HighLight News

Powered by Drupal

ပခုက္ကူမြို့ပေါ်နှင့် လယ်ယာကျေးရွာရှိလုပ်ငန်းရှင်များသို့ သွားရောက်တွေ့ဆုံအသိပညာပေး

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များကိုလိုက်နာဆောင်ရွက်ခြင်းဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး မိမိတို့လုပ်ငန်းများ၌ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိပြီး အကျိုးစီးပွားအောင်မြင်ဖြစ်ထွန်းစေရန်ရည်ရွယ်၍ (၁၆-၂-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဒုတိယခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ပခုက္ကူမြို့ပေါ်နှင့် လယ်ယာကျေးရွာများရှိ ဒေသတွင်းစားသောက်ကုန်များဖြစ်သော ကိတ်နှင့်မုန့်မျိုးစုံ၊ ကြက်ဥခေါက်မုန့်၊ ဂျိုးဖြူကြော်များထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော လုပ်ငန်းရှင် (၄)ဦးအား အသိပညာပေးဆွေးနွေးခဲ့ပါသည်။

     အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် ဒုတိယခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ တားမြစ် ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသော ညွှန်ကြားချက်ပါ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြ ရမည့်အချက်အလက်များ၊ လုပ်ငန်းရှင်များကလည်း မိမိတို့ထုတ်လုပ်သော ကုန်စည်အမျိုးအစားအလိုက် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များနှင့်ကိုက်ညီသည့် ကုန်စည်များကို စားသုံးသူရေးရာဦးစီးဌာန၏ စိစစ်ခွင့်ပြုချက်ရရှိရန် လျှောက်ထားနိုင်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

    ဆက်လက်၍ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူများတွင် စားသုံးသူအခွင့်အရေးနှင့်တာဝန်များလည်းရှိကြောင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများလည်းရှိ၍ ရိုးရှင်းမှန်ကန်သည့် သတင်းအချက်အလက်များကိုသာပေးစေလိုကြောင်း၊ စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် ဈေးကွက်များပိုမိုရရှိလာနိုင်ပြီး စားသုံးသူများကလည်း လုံခြုံစိတ်ချရသောကုန်စည်များကို ရွေးချယ်ဝယ်ယူသုံးစွဲလာနိုင်ကာ နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူးများရရှိစေလိုကြောင်း၊ ၎င်းနောက် သိရှိလိုသည်များနှင့် အခက်အခဲများကိုလည်း ရင်းနှီးပွင့်လင်းစွာဆွေးနွေးစေလိုကြောင်း အသိပညာပေးခဲ့ပြီးနောက် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။ 

DOCA(မကွေး)                                                                           

ဂန့်ဂေါမြို့အတွင်း ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ရေး ကွင်းဆင်းတွေ့ဆုံဆောင်ရွက်ပေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါအခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်နှင့် လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော စီးပွားရေးလုပ်ငန်းရှင်များဖြစ်လာစေရန်ရည်ရွယ်၍ (၁၉-၂-၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ဇာဇာချိုဦးသည် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်လာစေရေးအတွက် ဂန့်ဂေါမြို့၊ စည်ပင်သာယာရပ်ကွက်ရှိ “IDOL” မုန့်မျိုးစုံထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်ထံသို့သွားရောက်၍ ကုန်အညွှန်းအမှတ်တံဆိပ်ပြည့်စုံစွာပါဝင်လာစေရေး အသိပညာပေးဆွေးနွေးခဲ့ပါသည်။

      ထိုသို့ဆွေးနွေးရာတွင် ဒုတိယဦးစီးမှူး ဒေါ်ဇာဇာချိုဦးက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြခြင်းဖြင့် ဈေးကွက်အတွင်းရှိ  မိမိတို့ထုတ်ကုန်များမှာ စားသုံးသူများအား ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ အာမခံချက်ပေးခြင်း၊ သတင်းအချက်အလက်များပြည့်စုံမှန်ကန်စွာထည့်သွင်းခြင်းတို့ကြောင့် စားသုံးသူများမှာ စီးပွားရေးလုပ်ငန်းရှင်များအပေါ်  ယုံကြည်မှုများရရှိလာပြီး အကျိုးစီးပွားများပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်သည့် ဥပဒေပြဋ္ဌာန်းချက်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းကို သိရှိလိုက်နာစေရန်ဆွေးနွေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှုရှိ/မရှိကို မိမိတို့ဌာနသို့ တင်ပြစိစစ်လျှောက်ထားနိုင်ကြောင်း၊ ကုန်အမှတ်တံဆိပ်စိစစ်ခွင့်ပြုချက်များကို ပြုလုပ်ဆောင်ရွက်ထားစေလိုကြောင်း၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုမရှိသည့် ကုန်စည်များတွေ့ရှိလာပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သဖြင့် လုပ်ငန်းရှင်များလိုက်နာဆောင်ရွက်စေလိုကြောင်း အသေးစိတ်ဆွေးနွေးခဲ့မှုကိုသိရှိရပါသည်။

DOCA(မကွေး)

မြစ်ကြီးနားမြို့ရှိ ကုန်စုံဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ  ဦးတင်မောင်ထွန်း(ရုံးအုပ်) သည် (၂၂-၂-၂၀၂၄) ရက်နေ့တွင် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချသော Sut-3 (ကုန်စုံဆိုင်)သို့သွားရောက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ၌ ဝါးလားအမှတ်တံဆိပ်ပါ ကြက်သားအရသာဆီချက်ခေါက်ဆွဲအစပ်တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းတို့ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့်ကုန်စည်များကို ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ပြီးနောက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA( ကချင်)

ဓာတ်မြေသြဇာနှင့် စိုက်ပျိုးရေးသုံးဆေးအမျိုးမျိုးရောင်းဝယ်ရေးလုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည် (၂၁-၂-၂၀၂၄) ရက်နေ့တွင် ဝိုင်းမော်မြို့၊ အမှတ်(၃)ရပ်ကွက်အတွင်းရှိ ဓာတ်မြေသြဇာနှင့် စိုက်ပျိုးရေးသုံးဆေးအမျိုးမျိုးရောင်းချသည့် လုပ်ငန်းရှင် (၂)ဦးနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရန်အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဆွေးနွေးရာတွင် ဦးဘောမ်ဇုန်း(ရုံးအုပ်)က စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ၊ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုလိုကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သောသတင်းအချက်အလက်များပေးခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း စသည့်အချက်များ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများဖြစ်သော စားသုံးသူကလက်ခံသုံးစွဲနိုင်သောအရည်အသွေးရှိခြင်း၊ ကုန်စည်၏အရည်အသွေး၊ အချင်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိခြင်း စသည့်အချက်များ၊ မိမိဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အချက်အလက်များကို စားသုံးသူကသိရှိစေရန် ကြိုတင်အသိပေးခြင်း စသည့်အချက်များကို သိရှိလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

ဗန်းမော်ခရိုင်ဦးစီးမှူးရုံး၌ စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

     ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် (၂၁-၂-၂၀၂၄) ရက်နေ့တွင် ဗန်းမော်ခရိုင်ဦးစီးမှူးရုံး၌ လက်ဖက်နှပ်၊ ချင်းနှပ်နှင့် နှစ်ပြန်ကြော်ထုတ်လုပ်ရောင်းချသော စီးပွားရေးလုပ်ငန်းရှင် (၂)ဦးနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ထိုသို့ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပါယ်ဖွင့်ဆိုချက် ၊ ကုန်စည်/ဝန်ဆောင်မှု၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကုန်စည်၏တံဆိပ်အမှတ်အသား၊ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ကုန်စည်တွင်ပါဝင်သော ကုန်ကြမ်းပစ္စည်းအမျိုးအမည်များနှင့် ပစ္စည်းများ၏ပမာဏ၊ ပါဝင်မှုအချိုးအစား၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သိုမဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်းတို့ကို ရှင်းလင်းဆွေနွေးခဲ့ပြီး လုပ်ငန်းခွင်သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ကုန်ကြမ်းရရှိမှုအခြေအနေ၊ ဈေးကွက်တွင် တန်ဖိုးမြှင့်ထုတ်ကုန်များဖြန့်ဖြူးနိုင်ရေးတို့ကိုလည်း ပြောကြားရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

ပေါင်းတည်မြို့နယ်၊ မင်းကွက်(၁)၊ (အ-ထ-က) ကျောင်းတွင် စားသုံးသူအသိပညာပေးဟောပြောဆွေးနွေးပွဲပြုလုပ်

    နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ (၁၄-၂-၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပေါင်းတည်မြို့နယ်၊ မင်းကွက်(၁) ရပ်ကွက်၊ (၁၇)လမ်း (အ-ထ-က) ကျောင်း၌ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်သူများအား စားသုံးသူအသိပညာပေး ဟောပြောဆွေးနွေးခြင်းများပြုလုပ်ခဲ့ပါသည်။

     အဆိုပါဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးနိုင်ဝင်းသိန်းက စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပါ စားသုံးသူအခွင့်အရေး (၈)ချက်နှင့် ဥပဒေအခန်း (၁၈) ပါ ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်းကို ဟောပြောဆွေးနွေးခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်အေးစုစံကလည်း စာဖတ်ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများအကြောင်းကိုဟောပြောခဲ့ရာ ၎င်းဟောပြောဆွေးနွေးပွဲသို့ ဆရာ/ဆရာမနှင့် ကျောင်းသား/ ကျောင်သူ (၅၀) ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်၊ ပြည်မြို့ပေါ်ရှိ ဆေးအရောင်းဆိုင်ကြီးများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်သူအများ ဆေးနှင့်ဆေးပစ္စည်းများကို သက်သာချောင်ချိမှုရှိစွာ/ လွယ်ကူစွာဝယ်ယူရရှိနိုင်စေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ဆေးနှင့်ဆေးပစ္စည်းများကို ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားမှုရှိစေရေးအတွက် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်ကြီးများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်လျက်ရှိရာ  ဒု-ခရိုင်ဦးစီးမှူး၊ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံနှင့်ဝန်ထမ်းများသည် ပြည်ခရိုင်စုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ ပြည်ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနပါဝင်သော မိတ်ဖက်အဖွဲ့များနှင့်ပူးပေါင်း၍ (၁၅-၂-၂၀၂၄) ရက်နေ့တွင် ပြည်မြို့ပေါ်ရှိဆေးနှင့် ဆေးပစ္စည်းလက်ကားအရောင်းဆိုင်ကြီးများသို့သွားရောက်ကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

     ယင်းသို့ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ရာတွင် ပြည်ခရိုင်အတွင်းရှိ ဆေးဆိုင်ကြီးများတွင်ရောင်းချလျက်ရှိသော ဆေးနှင့်ဆေးပစ္စည်းဈေးနှုန်းများအနေဖြင့် ဒေသတွင်းသင့်တင့်မျှတမှုရှိသော ဈေးနှုန်းများဖြင့်သာရောင်းချလျက်ရှိကြောင်းနှင့် ဆေးဝါးများပြတ်လပ်မှုမရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်ခရိုင်အတွင်းရှိ လုပ်ငန်းရှင်များအား ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းမှန်ကန်ပြည့်စုံစွာဖော်ပြမှုရှိစေရေး ရှင်းလင်းဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများအားလုံးသည် ကုန်စည်နှင့်ဝန်ဆောင်မှုများကိုဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးအတွက် ခရိုင်အတွင်းထုတ်လုပ်လျက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိစေရေးရည်ရွယ်၍ ဆောင်ရွက်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလအတွင်း ပြည်မြို့၊ နဝင်းရပ်ကွက်၊ ဖိုးခေါင်ကွက်သစ်နှင့် ချောင်းနားတန်းရွာထိပ်ရှိ ရွှေပြည့်မြေပဲခွဲစက်၊ ရွာဘဲရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ဦးဝေလင်းဆီစက်၊ နဝဒေးရပ်ကွက်ရှိ ဦးချစ်ကိုကို၏ ဆန်မရွေးလုပ်ငန်းတို့သို့လည်းကောင်း၊ ရွှေတောင်မြို့၊ တည်ကုန်းတောင်ပိုင်းရှိ သရဖူဆန်စက်နှင့် ဝိသာခါဆန်စက်၊ ဆေးရုံတန်းလမ်း၊ ကြာနီကန်ရပ်ကွက်ရှိ ဧဝရတ်ဆီစက်တို့သို့လည်းကောင်း၊ ပေါက်ခေါင်းမြို့၊ ဘန့်ပြင်ကျေးရွာရှိ မြွေနဂါးကြံမွနှင့် မြေပဲကြံသကာမရွေးလုပ်ငန်းနှင့် အမှတ်(၃)ရပ်ကွက်ရှိ ဇွဲဓန မြေပဲယို၊ နှမ်းယိုလုပ်ငန်းတို့သို့လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသွားရောက်၍ မိမိတို့ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချင်အတွယ်၊ ပမာဏနှင့် အမျိုးအစားများကို မှန်ကန်စွာထည့်သွင်းဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိစေရေး၊ ကုန်စည်အလိုက် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်းကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့်အတူ အရေးယူဆောင်ရွက်မှုများပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထူးအလေးထားလိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့မှုကိုသတင်းရရှိပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိ

     စားသုံးသူပြည်သူများအတွက် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှုအခြေအနေတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်းကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလအတွင်း ပြည်ခရိုင်၊ ပြည်မြို့တွင် ကလေးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများကို မြို့သစ်ရပ်ကွက်၊ ဆေးဆိုင်နှင့် ရွာဘဲရပ်ကွက်ရှိ ဆေးဆိုင်များသို့လည်းကောင်း၊ ရွှေတောင်မြို့၊ ကြာနီကန်ရပ်ကွက်ရှိ ကုန်စုံဆိုင်များသို့ စားသုံးဆီများ၊ ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါးများကို မြို့ပေါ်ဆေးဆိုင်များ၊ ကလေးတစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများကို ယွန်းတန်းရပ်ကွက်ရှိ ကုန်စုံဆိုင်များသို့လည်းကောင်း၊ ပန်းတောင်းမြို့တွင် ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါးများကို မြို့ပေါ် ဆေးဆိုင်များသို့လည်းကောင်း သက်ဆိုင်ရာမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသွားရောက်၍ ကုန်အညွှန်းအမှတ်အသားပါ သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိသော ကုန်စည်များကိုတင်သွင်းရောင်းချခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းနှင့် စောင့်ကြည့်စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားဖော်ပြချက်များနှင့်ကိုက်ညီမှုရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာများနှင့် အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများဟောပြောဆွေးနွေး

  စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရပ်ကွက်/ကျေးရွာနေစားသုံးသူပြည်သူများနှင့် တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ်များဖြစ်သော ကျောင်းသား/ ကျောင်းသူများအနေဖြင့် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးရည်ရွယ်၍ ခရိုင်အတွင်းမြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာများနှင့် အခြေခံပညာကျောင်းများတွင် အသိပညာပေးဟောပြောဆွေးနွေးခြင်းများကို အင်တိုက်အားတိုက်လုပ်ဆောင်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလအတွင်း ပြည်မြို့နယ်၊ အ-မ-က (မူယာပင်)ကျောင်း၊ အ-ထ-က(ခွဲ)လက်ပံလှကျောင်းနှင့် အ-ထ-က(ခွဲ) တီတွတ်ကျောင်းများသို့လည်းကောင်း၊ ရွှေတောင်မြို့နယ် အ-မ-က(ကြာနီကန်)၊ အ-မ-က (ကမ်းနားတန်း)၊ အ-မ-က (သဲတန်း)ကျောင်း၊ အ-မ-က(မြောက်ပိုင်း)ကျောင်းနှင့် သာစည်ကုန်းရွာတို့သို့လည်းကောင်း၊ ပန်းတောင်းမြို့နယ်တွင် အ-မ-က(ဆင်ကူး)၊ အ-မ-က(ကွေ့မ)ကျောင်းများသို့လည်းကောင်း၊  မြို့နယ်တာဝန်ခံများနှင့်ဝန်ထမ်းများသည် မြို့နယ်ပူးပေါင်းမိတ်ဖက်ဌာနဆိုင်ရာများနှင့်အတူသွားရောက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါအသိပညာပေးဟောပြောခြင်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာမြို့နယ်တာဝန်ခံများက စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များ၊ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့်ပုဂ္ဂိုလ်များနှင့်နည်းလမ်းများ၊ တိုင်ကြားနိုင်သည့်ဖုန်းနံပါတ်နှင့်လိပ်စာ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟုတားမြစ်ထုတ်ပြန်ထားသော ကုန်စည်များအား ရွေးချယ်ဝယ်ယူခြင်းမပြုရန် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာရွေးချယ်ဝယ်ယူကြရန် အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီးနောက် စားသုံးသူအသိပညာပေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များလည်းဝေငှပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - HighLight News