သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သာပေါင်းမြို့နယ်တွင် သီဟိုဠ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

      ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် သာပေါင်းမြို့နယ်တာဝန်ခံရုံးတွင် (၁၀.၃.၂၀၂၃) ရက်နေ့ နေ့လယ် (၁၁:၀၀)နာရီတွင် သာပေါင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် သီဟိုဠ်လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့ဆွေးနွေးရာတွင် သီဟိုဠ်လုပ်ငန်းရှင်များ၏ အခက်အခဲများ၊ ထုတ်လုပ်နိုင်မှုအခြေအနေ၊ ဈေးနှုန်းဈေးကွက်၊ စိုက်ပျိုးမှုနှင့်ပတ်သက်သော အကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ပြီး သီဟိုဠ်လုပ်ငန်းရှင်များဘက်မှ တွေ့ကြုံနေရသော အခက်အခဲများ၊ သီဟိုဠ်ထွက်ရှိမှုနှုန်း၊ ဆန်စပါး ဈေးနှုန်းတို့ကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အကြံပေးညှိနှိုင်းခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျောင်းကုန်းမြို့နယ်ရှိ ကုန်စုံဆိုင်များမှ ဆပ်ပြာမှုန့်များအား ကွင်းဆင်းစစ်ဆေး

   ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်  (၆.၃.၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက် ရှိသော ဆပ်ပြာမှုန့်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    အဆိုပါဈေးအတွင်းရှိ အရောင်းဆိုင်များတွင် E-Lan,Win အစရှိသည့် ဆပ်ပြာမှုန့်များအား ကုန်အညွှန်းအမှတ်အသားကိုက်ညီမှုရှိ၊မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ကိုက်ညီမှုရှိကြောင်း တွေ့ရှိရသဖြင့် လုပ်ငန်းရှင်များသည် ပြည့်စုံမှု မရှိသောကုန်စည်များ၊ မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းမရှိသော ကုန်စည်များသည် ထုတ်ကုန်လုံခြုံစိတ်ချရမှုမရှိသဖြင့် မရောင်းချကြရန် အသိပညာပေးဆောင်ရွက်ခဲ့ပြီး ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအတိုင်း သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်နိုင်ရန် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

                                               

မြောင်းမြခရိုင် အိမ်မဲမြို့နယ်၊ ကုန်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊       စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ၊ အိမ်မဲမြို့နယ်၊ မြို့နယ်တာဝန်ခံ ဦးလေးလွင်နှင့်ဝန်ထမ်းများသည် (၉.၃.၂၀၂၃)ရက်နေ့ နံနက်(၁၀:၃၀)နာရီက  တကူဆိပ်ကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကုန်မျိုးစုံလုပ်ငန်းရှင်များအားတွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို  ဦးစွာရှင်းလင်းပြောကြားပြီးနောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေဥပဒေ (၂၀၁၉) ပါ ပြဌာန်းချက်များအနက် စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍တွဲလျက် ဖြစ်စေရေးသားဖော်ပြရန် ပြဌာန်းချက်များ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များစသည်တို့ကို သိရှိလိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်မည်သူမဆို ပုဒ်မ(၆၇)(၆၈)ကို ဖောက်ဖျက်ကျုးလွန်ပါက ပြစ်မှုထင်ရှားစီရင်ခံရလျှင် ထောင်ဒဏ်၊ ငွေဒဏ်ချမှတ်ခံရနိုင်ပါကြောင်း၊ အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီးနောက် လက်ရှိရောင်းဝယ်နေသော ကုန်စည်များ၏ဈေးနှုန်းများအနေဖြင့် ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းများဖြင့် ရောင်းဝယ်ကြရန်၊ အလေးတင်းတောင်း မှန်မှန်ကန်ကန်ချိန်တွယ်ဝယ်ယူနိုင်ရေး အလေးထားဆောင်ရွက်ရန်နှင့်  လုပ်ငန်းရှင်များအနေဖြင့် ဌာနမှထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များအား သိရှိလိုက်နာဆောင်ရွက်ကြရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကာ ဟောပြောပွဲသို့ မုန့်မျိုးစုံလုပ်ငန်းရှင်(၁၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် စက်သုံးဆီအရောင်းဆိုင်များ ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ဒု-ခရိုင် ဦးစီးမှူးဦးမိုးမင်းသန်းနှင့် မြို့နယ်ဦးစီးမှူးဦးလှထွဋ်ဦးတို့သည် (၉-၃-၂၀၂၃)ရက်နေ့ ညနေ(၁၅:၀၀) နာရီတွင် မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချနေခြင်း ရှိ/မရှိကို ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့စစ်ဆေးရာတွင်  ဒု/ခရိုင်ဦးစီးမှူးက စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးနေသည့် လုပ်ငန်းရှင်များအား တရားမဝင်သွင်းကုန် စက်သုံးဆီ၊ ချောဆီများအား တရားမဝင် ကုန်သွယ် မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဖြင့် စစ်ဆေးဖော်ထုတ်ဆောင်ရွက်နေကြောင်း၊ စက်သုံးဆီ၊ ချောဆီများ သယ်ဆောင်မှုအား စောင့်ကြည့်စစ်ဆေးခြင်းဖြစ်ပါကြောင်း၊ မြို့နယ်အလိုက်စက်သုံးဆီအရောင်းဆိုင် အရေအတွက်နှင့် လက်ကားဝယ်ယူသည့် ကုမ္ပဏီစာရင်းများ ကောက်ယူနေသဖြင့် လုပ်ငန်းရှင်များအနေဖြင့် တရားမဝင်စက်သုံးဆီ၊ ချောဆီများတင်သွင်း၊ ဖြန့်ဖြူးရောင်းချနေခြင်း စစ်ဆေးတွေ့ရှိရပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းတို့ကို အသိပညာပေးကာ  ရေနံနှင့်ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန  (PPRD)က နေ့စဉ်ထုတ်ပြန်ထားသော စက်သုံးဆီ ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းမရှိစေရေး၊ ပြည်သူများအဆင်ပြေစွာဝယ်ယူနိုင်ရန် မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး ၊ပုံမှန်ဖွင့်လှစ်ရောင်း ချနိုင်ရေးနှင့် စက်သုံးဆီများကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချခြင်းမပြုပဲ အချိန်အတွယ် မှန်ကန်စွာရောင်းချနိုင်ရေး ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန် စက်သုံးဆီလုပ်ငန်းရှင်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

 

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေးရည်ရွယ်၍ မတ်လ(၁၃)ရက် နံနက် (၁၀:၀၀) နာရီအချိန်တွင် ငပုတောမြို့နယ်မြို့မဈေးအတွင်းတွင် ရောင်းချလျက်ရှိသော အလှကုန်အရောင်းဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တာဝန်ခံက မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြရန်နှင့် (၂၀၁၉) စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) ပါ ပြဌာန်းချက်များနှင့်အညီ ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းများ ပြုလုပ်ကြရန် အသိပညာပေးကာ ကုန်စည်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ၊မရှိ စစ်ဆေးပြီး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အမှတ်(၂) ရပ်ကွက်တွင် အသိပညာပေးဟောပြောဆွေးနွေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တာဝန်ခံသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ခိုင်မာတိုးတက်စေရေး၊ စားသုံးသူကာကွယ်ရေးဥပဒေများအား စားသုံးသူပြည်သူများသိရှိနိုင်စေရန် ရည်ရွယ်၍ မတ်လ (၁၀)ရက် နံနက်(၁၀:၀၀) နာရီတွင် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက်ရှိ ပြည်သူများအား အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။

   ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်ရွယ်ချက် အပါအဝင် ဈေးကွက်အတွင်းရောင်းချနေသော ကုန်ပစ္စည်းများတွင် ကုန်စည်အမျိုးအစားအပေါ်မူတည်၍ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိရေး၊ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ စားသုံးသူများရရှိနိုင်သော အခွင့်အရေး(၈)ချက်နှင့်တာဝန်များ အစရှိသည့် စားသုံးသူအခွင့်အရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည့် အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အများပြည်သူသက်သာစေရန် စားအုန်းဆီများ ရည်ညွှန်းဈေးဖြင့်လှည့်လည်ရောင်းချပေးခြင်း

     စားသုံးဆီများသတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်ပြည့်မီစေရေး ၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများကိုသုံးစွဲနိုင်ရေး၊ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်စေရေးတို့အတွက်  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန   ၊  စားသုံးဆီတင်သွင်းသို လှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီများအား  စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများက  သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် လက်ကားကုန်သည်များကို  ဖြန့်ဖြူးရောင်းချပေးစေခဲ့ရာ အဆိုပါစားအုန်းဆီများကို မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊  ကျောက်ပန်းတောင်းမြို့နယ်၊  ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်ကြီးများအသင်းမှ  သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့်   ဝယ်ယူ၍ မြို့နယ်အတွင်းနေ   စားသုံးသူပြည်သူများအတွက် ဈေးနှုန်း သက်သာစွာဝယ်ယူနိုင်ရေးအလို့ငှာ  မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်၊ ကျေးရွာများသို့ Mobile စနစ်ဖြင့် လှည့်လည်၍ ရောင်းချပေးလျက်ရှိပါသည်။ ၂၀၂၃ ခုနှစ်၊ မတ်လ (၉)ရက်နေ့၌ အောင်မင်္ဂလာရပ်ကွက်၊ စံပြရပ်ကွက်၊ လွတ်လပ်ရေးရပ်ကွက်၊ တံခါးကြီးကျေးရွာနှင့် ရွာတန်းရှည်ကျေးရွာတို့တွင် နေရာ(၅)နေရာခွဲ၍ Mobile စနစ်ဖြင့်လှည်လည်ရောင်းချခဲ့ကြောင်းနှင့် ထိုသို့ရောင်းချရာတွင် စားအုန်းဆီတစ်ပိဿာလျှင် (၅၀၀၀)ကျပ်ဖြင့် အောင်မင်္ဂလာရပ်ကွက်တွင် ဆီပိဿာ(၃၃၀)ပိဿာ၊ စံပြရပ်ကွက်တွင်(၂၂၀)ပိဿာ၊ လွတ်လပ်ရေးရပ်ကွက်တွင်(၃၃၀)ပိဿာ၊ တံခါးကြီးကျေးရွာတွင် (၃၃၀)ပိဿာနှင့်ရွာတန်းရှည်ကျေးရွာတွင်(၃၃၀)ပိဿာရောင်းချခဲ့ကြောင်း၊ စုစုပေါင်းဆီပိဿာချိန်(၁၅၄၀)ပိဿာရောင်းချပေးခဲ့ပါကြောင်း၊ အဆိုပါရောင်းချမှု အား  စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံနှင့် တာဝန်ရှိသူများက ကွင်း ဆင်းကြီးကြပ်၍ လိုအပ်သည်များကို သက်ဆိုင်ရာရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ယခုကဲ့သို့ပင် ကျန်ရှိနေသေးသောရပ်ကွက်၊ ကျေးရွာများသို့ Mobile စနစ်ဖြင့်   ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ပါကြောင်း မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်ကြီးများအသင်း ဥက္ကဌထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

မကွေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင်အဖွဲ့ "ပထမအကြိမ်" မျက်နှာစုံညီအစည်းအဝေးကျင်းပ

   မကွေးတိုင်းဒေသကြီး၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင်အဖွဲ့ "ပထမအကြိမ်" မျက်နှာစုံညီအစည်းအဝေးကို (၁၃-၃-၂၀၂၃) ရက်နေ့  နံနက် (၀၉:၀၀) နာရီအချိန်တွင် မကွေးမြို့၊ ကုန်စည်ဒိုင်ခန်းမ၌ ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးနှင့် တိုင်းအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူ (၃) ဦး၊ အလုပ်အမှုဆောင်အဖွဲ့ဝင် (၃၇) ဦးအနက် တက်ရောက်သူ (၃၄) ဦး၊ အသင်းသား (၁၄) ဦး၊ စုစုပေါင်း (၅၁) ဦးတက်ရောက်ခဲ့ကြပါသည်။

      ဦးစွာ အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးက မကွေးတိုင်းဒေသကြီး၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းသည် နယ်မြေအသီးသီးမှ ကိုယ်တိုင်ဆန္ဒမဲပေးပြီး သက်ဆိုင်ရာကဏ္ဍအားလုံးဖြင့် ဖွဲ့စည်းထားသည့်အသင်းတစ်ခုဖြစ်ရာ သင်းဖွဲ့စည်းမျဉ်းသည်လည်း အတည်ပြုပြီးဖြစ်သည့်အတွက် သင်းဖွဲ့စည်းမျဉ်းကိုလည်း အောက်ခြေအထိသိရှိအောင် ဖြန့်ဝေပေးရန်လိုကြောင်း၊ အသင်းအား အကျိုးရှိအောင် လုပ်ဆောင်စေချင်ကြောင်း၊ အစည်းအဝေးများကို Online ဖြင့်လည်း ကျင်းပနိုင်သည့်အတွက် မကြာခဏကျင်းပစေလိုကြောင်း၊ ယခင် လက်သင့်ရာခေါ်တာမျိုးကဲ့သို့ မဖြစ်စေချင်ဘဲ မကွေးတိုင်းဒေသကြီးကို ဖွံ့ဖြိုးတိုးတက်လာအောင် အစိုးရနှင့်ကုန်သည်များက ပူးပေါင်းလုပ်ဆောင်စေချင်ကြောင်း၊ တရုတ်နှင့်ပူးပေါင်းမည့် စီးပွားရေးမဲခေါင်လမ်းကြောင်းတွင် တိုင်း/ပြည်နယ်မှ စီးပွားရေးရာဝန်ကြီး (၄)ဦးထည့်ဝင်ထားရှိရာ အဖွဲ့ဝင် (၄) ဦးထဲတွင် မကွေးတိုင်းမှ စီးပွားရေးရာဝန်ကြီးအနေဖြင့် ဗဟိုကော်မတီအဖွဲ့ဝင်အဖြစ် ပါရှိထားကြောင်း၊ ထိုသို့ပါရှိခြင်းသည်လည်း မကွေးတိုင်းဒေသကြီးကို ဖွံ့ဖြိုးတိုးတက်စေချင်သည့် အဓိပ္ပါယ်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းသည် တောင့်တင်းခိုင်မာသောအသင်းဖြစ်နေရန် လိုကြောင်း၊ သီးနှံအများစုတွင် ဓာတုဓာတ်ကြွင်းများကျန်ရှိနေခြင်းသည် စိုက်ပျိုးသူတောင်သူများနှင့်သက်ဆိုင်သည့်အတွက် ဓာတုဓာတ်ကြွင်းကိစ္စများနှင့်ပတ်သက်၍ တောင်သူများကို ဒိုင်များ/ကုန်သည်များက အသိပေးရန်လိုကြောင်း၊ မကွေးမြို့တွင် စက်မှုဇုန်နှင့် Complex Zone တည်ထောင်ရန်ရှိသည့်အတွက် ထိုလုပ်ငန်းများကိုလည်း ကုန်သည်များအသင်းက ရယူထားစေချင်ကြောင်း၊ အသင်းအနေဖြင့် “ရုံးတည်နေရာနှင့် ဝင်ငွေဘယ်လိုရှာမလဲ၊ ကိုင်ဆောင်ထားသည့်ငွေကို ဘယ်အချိန်တွင်   ဘယ်လိုအသုံးချမလဲ”ဆိုသည့်   အချက်များကိုလည်း   စည်းမျဉ်းအတိုင်း လုပ်ဆောင်ရန်လိုကြောင်း၊ ကုန်စည်စီးဆင်းမှုများ လျင်မြန်ချောမွေ့နေမည်ဆိုပါက ကုန်ဈေးနှုန်းသည်လည်း အထိုက်အလျောက်ကျဆင်းလာမည်ဖြစ်ကြောင်း၊ မိမိတာဝန်ယူနေစဉ်ကာလအတွင်း လုပ်ပေးနိုင်မည့်အပိုင်းများကို လုပ်ဆောင်ပေးချင်ကြောင်း ပြောကြားခဲ့ပါသည်။

      ဆက်လက်၍ တက်ရောက်လာသည့် မကွေးတိုင်းဒေသကြီး၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ရုံးတည်နေရာသတ်မှတ်ခြင်း၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် ဘဏ္ဍာရေးစည်းမျဉ်းများနှင့် ကုန်စည်ဒိုင်အလိုက် ရောင်းဝယ်ဖောက်ကားမှုအခြေအနေများ၊ အခက်အခဲများကို ဆွေးနွေးပြောကြားခဲ့ပြီး တွေ့ဆုံဆွေးနွေးပွဲကို နေ့လယ် ( ၁၂:၃၀ ) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

         

ကြက်ဥစားသုံးမှု မြင့်တက်လာလေသလား

     သားငါးဈေးနှုန်းများကြီးမြင့်လာသည်နှင့်အမျှ ကြက်ဥဈေးမှာလည်း ရေမြင့်လေလေ ကြာမြင့်လေလေ ဆိုသကဲ့သို့ ဈေးမြင့်တက်လာခဲ့ပါသည်။ အခြေခံလူတန်းစားများအတွက် ကြက်ဥသည် မပါမဖြစ် ဟင်းလျာတစ်ခုလို့ပင်ဖြစ်ပါကြောင်း၊ ကြက်ဥမှာလည်း သူအတန်းအစားနှင့် သူရှိကြောင်း၊ မေးမြန်းကြည့်ရာတွင် တစ်နေ့လုပ်တစ်နေ့စားအဖို့ ကြက်ဥရေလုံပြုတ်ဖြစ်ပြီ၊ လူလတ်တန်းစားအဖို့ ကြက်ဥကို ပုံစံအမျိုးမျိုးဖြင့် ကြက်ဥမွှေကြော် ၊ ကြက်ဥဟက်ပဒိုက် ၊ ကြက်ဥကြော်ချက် ၊ ကြက်ဥမွှေချက် ၊ ကြက်ဥပေါင်းချက် တချို့က ခွန်အားပြည့်ရန်  စပါကလင်ကို ကြက်ဥနှင့် ရောမွှေကာသောက်ကြကြောင်း သိရှိရပါသည်။ မေးမြန်းသူ၏အဖြေကြောင့် ကျွန်တော်တောင် နေပြည်တော်တွင် တာဝန်ထမ်းဆောင်စဉ်က အတူနေဖော် သူငယ်ချင်း ချက်ကြွေးတဲ့ ကြက်ဥမွှေချက်၊ ချဉ်ပေါင်ရွက်အချဉ်ရေနဲ့ငရုပ်သီးမြေပဲဆံထောင်း စားခဲ့ရတာကို မြင်ယောင်မိခဲ့ပါသည်။ဆက်လက်၍ ကြက်ဥတစ်လုံး၏ဈေးနှုန်းကိုမေးရာ ယခင်က တစ်လုံး ၁၀၀/- ၊ ၁၅၀/- ကျပ်၊ယခု တစ်လုံးလျှင် ၂၅၀/- ကျပ်ဆိုရင် သင့်တင့်ရုံသာရကြောင်း၊  ကျွန်တော်တို့အတွက်တော့ အဓိကဟင်းလျာပင်ဖြစ်ကြောင်း၊ အလုပ်က ပန်းရံနောက်လိုက်ဆိုတော့ ၈၀၀၀/-ကျပ်ရကြောင်း၊ အမျိုးသမီးက ကိုယ်ဝန်သည်ဖြစ်ကြောင်း၊ အလုပ်မှာလည်း ပုံမှန်မရှိကြောင်း သိရှိရပါသည်။ထို့နောက် ကျွန်တော် အသိမိတ်ဆွေတစ်ဦး၏ ကြက်ဥလက်လီ/လက်ကား အရောင်းဆိုင်ကို ရောက်ရာ ကြက်ဥဈေးမှာ တစ်ပိဿာကို ၅၈၀၀/- ကျပ် ရှိနေကြောင်း၊ ဈေးအတက်အကျမှာ လက်ရှိဈေးနဲ့ဈေးငြိမ်နေသည်မှာ တစ်လကြာပြီဖြစ်ကြောင်း၊ ကြက်ဥက တစ်ပိဿာတွင် ပုံမှန်အသင့်အတင့်ဥဖြစ်ပါက ၂၅ လုံး၊ ဥသေးလျှင် ၃၀ / ၃၁  လုံးရကြောင်း၊ ရောင်းသူ၏ တန်ဖိုးအပေါ်မူတည်ပြီး အလုံးအရွယ်အစားက ကွာဟ၍ တစ်လုံးလျှင် ၂၀၀/-၊ ၂၅၀/- ကျပ် ရောင်းကြကြောင်း၊ ရောင်းအားအနေဖြင့် ဈေးနှုန်းကြီးမြင့်လာ၍ ကြက်ဥရောင်းအားမှာ မဆိုးပါကြောင်း၊ တစ်ပတ်ကို ကဒ် ၂၀၀၊ အလုံး ၆၀၀၀၀ ခန့် ရောင်းရကြောင်း၊ ကြက်ဥစားသုံးမှုများလာကြောင်း၊ အစစအရာရာ ဈေးတန်တာကတစ်ကြောင်း ၊ဟင်းဖြစ်မြန်ပြီး မိသားစုနည်းနည်းများများ တွက်ခြေကိုက်ကြောင်း သိရှိရပါသည်။ထို့နောက် ကျွန်တော်လဲ ပန်းရံသမားလေးပြောသည့်စကားကို နားထဲကြားယောင်လာမိ၍ ဟုတ်တာပေါ့ဆိုပြီး အတွေးဝင်ကာ မြို့ပေါ်မှာ လက်ကားအရောင်းဆိုင်မျိုး ဘယ်နှစ်ဆိုင် လောက်ရှိလဲဟုမေးရာ  ၇ ဆိုင် လောက်တော့ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပြင်ဦးလွင်ဈေးကွက်က ဝယ်ရကြောင်း၊ ကြက်ဥဈေးမြှင့်တက်နိုင်ချေနှင့် စပ်လျဉ်း၍ ရှေ့နွေရောက်လို့  ဥ,ဥနှုန်းတွေကျလာရင် ဈေးမြင့်လာနိုင်ကြောင်း ကြားသိခဲ့ရပါသည်။ ကြက်ဥကို နည်းလမ်းမှန်ကန်စွာ စားသုံးပါက ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါကြောင်း၊ ကြက်ဥသည် ပရိုတင်းအစားအစာဖြစ်ပြီး ဦးနှောက်၊နှလုံးနဲ့ ခုခံအားစနစ်အတွက် အလွန်အကျိုးရှိသည့်  အာဟာရဓာတ်ဖြစ်ပါကြောင်း ၊ ကြက်ဥအကာမှာ စွမ်းအင်ထုတ်လုပ်ဖို့နှင့် ခန္ဓာကိုယ်မှအဆိပ်တွေကို ဖယ်ရှားဖို့အရေးပါသော ဆီလီနီယမ်နဲ့ ရိုက်ဗို ဖလေဗင်(ဘီ)တွေများစွာပါဝင်ပါကြောင်း၊ကြက်ဥအနှစ်မှာ ဗီတာမင် A ၊ ဗီတာမင် E ၊ ဗီတာမင် D ၊ ဗီတာမင် K ၊ ဗီတာမင် B 12၊Folic acid၊Pantothenic acid များစွာပါဝင်သည့်အပြင် သတ္ထုဓာတ်များဖြစ်သော ကယ်လ်ဆီယမ်၊သံဓာတ်၊ဖော့စဖရပ်စ်၊ဆီလီယမ်နဲ့သွပ်ဓာတ် များစွာပါဝင်ပါကြောင်း၊ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေက ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်စဉ်ကို ကူညီပေးပြီး သွေးနီဥတွေကို ထုတ်လုပ်ပေးပါကြောင်း၊ ကြက်ဥအနှစ်မှာ ပါဝင်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်သည့်  လူတင်နဲ့ဇီယာဇမ်သင်းဟာ ဗီတာမင် E နှင့် ပေါင်းစပ်ပြီး မျက်လုံးနှင့် အရေပြားအတွက် များစွာ အကျိုးကျေးဇူးရှိပါကြောင်း၊ ကြက်ဥကို သွေးတိုးရှိသူများ၊သက်ကြီးရွယ်အိုများနှင့်ကိုလက်စ်ထရောလ် မြင့်မားသူများအနေဖြင့် ကြက်ဥစားရာတွင် သတိထားသင့်ပြီး တစ်ပတ်လျှင် ၃ / ၄ လုံးခန့်သာ စားရန် သင့်တော်ပြီး ဖြစ်နိုင်ပါက ကြက်ဥအကာကိုသာလျှင်စားသုံးသင့်ပါကြောင်းနှင့် ကြက်ဥကို ဆီဖြင့်ကြော်စားခြင်းသည် ကိုလက်စ်ထရောလ်ကို ပိုများစေနိုင်သည့်အတွက် အထူးပင်ရှောင်ကြဉ်သင့်ပါကြောင်းစသည်ဖြင့် စာဖတ်သူတို့ကော ကြက်ဥကို ဘယ်လိုတွေ လုပ်စား/ချက်စားကြပြီးပြီလဲ ဈေးကလဲတန် ဟင်းဖြစ်လဲမြန်ဆိုသော်ငြားလည်း ကောင်းကျိုး/ဆိုးကျိုးများ ရှိသည်ဆိုတာကို သတိနဲ့အသိ ယှဉ်တွဲစားသုံးနိုင်ကြပါရန် ကြက်ဥစားသုံးခြင်းများ မြင့်တက်လာလေသလားဆိုသော ခေါင်းစဉ်အောက်မှ စုစည်းရေးသား‌ဖော်ပြလိုက်ရပါသည်။

DOCA(မန္တလေး)

 

ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးခန်းမတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ နှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပ

     ချင်းပြည်နယ်အတွင်းရှိ ပြည်သူများ  စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများ တိုးပွားလာစေရန်ရည်ရွယ်၍ စားသုံးသူအသိပညာပေးဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ၂၀၂၃ခုနှစ်၊ မတ်လ၁၄ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

   အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူး ဦးလှမိုးနိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားတွင် တက်ရောက်လာကြသော ကျောင်းအုပ်ဆရာမကြီးနှင့်တကွ ကျောင်းသား/ကျောင်းသူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် စားသုံးသူအခွင့်အရေးဆိုင်ရာ ဉာဏ်စမ်းပဟေဠိကျင်းပရသည့်ရည်ရွယ်ချက်ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် ပြည်နယ်ဦးစီးမှူးရုံးမှ ဦးကီးအောင်လိန်း(ဒု-ဦးစီးမှူး)က စားသုံးသူအခွင့်အရေးနှင့်သတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါပြဋ္ဌာန်းချက်များကို ရှင်းလင်းဆွေးနွေးခြင်း၊ ကျောင်းသား/ကျောင်းသူများနှင့် အမြင်ချင်းဖလှယ်ဆွေးနွေးခြင်းပြုလုပ်ခဲ့ပြီးနောက်  ကျောင်းတွင်သင်ကြားသည့် အတန်းပညာများအပြင် စားသုံးသူအခွင့်အရေးဆိုင်ရာ အသိပညာဗဟုသုတများကိုလည်း လေ့လာမှတ်သားစေလိုကြောင်းနှင့် မိမိဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့အသုံးချဆောင်ရွက်သွားကြရန် တိုက်တွန်းခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် နောက်ဆုံးအစီအစဉ်အဖြစ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ပြီး  ကော်မတီဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား /ကျောင်းသူများ စုစုပေါင်း (၄၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ချင်း)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ