သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ထန်းတပင်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

           (၂၂.၅.၂၀၂၅)ရက်နေ့ နံနက်(၉:၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ထန်းတပင်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီ အချင်အတွယ်ပြည့်ဝမှန်ကန်မှုရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချနေမှုရှိ/မရှိ၊ စက်သုံးဆီ ပြတ်လပ်မှုရှိ/မရှိနှင့် စက်သုံးဆီလက်ကျန်အခြေအနေတို့ကို ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

             ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကွင်းအမှတ်(၃၆၄/ဘီ) တူးချောင်းကျေးရွာအုပ်စု၊ ထန်းတပင်မြို့နယ်ရှိ ZTH စက်သုံးဆီဆိုင်တာဝန်ခံ ဦးစိုးမြတ်ဝင်းမှ ပူးပေါင်းပါဝင်လျက် ဆိုင်တွင်သတ်မှတ် ရည်ညွှန်းဈေးအတွင်းသာရောင်းချကာ စက်သုံးဆီလက်ကျန်အနေဖြင့် စက်သုံးဆီများ လုံလောက်စွာသိုလှောင်ထားရှိပြီး အချင်အတွယ်ပြည့်ဝမှန်ကန်မှုရှိသည်ကို တွေ့ရှိရပြီး စက်သုံးဆီအရောင်းတာဝန်ခံအား အချင်အတွယ်မှန်ကန်မှုရှိစေရေး အလေးထားရန်၊ သတ်မှတ်ရည်ညွှန်းဈေးအတွင်းရောင်းချရန် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                       

မြင်းခြံမြို့၊အကျဉ်းဦးစီးဌာနတွင် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

   မြင်းခြံမြို့၊ အကျဉ်းဦးစီးဌာနရှိ အနော်ရထာခန်းမ၌ ၁၈-၅-၂၀၂၅ ရက်နေ့၊ မွန်းလွဲ ၀၂:၀၀ နာရီ အချိန်တွင် မြင်းခြံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် အကျဉ်း ဦးစီးဌာနရှိ အရာထမ်း၊အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုများအား စားသုံးသူကာကွယ်ရေးအသိ ပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

   ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက  စားသုံးသူကာကွယ်ရေးဥပဒေ ပါ စားသုံးသူ၏အဓိပ္ပာယ်၊ လုပ်ငန်းရှင်၏အဓိပ္ပာယ်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏အဓိပ္ပာယ်များ၊ စားသုံး သူများ၏အခွင့်အရေးများ၊ စားသုံးသူများလိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင် များ၏တာဝန်များ၊ တားမြစ်ချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁)ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် ဖော်ပြရမည့် သတ်မှတ်ချက်များ၊ မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့်အချက်များ၊ စားသုံးသူများနစ်နာ ဆုံးရှုံးမှုများရှိလာပါက ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားရှိသော စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)ရုံးများတွင် တိုင်ကြားနိုင်သကဲ့သို့ Online တိုင်ကြားမှုအနေဖြင့် DOCA Website  ဖြစ်သော www.doca.gov.mm မှလည်းကောင်း၊ ပြည်နယ်/ တိုင်း/ခရိုင်အသီးသီးရှိ Facebook အကောင့်များမှလည်းကောင်း၊ Facebook Pageများမှ လည်းကောင်း၊ Mobile Application မှ လည်းကောင်း၊ Consumer Call Center နံပါတ်-၁၅၃၅ သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းတိုင်ကြားဆောင်ရွက်နိုင်ပါကြောင်း စသည်ဖြင့် အကျယ် တဝင့်ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

      ဟောပြောပွဲသို့တက်ရောက်လာကြသော အကျဉ်းဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများက သိရှိ လိုသည်များမေးမြန်းရာ ခရိုင်ဦးစီးမှူးက ပြန်လည်ရှင်းလင်း ဖြေကြားဆွေးနွေးခဲ့ပြီး တက်ရောက် လာသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

ဇမ္ဗူကံထွန်းကုမ္ပဏီမှ မှော်ဘီမြို့နယ်အတွက် စားအုန်းဆီများရောက်ရှိ

            စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချရန်အတွက် ၂၀၂၅ ခုနှစ်၊ မေလ ၂၂ ရက် နေ့လယ်(၀၃:၅၀) နာရီအချိန်တွင် ဇမ္ဗူကံထွန်းကုမ္ပဏီမှ ခွဲတမ်းရစားသုံးဆီ (၉)လုံး ရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မှော်ဘီမြို့နယ် ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/ လက်ကားဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီ/လက်ကားဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီခွဲတမ်းရရှိသော လက်လီ/လက်ကားကိုယ်စားလှယ်ထံမှ သိရရှိပါသည်။

DOCA (ရန်ကုန်)

                                                                                                        

ငါးကြင်းခြစ်(အသား)ဈေးကွက်

   မြင်းခြံမြို့၊ အေးမြသီတာဈေးရှိ အသားငါးတန်းများတွင် ကြက်သား၊ ဝက်သား၊ အမဲသား၊ ငါးမျိုးစုံရောင်းချလျက်ရှိရာ ငါးကြင်းချစ်(အသား)သည်လည်းဈေးကွက်တွင် လူကြိုက်များ၍ စားသုံး မှုများသောကြောင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်းသိရသည်။ ငါးကြင်းခြစ်အသား (၂၅)ကျပ် သားလျှင် (၆၀၀၀)ကျပ်၊ တစ်ပိဿာလျှင်(၂၄၀၀၀)ကျပ်ဖြင့် ဒေသတွင်းအရောင်း အဝယ်ဖြစ် လျက်ရှိကြောင်း၊ နေ့စဉ် ငါးကြင်းခြစ်အသား (၅-၇ပိဿာ)ခန့် ပုံမှန်ရောင်းချရကြောင်း၊ ရန်ကုန်မြို့ ၊ကြည့်မြင်တိုင်ဈေးမှ တင်သွင်းပြီး မြင်းခြံဈေးကွက်တွင် ဖြန့်ဖြူးရောင်းချကြောင်း၊ ငါးကြင်းခြစ် အသားသည် အရိုးလွတ်သောကြောင့် လူကြိုက်များပြား၍ နေ့စဉ်အဝယ်ဖြစ်ကြောင်း၊ ငါးရောင်းချသူ တစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ ကျန်းမာရေးအကျိုးကျေးဇူးအနေဖြင့် ငါးစားသုံးရာတွင် ပရိုတိန်း၊ အိုမီဂါ(၃)၊ဖက်တီးအက်ဆစ်၊ ဗီတာမင်နဲ့သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး၊ ဇင့်ဓာတ် ပါဝင်၍ ကိုယ်ခံအားစနစ်ကိုမြှင့်တင် ပေးသောကြောင့် သန့်ရှင်းလတ်ဆတ်ပြီး အာဟာရပြည့်ဝ သော ငါးကြင်းခြစ်အသားများကို ကျက်အောင်ချက်ပြီး စားသုံးရန်လိုအပ်ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

မင်္ဂလာဒုံမြို့နယ်ရှိ ကြက်ခြံများအား ကွင်းဆင်းစစ်ဆေး

             မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ကြက်ခြံများကို (၂၁.၅.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဦးကောင်းညွန့်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌမှ ဦးဆောင်၍ ဦးထူးကျော် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ ဒေါက်တာနေခြည်ထွေး(တာဝန်ခံ) ခရိုင်မွေးမြူရေးနှင့် ကုသရေးဉီးစီးဌာန၊ ဦးထွေးအောင်(တာဝန်ခံ) ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ဒေါ်ခိုင်ရွှေ(မြို့နယ် တာဝန်ခံ) စားသုံးသူရေးရာဦးစီးဌာန၊ ဦးထွန်းထွန်းဝင်း(လက်ထောက်အုပ်ချုပ်ရေးမှူး) စည်ပင်သာယာအုပ်ချုပ်ရေးအဖွဲ့၊ ဦးကြည်ရွှေ(SAE) ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့တို့ ပါဝင်သောအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

             ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မင်္ဂလာဒုံမြို့နယ်ရှိ ကုန်းတလပေါင်ကျေးရွာ ဦးမောင်မောင်ထူး၏ ဥစားကြက်မွေးမြူရေးခြံ၊ ရဲစုတောင်ရပ်ကွက်၊ ငရုပ်ဖိုလမ်း၊ ဦးစိုင်းဇော်ဇော်နှင့် ဦးလင်းအောင်တို့၏ ဥစားကြက်မွေးမြူရေးခြံသို့ ကွင်းဆင်းစစ်ဆေးရာ မွေးမြူထားသော ဥစားကြက်မ အကောင်ရေနှင့် တစ်ရက်လျှင် ဥဥနှုန်းမေးမြန်းပြီး ကြက်ဥတစ်လုံး၏ပျမ်းမျှ ကုန်ကျစရိတ်မှာလည်း ယခင်သုံးလခန့်က အစာစရိတ်နှင့်ယခုအစာစရိတ်မှာ မြှင့်တက်လျက်ရှိကြောင်း၊ ဥစားကြက်မွေးမြူရေးခြံများ၏ ကြက်ဥတစ်လုံးအတွက် ထုတ်လုပ်မှုအသားတင် ကုန်ကျစရိတ်တန်ဖိုးမှာ ယခုအချိန်တွင် ယခင်ထက်ပိုမိုများပြားလာကြောင်း စစ်ဆေးချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)

ထားဝယ်ရိုးရာဒေသထွက် ထားဝယ်ဂါဂျိုးထုတ်လုပ်ဖြန့်ဖြူးသည့် လုပ်ငန်းအား စစ်ဆေးခြင်း

      ၂၀၂၅ ခုနှစ်၊ မေလ ၂၈ ရက်နေ့ ၊ နေ့လယ်(၁၄း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ပူးပေါင်း၍ ထားဝယ်မြို့၊ တလိုင်းမရပ်၊ တရုတ်ဘုံကျောင်းလမ်းရှိ ဂါဂျိုး အမှတ်တံဆိပ် ထားဝယ်ရိုးရာ ဒေသထွက်ထားဝယ် ဂါဂျိုးထုတ်လုပ်ဖြန့်ဖြူး‌ရောင်းချလျက်ရှိသည့် လုပ်ငန်းအား စျေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးသည့်စနစ် (Pre Market Surveillance) ဖြင့် စစ်‌ဆေးဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါစျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ‌ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်စေရေးအတွက် စျေးကွက်အတွင်းဖြန့်ဖြူးမရောင်းချမီ ကုန်စည်များတွင် မြန်မာဘာသာနှင့်ဖြစ်စေ၊ အခြားဘာသာတစ်ခုခုနှင့်ဖြစ်စေ တွဲလျက်ဖော်ပြထားသောကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိမှုရှိ/မရှိ စစ်ဆေးခြင်း၊ သက်တမ်းလွန် စားသောက်ကုန်ပစ္စည်းများ ရောင်းချနေမှုရှိ/မရှိ စစ်ဆေးခြင်း၊ စားသောက်ကုန်များအားထုတ်လုပ်ရာတွင် သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ရောင်းချနေမှုများ ရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ပေါ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းအရောင်းဆိုင်များအား စစ်ဆေးခြင်း

    ၂၀၂၅ ခုနှစ်၊ မေလ ၂၈ ရက်နေ့၊ နေ့လယ် (၁၃း၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှ  ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ပူး‌ပေါင်း၍ ထားဝယ်မြို့ ကြက်စားပြင်ရပ်၊ ညောင်ပင်ကြီးလမ်းဆုံအနီးရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်၍ ဘိလပ်မြေစျေးနှုန်းများနှင့်ရရှိမှုအခြေအနေများ၊ လက်ကျန်အခြေအနေများ၊ သိုလှောင်ထားရှိမှုများရှိ/မရှိ စစ်ဆေး ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင် ဦးစီးမှူးရုံးတွင် (၁၃.၅.၂၀၂၅)ရက်နေ့၊ ညနေ (၁၄:၀၀) နာရီအချိန်၌ ခရိုင်ဦးစီးမှူးနှင့် MSME လုပ်ငန်းရှင်များတွေ့ဆုံ၍  ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ  ဖော်ပြပါရှိရေးနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

   အဆိုပါဆွေးနွေးမှုတွင် ခရိုင်ဦးစီးမှူး ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး)က မိမိတို့ ထုတ်လုပ်သောကုန်စည်များကို သက်ဆိုင်ရာဌာနထောက်ခံချက်များပါရှိရေး/ရရှိရေး ဆောင်ရွက်ရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဖော်ပြရ မည့်အချက်များ၊ မြန်မာဘာသာဖြင့် အဖြစ်မနေဖော်ပြထည့်သွင်းဖော်ပြရမည့်အချက်များ ပြည့်စုံ စွာပါရှိရေး ဆောင်ရွက်ရန်နှင့်လိုအပ်ပါက ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကုန်အညွှန်း အမှတ်အသားဆိုသည်မှာ ကုန်စည်သို့မဟုတ် ကုန်စည်ထုပ်ပိုးမှုအပြင်အဆင်ပေါ်တွင် စာဖြင့်ရေး သား၍ဖြစ်စေ၊ ပုံနှိပ်၍ဖြစ်စေ၊ ရုပ်ပုံဖြင့်ဖြစ်စေ၊ အခြားနည်းတစ်ရပ်ရပ်ဖြင့်စေ ဖော်ပြထားသည့် ကုန်စည်နှင့်သက်ဆိုင်သည့်အချက်အလက် သို့မဟုတ် အမှတ်အသားကိုဆိုလိုတာဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။

   ဆက်လက်၍ ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး(ဦးစီးအရာရှိ)က နိုင်ငံတော်မှ သတ်မှတ် ရည်ညွှန်းဈေးဖြင့်ထုတ်ပေးသော စက်မှုလုပ်ငန်းသုံးဆီများကိုလည်း မိမိတို့၏ လုပ်ငန်းခွင်များတွင် အမှန်တကယ်အသုံးပြုဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များမှ သိရှိလိုသည့် အချက်အလက်များအား မေးမြန်းဆွေးနွေးရာ ခရိုင်ဦးစီးမှူး ဦးသန်းစိုက ပြန်လည်ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

ဆန်ဆိုင်ကြီးများနှင့် ဆန်ဂို‌ဒေါင်များအား ကွင်းဆင်းစစ်ဆေးခြင်း

     ၂၀၂၅ ခုနှစ်၊ မေလ ၂၈ ရက်နေ့၊ နံနက် (၁၀း၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှ  ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် ပြည်တွင်း ဆန်စျေးနှုန်းများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှန်ကန်စေရေးအတွက် ထားဝယ်မြို့၊ သရက်ချောင်းကားဝင်း၊ ဗျောတောဝရပ်၊ ကြက်စားပြင်ရပ်တို့ရှိ ဆန်ဂိုဒေါင်များနှင့်ဆန်အရောင်းဆိုင်ကြီးများအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးရာတွင် ပြည်တွင်းစားဆန်စျေးနှုန်းများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှန်ကန်စေရေးအတွက် ဆန်စျေးနှုန်းများ စျေးနှုန်းမြှင့်တင်ရောင်းချမှုများ ရှိ/မရှိ၊ အလေးချိန်မှန်ကန်စွာဖြင့် ချိန်တွယ်ရောင်းချမှုများ ရှိ/မရှိနှင့် ဝိသမလောဘဖြင့် သိုလှောင်မှုများ ရှိ/မရှိ  စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ခရိုင်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၌ ဥစားကြက်ခြံလုပ်ငန်းနှင့်ပတ်သက်၍ ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေးခြင်း

              (၂၁.၅.၂၀၂၅)ရက်နေ့ နံနက်(၁၁:၅၅) နာရီအချိန်တွင် မင်္ဂလာဒုံခရိုင်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကွင်းဆင်းခဲ့သော ဥစားကြက်ခြံလုပ်ငန်းနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့်တွေ့ဆုံဆွေးနွေးခြင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

            ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာန၊ မင်္ဂလာဒုံမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးအဖွဲ့၊ ရန်ကုန်လျှပ်စစ် ဓါတ်အားပေးရေးအဖွဲ့တို့မှ အစည်းအဝးသို့ တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကောင်းညွန့်မှ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ဥစားကြက်ခြံလုပ်ငန်းနှင့် ပတ်သက်၍ ဆွေးနွေး ပြောကြားရာတွင် ကြက်ဥတစ်လုံးကုန်ကျစရိတ်၊ ကြက်စာ၊ ကြက်ဥတစ်လုံးလျှင် ကျသင့်သည့် ဆေးဝါးကုန်ကျစရိတ်အစရှိသည့် ထုတ်လုပ်မှုကုန်ကျစရိတ် (ပျမ်းမျှ)အား တွက်ချက်၍ ဈေးကွက်အတွင်း စားသုံးသူပြည်သူများအလွယ်တကူဈေးနှုန်း သက်သာစွာဝယ်ယူစားသုံးနိုင်ရန် သက်ဆိုင်ရာဌာနများမှ ဈေးကွက်အတွင်း ကွင်းဆင်းအသိပညာပေးပါရန် ဆွေးနွေးပြောကြားခဲ့ပြီး အစည်းအဝေးကို နေ့လယ် (၁၂:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ
a