ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ယခုနှစ်တွင် ဗီယက်နမ်၏အဝတ်အထည်နှင့်အထည်အလိပ်တင်ပို့မှု အမေရိကန်ဒေါ်လာ ၄၄ ဘီလီယံ‌ရောက်ရှိရန် ခန့်မှန်းရ

     ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်၏အဝတ်အထည်နှင့် အထည်အလိပ်တင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၄၄ ဘီလီယံဖြင့် ၂၀၂၃ ခုနှစ်ကထက် ၁၁.၂၆ ရာခိုင်နှုန်းမြင့်တက်ရန် ခန့်မှန်းရကြောင်း ဗီယက်နမ်အဝတ်အထည်နှင့်အထည်အလိပ်အသင်း (VITAS) ၏အဆိုအရ သိရပါသည်။ တစ်ချိန်တည်းမှာပင် အဝတ်အထည်နှင့်အထည်အလိပ်တင်သွင်းမှုတန်ဖိုးမှာ ခန့်မှန်း အမေရိကန် ဒေါ်လာ ၂၅ ဘီလီယံရှိသည့်အတွက် ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံ ရရှိကြောင်း သိရပါသည်။ VITAS ၏ဥက္ကဌဖြစ်သူ Vu Duc Giang က ထိုလုပ်ငန်းကဏ္ဍမှ များစွာသောကုမ္ပဏီများသည် ၂၀၂၄ နှင့် ၂၀၂၅ နှစ်ခုလုံးအတွက် ကြီးမားသောမှာယူမှုများ ရရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ကမ္ဘာလုံးဆိုင်ရာရှုပ်ထွေးမှုများ၊ နှေးကွေးသောကုန်သွယ်ရေး နာလံထူမှုနှင့် ကမ္ဘာလုံးဆိုင်ရာရင်းနှီးမြှုပ်နှံမှုလျှော့ချမှုများရှိနေသော်လည်း ဗီယက်နမ်၏ အဝတ်အထည်နှင့် အထည်အလိပ်လုပ်ငန်းသည် အားကောင်းစွာကြီးထွားမှုကို ဆက်လက် ထိမ်းသိန်းနိုင်ခဲ့ကြောင်းသိရပါသည်။ ၂၀၂၅ ခုနှစ်အတွက်မူ လုပ်ငန်းနယ်ပယ်တစ်ခုလုံးသည် တင်ပို့ရာမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၄၈ ဘီလီယံပတ်ချာလည်ရရှိရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ သို့သော် Giang က အကောင်းမြင်ခန့်မှန်းမှုများရှိသော်လည်း လုပ်ငန်းနယ်ပယ်သည် ကြီးမားသောမှာယူမှုများအတွက် အခွင့်အရေးအကန့်အသတ်ရှိနေခြင်းနှင့် စားသုံးသူ ဝယ်လိုအားနှေးကွေးခြင်းတို့ပါဝင်သည့် သိသာထင်ရှားသည့်စိန်ခေါ်မှုများနှင့် ၂၀၂၅ တွင်ရင်ဆိုင် ရနိုင်ကြောင်းသတိပေးပြောကြားခဲ့ပါသည်။ ထို့ပြင်လာမည့်နှစ်တွင် မှာယူသည့်တန်ဖိုးနည်းပါး သည့် ဖိအားအပြင် ကုန်ကြမ်းပစ္စည်းဖူလုံမှုရှိရေးနှင့် ထုတ်လုပ်ရာတွင် တင်းကျပ်သည့်စည်းမျဉ်း နှင့် စံနှုန်းသစ်များလိုအပ်ချက်မြင့်တက်လာသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရနိုင်ကြောင်း သိရပါသည်။ Hung Yen အထည်အလိပ်ကော်ပိုရေးရှင်း၏ဥက္ကဌဖြစ်သူ  Nguyen Xuan Duon က လုပ်ငန်းနယ်ပယ်သည် ၂၀၂၄ တွင် တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၄၄ ဘီလီယံ ရရှိရန် ခန့်မှန်းရသော်လည်း ဥရောပသမဂ္ဂသို့တင်ပို့မှုမှာ သင့်ရုံမျှသာရှိကြောင်းသိရပါသည်။ လုပ်ငန်း၏ သိသာထင်ရှားသောစိန်ခေါ်မှုမှာ ကုန်ကြမ်းပစ္စည်းများကို တရုတ်နှင့်အခြား လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်အဖွဲ့ဝင်မဟုတ်သည့်နိုင်ငံများမှ တင်သွင်းနေရခြင်းဖြစ်ကြောင်း သိရပါသည်။ ထို့ပြင်ကုမ္ပဏီများသည် ထုတ်လုပ်မှုလုပ်ငန်းစဉ်တိုးတက်ရေးအတွက် နည်းပညာနှင့် လူအစားအလိုအလျှောက် စက်ကိရိယာအသုံးပြုခြင်းတို့တွင် ဆက်လက် ရင်းနှီးမြှုပ်နှံမှုပြုရန် လိုအပ်ကြောင်းသိရပါသည်။ ဆက်လက်၍လည်း စွမ်းအင်ချွေတာရေး စီမံချက်များနှင့် ထုတ်လုပ်ရာတွင် ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုခြင်းတို့ကလည်း အစိမ်းရောင် အသိအမှတ်ပြုလက်မှတ် ရယူရာတွင် အရေးပါကြောင်း သိရပါသည်။

Vietnam Plus

DOCA(ရန်ကုန်)

ထိုင်းနိုင်ငံနှင့် တောင်ကိုရီးယားတို့ လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်အတွက် ဆွေးနွေး

     ထိုင်းနိုင်ငံနှင့်တောင်ကိုရီးယားနိုင်ငံတို့သည် အပြန်အလှန်ကုန်သွယ်ရေး၊  ဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများအရှိန်မြှင့်တင်ရန် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် (FTA) ညှိနှိုင်း ဆွေးနွေးရန်ပြင်ဆင်နေကြောင်း  ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီး Pichai Naripthaphan က ဒီဇင်ဘာလ ၁၄ ရက်နေ့က ပြောကြားခဲ့ပါသည်။ Mr Pichai က ထိုအကြောင်းကို တောင်ကိုရီးယားသံအမတ် Park Yongmin နှင့် ဝန်ကြီးဌာနရုံးချုပ်တွင် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး မှုအပြီးတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ ထို FTA သည် ထိုင်း-တောင်ကိုရီးယား စီးပွားရေးမိတ်ဖက်သဘောတူညီချက် (EPA)ဟု အမည်ရပြီး ကုန်စည်၊ ဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတွင် ကုန်သွယ်မှုတိုးချဲ့ရန်ရည်ရွယ်ကြောင်းသိရပါသည်။ ထိုသဘောတူညီချက်ကို ထိုင်းနှင့် တောင်ကိုရီးယားတို့ယခင်ကလက်မှတ်ရေးထိုးခဲ့သည့် အာဆီယံ-တောင်ကိုရီးယား လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်နှင့် ဒေသတွင်း ဘက်ပေါင်းစုံ စီးပွားရေး မိတ်ဖက် သဘောတူညီချက် စသည့်သဘောတူညီချက်များအပေါ် အခြေပြု၍ တည်ထောင်မည်ဟု သိရပါ သည်။ Mr Pichai က EPA သည် ဒစ်ဂျစ်တယ် ကုန်သွယ်ရေးနှင့် ထောက်ပံ့မှုကွင်းဆက်စသည့် ဧရိယာသစ်များတွင် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန် ကူညီမည်ဖြစ်ကြောင်း၊ တောင်ကိုရီးယား နိုင်ငံအား သရက်သီး၊ မင်းဂွတ်သီး၊ နာနတ်သီး၊ ပုဇွန်နှင့် ကြက်တို့ပါဝင်သည့် ထိုင်းနိုင်ငံ၏ အရည်အသွေးမြင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ အတွက် ဈေးကွက်ဖွင့်လှစ်ပေးရန် စဉ်းစား ပေးစေလိုကြောင်းနှင့် ထိုင်းနိုင်ငံသည် ဒီဇင်ဘာ ၁၇ မှ ၁၉ ထိကျင်းပမည့် ထိုင်း-တောင်ကိုရီးယား EPA တတိယအကြိမ်မြောက်ညှိနှိုင်းဆွေးနွေးမှုများကို အိမ်ရှင်အဖြစ်လက်ခံ ကျင်းပရန် အဆင့်သင့်ဖြစ်နေကြောင်း ပြောကြားခဲ့ပါသည်။ ထိုင်းနှင့် တောင်ကိုရီးယားတို့သည် နှစ် ၂၀ ကျော်ခန့်ငြိမ်သက်နေသည့် ဝန်ကြီးဌာနအဆင့် ပူးတွဲ ကုန်သွယ်ရေး ကော်မတီ (JTC)  အစည်းအဝေးကို ပြန်လည်အသက်သွင်းရန် သဘောတူခဲ့ကြ ကြောင်း သိရပါသည်။ ထို JTC သည် ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုအရှိန်မြှင့်တင်ရန် စင်မြင့်တစ်ခုအနေနှင့်ဆောင်ရွက်ပေးမည်ဖြစ်ပြီး နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်ရာတွင် အတားအဆီးများကို ဖြေရှင်းပေးမည်ဟု သိရပါသည်။ ထို JTC အစည်းအဝေးကို ၂၀၂၅ အစောပိုင်းတွင် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပရန် အဆင်သင့်ဖြစ်နေကြောင်း သိရပါသည်။ တောင်ကိုရီးယားသည် ထိုင်းနိုင်ငံ၏ ၆ ခုမြောက်အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူ ဖြစ်ကြောင်းသိရပါသည်။ အဓိက တောင်ကိုရီးယားကုမ္ပဏီတစ်ခုသည် ထိုင်းနိုင်ငံတွင် လျှပ်စစ် မော်တော်ယာဉ်နှင့် ဘက်ထရီ ထုတ်လုပ်ရာ၌ အမေရိကန်ဒေါ်လာသန်း ၃၀ ခန့်ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်း သိရပါသည်။ ထိုင်းအစိုးရသည် ဆီမီးကွန်ဒတ်တာ၊ Printed Circuit boards (PCBs)၊ ဆေးဝါးနှင့် ဘိုင်အိုနည်းပညာ၊ ဒစ်ဂျစ်တယ်နှင့်AI နည်းပညာနှင့် ဒေတာစင်တာများ  အစရှိသည့် အခြား အဓိကလုပ်ငန်းများတွင် ကိုရီးယားရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်ရန် ဆန္ဒရှိနေကြောင်း သိရပါသည်။

Bangkok Post

DOCA(ရန်ကုန်)

                            

ယူကေသည် အာရှ-ပစိဖိတ် ကုန်သွယ်ရေးအဖွဲ့ CPTPP နှင့် တရားဝင်ပူးပေါင်း

      ယူကေသည် ၁၄.၁၂.၂၀၂၄ ရက်နေ့ (စနေနေ့) က Comprehensive and Progressive Agreement for Trans-Pacific Partnership (CPTPP) သို့တရားဝင်ပူးပေါင်းခဲ့ပြီး အာရှ-ပစိဖိတ် ကုန်သွယ်ရေးအဖွဲ့တွင် ပထမဆုံးပူးပေါင်းပါဝင်သော ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည်။ နိုင်ငံပေါင်း ၁၂ နိုင်ငံ၏ ကုန်သွယ်မှုသဘောတူညီချက်သည် ရေရှည်တွင် ဗြိတိန်စီးပွားရေးကို ပေါင် ၂ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၂.၅၂ ဘီလီယံခန့်) မြှင့်တင်ပေးနိုင်ရန်မျှော်မှန်းထားကြောင်းသိရ သည်။ယူကေ၏ CPTPP သို့ ဝင်ရောက်ပူးပေါင်းခြင်းသည် စီးပွားရေးတိုးတက်မှုနှင့်အိမ်ထောင်စု ဝင်ငွေများမြင့်မားလာစေရန် ရည်ရွယ်သည့်အစိုးရ၏ အပြောင်းအလဲအတွက်အုတ်မြစ်ဖြစ်ကြောင်း ဌာနက ၎င်း၏ဝက်ဘ်ဆိုဒ်တွင် မှတ်ချက်ပြုခဲ့သည်။ နိုင်ငံတွင်းရှိဒေသများအားလုံး အတွက်အကျိုးရှိစေပြီး တစ်နှစ်လျှင်အိမ်ထောင်စုလုပ်ခ ပေါင် ၁ ဘီလီယံ(အမေရိကန်ဒေါ်လာ ၁.၂၆ ဘီလီယံ) မြှင့်တင်ပေးနိုင်ရန်စီစဥ်ထားကြောင်းသိရသည်။ ထိုကဲ့သို့သဘောတူညီချက်များသည် ကုန်သွယ်မှုကိုမြှင့်တင်ပေးပြီး နိုင်ငံခြားရှိ ယူကေကုမ္ပဏီများအတွက် အခွင့်အလမ်းများစွာကို ဖန်တီးပေးနိုင်ပြီး အလုပ်အကိုင်များ ပံ့ပိုးပေးနိုင်ကြောင်း လုပ်ခလစာများ တိုး‌မြင့်ပေးနိုင်ပြီး နိုင်ငံတစ်ဝှမ်း ရင်းနှီးမြှုပ်နှံမှုများကိုလည်း တွန်အားပေးနိုင်ကြောင်း ဗြိတိန်စီးပွားရေးနှင့်ကုန်သွယ်ရေးဝန်ကြီး Jonathan Reynolds မှ ပြောကြားခဲ့သည်။HSBC UK ၏ CEO ဖြစ်သူ Ian Stuart က ကုန်သွယ်ရေးအစုအဖွဲ့၏ အရေးပါမှုကိုအလေးပေးပြောကြားခဲ့ပြီး ၂၀၂၃ ဇူလိုင်တွင် ယူကေ၏ ဝင်ရောက်မှုကို ကြေညာပြီးကတည်းက CPTPP စျေးကွက်များနှင့် ယူကေအကြား‌ ငွေပေးချေမှု ပိုမိုတိုးမြင့်လာခဲ့ပြီး ၎င်းတိုးမြင့်လာမှုအား ဆက်လက်တည်ရှိနေရန်လည်း မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

Source : Xinhua

DOCA(ရန်ကုန်)

                            

သီရိလင်္ကာနိုင်ငံသည် အမေရိကန်ဒေါ်လာ ၅.၃ ဘီလီယံ တန်ဖိုးရှိသော PPP ပ‌ရောဂျက်များအား ပြီးမြောက်အောင်လုပ်ဆောင်

    သီရိလင်္ကာနိုင်ငံသည် ၁၉၉၀ မှ ၂၀၂၄ ခုနှစ်အတွင်းအမေရိကန်ဒေါ်လာ ၅.၃ ဘီလီယံ ကျော်တန်ဖိုးရှိသောဘဏ္ဍာရေးအရ ပိတ်သိမ်းထားသော အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု ပရောဂျက်ပေါင်း ၁၇၉ ခုအား အကောင်အထည်ဖော်ခဲ့ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် ADB ၏ နောက်ဆုံးထုတ်ပြန်ချက်များအရ သိရသည်။အဆိုပါစီမံကိန်းများသည် စွမ်းအင်နှင့်ဆိပ်ကမ်းကဏ္ဍများတွင် အာရုံစိုက်ထားခြင်းဖြစ်ကြောင်း သိရသည်။ စုစုပေါင်းပရောဂျက် ၁၇၉ ခုတွင် ၁၆၂ ခုမှာ စွမ်းအင် ကဏ္ဍတွင် အာရုံစိုက်ထားပြီး ပရောဂျက် ၅ ခုမှာ ဆိပ်ကမ်းကဏ္ဍတွင်အာရုံစိုက်ထားခြင်းဖြစ်ပြီး ပုဂ္ဂလိကကဏ္ဍတွင်ပါဝင်မှုအတွက် အရေးပါသော နယ်ပယ်များဖြစ်လာခဲ့သည်။ADB ၏ အဆိုအရ PPP များသည် ဆိပ်ကမ်းလည်ပတ်မှု၏ အရည်အသွေးနှင့် စွမ်းဆောင်ရည်ကိုမြှင့်တင်ရာတွင် အဓိကကျပြီး ယခုအခါ PPP ပရောဂျက်များမှတစ်ဆင့် တီထွင်ထားသော terminal များသည် နိုင်ငံ၏ဆိပ်ကမ်းအသွားအလာ ၇၀ ရာခိုင်နှုန်းခန့်ကို ကိုင်တွယ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။လက်ရှိသီရိလင်္ကာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ၂၅ ရာခိုင်နှုန်းခန့်အား PPP ပရောဂျက်များမှတစ်ဆင့် ထုတ်လုပ်ပေးနေခြင်းဖြစ်ကြောင်း အစီအရင်ခံစာတွင် ဖော်ပြထားသည်။ သီရိလင်္ကာနိုင်ငံ၏ ဘဏ္ဍာရေးအရ ပိတ်ထားသော PPP ပရောဂျက်အများစုသည် ဆက်လက် လည်ပတ်နေသေးကြောင်း ADB မှလေ့လာတွေ့ရှိခဲ့ပြီး ပရောဂျက်သုံးခုသာ ပယ်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Source : Xinhua     

DOCA(ရန်ကုန်)

လာအိုနိုင်ငံသည် ကျေးလက်‌ဒေသအသက်မွေးဝမ်းကြောင်း ဖွံဖြိုးတိုးတက် စေရန် ကျွဲကောသီး တင်ပို့မှုအား မျက်စိကျလျက်ရှိ

      လာအိုနိုင်ငံရှိ ကျွဲကောကို ပြည်တွင်း ထောက်ပံ့ရေးနှင့် တင်ပို့ရန်အတွက် စိုက်ပျိုး ထုတ်လုပ်ကာ ကျေးလက် ဒေသအသက်မွေးဝမ်းကျောင်းမှု မြှင့်တင်ရန် ရည်ရွယ်၍လာအိုနိုင်ငံ မြောက်ပိုင်း Oudomxay ပြည်နယ်တွင် ကျွဲကော စိုက်ပျိုးမှု ဖြစ်နိုင်ခြေ လေ့လာလျှက်ရှိကြောင်းသိရသည်။အဆိုပါ စီမံကိန်းတွင် ကျွဲကောသီး တန်ချိန် ၂၀၀,၀၀၀ ဖြင့် နှစ်စဉ် စိုက်ပျိုးထွက်ရှိမည့် လျာထားချက်ဖြင့် မြေဧက ၁၀,၀၀၀ ခန့် အသုံးပြုနိုင်မည်ဟု မျှော်မှန်းထားကြောင်း စိုက်ပျိုးရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။ ပြည်တွင်းဈေးကွက်တွင် အသီးအနှံများ ရောင်းချခြင်းအပြင် တရုတ်နိုင်ငံနှင့် ဥရောပ နိုင်ငံများသို့ ကျွဲကောသီးများ တင်ပို့ရောင်းချရန် စီစဉ်ထားကြောင်း သိရသည်။စီမံကိန်းတွင် ပျိုးပင်များထုတ်လုပ်ခြင်းမှသည် သစ်သီးများစိုက်ပျိုးခြင်း၊ ထုတ်ကုန်ရွေးချယ်ခြင်း၊ ပြုပြင်ခြင်း၊ ထုပ်ပိုးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် အွန်လိုင်းရောင်းချခြင်းများအထိ လာအိုနိုင်ငံ အတွက် အဆင့်မြင့် စိုက်ပျိုးရေးနည်းပညာများကို မိတ်ဆက်သွားမည်ဖြစ်သည်။ မြို့တော် ဗီယင်ကျန်းမြို့၏ မြောက်ဘက် ကီလိုမီတာ ၄၀၀ ခန့်အကွာတွင် ရှိသော Odomxay ပြည်နယ် သည် သစ်သီးထုတ်လုပ်ခြင်း၊ ပြုပြင်ခြင်း၊ ရွေးချယ်ခြင်း၊ ထုပ်ပိုးခြင်းနှင့် သိုလှောင်ခြင်းအတွက် ဗဟိုချက်ဖြစ်မည်ဖြစ်ပြီး စီမံကိန်းကို အခြားပြည်နယ်များသို့ တိုးချဲ့သွားမည်ဖြစ်‌ကြောင်း သိရ သည်။

Source : Xinhua

DOCA(ရန်ကုန်)

ကနေဒါနိုင်ငံသည် အဆိုပြုထားသော အမေရိကန်နိုင်ငံ၏ စည်းကြပ်ခွန်များအား ပြင်းထန်စွာ တုံ့ပြန်

     ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ကနေဒါ ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန် စည်းကြပ်မည်ဆိုပါက ကနေဒါနိုင်ငံသည် ပြင်းထန်သော တုံ့ပြန်မှုတစ်ရပ် ပြုလုပ်မည်ဖြစ်ကြောင်း ကနေဒါဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး Chrystia Freeland က သောကြာနေ့တွင် ပြောကြားခဲ့သည်။ ကနေဒါ-အမေရိကန် ဆက်ဆံရေးဆိုင်ရာ ကက်ဘိနက် ကော်မတီကို ဦးဆောင်နေသည့် ဖရီးလန်းက ထရန့်၏ ပထမဆုံး ရာထူးသက်တမ်းအတွင်း ကနေဒါ၏ ယခင်အခွန် အကောက်များဆိုင်ရာ အတွေ့အကြုံသည် ရလဒ်ကောင်းတစ်ရပ်ကို ဖြစ်ပေါ်စေခဲ့ကြောင်း ပြောကြားခဲ့သည်။ Trump သည် ၂၀၁၈ ခုနှစ်တွင် နှစ်ရှည်ကုန်သွယ်ရေး စစ်ပွဲကို အစပျိုးခဲ့ပြီး ကနေဒါသံမဏိထုတ်ကုန်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်းနှင့် ကနေဒါ အလူမီနီယမ်အပေါ် ၁၀ ရာခိုင်နှုန်းကို အခွန်စည်းကြပ်ခဲ့သည်။ တုံ့ပြန်သည့်အနေဖြင့် ကနေဒါသည် အမေရိကန်သံမဏိနှင့် အလူမီနီယံ ထုတ်ကုန်များ၏ ရှည်လျားသောစာရင်းတွင် ၂၅ ရာခိုင်နှုန်း တန်ပြန်အခွန်စည်းကြပ်မှု နှင့်အတူ ကော်ဖီ၊ ပြင်ဆင်ထားသော အစားအစာများနှင့် မေပယ်ရည် အပါအဝင် အထွေထွေ US ကုန်ပစ္စည်းများအပေါ် အခွန်ပို ၁၀ ရာခိုင်နှုန်း တို့လည်း ပါဝင်မည်ဖြစ်သည်။ ကနေဒါ၊ အမေရိကန် နှင့် မက္ကဆီကိုတို့ သဘောတူညီချက်တစ်ခု ရရှိခဲ့ ပြီးနောက် အဆိုပါ စည်းကြပ်ခွန်များကို ၂၀၁၉ ခုနှစ်တွင် ရုတ်သိမ်းလိုက်ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့သည်။ကနေဒါနှင့် မက္ကဆီကိုနှစ်နိုင်ငံစလုံးသည် တရားမဝင် လူဝင်မှုကြီးကြပ်ရေးနှင့် အမေရိကန်ပိုင်နက်ထဲသို့ opioid fentanyl မှောင်ခိုတင်သွင်းမှုကို ရပ်တန့်ခြင်းမရှိပါက နှစ်နိုင်ငံစလုံးမှ သွင်းကုန်အားလုံးအပေါ် အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်ရန် Trump က ခြိမ်းခြောက်ခဲ့ခြင်းနှင့်ပတ်သက်၍ကနေဒါ ဝန်ကြီးချုပ် Justin Trudeau သည် ပြည်နယ်နှင့် နယ်မြေ ခေါင်းဆောင်များနှင့် ဆွေးနွေးရန် virtual တွေ့ဆုံမှု ပြုလုပ်ခဲ့သည်။အစည်းအဝေးအပြီးတွင် ကနေဒါနိုင်ငံ၏ လူဦးရေအများဆုံး ပြည်နယ် အွန်တာရီယိုပြည်နယ် ဝန်ကြီးချုပ် ဒေါ့ခ်ဖို့ဒ်က အမေရိကန်သို့ လျှပ်စစ်ဓာတ်အားဖြတ်တောက်ရန် နောက်ဆုံးနည်းလမ်းအဖြစ် သတိပေးခဲ့သည်။လက်ရှိတွင်ဖက်ဒရယ်အစိုးရသည် ဖြစ်နိုင်ချေရှိသော လက်တုံ့ပြန်ရေးအစီအမံများ စာရင်းကို လုပ်ဆောင်နေသည်ဟု ပြည်တွင်းမီဒီယာများ၏‌ဖော်ပြချက်အရ သိရသည်။

Source : Xinhua

DOCA(ရန်ကုန်)

အီဂျစ်နိုင်ငံ Aswan တွင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ တန် ဆိုလာဓာတ်အားပေးစက်ရုံကို ဖွင့်လှစ်ခဲ့

    အီဂျစ်နိုင်ငံ၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်မှုကို မြှင့်တင်ရန် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် အီဂျစ်နိုင်ငံတောင်ပိုင်း Aswan တွင် အမေရိကန်ဒေါ်လာ သန်း 500 တန်သော ဆိုလာစက်ရုံကို စနေနေ့တွင် ဖွင့်လှစ်ခဲ့ကြောင်း အီဂျစ်ဝန်ကြီးချုပ် Mostafa Madbouly က ဒီဇင်ဘာ ၁၄ ရက်နေ့က (ဆင်ဟွာသို့) ပြောကြားခဲ့သည်။ ၎င်းသည်ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ကို မြှင့်တင်ရာမှာ အဓိကကျတဲ့ ခြေလှမ်းတစ်ခုဖြစ်ပြီး သဘာဝပတ်ဝန်း ကျင်နဲ့ စီးပွားရေးရေရှည် တည်တံ့ခိုင်မြဲမှုရရှိဖို့ ရည်ရွယ်တဲ့ အနာဂတ်မျှော်မှန်းချက်အတွက် အီဂျစ်နိုင်ငံ၏ကတိကဝတ်ကို သက်သေပြနေခြင်းပင်ဖြစ်ကြောင်း Madbouly က ကျမ်းသစ္စာ ကျိန်ဆိုပွဲအခမ်းအနားတွင် ပြောကြားခဲ့ကြောင်း အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ ၅၀၀ မဂ္ဂါဝပ်စွမ်းရည် ရှိသော Abydos Solar PV Plant ကို ဒူဘိုင်းအခြေစိုက် စွမ်းအင် ကုမ္ပဏီ AMEA Power မှ တီထွင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ စီမံကိန်း၏ အထွေထွေ ကန်ထရိုက်တာမှာ တရုတ်စွမ်းအင်အင်ဂျင်နီယာ ကော်ပိုရေးရှင်း (Energy China) ဖြစ်ကြောင်း သိရသည်။ AMEA Power ၏ ဥက္ကဌ Hussain Al Nowais က အဆိုပါစက်ရုံ၏ အမေရိကန် ဒေါ်လာ ဘီလီယံ တစ်ဝက်ခန့် ရင်းနှီးမြုပ်နှံမှုများကို International Finance Corporation၊ Dutch Entrepreneurial Development Bank နှင့် Japan International Cooperation Agency တို့မှ ပံ့ပိုးပေးထားကြောင်း ပြောကြားခဲ့သည်။အဆိုပါ စက်ရုံသည် အိမ်ခြေ ၂၅၆,၀၀၀ အတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် မျှော်မှန်းထားပြီး တစ်နှစ်လျှင် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု တန်ချိန် ၇၆၀ နီးပါး လျှော့ချရန် အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် အီဂျစ်အစိုးရသည် စူးအက်ပင်လယ်ကွေ့ရှိ Ras Shukheir ရှိ 500 မဂ္ဂါဝပ်ရှိ လေအား လျှပ်စစ်စီမံကိန်းအတွက် AMEA Power နှင့် ဓာတ်အားဝယ်ယူရေးနှင့် မြေယာသဘောတူညီချက် ကို စနေနေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ သန်း 600 ရှိကြောင်း သိရသည်။

Source : Xinhua     

DOCA(ရန်ကုန်)

ဂါနာနိုင်ငံသားများအကြား ရေပန်းစားလာသော တရုတ်မော်တော်ကားများ

     ဂါနာနိုင်ငံသားများသည် တရုတ်မော်တော်ကားများကို ပိုမိုနှစ်သက်လာကြကြောင်း သောကြာနေ့က ဂါနာနိုင်ငံရှိ တရုတ်မော်တော်ကားတပ်ဆင်ရေးကုမ္ပဏီ Zonda Ghana Limited ၏ လက်ထောက်မန်နေဂျင်းဒါရိုက်တာ Fan Dongyun က Ghanaian မြို့တော် Accra တွင် သောကြာနေ့က ကျင်းပသည့် ဖောက်သည်များအား ကျေးဇူးတင်စကား ပြောကြားခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။ဂါနာနိုင်ငံတွင် တပ်ဆင်ထားသည့် ကုမ္ပဏီ၏ ပရီမီယံ အမှတ်တံဆိပ်များ ဖြစ်သော အားကစားသုံးယာဉ်များ၊ ပစ်ကပ်ထရပ်ကားများ၊ နိုင်ငံဖြတ်ကျော် ယာဉ်များ၊ ဒက်ပါထရပ်ကားများ နှင့်မြေကြီးရွေ့လျားသည့်ယာဥ်များသည် ဂါနာနိုင်ငံသားများ အကြား ပိုမိုရေပန်းစားလာကြောင်း Fan မှ ပြောကြားခဲ့သည်။ကုမ္ပဏီသည် ဇွန်လတွင် တရုတ်နိုင်ငံ၏ Great Wall Motors ကားမော်ဒယ်လ် အမျိုးမျိုးကို မိတ်ဆက်ခဲ့ပြီး သူမ၏အဆိုအရ အဆိုပါ မော်ဒယ်များသည် ခြောက်လတာကာလအတွင်း ဂါနာနိုင်ငံသားများ အကြား ရောင်းအားတိုးလာ ကြောင်းသိရသည်။အမှတ်တံဆိပ်များ၏ ရေပန်းစားမှုကြောင့် Zonda ကုမ္ပဏီသည်သောကြာနေ့ ညတွင် ပြည်တွင်းစျေးကွက်သို့ အခြားမော်ဒယ်အသစ် နှစ်ခုကိုမိတ်ဆက်ခဲ့သည်။Fan သည်ဂါနာ နိုင်ငံသားများအတွက် မော်တော်ယာဉ်များကို ပိုမိုစျေး သက်သာစေသည့် မော်တော်ယာဉ်တပ်ဆင် ခြင်းဆိုင်ရာ တန်ဖိုးထပ်တိုးအခွန် (VAT) ကိုဖယ်ရှား ပေးသည့်အတွက် ဂါနာအစိုးရအားကျေးဇူး တင်ရှိကြောင်းပြောကြားခဲ့သည်။ဂါနာတွင်အဆိုပါ ယာဉ်များကို တပ်ဆင်ခြင်းဖြင့် Zonda သည် ဒေသတွင်းအလုပ်အကိုင်များကို ဖန်တီး‌ပေး ရာရောက်ပြီး ဂါနာ နိုင်ငံသားများထံ နည်းပညာ လွှဲပြောင်းပေးရာလည်း‌ရောက်ကြောင်း သူမက ထပ်လောင်းပြောကြားခဲ့သည်။Ghana's Imperial Insurance မှ အကြီးတန်းမန်နေဂျာ Kwabena Amaning က Zonda သည် Ghanaian မော်တော်ကားစျေးကွက်တွင် ၎င်း၏ စံချိန်သစ်အတွက် ချီးကျူးခဲ့သည်။

Source : Xinhua     

DOCA(ရန်ကုန်)

ကမ္ဘောဒီးယား နိုင်ငံနှင့် RCEP ကုန်သွယ်မှုပမာဏသည် (၁၁)လအတွင်း အမေရိကန်ဒေါ်လာ ၃၁.၃၆ ဘီလီယံရှိ

       ကမ္ဘောဒီးယား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Cham Nimul က နိုင်ငံ၏ ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု(RCEP) နိုင်ငံများနှင့်ကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း အမေရိကန်ဒေါ်လာ ၃၁.၃၆ ဘီလီယံအထိ ရှိခဲ့ကြောင်း  ပြောကြားခဲ့သည်။ RCEP ဈေးကွက်သည် ကမ္ဘောဒီးယားအတွက် အရေးပါသောဈေးကွက် တစ်ခုဖြစ်ပြီး နိုင်ငံ၏စုစုပေါင်းကုန်သွယ်မှုပမာဏ၏ ၆၂.၁ ရာခိုင်နှုန်းခန့်ရှိကြောင်း ကမ္ဘောဒီးယား ကုန်စည်ပြပွဲ ၂၀၂၄တွင် အဖွင့် မိန်းခွန်းတွင် ပြောကြားခဲ့ပါသည်။ ကမ္ဘောဒီးယားသည် အရှေ့‌တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)၏ အဖွဲ့ဝင်နိုင်ငံဖြစ်သောကြောင့် အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသ၊ ASEAN+1 လွတ်လပ်သော ကုန်သွယ်မှုသဘောတူ စာချုပ်၊ RCEP၊ တရုတ်နှင့်နှစ်နိုင်ငံလွတ်လပ်စွာ ကုန်သွယ်မှုသဘောတူညီချက်များ လက်မှတ်ရေးထိုးထားသည်ဟု Nimul မှ ပြောကြားခဲ့ပါသည်။ နိုင်ငံတော်သည် တောင်ကိုရီးယား နှင့် UAE နိုင်ငံတို့နှင့်မကြာမီတွင် ပို့ကုန်လုပ်ငန်းရှင်များ၊ ထုတ်လုပ်သူများနှင့် ကုန်သည်များအား ၎င်းတို့၏လုပ်ငန်းများအတွက် အသင့်တော်ဆုံးဦးစားပေးကုန်သွယ်မှုစနစ် သို့မဟုတ် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်ကို ရှာဖွေရွေးချယ်နိုင်စေမည့် အရာတစ်ခုဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သူမကပြောကြားခဲ့သည်။ အကောက်ခွန်အစီအစဉ်များနှင့် မူရင်း စည်းမျဉ်းများအပါအဝင် လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်များဆိုင်ရာ အဓိကအချက်အလက်များကိုလည်း ပေးဆောင်မည်ဖြစ်ကြောင်း ဝန်ကြီးက ထပ်လောင်းပြောကြားခဲ့သည်။ RCEP တွင် အာဆီယံ အဖွဲ့ဝင်(၁၀)နိုင်ငံနှင့် ၎င်းတို့၏ကုန်သွယ်ဖက်ငါးနိုင်ငံ အပါအဝင် အာရှ-ပစိဖိတ်ဒေသရှိနိုင်ငံ ၁၅ နိုင်ငံပါဝင်ပြီး တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျနှင့် နယူးဇီလန်တို့ဖြစ်သည်။ ကမ္ဘောဒီးယား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ နိုင်ငံခြားရေးဝန်ကြီးနှင့် ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က RCEP သည် ကမ္ဘောဒီးယား၏ ကုန်သွယ်မှုတိုးတက်မှုအတွက် အထောက်အကူ ဖြစ်ပြီး နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမျာအတွက် အားထားရာဖြစ်ကြောင်း ပြောကြားခဲ့သည်။ “ကာကွယ်ရေးဝါဒမြင့်တက်လာပြီး ကမ္ဘာလုံးဆိုင်ရာဝယ်လိုအားကျဆင်းနေသော်လည်း RCEP သည် ဒေသတွင်းကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးပြီး အဖွဲ့ဝင်နိုင်ငံအားလုံးအတွက် အကျိုးကျေးဇူးများစွာ ဆောင်ကျဉ်းပေးကြောင်း ပြောကြားခဲ့သည်။

Source: Khmer Times

DOCA(ရန်ကုန်)

 

ကမ္ဘာ့မိတ်ဖက်များမှတစ်ဆင့် ကမ္ဘောဒီးယားထုတ်ကုန်များဈေးကွက်ချဲ့ထွင်ရန် ဝန်ကြီးချုပ်က တောင်းဆို

    ကမ္ဘောဒီးယား ထုတ်ကုန်များအတွက် ဈေးကွက်ချဲ့ထွင်ရန် နိုင်ငံတကာအရောင်းကုမ္ပဏီများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအား ၁၃.၁၂.၂၀၂၄ ရက်နေ့က ကျင်းပခဲ့သော ကမ္ဘောဒီးယားကုန်စည်ပြပွဲတွင် ပြောကြားခဲ့သည်။ “စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကျွန်ုပ်တို့၏ အလားအလာ ရှိသော ထုတ်ကုန်များကို ဈေးကွက်အသစ်များသို့ တင်ပို့ရာတွင် ပိုမိုတက်ကြွစွာ လုပ်ဆောင်ရန် လိုအပ်သည်”ဟု ဝန်ကြီးချုပ်က အလေးပေးပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ် ပထမ(၁၁)လတွင် ကမ္ဘောဒီးယား၏ ကုန်သွယ်မှုပမာဏသည် ဒေါ်လာ ၅၀.၄၆ ဘီလီယံရှိပြီး ၂၀၂၃ခုနှစ် အလားတူ ကာလနှင့်နှိုင်းယှဉ်ပါက ၁၅.၉၅%ခန့်တိုးလာကြောင်း၎င်းကမှတ်ချက်ပြုခဲ့သည်။ တော်ဝင်အစိုးရ ကိုယ်စား ဝန်ကြီးချုပ်က စီးပွားကူးသန်းဝန်ကြီးဌာန၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပုဂ္ဂလိက ကဏ္ဍတို့၏ ကြိုးပမ်းအားထုတ်မှုများကို ပြည်တွင်းနှင့် ကမ္ဘာ့ဈေးကွက်များသို့ ပို့ကုန်များမှ တစ်ဆင့် ကုန်သွယ်မှုမြှင့်တင်ရေးတွင် တစိုက်မတ်မတ် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားသည်။ ကမ္ဘောဒီးယားထုတ်ကုန်များသည် ပြည်တွင်းနှင့် နိုင်ငံတကာဈေးကွက်နှစ်ခုစလုံးသို့ ဝင်ရောက်နိုင်စေရန်နှင့် သေချာစေရန် လက်ရှိဈေးကွက် အားကောင်းရေးနှင့် ဈေးကွက်သစ်များချဲ့ထွင်ခြင်းချဉ်းကပ်မှုကို ဆက်လက်အကောင်အထည်ဖော်ရန် ဝန်ကြီးချုပ်က အကြံပြုထားသည်။

Source: Khmer Times

DOCA(ရန်ကုန်)

 

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ