သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဟင်းသီးဟင်းရွက်ဆီနှင့်စပ်လျဉ်းပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များနှင့် ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၈)ရက်နေ့ နံနက် (၉:၃၀)နာရီအချိန်တွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လိုက်နာဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရန်နှင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်စပ်လျဉ်းပြီး အခက်အခဲနှင့် အကြံပြုချက်ရှိ/မရှိ မြေပြင်ကွင်းဆင်းပြီး မေးမြန်းဆောင်ရွက်ခဲ့ပါသည်။

       ထို့နောက် စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် မြို့မဈေးနှင့် ရပ်ကွက်လက်လီ/ လက်ကားဟင်းသီးဟင်းရွက်ဆီ အရောင်းဆိုင်(၅)ဆိုင်အား ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဟင်းသီးဟင်းရွက်ဆီရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့ရောင်းချသည့် ဟင်းသီးဟင်းရွက်ဆီများ မှာ တရားဝင်ကိုယ်စားလှယ်များက ဝယ်ယူသိုလှောင်ပြီး ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်း၊ ၎င်းတို့ဒေသအနေဖြင့် ကိုယ်ပိုင်အမည်တံဆိပ်ပြုလုပ်၍ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ခြင်းမရှိသည့်အတွက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ အခက်အခဲနှင့် အကြံပြုချက်မရှိပါကြောင်း စစ်ဆေးတွေ့ရှိရပါသည်။        

         ဆက်လက်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားနှင့်ပြည့်စုံသော ကုန်စည်များကိုသာ ဝယ်ယူရောင်းချရန်၊ တရားမဝင်တားမြစ်ထားသောကုန်စည်များကို ဈေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားမှုပြုလုပ်ခြင်းကို စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး “စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)                                                                                                 

 

 

စစ်ကိုင်းတိုင်းဒေသကြီးတွင် ဇန်နဝါရီလအတွင်း စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

မုံရွာ၊ ဖေဖော်ဝါရီ ၇

            စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ် ကင်း ရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက် အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှု အခြေအနေတို့နှင့်စပ်လျဉ်း၍   ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

           ထိုသို့စောင့်ကြည့်စစ်ဆေးနိုင်ရန် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူးအောက်မနိမ့်သူကို စစ်ဆေးရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေး၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိမိတို့ဌာနမှဦးဆောင်၍သော်လည်းကောင်း၊ မိတ်ဖက် ဌာနများဖြစ်သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေး၊ စည်ပင်၊ စိုက်ပျိုးရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပါဝင်သော အဖွဲ့ဖြင့်သော်လည်းကောင်း စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်း ရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်း စွာ အသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးတို့အတွက် ၂၀၂၃ခုနှစ် ဇန်နဝါရီလတွင် ဈေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်များ၊ လူသုံးကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးလုပ်ငန်းများ (၃၂)ကြိမ် ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် တစ်နှစ်စာအတွင်း ဦးစားပေးဆောင်ရွက်ရန် လျာထားသည့်  ကုန်စည် (၇) မျိုးဖြစ်သည့် အချိုရည်၊ စားသုံးဆီ၊ သွားတိုက်ဆေး၊ ဆပ်ပြာခဲ၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာရည်၊ ခေါက်ဆွဲခြောက်၊ စက်သုံးဆီနှင့် အသားလုံး၊ အသားချောင်းများစစ်ဆေးခြင်း၊ မှတ်ပုံတင်ခြင်းမရှိသော ဆေးဝါးများ၊ အလှကုန်ပစ္စည်း၊ ခွင့်ပြုချက်မပါသော စားသောက်ကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ စားသုံးသူများအနေဖြင့်  ကုန်စည်များ ဝယ်ယူအသုံးပြုရာတွင် ယင်းကုန်စည်နှင့်ပတ်သက်သည့်သတင်းအချက်အလက်များ ပြည့်စုံစွာရရှိနိုင်ပြီး စားသုံးသူ၏လိုအပ်ချက်နှင့်ကိုက်ညီသည့်ကုန်စည်များအားရွေးချယ်ဝယ်ယူနိုင်စေရေးအတွက် စားသုံးသူ ကာကွယ်ရေးဥပဒေပါ မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာဖော်ပြနိုင်ရေး၊ ဌာန၏ အတည်ပြုချက်ရယူရန်တင်ပြလာပါက ဌာနမှ ဥပဒေနှင့်ကိုက်ညီမှု ရှိ/မရှိ စိစစ်ပြန်ကြားပေးနိုင်ရေး တို့ကို ဆွေးနွေးအသိပေးပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနများမှလည်း သတ်မှတ်လိုင်စင်များ ရှိ/မရှိ စစ်ဆေးပြီး၊ လိုင်စင် လျှောက်ထားနိုင်ရေး၊ သက်တမ်းကုန်လိုင်စင်များအား သက်တမ်းတိုးဆောင်ရွက် နိုင်ရေး၊ စားသုံးရန် သို့မဟုတ် အသုံးပြုရန် မသင့်သည့် ကုန်စည်များအား ရောင်းချခြင်းမပြုစေရေး အသိပညာပေးပြောကြားခဲ့ပါသည်။   

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ရက်ကန်းသင်တန်းကျောင်၌ ကျင်းပသော တန်ဖိုးမြှင့်ထုတ်ကုန်Bakery နည်းပညာသင်တန်းတွင် အသိပညာပေးဟောပြော

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင် ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၆.၂.၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ ရက်ကန်းသင်တန်းကျောင်းက ဦးစီးကျင်းပသော တန်ဖိုးမြှင့်ထုတ်ကုန် Bakery နည်းပညာသင်တန်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြု လုပ်ခဲ့ပါသည်။

        အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဒု-ခရိုင်ဦးစီးမှူး၊ ဒေါ်တိုးတိုးချွန်က စားသုံးသူကာကွယ်ရေးဦးစီးဌာန အကြောင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ပေါ်ပေါက်လာရခြင်းအကြောင်း၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့၏ ရည်မှန်းချက်၊ မျှော်မှန်းချက်နှင့်လုပ် ဆောင်ချက်များ ကွဲပြား ပုံအကြောင်း၊ ပြည်သူများအနေဖြင့် မိမိတို့ရွေးချယ် အသုံးပြုလိုက်သော ကုန်စည်ကြောင့်ဖြစ်စေ၊ ဝန်ဆောင်မှုကြောင့်ဖြစ်စေ ထိခိုက်နစ်နာမှုများရှိပါက မိမိတို့၏ စားသုံးသူအခွင့်အရေးကို နစ်နာဆုံးရှုံးမှုများ ကြုံတွေ့ရပါက တိုင်ကြားကြစေလိုကြောင်း၊ ပြည်သူအားလုံး ယင်းအလေ့အကျင့်များ ရှိစေလိုကြောင်း၊ တိုင်ကြားရုံသာမက မိမိတို့ဘက်မှလည်း လိုက်နာရမည့် တာဝန်များကိုလိုက်နာကြရန် လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။  ဆက်လက်၍ ဒေါ်စန်းစန်းဝေ၊ ဦးစီးမှူး က စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ အကြောင်းရှင်းလင်းပြောကြားပြီး ကုန်စည်(သို့) ဝန်ဆောင်မှုနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများကြောင့် တိုင်ကြားလာသော ကိစ္စရပ်များအားလည်း ဌာနမှညှိနှိုင်းပေးသဖြင့် အဆင်ပြေသွားသည့်အမှုကိစ္စများ များစွာရှိပါကြောင်း၊ တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ဆက်သွယ်နိုင် သည့်ဖုန်းနံပါတ်များ၊ ပြည်သူတိုင်းသည်စားသုံးသူများဖြစ်၍ စားသုံးသူတိုင်းမှာ စားသုံးသူအခွင့် အရေးရှိပါကြောင်း အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီး သင်တန်းသား/သူများမှ စိတ်ပါဝင်စားစွာဖြင့် သိရှိလိုသည်များကို မေးမြန်းခြင်း၊  ပြန်လည်ဖြေကြားခြင်း၊ လက်ကမ်းစာစောင်များဖြန့် ဝေခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

လွိုင်ကော်မြို့သီရိမဂႅလာဈေးအတွင်းရှိအသားငါး၊ ကြက်ဥ/ဘဲဥများသန့်ရှင်း လတ်ဆတ်မှုရှိ/မရှိကွင်းဆင်းစစ်ဆေး

        စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ် ၊ ဖေဖော်ဝါရီလ(၈)ရက်နေ့၊ နံနက်(၈:၃၀)နာရီအချိန်တွင်  လွိုင်ကော်မြို့၊ သီရိမဂႅလာဈေးအတွင်းရှိ အသားငါး၊ ကြက်ဥ/ဘဲဥရောင်းချနေသောဆိုင်များသို့ သန့်ရှင်းလတ်ဆတ်မှုရှိ/မရှိနှင့် သန့်ရှင်းသောရောင်းချခြင်းစနစ်ရှိ/မရှိ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ဖြင့်ပူးပေါင်း၍ ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဈေးအတွင်းရှိ ကြက်သားနှင့်ငါးများကို ရန်ကုန်တိုင်းဒေသကြီးနှင့် တောင်ကြီးမြို့မှ အများဆုံးမှာယူတင်သွင်းရောင်းချကြောင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံအင်းမှ ငါးများနှင့်ဒေသငါးများကိုလည်း မှာယူတင်သွင်းရောင်းချသည်ကို တွေ့ရှိရပါကြောင်း၊ ရောင်းချသောဈေးသည်များအနေဖြင့် Mask များနှင့် ရော်ဘာလက်အိတ်များဝတ်ဆင်ပြီး စနစ်တကျရောင်းချရန်လိုအပ်ကြောင်း၊ ဈေးသည်များအနေဖြင့် အလေးချိန်မှန်ကန်စွာရောင်းချရန်လိုကြောင်း၊ စစ်ဆေးနေစဉ်အတွင်း သန့်ရှင်းလတ်ဆတ်မှုမရှိသော အသားအနည်းငယ်ကိုတွေ့ရှိရပါသဖြင့် စည်ပင်သာယာရေးအဖွဲ့က သိမ်းဆည်းကာ မီးရှို့ဖျက်ဆီးခဲ့ပါကြောင်းနှင့် သန့်ရှင်းလတ်ဆတ်မှုမရှိသောအသားငါး၊ ဥများနှင့် ကူးစက်ရောဂါရနေသောအသားငါးများအား ရောင်းချခြင်းမပြုရန် အသားငါး၊ ကြက်ဥ/ဘဲဥများရောင်းချနေသော ဆိုင်(၃၇)ဆိုင်အား အသိပညာပေး စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

DOCA(ကယား)

ညောင်ဦးမြို့တွင် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

        မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အနောက်ဖွားစော(အ.လ.က)ကျောင်း၌ (၃.၂.၂၀၂၃)ရက်နေ့ နေ့လယ် ၁၃:၀၀ နာရီ အချိန်တွင် ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလည်း ပူးပေါင်းပါဝင်ဟောပြောခဲ့ပါသည်။

             အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သူဇာစိုးမှ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆက်လက်၍ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာဗဟုသုတများအားလည်းကောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင် ဦးစီးမှူး ဦးသန်းစိုးမှ စားသုံးသူကာကွယ်ရေးဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ၏အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့ကြား ကော်မရှင်နှင့် ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသော လုပ်ငန်းစဉ်ကို ဆိုလိုတာဖြစ်ကြောင်း၊ စားသုံးသူများတွင် အခွင့်အရေး (၈)ချက်ရှိကြောင်း၊ ၎င်းအခွင့်အရေးများမှာ (၁)စားသုံးသူများအတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ် ချက်များအပေါ်တွင် စိတ်ကျေနပ်မှုရရှိစေခြင်း၊ (၂)ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဘေးအန္တရာယ် ကင်းရှင်းစွာအသုံးပြုခွင့်ရှိခြင်း၊ (၃)ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူအသုံးပြုရာ တွင် လိုအပ်သောသတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့်ပြေစာ သို့မဟုတ် အထောက် အထားရယူခွင့်ရှိခြင်း၊ (၄)ဈေးကွက်အတွင်းရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍  စားသုံး သူစိတ်ကြိုက်ရွေးချယ်ဝယ်ယူခွင့်ရှိခြင်း၊ (၅)စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များတွင် ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်ရရှိနိုင်စေခြင်း၊ (၆)ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်း၊ (၇)ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် အသိပညာ ဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သော အချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိခြင်း၊ (၈)ပစ္စုပ္ပန်တွင်သာမက အနာဂတ် မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်ခွင့်ရရှိစေခြင်းများ ဖြစ်ပါကြောင်းနှင့် တစ်ချက်ခြင်းအလိုက် နားလည်လွယ်အောင် ဥပမာများပေး၍သော်လည်းကောင်း၊ စားသုံးသူများမှာ အခွင့်အရေးများ ရှိသလိုလိုက်နာရမည့်တာဝန်များလည်းရှိကြောင်းနှင့် စားသုံးသူများ၏တာဝန်များကိုလည်း ရှင်းလင်းဟောပြောခဲ့ပါသည်။ ကျောင်းသားကျောင်းသူများမှ ဟောပြောဆွေးနွေးမှုများတွင် သိရှိလိုသည့်အကြောင်းအရာများအား မေးမြန်းဆွေးနွေးရာ ခရိုင်ဦးစီးမှူး ဦးသန်းစိုးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် အဆိုပါဟောပြောပွဲသို့ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း(၁၅၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

 

ငါန်းဇွန်မြို့တွင် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

        မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် (၃.၂.၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။

       အဆိုပါအသိပညာပေးဟောပြောပွဲအား ကျောင်းခန်းမဖြစ်သည့် အောင်ဆန်းခန်းမတွင် ပြုလုပ်ခဲ့ရာ ရှေ့ဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဒေါ်နေခြည်ဦး(မြို့နယ်ဦးစီးမှူး)မှ လူငယ်ရေးရာ အသိပညာပေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာ၊ ဦးလှိုင်မိုးဟိန်း (မြို့နယ်ဦးစီးမှူး)မှ လူငယ်နှင့်ခေါင်းဆောင်မှု ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒေါ်သင်းသင်းဆွေ(မြို့နယ်တာဝန်ခံ)မှ စားသုံးသူကာကွယ်ရေးဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ၏အခွင့်အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့်စီးပွားရေးလုပ်ငန်း ရှင်တို့ကြား ကော်မရှင်နှင့် ကော်မတီ အဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသောလုပ်ငန်းစဉ်ကိုဆိုလိုတာဖြစ်ကြောင်း၊ ဆက်လက်၍ စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှု၏ အဓိပ္ပာယ်များ၊ ကျောင်းသား၊ကျောင်းသူများအနေဖြင့် ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲခြင်း၊စားသုံးခြင်းများ ပြုလုပ်ရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာထည့်သွင်းဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ကြရန်လိုအပ်ပါကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ သုံးစွဲခြင်းကြောင့်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက အရေးဆိုတိုင်ကြားနိုင်ပါကြောင်းနှင့် တိုင်ကြားနိုင်သည့် နေရာများ၊ နည်းလမ်းများအားလည်းကောင်း၊ နစ်နာဆုံးရှုံးမှုဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏ ရုပ်ပိုင်းဆိုင်ရာ ကိုဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ ဂုဏ်သိက္ခာကိုဖြစ်စေ၊ နာမည်ဂုဏ်သတင်းကိုဖြစ်စေ၊ ပိုင်ဆိုင်မှုတစ်ရပ်ရပ်ကိုဖြစ်စေ ထိခိုက်စေခြင်းကို ဆိုလိုတာဖြစ်ကြောင်း စသည်ဖြင့်အကျယ်တဝင့် ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပါသည်။

       ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ (၂၁၀)ဦး၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူ(၈)ဦး၊ စုစုပေါင်း(၂၁၈)ဦး တက်ရောက်ခဲ့ပြီး၊ ဟောပြောဆွေးနွေးမှုအပြီးတွင် ကျောင်းသားကျောင်းသူများမှ ကျောင်းခန်းမရှေ့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ၊ရသစာအုပ်စာစောင်များအား ဖတ်ရှုလေ့လာခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ရွှေဘိုမြို့နယ်တွင် နွေစပါးနှင့် နွေသီးနှံစိုက်ပျိုးရန်အတွက် ရေများစတင်ပေးဝေတော့မည်

          စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကဆောင်ရွက်ကြပြီး စိုက်ပျိုးရေးလုပ်ငန်းမှထွက်ရှိသော ကုန်ကြမ်းသီးနှံများဖြစ်သည့် စပါး၊ ဆီထွက်သီးနံစသည့် သီးနှံများကို ကြိတ်ခွဲထုတ်လုပ်သည့်လုပ်ငန်းများကို ကျယ်ပြန့်စွာဆောင်ရွက်သဖြင့် အလုပ်အကိုင်အခွင့်အလမ်းများစွာ ရှိသောခရိုင်တစ်ခုဖြစ်ပါသည်။ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကဆောင်ရွက်သည့်အားလျော်စွာ ရွှေဘိုမြို့နယ် အနေဖြင့် ယခုအချိန်တွင် မိုးစပါးများရိတ်သိမ်းပြီး၍ နွေစပါးနှင့် နွေးသီးနံစိုက်ပျိုးရန် ဆည်ရေများ လုံလောက်စွာရှိကြောင်း သက်ဆိုင်ရာဌာနမှ သတင်းရရှိပါသည်။

          ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်အနေဖြင့် သဖန်းဆိပ်ဆည်မှရေကို ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် စတင်ပေးဝေတော့မည်ဖြစ်ကြောင်း နွေစပါးနှင့်နွေသီးနံများစိုက်ပျိုးကြမည့် ကျေးဇူးရှင်တောင်သူဦးကြီး များအလွယ်တကူသိရှိနိုင်စေရန် သဖန်းဆိပ်ရေလှောင်တမံတွင် ဆည်ရေပေးဝေရန် ရေလုံလောက်မှု ရှိကြောင်း၊ အခြားသီးနံစိုက်ပျိုးမည့်ကွင်းများကို အချိန်မီစိုက်ပျိုးနိုင်ရေး ဦးစားပေး၍ရေပေးဝေမည် ဖြစ်ကြောင်း၊ တောင်သူဦးကြီးများအနေဖြင့် ရေဝင်လျှင်မြေပြင်ကြရန် အသိပေးနိုးဆော်သည့် ဗီနိုင်းဘုတ်များဖြင့် လူအများသွားလာမှုများသည့် လမ်းဆုံ၊ လမ်းခွများရှိ မူးဘောင်များပေါ်တွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ကြေငြာထားသည်ကိုတွေ့ရှိရပြီး တောင်သူဦးကြီး များမှလည်း နွေစပါးနှင့် နွေသီးနံစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် မြောင်းဖော်ခြင်း၊ ကန်သင်းပြင်ခြင်း၊ ထွန်ယက်မြေပြုပြင်ခြင်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကလေးမြို့နယ် (အ.မ.က-၃)ကျောင်းတွင် စားသုံးသူအသိပညာပေး ဟောပြောဆွေးနွေး

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ကလေး မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖေဖော်ဝါရီလ ( ၆ ) ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်၌  (အ.မ.က-၃)အလယ်တန်း ကျောင်းသို့ သွားရောက်၍ ဆရာ/ဆရာမ ( ၅ ) ဉီးနှင့် ကျောင်းသား/ ကျောင်းသူ ( ၆၅ ) ဦး၊ စုစုပေါင်း ( ၇၀ ) ဦးအား အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          အဆိုပါဟောပြောပွဲတွင် (အ.မ.က-၃)ကျောင်းမှ ကျောင်းဆရာမ ဒေါ်နီနီဝင်းက အဖွင့်အမှာ စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ ဒေါ်သန်းသန်းဝင်း (ခရိုင်ဦးစီးမှူး) မှ  အစားအသောက်များကို ဝယ်ယူရာတွင် သတိပြုရမည့်အချက်များအကြောင်းနှင့် ဒေါ်ဇင်မိုးဝါ (အကြီးတန်းစာရေး)က ကုန်စည်နှင့်ဝန်ဆောင်မှုများ သိကောင်းစရာများအကြောင်းနှင့် စားသုံးသူ ရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးတွင် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ ( CICC )ဖွင့်လှစ်ထားရှိပြီး စားသုံးသူများ နစ်နာဆုံးရှုံးမှုများရှိပါက (CICC) ရုံးသို့ လာရောက်တိုင်ကြားနိုင်ပါကြောင်းနှင့် ထိုသို့တိုင်ကြားရာတွင် ပုဂ္ဂိုလ်ရေးမုန်းတီးမှုကြောင့် အခြားသူများနစ်နာဆုံးရှုံးစေရန် ရည်ရွယ်၍ တိုင်ကြာမှုမျိုးမဟုတ်ဘဲ မိမိဘက်မှ အမှန်တစ်ကယ် နစ်နာဆုံးရှုံးမှသာ တိုင်ကြားကြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။         

DOCA(စစ်ကိုင်း)                

ကယားပြည်နယ် အသေးစား ၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

     ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၇)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

     ရှေးဦးစွာ    ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သို့မှသာပြည်နယ်၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း၊ လုပ်ငန်းများအောင်မြင်စေရန်  သက်ဆိုင်ရာဌာနအသီးသီးနှင့် လုပ်ငန်းရှင်များညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပြည်နယ်ရှိ သယံဇာတအရင်းအမြစ်များကိုအခြေခံပြီး အဆင့်မြင့်ကုန်ပစ္စည်းများထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊  လွိုင်ကော်စက်မှုဇုန်ကိုလည်း ယခုထက်ပိုမိုဖွံ့ဖြိုးလာအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် သက်ဆိုင်ရာဌာနများ၊ MSME လုပ်ငန်းရှင်များကို အပြည့်အဝပံ့ပိုး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ထို့နောက် ကယားပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမျိုးလွင်က အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်နယ်အတွင်း လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကိုရှင်းလင်းတင်ပြခဲ့ပြီး အစည်း အဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များက မိမိတို့ကဏ္ဍအလိုက် လုပ်ငန်းများဆောင်ရွက်နေမှုများ၊ လုပ်ငန်းလိုအပ်ချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ကြသည်။

       ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ဆောင်ရွက်ပေးရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

DOCA(ကယား)

စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ဆောင်ရွက်

         စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက်နေ့၊ နေ့လယ်( ၁၄:၀၀ )နာရီအချိန်တွင် လွိုင်ကော်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center၌ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျော်စွာမြင့်က စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ဌာနမှဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်စေသည့် အကြောင်းအရာများအား လည်းကောင်းဆွေးနွေးမေးမြန်းရာ စားသုံးသူရေးရာဦးစီးဌာန၊ ဦးမိုးညွန့်ဦး(ဦးစီးအရာရှိ)က စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်ရသည့် ရည်ရွယ်ချက်ကိုရှင်းလင်း ပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ဌာနမှဆောင်ရွက်နေသည့် အခြေအနေများကိုလည်းကောင်း၊ စားသုံးသူပြည်သူများ မိမိတို့၏အခွင့်အရေးကို အပြည့်အဝနားလည်ပြီး တောင်းဆိုရယူတတ်စေရန်အတွက် စားသုံးသူအခွင့်အရေး(၈)ချက်နှင့် တာဝန်(၄)ချက်ကို လည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များကိုလည်းကောင်း၊ ကုန်စည်( သို့ )ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲခြင်းကြောင့် နစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်း၍ စားသုံးသူဘက်မှ တောင်းဆိုနိုင်သည့် အချက်များကို လည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်မှ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးနိုင်သည့် အချက်များကိုလည်းကောင်း၊ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ကုန်ပစ္စည်းများဝယ်ယူသုံးစွဲ ခြင်းမပြုမီသတိပြုရမည့် အချက်များကိုလည်းကောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြား ရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာသို့ လူကိုယ်တိုင်ဖြစ်စေ၊ Websiteမှဖြစ်စေ၊ Doca Myanmar application များမှဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း၊ Consumer call center ၁၅၃၅ နံပါတ်များသို့ခေါ်ဆို၍ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကယား)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ