သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လွိုင်ကော်မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

        စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၆) ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ မြေနီကုန်းရပ်ကွက်ရှိ ပြည်အောင် ရတနာဓါတ်ဆီဆိုင်နှင့် တော်ဝင်(၃)ဓါတ်ဆီဆိုင်တို့၌ ဈေးကွက်အတွင်း ဆီပြတ်လပ်မှုမရှိစေရေး ၊ ဆီ လက်ကျန်စာရင်းများ မှန်ကန်စေရေးနှင့် ဈေးနှုန်းမြင့်တင်ရောင်းချမှု ရှိ/မရှိတို့ကို  မိတ်ဖက်ဌာနများဖြစ်သော ပြည်နယ်ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အဆိုပါဆီဆိုင်များ၌ စက်သုံးဆီတင်သွင်း၊ သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ထားသောနှုန်းထားများအတိုင်းသာ ရောင်းချလျက်ရှိပြီး အချိန်အတွယ် ဂါလံ၊ လီတာများကိုလည်း ရေနံထွက်ပစ္စည်း ကြီးကြပ် စစ်ဆေးရေးဦးစီးဌာန၏ ( ၂၀ )လီတာစံခွက်များဖြင့် တိုက်ဆိုင်စစ်ဆေးခဲ့ရာ ပြည့်မီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာ တွင် ကုန်စည်၏အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိရမည်ဖြစ်ကြောင်း၊ အရည်အသွေး ပြည့်မီမှန်ကန်သည့်ပစ္စည်းများ ဈေးကွက်အတွင်း တင်သွင်းဖြန့်ဖြူးရောင်းချရန် လိုကြောင်း၊သတ်မှတ်ချက်နှင့်မကိုက်ညီသောစက်သုံးဆီများဈေးကွက်အတွင်းတွေ့ရှိပါက  ရေနံထွက် ပစ္စည်းဆိုင်ရာဥပဒေအရသော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရသော်လည်းကောင်း အရေးယူခံရနိုင်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

စားသုံးဆီဖြန့်ဖြူးရောင်းချသော လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

        စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင်(ဌာနခွဲစာရေး)သည် ၈.၂.၂၀၂၃ ရက်နေ့ (၁၀း၀၀) နာရီအချိန်တွင် မိုးညှင်းမြို့၊ အရှေ့စုရပ်ကွက်အတွင်းရှိ စားသုံးဆီဖြန့်ဖြူး ရောင်းချသော လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့ဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကိုထုတ်လုပ်ခြင်း၊ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ပေးခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သည်ကိုဆိုလိုကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များဖြစ်သည့် စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပွားစေမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းတို့ကို ရှောင်ကြဉ်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ကတိပြုထားသောအာမခံချက်နှင့် ကိုက်ညီမှုမရှိပါက ကတိပြုထားသည့် အတိုင်း တာဝန်ယူဆောင်ရွက်ပေးခြင်းစသည့်အချက်များ၊ စားသုံးသူများ ထင်ယောင်ထင်မှားမဖြစ် စေရေးနှင့် အခြေခံလိုအပ်ချက်အပေါ် စိတ်ကျေနပ်မှုရှိစေရေးအတွက် ဈေးကွက်အတွင်း စားသုံးဆီများ ရောင်းချဖြန့်ဖြူးရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြမှုနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)အား တိတိကျကျလိုက်နာဆောင်ရွက်ရေး ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကချင်)

ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသင်း၊ အစုအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

          ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ၂၀၂၃ ဖေဖော်ဝါရီလ ၇ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျင်းပခဲ့သော ရခိုင်ပြည်နယ် ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသင်း၊ အစုအဖွဲ့၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်က ဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြား သည်။

         ထို့နောက် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း၊ ဆန်စပါးလုပ်ငန်းရှင်များအသင်း၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆီစက်လုပ်ငန်းရှင်နှင့် ဆီကုန်သည်ကြီးများအသင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းရှင်များအသင်း၊ တောင်သူလယ်သမားများဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ MSME လုပ်ငန်းရှင်များအသင်း၊ စီးပွားရေး လုပ်ငန်းရှင်များက ရခိုင်ပြည်နယ်အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်း ဆိုင်ရာအသင်းအဖွဲ့များအား ကောင်းလာစေရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများအတွက် လိုအပ်သော နည်းပညာဆိုင်ရာအကူအညီများ၊ ချေးငွေကိစ္စများ၊ ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များတွင် ကြုံတွေ့နေရသည့်အခက်အခဲများအား နိုင်ငံတော်မှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးစေလိုကြောင်း တင်ပြသည့်အချက်များအပေါ် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်တို့က အသင်း၊ အစုအဖွဲ့၊ လုပ်ငန်းရှင် များအား ပြန်လည်ရှင်းလင်းဆွေးနွေးကာ အဆင်ပြေ ချောမွေ့စေရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ အသင်း၊ အစုအဖွဲ့များ၊ လုပ်ငန်းရှင်များ (၆၉) ဦး ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရခိုင်)

ဘားအံမြို့ပေါ်ရှိ အ.မ.က (၅) ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

       စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ၈-၂-၂၀၂၃ ရက်၊ အင်္ဂါနေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ အမှတ်(၅)၊ အခြေခံပညာမူလတန်းကျောင်းတွင် “စားသုံးသူ(ကျောင်းသား၊ ကျောင်းသူ)များ လုံခြုံစိတ်ချရမှုရှိစေရန်” ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရှိရသည်။

     အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်က စားသုံးသူရေးရာဦးစီးဌာန၏ ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းနှင့် အကြီးတန်းစာရေး ဒေါ်စုနွေးသီရိမောင်က စားသုံးသူရေးရာဦးစီးဌာန၏ မျော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း ကိုလည်းကောင်း၊  စားသုံးသူအခွင့်အရေးများအကြောင်းနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး အငယ်တန်းစာရေး ဒေါ်မိခင်သူဇာက ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိသော အစားအသောက်နှင့် ကုန်စည်များကို စနစ်တကျ ရွေးချယ်ဝယ်ယူ စားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်အညွှန်းအမှတ်အသားအကြောင်းကို ကျောင်းသား၊ ကျောင်းသူများကို လွယ်ကူစွာ သိရှိနိုင်ရန် ဥပမာ- မုန့်မျိုးစုံဖြင့် လက်တွေ့ ရှင်းလင်းပြောကြားခဲ့ပါသည်။ ဟောပြောပွဲသို့ ဆရာ၊ ဆရာမ (၅) ဦး၊  ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းဦးရေ (၁၅၀)ဦး တက်ရောက်ပြီး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ကရင်)

 

 

တပို့တွဲလနှင့် မြန်မာ့ရိုးရာထမနဲထိုးပွဲ

       တပို့တွဲလသည်ဆောင်းရာသီ၏ နောက်ဆုံးပိုင်းလဖြစ်သောကြောင့် အအေးပို၍ နှာရည်ယိုတွဲ တပို့တွဲလ ဟုတင်စားခေါ်ဝေါ်ရသော လတစ်လ ဖြစ်ပါသည်။ ထိုလသည် ရက်မစုံလက်ကွယ်ဖြစ်သောကြောင့် ၂၉ ရက်သာရှိသည်။ ဗေဒင်နက္ခအခေါ်အရ ကုံရာသီဖြစ်ပြီး၊ ရာသီပန်းအနေဖြင့် ပေါက်လဲပန်း၊ လဲပွင့်၊ လက်ပံပွင့် စသည့်ရာသီပန်းများပွင့်သော လလည်းဖြစ်ပါသည်။ တောင်ပေါ်ဒေသများတွင် ချယ်ရီပန်းများ ဝေဝေဆာဆာပွင့်သောလလည်း ဖြစ်ပါသည်။ တပို့တွဲလသည် အအေးဆုံးလဖြစ်ပြီး ထိုလထဲမှာမှ တပို့တွဲလပြည့်နေသည် အအေးဆုံး သောရက်ဖြစ်သောကြောင့် ဗုဒ္ဓဘာသာဝင်တို့ ကိုးကွယ်ရာဖြစ်သော အတုမရှိဗုဒ္ဓမြတ်စွာဘုရားရှင်  ကိုယ်တော်တိုင်တောင်မှ ခြေတော်၊ လက်တော်များ အေးစက်သောကြောင့် မြတ်စွာဘုရားအား ရည်စူး၍ ဗုဒ္ဓဘာသာဝင်လူမျိုးတို့ရှိ အိမ်တိုင်း ရှားမီးများ၊ အမွှေးနံသာချောင်းများဖြင့် ပူဇော်ကြပြီး အညံအဆိုးများကင်းဝေးသည်ဟုလည်း ယူဆကြသည်။ ဘုရားများတွင်လည်း ရှားမီးပုံပွဲများ ပြုလုပ်ကြပြီး ရှားမီးရောင်းသူများ၊ ရှားမီးကပ်သူတို့ဖြင့် စည်ကားလှပေသည်။ တစ်ဖက်တစ်လမ်းမှ ဝင်ငွေ ရှာကြသူများကလည်း လပြည့်နေ့မတိုင်မှီ Online မှ တစ်ဆင့် အမွှေးနံ့သာထုတ်များအား အစုံထုပ် တစ်ထုပ် (၃၀၀ဝိ/-)ကျပ် စသည်ဖြင့် ရောင်းချသူများလည်း ရှိပေသည်။ တပို့တွဲလပြည့်နေ့သည် ဩဝါဒပါတိမောက်အခါတော်နေ့ဟု ပါဋိဘာသာစကားဖြင့်ခေါ်ဆိုကြပြီး ဩဝဒ၏ အဓိပ္ပာယ်မှာ ဆုံးမသောနေ့၊ ပါတိမှာ ကျဆုံးခြင်းမှအဓိပ္ပာယ်ရပြီး၊ မောက္ခမှာ လွတ်မြောက်ခြင်း ဖြစ်သည်ဟု အဓိပ္ပာယ်ရပါသည်။

     မြန်မာ့ဆယ်နှစ်လရာသီပွဲတော်များအနက် တပို့တွဲလသည်လည်း ပွဲတော်များအဖြစ်မပါမဖြစ် စည်ကားသောလဖြစ်ပေသည်။ တပို့တွဲလထမနဲထိုးပွဲ ဟုဆိုသည့်အတိုင်း တပို့တွဲလတွင် ထမနဲ၊ ယာကု စသည့်ရာသီစာများ ပြုလုပ်၍ မြန်မာတို့၏ ထုံးတမ်းစဉ်လာအတိုင်း မြတ်စွာဘုရားအား ဦးဦး ဖျားဖျားကပ်လှူပူဇော်ခြင်း၊ ဘိုးဘွားဆရာသမားများအား လှူဒါန်းကျွေးမွေးခြင်း၊ ရဟန်းသံဃာများ ကပ်လှူ လှူဒါန်းခြင်း၊ အိမ်နီးနားချင်းများအား ဝေငှကာ အလှူအတန်းများပြုလုပ်၍ ခင်မင်မှုတိုး ကုသိုလ်ယူလေ့ရှိသော ဓလေ့မှာ လွန်စွာချစ်စရာကောင်းလှပေသည်။ ထမနဲ၏ ပါဝင်ပစ္စည်းများမှာ ကောက်ညှင်း၊ အုန်းသီး၊ မြေပဲ၊ နှမ်း၊ ဆီ၊ သကြား၊ ဆား၊ ဂျင်း စသည့် အဓိကပါဝင်ပစ္စည်းများဖြင့် ထိုးရသောမုန့်တစ်မျိုးဖြစ်သည်။ ထိုလတွင် ထမနဲထိုးရခြင်း၏ ရည်ရွယ်ချက် တစ်စိတ်တစ်ပိုင်း အနေဖြင့် ကောက်ညှင်းဆန်ဖြင့်ထိုးရသောကြောင့် ကောက်ညှင်း၏ သဘောသဘာဝမှာ စေးကပ်မှု ရှိပြီး အားထည့်၍ ထိုးရသောကြောင့် ချွေးများဖြင့် ပူလောင်လာပြီး အေးချမ်းမှုများ ပပျောက်ကာ ထိုလ၏ ရာသီရာတုနှင့် ကိုက်ညီသောကြောင့်  ဖြစ်ပေသည်။ ထိုလမှာပင် အစိုးရဌာန၊ ရပ်ကွက်၊ ကျေးရွာများပါ မကျန် ထမနဲထိုးပြိုင်ပွဲများကို တူညီဝတ်စုံများဖြင့် နေရာဒေသအသီးသီးတွင် ကျင်းပ ကြပေသည်။ အကဲဖြတ်ဒိုင်လူကြီးမင်းများကလည်း အရသာတစ်ခုတည်းနှင့် အကဲဖြတ်လေ့ရှိတာ မဟုတ်ဘဲ အသင်းအဖွဲ့၏ စည်းလုံးခြင်းစိတ်ဓာတ်၊ စီမံခန့်ခွဲမှု၊ သန့်ရှင်းသန့်ရပ်မှု၊ ပူးပေါင်း ဆောင်ရွက်မှုတို့ကို အလေးထား၍ အကဲဖြတ်ရွေးချယ်ကြပါသည်။ အားထည့်၍ ထိုးရသော မုန့်မျိုးဖြစ်၍ စည်လုံးညီညွတ်မှုကို ထင်ဟပ်စေသော  ဒါမှမဟုတ် စည်းလုံးညီညွတ်မှု ပေါ်လွင်စေသော မုန့်မျိုးဖြစ်ပေသည်။ သူ၏ အရသာမှာလည်း အဆိမ့်အရသာ ရှိသောကြောင့် စားလို့အလွန်ကောင်းသော မြန်မာ့ရိုးရာမုန့် ဖြစ်ပေသည်။ အရပ်ဒေသ ကွဲပြီး နှမ်းမနဲ၊ ယာကုထမင်းလို့ အခေါ်ဓလေ့ကွဲပြားပါသေးသည်။ အချို့ Online ပေါ်တွင် ထမနဲ၊ ယာကု စသည့် မုန့်များပြုလုပ်၍ ရောင်းချသူများရှိရာ စားသုံးသူများအနေဖြင့် ကြိုတင်မှာယူနိုင်ပြီး လွယ်ကူသက်သာစွာ ဝယ်ယူသုံးဆောင်နိုင်ပါသည်။ ဈေးနှုန်းအနေဖြင့် တစ်ဗူး (၁၅၀ဝိ/- ၂၀၀ဝိ/- ၃၀၀ဝိ/-) စသဖြင့် ဗူးအကြီး အသေးပေါ်မူတည်၍ ရောင်းချလျက်ရှိကြောင်း သိရပါသည်။ ထို့ကြောင့် ငွေနှင်းစိုပြီး အအေးပိုတဲ့ တပို့တွဲလလေးမှာ ထမနဲကိုတော့ မြင်ယောင်မိမှာ အသေချာပါပဲ။ မြန်မာ့ ရိုးရာဓလေ့တွေနဲ့ ပြည့်နက်နေတဲ့ ဆယ်နှစ်လ ရာသီထဲမှာမှ ဒီတပို့တွဲလလေးမှာ ထမနဲပြိုင်ပွဲတွေနဲ့ စည်းကား သိုက်မြိုက်စွာ ကျင်းပနေပြီး အလှူအတန်းများဖြင့်လည်း ရှိနေမှာဖြစ်တဲ့အတွက် ကျက်သရေရှိနေမှာ အမှန်ပင် ဖြစ်ပါတော့သည်။

DOCA(ရှမ်း)

(၁၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ထမနဲထိုးပြိုင်ပွဲတွင် ကရင်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဆုရရှိခဲ့

       ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၁၇) ကြိမ်မြောက် စုပေါင်းထမနဲထိုးပြိုင်ပွဲကို မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တပို့တွဲလပြည့်နေ့၊ ၁၅: ၀၀ နာရီအချိန်တွင် ဘားအံမြို့၊ သီရိကွင်း၌ မြန်မာ့ရိုးရာယဉ်ကျေးမှုများ မပျောက်ပျက်ရေးနှင့် ကောင်းမှုကုသိုယ် ရရှိစေရေး ရည်ရွယ်၍ တပို့တွဲလရောက်တိုင်း နှစ်စဉ် ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

        အဆိုပါ ထမနဲထိုးပြိုင်ပွဲတွင် ရပ်ကွက်/ ကျေးရွာအုပ်စုများ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများ၊ လူမှုရေးအသင်းအဖွဲ့များမှ စုစုပေါင်း ထမနဲထိုး ပြိုင်ပွဲ ဝင် အသင်းပေါင်း (၅၄) သင်းမှ ကရင်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှလည်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ ထမနဲထိုးပြိုင်ပွဲ ယှဉ်ပြိုင်နေစဉ်အတွင်းတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊  ဝန်ကြီးနှင့်ဇနီးက လှည့်လည်ကြည့်ရူ့အားပေးခဲ့ကြပြီး မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ အထိမ်းအမှတ်အနေဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးဌာနအလိုက် မီးပုံးပျံများ လွှတ်တင်မှုအား ကြည့်ရှု့အားပေးခဲ့ကြသည်။

        ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်သည့်အခမ်းအနားကို ဆက်လက်ကျင်းပရာ ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ရာ ပထမဆုကို လမ်းဦးစီးဌာနမှလည်းကောင်း၊ ဒုတိယဆုကို မြိုင်ကလေးကျေးရွာမှလည်းကောင်း၊ တတိယဆုကို စားသုံးသူရေးရာဦးစီးဌာနမှ လည်းကောင်း ဆုရရှိခဲ့ပြီး ယမန်နှစ်ကလည်း ကရင်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ စတုတ္ထဆုရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

ဘားအံမြို့အမှတ် ၉ ရပ်ကွက်ရှိ ဆီသန့်စင်ခြင်းလုပ်ငန်းသို့ စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး

              စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦး၊ ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ၆-၂-၂၀၂၃ ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ဘားအံမြို့၊အမှတ် ၉ ရပ်ကွက် (မဲဘောင်)ရှိ စားသုံးဆီပြန်လည်သန့်စင်ခြင်း လုပ်ငန်းဆောင်ရွက်နေသော ဦးဝဏ္ဏ၏ ဆီသန့်စင်ခြင်းလုပ်ငန်းသို့ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထို့သို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဆီသန့်စင်ခြင်းလုပ်ငန်းအတွက် လုပ်ငန်း ဆောင်ရွက်ပုံ အဆင့်ဆင့် ဆောင်ရွက်ထားရှိမှုအခြေအနေများကို စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို  ကုန်သွယ်ရောင်းဝယ်မှုပြုရာတွင် လိုက်နာရမည့် တာဝန်များနှင့်  စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည်အမျိုးအစားအလိုက် ‌ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်များကို ပြည့်စုံစွာဖော်ပြနိုင်ရေးနှင့် စားသုံးသူများ ထင်ယောင်ထင်မှား မဖြစ်စေရေးနှင့် အခြေခံလိုအပ်ချက်အပေါ်တွင် စိတ်ကျေနပ်မှုရှိစေရေးအတွက် ဟင်းသီးဟင်းရွက်ဆီနှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ကရင်)

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

     စားသုံးသူရေးရာဦးစီးဌာ၊ ဗန်း‌မော်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နှောင်းနှောင်းဝင်း(ဒု-ဦးစီးမှူး)သည် ၆.၂.၂၀၂၃ ရက်နေ့ ၁၀း၃၀ နာရီအချိန်တွင် ဗန်းမော်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အမှတ်(၄)အခြေခံပညာမူလတန်း(လွန်)ကျောင်းမှ ကျောင်းသား/‌ကျောင်းသူ၊ဆရာ/ဆရာမများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် ဒေါ်နှောင်းနှောင်းဝင်းး(ဒု-ဦးစီးမှူး)က စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန် မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်းပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကိုဆိုလိုကြောင်း၊ ကျောင်းသား/ကျောင်းသူများအား အသင့်စားမုန့် အမျိုးမျိုးတို့ကို ဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကို အဓိကဖတ်ရှုရမည်ဖြစ်ကြောင်း၊ စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများအကြောင်း၊ စားသုံးသူ နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားရမည့်နည်းလမ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ ဟောပြောပွဲသို့ ဆရာ/ဆရာမ(၂)ဦး၊ ကျောင်းသား/ကျောင်းသူ(၂၀)ဦး၊ စုစုပေါင်း(၂၂)ဦးတက်ရောက်ခဲ့ပါသည်။

DOCA(ကချင်)

(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ရခိုင်ပြည်နယ် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခြင်း

           ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဝေသာလီအားကစားကွင်းတွင် ဒေသတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၆) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများညှိနှိုင်းပေါင်းစပ် ရေးကော်မတီ ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ကုန်သည်/စီးပွားရေး လုပ်ငန်ရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ဖွင့်လှစ်ခဲ့ပါသည်။

            ၎င်းပြပွဲတွင် ပြခန်းပေါင်း (၄၀) မှ ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို          (၆-၂-၂၀၂၃) ရက်နေ့မှ (၈-၂-၂၀၂၃) နေ့အထိ (၃)  ရက်  ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ် ဆန်စပါး ကုန်သည်များအသင်း၊  ဆီစက်လုပ်ငန်းရှင်နှင့် ဆီကုန်သည်ကြီးများအသင်း၊ ကျောက်တော်မြို့နယ်မှ စိုက်ပျိုးရေး နှင့် ရေချိုငါးမွေးမြူရေးအသင်း၊ ပုဏ္ဏားကျွန်းမြို့နယ်မှ (စိုက်/မွေး) တောင်သူများဖွံ့ဖြိုးတိုးတက်ရေး အသင်း၊ စစ်တွေမြို့နယ်မှ ရခိုင်ရိုးရာလုံချည်နှင့် အထည်ရက်ကန်းလုပ်ငန်း၊ “ရွှေခြေင်္သေ့ ” ချိန်းလိပ်၊ သံဆူးကြိုး၊ သံစကာလုပ်ငန်း၊ စားသောက်ကုန်၊ လူသုံးကုန်၊ အလှကုန်ပစ္စည်းလုပ်ငန်း၊ ကျောက်ဖြူမြို့နယ်မှ ရေထွက်ပစ္စည်းလုပ်ငန်း၊ စားသောက်ကုန်ပစ္စည်းလုပ်ငန်း အစရှိသည့် ကုန်ပစ္စည်းများအား အဆိုပါမြို့နယ်အသီးသီးများမှ MSME လုပ်ငန်းရှင်များက  ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရခိုင်)

ဗဟိုစီမံကိန်းချစီးပွားရေးစနစ် အကြောင်းတစ်စေ့တစ်စောင်း

         စီးပွားရေး (သို့) စီးပွားရေးစနစ်တွင် ကုန်ထုတ်လုပ်မှု၊ ဖြန့်ချိရေး (သို့) ကုန်သွယ်မှု နှင့် ကန့်သတ်ချက်ရှိသော ကုန်စည်များ နှင့် ဝန်ဆောင်မှုများကို နယ်မြေတစ်ခုအတွင်း အမျိုးမျိုးသော ကိုယ်စားလှယ်တို့မှ သုံးစွဲမှု စသည်တို့ ပါဝင်သည်။ စီးပွားရေးဆိုင်ရာ ကိုယ်စားလှယ်များသည် သီးခြားရပ်တည်သူများ၊ စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများ (သို့) အစိုးရအဖွဲ့အစည်းများ စသည်တို့ ဖြစ်နိုင်သည်။ ထိုဖလှယ်မှုလုပ်ငန်းသည် ပါဝင်သူနှစ်ဦးက ဖလှယ်မည့်ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှု၏ သတ်မှတ်ငွေကြေးစနစ်ဖြင့် ဖော်ပြထားသော တန်ဖိုး သို့ ဈေးနှုန်းတစ်ခုကို သဘောတူညီမှုရရှိလျှင် ဖြစ်ပေါ်သည်။

        ယခင်အခါက စီးပွားရေးဆိုင်ရာဆောင်ရွက်မှုများသည် သဘာ၀သယံဇာတများ၊ လုပ်သား များနှင့် ရင်းနှီးမြှုပ်နှံမှုများ စသည်တို့ဖြင့် စုပေါင်းထားသည်ဟု ယူဆခဲ့ကြသည်။ ထိုအမြင်သည် အတတ်ပညာ၏ရလဒ်ဖြစ်သော နည်းပညာ၏တန်ဖိုး (အလိုလျောက်လုပ်ဆောင်မှု၊ လုပ်ငန်း ဆောင်ရွက်မှုကို မြန်ဆန်လာစေမှု၊ ကုန်ကျစရိတ်လျော့ကျလာမှု)နှင့် ဆန်းသစ်ပြောင်းလဲမှု (ကုန်စည်အသစ်များ၊ ဝန်ဆောင်မှုများ၊ လုပ်ငန်းဆောင်ရွက်မှုများ၊ ဈေးကွက်အသစ်များ၊ ဈေးကွက်ချဲ့ထွင်မှုများ၊ ဈေးကွက်ကွဲပြားခြားနားမှုများ၊ ဈေးကွက်ထိုးဖောက်မှုများ၊ အမြတ်ငွေ တိုးပွားမှုနည်းအသစ်များ) စသည်တို့ကို လျစ်လျူရှု့ထားလျက်ရှိသည်။

စီးပွားရေးစနစ် ၃ မျိုးမှ ဗဟိုစီမံကိန်းချစီးပွားရေးစနစ်၏ ပြင်ပဗဟုသုတများ ရရှိစေရန်အတွက် ဗဟိုစီမံကိန်းချ စီးပွားရေးစနစ်အကြောင်းကို ဖော်ပြလိုက်ပါသည်။

ဗဟိုစီမံကိန်းချစီးပွားရေးစနစ်၏ သွင်ပြင်လက္ခဏာများ(The Characteristics of The Centrally Planned Economy)

(၁)     နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အခြေအနေများအားလုံးကို အစိုးရမှ ချုပ်ကိုင်သည်။ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုခြင်းမရှိ၊ အခြေခံစီးပွားရေးပြဿနာအားလုံးကို အစိုးရကသာ တာဝန်ယူဖြေရှင်း ပေးသော စနစ်ဖြစ်သည်။

 (၂)     စားသုံးသူများအနေဖြင့် အစိုးရမှ ထုတ်လုပ်သောကုန်စည်နှင့် ဝန်ဆောင်မှုများကို သာသုံးစွဲရပါသည်။ စားသုံးသူ၏ဆန္ဒ ထက် အစိုးရ၏ ထုတ်လုပ်နိုင်မှုကသာ လူတို့၏ စားဝတ်နေရေး ပြဿနာများကို ဆုံးဖြတ်ချက်ပေးသည်။

(၃)     ပုဂ္ဂလိက စီးပွားရေးလုပ်ငန်း ခွင့်မပြုသောကြောင့် ပုဂ္ဂလိက လုပ်ငန်းများ၏ ယှဥ်ပြိုင်မှုလည်း ဤစနစ်တွင်မရှိပါ။

(၄)     အလုပ်လက်မဲ့ အခြေအနေမရှိဟု သတ်မှတ်သည်။

(၅)     ဆင်းရဲချမ်းသာ ကွာဟချက် မရှိစေရဟု သတ်မှတ်သည်။

(၆)     စီးပွားရေး ကိစ္စရပ်များကို နှစ်တို နှစ်ရှည် စီမံကိန်းများ ရေးဆွဲချမှတ်ပြီး စီမံကိန်းများကို အစိုးရမှ အကောင်အထည်ဖော် ဆောင်ရွက်သည်။

(၇)     လုပ်ငန်းတိုင်းသည် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများသာ ဖြစ်သည်။

ဗဟိုစီမံကိန်းချစီးပွားရေးစနစ် ဘယ်လိုအလုပ်လုပ်သလဲ(How Does Centrally Planned Economy Works?)

         ဗဟိုစီမံကိန်းချ စီးပွားရေးစနစ်တွင် စီးပွားရေးလုပ်ဆောင်ချက်များအားလုံးသည် ဗဟို အာဏာပိုင်အဖွဲအစည်း(အစိုးရ)၏ ဆုံးဖြတ်များဖြင့်သာ အလုပ်လုပ်ပါသည်။

       ဤတွင် အစိုးရသည် စည်းမျည်းစည်းကမ်းများ ချမှတ်ထိန်းသိမ်းခြင်း (Regulating) ၊ စီမံကိန်းများ ချမှတ်ခြင်း (Planning)နှင့် တိုင်းပြည်အတွင်း ကုန်စည်နှင့်ဝန်ဆောင်မှုများ ထုတ်လုပ်မှုကို ထိန်းချုပ်ခြင်း (Governing goods and services produced in the country) တို့အတွက် အဓိကကျသော အခန်းကဏ္ဍမှ ဝင်ရောက်ထိန်းချုပ်ထားသည်။

      ထုတ်လုပ်သည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ သသဘာဝများ (Nature) ၊ အမျိုးအစားများ (Types) ၊ အရေအတွက် (Quantity) ၊ အရေအသွေး (Quality) နှင့် စျေးနှုန်းများ (Prices) များကိုလည်း အစိုးရကသာ ဆုံးဖြတ်သည်။

          ထုတ်လုပ်ခြင်း ၊ ဖြန့်ဖြူးခြင်းတို့နှင့်သက်ဆိုင်သော စီးပွားရေး စီမံကိန်များအားလုံးသည်  နိုင်ငံပိုင် အဖွဲ့အစည်းများကိုသာ တိုးတက်စေသည်။

        အစိုးရက စီးပွားရေးအဆောက်အအုံအတွင်းတွင် လုပ်သား (Labour) ၊ အရင်းအနှီး (Capital) ၊ သဘာဝသယံဇာတစွမ်းအားစုများ (Natural Resources) အစရှိသည်တို့ကို ဖြန်ဖြူးခြင်းသည် စွမ်းဆောင်ရည်ပြည့်ဝသည်ဟု ယုံကြည်ယူဆသည်။

      ဘဏ္ဍာရေး အပါအဝင် မော်တော်ကားထုတ်လုပ်သည့်စက်ရုံများနှင့် အခြားသော စက်ရုံများ နှင့် စီးပွားရေးလုပ်ငန်းများ၏ တန်ဖိုးများကိုပါ ဗဟိုအဆင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများက လက်ဝါးကြီးအုပ်၍ ပိုင်ဆိုင်မှုပြုထားသည်။ စီးပွားရေးစီမံကိန်းနှင့်ပတ်သတ်သောမူဝါဒများ အားလုံးကိုလည်းအစိုးရကသာ ဖန်တီးသည်။

        စီးပွားရေးစနစ်တစ်ခုသည် ယဉ်ကျေးမှု၊ တန်ဖိုးထားမှု၊ ပညာရေး၊ နည်းပညာဖွံ့ဖြိုး တိုးတက်မှု၊ သမိုင်းကြောင်း၊ လူမှုအဖွဲ့အစည်း၊ နိုင်ငံရေးဖွဲ့စည်းပုံနှင့် ဥပဒေစနစ်၊ ထိုနိုင်ငံ၏ မြေမျက်နှာသွင်ပြင်အနေအထား၊ သဘာ၀အရင်းမြစ်တည်ရှိမှု ဂေဟစနစ်စသည့် အဓိကအခြေခံ အကြောင်းအရာတို့၏ ဆောင်ရွက်မှု လုပ်ငန်းစဉ်တို့၏ ရလဒ်ဖြစ်သောကြောင့် ရေးသားလိုက်ရပါ သည်။

DOCA(ကယား)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ