ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ကမ္ဘောဒီးယားသည် ၎င်း၏ ပထမဆုံး မဂ္ဂါဝပ် ၁၅၀ လေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို ၂၀၂၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ရန် စီစဉ်

      ကမ္ဘောဒီးယားနိုင်ငံ လျှပ်စစ်ဓာတ်အားပေးရေးဌာန အထွေထွေညွှန်ကြားရေးမှူး တာဝန်ခံ Dr. Praeng Jalsa က ကမ္ဘောဒီးယားနိုင်ငံသည် ၎င်း၏ ပထမဆုံး မဂ္ဂါဝပ် ၁၅၀ ဓာတ်အားပေး စက်ရုံကို ၂၀၂၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သဘောတူညီမှု လက်မှတ် ရေးထိုးထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၃-၉-၂၀၂၅ ရက်နေ့၊ နံနက်ပိုင်းက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီး Mr. Keo Ratanak ၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းများ၏ အစည်းအဝေးတွင် ဒေါက်တာ Praang မှ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံ၊ လျှပ်စစ်ဓာတ်အားပေးရေးဌာနမှ ထုတ်ပြန်ချက်များအရ လက်ရှိတွင် ကမ္ဘောဒီးယား၌ စွမ်းအင်အရင်းအမြစ် ၅,၀၀၀ မဂ္ဂါဝပ်ကျော်ရှိပြီး ၆၀ ရာခိုင်နှုန်းခန့် သည် ရေအားလျှပ်စစ်၊ ဇီဝလောင်စာနှင့် ဆိုလာဓာတ်အားပေးစက်ရုံများကဲ့သို့သော ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များဖြစ်ကြောင်း သိရသည်။ Mondulkiri ခရိုင်ရှိ လေအားလျှပ်စစ် စီမံကိန်းကို ၂၀၁၃ ခုနှစ်မှ စတင်ကာ ပြင်သစ်ကုမ္ပဏီ Blue Circle ကုမ္ပဏီမှ ဆောင်ရွက်နေခြင်း ဖြစ်ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းများ ရေးဆွဲခြင်း၊ ငွေကြေးထောက်ပံ့ခြင်းနှင့် လုပ်ငန်းများလည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်း Dr. Praeng Jalsa က ပြောကြားခဲ့သည်။ Blue Circle ကုမ္ပဏီသည် ၎င်း၏ ပထမဆုံးလေအားလျှပ်စစ်စီမံကိန်းကို အကောင်အထည်ဖော်ရန် Mondulkiri ပြည်နယ်သို့ ၂၀၁၅ ခုနှစ်တွင် စတင်ရောက်ရှိခဲ့ပြီး ၂၀၂၆ ခုနှစ်တွင် စတင်၍ လုပ်ငန်းများလည်ပတ်ရန် စီစဉ်ထားကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

Source: Khmer Times 

DOCA (ရန်ကုန်)

                                                             

Agro King Trading သည် နှစ်စဉ် လယ်ယာထွက်ကုန် တန်ချိန် ၅၃၄,၀၀၀ ၀ယ်ယူ

        ဗီယက်နမ်နိုင်ငံအခြေစိုက် Hong Nga Saigon Co., Ltd ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် Agro King Trading Co., Ltd သည် Pailin ခရိုင်၏ စိုက်ပျိုးရေးထွက်ကုန်များအတွက် အကြီးစားဝယ်ယူရေးအမှာစာများကို အတည်ပြုလိုက်သောကြောင့် ကမ္ဘောဒီးယားနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍသည် သိသိသာသာ တိုးတက်လာခဲ့ကြောင်း စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန(MAFF) မှ ထုတ်ပြန်ထားသည်။ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန(MAFF) မှ လက်ထောက်အတွင်းရေးမှူး Ky Chanromduol က လယ်ယာ ထွက်ကုန် များအား နှစ်စဉ် စုစုပေါင်း တန်ချိန် ၅၃၄,၀၀၀ ဖြစ်သောစပါးနီ တန်ချိန် ၅၀၀,၀၀၀၊ ကြိတ်ခွဲပြီး ဆန် တန်ချိန် ၂ဝ၀၊  ပဲပိစပ် တန်ချိန် ၂,၀၀၀ တို့ကိုဝယ်ယူမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ အဆိုပါ ကတိကဝတ်ပြုမှုသည် ကမ္ဘောဒီးယားတောင်သူလယ်သမားများအတွက် တည်ငြိမ်သော ဈေးကွက်ကို အာမခံရုံသာမက ဗီယက်နမ်နှင့် နယ်စပ်ဖြတ်ကျော် စိုက်ပျိုးရေးကုန်သွယ်မှု ကိုလည်း ခိုင်မာစေမည်ဖြစ်သည်။  ကုမ္ပဏီ၏ဝယ်ယူရေး အစီအစဉ်သည် Pailin ခရိုင်၏ စိုက်ပျိုးရေး တန်ဖိုးကွင်းဆက်ကို မြှင့်တင်ပေးစဉ်တွင် ဒေသထွက်သီးနှံများ၏ လိုအပ်ချက်ကို တစ်သမတ်တည်း ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။ အစိုးရနှစ်ရပ်စလုံးက ပုဂ္ဂလိကကုမ္ပဏီများ အား စိတ်ချရသော ထောက်ပံ့ရေးကွင်းဆက်များ လုံခြုံစေရန်နှင့် ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံမှုကို မြှင့်တင်ပေးခြင်းဖြင့် ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ကြား စိုက်ပျိုးကုန်သွယ်မှုတွင် တိုးပွားလာသော ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေကြောင်း MAFF မှ ထုတ်ပြန်ထားသည်။

Source: Khmer Times                                                                                 

 DOCA (ရန်ကုန်)

 

Siem Reap လယ်သမားများသည် နိုင်ငံ၏အကြီးဆုံး ခေတ်မီသီဟိုဠ်စေ့သမဝါယမကို ဖွဲ့စည်း

    ကမ္ဘောဒီးယားနိုင်ငံ၏ လယ်ယာထုတ်ကုန်ကဏ္ဍ ခေတ်မီတိုးတက်ရေးတွင် သိသာ ထင်ရှားသော မြှင့်တင်မှုတစ်ခုအနေဖြင့် Siem Reap ပြည်နယ်ရှိ ခရိုင်(၄) ခုမှ လယ်သမားများ သည် သီဟိုဠ်စေ့စိုက်ပျိုးထုတ်လုပ်မှုအတွက် အကြီးစား စိုက်ပျိုးရေးအသိုင်းအဝိုင်းကို ထူထောင် ခဲ့ကြသည်။ ကမ္ဘောဒီးယားနိုင်ငံ၊ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန (MAFF) မှ ပြည်နယ်အတွင်းဝန်၊ Khim Finan က ခန့်မှန်းခြေ ဟက်တာ ၂,၅၀၀ ခန့်ကို စီမံခန့်ခွဲ ပေးနိုင်မည့် သမဝါရမအဖွဲ့ ဖွဲ့စည်းကြောင်း ၂-၉-၂၀၂၅ ရက်နေ့တွင် ကြေညာခဲ့သည်။  အဆိုပါ အစီအစဉ်သည် လယ်သမားများ၏ အရင်းအမြစ်များ၊ ကျွမ်းကျင်မှုများ ပေါင်းစပ်ထားသော ထုတ်လုပ်မှုစွမ်းအားနှင့် စျေးကွက်ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးသည့် စုပေါင်းထုတ်လုပ်မှုမှ တစ်ဆင့် ရေရှည်တည်တံ့ပြီး ထိရောက်သော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို မြှင့်တင် ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်လုပ်ဆောင်ပါက Siem Reap ပြည်နယ်သည် ၂၀၂၅ နှစ်ကုန်တွင် ခေတ်မီစိုက်ပျိုးရေး အသိုင်းအဝိုင်း တစ်ခုဖန်တီးပေး နိုင်မည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။  

Source: Khmer Times                                                                                

  DOCA YGN

ထောက်ပံ့မှုများမြင့်တက်နေသည့်ကြားတွင် ဂျပန်နိုင်ငံ၏ ဆန်စျေးနှုန်းများကျဆင်းလာ

     ဂျပန်နိုင်ငံရှိ စူပါမားကတ်များတွင် ‌ရောင်းချသော လက်လီဆန်ပျမ်းမျှစျေးနှုန်းများသည် သြဂုတ်လ ၂၄ ရက်နေ့တွင် ကုန်ဆုံးသည့်ရက်သတ္တပတ်အတွင်း ၅ ကီလိုဂရမ်လျှင် ၃၇၇၆ ယန်း (အမေရိကန်ဒေါ်လာ ၂၅.၆ နီးပါး) ရှိကြောင်းအစိုးရ အချက်အလက်များအရသိရသည်။ ယခင် အပတ်အပတ်ကထက် ၂၈ ယန်းစျေးနှုန်းကျဆင်းခဲ့ပြီး သုံးပတ်အတွင်း ပထမဆုံးကျဆင်းခြင်း ဖြစ်ကြောင်း စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန (MAFF) ၏ ထုတ်ပြန်ချက်အရသိ ရသည်။ အစိုးရမှ သိုလှောင်ထားသောဆန်များ ရောင်းချမှုမြင့်တက်လာခြင်းသည် စျေးနှုန်းများ ကျဆင်းရခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ဝန်ကြီးဌာနမှ သုံးသပ်သည်။ စူပါမားကတ်ပေါင်း ၁၀၀၀ ခန့်မှ အချက်အလက်များအရ တစ်ခုတည်းသော မူလအမှတ်တံဆိပ်ဆန်သည် ၅ ကီလိုဂရမ် လျှင် ပျမ်းမျှ ယန်း ၄၂၇၂ ရှိပြီး ယခင်အပတ်များထက် ၄ ယန်းတိုးလာကြောင်း သိရသည်။ သိုလှောင်ထားသော ဆန်များ အပါအဝင် ရောစပ်ထားသော ဆန်အမျိုးအစားများမှာ ပျမ်းမျှယန်း ၃၁၅၉ ရှိပြီး တစ်ပတ်လျှင် ၁၀ ယန်းကျဆင်းလျက်ရှိကြောင်း သိရသည်။

Source : Xinhua                                                                          

DOCA (ရန်ကုန်)

ကမ္ဘောဒီးယားနိုင်ငံ၏ ပညာရေးကဏ္ဍမြှင့်တင်ရေးစီမံကိန်းများအတွက် ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ ၁၀၅ သန်းအား အတည်ပြုခဲ့

     ကမ္ဘာ့ဘဏ်သည် ကမ္ဘောဒီးယားနိုင်ငံအတွင်းရှိ ကလေး ၁.၇ သန်းကျော်ကို အကျိုးပြုနိုင် မည့် ပညာရေးမြှင့်တင်မှု ပရောဂျက်တစ်ခုအတွက် ချေးငွေနှင့်ထောက်ပံ့ငွေစုစုပေါင်း အမေရိကန် ဒေါ်လာ ၁၀၅ သန်းအား ကမ္ဘာဘဏ်မှ အတည်ပြုလိုက်ကြောင်း စက်တင်ဘာ ၁ ရက်နေ့ ကမ္ဘာ့ ဘဏ်၏ ထုတ်ပြန်ချက်အရသိရသည်။

   ဒေါ်လာသန်း ၁၀၀ တန်ဖိုးရှိသော ခရက်ဒစ်နှင့် ဒေါ်လာ ၅ သန်းထောက်ပံ့ကြေး ပမာဏ အား အရှေ့တောင်အာရှနိုင်ငံတစ်ဝှမ်းရှိ မူလတန်းကျောင်းများတွင် အခြေခံစာတတ်မြောက်မှုနှင့် ဂဏန်းအတတ်ပညာများအားကောင်းလာစေရန်အတွက် အသုံးပြုသွားမည်ဖြစ်သည်။

    အဆိုပါစီမံကိန်းသည် ကလေးများ၏ ပညာရေးနှင့် ကလေးစောင့်‌ရှောက်ရေးဝန်ဆောင်မှု များကို တိုးတက်အောင်ကျယ်ပြန့်စွာ ‌ဆောင်ရွက်နိုင်စေရန်နှင့် ပညာသင်ကြားမှု အရည်အသွေး မြှင့်တင်ရန် ကျောင်းအခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ခြင်းနှင့် ပညာရေးစီမံခန့်ခွဲမှုစနစ် များ အားကောင်းလာစေရန်ရည်ရွယ်ထားကြောင်း သိရသည်။

Source : Xinhua                                                                        

  DOCA (ရန်ကုန်)

သီရိလင်္ကာနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုများအတွက် နိုင်ငံတော်ပိုင်မြေများခွဲခြားသတ်မှတ်ရန် စစ်တမ်းကောက်ယူ

    သီရိလင်္ကာအစိုးရသည် ရင်းနှီးမြှုပ်နှံမှုအတွက် ခွဲဝေပေးနိုင်သည် နိုင်ငံပိုင်မြေများကို ခွဲခြား သတ်မှတ်ရန် စစ်တမ်းတစ်ရပ်ကိုစတင်ခဲ့ကြောင်း အကြီးတန်းအရာရှိတစ်ဦးမှ သြဂုတ်လ ၂၉ ရက် နေ့တွင်ပြောကြားခဲ့သည်။ မြေယာဆိုင်ရာ ကော်မရှင်နာချုပ် Chandana Ranaweera Arachchi က အဆိုပါစစ်တမ်းအား အစိုရဝန်ဆောင်မှု ပေးဆောင်ရန် တာဝန်ရှိသော သီရိလင်္ကာဒေသန္တရ အုပ်ချုပ်ရေးယူနစ်မှ တိုင်း‌ဒေသကြီးအတွင်းဝန်အဆင့်တွင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

          မြေဧက ၅၃၀၀ ကို စစ်တမ်းကောက်ယူဖော်ထုတ်ပြီးကြောင်းနှင့် အစိုးရ၏ ရည်မှန်းချက်မှာ သီရိလင်္ကာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရာတွင် ပိုမိုလွယ်ကူစေရန်ဖြစ်ကြောင်း၊ သီရိလင်္ကာနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁.၈ ဘီလီယံအထိ ရရှိရန်ရည်မှန်းထားကြောင်း သိရသည်။

Source : Xinhua                                                                        

  DOCA (ရန်ကုန်)

ကုန်သွယ်မှုဆိုင်ရာ ဆက်ဆံမှုများ ပိုမိုနက်ရှိုင်းလာစေရန် Canton Fair အရောင်းမြှင့်တင်ရေး ကွန်ဖရင့်အား ပေါ်တူဂီနိုင်ငံတွင်ကျင်းပခဲ့

    Canton Fair ဟုလည်းလူသိများသော ၁၃၈ ကြိမ်မြောက် တရုတ်သွင်းကုန်နှင့် ပို့ကုန် ကုန်စည်ပြပွဲအတွက် အရောင်းမြှင့်တင်ဆွေးနွေးပွဲကို စက်တင်ဘာ ၁ ရက်၊ တနင်္လာနေ့ ‌‌ပေါ်တူဂီ နိုင်ငံတွင် ကျင်းပခဲ့ပြီး တရုတ်နှင့်ပေါ်တူဂီနှစ်နိုင်ငံစလုံးမှ နိုင်ငံရေး၊ စီးပွားရေးနှင့် မီဒီယာ အသိုက် အဝန်းမှ ပါဝင်သူ ၁၀၀ ခန့် တက်ရောက်ခဲ့ကြသည်။ Canton Fair သည် နှစ်နိုင်ငံကြား စီးပွားရေး နှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးကြီးသော ပလက်ဖောင်းတစ်ခုအဖြစ် ဆောင် ရွက်ခဲ့သည်ဟု ပေါ်တူဂီနိုင်ငံ တရုတ်သံရုံးမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး အတိုင်ပင်ခံ Li Yong က ပြောကြားခဲ့သည်။ ပေါ်တူဂီစီးပွားရေးလုပ်ငန်းများသည် တရုတ်ကုမ္ပဏီများနှင့် ရေရှည် လက်တွဲလုပ်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ Canton Fair ပရိုမိုးရှင်းအဖွဲ့၏ အကြီးအကဲ Situ Yi က ပွဲအတွက် ပြင်ဆင်မှုများနှင့်ပတ်သက်၍ ပရိသတ် များအား ရှင်းလင်းပြောကြားခဲ့ပြီး ပေါ်တူဂီကုမ္ပဏီများသည် ၎င်းတို့၏ လုပ်ငန်းတည်ရှိမှုကို ချဲ့ထွင် ရန်နှင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများမှ အကျိုးအမြတ်ရယူရန် တိုက်တွန်းခဲ့ သည်။ အဓိကပေါ်တူဂီကုန်သွယ်မှုကုမ္ပဏီတစ်ခုဖြစ်သည့် JOINCO ၏ CEO နှင့် Canton Fair ဝယ်သူများ၏ကိုယ်စားလှယ်တစ်ဦးဖြစ်သူ Pedro Cunha က ပူးပေါင်းဆောင်ရွက်လာသည့် နှစ် များ တစ်လျှောက်တွင် ၎င်းက ပြပွဲကို ပြပွဲတစ်ခုအဖြစ်သာမက ပူးပေါင်းဆောင်ရွက်ခြင်း၊ ဆန်းသစ်တီထွင်မှုနှင့် ကမ္ဘာလုံးဆိုင်ရာယုံကြည်မှုတည်ဆောက်မှုဆိုင်ရာ ဂေဟစနစ်တစ်ခုအဖြစ် ရှုမြင်လာခဲ့ကြောင်း ပြောကြားခဲ့သည်။ မျှတသော ဖွံ့ဖြိုးတိုးတက်မှုနှင့် အစိမ်းရောင်ဆန်းသစ် တီထွင်မှု၊ စိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်း၊ နည်းပညာနှင့် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးတို့မှ တစ်ဆင့် ပေါ်တူဂီကုမ္ပဏီများ တိုက်ရိုက်အကျိုးခံစားနိုင်သည့် သီးခြားနယ်ပယ်သုံးခုကို ၎င်းက မီးမောင်းထိုးပြခဲ့သည်။ ပေါ်တူဂီနိုင်ငံ Battery Cluster အသင်း၏ အထွေထွေမန်နေဂျာ Fernando Machado က နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်သွယ်မှုကို မြှင့်တင်ရာ တွင် အထူးသဖြင့် စွမ်းအင်ကဏ္ဍသစ်တွင် မျှတမှုအခန်းကဏ္ဍကို ချီးကျူးခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး Canton Fair ကို တရုတ်နိုင်ငံ၊ Guangzhou တွင် နွေဦးနှင့် ဆောင်းဦးရာသီတိုင်း ကျင်းပသည်။ 138 ကြိမ်မြောက် Canton Fair ကို အောက်တိုဘာလမှ နိုဝင်ဘာလအထိ ကျင်းပရန် စီစဉ်ထားသည်။

Source : Xinhua                                                                          

DOCA (ရန်ကုန်)

 

သီရိလင်္ကာသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ပစ်ကပ်ထရပ်ကား အစီးရေ ၂၀၀၀ တင်သွင်းမည်

    သီရိလင်္ကာအစိုးရသည် ကျေးလက်ဒေသများတွင် တာဝန်ထမ်းဆောင်နေသော အရာရှိများ အတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် ၂၀၂၆ ခုနှစ် ပထမသုံးလပတ်တွင် ပစ်ကပ် ထရပ်ကား အစီးရေ ၂၀၀၀ တင်သွင်းသွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက သြဂုတ်လ ၃၁ ရက် နေ့တွင် ပြောကြားခဲ့သည်။ ပြည်နယ်ကောင်စီများနှင့် ဒေသန္တရအစိုးရ၏ လက်ထောက်ဝန်ကြီး Ruwan Senarath က ပြည်နယ်အဖွဲ့အစည်းများတွင် မော်တော်ယာဉ်များ ဆိုးရွားစွာ ပြတ်လပ်မှု ရှိကြောင်း ပြောကြားခဲ့သည်။ မကြာသေးမီလများအတွင်း အစိုးရက ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အစီအစဉ်များစွာကို စတင်လုပ်ဆောင်ခဲ့ပြီး တာဝန်ရှိသူများသည် ကျေးလက်ဒေသများသို့ မကြာခဏသွားရောက်ရန် လိုအပ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ ကျေးလက်ဖွံ့ဖြိုးရေးအတွက် လိုအပ်သော အခြားယာဉ်များ၊ စက်ကိရိယာများနှင့် ကိရိယာများကို အစိုးရမှ တင်သွင်းသွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

Source : Xinhua                                                                        

 DOCA (ရန်ကုန်

မြေထဲပင်လယ်၊ နိုင်းမြစ်ဝကျွန်းပေါ်ဒေသတွင် ရေနံတွင်း ၁၀ တွင်းတူးရန် အမေရိကန်ဒေါ်လာ ၃၄၀ သန်း သဘောတူညီချက်ကို အီဂျစ်နိုင်ငံမှ လက်မှတ်ရေးထိုးခဲ့

    အီဂျစ်နိုင်ငံသည် မြေထဲပင်လယ်နှင့် နိုင်းမြစ်ဝကျွန်းပေါ်ဒေသတို့တွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ရှာဖွေရန် နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီများနှင့် အမေရိကန်ဒေါ်လာ သန်း ၃၄၀ ကျော် တန်ဖိုးရှိ သဘောတူညီချက်လေးခုအား လက်မှတ်ရေးထိုးခဲ့ကြောင်း အီဂျစ်ရေနံဝန်ကြီးဌာန၏ သြဂုတ်လ ၃၀ ရက်‌နေ့ထုတ်ပြန်ချက်အရသိရသည်။ နိုင်ငံပိုင် Egyptian Natural Gas Holding Company (EGAS) သည် Shell၊ Italy's Eni၊ Russia's Zarubezhneft နှင့် Britain's BP နှင့် United Arab Emirates' ADNOC တို့မှ ပူးတွဲပိုင်ဆိုင်သည့် အကျိုးတူပူးပေါင်းဆောင်ရွက်သည့် Arcius Energy တို့နှင့် သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့သည်။ စာချုပ်များသည် ရေနံတွင်း ၁၀ တွင်း တူးဖော်ခြင်းအတွက် အကျုံးဝင်မည်ဖြစ်သည်။ အဆိုပါ သဘောတူညီချက် များကြောင့် နိုင်ငံ၏ ရေနံအထွက်နှုန်းတိုးလာစေရန်လည်း ရည်ရွယ်ထားကြောင်း ဝန်ကြီးဌာနက ဆိုသည်။ မကြာသေးမီက အီဂျစ်နိုင်ငံ၏ အနောက်မြစ်ဝကျွန်းပေါ်ဒေသတွင် ရေနံတွင်းအသစ် ၂ တွင်းတွေ့ရှိမှုအား အွန်လိုင်းပေါ်ပေါက်ကြားခဲ့ပြီးနောက် ဓာတ်ငွေ့ထုတ်လုပ်မှုမှာ တစ်နေ့လျှင် ကုဗပေ သန်း ၆၀ အထိ တိုးလာမည်ဟု မျှော်မှန်းထားကြသည်။ အီဂျစ်သည် မကြာသေးမီ နှစ်များအတွင်း ဓာတ်ငွေ့ထုတ်လုပ်မှု ကျဆင်းမှုနှင့် ရင်ဆိုင်နေရပြီး ကျဆင်းမှုကို တွန်လှန်နိုင်ရန် ရင်းနှီး မြှုပ်နှံမှု အသစ်များကိုလည်း ရှာဖွေလျက်ရှိကြောင်း သိရသည်။

Source : Xinhua                                                                          

DOCA (ရန်ကုန်)

နယူးဇီလန်တွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုသည် ရေရှည်မိတ်ဖက်ဆက်ဆံရေး၏တန်ဖိုးကို ထင်ဟပ်စေ

     နယူးဇီလန်နိုင်ငံ၏ အကြီးဆုံးမြို့တော်ဖြစ်သော အော့ကလန်တွင် သြဂုတ်လ ၂၉ ရက်နေ့ က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာသစ်သည် တရုတ်-နယူးဇီလန် ရင်းနှီးမြှုပ်နှံမှု ဆက်ဆံရေးတွင် တန်ဖိုးရှိကြောင်း သိရသည်။ အစီရင်ခံစာအရ နယူးဇီလန်တွင် တရုတ်၏ တိုးပွားလာသော နိုင်ငံ ခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများသည် ၂၀၁၄-၂၀၂၄ ကာလတွင် ၁၀၆ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ ကြောင်းသိရသည်။ နယူးဇီလန် နို့ထွက်ပစ္စည်းကဏ္ဍသည် တရုတ်ရင်းနှီးမြှုပ်နှံမှုအတွက် ခိုင်မာ သော ကဏ္ဍတစ်ခု၏ နမူနာကောင်းတစ်ခုဖြစ်ကြောင်း တရုတ်ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် နယူး ဇီလန်ကုမ္ပဏီများတွင် မကြာသေးမီက ရင်းနှီးမြုပ်နှံမှုများသည် ရေရှည်မိတ်ဖက်များ ၏တန်ဖိုးကို သက်သေပြခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ အိမ်မွေးတိရစ္ဆာန်အစားအစာနှင့် ဂိမ်းဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍကို နယူးဇီလန်ရှိ တရုတ်ရင်းနှီးမြှုပ်နှံသူများမှ စိတ်ဝင်စားမှု ပိုမိုများ ပြားလာကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ လက်ရှိအချိန်အထိ နယူးဇီလန် ကုမ္ပဏီ ၆၀ ထက်မနည်းသည် တရုတ်နိုင်ငံတွင် ကော်ပိုရိတ်တည်ရှိနေပြီဖြစ်သည်။ အစီရင်ခံစာကို New Zealand China Council နှင့် New Zealand Institute of Economic Research တို့က ရေးသားပြုစုခဲ့ခြင်းဖြစ်သည်။ နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့် စီးပွားရေးကို ချဲ့ထွင်ရန် နှစ်ရှည် မိတ်ဖက်ဆက်ဆံရေးများ ဖန်တီးပေးနိုင်ကြောင်း၊ နယူးဇီလန်နိုင်ငံသည် ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင် မှုနှင့် တိုးတက်မှုအတွက် ကာလသစ်တစ်ခုသို့ ဝင်ရောက်နေပြီဖြစ်ကြောင်း New Zealand China Council Chair John McKinnon က ပြောကြားခဲ့သည်။

Source : Xinhua                                                                          

DOCA (ရန်ကုန်)

 

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ