သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ ဒလမြို့နယ်ရှိ Mobile Phone အရောင်းဆိုင်များသို့ကွင်းဆင်းစစ်ဆေးခြင်း”

            ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်ရှိ Mobile Phone အရောင်းဆိုင်များသို့ မေလ(၂၃)ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ Mobile Phone များရောင်းချနေသော အရောင်းဆိုင်များသို့ ကုန်အညွှန်းအမှတ်အသား စစ်ဆေးခြင်း အသိပညာပေးခြင်း၊ တင်သွင်း ဖြန့်ဖြူး ရောင်းချလျက်ရှိသည့် အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ 

             ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန်းနိုင်တို့သည် အမှတ်(၁၁၇၃) ဒလ-တွံတေးလမ်း၊ ဗညားဒလရပ်ကွက်ရှိ မခိုင် ဖုန်းနှင့်ဖုန်းအပိုပစ္စည်းအရောင်းဆိုင်နှင့် အမှတ်(၁၇) ဒလ-တွံတေးလမ်း၊ တပင်ရွှေထီး ရပ်ကွက်ရှိ လင်း ဖုန်းနှင့်ဖုန်းအပိုပစ္စည်းအမျိုးမျိုးအရောင်းဆိုင်သို့ သွားရောက်ပြီး ဆိုင်ပိုင်ရှင် စီးပွားရေး လုပ်ငန်းရှင်နှင့် တွေ့ဆုံကာ Mobile Phone အမျိုးမျိုးတို့တွင် မြန်မာဘာသာ ဖြင့်ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရန် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်သော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ လိုက်နာဆောင်ရွက် သွားကြရန်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် လက်ကိုင်ဖုန်းများအားရောင်းချခြင်း မပြုလုပ်ကြရန် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ လိုက်နာမှု မရှိပါက စားသုံးသူကာကွယ်ရေး ဥပဒေပုဒ်မ (၇၃)အရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“တွံတေးမြို့နယ်တွင်Mobile Phone ရောင်းချသောဆိုင်များသို့ကွင်းဆင်းစစ်ဆေး”

           ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ Mobile Phone ရောင်းချသောဆိုင်များသို့ ကုန်အညွှန်းအမှတ်အသားများနှင့်အညီ ကိုက်ညီမှုရှိစေရေးအတွက်   မေလ(၂၂)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရပါသည်။

             ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တွံတေးမြို့နယ်ရှိ ဗိုလ်ချုပ်လမ်း၊ အုန်းပင်စုရပ်ကွက် နေလင်းအောင်  Mobile Phoneနှင့် ဖုန်းအပိုပစ္စည်းအမျိုးမျိုးရောင်းဝယ်ရေးဆိုင်နှင့် မင်းရဲကျော် စွာလမ်း၊ အုန်းပင်စုရပ်ကွက် ဓူဝံကြယ် Mobile Phone နှင့် ဖုန်းအပိုပစ္စည်းအမျိုးမျိုး ရောင်းဝယ် ရေးဆိုင်သို့ သွားရောက်၍  Mobile Phone အမျိုးမျိုး ရောင်းချသော ဆိုင်များသို့ ကုန်စည်များ တင်သွင်းဖြန့်ဖြူး ရောင်းချလျက်ရှိသည့် အခြေအနေများ၊ ကုန်စည်များတွင် မြန်မာဘာသာ ဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက် ဖြစ်စေ ဖော်ပြရန် လိုအပ်ကြောင်းနှင့် မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန် ထားသော ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)နှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသည့် လက်ကိုင်ဖုန်းများအား ဈေးကွက်အတွင်း ရောင်းချခြင်း မပြုလုပ်ကြရန်၊ ထိုသို့ ပြုလုပ်ပါက စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ပြည်ကြီးတံခွန်မြို့နယ်အတွင်း ဆန်ဆိုင်နှင့်သိုလှောင်ရုံများသို့ကွင်းဆင်းစစ်ဆေးခြင်း

  မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်း   စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့  ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံ ဆန်စပါးအွန်လိုင်း( Myanmar Rice Online – My RO)တွင် မှတ်ပုံတင်ထားခြင်းမရှိသည့်ဆန်ဆိုင် နှင့်ဆန်သိုလှောင်ရုံများသို့ ၂၇.၅.၂၀၂၅  ရက်နေ့တွင် သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

   အဆိုပါမန္တလေးတိုင်းဒေသကြီး၊  စားသုံးသူရေးရာဦးစီးဌာန၊  တိုင်းဒေသကြီးဦးစီးမှူးရုံး ရှိ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များမှ     ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ဆန်ဆိုင်နှင့် ဆန်သိုလှောင်ရုံ (၁၀)ခုသို့ သွားရောက်၍ မြန်မာနိုင်ငံ ဆန်စပါးအွန်လိုင်း( Myanmar Rice Online – My RO)တွင် မှတ်ပုံတင်ခြင်းလုပ်ငန်းများ  ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရပါတယ်။

DOCA(မန္တလေး)

တံတားဦးမြို့နယ်ရှိ စားအုန်းဆီရောင်းချသည့်ဆိုင်များနှင့်တွေ့ဆုံဆွေးနွေးပွဲကျင်းပ

    မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်အတွင်း   စားအုန်းဆီရောင်းချသည့်ဆိုင်များ အနေဖြင့်  စားသုံးသူများအတွက်ဖြန့်ဝေသည့်ဆီများအား သတ်မှတ်ရည်ညွှန်းစျေးဖြင့် အိမ်ထောင် စုတစ်စုအတွက် တစ်လလျှင်  ၂ ပိဿာနှုန်းရောင်းချပေးနိုင်ရေးနှင့်ပတ်သက်၍  ၁၉.၅.၂၀၂၅  ရက် နေ့တွင် ဆွေးနွေးပွဲတစ်ရပ်ကျင်းပခဲ့ကြောင်း  သိရပါ တယ်။

    အဆိုပါဆွေးနွေးပွဲတွင် မန္တလေးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံးနှင့်ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံးရှိတာဝန်ရှိသူများနှင့်အတူ တံတားဦးမြို့နယ်အတွင်းရှိ စားအုန်း ဆီရောင်းချသည့်ဆိုင်(၁၆)ခုတို့ပူးပေါင်း၍  ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

DOCA(မန္တလေး)

“ ခရမ်းမြို့နယ်တွင်နိုင်ငံ့ဝန်ထမ်းများပင်စင်စားအငြိမ်းစားများအား စားအုန်းဆီများဖြန့်ဖြူးရောင်းချခြင်း ”

             ရန်ကုန်တိုင်းဒေသကြီး၊ စားအုန်းဆီ အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် နိုင်ငံ့ဝန်ထမ်း ပင်စင်စား အငြိမ်းစားများအား စားအုန်းဆီများကို လစဉ် ရောင်းချပေးလျက်ရှိရာ မေလ(၂၃)ရက်နေ့၊ နံနက် (၀၇:၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် စားအုန်းဆီများ လာရောက်ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

                ထိုသို့ နိုင်ငံ့ဝန်ထမ်း ပင်စင်စား အငြိမ်းစားဝန်ထမ်းများကို စားအုန်းဆီများ လာရောက်ရောင်းချပေးရာတွင် မြန်မာနိုင်ငံ ဆီကုန်သည်ကြီးများ အသင်းအဖွဲ့များ မြို့နယ်စားအုန်းဆီ ကိုယ်စားလှယ် ဦးရဲဝင်းကျော်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်တို့မှ ပူးပေါင်းဆောင်ရွက်၍ ရောင်းချပေးခဲ့ပြီး စားအုန်းဆီ (၁)ပိဿာလျှင် ဘူးအပါ (၈၃၃၃)နှုန်းဖြင့် ပင်စင်စားဝန်ထမ်း (၁)ဦးလျှင် (၃)ပိဿာနှုန်းဖြင့် ဆီပိဿာချိန် (၂၄၀၀)ပိဿာခန့် လာရောက်ဖြန့်ဖြူး ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

တံတားဦးမြို့နယ်ရှိ ဓနအောင်စားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

   မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊  အမှတ်(၂)ရပ်ကွက်ရှိ    ဓနအောင်ဆီဆိုင်တွင်   စားသုံးသူများအတွက်ဖြန့်ဝေသည့်စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းစျေးအတိုင်းရောင်းချ မှု ရှိ/မရှိ နှင့်အိမ်ထောင်စုတစ်စုအတွက် တစ်လလျှင်  ၂ ပိဿာနှုန်းရောင်းချမှုရှိ/မရှိ အခြေအနေများ နှင့်ပတ်သက်၍  ၂၁.၅.၂၀၂၅  ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါ တယ်။

   အဆိုပါကွင်းဆင်းစစ်ဆေးရေးအဖွဲ့တွင် မန္တလေးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့်ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံးရှိဝန်ထမ်းများမှတံတားဦးမြို့နယ်အတွင်း ရှိ စားအုန်းဆီရောင်းချသည့်ဆိုင်(၁၆)ခုသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါတယ်။

DOCA(မန္တလေး)

 

သထုံမြို့ပေါ်ရှိ ဆိုင်ကယ်အရောင်းဆိုင်များ၌ လိုင်စင်မဲ့နှင့် လိုင်စင်သက်တမ်းလွန်ဆိုင်ကယ်များ ရောင်းချခြင်းရှိ/မရှိ စစ်ဆေး

    မွန်ပြည်နယ်၊ သထုံမြို့ပေါ်ရှိ ဆိုင်ကယ်အရောင်းဆိုင်များ၌ လိုင်စင်မဲ့နှင့် လိုင်စင် သက်တမ်းလွန်ဆိုင်ကယ်များ ရောင်းချနေခြင်း ရှိ/မရှိအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများပူးပေါင်းကာ ၃၀.၅.၂၀၂၅ ရက်နေ့ နံနက်ပိုင်းက ရှောင်တခင် လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။

    လိုက်လံစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးစိုးနှင့်အဖွဲ့ဝင်များ ဦးဆောင်မှုဖြင့် ခရိုင်ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများပူးပေါင်းကာ သိမ်ကုန်းရပ်ကွက်နှင့် အောက်ကျင်းရပ်ကွက်တို့ရှိ ဆိုင်ကယ်နှင့် ဆိုင်ကယ်ပစ္စည်းအရောင်းဆိုင် ၄ ဆိုင်တို့အား လိုင်စင်မဲ့ဆိုင်ကယ်များ ရောင်းချခြင်းရှိ/မရှိနှင့် လိုင်စင်သက်တန်းလွန် ဆိုင်ကယ်များ ရှိ/မရှိတို့ကို ရှောင်တခင် စစ်ဆေး၍ သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချရေး၊ ဆိုင်ကယ်ဝယ်ယူသူတိုင်းအား ဆိုင်ကယ်စီးဦးထုပ်များ တစ်ပါတည်းရောင်းချပေးရေးတို့ကို ဆွေးနွေးမှာကြားခဲ့ကြကြောင်း သိရသည်။

DOCA (မွန်)

စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

     ၂၈.၅.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊   မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံသည် Sevan Bakery အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်အား   စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံ ချက်ပေးခြင်း၊ ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေး၊ တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါက ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်း၊ မိမိထုတ်လုပ်သော ကုန်စည်များပေါ်တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ကုန်အညွှန်းအမှတ်အသားကို မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြသွားရန်နှင့် လိုက်နာဆောင်ရွက်သွားရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မွန်ပြည်နယ်ဝန်ကြီးချုပ် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားဆောင်ရွက်မှုနှင့် ကျောင်းအပ်နှံမှုအားကြည့်ရှုအားပေး

    မွန်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်သူများ၊ ကျောင်းသား/သူများ စာပေဖတ်ရှုသည့် အလေ့အထဖြစ်ပေါ်စေရန်၊ စာကြည့်တိုက်ယဥ်ကျေးမှုထွန်းကားလာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားဆောင်ရွက်မှုအား လစဉ်ကျင်းပပြုလုပ်လျက်ရှိရာ ၂၈.၅.၂၀၂၅ ရက်နေ့ နံနက်ပိုင်းက မုဒုံမြို့နယ်၊ ဘဲရမ်းကျေးရွာရှိ ပညာပျိုးခင်း စာကြည့်တိုက်နှင့် မုဒုံမြို့ အမှတ် (၂) အခြေခံ ပညာအထက်တန်းကျောင်းရှိ သုတရတနာစာကြည့်တိုက်တို့၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

       ရှေးဦးစွာ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ဘဲရမ်းကျေးရွာရှိ ပညာပျိုးခင်း စာကြည့်တိုက်၌ ကျောင်းသား/သူများက ဆေးရောင်ခြယ်ပြိုင်ပွဲကို ယှဥ်ပြိုင်ကြရာ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဆုရ ကျောင်းသား/သူများအား ဆုများချီးမြှင့်ပေးအပ်ကာ ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌက စာကြည့်တိုက်အတွက် စာအုပ်များ ပေးအပ်လှူဒါန်းသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မုဒုံမြို့အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ သုတရတနာ စာကြည့်တိုက်တွင် ကျောင်းသား/သူများက ကံဆိုးမှုကို ငြင်းပယ်ပါ၊ ချမ်းမြေ့မှုကိုရွေးချယ်ပါ၊ လူငယ်တွေကို လျော့မတွက်ပါနဲ့၊ ရည်ရွယ်ချက်အတွက် အချိန်၊ အမှိုက်ထုပ် သီအိုရီ ခေါင်းစဥ်များဖြင့် စာဖတ်ဝိုင်း ဆွေးနွေးခြင်းနှင့် ပန်းချီပြိုင်ပွဲ ကျင်းပနေမှုတို့ကို ကြည့်ရှုအားပေးပြီး ကျောင်းသား/သူများ အား ဆုလက်ဆောင်များ ပေးအပ်၍ ကျောင်းစာကြည့်တိုက်အတွက် ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းက လှူဒါန်းသည့် စာအုပ်စာစောင်များအား ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူခဲ့ပြီး စာအုပ်စာစောင်နှင့် အသိပညာပေးနံရံ ကပ်ပိုစတာ ပြသထားမှုများအား ကြည့်ရှုခဲ့သည်။

     ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါကျောင်း၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသား/သူများ ကျောင်းအပ်နှံနေမှုကို လှည့်လည်ကြည့်ရှု အားပေးပြီး နိုင်ငံတော်မှ အခမဲ့ပေးအပ်သည့် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံနှင့် ကျောင်းဝတ်စုံတို့ကို လာရောက်ကျောင်းအပ်နှံသည့် ကျောင်းသား/သူများ အား ပေးအပ်ခဲ့ကြောင်း သိရသည်။

DOCA (မွန်)

ဘီးလင်းမြို့နယ်၌ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲပြုလုပ်

     မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို ၂၇.၅.၂၀၂၅ ရက်နေ့ နံနက် (၈:၃၀) နာရီအချိန်က ဘီးလင်းမြို့၊ အ.မ.က (ဆင်စု) ကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

    ရှေးဦးစွာ ဘီးလင်းမြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်သစ်တောဦးစီးမှူး ဦးခိုင်မွန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစည်သူအောင်နှင့် မြို့နယ်စီမံကော်မတီအဖွဲ့ဝင်များ မြို့နယ်ကြက်ခြေနီအသင်းဥက္ကဌ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းများထံသို့ ပျိုးပင်များလွှဲပြောင်းပေးအပ်ခဲ့သည်။

     ထို့နောက် သစ်ပင်စိုက်ပျိုးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစည်သူအောင်နှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီးရေးအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ဆရာ၊ ဆရာမများ စုစုပေါင်းအင်အား (၃၅၉) ဦးတို့က မန်ဂျန်ရှား (၂၇၀) ပင်၊ မဟော်ဂနီ (၂၇၀) ပင် စုစုပေါင်း ပျိုးပင် (၅၄၀) ပင်တို့အား အ.မ.က(ဆင်စု)ကျောင်းဝန်းအတွင်း၌ အေးချမ်းပျော်ရွှင်စွာ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ
a