သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တောင်ငူခရိုင် အုတ်တွင်းမြို့တွင် ငလျင်ဘေးသင့်ပြည်သူများအား အခြေခံစားကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

             ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် တောင်ငူခရိုင်အတွင်း ငလျင်ဘေးဒဏ်သင့်ပြည်သူများအား အခြေခံစားကုန်များကို သက်သာသောနှုန်းထားဖြင့် ဧပြီလ ၃ ရက်နေ့မှ စတင်၍ Mobile မော်တော်ယာဉ်များဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ မေလ ၁၂ ရက်နေ့တွင် အုတ်တွင်း မြို့ ကြက်သွန်ခင်း (၁) ရပ်ကွက်တွင် ရောင်းချပေးခဲ့ပါသည်။

              အုတ်တွင်းမြို့နယ်ရှိ ဆန်ကုန်သည်နှင့်ဆန်စက်လုပ်ငန်းရှင်များသည် ဆန်တစ်ပြည်လျှင် ၃,၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များက စားသုံးဆီတစ်ပိဿာလျှင် ၇,၈၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ကြက်မွေးမြူရေးလုပ်ငန်းရှင်များက ကြက်ဥတစ်လုံးလျှင် ၃၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း ရောင်းချပေးလျက်ရှိပါသည်။

              ထို့အတူ မွေးမြူရေးလုပ်ငန်းရှင်များက အသားငါးများကိုလည်းကောင်း၊ တပိုင်တနိုင် စိုက်ပျိုးထုတ်လုပ်သူများက ဟင်းသီးဟင်းရွက်များကိုလည်းကောင်း သက်သာသောနှုန်းထားဖြင့် ရောင်းချပေးလျက်ရှိရာ Mobile မော်တော်ယာဉ်များဖြင့် ရောင်းချရာသို့ စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများက ကြီးကြပ်၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြောင်း သိရပါသည်။

DOCA (ပဲခူး)

ဘားအံမြို့ ဖုန်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်စမ်းစမ်းမြင့်နှင့် ဝန်ထမ်းများသည် (၁၉-၅-၂၀၂၅) ရက် ၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဘားအံမြို့ရှိ  ဖုန်းဆိုင်(၅)ဆိုင်နှင့် ကွန်ပျူတာ (၁)ဆိုင်အား ကုန်အညွှန်းအမှတ်အသားစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင်ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင် ညွှန်ကြားချက်အမှတ်၊ ၂/၂၀၁၉ နှင့်အညီ ကိုက်ညီမှု ရှိ / မရှိ ‌စစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်စမ်းစမ်းမြင့်က စီးပွားရေးလုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော ကုန်ပစ္စည်များအား ရောင်းချကြရန်နှင့် ကုန်ပစ္စည်များပေါ်တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများအား ပြည့်စုံစွာထည့်သွင်းထားကြရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ကရင်)

ဘီးလင်းမြို့နယ်၌ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပ

  ၉.၄.၂၀၂၅ ရက်နေ့တွင် ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်၊ မြင်သာဒေရဝါဒစာသင်တိုက် တွင်ဖွင့်လှစ်သော ယဉ်ကျေးလိမ္မာဗုဒ္ဓဘာသာသင်တန်းကျောင်း၌ ဘီးလင်းမြို့နယ်၊ စားသုံးသူ ရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူ ရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ စားသုံးသူအခွင့်အရေးများ၊ ကုန်အညွှန်းအမှတ်အသားများ အကြောင်းနှင့် ဘေးအန္တရာယ်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများအကြောင်းကို အကျယ်တဝင့် ဟောပြောဆွေးနွေးပြီးနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးရှိုင်းသူရထွန်းမြင့် (ကြီးကြပ်-၂) မှ ဝမ်းပျက်ဝမ်းလျောရောဂါကာကွယ်ရန် နည်းလမ်းများ၊ ‌ရောဂါဖြစ်စေတတ်သော နေထိုင်၊ စားသောက်မှုများ ရှောင်ရှားရမည့်အကြောင်းနှင့် ရောဂါဖြစ်ပွားပါက ကုသခြင်းနည်း လမ်းများကို ဟောပြောခဲ့ရာ အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမ (၅) ဦး၊ ကျောင်းသား၊ ကျောင်းသူ (၆၅) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

မုဒုံမြို့တွင် သဘာဝဘေးအန္တရာယ်များမှကင်းဝေးစေရေး အန္တရာယ်ကင်း ပရိတ်တရားတော် များရွတ်ဖတ်ပူဇော်

   မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ရဟန်းရှင်လူ ပြည်သူအများ သဘာဝဘေးအန္တရာယ်များမှ ကင်းဝေးစေရန်ရည်ရွယ်၍ သံဃာတော်အရှင်သူမြတ်များက အန္တရာယ်ကင်း ပရိတ်တရားတော် များ ရွတ်ဖတ်ပူဇော်ခြင်းကို ၉.၄.၂၀၂၅ ရက်နေ့ နံနက် ၈ နာရီက မြို့မ (၄) ရပ်ကွက် ကန်ကြီး စေတီတော်အတွင်းရှိ မြတ်မုနိဓမ္မာရုံ၌ ပြုလုပ်သည်။

  အဆိုပါ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဆိုပူဇော်ခြင်းကို ဆရာတော်၊ သံဃာတော်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကြပြီး နိုင်ငံတစ်ဝန်းရှိ ရဟန်းရှင်လူပြည်သူအများ မီးဘေး၊ လေဘေး၊ ရေဘေး နှင့် ငလျင်ဘေးစသည့် သဘာဝဘေး အန္တရာယ်များမှ ကင်းဝေးစေရန်အတွက် အန္တရာယ်ကင်း ပရိတ်တရားတော်များကို ရွတ်ဖတ် ပူဇော်၍ မေတ္တာပို့ အမျှအတန်းပေးဝေကြသည်။ ထို့နောက် ဆရာတော်သံဃာတော်ကြီးများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

  ထို့ပြင် မုဒုံမြို့ပေါ်ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာရုံးများ၊ သင်တန်းကျောင်းများတွင်လည်း သက်ဆိုင်ရာ ဝတ်ရွတ်အသင်းများက သဘာဝဘေးအန္တရာယ်ကင်းဝေးစေရေး အန္တရာယ်ကင်း ရတနသုတ် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း သိရသည်။

DOCA(မွန်)

ဘီးလင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ အတန်းတင်အောင်စာရင်းများထုတ်ပြန်ကြေငြာ

   မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင်၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ် အခြေခံပညာ မူလတန်းမှ အထက်တန်းထိ ကျောင်းသား၊ ကျောင်းသူများ၏ အောင်မြင်မှုစာရင်းများအား ၁၅.၅.၂၀၂၅ ရက်နေ့ နံနက်ပိုင်းက သက်ဆိုင်ရာကျောင်းအသီးသီးတို့တွင် ထုတ်ပြန်ပေးခဲ့ သည်။ 

   ဘီးလင်းမြို့နယ်အတွင်း အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာကျောင်းများ၌ KGတန်းမှ အထက်တန်း Grade - 11 အဆင့်ထိ ပညာသင်ကြားလျက် ရှိသော ကျောင်းသား၊ ကျောင်းသူ (၂၄၄၀၀) ဦးဖြစ်ပြီး ဖြေဆိုသူ (၂၄၁၈၄) ဦး ဖြစ်၍ အောင်မြင်သူ (၂၄၀၃၆)ဖြစ်ရာ ရာခိုင်နှုန်းအရ (၉၉.၃၉) ရာခိုင်နှုန်းဖြစ်ကြောင်းသိရသည်။

DOCA (မွန်)

မွန်ပြည်နယ်၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ ကျင်းပပြုလုပ်

  ၁၀.၄.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲကို မွန်ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ရုံးနှင့် မော်လမြိုင်ခရိုင်မှ ဝန်ထမ်းများ အရာထမ်း (၈) ဦး၊ အမှုထမ်း (၂၄) ဦးတက်ရောက်ခဲ့ပြီး သထုံခရိုင်နှင့် မြို့နယ်များမှ ဝန်ထမ်းများမှ Zoom ဖြင့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

  ပထမဦးစွာ ပြည်နယ်ဦးစီးမှူးက သင်္ကြန်ရုံးပိတ်ရက်ပြီးလျှင် ရုံးစဖွင့်သည့်ရက်၌ ဝန်ထမ်း များစုံစုံညီညီ ရုံးတက်ကြရန်၊ လုပ်ငန်းများကို လျာထားချက်ပြည့်မီအောင် တက်ညီလက်ညီ ဆောင်ရွက်ကြရန်၊ ဝန်ထမ်းများသို့ သင်္ကြန်ထောက်ပံ့ကြေးပေးရန်၊ ‌ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုကို ပြန်လည်တင်ပြရန်၊ အသစ်ခန့်အပ်သည့် ဝန်ထမ်းများအား Mobile Training ပေးရန်ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ဒုတိယပြည်နယ် ဦးစီးမှူးက လျာထားချက်များကို ပြည့်မီအောင်ဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ပါသည်။

  ဆက်လက်၍ တက်ရောက်လာသော ဝန်ထမ်းများမှ လုပ်ငန်းဆောင်ရွက်ချက်များနှင့် အခက်အခဲများကို တင်ပြကြပြီး ပြည်နယ်ဦးစီးမှူးက ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် Commerce Journal တွင် သတင်း/ဆောင်းပါး ရေးသားဖော်ပြခြင်းခံရသည့်ဝန်ထမ်းများအား ဆုချီးမြှင့်ခဲ့ပြီး ဒါဘာအခမ်းအနားအား နေ့လည် (၁၂:၀၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

မော်လမြိုင်မြို့နယ်တွင် ကုန်အညွှန်းအမှတ်အသားပြုလုပ်ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show )ကျင်းပ

  ၉.၄.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ ပြည်သူများနေ့စဉ်စားသုံး နေသည့် ကုန်စည်နှင့် ဝန်ဆောင်မှုအပေါ်မှာ စားသုံးသူအခွင့်အရေးအပြည့်အဝရရှိစေရန်နှင့် ပတ်သက်၍ သိရှိစေရန် မော်လမြိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မော်လမြိုင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပြီး မော်လမြိုင်မြို့နယ်လူထုအခြေပြုဗဟို ဌာန(Community Centre)ခန်းမတွင် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်ပြီး စားသုံးသူ ကာကွယ်ရေးအသိပညာပေး (Talk Show)ကို ကျင်းပပြုလုပ်သည်။

  ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဝင်းဝင်းချောက ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး မော်လမြိုင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ညီညီခန့်က စားသုံးသူပြည်သူများ ကုန်စည်ဝန်ဆောင်မှုနှင့်ပတ်သက်ပြီး နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက ဖြေရှင်းဆောင်ရွက်ပေးမှု အခြေအနေ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်ပတ်သက်ပြီး ကုန်အညွှန်းအမှတ်အသား အကြောင်း အရာများကို အသေးစိတ်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ဘီးလင်းမြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲသို့ ဘီးလင်းမြို့နယ် တာဝန်ခံတက်ရောက်

 မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်လုံးဆိုင်ရာ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲ အခမ်းအနားကို ၉.၄.၂၀၂၅ ရက်နေ့ နံနက်ပိုင်းက ဘီးလင်းမြို့ ရန်ကုန် - မော်လမြိုင်အဝေးပြေးကားလမ်းဘေးရှိ ဘီးလင်းချောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

  စုပေါင်းငါးလွှတ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစည်သူအောင်နှင့်အဖွဲ့ဝင် များ၊ ဘီးလင်းတပ်နယ်မှ တပ်နယ်မှူးနှင့် တပ်ရင်းတပ်ဖွဲ့များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက ဘီးလင်းချောင်းအတွင်းသို့ ငါးခူ၊ ငါးပြေမ၊ ငါးမြစ်ချင်း စသည့် ငါးသား‌ပေါက်ကောင်ရေ (၂၀၀၀)အား ဇီဝိတဒါန ဘေးမဲ့လွှတ်ပေးခဲ့ကြသည်။

   အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နယ်မြေခံ တပ်နယ်မှူးနှင့် တပ်ရင်းတပ်ဖွဲ့အသီးသီးမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ စုပေါင်းတက်ရောက်ခဲ့ကြကြောင်း သိရသည်။

DOCA(မွန်)

မုဒုံမြို့နယ်တွင် တရားမဝင် ဆင်းကတ်ရောင်းချမှုနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးပြုလုပ်

    ၁၆.၅.၂၀၂၅ ရက်နေ့ နံနက် (၁၁း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ မုဒုံမြို့နယ် တရားမဝင်ဆင်းကတ်ရောင်းချမှု စစ်ဆေးရေးအဖွဲ့ ဥက္ကဌ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းအောင်နှင့် အဖွဲ့ဝင်များသည် စစ်ဆေးရေးအဖွဲ့၏ လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ ဆောင်ရွက်မည့် လုပ်ငန်းစဥ်များအား တွေ့ဆုံညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့ပြီး ဆက်လက်၍ မြို့နယ်အဆင့် တရားမဝင်ဆင်းကတ်ရောင်းချမှု စစ်ဆေးရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မြို့နယ်အတွင်းရှိ ဆင်းကတ်အရောင်းဆိုင်များအား ကွင်းဆင်း၍ ဆင်းကတ်များကို စနစ်တကျ မှတ်ပုံတင်ရောင်းချခြင်းနှင့် လွှဲပြောင်းရာတွင် စနစ်တကျ ပြန်လည်မှတ်ပုံတင်ခြင်း အမိန့်ကြော်ငြာစာအမှတ် (၁၈/၂၀၂၃) များအား ဖြန့်ဝေခြင်းများ၊ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

DOCA (မွန်)

အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲသို့ မုဒုံမြို့နယ်တာဝန်ခံ တက်ရောက်

    မုဒုံမြို့နယ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊  အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် လူငယ်လူရွယ်များ အသိပညာဗဟုသုတများပြည့်စုံစေရန် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ၁၆.၅.၂၀၂၅ ရက်နေ့တွင် သင်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံ တက်ရောက်ခဲ့သည်။

    ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုရှိန်က အဖွင့်အမှာစကားပြော ကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက စာပေ ဖတ်ရှုလေ့လာခြင်းသည် ဘဝအတွက် အလွန်အရေးကြီးသည့် အချက်ဖြစ်သောကြောင့် ငယ်ရွယ်စဥ်ကတည်းက စာပေဖတ်ရှုလေ့လာမှု အလေ့အကျင့်ကောင်းကို ပြုစုပျိုးထောင် ရမည်ဖြစ်ပါကြောင်း၊ ပြင်ပစာပေများကို ဖတ်ရှုလေ့လာခြင်းဖြင့် အမှား/အမှန် ခွဲခြားတတ် စေရန်၊ အသိပညာ ဗဟုသုတပြည့်စုံ၍ ဗလငါးတန်ဖွံ့ဖြိုးစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားသည်။

    ဆက်လက်၍ ကလေးအလုပ်သမားပပျောက်ရေး၊ စားသုံးသူကာကွယ်ရေး၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်ပိုစတာ များ၊ စာအုပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ရာ သင်တန်းသူ (၃၀) ဦးနှင့် နည်းပြဆရာမများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။

DOCA (မွန်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ