HighLight News

Powered by Drupal

လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များပို့ချ

            စစ်ကိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပသည့် “လုပ်ငန်းခွင်မပျက် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း” ကို မေလ ၁၆ရက်နေ့မှ ဇွန်လ ၃ရက်နေ့ထိ စစ်ကိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ရာ ခရိုင်အဆင့် ဌာနဆိုင်ရာ ၁၅ ရုံးမှ ခရိုင်ဦးစီးမှူးများက မိမိတို့ဌာနနှင့်သက်ဆိုင်သည့်  ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ မူဝါဒများနှင့် လက်ရှိဆောင်ရွက်နေသည့်ကိစ္စများကို ဆွေးနွေးပို့ချခဲ့ပြီး စစ်ကိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သင်တန်းသားများ တက်ရောက်ခဲ့ပါသည်။

          အဆိုပါသင်တန်း၌ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်အနေဖြင့် မေလ ၂၇ ရက်နေ့က သင်တန်းပို့ချခဲ့ရာ စစ်ကိုင်းခရိုင် ဒု-ခရိုင်ဦးစီးမှူး ဒေါ်ခင်မြတ်မူက စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံနှင့် လက်ရှိဆောင်ရွက်နေသောလုပ်ငန်းများအကြောင်း ရှင်းလင်းဆွေးနွေးပြီး၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်က စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများကို Power Point ဖြင့်ရှင်းလင်းဆွေးနွေးပို့ချခဲ့ပြီး သင်တန်းသားများက တက်တက်ကြွကြွ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပါသည်။ အဆိုပါသင်တန်း၌ သင်တန်းသားများအား သင်တန်း ဆန်းစစ်ချက်မေးခွန်းများ မေးမြန်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကသာခရိုင် နွေစပါး (၉၈)ရာခိုင်နှုန်းကျော် ရိတ်သိမ်းပြီးစီး

          ၂၀၂၂-ခုနှစ် ဇန်နဝါရီလမှစ၍ ကသာခရိုင်တွင် ပုံမှန်ထက် မိုးရွာသွန်းမှုများသည့်အတွက် နွေ စပါးစိုက်ပျိုး အောင်မြင်လျက်ရှိကြောင်း သိရသည်။ ကသာခရိုင် နွေစပါးစိုက်ဧကမှာ ကသာမြို့နယ် (၁၁၀၉၁) ဧက၊ ထီးချိုင့်မြို့နယ် (၁၀၂၈၂) ဧက၊ အင်းတော်မြို့နယ် (၇၉၇) ဧကနှင့် ဗန်းမောက်မြို့နယ် တွင် (၃၇၁) ဧက၊ စုစုပေါင်း (၂၂၅၄၁) ဧက စိုက်ပျိုးကြောင်း သိရသည်။

          ရိတ်သိမ်းပြီးစီးမှုအနေဖြင့် ကသာမြို့နယ်နှင့် ထီးချိုင့်မြို့နယ်များမှာ မေလကုန်တွင် ထွန်တုံး ပိတ်ရိတ်သိမ်းပြီးစီးခဲ့ပြီး ရိတ်သိမ်းရန်ကျန် နွေစပါးစိုက်ဧကမှာ အင်းတော်မြို့နယ်တွင် (၁၅၉) ဧကနှင့် ဗန်းမောက်မြို့နယ်တွင် (၁၇၈) ဧက စုစုပေါင်း (၃၃၇) ဧက ကျန်ရှိသည့်အတွက် ၂၀၂၂-ခုနှစ် မေလကုန်တွင် နွေစပါးရိတ်သိမ်းပြီးစီးမှုမှာ (၂၂၂၀၄) ဧကရှိပြီး ၉၈ ရာခိုင်နှုန်းကျော် ရိတ်သိမ်းပြီး ဖြစ်ကြောင်း သိရသည်။

             အထွက်နှုန်းမှာ စံကွက်ရိတ်သိမ်းမှုအရ တစ်ဧက အထွက်နှုန်း ၈၉.၆၄ တင်းရှိကြောင်းနှင့် ကသာခရိုင်အတွင်း ရိတ်သိမ်းရန်ကျန်ရှိသည့် နွေစပါးများကိုလည်း ဇွန်လဆန်းပိုင်းတွင် ရာခိုင်နှုန်းပြည့် ရိတ်သိမ်းပြီးစီးနိုင်ကြောင်း ကသာခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

         

လားရှိုးမြို့ အကောက်ခွန်ဦးစီးဌာနမှ ဖမ်းဆီးရမိသည့်ပစ္စည်းများ မီးရှို့ဖျက်ဆီး

             ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ ဖမ်းဆီးထားသည့် အကောက်ခွန်မဲ့ ပစ္စည်းများဖြစ်သည့် သုံးစွဲရန်မသင့်သော ပြည်ပနိုင်ငံမှတရားမဝင်တင်သွင်းလာသည့် ဘီယာ၊ ခေါက်ဆွဲခြောက်များနှင့် အဝတ်အထည်(ဟောင်း)များအား (၂၇.၅.၂၀၂၂) ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် လားရှိုးမြို့နယ်၊ အကောက်ခွန်ဦးစီးဌာနရုံးဝန်းအတွင်းတွင် မီးရှို့ဖျက်ဆီးမှုပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါမီးရှို့ဖျက်ဆီးပွဲသို့ အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းနှင့် မီးရှို့ဖျက်ဆီးခဲ့သည့်  ပစ္စည်းအမျိုးအစားမှာ(၄)မျိုးဖြစ်ပြီး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် (၆၀,၈၀၀,၀၀၀) ဖြစ်ကာ (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်တွင် ဒုတိယအကြိမ်မြောက်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

တရားမဝင်ကုန်သွယ်မှု တားဆီးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်း

               စားသုံးသူရေးရာဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ၊မောင်တောမြို့နယ်တာဝန်ခံ ဦးအောင်ထွန်းမြသည် မြို့နယ်စီမံအဖွဲ့ဝင်-၁ ဗိုလ်မှူးတင်ဝင်းထွဋ် ဦးဆောင်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ပြည်တွင်းအခွန်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပါဝင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့နှင့်အတူ (၃၀-၅-၂၀၂၂)နေ့ ညနေ (၃:၀၀)နာရီအချိန်တွင် မောင်တောမြို့ပေါ်ရှိ ကုန်စုံအရောင်းဆိုင်များသို့ သွားရောက်၍ တရားမဝင် ကုန်ပစ္စည်းများ ရောင်းချမှု ရှိ/မရှိ  ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်  အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် တရားဝင်မှတ်ပုံတင်ထားရှိသော ကုန်ပစ္စည်းများရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ ယမကာ အရောင်းဆိုင်များတွင် ပြည်တွင်း/ပြည်ပမှ တင်သွင်းထုတ်လုပ်သော ယမကာများအား     အကောက်ခွန်  ပြည်တွင်းအခွန်ဦးစီးဌာနတို့တွင် အခွန်ပေးဆောင်ထားခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှလည်း ယစ်မျိုးလိုင်စင်ထုတ်ပေးထားခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာန မောင်တောမြို့နယ်တာဝန်ခံ ဦးအောင်ထွန်းမြ၊ ဒု-ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဉပဒေ အရ ကုန်ပစ္စည်းများအား တင်သွင်းထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်ပစ္စည်းများပေါ်တွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရန်အချက်များ၊ တားမြစ်ချက်များအား  အသေးစိတ်ရှင်းလင်းပြောကြားပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

စားသုံးသူအခွင့်အရေးများ ကိုယ်တိုင် ရယူတတ်ပါစေ

          “ ပြည်သူတိုင်းဟာ စားသုံးသူဖြစ်တယ် စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေးရှိတယ် စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးရင် တိုင်ကြားနိုင်ပါတယ် ” စားသုံးသူရေးရာဦးစီးဌာနက အသိပေးခြင်းနဲ့ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့မှာ ဒီစာသားလေးကို ဖော်ပြထားပါတယ်။

          စားသုံးသူဆိုတာ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ကိုယ်တိုင်သုံးစွဲသူများ enduser ဖြစ်သူ consumer ဖြစ်ပါတယ်။ ဝယ်ယူသူ Customer အဆင့်နဲ့တင်စားသုံးသူများ မဟုတ်ပါဘူး။ ထုတ်လုပ်ရောင်းချဖြန့်ဖြူးသူ ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းရှင်များမဟုတ်တဲ့ စားသုံးသူကို ဆိုလိုပါတယ်။ လူတိုင်း မနက်အိပ်ယာထတာနဲ့ ဆပ်ပြာ၊ သွားတိုက်ဆေး၊ အစားအသောက်စတဲ့ ကုန်စည်ကအစပြုပြီး ပညာရေး၊ ကျန်းမာရေး၊ ခရီးသွားဝန်ဆောင်မှုတွေကို ဝယ်ယူသုံးစွဲနေကြတဲ့သူများဖြစ်ပြီး လုပ်ငန်းရှင်ဘက်မှာလည်း ကိုယ့်လုပ်ငန်းမဟုတ်တဲ့ ကဏ္ဍတွေမှာတော့ စားသုံးသူ တဖန်ဖြစ်နေမှာပဲ၊ ဒါကြောင့် ပြည်သူတိုင်းဟာ စားသုံးသူဖြစ်တယ်လို့ ဆိုပါတယ်။

          စားသုံးသူအခွင့်အရေးဆိုတဲ့အပိုင်းမှာ ကလေးသူငယ်အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးဆိုတဲ့အပိုင်းတွေကသီးသန့်ရှိပြီးဖြစ်ကြလို့ စားသုံးသူအခွင့်အရေးဆိုတာကို သီးသန့်ရှုမြင်ပေးစေချင်ပါတယ်။  မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးဥပဒေမှာ စားသုံးသူအခွင့်အရေး(၈)ချက်ကို ပြဌာန်းထားပါတယ်။ ဒီအခွင့်အရေးတွေဟာ နိုင်ငံတကာနှင့် အာဆီယံမှာ သတ်မှတ်ပြဌာန်းထားတဲ့ အခွင့်အရေးတွေပဲဖြစ်ပါတယ်။

          ပထမဆုံးအခွင့်အရေးတစ်ချက်ကတော့ စားသုံးသူများအတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိစေခြင်းဖြစ်ပါတယ်။ မည်သူမဆို ကိုယ်ပေးလိုက်ရတဲ့တန်ဖိုးနဲ့ကိုက်ညီတဲ့ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရရှိလိုမှာဖြစ်ပြီး ရရှိရမည့်အခွင့်အရေးလည်းရှိပါတယ်။ ဥပမာ သောက်ရေသန့်ဆိုရင် သန့်ရှင်းဘေးကင်းရမှာကတော့ အခြေခံလိုအပ်ချက်ဖြစ်ပြီး အုန်းရည်နံ့မွှေးရမယ်၊ အေးစက်ရမယ်ဆိုတာကတော့ အခြေခံလိုအပ်ချက် မဟုတ်တော့ပါဘူး။ အခြေခံလိုအပ်ချက်တစ်ခုဖြစ်တဲ့ ကုန်စည်၏ အရည်အသွေး၊ အချိန်အတွယ် ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိစေရန် စစ်ဆေးဆောင်ရွက်ခြင်းများ ပြုလုပ်လျှက်ရှိပါတယ်။ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး စိတ်ကျေနပ်မှုရရှိစေရေးတို့အတွက် စားသုံးသူကာကွယ်ရေး ဥပဒေတွင် ပြဌာန်းထားသည့်နှင့်အညီ စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်း များသည် စားဝတ်နေရေး အခြေခံလိုအပ်ချက်ကဲ့သို့ ကုန်စည်နှင့်ဝန်ဆောင်မှုတို့၏ အခြေခံရှိရမည့် စံနှုန်းကို လိုအပ်ချက်များ ကိုက်ညီစေရေးအတွက်ကြီးကြပ်ဆောင်ရွက်ခြင်း၊ အသိပေးခြင်း၊ စစ်ဆေးခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်ခြင်းဖြင့် စိတ်ကျေနပ်မှုရရှိစေခြင်း အခွင့်အရေးကို ပြည့်ဝစွာ ရရှိစေရန်ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူများဘက်ကလည်း ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု ဝယ်ယူအသုံးပြုခြင်းမပြုမီ လေ့လာရမယ့်အချက်များကို လေ့လာခြင်း၊ အရည်အသွေး၊ အရည်အတွက်၊ ဈေးနှုန်းကို လေ့လာသုံးသပ်ခြင်းတို့ဆောင်ရွက်ပြီးမှ ဝယ်ယူသုံးစွဲသင့်ပါသည်။

          ဒုတိယအခွင့်အရေးဖြစ်တဲ့ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်းဆိုတဲ့ အခွင့်အရေးကိုစားသုံးသူများရရှိစေရေးအတွက် စားသုံးသူရေးရာဦးစီး ဌာနသည် စစ်ဆေးရေးအရာရှိများ ခန့်အပ်ထားကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ကိုဆောင်ရွက်လျက်ရှိပါတယ်။ စားသုံးသူများအနေဖြင့်လည်း သက်ဆိုင်ရာအစိုးရဌာန အဖွဲ့ အစည်းများက စားသုံးရန် သို့မဟုတ် အသုံးပြုရန်မသင့်ဟု သတ်မှတ် ထုတ်ပြန်ထားသော ဘေးအန္တရာယ်ရှိသည့် ကုန်စည်၊ ဝန်ဆောင်မှုများကို ရှောင်ကြဉ်ပြီး ဆောင်ရမည့်၊ ရှောင်ရမည့် လမ်းညွှန်ချက်များနှင့်အညီ တိကျစွာ လိုက်နာသုံးစွဲရန်လိုအပ်ပါသည်။

          တတိယအခွင့်အရေးဖြစ်တဲ့ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူအသုံးပြု ရာတွင် လိုအပ်သောသတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာ သို့မဟုတ် အထောက်အထားရယူခွင့်ရှိခြင်းဆိုတဲ့ အခွင့်အရေးရရှိစေရေးအတွက် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း အမိန့်နှင့် ညွှန်ကြားချက်များထုတ်ပြန်၍ လိုက်နာစေရေးဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူများဘက်ကလည်း ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံမှု၊ မြန်မာဘာသာဖြင့် ဖော်ပြမှုတို့ကို သေချာကြည့်ရှုအား ပေးရန်၊ လိုအပ်လျှင်အထောက်အထားရစေရန် ပြေစာရယူသည့် အလေ့အကျင့်ရှိရန်၊ အာမခံကဒ်ပါစည်းကမ်း ချက်များကို သေချာဖတ်ရှုသိရှိသည့်အလေ့အထရှိစေရန် တို့ကို ဆောင်ရွက်သင့်ပါသည်။

          စတုတ္ထအခွင့်အရေးဖြစ်တဲ့ ဈေးကွက်အတွင်းရှိ ကုန်စည် သို့မဟုတ်  ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူစိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်းဆိုတဲ့အခွင့်အရေးကို စားသုံးသူများရရှိ စေရန် လယ်ယာထွက်ကုန်၊ စားဆီ၊ စက်သုံးဆီ၊ ဆေးဝါးစသည့် ကုန်ပစ္စည်းဈေးနှုန်းများ၊ ဈေးကွက် လိုအပ်မှု၊ ပိုလျှံမှုများကို လေ့လာတင်ပြလျက် ဖြစ်သင့်သည့်ဈေးကွက်ဖြစ်ပေါ်အောင် ထိန်းကျောင်း ခြင်း၊ ရွေးချယ်ခွင့် မရှိသော လက်ဝါးကြီးအုပ်စနစ်များမရှိစေရေး ယှဉ်ပြိုင်မှုဥပဒေဖြင့် ထိန်းထား ခြင်း၊ လုပ်ငန်းရှင်အသင်းအဖွဲ့များနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်းတို့ ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူများဘက်ကလည်း ရွေးချယ်ခွင့်ရှိသည်ဖြစ်တဲ့အတွက် ယုံကြည်စိတ်ချရသော လိပ်စာ၊ ဖုန်းနံပါတ်ပါရှိပြီး အာမခံချက်ရှိသော အရောင်းဆိုင်လုပ်ငန်းများကို ရွေးချယ်တတ်သည့် အလေ့အကျင့်ရှိရပါမည်။ သေချာစိစစ်ရွေးချယ်ဝယ်ယူခြင်းမပြုပါက လိမ်ညာခံရပြီး ဆက်သွယ် မရသည့် Online Shopping သို့မဟုတ် သေချာလိမ်ညာရှောင်ပြေးသူဖြစ်ပါက စားသုံးသူ ကာကွယ်ရေးဉပဒေ၏အကာအကွယ်ယူ၍မရတော့ဘဲ ခိုးမှု၊ လိမ်မှုကဲ့သို့ ပြစ်မှုကြောင်းနှင့်သာ သက်ဆိုင်သွားမည်ဖြစ်ပါသည်။

          ပဉ္စမအခွင့်အရေးတစ်ခုဖြစ်တဲ့ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် အသိပညာ ဗဟုသုတများ အခွင့်အရေးများနှင့် လိုအပ်သောအချက်အလက်များကို သိရှိ လေ့လာ နိုင်ခွင့်ရှိခြင်းဆိုတဲ့ အခွင့်အရေးပြည့်ဝစေရန် စားသုံးသူ ကာကွယ်ရေးအသိပညာပေး ဟောပြော ဆွေးနွေးပွဲများကို ဆောင်ရွက်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ ရုပ်မြင်သံကြားတွင် အသိပေး ဇာတ်လမ်းတိုထုတ်လွှင့်ခြင်း၊ သတင်း/ဆောင်းပါးများရေးသား၍ Commerce စီးပွားရေး သတင်းဂျာနယ်နှင့် အခြားသတင်းစာစောင် များတွင်ထည့်သွင်းဖော်ပြခြင်း၊ အင်တာနက် Website မှ လိုအပ်သောအချက်အလက်များ သိရှိလေ့လာနိုင်စေရန် လွှင့်တင်ထားခြင်းတို့ ဆောင်ရွက် လျက်ရှိပါသည်။ စားသုံးသူများဘက်ကလည်း ကိုယ်နဲ့ထိုက်တန်တဲ့အခွင့်အရေးကို ရရှိဖို့ လေ့လာပေး စေလိုပါသည်။

          (၆)ချက်မြောက်အခွင့်အရေးဖြစ်တဲ့ ပစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့် အတန်းနှင့်ပတ်ဝန်းကျင်တွင် နေထိုင်ခွင့်ရရှိစေခြင်းဟူသည့် အခွင့်အရေးကို စားသုံးသူများရရှိစေဖို့ သက်ဆိုင်ရာဥပဒေများပြဌာန်းခြင်း၊ နည်းဥပဒေများ ထုတ်ပြန် ခြင်း၊ စံလုပ်ထုံးလုပ်နည်းများသတ်မှတ်ခြင်း၊ အမိန့်နှင့်ညွှန်ကြားချက်များဖြင့်ထိန်းကျောင်းခြင်း၊ အမျိုးသားစားသုံးကာကွယ်ရေးအစီအစဉ်များဖြင့် စီမံချက်ကို အကောင်အထည်ဖော်ဆောင် ရွက်ခြင်း၊ ရေရှည်တည်တံ့သည့် စားသုံးမှုအလေ့အကျင့် ကောင်းများလိုက်နာစေရေး အသိပေခြင်းတို့ ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူများဘက်ကလည်း ဈေးနှုန်းသက်သာပြီး အရည်အသွေး ညံ့သည့်၊ ပြန်လည်အသုံးပြုမရဘဲ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေမည့် ပစ္စည်းများကို ရှောင်ကြဉ်ခြင်းဖြင့် ဒီစားသုံးသူအခွင့်အရေးကို နောင်လာနောက်သားများအထိ ပြည့်ဝအောင် လိုက်နာသင့်ပါသည်။

          (၇)ချက်မြောက်အခွင့်အရေးဖြစ်တဲ့ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များ တွင် ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်ရရှိနိုင်စေခြင်းဆိုတဲ့ အခွင့်အရေးကိုရရှိနိုင်စေဖို့ စားသုံးသူ ကာကွယ်ရေး ဥပဒေမှာ စားသုံးသူ၏နစ်နာ ဆုံးရှုံးမှု တစ်ရပ်ရပ်ကို တိုင်ကြားလိုပါက လူကိုယ်တိုင် သော်လည်းကောင်း၊ လူထုဆက်သွယ်ရေး နည်းလမ်းတစ်ခုခုဖြစ်သော်လည်းကောင်း သက်ဆိုင်ရာ ဦးစီးမှူးရုံးသို့ သက်သေအထောက်အထားနှင့် အတူ တိုင်ကြားနိုင်သည်လို့ ဖော်ပြထားပါတယ်။

          တိုင်ကြားခြင်းနဲ့ပတ်သက်ပြီး အလွယ်တကူတိုင်ကြားနိုင်စေရန် နည်းလမ်းအမျိုးမျိုးနဲ့ တိုင်ကြားနိုင်အောင်စီစဉ်ထားပါတယ်။ စားသုံးသူရေးရာဦးစီးဌာန ဆိုင်းဘုတ်ပဲရှိရင် တိုင်ကြားနိုင်ကြောင်းမသိမှာစိုးလို့  စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက် ရေးစင်တာ (Consumer Information and Complaint Center- CICC )ဟူ၍ ဆိုင်းဘုတ် ရေးသားဖော်ပြ၍ ရုံးခန်းများ ဖွင့်လှစ်ထားရှိပါတယ်။ အဆိုပါရုံးတွေရဲ့ ဖုန်းနံပါတ်တွေကိုလည်း အများပြည်သူသိရှိအောင် လက်ကမ်း စာစောင်နှင့် လူမှုမီဒီယာများမှာ ဖော်ပြထားပါတယ်။ အဆိုပါရုံးတွေကို လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ လူမှုမီဒီယာများမှတဆင့်ဖြစ်စေ တိုင်ကြားစာဖြည့်သွင်းတိုင်ကြားနိုင်ပါတယ်။ “ DOCA Myanmar” Mobile Application ကဖြစ်စေ၊ www.doca.gov.mm.website ကတဆင့်ဖြစ်စေ တိုင်ကြားနိုင်ပြီး တိုင်ကြားမှုအပေါ်ဖြေရှင်း ဆောင်ရွက်မှု အခြေအနေကိုအကြောင်းပြန်ကြားမှု ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ စားသုံးသူစစ်တမ်း ကောက်ယူမှုများအရ ဖုန်းဖြင့်တိုင်ကြားမှုနည်းလမ်းကိုဆောင်ရွက် လိုသူများကြောင်း တွေ့ရတဲ့ အတွက် ဖုန်းနံပါတ်တွေမသိသူတွေအတွက် အလွယ်တကူမှတ်နိုင်၊ ခေါ်ဆိုနိုင်မယ့် Consumer Call Center ကိုဖွင့်လှစ်ကာ 1535 ကို ဖုန်းခေါ်ဆိုနိုင်အောင် စီစဉ်ထားပါတယ်။ MPT ဖုန်းအတွက်ကတော့ (၀၉၇၆၅၄၈၁၅၃၅)နံပါတ်ဖြစ်ပါတယ်။ အထက်ပါနည်းလမ်းများကို တိုင်ကြားရာမှာ နစ်နာဆုံးရှုံးတဲ့ စားသုံးသူကိုယ်တိုင် သို့မဟုတ် မိသားစုဝင်များ၊ အစိုးရဌာနအဖွဲ့ အစည်းများ၊ စားသုံးသူ ကာကွယ်ရေးဆိုင်ရာအသင်းအဖွဲ့များကနေတဆင့် တိုင်ကြားနိုင်ပါတယ်။

          နစ်နာဆုံးရှုံးမှုရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ၏ ရုပ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ ဂုဏ်သိက္ခာကိုဖြစ်စေ၊ နာမည်ဂုဏ် သတင်းကိုဖြစ်စေ၊ ပိုင်ဆိုင်မှုတစ်ရပ်ရပ်ကိုဖြစ်စေ ထိခိုက်စေခြင်းကိုဆိုလိုသည်ဟု ဥပဒေမှာဖော်ပြထားပါတယ်။ ဒီနေရာမှာသုံးစွဲခဲ့သည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု စပ်လျဉ်း၍ဖြစ်ကြောင်း ဂရုပြုစေလိုပါတယ်။ ရိုက်နက်ခံရလို့၊ မြောင်းပုပ်နံ့နံလို့ဆိုပြီး တိုင်ကြားလို့ မရပါဘူး၊ ညှော်နံ့နံလို့ဆိုပြီး မကြာခဏတိုင်ကြားတတ်တဲ့အခါ တိုက်ရိုက်မသက်ဆိုင်ကြောင်း ရှင်းပြပေးရပြီး စည်ပင်သာယာအဖွဲ့ကို ပေးပို့တာမျိုး၊ ပူးပေါင်းညှိနှိုင်းတာမျိုး ဆောင်ရွက်ပေးပါတယ်။

          တိုင်ကြားနိုင်ကြောင်းအသိပေးခြင်းနဲ့ပတ်သက်ပြီး မြန်မာ့ရုပ်မြင်သံကြားမှာ ပြကွက်အတို လေးနဲ့ ထုတ်လွှင့်ခဲ့သလို ရေခဲသေတ္တာဆိုတဲ့ကုန်စည်ကို ဝယ်ယူပြီးနောက် တံခါးကပျက်နေလို့ စိတ်ကျေနပ်မှု မရှိတာမျိုး၊ ၆ လအာမခံ သက်တမ်းအတွင်း ပြင်မပေးတာမျိုး၊ Taxi ဝန်ဆောင်မှုကို ရယူပြီး သဘောတူထားတဲ့နေရာမရောက်မီ လမ်းမှာချထားခဲ့လို့ ပေးလိုက်ရတဲ့တန်ဖိုးနဲ့ မထိုက်တန်လို့ စိတ်ကျေနပ်မှု မရှိတာမျိုး၊ အစားအသောက်ဆိုတဲ့ကုန်စည်ကို မှာယူရာမှာ ယင်ကောင်ပါလာလို့ ဘေးကင်းမှုမရှိတဲ့အပြင် ပေးချေရတဲ့တန်ဖိုးက အဆမတန်ကြီးမြင့်နေလို့ သတင်းအချက်အလက်ကို မှန်ကန်စွာမသိခဲ့လို့ ဆုံးရှုံးမှုမျိုးများ ဖြစ်ပေါ်လာရင် စားသုံးသူရေးရာဦးစီးဌာနကို တိုင်ကြားနိုင်ပါတယ်လို့ အသိပေးထုတ်လွှင့်ခဲ့ပါတယ်။

          တိုင်ကြားမှုကိုလက်ခံပြီး ခန့်အပ်ထားတဲ့စစ်ဆေးရေးအရာရှိများက လိုအပ်သော စာရွက်စာတမ်းများနှင့် မဟုတ်မမှန်လိမ်လည်တိုင်ကြားခြင်းဟုတ်မဟုတ် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ပြီး တိုင်ကြားခံရရသည့် စီးပွားရေးလုပ်ငန်းရှင် သို့မဟုတ် တရားဝင်ကိုယ်စားလှယ်ကို ညှိနှိုင်းဖြေရှင်း ရန်ခေါ်ယူခြင်း၊ သက်သေအပါအဝင်လိုအပ်ပါက သက်ဆိုင်သည့်ဌာနအဖွဲ့အစည်းများ ကျွမ်းကျင်သူများကို ဖိတ်ခေါ်၍ စိစစ်ညှိနှိုင်းဖြေရှင်းပေးပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် လျှို့ဝှက်ထားရမည့် သတင်းအချက်အလက်များကို လျှို့ဝှက်ထားရှိပါတယ်။ စားသုံးသူတိုင်ကြားမှုများကို လေ့လာ ကြည့်ရင် အခွင့်အရေး(၈)ချက်အနက် နစ်နာဆုံးရှုံးမှုကြောင့်ဖြစ်သလို စားသုံးသူကာကွယ်ရေးဥပဒေပါအချက်များကို လိုက်နာရန် ပျက်ကွက်ကြောင်းတွေ့ရှိရပါတယ်။ ဒါကြောင့် စားသုံးသူ ကာကွယ်ရေးနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်ဘက်မှာလည်း ဥပဒေနှင့်အညီဆောင်ရွက်စေရန်  ကြပ်မတ်ဆောင်ရွက်နိုင်ပါတယ်။

          စားသုံးသူတိုင်ကြားမှုအများစုကို သဘောတူညီမှုရအောင် ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ထိုသို့ညှိနှိုင်းဖြေရှင်းပေးရာမှာ ပြန်လည်ပြင်ဆင်ပေးစေခြင်း၊ အစားထိုးပေးစေခြင်း၊ ဆုံးရှုံးမှုတန်ဖိုးနှင့်အညီ ငွေပြန်လည်ပေးစေခြင်းတို့ဖြင့် တိုင်ကြားသူနှင့်တိုင်ကြားခံရသူကြား မျှတမှုရှိအောင် ညှိနှိုင်းပေး ခြင်းဖြစ်ပါတယ်။ သတိပေးခြင်းနှင့် အသိပညာပေးခြင်း ဆောင်ရွက်လိုက်ရသည်များလည်းရှိပါသည်။ အဆိုပါအချက်များက သက်ဆိုင်ရာဦးစီးမှူးရုံး၏ စီမံခန့်ခွဲမှု နည်းလမ်းအရ အရေးယူခြင်းချမှတ်နိုင်သည့် အမိန့်များမှာပါဝင်ပါတယ်။

          ထိုသို့ တိုင်ကြားမှုများကို ကုစားပေးခြင်းသည် စားသုံးသူအခွင့်အရေး(၈)ချက်အနက် ကျန်သည့်တစ်ချက်ဖြစ်သည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းဟူသည့် အခွင့်အရေးကို ပြည့်ဝအောင် ဆောင်ရွက်ပေးခြင်းပင်ဖြစ်ပါသည်။

          အထက်ပါ ဆောင်ရွက်မှုများအရ တိုင်ကြားမှသာ ဒီအခွင့်အရေးတွေကို ရရှိမှာတော့ မဟုတ်ပါဘူး။ တိုင်ကြားမှုမပြုသော်လည်း စားသုံးသူကာကွယ်ရေးဥပဒေပါ တာဝန်များနှင့် တားမြစ်ချက်များ ပြဌာန်းချက်များကို ဖောက်ဖျက်သည့် စီးပွားရေးလုပ်ငန်းရှင်များကို ဈေးကွက်စောင့်ကြည့် စစ်ဆေးအရေးယူမှုများ၊ ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များဖြင့် ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် စားသုံးသူများက တိုင်ကြားမှ စားသုံးသူကာကွယ်ရေးဆိုတာကို ပိုမိုသိမြင်လာကြမှာပါ။ နိုင်ငံတကာမှာတော့ စားသုံးသူ တိုင်ကြားမှုအလေ့အထ ထွန်းကားနေပြီဖြစ်ကြောင်း သိရပါတယ်။ အချိန်ကုန်ခံ အလုပ်ရှုပ်ခံကာ စနစ်တကျတိုင်ကြားကြပြီး နောင်ကိုဤကဲ့သို့ မထုတ်လုပ်ရဲအောင်၊ ညံ့ဖျင်းသော ဝန်ဆောင်မှု မပြုလုပ်ရဲအောင် နစ်နာဆုံးရှုံးမှုအတွက် လျော်ကြေးများ တမင်ကို တောင်းခံကြပါတယ်။ ကိုယ်ခံရသလို သူများတွေမခံရအောင် ကိုယ်ချင်းစာခြင်းဖြစ်ကြောင်း၊ အများအကျိုးဆောင်ရွက်ခြင်းဖြစ်ကြောင်း ဂုဏ်ယူကြပါတယ်။

          မြန်မာနိုင်ငံမှာတော့ စားသုံးသူတိုင်ကြားမှုပြုဖို့ အားနာတတ်တာတကြောင်း၊ အလုပ်ရှုပ်မှာစိုး အချိန်ကုန်တာစိုးရိမ်တာတကြောင်းနဲ့ ဖြေရှင်းဆောင်ရွက်ပေးပါ့မလားဆိုတဲ့ သံသယများကြောင့် တိုင်ကြားမှုနည်းနေသေးတာတွေ့ရပါတယ်။ ငွေကြေးရာဂဏန်းလောက်ပဲပြန်ရမှာမို့ မတိုင်တော့ဘူးဆိုပြီး တွေးရင် ကိုယ်လိုရာဂဏန်းပေါင်းများစွာသောသူတွေအတွက် စဉ်းစားပေးပါ။ စီးပွားရေးလုပ်ငန်းရှင်ဘက်က ရာဂဏန်း ပြန်ပေးရုံနဲ့တင် တိုင်ရတာမတန်ဘူး၊ လျော်ကြေး၊ ဒဏ်ကြေး ပေးဆောင်စေမှ ကျေနပ်မယ်ဆိုရင်လည်း စားသုံးသူ ကာကွယ်ရေး ဥပဒေမှာ သတ်မှတ်ထားသော ပြဌာန်းချက်ကို ဖောက်ဖျက်မှုအရ စားသုံးသူရေးရာ ကော်မတီ၏ ချမှတ်ရမည့် အမိန့်များအနက် နစ်နာမှုများအတွက် သတ်မှတ်ထားသော လျော်ကြေးငွေ ပေးစေခြင်း၊ ဒဏ်ကြေးငွေချမှတ်ခြင်းဆိုတဲ့ အမိန့်များပါဝင်ပါတယ်။

         စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူတိုင်ကြားမှု လွယ်ကူအဆင်ပြေအောင် နည်းလမ်း အမျိုးမျိုး စီစဉ်ထားသလို ဆောင်ရွက်မည့် စစ်ဆေးရေးအရာရှိများကို သင်တန်းများ စနစ်တကျ ပေးထားပါတယ်။ ဒါကြောင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရ စေရေးတို့အတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင်ဖြည့်ဆည်းနိုင်စေရန်နှင့် စားသုံးသူအခွင့်အရေးများ အပြည့်အဝ ရရှိနိုင်စေရန် စားသုံးသူရေးရာဦးစီးဌာနက ဆောင်ရွက်လျက်ရှိပါတယ်။ စားသုံးသူများ ကလည်း မိမိတို့ရသင့်တဲ့အခွင့်အရေးများရှိကြောင်း၊ အဆိုပါအခွင့်အရေးများကို ဖော်ဆောင် ပေးနေကြောင်းသိရှိပြီး ကိုယ်တိုင်ရယူတတ်ကာ စားသုံးသူကာကွယ်ရေးကို အလေးထားလျက် မိမိကဏ္ဍဘက်က ဆောင်ရွက်နိုင်တာ ပါဝင်ဆောင်ရွက် နိုင်ကြပါစေကြောင်း တိုက်တွန်း လိုက်ပါတယ်။

DOCA(စစ်ကိုင်း)

“ကော်ဖီအစုအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး”

            မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် မြန်မာ့ကော်ဖီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် မြန်မာ့ကော်ဖီအသင်းမှ ကိုယ်စားလှယ်တို့ပါဝင်သော မြန်မာ့ကော်ဖီအစုအဖွဲ့များ ဖွဲ့စည်းနိုင်ရေးအတွက် ပြင်ဦးလွင်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးသက်လွင်ထူး ဦးဆောင်သောအဖွဲ့များသည် (၁၃-၅-၂၀၂၂)ရက်နေ့တွင်  ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံကော်ဖီစိုက်ပျိုး ထုတ်လုပ်သူများအသင်းအဖွဲ့ဝင်(ပြင်ဦးလွင်ကော်ဖီအစုအဖွဲ့နာယက)ဦးရဲမြင့်၏နေအိမ်၌ပြင်ဦးလွင်၊ ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံတာဝန်ခံနှင့် ကော်ဖီအစုအဖွဲ့ဝင်များအား သွားရောက်တွေ့ဆုံခဲ့ပါ သည်။ ရှေးဦးစွာ ပြင်ဦးလွင်ကော်ဖီအစုအဖွဲ့နာယကဖြစ်သူမှ ပြောကြားရာတွင် ပြင်ဦးလွင်ကော်ဖီအစုအဖွဲ့အား ၂၀၁၈-၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံကော်ဖီအသင်း (MCA)မှ အကူအညီပံ့ပိုးမှုရယူပြီး အတိုင်ပင်ခံအဖွဲ့၊ ဗဟိုအလုပ်မှုဆောင်အဖွဲ့နှင့်ဒေသတာဝန်ခံအဖွဲ့ဟူ၍ စုစုပေါင်း အစုအဖွဲ့ဝင်(၂၃)ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ကြောင်း ၊ပြင်ဦးလွင်မြို့ရှိ ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံတွင် ပြင်ဦးလွင်ကော်ဖီဉယျာဉ်တည်ထောင်နေပြီး မိမိတို့အစုအဖွဲ့မှ ပူးပေါင်းဆောင်ရွက်နေကြောင်း ၊ ၄င်းဉယျာဉ်ဖွင့်လှစ်ပြီး ဝင်ရောက်လေ့လာလိုသူ စိတ်ပါဝင်စားသူများအနေဖြင့် ကော်ဖီနှင့်ပတ်သက်သော စိုက်ပျိုးချိန် ၊ရိတ်သိမ်းချိန်မှ ထုတ်လုပ်နိုင်သည်အထိ ဗဟုသုတရရှိစေမှာဖြစ်ကြောင်း ၊ ပြင်ဦးလွင်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးသက်လွင်ထူး(ဦးစီးအရာရှိ)က ပြောကြားရာတွင် မိမိတို့ဌာနအနေဖြင့်စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းရေး ၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး အတွက်စျေးကွက်အလားအလာရှိသော သီးနှံများအားဖော်ထုတ်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်များထုတ် လုပ်၍ပြည်ပပို့ကုန်မြှင့်တင်ရေးအတွက်ဆောင်ရွက်လျက်ရှိကြောင်း၊ အစုအဖွဲ့၊ အသင်းအဖွဲ့များ ဖွဲ့စည်းနိုင်ရေးအတွက်လည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ၊ စားသုံးသူကာကွယ်ရေးဥပဒေအား ၂၀၁၉ ခုနှစ်တွင်ပြဌာန်းခဲ့ကြောင်း ၊ ၄င်းဥပဒေတွင် အခန်း(၂၅) ခန်း၊ပုဒ်မ(၈၄)ခုပါဝင်ကြောင်း၊စီးပွားရေးလုပ်ငန်းရှင်များအတွက် ကုန်ပစ္စည်းများထုတ်လုပ်ရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် ဥပဒေပါသတ်မှတ် ချက်များနှင့်အညီ ဖော်ပြရန်လိုအပ်ကြောင်း ၊ စားသုံးသူကာကွယ်ရေးဥပဒေပါအချက်များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည် ။ တွေ့ဆုံဆွေးနွေးပွဲသို့ ကော်ဖီအစုအဖွဲ့ဝင်(၁၈)ဦး တက်ရောက်ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

ကုသိုလ်လည်းရ ဝမ်းလည်းဝ အကျိုးအမြတ်ရမည့် ပန်းဂန္ဓမာအကြောင်း တစေ့တစောင်း

         မြန်မာနိုင်ငံတွင် ဂန္ဓမာပန်းမျိုးစုံကို အနည်းငယ်စိုက်ပျိုးရာမှ နောက်ပိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာကြသည်ကို တွေ့ရှိရပါသည်။ မြန်မာလူမျိုးများသာမက ဟိန္ဒူ၊ ခရစ်ယာန်ဘာသာဝင်တို့သည်လည်း ပန်းမျိုးစုံကို ဘုရားပန်းအဖြစ်လည်းကောင်း၊ အလှူ၊ မင်္ဂလာဆောင် အခမ်းအနားများတွင် အလှပန်းအိုးအဖြစ်လည်းကောင်း နှစ်ခြိုက်စွာအသုံးပြုကြသော ပန်းဖြစ်၍ နိုင်ငံအတွင်း စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်သော လုပ်ငန်းတစ်ခုဖြစ်ပါသည်။

              မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးကြပြီး ၎င်းဒေသများမှ မျိုးများဝယ်ယူကာ တောင်ငူခရိုင်အတွင်းရှိ အုတ်တွင်းမြို့နယ်၊ ဝါးတီးကျေးရွာနှင့် တောင်ငူမြို့နယ် ရှမ်းဝါးတီးကျေးရွာတို့တွင် ၃၃၅ ဧက စိုက်ပျိုးလျှက်ရှိပါသည်။

              စိုက်ပျိုးသော ပန်းမျိုးများမှာ လပ်ကီးဖြူ၊ ကြွေဖြူ၊ ရွှေစိမ်းမျိုးများဖြစ်ပါသည်။ ပန်းစိုက်ပျိုး သည့်ကာလမှာ ဇွန်၊ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလ စိုက်ပျိုးမျိုးနှင့် အောက်တိုဘာ၊ နိုဝင်ဘာလ စိုက်ပျိုးမျိုးဟူ၍ နှစ်မျိုးရှိပါသည်။

        ဂန္ဓမာပန်းမျိုးများသည် အပင်ကြီးထွားချိန်တွင် နေ့တာရှည်ရန်လိုအပ်ပြီး ပန်းပွင့်ချိန်တွင် အပူချိန် ၂၀ ဒီဂရီမှ ၂၈ ဒီဂရီစင်တီဂရိတ် လိုအပ်ပါသည်။ စိုက်ပျိုးဖြစ်ထွန်းမှု အကောင်းဆုံးအချိန်မှာ နေ့အပူချိန် (၂၀-၂၈)ဒီဂရီစင်တီဂရိတ်နှင့် ညအပူချိန် (၁၅-၂၀)ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး နေရောင်ခြည်ကိုလည်း ကြိုက်နှစ်သက်ပါသည်။ မြေအချဉ်ဓါတ် ၆.၅ နှင့် မြေငံဓါတ် ၇.၅၊ သဲနှုန်းမြေ အမျိုးအစား၊ ရေစီးရေလာကောင်းမွန်၍ ရေမဝပ်သောမြေကို နှစ်သက်ပါသည်။

              မြန်မာနိုင်ငံတွင် စိုက်ခင်းများဖြင့် အများဆုံးစိုက်ပျိုးကြသည်ကို တွေ့ရှိရပါသည်။ မိမိလိုချင်သော ပန်းပွင့်အနေအထားပေါ် မူတည်၍ ပင်ကြားအကွာအဝေး (၈" x ၁၀")၊ (၁၈" x ၂၄") ထား၍ စိုက်ပျိုးကြပြီး ပန်းအခိုင်လိုက် သို့မဟုတ် ပန်းပဒေသာများကို (၁၈" x ၂၄") ပင်ကြား ပန်းဝယ်လက်ပေါ်မူတည်၍ စိုက်ပျိုးကြပါသည်။

              ဂန္ဓမာစိုက်ပျိုးမည့်မြေအား ထယ်နှစ်စပ်ထိုး၍ စိုက်ဘောင်ပြုလုပ်ရပါသည်။ မြေခံအဖြစ် သဘာဝမြေဆွေး၊ NPK ဓါတ်မြေဩဇာတွင် ဖော့စဖိတ်၊ ပိုတက်စီယမ်ဓါတ် များများပါသော မြေဩဇာ ကို ထည့်ပေးရန် လိုအပ်ပါသည်။ စိုက်ပြီး ၁၅ ရက်သားတွင် ယူရီးယား နို့ဆီဘူး တစ်ဘူးကို ရေ နှစ်ဂါလံဖြင့် ရောစပ်၍ လောင်းပေးရပါမည်။ စိုက်ပြီးကာလ ၅ ပတ်အကြာတွင် ယူရီးယား ဓါတ်မြေဩဇာ နှစ်ကြိမ် ထည့်ပေးရပါမည်။ စိုက်ဘောင်များထဲသို့ ရေသွင်းပေးရပါမည်။ ပန်းပင်မှ ရေကို ကြိုက်နှစ်သက်သော်လည်း ရေဝပ်ခြင်းကို မကြိုက်ပါ။ စိုက်ပြီး တစ်လအတွင်း တစ်ပတ်လျှင် ရေနှစ်ကြိမ်ခန့် လောင်းပေးရပါမည်။ တစ်လကျော်လွန်ပါက တစ်ပတ်တစ်ကြိမ် ရေလောင်းပေး၍ မိမိ၏ဒေသ၊ ရာသီဥတုအပေါ်မူတည်၍ ရေလိုအပ်လျှင် ရေသွင်းပေးခြင်း ပြုလုပ်ရပါမည်။

              ဂန္ဓမာစိုက်ပျိုးပြီး တစ်လအကြာတွင် လက်ပေါင်းလိုက်ခြင်း၊ အပင်သက်တမ်းတစ်လျှောက် ပေါင်းမြက်ရှင်းလင်းခြင်းဖြင့် အပင်တွင် ကျရောက်မည့် ရောဂါများ ကင်းရှင်းစေပြီး အပင်ကြီးထွားမှုကိုလည်း အထောက်အကူပြုသကဲ့သို့ ပန်းပွင့်အရေအတွက်ကိုလည်း တိုးစေပါသည်။

          ခေါင်နှိမ်ခြင်း လုပ်ငန်းကို နောက်တစ်လအကြာတွင် ပြုလုပ်ပေးမှသာ ဘေးအညွန့်၊ အကိုင်းများ ထွက်လာစေပြီး ရယူလိုသော ပန်းပွင့်အနေအထားကိုကြည့်၍ ဖယ်ရှားသင့်ပါက ဖယ်ရှားပေးရပါမည်။ အပင်ကြီးထွားလာသည်နှင့်အမျှ အပင်တိုင်များ ယိုင်လဲကျိုးပဲ့ခြင်းမရှိအောင် ကြိုးတန်း (သို့မဟုတ်) ဝါးတန်းများဖြင့် ထိန်းပေးရပါမည်။

              ပန်းတွင်ကျရောက်သော ရောဂါများမှာ အမြစ်ပုပ်ရောဂါ၊ ရွက်ပြောက်ရောဂါ၊ ပင်ညှိုးရောဂါ၊ သံချေးတက်ရောဂါနှင့် မှိုဆိပ်ရောဂါများ အများဆုံးကျရောက်တတ်ပါသည်။ မှိုဆိပ်ရောဂါ ကျရောက် ပါက Sulphur သို့မဟုတ် Copper ပါသော မှိုသတ်ဆေးကို သုံးစွဲနိုင်ပါသည်။ ပန်းပွင့်တွင် ကျရောက်သောပိုးများမှာ ပျ၊ ဖြုတ်၊ ရွက်တွင်းပိုး၊ ရွက်စားပိုး၊ ပရစ်ပိုးများ ဖြစ်ပြီး ပိုးများကျရောက်လာပါက ပင်လုံးဖျန်းပိုးသတ်ဆေးကို သုံးစွဲသင့်ပါသည်။

              မိမိရွေးချယ်စိုက်ပျိုးသည့် ပန်းမျိုးအလိုက် ပန်းစပွင့်သည့်နေ့မှ ၄ ရက်ခြားတစ်ကြိမ် ခူးဆွတ်နိုင်ပါသည်။ ပန်းပွင့်အနေအထား၊ ဈေးကွက်အနီးအဝေးပေါ် မူတည်၍ နံနက်ခင်းအေးသော အချိန်တွင် ခူးဆွတ်သင့်ပါသည်။

              ပန်းအဝယ်ဒိုင်များမှ ပန်းစိုက်တောင်သူများထံသို့ တိုက်ရိုက်လာရောက်၍ ဈေးနှုန်းဖြတ် ဝယ်ယူခြင်း၊ အချို့က ငွေကြိုပေး၍ ဝယ်ယူခြင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် တောင်ကြီး၊ အောင်ပန်း ပန်းများဝင်ရောက်လာပါက ဒေသအတွင်း ပန်းဈေးကွက် ကျဆင်းသွားပြီး အဝယ်မလိုက်လာသော ကြောင့် ပန်းစိုက်တောင်သူများက တောင်ငူမြို့ရှိ ပန်းအဝယ်ဒိုင်သို့ ဆိုင်ကယ်၊ ဆိုင်ကယ်တွဲများဖြင့် ရောင်းချပါသည်။ တောင်ငူမြို့ရှိ ပန်းအဝယ်ဒိုင်များမှတစ်ဆင့် ဒေသတွင်း ပန်းရောင်းသူများထံသို့ လက် ကားဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချ၍ သော်လည်းကောင်း၊ ပန်းများကိုပြန်လည်ပြုပြင်ကာ ဈေးကွက်ရှိရာ ဖြူး၊ ကျောက်တံခါး၊ ညောင်လေးပင်၊ လယ်ဝေး၊ တပ်ကုန်းမြို့များသို့ တင်ပို့ရောင်းချလျှက်ရှိပါသည်။

              စိုက်ပျိုးတောင်သူများအနေဖြင့် ပန်းခင်းတစ်ဧကလျှင် ကျပ် ၂၅ သိန်းဝန်းကျင် ကုန်ကျပြီး ပန်းခင်းတစ်ဧက အထွက်နှုန်းမှာ ၁၀ ပင်စည်း အစည်း ၅၀၀၀ ခန့်ထွက်ရှိပါသည်။ ၁၀ ပင်စည်း တစ်စည်းလျှင် ၈၀၀ ကျပ်၊ ပန်းရှားသည့်ကာလတွင် ၁၀၀၀ ကျပ်မှ ၁၂၀၀ ကျပ်အထိ ရောင်းချရပါ သည်။ စိုက်ပျိုးတောင်သူများအနေဖြင့် တစ်နှစ်လျှင် ကျပ် ၁၅ သိန်းမှ ကျပ် ၂၅ သိန်းဝန်းကျင်ခန့် အမြတ်ရရှိ၍ ပန်းစိုက်တောင်သူများအနေဖြင့် ကုသိုလ်လည်းရ၊ ဝမ်းလည်းဝ၊ အကျိုးအမြတ်ရရှိမည့် ပန်း(ဂန္ဓမာ)ကို တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

 

မြန်မာ့ကော်ဖီအကြောင်း တစေ့တစောင်း

                  နံနက်မိုးလင်းလာပြီးသည်နှင့် နံနက်စာစားပြီး ကော်ဖီပူပူလေးသောက်ကာ လုပ်ငန်းခွင်သို့ ဝင်ရောက်ကြသည်။ အချို့ကလည်း မိုးအေးအေးတွင် ကော်ဖီပူပူလေးသောက်ပြီး ဇိမ်ယူတတ်ကြပါသည်။ ကော်ဖီသည် လူအတော်များများ နှစ်သက်စွာ စွဲလမ်းသောက်သုံးကြသည့် သောက်စရာတစ်ခု ဖြစ်ပါသည်။ တချို့ဆိုတစ်နေ့လျှင် ကော်ဖီတစ်ခွက်မှ မသောက်ရရင် တစ်ခုခုလိုအပ်နေသလိုမျိုး ကော်ဖီစွဲနေကြတဲ့သူတွေလည်း ရှိကြပါသည်။ ကော်ဖီကြိုက်သူများကတော့ ကော်ဖီသည် ကျန်းမာရေးအတွက် ကောင်းသည်ဟု ပြောကြသလို တချို့ကလည်း ကော်ဖီသည် ကျန်းမာရေးကို ထိခိုက်စေသည် ဟုဆိုသူလည်း ရှိပါသည်။ မည်သည့်အစားအစာမဆို တန်လျှင်ဆေး လွန်လျှင်ဘေး ဆိုသကဲ့သို့ ကော်ဖီသည်လည်း အတန်အသင့် သောက်သုံးပါက ကျန်းမာရေးအတွက် အထောက်အကူပြုမည် ဖြစ်သကဲ့သို့ အလွန်အကျွံ သောက်သုံးပါကလည်း ကျန်းမာရေးကို ထိခိုက်စေမည်မှာ ဓမ္မတာပင် ဖြစ်ပါသည်။

                  ကမ္ဘာပေါ်တွင် ကော်ဖီကို အေဒီ ၈ ရာစုက အီသီယိုးပီးယားမှ ဆိတ်ကျောင်းသားများက စတင်တွေ့ရှိခဲ့ကြောင်း၊ ဆိတ်တွေက ကော်ဖီသီးတွေကို စားပြီးနောက် မြူးတူးပျော်ပါးကြသည်ကို တွေ့ရသဖြင့် ကော်ဖီသီးတွေဟာ ဆိတ်တွေအပေါ်မှာ တစ်ခုခုသက်ရောက်မှုရှိသည်ကို ဆိတ် ကျောင်းသားတွေက သတိပြုမိခဲ့ကြကြောင်း၊ နောင်တွင် ထိုဒေသခံ ဘုန်းတော်ကြီးတစ်ပါးက ကော်ဖီသီးတွေကို အရည်ဖျော်သောက်ကြည့်တဲ့အခါ တစ်ညလုံးမအိပ်ချင်ဘဲ နိုးနိုးကြားကြား ဖြစ်နေသည်ကို သတိပြုမိခဲ့ကြောင်း၊ ၎င်းကော်ဖီတစ်ခွက်သည် ကမ္ဘာ့ပထမဆုံးကော်ဖီဖြစ်မည်ဟု ယူဆရကြောင်း ဖတ်ရှုမှတ်သားခဲ့ဖူးပါသည်။

              မြန်မာနိုင်ငံတွင် ၁၈၈၅ ခုနှစ်က ခရစ်ယာန်မစ်ရှင်အဖွဲ့သည် တနင်္သာရီဒေသ၌ ကော်ဖီ စိုက်ပျိုးရေးကို စတင်ခဲ့ကြောင်း သိရပါသည်။ သစ်တောဦးစီးဌာနက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်နှင့် မြိတ်ခရိုင်များတွင် စမ်းသပ်ကော်ဖီခြံနှစ်ခြံ တည်ထောင်ခဲ့ဖူးကြောင်း၊ တစ်ချိန်တည်းတွင် ကရင်ပြည်နယ် နန်ချိုဒေသတွင်လည်း ကော်ဖီခြံတစ်ခြံတည်ထောင်ခဲ့ဖူးကြောင်း သိရပါသည်။ ထို့နောက် ကရင်ပြည်နယ် သံတောင်ကြီးဒေသတွင် ဒေသခံတိုင်းရင်းသားများက မိမိတို့၏ အိမ်ခြံဝင်းများတွင် ကော်ဖီစိုက်ပျိုးလာကြပါသည်။ သံတောင်ကြီးဒေသနှင့်အနီးဆုံးဖြစ်သော တောင်ငူမြို့ တွင် အခြေစိုက်သည့် ရိုမန်ကက်သလစ် ခရစ်ယာန်သာသနာပြုအဖွဲ့များသည်လည်း ကော်ဖီစိုက်ပျိုးရန် အားပေးလှုံဆော်မှုကြောင့် ကော်ဖီစိုက်ပျိုးသူ တိုးတက်များပြားလာပါသည်။ သံတောင်ကြီး တောင်ပေါ်ဒေသထွက် ကော်ဖီသည် သာသနာပြုအဖွဲ့အခြေစိုက်ရာလည်းဖြစ်၊ လမ်းပန်းဆက်သွယ် ရေးလည်း ကောင်းမွန်သည့် တောင်ငူမြို့တွင် အရောင်းအဝယ်ဖြစ်ထွန်းရာမှ တောင်ငူကော်ဖီဟု ထင်ရှားလာခဲ့ပါသည်။

              ၄င်းဒေသများမှတဆင့် ရှမ်းပြည်တောင်ပိုင်း ကလော၊ အောင်ပန်း၊ ရွာငံ၊ ကချင်ပြည်နယ် မြစ်ကြီးနားနှင့် မန္တလေးတိုင်း ပြင်ဦးလွင်ဒေသများသို့  ကော်ဖီစိုက်ပျိုးခြင်းများ ပြန့်နှံ့ခဲ့ပါသည်။ ၁၉၃၀ ပြည့်နှစ်တွင်  ရိုမန်ကက်သလစ်သာသနာပြု  အဖွဲ့များသည်  Arabica ကော်ဖီမျိုးများကို ရှမ်းပြည်နယ် တောင်ပိုင်း၊ ရှမ်းပြည်မြောက်ပိုင်းနှင့်  မန္တလေးတိုင်း ပြင်ဦးလွင်ဒေသများတွင် စတင်မိတ်ဆက် စိုက်ပျိုးစေခဲ့သည်။ ၁၉၃၀ ခုနှစ်မှ ၁၉၃၄ ခုနှစ်များတွင် ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ချောင်းကွေ့ရွာအနီးတွင် စကော့လူမျိုး Mr.George Shand ဆိုသူက ဧက ၁၂၀ ရှိ Arabica ကော်ဖီခြံအား “Shan Mountain Coffee Estate” အမည်ဖြင့် တည်ထောင် စိုက်ပျိုးခဲ့ပြီး  စီးပွားဖြစ်နိုင်ငံတကာ  အဆင့်မှီကော်ဖီများ ထုတ်လုပ်ခဲ့ကြောင်း လေ့လာသိရှိခဲ့ရပါသည်။ ယခုအခါတွင် ဘိန်းအစားထိုးစီမံကိန်းအရ ကော်ဖီစိုက်ပျိုးရေးကို မြှင့်တင်ခဲ့ပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်များရှိ အိမ်ခြံဝန်းများတွင် ကော်ဖီစိုက်ပျိုးခြင်းကို တိုးချဲ့ဆောင်ရွက်ခဲ့ပါသည်။

              ကော်ဖီပင်သည် နှစ်ရှည်ပင်ဖြစ်ပြီး တစ်ခါစိုက်ပျိုးပြီး အပင်ဖြစ်ထွန်းပါက နှစ်ရှည်ဝင်ငွေရရှိမည့် သီးနှံပင်ဖြစ်ပါသည်။ သုံးနှစ်သားမှစတင်၍ ဖူးပွင့်ပြီး အသီးသီးပါသည်။ ငါးနှစ်သား၏အထက်တွင် စတင်၍ အသီးအထွက်နှုန်းများ ကောင်းမွန်ပြီး ဝင်ငွေ တိုးတက်ရရှိစေပါသည်။ ပေ ၂၅၀ဝ အထက် တောင်ပေါ်ဒေသများတွင် Arabica ကုန်းမြင့် ကော်ဖီမျိုးများကို စိုက်ပျိုးနိုင်ပြီး ပေ ၂၅၀ဝ အောက်နိမ့်သော ဒေသများတွင် Robusta မြေနိမ့်ကော်ဖီမျိုးများကို ရွေးချယ် စိုက်ပျိုးနိုင်ပါသည်။ ကော်ဖီပင်များကို စိုက်ပျိုးကြရာတွင် အရည်အသွေးကောင်းမွန်သော ကော်ဖီများရရှိရေးတို့အတွက် မျိုးကောင်းမျိုးသန့်မိခင်အပင်များကို ရွေးချယ်၍ မျိုးစေ့ထုတ်လုပ်ခြင်းကို ဒီဇင်ဘာလ၊ ဇန်နဝါရီလများတွင် ဆောင်ရွက်ရပါမည်။ ကော်ဖီကိုစိုက်ပျိုးရန် မြေမျက်နှာပြင် ညီညာပြီး မိုးသည်းထန်စွာရွာသွန်းချိန်တွင် ရေမဝပ်သည့် မြေနေရာကို ရွေးချယ်၍ ပျိုးခင်းပြုလုပ်ရပါမည်။ စိုက်ခင်းမြေကို ရွေးချယ်ရာတွင် မြေသားနက်၍ ရေစီးရေလာ ကောင်းမွန်သော၊ မြေစိုင် ဖွဲ့စည်းမှုကောင်းသော မြေမျိုးများကိုရွေးချယ်ရပါမည်။

              ကော်ဖီပင်ကို မျိုးစေ့မှ မျိုးပွားနည်း၊  ပင်ပိုင်းမျိုးပွားနည်းနှင့် Tissue Culture နည်းဖြင့် မျိုးပွားနည်းဟူ၍ မျိုးပွားနည်း(၃)မျိုးရှိကြောင်း လေ့လာသိရှိရပါသည်။ မျိုးစေ့မှ မျိုးပွားနည်းတွင် မျိုးစေ့ခံယူရန် မိခင်ပင်သည် ၈ နှစ်မှ ၁၅ နှစ်သားအရွယ်ရှိပြီး ရောဂါပိုးမွှားကင်း၍ အသီးတင်မှုနှင့် ကော်ဖီအရည်အသွေးကောင်းသည့် အပင်ဖြစ်ရန် လိုအပ်ပါသည်။ မျိုးစေ့ရွေးချယ်ရာတွင် ပြည့်ပြည့် ဝဝ မှည့်နေသော အလယ်ကိုင်းများ၏ အလယ်ပိုင်းမှအသီးကို ခူးဆွတ်ပြီး ရေစိမ်လိုက်ပါက ရေပေါ်မှာပေါ်သော အစေ့အဆံမအောင်သော အသီးများကို ဖယ်ရှားရပါမည်။ အခွံချွတ်၊ အကျိအချွဲဆေးရန် ၁၀ နာရီ ရေစိမ်၍ လေသလပ်အခြောက်ခံပြီး မကောင်းသော၊ ‌မှိုတက်နေသော၊ အခြမ်းပဲ့နေသော အစေ့များအား ဖယ်ရှားကာ လေလုံအောင် အိတ်နှင့် သိမ်းဆည်းရပါမည်။ 

               ကော်ဖီပင်များကို ပုံမှန်အားဖြင့် ဖေဖော်ဝါရီလတွင် ပျိုးထောင်ကြပါသည်။ ပျိုးဘောင်ကို  အရိပ် ၇၀ % ရသောနေရာမှာ စနစ်တကျပြင်ဆင်ရပါမည်။ ကော်ဖီစေ့များကို မှောက်ခုံစိုက်ပြီး တန်းကြား ၄ လက်မ၊ မျိုးစေ့ကြား ၁ လက်မနှင့် မြေအနက် ၀.၅ လက်မ ထားပျိုး၍ အပေါ်မှ ‌သဲနှင့် မြေအရောဖုံးပြီး ထိုအပေါ်မှာ ကောက်ရိုးဖုံးပေးရပါသည်။ အပင်ပေါက်ရန် ရက် ၃၀ မှ ရက် ၅၀ ခန့်ကြာမြင့်ပါသည်။ ပျိုးသက် နှစ်လသားမှ သုံးလသားအရွယ်တွင် အမြစ်ကောက်၊ ပျိုးသက်ရင့်၊ ရောဂါကျနေသောအပင်များအား ဖယ်ပြီး ပျိုးအိတ်ထဲသို့ပြောင်းပေး၍ ပြုစုစောင့်ရှောက်မှုနှင့် နေရောင်ဒဏ်ခံနိုင်ဖို့ တစ်ဆင့်ချင်းစီ နေကျင့်ပေးထားပါသည်။ ပျိုးအိတ်အရွယ်အစား ၆ x ၈ လက်မ ကိုသုံးရပါမည်။ ပျိုးအိတ်တွင် တောမြေဆွေး ၄ ဆ, နွားချေးမြေဆွေး ၁ ဆ ရောထည့်ရပါမည်။ ၂ လက်မအနက် ကျင်းဖောက်၍ ပျိုးပင်ကို တည့်တည့်စိုက်ပြီး မြေကိုသေ‌သေချာချာ ဖိသိပ်ပေးကာ ပျိုးဘောင်စနစ်တကျဖြင့် စီစီရီရီထားရပါမည်။  အပင်ပေါက်မှု ၉၅ရာခိုင်နှုန်းရှိနေစေရန် မျိုးစေ့ သက်တမ်း လေးလအတွင်း ပျိုးထောင်ရပါမည်။ ကော်ဖီစိုက်ပျိုးရာတွင် ပျိုးပင်၏ သက်တမ်း တစ်နှစ်သားအရွက်စုံခြောက်စုံမှ ရှစ်စုံရှိနေချိန် စိုက်ခင်းထဲသို့ မြေချစိုက်ပျိုးရပါမည်။

              ကော်ဖီပင်သည် အမြဲစိမ်းအပင်မျိုးဖြစ်ပြီး သဘာဝအတိုင်းထားပါက ပေ ၂၀ ကျော်အထိ အမြင့်ရှိပါသည်။ သို့ရာတွင် ကော်ဖီခြံများတွင် အသီးများအလွယ်တကူ ခူးဆွတ်နိုင်ရန် ကိုင်းများချိုင်ပေး ကြပါသည်။ အရွက်နှင့် အကိုင်းဆုံသည့် အရွက်ညှာခွများတွင် အလွန်မွှေးကြိုင်သည့် ပန်းဖြူများ အစုလိုက်ပွင့်ကြပါသည်။ ကော်ဖီတစ်ပင်သည် အနှစ် ၂၀ ကြာအောင် အသီးသီးပါသည်။ ကော်ဖီသီး များသည် ပထမတွင်အစိမ်းရောင်ဖြစ်၍ ထို့နောက်ဝါလာပြီး နောက်ဆုံးတွင် နီသွားပါသည်။ ရာသီဥတု ကောင်းသောဒေသများတွင် ကော်ဖီပင်သည် တစ်နှစ်လျှင် နှစ်ကြိမ် သုံးကြိမ်တိုင်အောင် ပွင့်နိုင်သီးနိုင်၍ တစ်ပင်တည်းမှာပင် အပွင့်နှင့် အစိမ်းသီး၊ အမှည့်သီးများ တွေ့ရတတ်ပါသည်။ ကော်ဖီသီးများမှည့်သောအခါ အသီးများခူးဆွတ်၍ အခြောက်လှမ်းခြင်း၊ အစေ့ထုတ်ခြင်းများ ပြုလုပ် ကြပါသည်။

              အနံ့၊ အရသာနှင့် ပြည့်စုံသော ကော်ဖီကို သောက်သုံးနိုင်ရန်အတွက် ကော်ဖီစေ့ အစိမ်းများကို ညိုဝါရောင်ရအောင် လှော်ပေးရပါသည်။ ရှေးက ကော်ဖီစေ့ကို အိမ်မှာပင်လှော်ယူကြသော် လည်း ယခုအခါတွင် အလုပ်ရုံကြီးများတွင် ခေတ်မီနည်းပညာများဖြင့် လှော်ကြပါသည်။ ကော်ဖီစေ့များကို လှော်ပြီးသောအခါ အမှုန့်ကြိတ်ရပါသည်။ ကော်ဖီကို အမှုန့်ကြိတ်ပြီးပြီးချင်း ဖျော်သောက်နိုင်လျှင် အကောင်းဆုံးဖြစ်သည်ကို သိရှိရပါသည်။ ကော်ဖီဖျော်သောက်ရာတွင် ရေဆူဆူဖြင့် နှပ်ပေးဖို့ အရေးကြီးပါသည်။ ကော်ဖီကို သူ့ချည်းသက်သက် သောက်သူရှိသလို နို့ဆီ၊ သကြားတို့နှင့်ဖြစ်စေ၊ ကြက်ဥအကာနှင့်ဖြစ်စေ ဖျော်သောက်သူများလည်း ရှိပါသည်။

              ကော်ဖီတွင် ပါဝင်သော caffeine သည် ဦးနှောက်တွင်ရှိသော မောပန်းစေသည့် အာရုံကြောအချက်ပြစနစ်ကို ပိတ်လိုက်သောကြောင့် ကော်ဖီသောက်လျှင် လန်းဆန်းတက်ကြွစေပြီး အားအင်ပြည့်ဝစေပါတယ်။ caffeine ကြောင့် ဇီဝကမ္မဖြစ်စဉ်များ မြန်လာပြီး အဆီတွေကို လောင်ကျွမ်းစေပါသည်။ ကော်ဖီလည်းကြိုက်၊ ကိုယ်အလေးချိန်လည်း မတက်ချင်သူများအတွက် ဝမ်းသာစရာဖြစ်ပါသည်။ caffeine က လှုံဆော်ပေး၍ ထွက်ရှိလာသော adrenaline ဟော်မုန်း သည် စိတ်ပျော်သွားစေခြင်း၊ တင်ကြွစေခြင်းကို ဖြစ်စေပါသည်။ caffeine သည် နာကျင်ရောင်ရမ်းခြင်းကိုလည်း လျှော့ချပေးနိုင်ပါသည်။ caffeine သည် ဦးနှောက်တွင်ရှိသော မှတ်ဉာဏ် ထိန်းသိမ်းရာနေရာကိုလည်း တိုက်ရိုက်သက်ရောက်မှုရှိပြီး မှတ်ဉာဏ်အားကောင်းစေအောင် လှုံ့ဆော်ပေးသဖြင့် အသက်ကြီးလာလျှင် ဖြစ်တတ်သော အတိတ်မေ့ရောဂါနှင့် မေ့လွယ်သည့်ရောဂါ ဖြစ်ပွားနှုန်းကိုလည်း လျှော့ချပေးပါသည်။ caffeine သည် Dopamine ထွက်အောင်လည်း လှုံ့ဆော်ပေးသဖြင့် စိတ်ကို ပျော်စေပါသည်။ သို့ဖြစ်ပါ၍ စိတ်ဓာတ်ကျနေသူများနှင့် စိတ်ရှုပ်နေသူများအတွက် ကော်ဖီသောက်လိုက်ခြင်းဖြင့် စိတ်ကို ပျော်ရွင်စေမှာ ဖြစ်ပါသည်။ ကော်ဖီသည် ဆီးချိုဖြစ်ပွားမှုကို လျှော့ချပေးနိုင်သလို ကော်ဖီတွင် ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါရှိသဖြင့် ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းကိုလည်း လျှော့ချပေးကြောင်း သိရှိရပါသည်။ ကော်ဖီတွင် Vitamin B, Magnesium နှင့် Potassium သတ္တုဓာတ်များလည်း ကြွယ်ဝစွာပါဝင်သဖြင့် အာဟာရ များစွာ ရရှိစေပါသည်။   

              ကိုယ်ခန္ဓာသည် ကော်ဖီကို လက်ခံနိုင်သော ပမာဏ တစ်ဦးနှင့်တစ်ဦး မတူညီကြသဖြင့်  မိမိခန္ဓာကိုယ်က လက်ခံနိုင်သည့် ပမာဏထက်ကျော်သွားသည့်အခါ ရင်တုန်ခြင်း၊ အားမရသလိုဖြစ်ခြင်းမျိုး ဖြစ်တတ်ပါသည်။ ကော်ဖီတွင်ပါဝင်သော caffeine သည် ညဘက်အိပ်မပျော်ခြင်းကို ဖြစ် စေတတ်ပါသည်။ ကော်ဖီက လူကို စွဲလမ်းစေတတ်ပါသည်။ မူးယစ်ဆေးကဲ့သို့ ကော်ဖီသည်လည်း သောက်တဲ့သူတိုင်းကို စွဲလမ်းစေတတ်သည့် အရာတစ်ခုဖြစ်ပါသည်။ ကိုယ်ဝန်ရှိချိန် ကော်ဖီကို တစ်ခွက် ထက်ပိုသောက်သုံးလျှင် ကလေးဆီသို့ caffeine ရောက်သွားပြီး အဆိပ်သင့်စေ၍ ကလေးပေါင်မပြည့်တာမျိုးတွေကို ဖြစ်စေတတ်ပါတယ်။ ကော်ဖီဟာ အစာရေမျိုပြွန်၏ ကြွက်သား များကို ပြေလျော့စေသဖြင့် အစာအိမ်ထဲက အက်ဆစ်များ ပြန်ဆန်တက်စေပြီး ရင်ပူခြင်းများကို ဖြစ်စေတတ်ကြောင်း သိရပါသည်။ သို့ဖြစ်၍ ကော်ဖီကို ဖြည့်စွက်အာဟာရအနေဖြင့် မသုံးဆောင် သင့်ကြောင်း သိရပါသည်။ 

              မြန်မာနိုင်ငံ၏ ကော်ဖီစိုက်ပျိုးမှုသည် ၂၀၂၀ ပြည့်နှစ်တွင် ဧကနှစ်သိန်းရှိမည်ဟု ခန့်မှန်း ထားပြီး ခန့်မှန်းတွက်ချက်ထားသည့်အတိုင်း ကော်ဖီစိုက်ပျိုးမှုကို တိုးချဲ့ဆောင်ရွက်နိုင်ပါက ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ ကော်ဖီထုတ်လုပ်မှုသည် တန်ချိန်ခြောက်သောင်းအထိ ရှိလာမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံထွက်ကော်ဖီကို အမေရိကန်၊ ဥရောပ၊ ဂျပန်၊ တောင်ကိုးရီးယား၊ ထိုင်း၊ တရုတ်နှင့် ထိုင်ဝမ်နိုင်ငံများသို့ တင်ပို့ရောင်းချလျှက်ရှိကြောင်း သိရပါသည်။ မြန်မာနိုင်ငံ ကော်ဖီစိုက်ပျိုးထုတ် လုပ်မှု၏ ထက်ဝက်ခန့်ကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါသည်။

              နိုင်ငံပိုင် ကော်ဖီနည်းပညာ ဖွံ့ဖြိုးရေးခြံများသည် အစိုးရနှင့် ပုဂ္ဂလိကပိုင်းဆိုင်ရာ စီးပွားဖြစ် ကော်ဖီထုတ်လုပ်ရေးအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်ပြီး ပြည်ပသို့တင်ပို့ရောင်းချရန်နှင့် ပြည်တွင်းစားသုံးမှု ဖြည့်ဆည်းရန်အတွက် ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည့်အပြင် မျိုးကောင်းမျိုးသန့်၊ မျိုးစေ့နှင့် ပျိုးပင်များဖြန့်ဖြူးပေးခြင်း၊ နည်းပညာများ ပို့ချပေးခြင်းတို့ကို ဆောင်ရွက်လျှက်ရှိပါသည်။ နိုင်ငံပိုင်ခြံများ၏ စုစုပေါင်းစိုက်ပျိုးထုတ်လုပ်မှု ဧရိယာမှာ ၃၂၆ ဟက်တာရှိကြောင်း၊ ပင်အို ပင်ဟောင်းများကို အထွက်နှုန်းကောင်း၊ အရည်အသွေးကောင်းမျိုးများဖြင့် အစားထိုးလဲလှယ်လျက်ရှိကြောင်း သိရပါသည်။

              မြန်မာနိုင်ငံတွင် ယခုအခါ ကော်ဖီဈေးကွက်မှာ မြင့်မားလာနေပြီး ကုန်ကြမ်းအဖြစ် သာမက တန်ဖိုးမြှင့်ကော်ဖီထုတ်ကုန်များအဖြစ် ရောင်းချပေးနိုင်ပါက ဈေးကွက်ပိုမို ကောင်းမွန်လာ မည် ဖြစ်ပါသည်။ မြန်မာ့ကော်ဖီများကို ကမ္ဘာ့နိုင်ငံများကပင် စိတ်ဝင်စားလာလျက်ရှိနေရာ ကော်ဖီ စိုက်ပျိုးသူ တောင်သူကြီးများသည် အရည်အသွေးနှင့် အဆင့်အတန်းမီသော ကော်ဖီမျိုးကောင်း မျိုးသန့်များကို ရွေးချယ်၍ စိုက်ပျိုးထုတ်လုပ်ခြင်း၊ ကော်ဖီလုပ်ငန်းရှင်များက တန်ဖိုးမြှင့် ကော်ဖီများထုတ်လုပ်ခြင်းဖြင့် ကမ္ဘာ့ကော်ဖီဈေးကွက်ကို ထိုးဖောက်သွားနိုင်မည်လည်း ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ကျင်းပပြုလုပ်

              စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)ပါ စားသုံးသူအခွင့်အရေးများသိရှိ၍ နစ်နာဆုံးရှုံးမှုများရှိပါက အရေးဆိုတိုင်ကြားနိုင် ရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း စားသုံးသူကာကွယ်ရေးဥပဒေပါတာဝန်နှင့်တားမြစ် ချက်များကိုသိရှိ၍ စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းများအား နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိရာ ပြည်သူလူထုထံအရောက် အသိပညာပေးရန် အခက်အခဲရှိချိန်တွင် Media မှတဆင့် အသိပညာပေးခြင်းများကို ဆောင်ရွက်လျှက်ရှိပါသည်။

          ထိုသို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ် မေလ ၃၀ ရက်နေ့ နံနက် ၁၀:၀၀နာရီအချိန်တွင် ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။

          စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးရာတွင် ဥပဒေပြဌာန်းရခြင်း၏ ရည်ရွယ်ချက်များ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များ၊ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေ(၂၀၁၄)နှင့်နှိုင်းယှဉ်ပါက စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၏ အားသာချက်များ ပြည်သူလူထုများပိုမိုသိရှိသင့်သည့် အခန်းကဏ္ဍများ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုအခြေအနေများ၊ နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ပြည်သူလူထုအကျိုးရှိမှုများ စားသုံးသူနစ်နာဆုံးရှုံးမှုများရှိ၍ တိုင်ကြားမှုအပေါ် ဖြေရှင်းဆောင်ရွက်ပေးမှုအခြေအနေများ၊ ကုန်စည်၊ဝန်ဆောင်မှုများ၏ တိုင်ကြားမှုဖြစ်စဉ်နမူနာများနှင့် ဥပဒေပါအခြားသိသင့်သိထိုက်သော အချက်အလက်များအား အကျယ်တဝင့်ဆွေးနွေးခဲ့ကြပြီး နံနက် (၁၀:၃၀) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။ ယခုကဲ့သို့ Media မှတစ်ဆင့် အသိပညာပေးဆောင်ရွက်ခြင်းဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်အလက်များကိုသိရှိ၍ စားသုံးသူအခွင့်အရေးများ ချိုးဖောက်ခံရ၍ နစ်နာဆုံးရှုံးမှုများရှိပါက အရေးဆို တိုင်ကြားနိုင်ခြင်းနှင့် ဘေးအန္တရာယ်ရှိသော ကုန်စည်၊ဝန်ဆောင်မှုများမှ ရှောင်ရှားနိုင်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြင့် စားသုံးသူများကို ကာကွယ်ပေးနိုင်မည့်အပြင် ၎င်းတို့၏စီးပွားရေးလုပ်ငန်းများလည်း မှန်ကန်သည့်လမ်းကြောင်းမှတဆင့် ပိုမိုလုပ်ဆောင်လာနိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။

DOCA(မန္တလေး)

“မိတ္ထီလာခရိုင်အတွင်းရှိ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စေရေး တွေ့ဆုံဆွေးနွေးခြင်း”

            မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ခတ္တာလမ်းနှင့် (၁၁)လမ်းထောင့်၊ အောင်ဆန်း(၂) ရပ်ကွက်၊ မိတ္ထီလာမြို့၌ မာလာကြက်အူချောင်း(အချို၊အစပ်) ထုတ်လုပ်ရောင်းချနေသော လုပ်ငန်းရှင်တစ်ဦးသည် ၎င်း၏အမှတ်တံဆိပ်တွင် ထည့်သွင်းဖော်ပြသွားမည့် ကုန်အညွှန်းအမှတ်အသားများတွင် စားသုံးသူကာကွယ်‌ရေးဥပဒေပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိ/မရှိနှင့် လိုအပ်ချက်များ ပြင်ဆင်ပြုပြင်နိုင်ရန်အတွက် စိစစ်ဆောင်ရွက်ပေးပါရန်၂၀၂၂ခုနှစ်၊ မေလ ၃၀ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ ပါသည်။

          အဆိုပါ တွေ့ဆုံမှုအရ မာလာကြက်အူချောင်း(အချို၊အစပ်) စသည့် ကုန်စည်များကို မိသားစုလုပ်ငန်းအနေဖြင့်  ထုတ်လုပ်ပြီး၊ မိတ္ထီလာမြို့အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ထို့နောက် ခရိုင်ဦးစီးမှူးမှ အသားနှင့်အသားထွက်ပစ္စည်းအမျိုးမျိုးတွင် ကုန်စည်အမျိုးစားအလိုက် ကုန်အညွှန်းအမှတ်သားများအား ပြည့်စုံစွာဖော်ပြရန်အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ထုတ်ပြန်ထားရှိသည့် ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်းဆိုင်ရာ အမိန့်ကြေငြာစာ (၂/၂၀၁၉)အား ထုတ်ပြန်ထားရှိကြောင်းကိုလည်းကောင်း၊ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတွဲလျှက်ဖြစ်စေ ဖော်ပြရမည့်အချက်အလက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး ဌာနသို့စိစစ်ဆောင်ရွက်ပေးပါရန် တင်ပြလာမှုအပေါ် ကူညီဆောင်ရွက်ပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)                          

Pages

Subscribe to RSS - HighLight News