HighLight News

Powered by Drupal

“ သုံးခွမြို့နယ်ဈေးကွက်အတွင်း ရောင်းချနေသော ထိုင်းနိုင်ငံထုတ်စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ၏ ဈေးနှုန်းစာရင်းကောက်ယူခြင်း  ”

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ထိုင်းနိုင်ငံထုတ် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ရောင်းချနေသောဆိုင်များသို့ ဈေးနှုန်းအခြေအနေစာရင်းကောက်ယူခြင်းအား ဒီဇင်ဘာလ(၁၈)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးစာရင်းကောက်ယူခဲ့ကြောင်း သိရသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေး စာရင်းကောက်ယူရာတွင် မြို့မဈေးအတွင်း/အပြင်ရှိ စားသောက်ကုန်ပစ္စည်းအမျိုးမျိုးရောင်းချသော ချမ်းသာပါစေမုန့်ဆိုင်၊ ရွှေငါးမုန့်ဆိုင်၊ ကြက်တံဆိပ်မုန့်ဆိုင်၊ လူသုံးကုန်ပစ္စည်းအမျိုးမျိုးရောင်းချသော မစန္ဒာ(အလှကုန်ဆိုင်)၊ မမေသူ(အလှကုန်ဆိုင်)၊ မမြမြ (အလှကုန်ဆိုင်)နှင့် အချိုရည်အမျိုးမျိုးရောင်းချသော ဦးဝင်းအောင်ကျော်ဆိုင်နှင့် ဦးငွေလှိုင်ဌေးဆိုင်များတွင် ထိုင်းနိုင်ငံထုတ် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ၏ ယခင်အပတ်နှင့် ယခုအပတ်ဈေးနှုန်းများ ကွာခြားမှုရှိ/မရှိ၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေး စာရင်းကောက်ယူဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“သန်လျင်မြို့နယ်နှင့် ကျောက်တန်းမြို့နယ်အတွင်းရှိဓာတ်မြေဩဇာရောင်းချသည့်ဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိကွင်းဆင်းစစ်ဆေးခြင်း”

        ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်အတွင်းရှိ သန်လျင်မြို့နယ်နှင့် ကျောက်တန်း မြို့နယ်တို့ရှိ ဓာတ်မြေဩဇာရောင်းချသည့် ဆိုင်များအား ယူရီးယားဓာတ်မြေဩဇာ (အလုံးကြီး) နှင့် Di Ammonium Phosphate အခြေခံ(၁၅)ပတ်လည် ဓာတ်မြေဩဇာများ သတ်မှတ်ရည်ညွှန်း ဈေးအပေါ် သယ်ယူစရိတ်အပါ အမြတ်ရာခိုင်နှုန်း(၈%)ထက်မပိုသော ဈေးနှုန်းများဖြင့် ရောင်းချနေခြင်းရှိ/ မရှိ သိရှိနိုင်ရန်အတွက် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ခရိုင်စိုက် ပျိုးရေးဦးစီးဌာန၊ ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ခရိုင်မြေ စာရင်းဦးစီးဌာန၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ဒီဇင်ဘာလ(၁၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

         မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် သန်လျင်မြို့နယ်နှင့် ကျောက်တန်းမြို့နယ်ရှိ ဓာတ်မြေဩဇာအရောင်းဆိုင်များတွင် ဆိုင်များအား ယူရီးယားဓာတ်မြေဩဇာ (အလုံးကြီး) နှင့် Di Ammonium Phosphate အခြေခံ(၁၅)ပတ်လည် ဓာတ်မြေဩဇာများ သတ်မှတ်ရည်ညွှန်းဈေး အပေါ် သယ်ယူစရိတ်အပါ အမြတ်ရာခိုင်နှုန်း (၈%)ထက်မပိုသောဈေးနှုန်းဖြင့်သာ ရောင်းချခြင်းပြုလုပ်ရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုလုပ်ရန် အသိပညာပေးကွင်းဆင်းစစ်‌ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန််)

“ကော့မှူးမြို့နယ်၌ Drum Seeder နွေစပါးမျိုးစေ့နှင့် သွင်းအားစုဓာတ်မြေဩဇာနှင့် နွေစပါး Drum Seederဖြင့် စိုက်ပျိုးပွဲအခမ်းအနားကျင်းပ ” 

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ Drum Seeder နွေစပါးမျိုးစေ့၊ ဆိုလာ(၂)တွဲ ရေတင်စက်၊ သွင်းအားစု ဓာတ်မြေဩဇာအိတ်များပေးအပ်ခြင်းနှင့် နွေစပါး  Drum Seeder တိုက်ရိုက်မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းအခမ်းအနားအား ဒီဇင်ဘာလ(၁၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကော့မှူးမြို့နယ်၊ မကျီးတန်းရပ်ကွက်ရှိ စံပြလယ်ဧက (၁၀၀) စိုက်ကွင်းအတွင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

       အဆိုပါ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးဌာနဆိုင်ရာ အကြီးအကဲများ၊ တွံတေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်၊ ဒလမြို့နယ်မှ တောင်သူများတက်ရောက်ခဲ့ကြပြီး တိုင်းစိုက်ပျိုးရေးဌာန တိုင်းဦးစီးမှူးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ လမ်းညွှန်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။

         ထိုနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများမှ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒလမြို့နယ်များမှ တောင်သူများထံသို့ နွေစပါးမျိုးစေ့များ၊ Drum Seeder များ၊ ဆိုလာရေတင် စက်များနှင့် မျိုးစေ့ချကိရိယာ Drum Seeder ဖြင့် နွေစပါးသရုပ်ပြစိုက်ပျိုးမှုအား ကြည့်ရှု့စစ်ဆေး အားအခမ်းအနားသို့ တက်ရောက်လာသည့် တောင်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

တောင်ဒဂုံမြို့နယ်၌ အွန်လိုင်းမှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိဦးသိန်းထွန်းနှင့် ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့်မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/ မရှိ၊ လုပ်ငန်းလိပ်စာမှန်ကန်မှုရှိ /မရှိကို (၁၈.၁၂.၂၀၂၅) ရက်နေ့တွင် တောင်ဒဂုံမြို့နယ်ရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းချလျက်ရှိသောလုပ်ငန်းများအား Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီမှု ရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

       ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ မြေပြင်စစ်ဆေးရမည့် အချက်(၁၈) ချက်နှင့် ကိုက်ညီမှု ရှိ/ မရှိ စစ်ဆေးခြင်းနှင့် အွန်လိုင်းစနစ်နှင့်ရောင်းချခြင်း လုပ်ငန်းလုပ်ကိုင်ခြင်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ထားခြင်းဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ဆေးဆိုင်များနှင့် ဆေးကုမ္ပဏီများအား အဖွဲ့စုံဖြင့်ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း  (ဌာနခွဲစာရေး)နှင့် ဒေါ်လဲ့လဲ့ဌေး (ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၁၇.၁၂.၂၀၂၅ ရက်နေ့တွင် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ဆေးဆိုင်များနှင့် ဆေးကုမ္ပဏီများရှိ ဆေးဝါးများ၏ ဈေးနှုန်းတက်/ ကျအခြေအနေအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆေးဆိုင်များတွင် ရောင်းချလျက်ရှိသော လူသုံးများသည့် ဆေးဝါးများနှင့် ရောင်းချနေသောဆေးဝါးများ၏ ဈေးနှုန်းများအတက်အကျ ရှိ/ မရှိ၊ ယခင် လဈေးနှုန်း၊ ယခုလဈေးနှုန်းများ၏ဈေးနှုန်းကွာခြားမှုရှိ/ မရှိ၊  ဈေးကွက်များအတွင်းဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ပြီး ဆေးဆိုင်ပိုင်ရှင်များအား မိမိတို့ဆိုင်တွင် ဆေးဝါးမှတ်ပုံတင်မရှိဘဲ FDA မှ တားမြစ်ထားသော ဆေးဝါးများအားရောင်းချခြင်းမပြုလုပ်ကြရန်၊ အမြတ်ရာခိုင်နှုန်းများစွာတင်၍ ရောင်းချခြင်းမပြုလုပ်ဘဲ ဈေးနှုန်းမှန်ကန်စွာရောင်းချကြရန် အသိ ပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဘူးသွပ်စားသုံးဆီများ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်ခွဲတာဝန်ခံ ဦးဇော်မျိုးထွန်းပါ (၂) ဦးတို့သည် (၁၇.၁၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မှော်ဘီမြို့မဈေးအတွင်းရှိ ဘူးသွပ်စားသုံးဆီများရောင်းချသည့် ကုန်စုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တာဝန်ခံဦးဇော်မျိုးထွန်းမှ စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်း ရောင်းချနေသော အမှတ်တံဆိပ်ပါ ဘူးသွပ်စားသုံးဆီများတွင် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်နှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ် ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

မင်္ဂလာဒုံမြို့နယ်ရှိ Myint Mahar Trading Ltd ဆေးသိုလှောင်ရုံအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

            (၁၆.၁၂.၂၀၂၅) ရက်နေ့ နံနက် (၁၁:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးပါ (၄) ဦး၊ မြို့နယ်ကျန်းမာရေးအဖွဲ့မှ ဦးမင်းမာန်ဇာ (TMO)၊ ဆေးဝါးလုပ်ငန်းရှင်အသင်းမှ ဦးစိုးမိုးကျော်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးကျော်ကျော်ထွန်း တို့ပူးပေါင်းအဖွဲ့သည် အမှတ် (၃၂၄-၃၂၇) ၊ ဇေကမ္ဘာ (၉) လမ်း၊ မင်္ဂလာဒုံမြို့နယ်ရှိ Myint Mahar Trading Ltd ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

      ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ခရိုင်ဦးစီးမှူးက ဆေးဝယ်ယူရောင်းချမှု အခြေအနေများကိုမေးမြန်းခြင်း၊ ဈေးနှုန်းဈေးကွက်အခြေအနေများကို မေးမြန်းခြင်း၊ ဆေးသိုလှောင်ထားရှိမှု ရှိ/ မရှိနှင့် ဆေးဝါးပြတ်လပ်မှု ရှိ/ မရှိတို့ကို မေးမြန်းခဲ့ပြီး ဈေးကွက်အတွင်း စံမညီဆေးဝါးရောင်းချမှု ရှိ/ မရှိကို စစ်ဆေးခြင်း၊ ထောက်ခံချက်မရှိသောဆေးများ၊ သက်တမ်းလွန်ဆေးများ ရောနှော ရောင်းချမှု ရှိ/မရှိ ကုန်အညွှန်းအမှတ်အသားပြည်စုံစွာဖော်ပြချက်နှင့် ကိုက်ညီမှုရှိ/ မရှိ၊ လုပ်ငန်းရှင်များကို ဆေးဝါးရောင်းချရာတွင် သိုလှောင်ထားခြင်း၊ ဈေးမြင့်တင်ရောင်းချခြင်းများ စစ်ဆေးတွေ့ရှိရပါက အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ဘေးအန္တရာယ်ဖြစ်စေနိုင်သော အလှကုန်ပစ္စည်း (၄၂)မျိုးကို ဓနုဖြူမြို့နယ်ဈေးကွက်အတွင်း ရောင်းချမှုရှိ/မရှိ FDA နှင့်အတူ ကွင်းဆင်းစစ်ဆေး 

        ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော ဓာတုပစ္စည်းပါဝင်နေသည့် အလှကုန်ပစ္စည်း (၄၂)မျိုးကို သုံးစွဲရန်မသင့်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က အသိပေးထုတ်ပြန်ထားပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် အတူ ဓနုဖြူမြို့နယ် ဈေးကွက်အတွင်း ရောင်းချမှုရှိ/မရှိကို ၂၀၂၅ခုနှစ် ဒီဇင်ဘာလ ဒုတိယပါတ်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် ဓနုဖြူမြို့နယ်အတွင်းရောင်းချနေသော အလှကုန်အမျိုးမျိုးတို့အား သုံးစွဲရန်မသင့် သောကြောင့် ဈေးကွက်အတွင်းရောင်းချမှုရှိ/မရှိနှင့် ဈေးကွက်အတွင်း ရောင်းချနေသောအလှကုန်များကို နမူနာကောက်ယူခြင်း၊ သက်တမ်းလွန်ကုန်စည်များရောင်းချမှုရှိ/မရှိ၊ စားသုံးသူရေးရာဦးစီးဌာနက သတ်မှတ်ထားသည့် (၂/၂၀၁၉) ညွှန်ကြားချက်နှင့် ကိုက်ညီမှုရှိ/မရှိ၊ လူသုံးကုန်နှင့် စားသောက်ကုန်များ   ဒေသခံပြည်သူများသုံးစွဲရာ ကျန်းမာရေးဘေးကင်းလုံခြုံစေရေးအတွက် ရောင်းချခြင်းမပြုရန် တားမြစ်ထားသော လူသုံးကုန်ပစ္စည်းများနှင့် ကျန်းမာရေးဆိုးကျိုးဖြစ်စေနိုင်သော စားသောက်ကုန်ပစ္စည်းများကို ကုန်စုံဆိုင်များတွင် ရောင်းချခြင်းမပြုရန်နှင့် ဖြန့်ဖြူးရောင်းချခြင်းအား စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့် အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ် (၃)(ဃ) အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ ဥပဒေများအရ အရေးယူသွားမည်ဖြစ်ကြောင်း ဆိုင်ရှင်များအား အသိပေးပြောကြားခဲ့‌ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 စားသောက်ကုန်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍   MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ဆွေးနွေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၂.၁၂.၂၀၂၅)ရက် နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် မြန်အောင်မြို့နယ် တာဝတိံသာဘုရားလမ်း၊ အမှတ်(၄)ရပ်ကွက်ရှိ “သီရိခင်”ရှားစောင်းလက်ပတ်ယို စားသောက်ကုန်လုပ်ငန်းရှင် ဒေါ်သန်းသန်းနိုင်နှင့် တွေ့ဆုံ၍စားသုံးသူ ကာကွယ်ရေးဆိုင်ရာ ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်း၊ ဈေးကွက်မရောက်မီ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေး၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး တွေ့ဆုံဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် မိမိတို့ထုတ်လုပ်လျက်ရှိသော ကုန်စည်များတွင် သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်နိုင်ရေး၊ လုပ်ငန်းလုပ်ကိုင်ရာတွင် တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းစေရေးတို့ကို အလေးထား ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဈေးကွက်မရောက်မီ ကုန်စည်များသိုလှောင်ထားရှိမှု၊ ကုန်စည်၏ ထုတ်လုပ်ပုံနည်းစနစ်၊ ဈေးနှုန်းဈေးကွက်အခြေအနေ၊ ရင်းနှီးမြှပ်နှံမှုနှင့် အကျိုးအမြတ်ရရှိမှု၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်၊ သတ်မှတ်ထားသော စံချိန်စံညွှန်းပြည့်မီအောင် ထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်း ရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဟင်္သာတမြို့နယ် စစ်ကုန်းကျေးရွာရှိ ပြည်သူများအား အသိပညာပေးဟောပြောခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် ၂၀၂၅ ခုနှစ်၊ဒီဇင်ဘာလ (၁၂) ရက် နေ့ နံနက်(၁၁:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ စစ်ကုန်းကျေးရွာရှိ ဓမ္မာရုံ၌ ပြည်သူများနှင့် တွေ့ဆုံ၍ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးအတွက် ဌာနအလိုက်ဆောင်ရွက်နေမှုများ ဆွေးနွေး ပွဲတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ စားသုံးသူရေးဦးစီးဌာန၏ စားသုံးသူကာကွယ် ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

       ထိုအစည်းအဝေးတွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က ဌာန၏ လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များ၊ ရပ်ကွက်/ ကျေးရွာရှိ ပြည်သူများအား ဆီဖြန့်ဖြူးရောင်းချပေးနေသည့် အခြေအနေများ၊ ဌာနမှကြီးကြပ်၍ စစ်ဆေးဆောင်ရွက်နေမှုများအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ဌာန၏ လက်ရှိဆောင်ရွက်နေသော ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ Online မှတစ်ဆင့် ကုန်စည်ရောင်းဝယ်ခြင်းဆိုင်ရာကိစ္စရပ်များအကြောင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်စေရေး ပူပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိတို့ ကျေးရွာအတွင်း ကုန်စုံဆိုင်များမှတစ်ဆင့် ပြည်သူများထံ စားသုံးဆီဖြန့်ဖြူးရောင်းချနေမှုအပေါ် မသမာသောနည်းလမ်းဖြင့် ပါဝင်ပတ်သတ် ရောင်းချခြင်းမပြုရန်၊ စားသုံးဆီဝယ်ယူခွင့်စာအုပ်များဖြင့် စနစ်တကျဖြန့်ဖြူးရောင်းချနိုင်ရေး ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(Consumer Information and Complaint Center) CICCဖွင့်လှစ်ထားရှိမှုအခြေအနေကိုလည်ကောင်း၊ Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း စသည်တို့ကိုအသိပညာပေးဟောပြောခဲ့ပြီး၊ တက်ရောက်သူများမှလည်း သိလိုသည်များကို မေးမြန်း၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - HighLight News