သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဓနုဖြူမြို့ ကုန်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ပေးရေး ဥပဒေအကြောင်း အသိပညာပေး ဟောပြောဆွေးနွေးပွဲ အောင်မြင်စွာကျင်းပပြီးစီး

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် (၂၂.၁၁.၂၀၂၂၀) ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် ဓနုဖြူမြို့မဈေးတာဝန်ခံရုံးတွင် ကုန်မျိုးစုံရောင်းချသူ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ အကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးက စားသုံးသူကာကွယ်ရေးဥပဒေပါ အဓိပ္ပာယ်နှင့် ဖော်ပြချက်၊ လုပ်ငန်းရှင် လိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များ၊ ကုန်အညွှန်အမှတ်အသားများအကြောင်းနှင့် ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးနိုင်သည့် အချက်အလက်များအကြောင်းနှင့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းတို့ကို အကျယ်တဝင့် ဟောပြောဆွေးနွေးခဲ့ကြောင်းနှင့် ကုန်မျိုးစုံလုပ်ငန်းရှင် (၁၁)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ရွှေညောင်မြို့ပေါ်ရှိ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

       ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် နိုဝင်ဘာလ (၂၄) ရက်နေ့ ၊ နေ့လယ် (၁:၀၀) နာရီအချိန်တွင် အခြေခံပညာ အထက်တန်း ကျောင်း ရွှေညောင်မြို့၌ ကျောင်းသား/ ကျောင်းသူများ သိသင့်သိထိုက်သော အသိပညာဗဟုသုတများရရှိစေရန်အတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး‌ဟောပြောပွဲ ကျင်းပခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ရှေးဦးစွာ ရွှေညောင်မြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကျော်ထွန်းလင်းက အဖွင့်အမှာစကားပြောကြားပြီး ဒေါ်စောနန္ဒာမြင့် (အကြီးတန်းစာရေး) က စားသုံးသူအဓိပ္ပာယ်၊ စားသုံးသူကာကွယ်ရေးဥပဒေတွင် ပါရှိသော အခန်း (၉)ပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းအကြောင်းနှင့် စားသုံးသူထိခိုက် နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်မည့် ပုံစံနည်းစနစ်များအကြောင်းကို ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကို အပြန်အလှန်ဆွေးခဲ့ကြောင်း သိရှိရသည်။ အဆိုပါ အခမ်းအနားတွင် ရွှေညောင်မြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ (၃၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

DOCA (ရှမ်း)

Thursday Talk အသိပညာပေး ဆွေးနွေး

          စားသုံးသူရေးရာဦးစီးဌာန၊ ကချင်ပြည်နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၄.၁၁.၂၀၂၂ ရက်နေ့ (၁၃း၀၀) နာရီအချိန်တွင် သတင်း၊ဆောင်းပါးရေးသားမှုဆိုင်ရာ စွမ်းဆောင်ရည်တိုးတက်လာစေရန် Thursday Talk အသိပညာပေးဆွေးနွေးပွဲတွင် သတင်း၊ဆောင်းပါးရေးသားမှုဆိုင်ရာခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပါသည်။ အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင်ပြည်နယ်ဦးစီးမှူးရုံးမှသတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံ ဦးဝင်းသိန်းဦးက သတင်း၊ဆောင်းပါးရေးသားရာတွင် ပါဝင်သင့်သည့်အချက်များ၊ရှောင်ကြဉ်ရမည့်အချက်များ၊သတိပြုရမည့်အချက်များ၊ သတင်းခေါင်းစဉ် ရေးသားရာတွင် ဂရုစိုက်ရမည့်အချက်များ၊ ဌာနခွဲအလိုက်ရေးသားပေးပို့နိုင်သည့် သတင်း၊ဆောင်းပါးအမျိုးအစားများ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ဝန်ထမ်းများမှ သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ပါသည်။ThursdayTalkအသိပညာပေးဆွေးနွေးပွဲသို့ ဝန်ထမ်း(၁၅)ဦး တက်ရောက်ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

ကုန်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် စစ်ဆေးရေးမှူး ဒေါ်နှောင်းနှောင်းဝင်းသည် ၂၅.၁၁.၂၀၂၂ရက်နေ့ နံနက်၉း၀၃နာရီအချိန်တွင် ဗန်းမော်မြို့၊ ဆင်ကုန်းရပ်ကွက်ရှိ၊ ကုန်မျိုးစုံရောင်းချနေသည့် ကုန်စုံဆိုင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်မျိုးစုံရောင်းချနေသည့် ဆိုင်များမှ No(1) အမှတ်တံဆိပ် ကုလားပဲအကျက်မုန့်နှင့် ရွှေလိပ်ပြာအမှတ်တံဆိပ် အကြော်မှုန့်တို့တွင် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ဖော်ပြထားရှိမှု ရှိ မရှိ စစ်ဆေးရာတွင် ပြည့်စုံမှုရှိကြောင်း တွေ့ရှိရပါသည်။ ထို့နောက် ကုန်မျိုးစုံဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်မှ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)၊ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားများကို မြန်ဘာသာဖြင့် ဖြစ်‌စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရမည်ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်သော ကုန်စည်များကိုသာ ‌ဈေးကွက်အတွင်း ရောင်းချကြရန်ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

ရွှေဘိုမြို့၊ အမှတ်(၄)၊ အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများအား စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာပေးဗဟုသုတများးရရှိစေရန်ရည်ရွယ်ချက်ဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ် (၄)၊ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား  စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

        အဆိုပါ ဟောပြောပွဲတွင် ရွှေဘိုမြို့နယ်တာဝန်ခံ ဦးသန့်ဇော်လင်းမှ စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူရေးရာဦးစီးဌာန၏ Vision၊ Mission များ၊ စားသုံးသူရေးရာဦးစီးဌာန (DOCA) နှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ဌာနကို ကွဲကွဲပြားပြားသိရှိနိုင်စေရန် ဌာန (၂) ခု၏လုပ်ငန်းဆောင်ရွက်ခြင်းအကြောင်းများ၊ ဒု-ခရိုင်ဦးစီးမှူး ဒေါ်နှင်းနှင်းခိုင်မှ စားသုံးသူအခွင့်အရေးများကို အပြည့်အဝကာကွယ်နိုင်ရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေကို ပြဋ္ဌာန်းထားကြောင်း၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်၏အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေး (၈) ချက်နှင့် လိုက်နာရမည့်တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ ဥပဒေအခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါအကြောင်းများ၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုဖြစ်ပါက ဝယ်ယူသည့်သက်သေအထောက်အထားနှင့်တကွ အရေးဆိုတိုင်ကြားရမည်ဖြစ်ကြောင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပါက Online ဖြင့်သော်လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်း၊ လူကိုယ်တိုင်သော်လည်းကောင်း တိုင်ကြားနိုင်ကြောင်း၊ Consumer Call Center နံပါတ် 1535 သို့ ရုံးဖွင့်ရက် ရုံးချိန်အတွင်းမည်သည့် Operator Ph No.က ဖြစ်စေခေါ်ဆို၍ သိရှိလိုသည်များကို စုံစမ်းမေးမြန်းနိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆရာ/ ဆရာမ (၁၀) ဦးနှင့် ကျောင်းသား/ကျောင်းသူ (၉၀) ဦးတို့အား လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေအဆိုပြုလျှောက်ထားနိုင်ပါကြောင်း ပြည်တွင်းဆီစက်လုပ်ငန်းရှင်များသို့ အသိပေးကြေညာခြင်း

       နိုင်ငံတော်အနေဖြင့် ပြည်တွင်းဆီစက်များကို အဆင့်မီစက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ ခေတ်မီဆီစက်အသစ်များ ထပ်မံတည်ဆောက်ခြင်းနှင့် လက်ရှိဆီစက်များ အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်ရည်ရွယ်၍ ဆီစက်လုပ်ငန်းများကို ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ ထုတ်ချေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုနယ်မြေတို့ရှိ စိတ်ပါဝင်စားသော ဆီစက်လုပ်ငန်းရှင်များအနေဖြင့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေအဆိုပြုလွှာများအား အတွင်းရေးမှူး၊ ဆီစက်လုပ်ငန်းများ၏ ချေးငွေလိုအပ်ချက်ကို လေ့လာသုံးသပ်တင်ပြရေးအဖွဲ့ (ညွှန်ကြားရေးမှူးချုပ်၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်-၃၇၊ နေပြည်တော်)၊ ဖုန်း-၀၆၇၃-၄၀၈၃၇၈၊ e-mail ( disidgoffice@ gmail.com ) သို့ လိပ်မူ၍ လူကိုယ်တိုင် (သို့မဟုတ်) အမြန်ချောဖြင့် ပေးပို့လျှောက်ထားနိုင်ပါသည်။ (လျှောက်လွှာနှင့်စပ်လျဉ်း၍ အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ၀၉-၄၀၁၆၃၂၇၄၀ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။)

Source: SME Development Department,MOI

DOCA(ITQM)

တောင်ငူခရိုင် ရေတာရှည်နှင့် ဖြူးမြို့နယ်များတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြော

       စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဦးဇော်ဇော်ထွေးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံနှင့်အတူ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့ အမှတ် (၃) ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် ပြုလုပ်သည့်အသိပညာပေးဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ရာ ကျောင်းသား/ကျောင်းသူ ၁၀၈ ဦးတက်ရောက်ခဲ့ပါသည်။

          ဟောပြောပွဲအပြီးတွင် မြို့နယ်တာဝန်ခံ စစ်ဆေးရေးမှူး ဦးဇော်ဇော်ထွေးသည် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချလျက်ရှိသောအသင့်စားမုန့်များ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့်အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိကို စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

         ယင်းနေ့ နံနက်ပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းနှင့် တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေးတို့နှင့်အတူ ဖြူးမြို့နယ်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်းတွင် ပြုလုပ်သည့် အသိပညာပေးဟောပြောပွဲတွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် (၅) သို့ တက်ရောက်လျက်ရှိသော သင်တန်းသူ ၃၅ ဦးတို့အား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

         စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးစောသန်းထိုက်ကျော်သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်သူဇာဝင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်သူဇာထွေးတို့နှင့်အတူ နိုဝင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက တောင်ငူမြို့ အမှတ် ၁၀ ရပ်ကွက်ရှိ အုတ်ကျွတ် (၁) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ပြုလုပ်သည့် အသိပညာပေးဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို ဟောပြောခဲ့ရာ ကျောင်းသားကျောင်းသူ ၉၂ ဦး တက်ရောက်ခဲ့ပါသည်။

            ထို့အတူ စားသုံးသူရေးရာဦးစီးဌာန တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးစောသန်းထိုက်ကျော်နှင့် တောင်ငူမြို့နယ်တာဝန်ခံ ဦးစီးမှူး ဦးမြင့်သူတို့သည့် နိုဝင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းတွင် တောင်ငူမြို့ အမှတ် ၁၂ ရပ်ကွက်ရှိ၊ ဇောင်ချမ်းတောင်  အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းသား/ကျောင်းသူ ၈၀ ဦးတို့အား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

            ဟောပြောပွဲများတွင် စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူရေးရာဦးစီးဌာန၏ဆောင်ရွက်ချက်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကို ဦးစားပေးဖတ်ရှုသင့်သည့်အကြောင်းများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်ကြားနိုင်ခြင်းများကို အကျယ်တဝင့်ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

“ စက်သုံးဆီဆိုင်သစ် ဖွင့်လှစ်ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး”

       စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် မလှိုင်မြို့နယ်တာဝန်ခံ ဦးရဲမြင့်ဆန်းသည် (၁၄-၁၁-၂၀၂၂) ရက်နေ့ (၁၀း၀၀) နာရီအချိန်တွင် စက်သုံးဆီဆိုင်သစ် ဖွင့်လှစ်ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ မလှိုင်မြို့နယ်တွင် လိုင်စင်ရ စက်သုံးဆီဆိုင် (၃) ဆိုင်ရှိရာ ၁၁/၂၀၂၂ မှစ၍ New Force 2 အမည်ဖြင့် စက်သုံးဆီဆိုင်သစ်ကို မိတ္ထီလာ-မြင်းခြံသွား ကားလမ်းမကြီးဝဲဘက် မလှိုင်မြို့နယ် ထန်းတောကျေးရွာတွင် ဖွင့်လှစ်ရောင်းချလျှက်ရှိပါသည်။ ၎င်းဆီဆိုင်သစ် ဖွင့်လှစ်ရောင်းချနေမှုအား စစ်ဆေးရာတွင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ထားသော နှုန်းထားများအတိုင်းသာ ရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင်ကုန်စည်အရည်အသွေး အချိန်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိစေရန်၊ အရည်အသွေးပြည့်မှီမှန်ကန်သည့် ပစ္စည်းများ စျေးကွက်အတွင်း တင်သွင်းဖြန့်ဖြူးရောင်းချစေရန်နှင့် သတ်မှတ်ရည်ညွှန်းစျေးနှုန်းများအတိုင်း ရောင်းချစေရေး၊ သတ်မှတ်ချက်နှင့် မကိုက်ညီသည့် စက်သုံးဆီဆိုင်များစျေးကွက်တွင်စစ်ဆေးတွေ့ရှိပါက ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရ အရေးယူခံရနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး စက်သုံးဆီအရောင်းဆိုင် တာဝန်ခံမှလည်း စက်သုံးဆီရောင်းချမှု အခြေအနေများကို ပြန်လည်တင်ပြဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(မန္တလေး)

“မိတ္ထီလာမြို့နယ် Super 5 Superstore သို့ ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်း”

      စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအခွင့်အရေးများကို သိရှိနားလည်စေရန် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စားသုံးသူများဘေး အန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေး ခြင်း လုပ်ငန်းများ လုပ်ဆောင်လျှက်ရှိပါသည်။ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့ နေ့လယ် (၁၃း၀၀) အချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် မိတ္ထီလာမြို့နယ်၊ Super 5 Superstore သို့သွားရောက်၍ စားသောက်ကုန်နှင့် မုန့်မျိုးစုံနှင့် လူသုံးကုန်တို့တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ပြည့်စုံစွာ ထည့်သွင်းဖော်ပြခြင်းရှိ/မရှိ စျေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ဆိုင်လုပ်ငန်းရှင်များအား လက်ရှိရောင်း ချနေ သော ကုန်စည်များတွင်ကုန်အညွှန်း အမှတ်အသားဖော်ပြချက်များကို စားသုံးသူကာကွယ်ရေး (၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြလာစေရန်ရည်ရွယ်၍ စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဖြစ်ကြောင်းနှင့် ၂၀၂၀ခုနှစ်၊မတ်လ(၁၆)ရက်နေ့မှစ၍ စတင်အာဏာသက်ရောက်နေပြီ ဖြစ်ကြောင်း၊ လုပ်ငန်းများအနေဖြင့် မိမိတို့ရောင်းချသည့် ကုန်စည်နှင့်ပတ်သတ်၍ ပါဝင်ရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်(သို့) အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓါတ်မတည့်ကြောင်း‌ဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် မဖြစ်မနေထည့်သွင်း ဖော်ပြရမည် ဖြစ်ကြောင်း၊ အဆိုပါအချက်အလက်များပါဝင်သည့် စားသောက်ကုန်နှင့် မုန့်မျိုးစုံနှင့် လူသုံးကုန် များကိုသာ ရောင်းချသွားရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာမပါရှိပါက မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ (၇၃)အရ (၂)နှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ ၊ ကျပ် သိန်း (၂၀၀)ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်(၂)ရပ်လုံးဖြစ်စေ အရေးယူမှုများ ပြုလုပ်နိုင်ကြောင်း အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားတပ်ဆင်ရန် နားမလည်၍ အခက်အခဲဖြစ်သော လုပ်ငန်းရှင်များရှိပါကစားသုံးသူရေးရာဦးစီးဌာနသို့ လာရောက် တိုင်ပင်ဆွေးနွေးနိုင်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို သိရှိလိုပါ က DOCA Myanmar Application နှင့် စားသုံးသူရေးရာဦးစီးဌာန၏ Website www.doca.Gov.mm တွင် ဝင်ရောက်လေ့လာ တိုင်ကြားနိုင်သည်ကို ဆွေးနွေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ