ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ဗီယက်နမ်နိုင်ငံနှင့်တရုတ်နိုင်ငံအကြား အပြန်အလှန်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံထိရောက်ရှိရန် မျှော်လင့်ရ

      ၂၀၂၄ ခုနှစ်၏ ပထမနှစ်ဝက်တာကာလတွင် ကုန်သွယ်ရေးအားကောင်းစွာ တိုးတက်လာမှုကြောင့် ယခုနှစ်တွင် ဗီယက်နမ်နှင့်တရုတ်နိုင်ငံအကြား အပြန်အလှန်ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံရောက်ရှိရန် ခန့်မှန်းရကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန(MOIT)၏ ထုတ်ပြန်ချက်အရ နှစ်နိုင်ငံအကြား အပြန်အလှန် ကုန်သွယ်မှုသည် ၂၀၂၄ ၏ ပထမနှစ်ဝက်တွင် အမေရိကန်ဒေါ်လာ ၉၅ ဘီလီယံနီးပါးဖြင့် အားကောင်းစွာ ပြန်လည်နာလန်ထူလာကြောင်း သိရပါသည်။ အဆိုပါကာလအတွင်း ဈေးကွက် ကြီးများမှ မှာယူမှုများမှာ သိသာစွာမြင့်တက်ခဲ့ပြီး တင်ပို့မှုလုပ်ရန်အတွက် ထုတ်လုပ်ခြင်း ဆောင်ရွက်ပေးမည့် စက်ယန္တရားနှင့် စက်ပစ္စည်းများတင်သွင်းရန် ဝယ်လိုအားမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ရလဒ်အနေဖြင့် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများသည် တရုတ်ထံမှ အမေရိကန် ဒေါ်လာ ၆၇ ဘီလီယံဖိုးတင်သွင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၇.၈ ဘီလီယံဖိုး ပြန်လည် တင်ပို့ခဲ့ကြောင်း သိရပါသည်။

      တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံအတွက် ပစ္စည်းများ အဓိကပံ့ပိုးသည့်နိုင်ငံဖြစ်ပြီး လွန်ခဲ့သည့်(၆)လအတွင်း ဗီယက်နမ်၏တင်သွင်းမှု စုစုပေါင်းတန်ဖိုး၏ ၃၇.၆ ရာခိုင်နှုန်းနီးပါးရှိကြောင်း သိရပါသည်။ အကယ်၍ ပထမနှစ်ဝက် ကုန်သွယ်ရေးကြီးထွားနှုန်းကို ထိန်းနိုင်ခဲ့ပါက နှစ်ကုန်လျှင် နှစ်နိုင်ငံကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၉၀ ဘီလီယံရောက်ရှိနိုင်ပြီး ပိုမို ကောင်းမွန်အောင် မြှင့်တင်နိုင်ပါက အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံထိရောက်ရှိနိုင်ကြောင်း သိရပါသည်။ လွန်ခဲ့ သည့်နှစ်တွင် ဗီယက်နမ်-တရုတ် အပြန်အလှန်ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၇၁.၉ ဘီလီယံရှိခဲ့ပြီး ဗီယက်နမ်မှတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၆၁.၂ ဘီလီယံရှိကာ အမေ ရိကန်ဒေါ်လာ ၁၁၀.၆ ဘီလီယံတန်ဖိုး ပြန်လည်တင်သွင်းခဲ့ကြောင်း သိရပါသည်။ စီးပွားရေးလုပ်ငန်းများသည် အာဆီယံ-တရုတ် လွတ်လပ်စွာ ကုန်သွယ်ရေး ဧရိယာ(ACFTA)နှင့် ဒေသတွင်း စဉ်ဆက်မပြတ်စီးပွားရေး မိတ်ဖက်ဆောင်ရွက်မှု (RCEP) တို့ကဲ့သို့သော လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီမှုများထဲမှ အကောက်ခွန်အားသာချက် အကျိုးကျေးဇူးများ ရရှိမှုကြောင့် ရင်းနှီးမြှုပ်နှံမှုများ လျှင်မြန်စွာပြုလုပ်လာကြကြောင်း သိရပါသည်။ အတွင်းကျကျသိသူများကလည်း ၎င်းတို့သည် ဗီယက်နမ်နှင့်တရုတ်တို့အတွက် အပြန်အလှန်ကုန်သွယ်ရေးတိုးချဲ့ရန်အတွက် လုံလောက်သော အခန်းကဏ္ဍရှိနေသည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တွင် စက်တင်ဘာလ၌ ကျင်းပမည့် “ဝန်ဆောင်မှုကဏ္ဍတွင် ကုန်သွယ်ရေးအတွက် တရုတ်နိုင်ငံ တကာပြပွဲ” သည် စွမ်းအင်၊ ချောပို့၊ ကြေးနန်းဆက်သွယ်ရေး၊ ငွေကြေး၊ ပညာရေး၊ ရိုးရာ ယဉ်ကျေးမှု၊ ခရီးသွားကဏ္ဍနှင့် ထောက်ပံ့မှုကွင်းဆက်အစရှိသည့် ကဏ္ဍများကို အဓိကထားကြောင်း သိရပါသည်။ အဆိုပါပြပွဲသည် တရုတ်နှင့်ဗီယက်နမ်စီးပွားရေးလုပ်ငန်းများအကြား ပိုမိုအားကောင်းသော မိတ်ဖက်ဖြစ်မှုရရှိရန် မျှော်လင့်ရကြောင်း သိရပါသည်။

Source: Vietnam Plus

DOCA(ရန်ကုန်)

 

ဖိလစ်ပိုင်နိုင်ငံနှင့် ဘတ် ၂.၈ ဘီလီယံတန်ဖိုးရှိသည့် ဆန်သဘောတူညီမှုလက်မှတ်‌ရေးထိုးခဲ့သည့် ထိုင်းနိုင်ငံဆန်တင်ပို့သူများအသင်း

      ထိုင်းနိုင်ငံစီးပွားရေးဝန်ကြီးဌာနသည် ဆန်တင်ပို့သူများအသင်းကိုဦးဆောင်၍ ဖိလစ်ပိုင် နိုင်ငံသို့သွားရောက်ခဲ့ပြီး ဘတ် ၂.၈ ဘီလီယံ တန်ဖိုးရှိသည့် ဆန်ကုန်သွယ်မှုနားလည်မှုသဝဏ်လွှာ (MOUs)ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံ ပြည်ပကုန်သွယ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Ronnarong Phoolpipat သည် ထိုင်းနိုင်ငံဆန်တင်ပို့သူများအသင်း၊ ဥက္ကဌ Charoen Laothamatas ပါဝင်သော ဆန်ကုန်သည်များကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ ဖိလစ်ပိုင်နိုင်ငံသို့ ဇူလိုင်လ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ သွားရောက်ခဲ့ကြောင်း သိရပါသည်။ ထိုင်းတင်ပို့သူများနှင့် ဖိလစ်ပိုင်နိုင်ငံ ဆန်တင်သွင်းသူများအကြား ဘတ် ၂.၈ ဘီလီယံတန်ဖိုးရှိသည့် ဆန်တန်ချိန် ၁၃၀၀၀၀ ပမာဏ ရှိသည့် MOUs (၉)ခုကို လက်မှတ်ရေးထိုးခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံ တွင် ထိုင်းဆန်ဈေးကွက်ဝေစုကို တိုးမြှင့်နိုင်ခဲ့ကြောင်း သိရပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် ယခုနှစ်တွင် ဖေ‌ဖော်ဝါရီလက ခန့်မှန်းထားသည့် ဆန်တန်ချိန် ၃.၉ သန်းမှ တန်ချိန် ၂၀၀၀၀၀ တိုးမြှင့်ကာ ဆန်တန်ချိန် ၄.၁ သန်းအထိတင်သွင်းမည်ဟု မျှော်လင့်ရသောကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် ထိုင်းဆန်အတွက် ဈေးကွက်တိုးချဲ့ရန်အတွက် ဌာနနှင့်စီးပွားရေးသမားများ ပူးပေါင်းရန်ညွှန်ကြားခြင်းခံခဲ့ရကြောင်း သိရှိရပါသည်။ ယခုလိုတိုးမြှင့်မှုသည် ပြည်တွင်းဆန်ထုတ်လုပ်မှုနည်းပါးခြင်းက ပြည်တွင်းမှ ဝယ်လိုအားကို ထောက်ပံ့ရန် မလုံလောက်ခြင်းကို ဦးတည်စေခဲ့ကြောင်း Mr.Ronnarong က ပြောကြားခဲ့ပါသည်။

  ထိုင်းကိုယ်စားလှယ်အဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံ အစားအစာဖူလုံရေးအတွက် တာဝန်ရှိသည့် အမျိုးသားအစားအစာအာဏာပိုင်အဖွဲ့(NFA)နှင့် ဆန်ဈေးကွက်အပေါ် သတင်းအချက်အလက်များ ဖလှယ်ခဲ့ကြောင်း သိရပါသည်။

     Mr.Ronnarong က ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၈ ခုနှစ်အထိ ဆန်တင်သွင်းမှုအပေါ် အကောက်ခွန်ကို ၃၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းထိ အစိုးရကလျှော့ချမည်ဖြစ်သောကြောင့် ယခု နှစ်နှင့် နောက်နှစ်များတွင် ဆန်တင်သွင်းမှုမြင့်တက်မည်ဟု မျှော်လင့်ရကြောင်းနှင့် အခွန်နှုန်းထားအသစ်သည် ယခုလတွင် စတင်သက်ရောက်နိုင်ရန် အလားအလာရှိသောကြောင့် ထိုင်းနိုင်ငံ ဆန် ကုန်သွယ်ရေးမြင့်တက်ရန်မျှော်လင့်ရကြောင်း ပြောကြားခဲ့ပါသည်။ NFA ၏အဆိုအရ ဆန်တင်သွင်းမှုအတွက် အကောက်ခွန်ကို လေးလလျှင်(၁)ကြိမ် ပြန်လည်ဆန်းစစ်မည်ဟု သိရပါသည်။ ဖိလစ်ပိုင်အစိုးရသည် ဆီးနိတ်လွှတ်တော်က လတ်တလောစဉ်းစားသုံးသပ်လျက်ရှိသည့် အရေးပေါ်အခြေအနေများတွင် NFA ကို ဆန်တင်သွင်းခွင့်ပြုမည့်ဥပဒေကို ပြင်ဆင်ချက် ထုတ်ပြန်ရန် လုပ်ဆောင်လျက်ရှိကြောင်း သိရပါသည်။ လက်ရှိ ဥပဒေအောက်တွင် NFA ၏လုပ်ပိုင်ခွင့်သည် ကပ်ဘေးအန္တရာယ်များအတွက် ထောက်ပံ့မည့်ကုန်လက်ကျန် သေချာ စေရေးဆောင်ရွက်မှုများတွင် ကန့်သတ်ချက်များ ရှိနေပါသည်။ ထိုင်းနိုင်ငံဘက်ကလည်း ဖိလစ်ပိုင်နိုင်ငံ၏ အစားအစာဖူလုံစေရေးအတွက် ထောက်ပံ့ရန် ဆန်တင်ပို့ရန်အဆင်သင့်ရှိကြောင်း ကတိပြုခဲ့ပါသည်။ ၂၀၂၄ ခုနှစ်၏ ပထမ(၆)လတာကာလတွင် ဖိလစ်ပိုင်နိုင်ငံသို့ ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုသည် တန်ချိန် ၂၉၉၇၈၇ တန်ရှိခဲ့ပြီး တန်ဖိုးအားဖြင့် ဘတ် ၅.၉၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၆၇ သန်း) ရှိခဲ့ကြောင်း သိရပါသည်။

Source: Bangkok Post

DOCA(ရန်ကုန်)

 

အစားအသောက်ဖူလုံမှုရှိစေရေး ဗီယက်နမ်နှင့် ဆန်တွင်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ဖိလစ်ပိုင်အလိုရှိ

      ဖိလစ်ပိုင်နိုင်ငံသည် အစားအသောက်ဖူလုံမှုရှိစေရေးအတွက် ဗီယက်နမ်နှင့် ဆန်တွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်အလိုရှိကြောင်း ဖိလစ်ပိုင်နိုင်ငံစိုက်ပျိုးမွေးမြူရေး အတွင်းရေးမှူး Francisco Tiu Laurel က ဗီယက်နမ်နိုင်ငံသို့လည်ပတ်ခဲ့သည့်ခရီးစဉ်တွင် ပြောကြားခဲ့ပါသည်။ Laurel သည် ဗီယက်နမ်၏အဓိက ဆန်ထုတ်လုပ်သည့်ဧရိယာများထဲမှတစ်ခုဖြစ်သည့် AnGiang ၏ မဲခေါင်ဒယ်တာစီရင်စုသို့ လည်ပတ်ခဲ့ကြောင်း စီရင်စု၏ပြည်သူ့ကော်မတီက ၈-၇-၂၀၂၄ က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံသည် ကမ္ဘာ့တတိယအကြီးဆုံး ဆန်တင်ပို့သူဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံသည် လတ်တလောနှစ်များအတွင်း ၎င်းတို့၏ အကြီးမားဆုံး ဝယ်ယူသူဖြစ်ကြောင်း သိရပါသည်။ ယခုနှစ်၏ ပထမငါးလတွင် ဖိလစ်ပိုင်နိုင်ငံသို့ ဗီယက်နမ်၏ ဆန်တင်ပို့မှုသည် ၎င်းတို့၏စုစုပေါင်းဆန်တင်ပို့မှု၏ ၄၅.၄ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။

     Laurel  က ဖိလစ်ပိုင်လူဦးရေသည် နှစ်စဉ် ၁.၅ ရာခိုင်နှုန်းတိုးပွားလာသည့်အတွက် ဆန်ဝယ်လိုအားမြင်တက်မှုဆီကို မောင်းနှင်နေကြောင်း၊ ပြည်တွင်းထောက်ပံ့မှုများမှာ မလုံ‌လောက် နိုင်သည့်အတွက် ဗီယက်နမ်ဆန်ကုမ္ပဏီများကို ဖိလစ်ပိုင်တွင် ရင်းနှီးမြှုပ်နှံရေးစဉ်းစားရန် အလိုရှိကြောင်း ဗီယက်နမ်အာဏာပိုင်များကို ပြောကြားခဲ့သည်ဟု သိရပါသည်။ ဗီယက်နမ်နှင့်ဖိလစ်ပိုင်တို့သည် ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာ၏ ဇန်နဝါရီလက နိုင်ငံတော်အဆင့်ခရီးအတွင်း ဆန်ကုန်သွယ်ရေးနှင့် စိုက်ပျိုးမွေးမြူ‌ရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရပါသည်။ ငွေကြေးဖောင်းပွမှုဖိအားကိုစီမံရန် ဖိလစ်ပိုင်သည် ဆန်အပေါ်အကောက်ခွန်ကို ၃၅ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ လျှော့ချခဲ့ကြောင်း သိရပါသည်။

Source: Bangkok Post

DOCA(ရန်ကုန်)

 

အစားအသောက်ဖူလုံမှုရှိစေရေးအတွက် စားသုံး၍ရသည့် အင်းဆက်များအား စင်္ကာပူတင်သွင်းခွင့်ပြု

     လူစားသုံးရန်နှင့်တိရစ္ဆာန်အစာအတွက် အင်းဆက်နှင့်အင်းဆက်ထုတ်ကုန်များ တင်သွင်းခွင့်ကို စင်္ကာပူအစိုးရကခွင့်ပြုခဲ့ကြောင်း သိရပါသည်။ စင်္ကာပူအစားအစာအေဂျင်စီက အစားအစာ အဖြစ်ခွင့်ပြုထားသည့် အင်းဆက်အမျိုးအစား(၁၆)မျိုး တင်သွင်းရာတွင် လမ်းညွှန်ချက်ပေးမည့် အင်းဆက်ထိန်းသိမ်းကန့်သတ်မှုအဖွဲ့ကို ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ အင်းဆက် များနှင့်အင်းဆက် ထုတ်ကုန်များကို လူစားသုံးရန်နှင့်အစားအစာထုတ်လုပ်ပေးသည့် တိရစ္ဆာန်များအတွက် တိရစ္ဆာန်အစာအဖြစ် အသုံးပြုသွားမည်ဟု သိရပါသည်။ လူနှင့်တိရစ္ဆာန် အစားအစာထဲတွင် အင်းဆက်များ ကို ထည့်သွင်းသည်စင်္ကာပူ၏ အစားအစာတင်သွင်းမှုကို မှီခိုနေမှုအားလျှော့ချရန်နှင့် အစားအစာ ဖူလုံမှုရန်ကြိုးပမ်းမှု၏ ခြေလှမ်းတစ်ရပ်ဟု သိရပါသည်။ စင်္ကာပူသည် ၂၀၃၀ ပြည့်နှစ်တွင် အစားအစာလိုအပ်မှု၏ ၃၀ ရာခိုင်နှုန်းကို ပြည်တွင်း၌ရရှိရန် ရည်မှန်းထားကြောင်း သိရပါသည်။ လတ်တလောတွင် စင်္ကာပူသည် ၎င်းတို့၏သေးငယ်သည့် အရွယ်အစားကြောင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍအတွက် နေရာများစွာမရှိကြောင်း သိရပါသည်။ အစိုးရ၏အစားအစာအရင်းအမြစ် ကွဲပြားစွာရရှိရေးအစီအစဉ်မှာလည်း အဓိကမဟာဗျူဟာ အဖြစ် ဖော်ပြထားပါသည်။ အင်းဆက်များကို မြောက်အမေရိက၊ ဥရောပသမဂ္ဂနှင့် စင်္ကာပူ၏ အိမ်နီးချင်းနိုင်ငံအချို့တွင်လည်း စားသုံးရန်ခွင့်ပြုထားကြောင်း သိရပါသည်။ စင်္ကာပူတွင် အင်းဆက် အမျိုးအစား(၁၆)မျိုးမှ တစ်ခုချင်းစီကို သတ်မှတ်ထားသော ၎င်းတို့သက်တမ်းအရွယ်သာ တင်သွင်းခွင့်ပြုခြင်းဖြစ်ကြောင်း သိရပါသည်။ ဥပမာအားဖြင့် ပုရစ်နှင့်ကျိုင်းကောင်တို့ကို အရွယ် ရောက်အဆင့်သာ တင်သွင်းခွင့်ပြုခြင်းဖြစ်ပြီး ဝါးပိုးကဲ့သို့သောအမျိုးအစားများကို သားလောင်းအဆင့်တွင် တင်သွင်းခွင့်ပြုခြင်းဖြစ်ကြောင်း သိရပါသည်။ ကုလသမဂ္ဂ၏ အစားအစာနှင့် စိုက်ပျိုးမွေးမြူရေးအဖွဲ့အစည်းကလည်း အာဟာရဖြစ်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ခြင်းတို့ကြောင့် အင်းဆက်များကို အစားအစာအဖြစ်လက်ခံရန် ထုတ်ပြန်ပြောဆိုထားကြောင်း သိရပါသည်။

Source: Bangkok Post

DOCA(ရန်ကုန်)

ယခုနှစ်၌ ထိုင်းနိုင်ငံ၏ စားအုန်းဆီတင်ပို့မှု တန်ချိန် ၈ သိန်းခန့်ရှိနိုင်

     ပြည်တွင်း ဆီအုန်းသီးခိုင်ဈေးနှုန်း တည်ငြိမ်စေရန် ရည်ရွယ်လျက် ယခုနှစ်တွင် စားအုန်း ဆီကြမ်း တန်ချိန် ၈ သိန်းတင်ပို့ရန် ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းကုန်သွယ်ရေးဌာနကမျှော်မှန်းထားကြောင်း Bangkok Post သတင်းဌာနက ၈-၇-၂၀၂၄ ရက်နေ့တွင် ဖော်ပြပါသည်။

    ထိုင်းနိုင်ငံ၌ ပြည်တွင်းဆီအုန်းသီးဈေးနှုန်းများသည် ဧပြီလမှ မေလအတွင်း ကျဆင်းခဲ့ပြီးနောက် တစ်ကီလိုဂရမ်အပေါ် ၅ ဘတ်ကျော်အထိ ပြန်လည်မြင့်တက်လာကြောင်း၊ ပြည်တွင်း ကုန်သွယ်ရေးဦးစီးဌာနသည် ဆီအုန်းရောင်းလိုအား ပိုလျှံနေမှုကို လျှော့ချရန်အတွက် စားအုန်းဆီ စဉ်ဆက်မပြတ်တင်ပို့နိုင်ရေး စီစဉ်လျက်ရှိပြီး ဆီအုန်းသီး ဈေးနှုန်းမြှင့်တင်မှုကို အထောက်အကူ ပြုမည်ဖြစ်ကြောင်း၊ ယခုနှစ် ပထမနှစ်ဝက်တွင် ထိုင်းနိုင်ငံမှ စားအုန်းဆီကြမ်း တန်ချိန် ၄ သိန်းခန့် တင်ပို့ခဲ့ပြီး ဒုတိယနှစ်ဝက်တွင်လည်း တန်ချိန် ၄ သိန်းခန့် တင်ပို့နိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ ယခုနှစ် စားအုန်းဆီကြမ်းတင်ပို့မှုပမာဏသည် ယခင်နှစ်နှင့်အလားတူပင် စုစုပေါင်းတန်ချိန် ၈ သိန်းခန့်ရှိနိုင်ကြောင်း၊ ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးနှုန်းတို့မှာ တူညီသည့်အဆင့်၌ ရှိသဖြင့် ထိုင်းနိုင်ငံမှ ထွက်ရှိသည့် စားအုန်းဆီကြမ်းသည်  ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်မှုရှိကြောင်း  ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် Mr. Wattanasak Suriam က ပြောဆို ခဲ့သည်။

      ထိုင်းစားအုန်းဆီကြမ်းဈေးနှုန်းသည် ဇွန်လတွင် တစ်ကီလိုဂရမ်လျှင် ၃၂.၆၃ ဘတ်ရှိရာမှ လက်ရှိကာလ၌ တစ်ကီလိုဂရမ်လျှင် ၃၃.၂၅ ဘတ်ရှိကြောင်း၊ ကမ္ဘာ့စားအုန်းဆီကြမ်း ဈေးကွက်တွင်မူ ဇွန်လ၌ တစ်ကီလိုဂရမ်လျှင် ၃၁.၃၅ ဘတ်ရှိခဲ့ရာမှ ယခု ၃၂.၇၂ ဘတ်ခန့် ဖြစ်ပေါ်နေသည့်အတွက် ဈေးနှုန်းမြင့်တက်လာကြောင်း သိရပါသည်။

     ထိုင်းနိုင်ငံတွင် ပြည်တွင်းစားသုံးမှုအတွက် စားအုန်းဆီကြမ်းလိုအပ်ချက် စုစုပေါင်း တန် ချိန် ၁၁၀၀၀၀၊ ဇီဝဒီဇယ်ထုတ်လုပ်မှုအတွက် တန်ချိန် ၁၂၀၀၀၀ နှင့် ပြည်ပတင်ပို့ရန် တန်ချိန် ၈၀၀၀၀၀ မှ ၉၀၀၀၀၀ ခန့်ရှိပြီး အိန္ဒိယနိုင်ငံသည် ထိုင်းနိုင်ငံ၏ အဓိက စားအုန်းဆီ ဈေးကွက်ဖြစ် ကြောင်း ဖော်ပြထားပါသည်။

   ထိုင်းနိုင်ငံ၌ လက်ရှိကာလတွင် စားအုန်းဆီကြမ်း တန်ချိန် ၃၀၀၀၀၀ လက်ကျန် သိုလှောင် ထားကြောင်း၊ ဘတ်ငွေတန်ဖိုးကျဆင်းခြင်းက နိုင်ငံ၏စားအုန်းဆီကြမ်း တင်ပို့မှုအတွက် အကျိုး ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ထိုင်းပြည်တွင်းကုန်သွယ်ရေးဌာနသည် ဆီအုန်းသီးဝယ်ယူသူများ နှင့် စားအုန်းဆီထုတ်လုပ်သည့် စက်ရုံများအား ပုံမှန်အတိုင်း ဆက်လက်ဝယ်ယူရန်နှင့် ဆီအုန်း သီးများ သဘာဝအလျောက် ရင့်မှည့်မှုမဟုတ်ပဲ အချိန်မတိုင်မီ ဆွတ်ခူးယူခြင်းမှ ရှောင်ကြဉ်ရန် ညွှန်ကြားထားကြောင်း၊  အဆိုပါတားမြစ်ချက်ကို ဖောက်ဖျက်ပါက ၁၉၉၉ ခုနှစ် ကုန်စည်နှင့် ဝန်ဆောင်မှုများ အက်ဥပဒေအရ ထောင်ဒဏ် ၅ နှစ်၊ ဒဏ်ငွေ ဘတ် ၁၀၀၀၀၀ သို့မဟုတ် ဒဏ်နှစ် ရပ်လုံး ချမှတ်ခံရနိုင်ကြောင်း၊ သတ်မှတ်ထားသည့် ဆီအုန်းသီးဈေးနှုန်းအောက် လျှော့ချဝယ်ယူ ပါက အမြင့်ဆုံးထောင်ဒဏ် ၇ နှစ်၊ အမြင့်ဆုံးဒဏ်ငွေ ဘတ် ၁၄၀၀၀၀ သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်သည်ဟု အဆိုပါအမိန့်တွင် ဖော်ပြထားကြောင်း ညွှန်ကြားရေးမှူးချုပ် Mr. Wattanasak ကပြောဆိုပါသည်။

   ထို့အပြင် အဆိုပါအမိန့်စာတွင် စားအုန်းဆီထုတ်လုပ်သည့် စက်ရုံများလုပ်ငန်းရှင်များသည် ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုများကို ဦးစီးဌာနသို့ နေ့စဉ်အစီရင်ခံ တင်ပြရန်နှင့် အဓိကအားဖြင့် စားအုန်း သီးဝယ်ယူမှုပမာဏ၊ ဝယ်ယူသည့် နှုန်းထားများနှင့် စားအုန်းဆီ ထုတ်ယူဆီပမာဏတို့ ပြုစု တင်ပြရမည်ဖြစ်ကြောင်း၊ အဆိုပါစည်းကမ်းချက်ဖြစ်သည့် ထုတ်ယူထားသော ဆီပမာဏနှင့် သိုလှောင်ရာနေရာကို အစီရင်ခံရန် ပျက်ကွက်ပါက အများဆုံးထောင်ဒဏ် ၁ နှစ်၊ အမြင့်ဆုံး ဒဏ်ငွေ ဘတ် ၂၀၀၀၀ သို့မဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

   လယ်သမားများ ခေါင်းပုံဖြတ်ခံရခြင်းမှ ကာကွယ်ရန်အတွက် ဆီအုန်းစိုက်ခင်းများနှင့် စားအုန်းဆီ ထုတ်လုပ်သည့်လုပ်ငန်းများတွင် အချိန်အတွယ်များ မှန်ကန်မှုရှိ/မရှိ စစ်ဆေးရန် ဦးစီး ဌာနမှ တာဝန်ရှိသူများအား ညွှန်ကြားထားကြောင်း၊ ဈေးကောင်းရရှိရန်အတွက် ဆီအုန်းသီးများ သဘာဝအလျောက် ရင့်မှည့်ကြွေကျချိန်ရောက်ရှိမှသာ ဖြတ်တောက်ခူးဆွတ်ရန် တောင်သူများ အား တိုက်တွန်းခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် လတ်ဆတ်သော ဆီအုန်းသီးခိုင် တန်ချိန် ၁၈ သန်းခန့် ထွက်ရှိပြီး ယခင်နှစ်ကဲ့သို့ အလားတူ စားအုန်းဆီကြမ်း တန်ချိန် ၃ သန်းခန့် ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားရှိကြောင်း သတင်းရရှိပါသည်။

Source: Bangkok Post, 8 Jul 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

ဆန်စပါးကဏ္ဍ၌ ဗီယက်နမ်နှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း ဖိလစ်ပိုင် အဆိုပြု

     ဖိလစ်ပိုင်နိုင်ငံ စိုက်ပျိုးရေးအတွင်းဝန် Francisco Tiu Laurel သည် ဇူလိုင်လ ပထမသီတင်းပတ်ကုန်ရက်များတွင် ဗီယက်နမ်နိုင်ငံသို့ လာရောက်သည့် ခရီးစဉ်အတွင်း ဖိလစ်ပိုင်၏ စားနပ်ရိက္ခာဖူလုံရေးအတွက် ဗီယက်နမ်နှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လိုကြောင်း ပြောကြားခဲ့ပြီး ဗီယက်နမ်၏ အဓိက ဆန်စပါးထွက်ရှိရာ ဒေသများထဲမှ တစ်ခုဖြစ်သည့် မဲခေါင်မြစ်ဝ ကျွန်းပေါ်ဒေသရှိ An Giang ပြည်နယ်သို့ သွားရောက်ခဲ့ကြောင်း အဆိုပါပြည်နယ် ပြည်သူ့ ကော်မတီက ၈-၇-၂၀၂၄ ရက်၊ တနင်္လာနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

    ဗီယက်နမ်သည် ကမ္ဘာ့တတိယအကြီးဆုံး ဆန်တင်ပို့သည့်နိုင်ငံဖြစ်ပြီး ဖိလစ်ပိုင်သည် မကြာသေးမီနှစ်များအတွင်း ဗီယက်နမ်၏ ဆန်ဝယ်ယူမှုအများဆုံးနိုင်ငံဖြစ်လာခဲ့သည်။ ယခုနှစ် ပထမငါးလအတွင်း ဗီယက်နမ်၏ စုစုပေါင်း ဆန်တင်ပို့မှုတွင် ဖိလစ်ပိုင်သို့ တင်ပို့မှုမှာ ၄၅.၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

    ဖိလစ်ပိုင်နိုင်ငံ၏ လူဦးရေသည် နှစ်စဉ် ၁.၅ ရာခိုင်နှုန်း တိုးတက်လျက်ရှိသောကြောင့် ဆန်ဝယ်လိုအား မြင့်တက်မှုကိုဖြစ်ပေါ်စေပြီး ပြည်တွင်းထုတ်လုပ်မှ ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်စွမ်းမရှိသဖြင့် ဆန်တိုးမြှင့်တင်သွင်းရန် လိုအပ်ခြင်းဖြစ်ကြောင်း အဆိုပါခရီးစဉ်အတွင်း ဗီယက်နမ်အာဏာပိုင်များနှင့် တွေ့ဆုံစဉ် Mr. Laurel က ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်များအရ သိရပါသည်။

     ဗီယက်နမ်ဆန်ကုမ္ပဏီများအနေဖြင့် ဖိလစ်ပိုင်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရေးကို စဉ်းစားစေလိုကြောင်းဖြင့် Mr. Laurel က ပြောဆိုခဲ့သည်။  ယခုနှစ် ဇန်နဝါရီလအတွင်း သမ္မတ Ferdinand Marcos Jr. ၏ ဟနွိုင်းမြို့သို့ သွားရောက်ခဲ့သော နိုင်ငံတော်ခရီးစဉ်အတွင်း ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့သည် ဆန်ကုန်သွယ်မှုနှင့် စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် သဘောတူညီချက်များ ပြုလုပ်ထားကြောင်း၊ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ငွေကြေးဖောင်းပွမှု ဖိအားများကို စီမံခန့်ခွဲရန်အတွက် ဆန်တင်သွင်းမှုအပေါ် စည်းကြပ်သော အကောက်ခွန်ကို ၃၅ ရာခိုင် နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့  မကြာသေးမီက လျှော့ချခဲ့ကြောင်း သိရပါသည်။

Source: Reuters, 8 Jul 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဆန်ပို့ကုန်ဆိုင်ရာ ကန့်သတ်ချက်များ အိန္ဒိယအစိုးရ ဖြေလျှော့ပေးဖွယ်ရှိ

     ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့သူ အိန္ဒိယသည် အောက်တိုဘာလတွင် ကောက်ပဲသီးနှံသစ်များ ဈေးကွက်သို့မရောက်မီ နိုင်ငံတွင်း ဆန်ပိုလျှံမှုလွန်ကဲခြင်းမရှိစေရေးအတွက် အချို့သော ဆန် မျိုးကွဲများ တင်ပို့မှုအပေါ် ကန့်သတ်ချက်များကို ဖြေလျှော့သွားဖွယ်ရှိသည်ဟု အဆိုပါကိစ္စနှင့် နီးစပ်သူများထံမှ သိရသည်။

     အစိုးရသည် ပုံသေပို့ကုန်အခွန်နှုန်းထားဖြင့် ဆန်ဖြူတင်ပို့ခွင့်ပြုရန် စဉ်းစားနေကြောင်း အမည်မဖော်လိုသူ ပုဂ္ဂိုလ်အချို့က ပြောကြားခဲ့သည်။ ကုန်စည်တင်ပို့ရာ၌ တန်ဖိုးလျှော့၍ ဖော်ပြမှု များကို တားဆီးရန်အတွက် အာဏာပိုင်များသည် ပေါင်းဆန်တင်ပို့မှုအပေါ် အခွန် ၂၀% စည်းကြပ်မည့်အစား ပုံသေအခွန်နှုန်းထား သတ်မှတ်ခြင်းကို လုပ်ဆောင်ဖွယ်ရှိသည်ဟု ၎င်းတို့က ပြောဆို ခဲ့သည်။

      အဓိကကျသော ဆန်မျိုးကွဲများ တင်ပို့ရောင်းချခြင်းကို ၂၀၂၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံက စတင်ကန့်သတ်ခဲ့ပြီးနောက် ဇန်နဝါရီလတွင် ၁၅ နှစ်ကျော်အတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့သည့် အာရှဆန်စျေးနှုန်းများ တည်ငြိမ်စေရန် ထိုကဲ့သို့သော ပြောင်းလဲလုပ်ဆောင်မှုက အထောက်အကူ ဖြစ်စေနိုင်ပြီး စားနပ်ရိက္ခာ လိုအပ်ချက်အရ အိန္ဒိယကို မှီခိုနေရသော အနောက်အာဖရိကနှင့် အရှေ့အလယ်ပိုင်းရှိ နိုင်ငံအချို့အတွက် သတင်းကောင်းတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။ စားနပ်ရိက္ခာနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာဝန်ကြီးဌာန နှစ်ခုလုံးကို ကိုယ်စားပြုသည့် ပြောရေးဆိုခွင့်ရှိသူကမူ ယခုကိစ္စရပ်အပေါ် သဘောထားမှတ်ချက်ပြန်ကြားမှု တစ်စုံတစ်ရာမျှ မရှိသေးကြောင်း သိရှိရသည်။

    အိန္ဒိယ၏ စုစုပေါင်းဆန်တင်ပို့မှုသည် ဧပြီလ ၁ ရက်နေ့မှစတင်သည့် လက်ရှိဘဏ္ဍာရေးနှစ် ပထမနှစ်လတွင် ယခင်နှစ်ကာလတူထက် ၂၁ ရာခိုင်နှုန်း လျော့နည်းလျက် တန်ချိန် ၂.၉ သန်းသို့ ကျဆင်းသွားခဲ့ကြောင်း၊ အဆိုပါကာလအတွင်း ဘာစမာတီမဟုတ်သောဆန် တင်ပို့မှုသည် ၃၂ ရာခိုင်နှုန်း လျော့ကျလျက် တန်ချိန် ၁.၉၃ သန်းသာ ရှိကြောင်း အစိုးရ၏ အချက်အလက်များအရ သိရသည်။

    မုတ်သုံရာသီစတင်ချိန်တွင် အိန္ဒိယလယ်သမားများသည် ၎င်းတို့၏ အဓိကစပါးသီးနှံကို စိုက်ပျိုးလျက်ရှိရာ ဇူလိုင်လတွင် စိုက်ပျိုးမှု အမြင့်မားဆုံးဖြစ်ပြီး စက်တင်ဘာလ နှောင်းပိုင်းမှ စတင် ရိတ်သိမ်းမည်ဖြစ်သည်။ အိန္ဒိယ စိုက်ပျိုးရေးဝန်ကြီးဌာန၏ စာရင်းများအရ ဇူလိုင်လ ၈ ရက်နေ့အထိ စပါးစိုက်ပျိုးပြီးစီးမှု ဧရိယာ ဟက်တာ ၆ သန်း (ဧက ၁၄.၈ သန်း) ရှိပြီး ယခင်နှစ်ကာလတူကထက် ၁၉ ရာခိုင်နှုန်း ပိုမိုခဲ့ကြောင်း သိရပါသည်။

Source: Economic Times, 8 Jul 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ကမ္ဘောဒီးယား၌ ရင်းနှီးမြှုပ်နှံမှုများအား ထိုင်း KSL သကြားကုမ္ပဏီ ရုပ်သိမ်း

   ထိုင်းနိုင်ငံ၏ တတိယအကြီးဆုံး သကြားထုတ်လုပ်သည့် Khon Kaen Sugar Industry Plc (KSL)ကုမ္ပဏီသည် လုပ်သာကိုင်သာမရှိသော စီးပွားရေးအခြေအနေများကြောင့် ၎င်း၏ရင်းနှီး မြှုပ်နှံမှုများကို ပြန်လည်ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့သောကြောင့် ထိုင်းနိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံသို့ သကြားလုပ်ငန်းတိုးချဲ့ရာတွင် အဟန့်အတားဖြစ်စေကြောင်း သိရှိရသည်။

   ကမ္ဘာ့သကြားဈေးနှုန်း ကျဆင်းနေခြင်း၊ ကမ္ဘောဒီးယား၏ ဈေးကွက်ကျဆင်းခြင်းနှင့် အကောက်ခွန်သက်သာခွင့်ပေးသည့် (GSP) ကုန်သွယ်မှုအစီအစဉ်များသည် ကမ္ဘောဒီးယားနိုင်ငံ အတွင်း ရင်းနှီးမြှုပ်နှံမှုကို အားမပေးသည့် အကြောင်းရင်းများဖြစ်ကြောင်း KSL ကုမ္ပဏီဥက္ကဋ္ဌ Chalush Chinthammitက ပြောကြားခဲ့သည်။

    ကမ္ဘောဒီးယားသည် သကြားပို့ကုန်များကို ဥရောပနှင့် အမေရိကန်တို့သို့ တင်ပို့ရန် အတွက် GSP အကျိုးကျေးဇူးများကို အသုံးမပြုကြောင်း၊ ဥရောပနှင့် အမေရိကန်တို့မှ စီးပွားရေး အားနည်းသည့် နိုင်ငံများအား အကူအညီပေးရန် အခွန်ကင်းလွတ်ခွင့် သို့မဟုတ် အခွန်နှုန်းထား လျှော့ပေါ့ပေးခြင်း စသည့် ကုန်သွယ်မှုအထူးအခွင့်အရေးများ ပေးထားကြောင်း၊ ကမ္ဘောဒီးယားတွင် GSP အသုံးမပြုခြင်းနှင့် သကြားဈေးနှုန်း ကျဆင်းနေခြင်းတို့သည် KSL ကုမ္ပဏီအား ကမ္ဘောဒီးယားနိုင်ငံတွင် ၎င်း၏ သကြားလုပ်ငန်းအတွက် ပြန်လည်စဉ်းစားရန် ဖြစ်လာကြောင်း၊ ကြံစိုက် ပျိုးမှုစရိတ်များ တက်နေသည့်အချိန်တွင် ကမ္ဘာ့သကြားဈေးနှုန်းသည် နှစ်အတော်ကြာကြာ ကျဆင်းလာခဲ့ကြောင်း ဥက္ကဋ္ဌ Mr. Chalush Chinthammit က ပြောကြားခဲ့သည်။

   မိုးခေါင်မှုကြောင့် နိုင်ငံများစွာတွင် သကြားရောင်းအား ကျဆင်းခဲ့ပြီး ကမ္ဘာ့သကြားဈေးနှုန်းများ စတင်မြင့်တက်လာပြီဖြစ်သော်လည်း ကုမ္ပဏီအနေဖြင့် အဆိုပါအခြေအနေများကို မဖြေ ရှင်းနိုင်တော့ကြောင်း၊ KSLသည် ကမ္ဘောဒီးယားတွင် ၂၀၀၆ ခုနှစ်မှစ၍ သကြားလုပ်ငန်း စတင်ခဲ့ပြီး ကမ္ဘောဒီးယား၊ ထိုင်ဝမ်ကုမ္ပဏီတို့နှင့်ပူးပေါင်း၍ သကြားထုတ်လုပ်ခြင်းနှင့် ကြံစိုက်ပျိုးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း၊ နှစ် ၉၀ ကြာ သဘောတူညီထားသော စာချုပ်အောက်မှ မြေယာ ၁၂၅၀၀၀ ရိုင် (၄၉၄၂၁ ဧကခန့်) တွင် စိုက်ပျိုးရန်အတွက် ကမ္ဘောဒီးယားအစိုးရအနေဖြင့် KSL ကုမ္ပဏီနှင့် ၎င်း၏မိတ်ဖက် ကုမ္ပဏီများနှင့် သဘောတူညီထားပါကြောင်း၊ စိန်ခေါ်မှုများစွာရှိသောကြောင့် ကမ္ဘောဒီးယားတွင် သကြားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် ခက်ခဲကြောင်း Mr. Chalush က ဆက်လက်ပြော ကြားခဲ့သည်။

    လာအိုနိုင်ငံတွင် အစိုးရက ကြံစိုက်ပျိုးခွင့်နှင့် သကြားစက် လည်ပတ်ခွင့်ပြုထားသည့် မြေယာ ၆၀၀၀၀ ရိုင် (၂၃၇၂၂ ဧက) ၌ KSLကုမ္ပဏီအနေဖြင့် ရင်းနှီးမြှုပ်နှံမှုကို ဆက်လက်ထိန်း ထားပါကြောင်း၊ KSL ကုမ္ပဏီသည် အဆိုပါ လာအိုနိုင်ငံရှိ သကြားလုပ်ငန်းမှ ၁ နှစ်လျှင် ဘတ် သန်း၂၀၀ ကျော် ဝင်ငွေရရှိကြောင်း၊ ကမ္ဘာကြီးပူနွေးလာမှုအပေါ် စိုးရိမ်မှုများ ရှိလာခြင်းကြောင့် KSL ကုမ္ပဏီအနေဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုလျှော့ချနိုင်မည့် အခွင့်အလမ်းများကို ရှာဖွေနေကြောင်း Mr. Chalush က ပြောကြားခဲ့သည်။

    ကုမ္ပဏီသည် ရေရှည်တည်တံ့သော လေယာဉ်လောင်စာဆီ (Sustainable Aviation Fuel -SAF) နှင့် လေယာဥ်အတွက် ဇီဝလောင်စာ ဖွံ့ဖြိုးတိုးတက်မှုအပါအဝင် ဇီဝလောင်စာဆီကဏ္ဍတွင် ပူးတွဲရင်းနှီးမြှုပ်နှံရန်အတွက် စွမ်းအင်လုပ်ငန်းစု Bangchak Corporationနှင့် လက်တွဲခဲ့ကြောင်း၊  လေယာဉ်လောင်စာအား ဟင်းချက်ဆီ၊ သီးနှံမှထွက်ရှိသောအမှိုက် သို့မဟုတ် အီသနောတို့မှ ထုတ် လုပ်နိုင်ပြီး သမာရိုးကျဂျက်လေယာဉ်ဆီထက် ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှုကို ၈၀ ရာခိုင်နှုန်း အထိ နည်းပါးစေကြောင်း မီဒီယာတွင် ဖော်ပြထားချက်အရ သိရှိရသည်။

Source: Bangkok Post, 5 July, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဖိလစ်ပိုင်သို့ ဆန်တန်ချိန် ၁၃၀၀၀၀ တင်ပို့ရန် နားလည်မှုစာချွန်လွှာများအား ထိုင်းကုန်သည်များ လက်မှတ်ရေးထိုး

     ထိုင်းနိုင်ငံ ပြည်ပကုန်သွယ်ရေးဦးစီးဌာနက ဦးဆောင်လျက် ထိုင်းဆန်တင်ပို့သူများ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်သော ခရီးစဉ်အတွင်း တန်ဖိုးအားဖြင့် ဘတ်ငွေ ၂.၈ ဘီလီယံရှိမည့် ဆန်တန်ချိန် စုစုပေါင်း ၁၃၀၀၀၀ ကို တင်ပို့ရန်အတွက် နားလည်မှုစာချွန်လွှာ ၉ စောင်ကို ဖိလစ်ပိုင်ရှိ ဆန်တင် သွင်းသူ လုပ်ငန်းရှင်များနှင့် လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရှိရသည်။

    ထိုင်းပြည်ပကုန်သွယ်ရေးဦးစီးဌာန အနေဖြင့် မနီလာမြို့ရှိ ထိုင်းကူးသန်းရောင်းဝယ်ရေးရုံးနှင့် ပူးပေါင်းလျက် ထိုင်းဆန်အရောင်းမြှင့်တင်ရေးပြပွဲတစ်ရပ်ကိုလည်း ကျင်းပခဲ့ကြောင်း၊ ၎င်းပြပွဲ သို့ သွင်းကုန်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များ၊ လက်လီရောင်းချသူများ၊ ဆန်စပါးလုပ်ငန်းနယ်ပယ်၌ အဓိကလုပ်ကိုင်နေသူများ၊ အစိုးရဌာနများမှ ကိုယ်စားလှယ်များနှင့် သတင်းမီဒီယာများ အပါအဝင် လူဦးရေ ၇၀ ကျော် တက်ရောက်ခဲ့ကြကြောင်း၊ ၎င်းပြပွဲအား ထိုင်းစားသောက်ကုန် အသိအမှတ်ပြု ပရီမီယံအဆင့်အတန်းရှိသည့်ထိုင်းဆန် (Premium Thai Rice with Authentic Thai Food) ဟူသော သဘောထားအမြင်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ထိုင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ Thai Select အသိအမှတ်ပြုလက်မှတ် ရရှိထားသော Mango Tree Manila စားသောက်ဆိုင်တွင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ ထိုင်းအစိုးရ၏ နိုင်ငံတကာ ၌ ထိုင်းဆန်များ စားသုံးမှုမြှင့်တင်ရေးနှင့် ထိုင်းအစားအစာများ ဈေးကွက်မြှင့်တင်ရေး မူဝါဒကို တစ်စိတ်တစ်ဒေသဖော်ဆောင်ခြင်းလည်းဖြစ်ကြောင်း The Nation Thailand သတင်းဌာနက ဖော်ပြထားသည်။

     အဆိုပါပြပွဲတွင် ထိုင်းဟင်းလျာ ၃ မျိုးနှင့် ထိုင်းစံပယ်ဆန်မွှေး (Jasmine Rice) နှင့် ထိုင်း ငချိတ်ဆန် (Riceberry Rice) တို့အား ချက်ပြုတ်သရုပ်ပြသလျက် တည်ခင်းဧည့်ခံခဲ့ရာ ထိုင်းဆန် အမျိုးအစားများနှင့် အရည်အသွေးသည် ဖိလစ်ပိုင်စားသုံးသူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်မှုရှိသည်ဟု တက်ရောက်လာသူများ၏ တုံ့ပြန်မှတ်ချက်ပြုခြင်းကို ခံရကြောင်း ထိုင်းပြည်ပ ကုန်သွယ်ရေးဦးစီးဌာနမှ ဖော်ပြချက်အရ သိရှိရသည်။

     ထိုင်းနိုင်ငံမှ ဌာနဆိုင်ရာအရာရှိများသည် ဖိလစ်ပိုင်စားနပ်ရိက္ခာအာဏာပိုင်အဖွဲ့ (NFA) မှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံခဲ့ပြီး ဖိလစ်ပိုင်အစိုးရ၏ ဆန်သွင်းကုန်အပေါ် အခွန် ၃၅ ရာခိုင် နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့ လျှော့ချမည့် မူဝါဒ အပါအဝင် ဆန်ဈေးကွက် သတင်းအချက်အလက်များ မျှဝေဖလှယ်မှုကို လုပ်ဆောင်ခဲ့ကြောင်း၊ သွင်းကုန်အခွန် စည်းကြပ်မှုအား ၄ လ ၁ ကြိမ် ပြန်လည် သုံးသပ်ခြင်းနှင့်အတူ အဆိုပါ အကောက်ခွန်နှုန်းလျှော့ချသည့် အစီအစဉ်ကို ယခုနှစ် ဇူလိုင်လ လလယ်ပိုင်းမှ စတင်၍ ၂၀၂၈ ခုနှစ်အထိ ဖော်ဆောင်လိမ့်မည်ဟု မျှော်လင့်ရကြောင်းဖြင့် ထိုင်း ပြည်ပကုန်သွယ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Ronnarong Phoolpipat က ပြောကြားခဲ့သည်။

     ဖိလစ်ပိုင်လွှတ်တော်၌ တင်သွင်းအဆိုပြုထားသည့် အရေးပေါ်အခြေအနေတွင် ဖိလစ်ပိုင် စားနပ်ရိက္ခာအာဏာပိုင်အဖွဲ့အား ဆန်တင်သွင်းမှု လုပ်ကိုင်ခွင့်ပြုမည့် ဥပဒေတစ်ရပ်အား ပြင်ဆင် ပြဋ္ဌာန်းနိုင်မည့် အလားအလာနှင့်စပ်လျဉ်း၍လည်း ထိုင်းကိုယ်စားလှယ်အဖွဲ့က မေးမြန်းဆွေးနွေး ခဲ့ပြီး ထိုင်းနိုင်ငံအနေဖြင့် ဖိလစ်ပိုင်၏ စားနပ်ရိက္ခာဖူလုံရေးအတွက် ဆန်ထောက်ပံ့ပေးသွင်းရန် အသင့်ရှိနေသည်ကို အာမခံပြောကြားခဲ့ကြောင်း သိရှိရသည်။

    ညွှန်ကြားရေးမှူးချုပ် Ronnarong က ထိုင်းကိုယ်စားလှယ်အဖွဲ့၏ ဖိလစ်ပိုင်ခရီးစဉ်သည် အောင်မြင်မှု မြင့်မားစွာရရှိခဲ့ကြောင်း၊ ထိုင်းဆန်၏ အရည်အသွေးနှင့် အရသာကောင်းမွန်မှု ဂုဏ် သတင်းကို ပြသနိုင်ခဲ့ကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်းက ဖိလစ်ပိုင်ဈေးကွက်တွင် ထိုင်းဆန်၏ ဈေးကွက်ဝေစုရရှိမှုကို တိုးတက်စေမည်ဟု မျှော်မှန်းထားကြောင်း ပြောဆိုခဲ့သည်။

    ထိုင်းနိုင်ငံသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ဆန်တန်ချိန် ၂၉၉၇၈၇ တန်ကို ဖိလစ်ပိုင်ဈေးကွက်သို့ တင်ပို့ခဲ့ပြီး ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ၃၈၁.၆၆ ရာခိုင်နှုန်း တိုး တက်မှု ရရှိခဲ့သည်။ တန်ဖိုးအားဖြင့်မူ အမေရိကန်ဒေါ်လာ ၁၆၇ သန်းရှိပြီး ယခင်နှစ်ကာလတူထက် ၅၅၈.၉၇ ရာခိုင်နှုန်း တိုးတက်ခဲ့ခြင်းဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း ဆန်တန်ချိန် ၄.၁ သန်းခန့် တင်သွင်းရဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ဖိလစ်ပိုင် ဈေးကွက်သို့ ထိုင်းဆန်များကို တိုးမြှင့်တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Phumtham Wechayachai က ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန် ထားခဲ့ကြောင်း သိရှိရသည်။

Source: The Nation Thailand, 10 Jul 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဂျုံနှင့်ပြောင်း တင်သွင်းမှုအပေါ် အခွန်စည်းကြပ်မှု နိုင်ဂျီးရီးယားအစိုးရ ဆိုင်းငံ့

   အာဖရိကဒေသအတွင်း လူဦးရေအများဆုံးနိုင်ငံဖြစ်သော နိုင်ဂျီးရီယားနိုင်ငံ၌ ကုန်ဈေးနှုန်းများ မြင့်တက်မှုကို ထိန်းချုပ်နိုင်ရေးနှင့် သင့်တင့်သောလက်လီဈေးနှုန်း ဖြစ်ပေါ်စေရေးအတွက် ဂျုံနှင့်ပြောင်း တင်သွင်းမှုအပေါ် အခွန်စည်းကြပ်ခြင်းကို ရက်ပေါင်း ၁၅၀ ကြာအထိ ဆိုင်းငံ့မည်ဟု လယ်ယာစိုက်ပျိုးရေးဝန်ကြီး Abubakar Kyari က ၈-၇-၂၀၂၄ နေ့တွင် ပြောကြားခဲ့ပါသည်။

    နိုင်ဂျီးရီးယား အစိုးရအနေဖြင့် ဆယ်စုနှစ်တစ်ခုအကြာထိ ထိခိုက်လွယ်မှုဖြစ်ပေါ်နေသော စီးပွားရေးအခြေအနေကို လှုံ့ဆော်တွန်းအားပေးရန်နှင့် နှစ်အလိုက်နှိုင်းယှဉ်ပါက ၄၀% ကျော် မြင့်တက်လျက်ရှိသော စားသောက်ကုန် ဈေးနှုန်းဖောင်းပွမှု လျှော့ချရေးမူဝါဒ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အဆိုပါအစီအစဉ်ကို ဖော်ဆောင်ခြင်းဖြစ်သည်။ သမ္မတ Bola Tinubu သည် စားနပ်ရိက္ခာ ထောက်ပံ့မှုနှင့် ဈေးနှုန်းဆိုင်ရာကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန်နှင့် အဓိကကဏ္ဍများကို မြှင့်တင်တွန်းအားပေးရန် လှုံ့ဆော်မှု အစီအစဉ်အဖြစ် နိုင်ရာငွေ ၂ ထရီလီယံ (ဒေါ်လာ ၁.၃၃ ဘီလီယံ) သုံးစွဲနိုင်ရေးပြင်ဆင်ရန် ၎င်း၏စီးပွားရေးစီမံခန့်ခွဲမှုအဖွဲ့သို့ ညွှန်ကြားထားသည်ဟု နိုင်ဂျီးရီးယားဘဏ္ဍာရေးဝန်ကြီးက ယခင်သီတင်းပတ်၌ ပြောကြားခဲ့သည်။

     ကုန်စည်ဝယ်ယူရန် တတ်နိုင်စွမ်းနှင့် ကုန်ရရန်လွယ်ကူမှု ခက်ခဲခြင်းတို့ကြောင့် ပြည်တွင်း၌ စားကုန်ဈေးနှုန်းဖောင်းပွနေခြင်းကို တိုးတက်ကောင်းမွန်မှုရှိစေရေးအတွက် အစိုးရသည် လာမည့် ရက်ပေါင်း ၁၈၀ အတွင်း ဖော်ဆောင်မည့် အစီအမံများအား ချမှတ်လုပ်ဆောင်လျက်ရှိကြောင်း၊ ပုဂ္ဂလိကကဏ္ဍမှ တင်သွင်းမှုအပြင် အစိုးရအနေဖြင့် ဂျုံတန်ချိန် ၂၅၀၀၀၀ နှင့် ပြောင်းတန်ချိန် ၂၅၀၀၀၀ တို့ကို တင်သွင်းမည်ဖြစ်ကြောင်း၊ ၎င်းကုန်စည်များကို တစ်ပိုင်းတစ်စ ပြုပြင်ထုတ်လုပ် ထားပြီးသည့် အဆင့်ဖြင့် တင်သွင်းမည်ဖြစ်ပြီး ပြည်တွင်းရှိ အသေးစား ပြုပြင်ထုတ်လုပ်သူများနှင့် ကြိတ်ခွဲစက်များသို့ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ အခွန်သက်သာ ကင်းလွတ်ခွင့်ပြုခြင်း သည် ပင်လယ်ရေကြောင်းနှင့် ကုန်းတွင်းနယ်စပ်ဂိတ်များမှ တင်သွင်းမှုများအပေါ် လွှမ်းခြုံမှုရှိမည် ဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီး Mr. Kyari က ပြောဆိုခဲ့သည်။

   လယ်ယာထွက်ကုန်များအား ဈေးကွက်သို့ပို့ဆောင်ရေး လမ်းပန်းဆက်သွယ်မှုကွန်ယက် ညံ့ဖျင်းမှုနှင့်အတူ စားနပ်ရိက္ခာထုတ်လုပ်ရာ နယ်မြေဒေသများ၌ လုံခြုံရေးမတည်ငြိမ်မှု တို့ကြောင့် အနောက်အာဖရိကဒေသရှိ နိုင်ဂျီးရီးယားနိုင်ငံတွင် စားသောက်ကုန် ဈေးနှုန်းများ ဖောင်းပွမှုမှာ မြင့်တက်လျက်ရှိနေခဲ့သည်။ အဓိကစားသောက်ကုန်များ၏ ဈေးနှုန်းများကြီးမြင့်မှုက လူနေမှု စရိတ်စကဆိုင်ရာ အကျပ်အတည်းများကို ဖြစ်ပေါ်စေပြီး ငွေကြေးဖောင်းပွမှုကို နှစ်ပေါင်း ၃၀ ခန့်အတွင်း အမြင့်မားဆုံးအဖြစ် ဂဏန်းနှစ်လုံးအဆင့်အထိ မြင့်တက်လာခြင်းဖြစ်ကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြထားသည်။

Source: Reuters, 8 Jul 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ