမှု ဧရိယာများမှာ ထိခိုက်မှုဖြစ်ပေါ်ခဲ့ကြောင်း၊ ၎င်းအချက်များက SSL ဖူလုံမှုအဆင့် ကျဆင်းမည်ဟု ခန့်မှန်းရပြီး လယ်သမားများအတွက် ဆုံးရှုံးနိုင်ခြေများကို ဦးတည်နေကြောင်း သိရှိရပါသည်။

Source: The Malaysian Reserve, 1 Aug 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

အင်ဒိုနီးရှား၏ ဆန်အဝယ်တင်ဒါ၌ ဗီယက်နမ်နှင့် မြန်မာကုမ္ပဏီများ လေလံအောင်မြင်

    အင်ဒိုနီးရှားနိုင်ငံပိုင် ဝယ်ယူရေးအေဂျင်စီ Bulog သည် ပြီးခဲ့သည့် သီတင်းပတ်နှောင်းပိုင်း၌ ခေါ်ယူခဲ့သည့် နိုင်ငံတကာတင်ဒါတစ်ခုတွင် ဆန်မက်ထရစ်တန်ချိန် ၃၂၀,၀၀၀ ခန့် ဝယ်ယူခဲ့သည် ဟု ယုံကြည်ရကြောင်း ဥရောပကုန်သည်များက ၅-၈-၂၀၂၄ ရက်၊ တနင်္လာနေ့တွင် ပြောကြားခဲ့ သည်။

    ဗီယက်နမ်နိုင်ငံမှ ဆန်တန်ချိန် ၁၈၅,၀၀၀ နှင့် မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၁၃၅,၀၀၀ တို့ကို ဝယ်ယူခဲ့သည်ဟု ကုန်သည်များက ခန့်မှန်းထားပြီး အဆိုပါ ဆန်များအားလုံးအတွက်  သင်္ဘောတင် စရိတ်နှင့် သယ်ယူပို့ဆောင်ခပါဝင်သည့် ပျမ်းမျှဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၅၆၃ ခန့် ရှိကြောင်း Reuters သတင်းဌာန၏ ဖော်ပြချက်အရ သိရပါသည်။ ၎င်းအစီရင်ခံ ဖော်ပြ ချက်များသည် ကုန်သည်များ၏ အကဲဖြတ်ချက်များအပေါ် အခြေခံထားပြီး ဈေးနှုန်းနှင့် ပမာဏ ခန့်မှန်းချက်များသည် ဈေးကွက်အခြေအနေအရ နောက်ပိုင်းတွင် အပြောင်းအလဲ ရှိနိုင်ကြောင်း သိရပါသည်။

    အဆိုပါတင်ဒါတွင် စျေးနှုန်းကမ်းလှမ်းမှုများတင်သွင်းရန် နောက်ဆုံးရက်မှာ ဇူလိုင်လ ၃၁ ဖြစ်ပြီး Bulog သည် ပုံမှန်အားဖြင့် ရက်ပေါင်းများစွာ ကြာမြင့်သော ကနဦးကမ်းလှမ်းမှုများ လုပ်ဆောင်ပြီးနောက် စျေးနှုန်းညှိနှိုင်းမှုများစတင်ခဲ့သည်ဟု ကုန်သည်များကပြောကြားခဲ့သည်။ Bulog သည် ၂၀၂၄ ခုနှစ် သီးနှံရာသီမှ ထွက်ရှိသောစပါးများအား လွန်ခဲ့သည့် ခြောက်လထက် ကြာမြင့်မှုမရှိပဲ ကြိတ်ခွဲထားသည့် ဆန်ကွဲ ၅ % ပါသော ဆန်ဖြူကို သြဂုတ်လမှ စက်တင်ဘာလ အတွင်း အင်ဒိုနီးရှားဆိပ်ကမ်းသို့အရောက် တင်သွင်းရန် တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်ပြီး ဗီယက်နမ်၊ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား နှင့် ပါကစ္စတန် တို့မှ ကုမ္ပဏီများအနေဖြင့် ဈေးနှုန်းကမ်းလှမ်းနိုင် ကြောင်း သိရသည်။

     ပြည်တွင်း၌ စပါးအထွက်ကျဆင်းခဲ့ပြီးနောက် ဈေးနှုန်းသက်သာစေရေး  ဆန်တင်သွင်းမှု တိုးမြှင့်ရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် အင်ဒိုနီးရှားအစိုးရသည်  ယခုနှစ် ပထမနှစ်ဝက် တွင် နိုင်ငံတကာတင်ဒါများ ခေါ်ယူလျက် ဆောင်ရွက်ခြင်းဖြစ်သည်။ ပြည်တွင်းရိတ်သိမ်းထွက်ရှိမှု သည် လုံလောက်ခြင်းမရှိခဲ့ပါက ယခုနှစ်တွင် ဆန်တန်ချိန် ၄ ဒသမ ၃ သန်းအထိ တင်သွင်းရမည် ဖြစ်ကြောင်း အင်ဒိုနီးရှားအမျိုးသားစားနပ်ရိက္ခာအေဂျင်စီက ဇူလိုင်လ ၂၂ ရက်နေ့၌ ပြောကြား ထားသည်။

    အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ယခုနှစ်တွင် ဆန်တန်ချိန် ၃ ဒသမ ၆ သန်း တင်သွင်းရန် စီစဉ် ထားသည့်အနက် ဇန်နဝါရီလမှ မေလအတွင်း ဆန်တန်ချိန် ၂ ဒသမ ၂၂ သန်းကို တင်သွင်းခဲ့ပြီးဖြစ် သည်။ အင်ဒိုနီးရှား စာရင်းအင်းအေဂျင်စီက ဇန်နဝါရီမှ သြဂုတ်လအတွင်း ဆန်ထွက်ရှိမှုသည် ၂၀၂၃ ခုနှစ် အလားတူကာလထက် ၉.၅၂% လျော့နည်းမည်ဟု ခန့်မှန်းထားသည်။ ဆိုးရွားသော ရာသီဥတုဒဏ်ကြောင့် ကောက်ပဲသီးနှံများထွက်ရှိမှု ထိခိုက်ခဲ့ပြီးနောက် နိုင်ငံ၏ လူဦးရေ သန်း ၂၇၀ အတွက် ပြည်တွင်းဆန်ဈေးနှုန်းသည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဇွန်လတွင် ၁၂ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့သည်။

Source: Market Screener, 5 Aug 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

စားအုန်းဆီ ပြည်တွင်းရောင်းချမှု စည်းမျဉ်းများ အင်ဒိုနီးရှားအစိုးရ ပြန်လည်ပြင်ဆင်မည်

    အင်ဒိုနီးရှားနိုင်ငံတွင် ပြည်တွင်းစားအုန်းဆီ ဈေးနှုန်းတည်ငြိမ်စေရန်အတွက် ပြည်တွင်း စားအုန်းဆီဈေးကွက်အတွင်း ရောင်းချပေးရန်တာဝန်ရှိမှု (Domestic Market Obligation-DMO) စည်းမျဉ်းများ တစ်နည်းအားဖြင့် ပြည်တွင်းစားအုန်းဆီ ထုတ်လုပ်မှုပမာဏအပေါ် မူတည်၍ ပြည်တွင်း သုံးစွဲမှုနှင့် တင်ပို့မှုပမာဏအချိုးအစားသတ်မှတ်သည့်စည်းမျဉ်းအား ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် စတင်ကျင့်သုံးခဲ့ပါသည်။ အင်ဒိုနီးရှားအစိုးရသည် အဆိုပါ DMO အစီအစဉ်အား ပြန်လည်ပြင်ဆင်ရန်စီစဉ်လျက်ရှိပြီး စားအုန်းဆီ တင်ပို့ခွင့်ပမာဏအချိုးကို ထိခိုက်နိုင်မည်မဟုတ် ဟု အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ၁-၈-၂၀၂၄ ရက်၊  ကြာသပတေးနေ့တွင် ပြောကြားကြောင်း The Edge Malaysia သတင်းဌာနက ဖော်ပြပါသည်။

    ကမ္ဘာ့စားအုန်းဆီ အများဆုံးတင်ပို့သည့် အင်ဒိုနီးရှားနိုင်ငံတွင် စားအုန်းဆီ ထုတ်လုပ်သူ များ အနေဖြင့် ပို့ကုန်ပါမစ်ရရှိနိုင်ရေးအတွက် ၎င်းတို့၏ စားအုန်းဆီထုတ်လုပ်မှုမှ တစ်စိတ် တစ်ပိုင်းကို ပြည်တွင်းဈေးကွက်သို့ ကန့်သတ်ထားသည့် စျေးနှုန်းတစ်ရပ်ဖြင့် ရောင်းချပေးရန် ညွှန်ကြားထားကြောင်း သိရှိရပါသည်။

     ပြည်တွင်း စားအုန်းဆီဈေးကွက်အတွင်း ရောင်းချပေးရန်တာဝန်ရှိမှု (DMO) စည်းမျဉ်း များအရ ပို့ကုန်အချိုးအစားပြောင်းလဲနိုင်ခြင်း ရှိ/မရှိ သတင်းထောက်များက မေးမြန်းရာတွင် ထိုကဲ့ သို့ ပြောင်းလဲမည့် အစီအစဉ်မရှိသေးကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံတကာကုန်သွယ်မှု ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် Mr. Budi Santoso က ပြောကြားခဲ့ပါသည်။

    လက်ရှိကာလတွင် DMO အစီအစဉ်အရ ပို့ကုန်ကုမ္ပဏီများက ပြည်တွင်း၌ ရောင်းချပေး သော စားအုန်းဆီပမာဏ၏ ၄ ဆကို တင်ပို့ခွင့်ခွဲတမ်းအဖြစ် သတ်မှတ်ထားကြောင်း၊ ထို့အပြင် အိမ်ထောင်စုသုံးစွဲရန်လွယ်ကူသည့် အရွယ်အစားငယ်သော ပုံးများဖြင့် ပြည်တွင်း၌ ရောင်းချပေး သည့် ကုမ္ပဏီများအား အပိုခွဲတမ်းများ ခွင့်ပြုပေးလျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လကုန်အထိ စားအုန်းဆီတင်ပို့ရန် ကျန်ရှိနေသော ခွဲတမ်းပမာဏမှာ တန်ချိန် ၃ ဒသမ ၉၅ သန်းရှိကြောင်း Mr. Budi က ဆက်လက်ပြောကြားခဲ့သည်။

    လက်ရှိ စားအုန်းဆီ လက်လီစျေးနှုန်းသည် ၂၀၂၂ ခုနှစ်တွင် သတ်မှတ်ထားသည့် ဈေးနှုန်း ထက် ကျော်လွန်နေပြီဖြစ်သည့်အတွက် DMO စည်းမျဉ်းများအား ပြန်လည်ပြင်ဆင်မည့် အစီအမံ တွင် အစိုးရသည် ပြည်တွင်းဈေးကွက်အတွက် စားအုန်းဆီစျေးနှုန်း အမြင့်ဆုံး ကန့်သတ်ချက်ကို မြှင့်တင်ရန်စီစဉ်လျက်ရှိကြောင်းနှင့် ပြင်ဆင်မည့် DMO အစီအစဉ်စည်းမျဉ်းသည် မူလသတ်မှတ် ထားသည့် ပြည်တွင်း၌ ရောင်းချပေးရမည့်ပမာဏနှင့် တင်ပို့ခွင့်ပြုမည့်ပမာဏတို့အချိုး အပေါ် သက်ရောက်မှုမရှိကြောင်း ပြည်တွင်းကုန်သွယ်မှုညွှန်ကြားရေးမှူးချုပ် Mr. Isy Karim က ပြော ကြားသည်။

    အင်ဒိုနီးရှားနိုင်ငံအနေဖြင့် လစဉ်စျေးသက်သာသော စားအုန်းဆီ (ဟင်းချက်ဆီ) တန်ချိန် ၃၀၀,၀၀၀ ခန့်ကို ပြည်တွင်း၌ ရောင်းချနိုင်စေရန်ရည်ရွယ်၍ DMO အစီအစဥ်ကို တည်ထောင် ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော်လည်း မကြာသေးမီလများအတွင်း အဆိုပါအစီအစဉ်သည် ပို့ကုန် ဈေးကွက်အားနည်းခြင်းကြောင့် ရည်မှန်းချက်၏ ထက်ဝက်ခန့်သာ အောင်မြင်ခဲ့ကြောင်း သတင်း ရရှိပါသည်။

Source: The Edge Malaysia, 1st Aug 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ကမ္ဘာ့ဆန်ထွက်ရှိမှု မြင့်မားခြင်းက ထိုင်းဆန်တင်ပို့မှုကို လျော့ကျစေနိုင်

    ဆန်အမျိုးအစားများအတွက် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်‌ရေး (R&D) လုပ်ဆောင်မှု နည်းပါးခြင်း၊ ကမ္ဘာ့ရောင်းလိုအား မြင့်တက်လာခြင်းနှင့် နှစ်ကုန်တွင် အိန္ဒိယမှ ဆန်တင်ပို့မှုဆိုင်ရာ ကန့်သတ်ချက်များကို ရုပ်သိမ်းနိုင်ခြင်း စသည့် ယှဉ်ပြိုင်နိုင်စွမ်းကို အနှောင့်အယှက်ဖြစ်စေသော ဆုံးရှုံးနိုင်ခြေရှိသည့် အချက်များစွာကြောင့် ထိုင်းဆန်တင်ပို့မှုသည် လာမည့်နှစ်တွင် ဆန်တန်ချိန် ၈ သန်း အောက် လျော့နည်းသွားနိုင်ဖွယ်ရှိကြောင်း သိရှိရသည်။

    လာမည့်နှစ်တွင် ဆန်တင်ပို့မှုသည် အစောပိုင်း၌ ခန့်မှန်းထားသည့် တန်ချိန် ၈.၂ သန်း အောက်သို့ ကျဆင်းသွားဖွယ်ရှိကြောင်း ထိုင်းဆန်တင်ပို့သူများအသင်း ဥက္ကဋ္ဌ Charoen Laothamatas က ပြောကြားခဲ့သည်။

    ထိုင်းဆန်တင်ပို့မှုသည် လာမည့်နှစ်တွင် ဆုံးရှုံးနိုင်ခြေရှိသည့် အချက်များစွာ ရှိနိုင်ကြောင်း၊ အဆိုပါအချက်များမှာ အထူးသဖြင့် ကမ္ဘာ့ဆန်လက်ကျန် ၁.၄% တိုးမြင့်လာခြင်း၊ လာနီညာ ရာသီ  ဥတုဖြစ်စဉ်၏ သက်ရောက်မှုအနေဖြင့် စိုက်ပျိုးရန် မိုးရေချိန် တိုးလာခြင်းကြောင့် အကြမ်းဖျင်း အားဖြင့် ဆန်တန်ချိန် ၅၂၈ သန်းအထိ ရောက်ရှိနိုင်ခြင်း၊ ဗီယက်နမ်၊ အိန္ဒိယနှင့် တရုတ်နိုင်ငံ စသည့် ဆန်အဓိကတင်ပို့သည့် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဆန်စပါး သုတေသနနှင့် ဖွံ့ဖြိုး တိုးတက်ရေး (R&D) လုပ်ကိုင်မှုနည်းပါးသဖြင့် အထွက်နှုန်းနိမ့်ကျခြင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်မားခြင်းနှင့် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှု ကန့်သတ် ချက်များကို အိန္ဒိယမှ ရုပ်သိမ်းနိုင်ခြေရှိခြင်းတို့ဖြစ်ကြောင်း သိရှိရသည်။

    ထိုင်းနိုင်ငံသည် ကမ္ဘာ့ဈေးကွက်ရှိ ဆန်ဝယ်လိုအား အပြောင်းအလဲများကို အချိန်နှင့် တစ်ပြေးညီ နားစွင့်၍ နိုင်ငံ၏ဆန်မူဝါဒကို ပြောင်းလဲရန်လိုအပ်ကြောင်း၊ အထူးသဖြင့် ကမ္ဘာ့ဈေး ကွက်တွင် ယှဉ်ပြိုင်နိုင်ရန်အတွက် နူးညံ့ပျော့ပျောင်းသောဆန်ကို ဦးစားပေးပြီး အထွက်ပမာဏ တိုးစေရန်အတွက်မူ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး (R&D) ကဏ္ဍတွင် ပို၍ရင်းနှီးမြုပ်နှံရန် လိုအပ်ကြောင်း သိရှိရသည်။

      ဗီယက်နမ်သည် ပြည်တွင်းစားသုံးရန်အတွက် ဈေးသက်သာသောဆန်ကို အိန္ဒိယမှ တင် သွင်းပြီး ဆန်မွှေးနှင့် နူးညံ့ပျော့ပျောင်းသောဆန်ကဲ့သို့သော တန်းမြင့်ဆန်များကို မြင့်မားသော ရောင်းဈေးနှင့် တန်ဖိုးမြှင့်ခြင်းဖြင့် ၎င်း၏ ဆန်တင်ပို့မှုမူဝါဒကို ထိန်းညှိထားကြောင်း သိရှိရသည်။

     ထိုင်းနိုင်ငံအနေဖြင့် အဆိုပါ ဆန်တင်ပို့မှုကိစ္စနှင့်စပ်လျဉ်း၍ တစ်စုံတစ်ရာ ဆောင်ရွက်ခြင်း မပြုလုပ်ပါက ၎င်း၏ ဆန်အဓိကတင်ပို့သည့် ဈေးကွက်ဝေစု နိုင်ငံအရေအတွက် လျော့နည်းသွားနိုင်ကြောင်း၊ တရုတ်နိုင်ငံသည် စပါးမျိုးကွဲများနှင့် ခေတ်မီစိုက်ပျိုးနည်းပညာ ဖွံ့ဖြိုးတိုးတက်လာမှုများကြောင့် ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့သည့်နိုင်ငံ ဖြစ်လာနိုင်ကြောင်း၊ နိုင်ငံများစွာအနေဖြင့်လည်း မိမိတို့နိုင်ငံအတွင်း ဆန်ဖူလုံရေး မူဝါဒများဆီသို့ ကူးပြောင်းကျင့်သုံးနေကြကြောင်း သိရှိ ရသည်။

     ၂၀၂၅ ခုနှစ်တွင် အိန္ဒိယနိုင်ငံသည် ဆန်တင်ပို့မှုတန်ချိန် ၁၈ သန်းအထိ ရောက်ရှိမည်ဟု မျှော်မှန်းထားပြီး ကမ္ဘာတစ်ဝန်း၌ ဆန်တင်ပို့မှုအများဆုံးနိုင်ငံအဖြစ် ဆက်လက်တည်ရှိနေမည် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသည် ဆန်တန်ချိန် ၇.၅ သန်း၊ ဗီယက်နမ်နိုင်ငံသည် ဆန်တန်ချိန် ၇.၅ သန်းနှင့် ပါကစ္စတန်နိုင်ငံသည် ဆန်တန်ချိန် ၅.၆သန်း တင်ပို့နိုင်ဖွယ်ရှိကြောင်း အမေရိကန် ပြည်ထောင်စု၊ စိုက်ပျိုးရေးဦးစီးဌာနက ခန့်မှန်းထားသည်။

    ထိုင်းနိုင်ငံအနေဖြင့် တစ်လလျှင် ပျမ်းမျှဆန်တန်ချိန် ၇၀၀၀၀၀ တင်ပို့နိုင်ပါက စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဆန်တင်ပို့ရန် လျာထားချက် တန်ချိန် ၈.၂ သန်းကို ပြည့်မီလိမ့်မည်ဖြစ်ကြောင်း၊ ဆန်တင်သွင်းမှု တန်ချိန် ၄.၇ သန်းနှင့် တန်ချိန် ၄.၃ သန်း အသီးသီး တိုးမြှင့်ရန် မျှော်မှန်းထားသော ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံတို့ အပါအဝင် ထိုင်းနိုင်ငံ၏ အဓိက ပို့ကုန်ဈေးကွက်များမှ ဝယ်လိုအားရှိသဖြင့် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅.၃ ဘီလီယံ ရှိမည့် ဆန်တန်ချိန် ၉ သန်းအထိ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း ထိုင်းဆန်တင်ပို့သူများအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌဖြစ်သူ Chookiat Ophaswongse ၏ ပြောကြားချက်အရ သိရသည်။

    သို့သော်လည်း မုတ်သုံရာသီကြောင့် မိုးရွာသွန်းမှု များပြားလာပြီးနောက် အိန္ဒိယသည် ၎င်း၏ ဆန်တင်ပို့မှု ကန့်သတ်ချက်များကို ပြန်လည်သုံးသပ်လာနိုင်သောကြောင့် အိန္ဒိယ၏ ဆန်မူဝါဒကို အနီးကပ်စောင့်ကြည့်ရန် လိုအပ်ကြောင်း၊ ယင်းကဲ့သို့ အိန္ဒိယ၏ ဆန်တင်ပို့မှု ကန့် သတ်ချက်အပေါ် ပြန်လည်သုံးသပ်မှုသည် ပုံမှန်ကမ္ဘာ့ဆန်လက်ကျန် တန်ချိန် ၁၄၀ သန်းသို့ ပြန်လည်ရောက်ရှိစေရန် ဦးတည်နေကြောင်း၊ အိန္ဒိယဆန်သည် အခြား ဆန်တင်ပို့သည့်နိုင်ငံများထက် ဈေးသက်သာသောကြောင့် အိန္ဒိယ၏ဆန်မူဝါဒသည် ကမ္ဘာ့ဆန်တင်ပို့မှုကို သက်ရောက်စေနိုင်ကြောင်း သိရှိရသည်။

Source: Bangkok Post, 1 August 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ စစ်ဆေးရေးဂိတ်အသစ်ဖွင့်လှစ်မှုက ထိုင်းသစ်သီးဝလံများ တင်ပို့မှု အထောက်အပံ့ပြု

   တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၌ မဲခေါင်မြစ်ကမ်းရှိ ဆိပ်ကမ်းတစ်ခုတွင် စစ်ဆေးရေးဂိတ် အသစ်တစ်ခု ဖွင့်လှစ်လိုက်သည့်အတွက် ထိုင်းနိုင်ငံမှ သစ်သီးဝလံတင်ပို့သူများအနေဖြင့် ရေ ကြောင်းဖြင့် သစ်သီးဝလံများကို ပိုမိုအဆင်ပြေစွာ တင်ပို့နိုင်မည်ဖြစ်သည်ဟု ထိုင်းအဆင့်မြင့် အရာရှိတစ်ဦးက ၅-၈-၂၀၂၄ ရက်၊ တနင်္လာနေ့၌ ပြောကြားခဲ့ပါသည်။

    တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) အနေဖြင့် ဇူလိုင်လ ၂၉ ရက်နေ့မှစတင်၍ ယူနန်ပြည်နယ် Xishuangbanna ခရိုင်ရှိ Guanleigang ဆိပ်ကမ်းတွင် သစ်သီးဝလံ အကောက်ခွန်စစ်ဆေးရေးဂိတ်အသစ်တစ်ခုကို ထပ်မံဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း၊ ထို့သို့ဖွင့်လှစ်ခဲ့သည့်အတွက် ထိုင်းနိုင်ငံမှ သစ်သီးဝလံတင်ပို့သူများသည် ထိုင်းနိုင်ငံ၊ Chiang Rai ဒေသရှိ Chiang Saen စစ်ဆေးရေးဂိတ်မှတစ်ဆင့် Guanleigang ဆိပ်ကမ်းသို့ တိုက် ရိုက်တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ယခုမြစ်ကြောင်းအတိုင်း ရေဆန်လမ်းအသစ်သည် ကုန်းလမ်းမှ ပို့ဆောင်မှုထက် ပိုမိုလျင်မြန်စွာ တင်ပို့နိုင်သည့် အခြားရွေးချယ်ရန် နည်းလမ်းတစ်ခုဖြစ်ကြောင်း၊ ဇူလိုင်လ ၃၁ ရက်နေ့မှ ဩဂုတ်လ ၁ ရက်နေ့အထိ တရုတ်နိုင်ငံ Shannxi ပြည်နယ် Xi An မြို့၌ GACC နှင့် ထိုင်းနိုင်ငံစိုက်ပျိုးရေး ဝန်ကြီးဌာနတို့ ပူးတွဲကျင်းပပြုလုပ်ခဲ့သည့် တိရစ္ဆာန်နှင့်အပင်များ ပိုးမွှားရောဂါကင်းရှင်းရေးဆိုင်ရာ ပူးတွဲနည်းပညာကော်မတီ၏ (၈) ကြိမ်မြောက် အစည်းအဝေး သို့ တက်ရောက်ချိန်၌ စစ်ဆေးရေးဂိတ်အသစ် ဖွင့်လှစ်ထားသည်ကို သိရှိခဲ့ရကြောင်း၊ တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုဆက်ဆံမှု ပိုမိုခိုင်မြဲစေရေး တွန်းအားပေးရန်အတွက် ထိုင်းဝန်ကြီးချုပ် Srettha Thavisin နှင့် စိုက်ပျိုးရေးဝန်ကြီး Thamanat Prompow တို့၏ ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းမှုအပေါ် တုံ့ပြန်မှုအဖြစ် ၎င်းဂိတ်အသစ်ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းစိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Rapeepat Chantharasriwong က ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

    တရုတ်နိုင်ငံ GACC နှင့် ထိုင်းစိုက်ပျိုးရေးဝန်ကြီးဌာနတို့အကြား ချုပ်ဆိုထားသော တိရစ္ဆာန်နှင့် အပင်များ ပိုးမွှားရောဂါကင်းရှင်းရေး အစီအမံဆိုင်ရာ သဘောတူညီချက်အရ ထိုင်းနိုင်ငံ၏ လယ်ယာထွက်ကုန်များအား တရုတ်နိုင်ငံသို့ ပိုမိုအဆင်ပြေချောမွေ့စွာ တင်ပို့နိုင်ရေး ခွင့်ပြုထားပါကြောင်း၊ အဆိုပါသ‌ဘောတူညီချက် ရေးထိုးနိုင်ခြင်းကြောင့် အာဆီယံနိုင်ငံများမှ တရုတ်နိုင်ငံသို့ တင်ပို့သော လယ်ယာထွက်ကုန်များအနက် သုံးပုံတစ်ပုံအထိကို ထိုင်းနိုင်ငံထံမှ တင်ပို့နိုင်ခြင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံရှိ သစ်သီးဝလံတင်သွင်းသူများ ပိုမိုအဆင်ပြေစေရန် ထိုင်းသစ်သီးဝလံများ အတွက် အပင်ပိုးမွှားရောဂါကင်းရှင်းရေး အသိအမှတ်ပြုလက်မှတ်များအား အီလက်ထရောနစ်နည်းလမ်းဖြင့် စစ်ဆေးဆောင်ရွက်သည့် စနစ်တစ်ရပ်ကို ထိုင်းစိုက်ပျိုးရေးဦးစီးဌာနနှင့် GACC တို့အကြား ထူထောင်ထားပြီးဖြစ်ကြောင်း၊ ထိုင်းလယ်ယာထွက်ကုန်များဖြစ်သည့် အေးခဲထားသော မင်းကွတ်သီးများနှင့် အခြားအေးခဲသစ်သီးများကို တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ရရှိရေးအတွက် GACC နှင့်ညှိနှိုင်းမှုများ‌ လုပ်ဆောင်လျက်ရှိကြောင်း စသည်ဖြင့် Mr. Rapeepat က ပြောကြားခဲ့ ပါသည်။

Source: The Nation Thailand, August 05, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

အရန်ထားရှိမှုမှ ဆန်များကို တိုက်ရိုက်ဝယ်ယူရန် ပြည်နယ်များသို့ အိန္ဒိယအစိုးရခွင့်ပြု

     အိန္ဒိယနိုင်ငံတွင် ပြည်နယ်များအနေဖြင့် e-auction ခေါ် အင်တာနက်ကွန်ယက်စနစ် အသုံးပြုလေလံစနစ်၌ ပါဝင်ယှဉ်ပြိုင်ခြင်းမပြုပဲ အိန္ဒိယစားသောက်ကုန်ကော်ပိုရေးရှင်း (FCI) ထံမှ အရန်ထားရှိသော ဆန်များကို ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) လျှင် ရူပီးငွေ ၂၈၀၀ နှုန်းဖြင့် ပြည်တွင်းသို့ ဈေးဖွင့်ရောင်းချပေးမှု အစီအစဉ်အောက်မှ တိုက်ရိုက်ဝယ်ယူနိုင်သည်ဟု စားသုံးသူရေးရာ၊ စားနပ်ရိက္ခာနှင့် ပြည်သူ့ဖြန့်ဖြူးမှုရေးရာဝန်ကြီး Pralhad Joshi က ပြောကြားခဲ့သည်။

      ယခုဆုံးဖြတ်ချက်သည် ဗဟိုအစိုးရ၏ အရန်ရိက္ခာဆန် စုဆောင်းထားရှိမှုတွင် ပမာဏ ကြီးမားစွာ ပိုလျှံမှုဖြစ်ပေါ်လျက်ရှိရာ သီးနှံရာသီအသစ် ဝယ်ယူရေးကာလမတိုင်မီ၌ လျှော့ချနိုင်ရေးအတွက် ချမှတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

    ယခင်နှစ်၌ အရန်ရိက္ခာမှဆန်များကို ပြည်နယ်အစိုးရများက ဝယ်ယူရာတွင် e-auction စနစ်ဖြင့်သာ ပါဝင်ဆောင်ရွက်ရန် ဗဟိုအစိုးရက ကန့်သတ်ထားခဲ့ပြီး ယင်းအချက်သည် ကာနာတကာပြည်နယ် အစိုးရအပေါ် ထိခိုက်သက်ရောက်မှုရှိခဲ့သည်။ အဆိုပါ ပြည်နယ်တွင် ယခင်နှစ် ပြည်နယ်ရွေးကောက်ပွဲပြီးစီးချိန်၌ အနိုင်ရရှိခဲ့သော ကွန်ဂရက်ပါတီအစိုးရအဖွဲ့သည် ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စုများသို့ ဆန် ၁၀ ကီလိုဂရမ်နှုန်းဖြင့် အခမဲ့ထောက်ပံ့မည်ဟူသော ရွေးကောက်ပွဲ ကတိကဝတ်ကို ဖြည့်ဆည်းနိုင်ရန်အတွက် အရန်ရိက္ခာဆန် တန်ချိန် ၂.၃၄ သိန်း ထပ်မံလိုအပ်ချက် ဖြစ်ပေါ်ခဲ့သည်။

     သို့ရာတွင် ဗဟိုအစိုးရသည် ပြည်နယ်များသို့ ဈေးဖွင့်ရောင်းချပေးမှု အစီအစဉ်မှ ဆန်နှင့်ဂျုံ ရောင်းချမှုကိုရပ်ဆိုင်းခဲ့ရာ ကာနာတကာပြည်နယ်အစိုးရက အပြစ်တင်ဝေဖန်မှုပြုခဲ့သည်။

Source: New Indian Express, 2 Aug 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ