ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ကမ္ဘောဒီးယားသည် စက်မှုအခြေခံကွဲပြားမှုမြှင့်တင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများကိုဆွဲဆောင်ရန် အာရုံစိုက်

     ကမ္ဘောဒီးယားနိုင်ငံတော်ဝင်အစိုးရ (RGC) သည် ကမ္ဘောဒီးယား၏ စက်မှုအခြေခံ၊  စီးပွားရေးကွဲပြားမှုကိုမြှင့်တင်ရန်နှင့် နိုင်ငံသားများအတွက်အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာစေရန်အတွက် ဦးစားပေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရန် အလေးထားဆောင်ရွက်လျက်ရှိကြောင်း ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ဥက္ကဋ္ဌ Sun Chanthol ကပြောကြားခဲ့သည်။ Sun Chanthol က ၁၈-၁၂-၂၀၂၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော သုံးနှစ်တာရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် လုပ်ငန်းစီမံချက်များ ပြင်ဆင်ခြင်း အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးသို့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ဩစတြေးလျ ဒုတိယအကြီးအကဲ Ms. Bridget Collier ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကမ္ဘောဒီးယား-ဩစတြေးလျပူးပေါင်းဆောင်ရွက်မှု (CAPRED) ကိုယ်စားလှယ်များနှင့် ကျွမ်းကျင်သူစုစုပေါင်း ၄၀ ဦးတက်ရောက်ခဲ့သည်။ CAPRED အစီအစဉ်မှတဆင့် ဩစတြေးလျ နည်းပညာအကူအညီဖြင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအစီအစဉ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိကကဏ္ဍများကိုဆွေးနွေးဆုံးဖြတ်ရန် အစည်းအဝေးကိုစီစဉ်ခဲ့ခြင်းဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဗျူဟာသည် ဦးစားပေးကဏ္ဍများကို ဖော်ထုတ်ခြင်း၊ ရင်းနှီးမြှုပ်နှံသူများကို ပံ့ပိုးပေးခြင်း၊ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရန်နှင့် ပေါ်ပေါက်လာသော ခေတ်ရေစီးကြောင်းများကို အသုံးချရန် တန်ဖိုးသတ်မှတ်ခြင်းတို့ကို ဦးစားပေးဆောင်ရွက် သွားမည်ဖြစ်သည်။ Sun Chanthol ကကမ္ဘောဒီးယား၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာ အကူအညီများ ပေးခဲ့ခြင်းအတွက် ဩစတြေလျအစိုးရအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ Ms. Bridget Collier က  နှစ်နိုင်ငံအစိုးရအကြား အထူးသဖြင့် CDC နှင့် ယခင်ကပူးပေါင်းဆောင်ရွက်မှုများအပေါ်ကျေနပ်အားရမိကြောင်းနှင့် ၃ နှစ်တာရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဗျူဟာသည် ကမ္ဘောဒီးယားနိုင်ငံအတွက် အရည်အသွေးနှင့် တန်ဖိုးမြင့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်စေနိုင်မည့် ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေးကောင်စီ အတွက် အရေးပါသော မှတ်တမ်းတစ်ခုဖြစ်လာမည်ဟုမျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

Source : Khmer Times

DOCA(ရန်ကုန်)

 

သီဟိုဠ်စေ့ထုတ်လုပ်သည့် စက်ရုံအသစ်ကို Kampong Thom ပြည်နယ်တွင် စတင်ဆောင်ရွက်

     Unique Noble Trading ကုမ္ပဏီသည် Kampong Thom ပြည်နယ်တွင် သီဟိုဠ်စေ့ ထုတ်လုပ်သည့် စက်ရုံကိုစတင်တည်ဆောက်နေကြောင်း ထုတ်ပြန်ခဲ့သည်။     ပြည်နယ်ဒုတိယ အုပ်ချုပ်ရေးမှူး Chea Vanchan က စက်ရုံသည် သီဟိုဠ်စေ့ ကုန်ထုတ်စွမ်းအားနှင့် အလုပ်သမားများအတွက် လူနေမှုအဆင့်အတန်းကို မြှင့်တင်ရာတွင်သိသာသောအထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ Unique Noble Trading ညွှန်ကြားရေးမှူးက စက်ရုံသည် တစ်ရက်လျှင် တန်ချိန် ၃၀ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး အလုပ်အကိုင်ပေါင်း ၂၀၀ မှ ၄၀၀ ခန့် ဖန်တီးပေးနိုင်မည်ဟုပြောကြားခဲ့သည်။ ကမ္ဘောဒီးယား၏ သီဟိုဠ်စေ့လုပ်ငန်းသည် ၂၀၂၄ ခုနှစ်၊ ပထမ ၁၀ လအတွင်း  တန်ချိန် ၈၄၀,၀၀၀ ထုတ်လုပ်နိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ်အလားတူကာလထက် ၂၆ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်းသိရသည်။ ကမ္ဘောဒီးယားသီဟိုဠ်စေ့အသင်း (CAC) သည် ပို့ကုန်ဈေးကွက်မျာကို ကွဲပြားစေကာပြုပြင်ထားသောသီဟိုဠ်စေ့များကို တရုတ်၊ ဂျပန်နှင့် ဉရောပသို့ အဓိကတင်ပို့လျက်ရှိသည်။ ကမ္ဘောဒီးယားသီဟိုဠ်စေ့အသင်း(CAC) ဥက္ကဋ္ဌ Uon Siloth  က သီဟိုဠ်စေ့လုပ်ငန်းသည် ကမ္ဘောဒီးယားနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်လာကြောင်းနှင့် သီဟိုဠ်စေ့စိုက်ပျိုးခင်း ဟက်တာ ၅၈၀,၀၀၀ ကျော်ရှိပြီး ပျမ်းမျှအထွက်နှုန်းမှာ (၁) ဟက်တာလျှင် ၁.၅ တန်ခန့်အထွက်နှုန်းရှိကြောင်းကြားခဲ့သည်။ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန (MAFF) မှ ကမ္ဘောဒီးယားသည် ၂၀၃၀ ခုနှစ် တွင် ကမ္ဘာ့သီဟိုဠ်စေ့ထုတ်လုပ်တင်ပို့မှုတွင် ထိပ်တန်းနိုင်ငံတစ်ခုဖြစ်လာမည်ဟု ခန့်မှန်းထား သည်။ ကမ္ဘောဒီးယားနိုင်ငံ၏ သီဟိုဠ်စေ့ပြုပြင်ထုတ်လုပ်ရေးတွင် အကြီးဆုံးစက်ရုံဖြစ်သော စင်္ကာပူနိုင်ငံ CSNC မှ တည်ဆောက်သည့် ဒေါ်လာ ၁၂ သန်းတန်ဖိုးရှိသော စက်ရုံအသစ်သည် ၂၀၂၅ ခုနှစ် မတ်လတွင်စတင်ဖွင့်လှစ်မည်ဖြစ်ပြီး တစ်ရက်လျှင် တန်ချိန် ၄၀ သို့မဟုတ် တစ်နှစ်လျှင် ၁၂,၀၀၀ ခန့်ထုတ်လုပ်နိုင်မည်ဖြစ်သည်။

Source : Khmer Times

DOCA(ရန်ကုန်)

 

ကမ္ဘောဒီးယားနှင့်တရုတ်တို့သည် ရင်းနှီးမြှုပ်နှံမှုများကိုဆွဲဆောင်ရန် အခွန်မူဝါဒများဆွေးနွေး

     ကမ္ဘောဒီးယား၏ ထွေထွေအခွန်ဦးစီးဌာန (GDT) နှင့်တရုတ်နိုင်ငံ၏ နိုင်ငံတော်အခွန်စီမံခန့်ခွဲရေးဌာနတို့သည် နိုင်ငံတော်၌ တရုတ်ရင်းနှီးမြှုပ်နှံမှုများကိုအားပေးရန် အခွန်မူဝါဒများ နှင့်ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့သည်။ တရုတ်နိုင်ငံရှိ ကမ္ဘောဒီးယား စီးပွားရေးအတိုင်ပင်ခံများနှင့် တရုတ်နိုင်ငံမှဌာနဆိုင်ရာအရာရှိများနှင့် တရုတ်စီးပွားရေး လုပ်ငန်းရှင်များ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။ ဆွေးနွေးပွဲတွင် GDT ၏ ဉပဒေပြုရေး၊ အခွန်မူဝါဒနှင့် နိုင်ငံတကာအခွန်ပူးပေါင်းဆောင်ရွက်ရေး ညွှန်ကြားရေးမှူး Seng Cheaseth က အခွန်နှုန်းထားများလျော့ချခြင်းနှင့် အရည်အသွေးပြည့်မီသောရင်းနှီးမြှုပ်နှံမှု စီမံကိန်းများအတွက်  ကင်းလွတ်ခွင့်များအပါအဝင် ကမ္ဘောဒီးယား၏ဆွဲဆောင်မှုရှိသော အခွန် မတ်လုံးများကိုတင်ပြခဲ့သည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသည် ကမ္ဘောဒီးယားနှင့်တရုတ်နိုင်ငံတို့ အကြားခိုင်မာသောစီးပွားရေးဆက်ဆံမှုကို အလေးပေးခဲ့ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရန်ကြိုးပမ်းလျက်ရှိသည်။ တရုတ်ကိုယ်စားလှယ်အဖွဲ့သည် ကုန်ထုတ်လုပ်မှု၊ ခရီးသွားလုပ်ငန်းနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးစသည့် ကဏ္ဍအသီးသီးတွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများရှာဖွေရန်စိတ်ဝင်စားကြောင်းပြောကြားခဲ့သည်။ တရုတ်နိုင်ငံ သည် ကမ္ဘောဒီးယား၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုတိုးမြင့်လာစေသည့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုကြောင့် ၁၂ နှစ်တာကာလအတွင်း ကမ္ဘောဒီးယားနိုင်ငံ၏ အကြီးဆုံးနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အရင်းအမြစ်ဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်၊ ပထမသုံးလပတ် အတွင်း ကန်ဒေါ်လာ ၁၁ ဘီလီယံအထိ နှစ်နိုင်ငံကုန်သွယ်မှုဖြင့် ကမ္ဘောဒီးယားနိုင်ငံ၏ ထိပ်တန်း ကုန်သွယ်ဖက်အဖြစ် ဆက်လက်ရပ်တည်နေပြီး ၂၀၂၃ ခုနှစ်၊ အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂၂ ရာခိုင်နှုန်းတိုးလာသည်။

Source : Khmer Times

DOCA(ရန်ကုန်)

Sarawak-Phnom Penh တိုက်ရိုက်လေကြောင်းခရီးစဉ်များတွင် ရင်းနှီးမြှုပ်နှံရန် မလေးရှားထိပ်တန်း ခေါင်းဆောင်များ ပံ့ပိုး

     မလေးရှားနိုင်ငံ၊ အထက်လွှတ်တော် ဥက္ကဋ္ဌ Senator Dato Awang Bemee bin Awang Ali Basah သည် ကမ္ဘောဒီးယား၏ ဆန်စပါးကြိတ်ခွဲရေးကဏ္ဍနှင့် မလေးရှားနိုင်ငံ၊ Sarawak ပြည်နယ်မှ ကမ္ဘောဒီးယားနိုင်ငံ၏မြို့တော် Phnom Penh သို့ တိုက်ရိုက်ပျံသန်းမှုများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်မှုများအတွက်ထောက်ခံကြောင်း ပြောကြားခဲ့သည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့ရှိ အထက်လွှတ်တော်တွင်ပြုလုပ်ခဲ့သည့် နေ့လယ်စာစားပွဲတွင် မလေးရှားနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ နှင့် မလေးရှားနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်ကြီး Vith Panhnha  တို့ပြောကြားခဲ့ခြင်းဖြစ်သည်။ကမ္ဘောဒီးယားနိုင်ငံ၏ ကုန်သွယ်မှု၊ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း၊ စွမ်းအင်၊ ပညာရေး၊ ကျန်းမာရေးနှင့် ခရီးသွားကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများတိုးမြင့်လာစေရန်နှင့် Sarawak နှင့် Sabah ပြည်နယ်ရှိမြို့များနှင့် ကမ္ဘောဒီးယားရှိ ပြည်နယ် သို့မဟုတ်မြို့များအကြား ပိုမိုနီးကပ်သော ဆက်ဆံရေးများတိုးမြှင့်ရန်အတွက် ခွင့်အလမ်းများကို ရှာဖွေရန် အထက်လွှတ်တော်ဥက္ကဋ္ဌ က မလေးရှားရင်းနှီးမြှုပ်နှံသူများကို တိုက်တွန်း ထားကြောင်းပြောကြားခဲ့သည်။ သံအမတ်ကြီး Vith Panhnha က နေ့လယ်စာဖြင့်တည်ခင်း ဧည့်ခံသည့်အတွက် ကျေးဇူးတင်ရှိကြောင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ရှာဖွေရန်ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

Source : Khmer Times

DOCA(ရန်ကုန်)

တရားမဝင်စီးပွားရေးများအတွက်ကမ္ဘောဒီးယားအစိုးရမှ မှတ်ပုံတင်စနစ်စတင်မိတ်ဆက်

             ကမ္ဘောဒီးယားတော်ဝင်အစိုးရ (RGC) သည် ၎င်းတို့၏ လုပ်ငန်းတိုးတက်မှုနှင့် နိုင်ငံသားများ၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ရန်အတွက် အရင်းအမြစ်များကို အထောက်အပံ့နှင့် လက်လှမ်းမီစေရန် အလွတ်သဘောစီးပွားရေးအတွက် ဒစ်ဂျစ်တယ်မှတ်ပုံတင်စနစ်အသစ်ကို ၁၆-၁၂-၂၀၂၄ ရက်နေ့က မိတ်ဆက်ခဲ့သည်။ စက်မှု၊ သိပ္ပံ၊ နည်းပညာနှင့် တီထွင် ဆန်းသစ်မှုဝန်ကြီးဌာန (MISTI)  မှ ကြီးမှူးကျင်းပသည့် ‘Digital Platform for Onboarding the Informal Economy’  တွင်ဝန်ကြီးချုပ် Hun Manet က အွန်လိုင်းမှတ်တင်စနစ်အသစ် အတွက် လျှောက်လွှာများသည် အခမဲ့ဖြစ်ကြောင်းပြောကြားခဲ့သည်။ အလွတ်သဘော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အသက်မွေးဝမ်းကြောင်း ချဲ့ထွင်မှုများအတွက် အခွင့်အလမ်းများ ဖန်တီးရန်ရည်ရွယ်၍ ပံ့ပိုးမှုများလိုအပ်ကြောင်း ထပ်မံပြောကြားခဲ့သည်။ MISTI ဝန်ကြီးနှင့် အလွတ်သဘောစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ဥက္ကဋ္ဌ Hem Vanndy က  ထိုဒစ်ဂျစ်တယ်ပလပ်ဖောင်းသည် တရားမဝင်စီးပွားရေး များအတွက် ပြဿနာများ ကိုဖြေရှင်းပေးမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာအာဏာပိုင်များကို တရားဝင်စီးပွားရေး ကဏ္ဍတွင် ပေါင်းစည်းနိုင်သည်အထိ ၎င်းတိုး၏ထုတ်ကုန်စွမ်းအား၊ စီးပွားရေးတိုးတက်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ပေးမည်ဖြစ်ကြောင်း ပြောကြာခဲ့သည်။ အွန်လိုင်းပလပ်ဖောင်းသည် မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကို လွယ်ကူချောမွေ့စေပြီး လျှောက်ထားသူများသည် အစိုးရ၏ ပံ့ပိုးကူညီမှုအမျိုးမျိုးကိုအလွယ်တကူရယူနိုင်စေရန်၊ ၎င်းတို့၏ လုပ်ငန်းများကို ရေရှည်တည်တံ့စေရန်နှင့် တရားဝင်စီးပွားရေးသို့ ကူးပြောင်းရာတွင် လွယ်ကူချောမွေ့စေသည်ဟု လူမှုစီးပွားသုတေသနပညာရှင် Dr Tech  ကပြောကြားခဲ့သည်။ “The Cambodia Labor Force Survey 2019” အရ ကမ္ဘောဒီးယားနိုင်ငံတွင် လုပ်သားအင်အား ၇.၉ သန်းခန့်ရှိပြီး လုပ်သားအင်အား၏ ၂၁.၅ ရာခိုင်နှုန်းသည်တရားဝင်စီးပွားရေးကဏ္ဍတွင် အလုပ်လုပ်ကိုင်လျက်ရှိပြီး ကျန်ရှိသော ၆.၂ သန်းသည် တရားမဝင်စီးပွားရေးကဏ္ဍတွင် အလုပ်လုပ်ကိုင်နေသူများဖြစ်ကြောင်း သိရှိရပါသည်။

Source : Khmer Times

DOCA(ရန်ကုန်)

မဲခေါင်အရှေ့ပိုင်းဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကကဏ္ဍကိုမြှင့်တင်ရန် ဝန်ကြီးချုပ် တိုက်တွန်း

             ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Hun Manet က မဲခေါင်မြစ် အရှေ့ဘက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးတွင်  ပုဂ္ဂလိကကဏ္ဍကိုပိုမိုတိုးတက်အောင်မြင်စေရန် ၁၇-၁၂-၂၀၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော “Mekong Quay City” ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဖွင့်ပွဲခမ်းအနားတွင် ပြောကြားခဲ့သည်။  ဝန်ကြီးချုပ်က အဆိုပါ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်များသည် အခြေခံ အဆောက်အအုံမြှင့်တင်ရန်သာမက နိုင်ငံသားများ၏ အသက်မွေးဝမ်းကြောင်းမှုမြှင့်တင်ရေး တို့ကိုလည်း ရည်ရွယ်ထားကြောင်း ဝန်ကြီးချုပ်ကပြောကြားခဲ့သည်။ အခမ်းအနားတွင် ဝန်ကြီးချုပ်က မြှင့်တင်ရေးနှင့်အားပေးမှုများသည်  လာမည့်နှစ်များအတွင်း ရှေ့ပိုင်းဒေသ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုဆီသို့ ဦးတည်သော ကနဦးခြေလှမ်းဖြစ်ကြောင်းနှင့် ပတ်ဝန်းကျင်ဒေသများ၏ အလားအလာကို မြှင့်တင်ပေးမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုတွင် ပုဂ္ဂလိက ကဏ္ဍ၏ပါဝင်ဆောင်ရွက်မှုများကို အစိုးရအနေဖြင့် ကြိုဆိုပြီး နိုင်ငံနှင့်ပြည်သူများအတွက် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရန်ဆောက်ရွက်လျက်ရှိသည်ဟု ထပ်လောင်းပြောကြားခဲ့သည်။ TP Moral Group (TPMG) နှင့် Khun Sea Group တို့အကြား ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်သည့် “Mekong Quay City” စီမံကိန်းသည် Koh Norea ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် ဆန့်ကျင်ဘက် မဲခေါင်မြစ်အရှေ့ဘက်ကမ်းရှိ  Akreiy Ksatr City တွင်တည်ရှိကြောင်းသိရှိရပါသည်။

Source : Khmer Times

DOCA(ရန်ကုန်)

ကမ္ဘောဒီးယားရှိ စိုက်ပျိုးရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများရှာဖွေရန် တရုတ်ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စား

          ကမ္ဘောဒီးယား ဖွံ့ဖြိုးတိုးတက်မှုကောင်စီ (CDC) ၏ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့၊ အထွေထွေ အတွင်းရေးမှူးချုပ် Chea Vuthy သည် တရုတ်ပြည်သူသမ္မတနိုင်ငံမှ Zhongke Beifang ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ Ms. Zhou Huitong ဦးဆောင်သော တရုတ်ရင်းနှီးမြှုပ်နှံသူများ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့သည်။ တွေ့ဆုံပွဲတွင် Chea Vuthy က ကိုယ်စားလှယ်အဖွဲ့အားကြိုဆိုခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများစီးဆင်းမှု အထူးသဖြင့် လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း ကမ္ဘောဒီးယားသို့ တရုတ်ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာမှုနှင့်အတူ တရုတ်ရင်းနှီးမြှုပ်နှ့မှုအရင်းအမြစ်များသည် နှစ်စဉ်တိုးတက်လာခဲ့ ကြောင်းအလေးပေးပြောကြားခဲ့သည်။ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Ms. Zhou Huitong က ကမ္ဘောဒီးယားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို လေ့လာနေသည်မှာ (၂) နှစ်ခန့်ရှိကြောင်း၊ ယခုအချိန်တွင် ကုမ္ပဏီသည် ပြည်တွင်းဈေးကွက်နှင့် ပို့ကုန်အတွက် လယ်ယာထွက်ကုန်ပြုပြင်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။ တစ်ဖက်တွင် ကမ္ဘောဒီးယား၌ စပါး၊ ပီလောပီနံနှင့် သီဟိုဠ်စေ့ စသည့် သီးနှံအများအပြား ရှိသောကြောင့် ဒေသတွင်းစိုက်ပျိုးထုတ်လုပ်မှုတွင် ရင်းနှီးမြှုပ်နှံမှုများ လိုအပ် ကြောင်းပြောကြားခဲ့သည်။ Chea Vuthy က ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကို ကြိုဆိုခဲ့ပြီး စိုက်ပျိုးရေးကဏ္ဍသည် ဦးစားပေးကဏ္ဍဖြစ်ပြီး ကမ္ဘောဒီးယားတော်ဝင်အစိုးရ၏အာရုံစိုက်မှုကို ရရှိထားကြောင်းနှင့် ကုမ္ပဏီအား အမြတ်အစွန်းအများအပြားရရှိစေရေးအတွက် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာဆုံးဖြတ်ချက်များကို အမြန်ဆုံးချမှတ်နိုင်ရန် ပြောကြားခဲ့သည်။ 

DOCA(ရန်ကုန်)

 

ကမ္ဘောဒီးယားနိုင်ငံ Preah Sihanouk ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရန် ထိပ်သီးအစည်းအဝေးကျင်းပ

          ကမ္ဘောဒီးယားနိုင်ငံ၊ အနောက်တောင်ပိုင်းရှိ Preah Sihanouk ကမ်းရိုးတန်းပြည်နယ်၏ အလားအလာကိုမြှင့်တင်ရန် ရင်းနှီးမြှုပ်နှံသူများနှင့် ထိပ်သီးအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ သည်။ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ အတွင်းရေးမှူး Hean Sahib က Preah Sihanouk ပြည်နယ်သည် အခြေခံအဆောက်အအုံနှင့် အဆင့်မြင့်နည်းပညာများလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး စီးပွားရေးနှင့်ရင်နှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းများဖန်တီးပေး ကြောင်း၊ အစိုးရအနေဖြင့် Preah Sihanouk ပြည်နယ်ကို အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) တွင် ရင်းနှီးမြှုပ်နှံမှုနှင့်ဖွံ့ဖြိုးတိုးတက်ရေးအချက်အချာအဖြစ် ပြောင်းလဲပေးရန် ဖြစ်ကြောင်း ထိပ်သီးအစည်းအဝေးတွင်ပြောကြားခဲ့သည်။ အဆိုပါအစည်းအဝေးသို့ တရုတ်၊ တောင်ကိုရီးယား၊ အမေရိကန်နှင့်ဥရောပနိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းရှင်များတက်ရောက်ခဲ့ ကြသည်။ တော်ဝင်အစိုးရမှ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအထူးအစီအစဉ်များကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလုပ်ငန်းအဖွဲ့မှ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၆ ဘီလီယံဖြင့် စီမံကိန်း ၂၀၀ ကျော်အား “permits in principle” ပေးအပ်ခဲ့သည်။ ထိပ်သီးအစည်းအဝေးတွင် Sihanoukville အထူးစီးပွားရေးဇုန် ကိုယ်စားလှယ်မှ ဇုန်အတွင်းရင်းနှီးမြှုပ်နှံခြင်း၏ အလားအလာနှင့်အကျိုးကျေးဇူးများကို တက်ရောက်လာသူများအား ရှင်းလင်းတင်ပြခဲ့သည်။

DOCA(ရန်ကုန်)

Cambodia Angkor Air သည် တောင်ကိုရီးယားနိုင်ငံ အနောက်တောင်ပိုင်းသို့ တိုက်ရိုက်ပျံသန်းမှုစတင်ရန်ဆွေးနွေးတိုင်ပင်

          ကမ္ဘောဒီးယား-တောင်ကိုရီးယား ကုန်သွယ်မှုတိုးတက်လာသည်နှင့်အမျှ Cambodia Angkor Air သည် တောင်ကိုရီးယားနောက်တောင်ဘက်ရှိ Muan ခရိုင်သို့ တိုက်ရိုက် ပျံသန်းမှုများစတင်ခဲ့သည်။ ဖနွမ်းပင်မှ ပထမဆုံးလေကြောင်းခရီးစဉ်များကို ဒီဇင်ဘာလ ၂၉ ရက်နေ့တွင်လည်းကောင်း၊ Siem Reap ပြည်နယ်မှ လေကြောင်းခရီးစဉ်များကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့တွင်စတင်မည်ဖြစ်သည်။ Cambodia Angkor Air လေကြောင်းလိုင်းမှ ပြောရေးဆိုခွင့်ရှိသူက ပျံသန်းချိတ်ဆက်မှုအသစ်သည် ခရီးသွားများအတွက် အခွင့်အလမ်းများ ပိုမိုရရှိစေပြီး နှစ်နိုင်ငံ၏ ကြွယ်ဝသောယဉ်ကျေးမှု၊ လှပသောရှုခင်းများနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကိုရှာဖွေရန် ပိုမိုလွယ်ကူစေကြောင်းပြောကြားခဲ့သည်။ ကိုရီးယားစီးပွားရေး လုပ်ငန်းများကို ပိုမိုဆွဲဆောင်ရန်အတွက် ကမ္ဘောဒီးယားသည် ကိုရီးယားရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်း၍ အထူးစီးပွားရေးဇုန်များဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ အလုပ်သမားနှင့် အသက်မွေးဝမ်းကြောင်းလေ့ကျင့်ရေးဝန်ကြီးဌာန၊ ဝန်ကြီး Heng Sour က တောင်ကိုရီးယားနိုင်ငံ Gyeonggi ပြည်နယ်မှ လာရောက်သည့် စီးပွားရေး ကိုယ်စားလှယ်အဖွဲ့ အား နိုင်ငံတော်၏အထူးစီးပွားရေးဇုန်များတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် နှင့် ကမ္ဘောဒီးယား-တောင်ကိုရီးယားလွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်သည် ကိုရီးယားသို့ လယ်ယာထွက်ကုန်များတင်ပို့ရန်နှင့် ပြုပြင်ထုတ်လုပ်ရေးတို့တွင် ရင်းနှီးမြှုပ်နှံမှု များပြုလုပ်ရန် တွန်းအားတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

DOCA(ရန်ကုန်)

 

 

IFC သည် နိုင်ငံတော်၏ အခြေခံအဆောက်အအုံကဏ္ဍကို ငွေကြေးထောက်ပံ့ရန်စိတ်ဝင်စား

          World Bank Group ၏ အဓိကအဖွဲ့ဝင်ဖြစ်သည့် The International Finance Corporation (IFC) သည် ပို့ဆောင်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ဘဏ္ဍာရေးကဏ္ဍအပါအဝင် ကမ္ဘောဒီးယား၏ဦးစားပေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့ရန် စိတ်ဝင်စားကြောင်း ဖော်ပြခဲ့သည်။ အာရှ ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Riccardo Puliti ၊ ကမ္ဘောဒီးယား ကမ္ဘောဘဏ် မန်နေဂျာ Tania Meyer နှင့် ကမ္ဘောဒီယားနိုင်ငံဆိုင်ရာ IFC ဌာနကိုယ်စားလှယ် Towfiqua Hoque တို့သည် ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet နှင့် ဖနွမ်းပင်မြို့ရှိ ငြိမ်းချမ်းရေးနန်းတော်တွင် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။ တွေ့ဆုံစဉ် ငြိမ်းချမ်းရေး နှင့်စီးပွားရေးတိုးတက်မှုတို့ကို ထိန်သိမ်းရာတွင် ကမ္ဘောဒီးယားတော်ဝင်အစိုးရ (RGC)၊ The International Finance Corporation (IFC) ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ အကြား ယခင်ကကောင်းမွန်သောပူးပေါင်းဆောင်ရွက်မှုဖြင့် ထောက်ပံ့ပို့ဆောင်ရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ဘဏ္ဍာရေးကဏ္ဍများအပါအဝင် ဦးစားပေးကဏ္ဍများစွာတွင် ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့ရန် အခွင့်အလမ်းများစွာကို ရှာဖွေရန်ရည်ရွယ်ချက်များကိုဆွေးနွေးခဲ့ သည်။ Riccardo Puliti သည် အစိုးရ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကိုပံ့ပိုးရာတွင် ပုဂ္ဂလိက ကဏ္ဍ၏ အရေးကြီးသောအခန်းကဏ္ဍကို အသိအမှတ်ပြုပေးခြင်းတွက်ကျေးဇူတင်ကြောင်း၊ ပြည်လည်ဖွံ့ဖြိုးမြဲစွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ RGC ၏မူဝါဒနှင့် ဦးစားပေးမှုကို ပြသခဲ့ပြီး IFC ၏ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့ရန်ရည်ရွယ်ထားကြောင်းပြောကြားခဲ့သည်။ ဝန်ကြီးချုပ်က အစိုးရသည် အမြန်လမ်းများကဲ့သို့သောထောက်ပံ့ပို့ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အခြေခံအဆောက်အအုံများဖွံ့ဖြိုးတိုးတက်ရေးကို အားရုံစိုက်ထားကြောင်း၊ ပြည်တွင်း၊ ဒေသတွင်းနှင့်နိုင်ငံတကာချိတ်ဆက်မှုများမြှင့်တင်ရန်အတွက် ရေနက်ဆိပ်ကမ်းများတိုးချဲ့ရန် ရည်ရွယ်ထားကြောင်းနှင့် ကမ္ဘောဒီးယားနိုင်ငံသည် လက်ရှိတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၏ ၆၂ ရာခိုင်နှုန်းကို အသုံးပြုလျက်ရှိပြီး ၂၀၃၀ ခုနှစ်တွင် ၇၀ ရာခိုင်နှုန်းအထိတိုးချဲ့အသုံးပြုနိုင်ရန်ရည်ရွယ် ထားကြောင်းပြောကြားခဲ့သည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ