P Vihear ပြည်နယ်တွင် အော်ဂဲနစ်စိုက်ပျိုးရေး မြှင့်တင်ရန် စာချုပ်ပါ လယ်ယာစိုက်ပျိုးရေး သဘောတူညီချက်များ လက်မှတ်ရေးထိုး

ကမ္ဘောဒီးယားနိင်ငံ၊ Preah Vihear ပြည်နယ်ရှိ စိုက်ပျိုးရေးသမဝါယမ၊ Amru Rice (Cambodia) Co., Ltd. နှင့် ကမ္ဘောဒီးယားစိုက်ပျိုးရေးသမဝါယမကော်ပိုရေးရှင်း (CACC) တို့ Preah Vihear ပြည်နယ်တွင် အော်ဂဲနစ်စိုက်ပျိုးရေး မြှင့်တင်ရန် ၁၆-၉-၂၀၂၅ ရက်နေ့က သဘောတူညီခဲ့ကြသည်။ အဆိုပါသဘောတူညီချက်များသည် ကမ္ဘောဒီးယားနိုင်ငံ၏ အော်ဂဲနစ် စိုက်ပျိုးရေးကဏ္ဍအတွက် အဓိကခြေလှမ်းတစ်ရပ်ဖြစ်ပြီး ပြည်တွင်းတောင်သူလယ်သမားများ အတွက် တည်ငြိမ်သောစျေးကွက်ရရှိရေးနှင့် ကမ္ဘာ့ဈေးကွက်များတွင် နိုင်ငံ၏ရပ်တည်ချက်ကို ခိုင်မာစေမည်ဖြစ်သည်။ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိသောစီးပွားရေးပုံစံကြောင့် လူသိများသော Amru Rice ကုမ္ပဏီသည် အသေးစားတောင်သူလယ်သမားများနှင့် တိုက်ရိုက် အလုပ်လုပ်ပြီး တောင်သူများအား နည်းပညာအကူအညီနှင့် ၎င်းတို့၏ အော်ဂဲနစ်ထုတ်ကုန်များ အတွက် အာမခံချက်ရှိသော စျေးကွက်တစ်ခု ပံ့ပိုးပေးလျက်ရှိသည်။ လယ်ယာထွက်ကုန် ကဏ္ဍစုံတွင် အဓိကပါ၀င်သည့် ကမ္ဘောဒီးယား လယ်ယာစိုက်ပျိုးရေး သမဝါယမကော်ပိုရေးရှင်း သည် အသေးစားတောင်သူလယ်သမားများကို စွန့်ဦးတီထွင်သူများအဖြစ်သို့ အသွင်ပြောင်း နိုင်ရေးကို အဓိကထားဆောင်ရွက်လျက်ရှိသည်။ CACC နှင့် Amru Rice တို့သည် စိုက်ပျိုးရေးသမဝါယမများအား နည်းပညာအကူအညီ၊ စျေးကွက်ရရှိရေးနှင့် ငွေကြေးဆိုင်ရာ ပံ့ပိုးကူညီမှုများဖြင့် ပံ့ပိုးပေးကာ ၎င်းတို့၏ ကောက်ပဲသီးနှံများအတွက် တန်ဖိုးနှင့် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းမှု တိုးတက်စေရန် ကူညီပေးခဲ့ကြောင်း CACC ဘုတ်အဖွဲ့ဥက္ကဋ္ဌ Song Saran က ပြောကြားခဲ့သည်။ ၂၀၂၅ ခုနှစ် ပထမ (၈) လအတွင်း ကမ္ဘောဒီးယားနိုင်ငံသည် ဆန်တင်ပို့မှု သိသိသာသာ တိုးတက်လာခဲ့ပြီး ဆန်တန်ချိန် ၄၇၂,၈၀၃ တန် (ကန်ဒေါ်လာ ၃၄၈ သန်း) နှင့် ဆန်စိုစပါးတန်ချိန် ၄.၈၄ သန်း (ကန်ဒေါ်လာ ၁ ၁၁၄ ဘီလီယံ) တင်ပို့ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ ဆန်စပါးအသင်းချုပ် (CRF) မှ ထုတ်ပြန််ထားသည်။ ကမ္ဘောဒီးယားရှိ အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍများအကြား အောင်မြင်သော ပူးပေါင်းဆောင်ရွက်မှု၏ အားကောင်း သည့် စံနမူနာတစ်ခုအဖြစ် Preah Vihear တွင် လက်မှတ်ရေးထိုးပွဲ အခမ်းအနားသည် ကမ္ဘာ့ဈေးကွက်တွင် ကမ္ဘောဒီးယား၏ စိုက်ပျိုးရေးကဏ္ဍအတွက် ပြတ်သားသော လမ်းကြောင်း ပြသနိုင်မည်ဖြစ်ကြောင်း Song Saran က ဆက်လက်ပြောကြားခဲ့သည်။
Source: Khmer Times
DOCA (ရန်ကုန်)









