HighLight News

Powered by Drupal

ခေါက်ဆွဲခြောက်အမျိုးမျိုးနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် (၂၈.၁၀.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် အင်းစိန်မြို့နယ်ရှိ သန့်စင်စတိုးသို့ သွားရောက်၍ ခေါက်ဆွဲခြောက်အမျိုးမျိုးနှင့် ပတ်သက်၍ ဈေးကွက်စောင့်ကြည့်ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်း မရှိမဖြစ်လိုအပ်လျက်ရှိသော အခြေခံစားသောက်ကုန်များနှင့် ကုန်ပစ္စည်းများကို စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး ဈေးကွက်အတွင်း လွယ်ကူစွာဝယ်ယူနိုင်ရေး၊ ပစ္စည်းပြတ်လပ်မှုမရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ရောင်းချနေသောခေါက်ဆွဲခြောက်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေး အလေးထားဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာဌာနထောက်ခံချက်ရရှိထားသော ကုန်စည်များကိုသာ ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

လှည်းကူးမြို့နယ်အတွင်းရှိ ဆန်ဆိုင်များတွင် ဆန်ဖြန့်ဖြူးရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်ခွဲတာဝန်ခံ ဦးထွန်းထွန်းဦးသည် (၂၈.၁၀.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီမီးနစ်အချိန်တွင် လှည်းကူးမြို့နယ်အတွင်းရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဆန်ဆိုင်များတွင် ဆန်အမျိုးအစားအလိုက်ဖြန့်ဖြူး ရောင်းချလျက်ရှိသော ဈေးနှုန်းတို့အား စာရင်းကောက်ယူခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် စားသုံးသူပြည်သူများကြား သင့်တင့်မျှတသည့် ဆန်အမျိုးအစားအလိုက် ဈေးနှုန်းဈေးကွက်အား သက်ဆိုင်ရာဌာနမှ သတ်မှတ်ရည်ညွှန်းဈေး ထုတ်ပြန်ပေးလျက်ရှိရာ ဈေးကွက်အတွင်း ဆန်အမျိုးအစားအလိုက် သတ်မှတ်ရည်ညွှန်းဈေးထက် အဆမတန်မြှင့်တင်ဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် ဈေးနှုန်းမြှင့်တက်စေရေးနှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

Control Star Export & Import Co.,Ltd ဘူးသွင်းဆီထုတ်လုပ်သည့်စက်ရုံသို့ ကွင်းဆင်းစစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးပါ(၂)ဦးတို့သည် (၂၄.၁၀.၂၀၂၅)ရက်နေ့ နေ့လယ် (၀၁:၃၀) နာရီခွဲအချိန်တွင် အမှတ်(၂၈)၊ ဇေကမ္ဘာ (၇) လမ်း၊ စက်မှုဇုန်(၄)၊ မင်္ဂလာဒုံမြို့နယ်ရှိ စားအုန်းဆီဘူးသွင်းထုတ်လုပ်သည့်စက်ရုံသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ဆောင်ရွက်ခဲ့ရာတွင် Control Star Export & Import Co.,Ltd မှ ထုတ်လုပ်မှုတာဝန်ခံ ကိုအောင်ဇေယျာဦးမှ မိမိတို့စက်ရုံသည် လွန်ခဲ့သော (၄)နှစ်ခန့်မှစ၍ ရပ်ဆိုင်ထားခဲ့ပြီး ယခုအခါတွင် IV-62 အရည်အသွေးရှိအဆင့်မြင့်စားအုန်းဆီကို “Jasmine”အမည်ဖြင့် ဆိုဒ်မျိုးစုံဖြင့် ထုတ်လုပ်ရောင်းချမည်ဖြစ်ကြောင်း ဌာနဆိုင်ရာအလိုက် ထောက်ခံချက်များအနေဖြင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA)မှ ၂၀၂၂ မှ ၂၀၂၅ ဒီဇင်ဘာလထိ မှတ်ပုံတင်ထားပြီး သက်တမ်းတိုးလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

မင်္ဂလာဒုံမြို့နယ်ရှိ အဆင့်မြင့်စားအုန်းဆီဘူးသွင်းထုတ်လုပ်သည့်စက်ရုံသို့ သွားရောက်၍ လုပ်ငန်းရှင်အသိပညာပေးဆွေးနွေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးပါ(၂)ဦးတို့သည် (၂၄.၁၀.၂၀၂၅)ရက်နေ့ နေ့လယ် (၀၁:၂၀)နာရီမီနစ်အချိန်တွင် အမှတ်(၂၈)၊ ဇေကမ္ဘာ(၇)လမ်း၊ စက်မှုဇုန်(၄)၊ မင်္ဂလာဒုံမြို့နယ်ရှိ အဆင့်မြင့်စားအုန်းဆီဘူးသွင်းထုတ်လုပ်သည့်စက်ရုံသို့ သွားရောက်၍ လုပ်ငန်းရှင်အား အသိပညာပေးဆွေးနွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      အဆိုပါ လုပ်ငန်းရှင်အား အသိပညာပေးရာတွင် ခရိုင်ဦးစီးမှူး ဦးလှစိုးမှ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ပိုင်ခွင့်နှင့်တာဝန်များအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများအတွက် အသိပညာပေးခြင်း၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း၊ လုပ်ငန်းရှင်များအား အသိပညာပေးတွေ့ဆုံဆွေးနွေးခြင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် စက်ရုံ၊ အလုပ်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါ အကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသော လုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက် ရုံးချိန်အတွင်း Consumer Call Center No. 1535 သို့ ဆက်သွယ်မေးမြန်းနိုင်သည့် အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

အသင့်ဖျော်ကော်ဖီနှင့်လက်ဖက်ရည်ထုတ်များ ဈေးကွက်စောင့်ကြည့်စစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် (၂၇.၁၀.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် အင်းစိန်မြို့နယ်အတွင်းရှိ ကုန်မျိုးစုံဆိုင်များသို့ သွားရောက်၍ အမှတ်တံဆိပ်ပါ အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုတ် အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Sunday (အသင့်ဖျော်ကော်ဖီ)၊ Best (အသင့်ဖျော် ကော်ဖီ)၊ PREMIER (အသင့်ဖျော်နှပ်ကော်ဖီ)၊ Old Town (အသင့်ဖျော်ကော်ဖီ)၊ PLATINUM (ဝိုက် ကော်ဖီ)၊ Royal Maynmar (အသင့်ဖျော်လက်ဖက်ရည်)တို့တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉  အခန်း(၁၈)တွင် ပြဌာန်းထားသော ပြဌာန်းချက်အညီ ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆိုင်ရှင်ဖြစ်သူအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

 

မှော်ဘီမြို့နယ်အတွင်း ဓာတ်မြေဩဇာအရောင်းဆိုင်များ ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်ခွဲရုံးမှ၊ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် (၂၇.၁၀.၂၀၂၅) ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် မှော်ဘီမြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     အဆိုပါကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန တို့ပူးပေါင်းပြီး မှော်ဘီမြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာဆိုင်များတွင် တရားမဝင်ပစ္စည်းများရောင်းချမှု ရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုလိုင်စင် စစ်ဆေးခြင်းနှင့် သက်ဆိုင်ရာဌာနများ၏ သက်မှတ်ရည်ညွှန်းဈေး ရောင်းချမှုမရှိစေရေးအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

Ocean Super Center ၌ ရောင်းချနေသော ဟင်းသီးဟင်းရွက်ဆီများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၇.၁၀.၂၀၂၅) ရက်နေ့က လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ Ocean Super Center တွင် ရောင်းချနေသော ဟင်းသီးဟင်းရွက်ဆီများ၌ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိ/ မရှိကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

       ထို့သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဒေါ်နီလာဝင်း၊ ဦးစီးမှူးက Ocean Super Center မှ တာဝန်ခံအား စားအုန်းဆီ/ ဟင်းသီးဟင်းရွက်ဆီနှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ (၂၀.၁၂.၂၀၂၁)ရက် နေ့ထုတ်ပြန်ထားသော ညွှန်ကြားချက် (၁/၂၀၂၁) တွင်ဖော်ပြထားသည့် (ပါဝင်ပစ္စည်းကို အခြေခံသောကုန်စည်၏အမျိုး အမည်ကိုတိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင် အသိပေးခဲ့ကြောင်း သိရသည်။ ဥပမာ- ဟင်းသီးဟင်းရွက်ဆီ/ (အဆင့်မြင့် စားအုန်းဆီ)ဟု လည်းကောင်းဖော်ပြပြီး ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့ကို မြန်မာအလေးချိန် ယူနစ်ဖြစ်သောပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း  ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Htet Htet Bkk Store မှ လူသုံးကုန်ပစ္စည်းများအား Online မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့် ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားမှု ကိုက်ညီမှုရှိ/မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှုရှိ/ မရှိကို (၂၇.၁၀.၂၀၂၅) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် Htet Htet Bkk Store မှ လူသုံးကုန်ပစ္စည်းများအား အမှတ်(၉၂၅)၊ ကနောင်လမ်း၊ (၃၅)ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်သို့ သွားရောက်၍  စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

            ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည်များ မေးမြန်းခြင်း၊ မြေပြင်စစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှုရှိ/ မရှိစစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ အခန်း(၁၇)ရှိ ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိ မှုနှင့် ပတ်သက်၍  အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အဆင့်မြင့်စားအုန်းဆီ ဘူးသွင်းထုတ်လုပ်မည့်စက်ရုံအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၂၄.၁၀.၂၀၂၅) ရက်နေ့၌ "ရွှေကောင်း" အမှတ်တံဆိပ်ဖြင့် ဘူးသွင်းထုတ်လုပ်မည့် ရန်ကုန်တိုင်းဒေသကြီး၊ အမှတ် (၁၀၈)၊ မြခွာညိုလမ်း၊ သာကေတစက်မှုဇုန်၊ သာကေတမြို့နယ်သို့  မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင်"ရွှေကောင်း" အမှတ်တံဆိပ်ဖြင့် အဆင့်မြင့်စားအုန်းဆီအဖြစ် ဘူးသွင်းထုတ်လုပ်မည်ဖြစ်ကြောင်း၊ စံချိန်စံညွှန်းနှင့် အညီထုတ်လုပ်၍ ဈေးကွက်ဖြန့်ဖြူးနိုင်ရေးအတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) ၏ ထောက်ခံချက်နှင့် သက်ဆိုင် ရာဌာနများ၏ ခွင့်ပြုချက်များရရှိထားခြင်းတို့ကို စစ်ဆေးတွေ့ရှိခဲ့ပြီး ပြည်တွင်းဈေးကွက်၌ ၅၀ ကျပ် သား (0.9 L) ၊ ၉၆ ကျပ်သား (1. L) ၊ ၂.၈၀ ပိဿာ ၅ ပိဿာ (5. L) ၊ ၁၀ ပိဿာ (18. L)  အစရှိသည့် ထုပ်ပိုးပုံစံ (၄) မျိုးဖြင့် ဘူးသွင်းဆီ (Counsumer Pack) များ ထုတ်ပိုးဖြန့်ဖြူးရောင်းချသွားမှာ ဖြစ်သည့်အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါအခန်း (၁၈) ရှိ ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင်းဆိုင်ရာ ပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိအောင် ရေးသားဖော်ပြရန်လိုအပ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အလှကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်မှုရှိ/ မရှိ စစ်ဆေးခြင်း

       ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမင်းမင်းစိုး (ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည်၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့၊ နံနက် (၁:၀၀) နာရီအချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ Easy Mart ရှိ တာဝန်ခံများနှင့်တွေ့ဆုံ၍ အလှကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

           ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အလှကုန်ပစ္စည်းများ (၁၀)ဂရမ်အထက် အလှကုန်များတွင် မြန်မာလိုမဖြစ်မနေဖော်ပြရမည့် အမျိုးအမည်၊ အသားတင်ပမာဏ၊ ကြိုတင်သတိပေးချက်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ပါရှိရမှာဖြစ်ပြီး (၁၀) ဂရမ်အောက် အလှကုန်များတွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်တို့ ဖော်ပြထားခြင်းရှိ/ မရှိတို့ကို စစ်ဆေးခြင်းနှင့် ရေးသားဖော်ပြထားခြင်းမရှိသော  အလှကုန်များကို စစ်ဆေးတွေ့ရှိပါက ဥပဒေအရ‌ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News