သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပြည်မြို့နယ်အတွင်း တရားမဝင် အလှကုန်၊ လူသုံးကုန်ပစ္စည်းများ ရောင်းချမှု ရှိ/မရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေး

  စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ပြည်တွင်း ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်လျက်ရှိသလို Online Shopping ရောင်းချခြင်းဆိုင်ရာ မှတ်ပုံတင်ခြင်းလုပ်ငန်းများကိုလည်း ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ဌာနအနေဖြင့် Online Shopping မှတ်ပုံ တင်ခြင်းလုပ်ငန်းပိုင်ရှင်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်များ မှန်ကန်မှုရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေး ခြင်းလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုအရ ပြည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနဆိုင်ရာများဖြစ်ကြသည့် ခရိုင် FDA ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး၊ မြို့နယ်ထွေအုပ်၊ မြို့နယ်ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများပါဝင်သော ပြည်မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များနှင့်ပူးပေါင်း၍ (၁၃.၁၀.၂၀၂၅)ရက်နေ့၊ နေ့လည် (၁၁:၀၀)နာရီအချိန်တွင် ပြည်မြို့၊ ရွှေကူရပ်ကွက်အတွင်းရှိ Online Shopping ဆိုင်သို့ သွားရောက်၍ အန္တရာယ်ဖြစ်စေနိုင်မည့် တရားမဝင်အလှကုန်၊ လူသုံးကုန်ပစ္စည်းများကို Online media မှ ကြော်ငြာရောင်းချနေမှုများနှင့် ပတ်သက်၍ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခြင်း၊ Online စနစ်ဖြင့် ရောင်းချရာတွင် Online မှတ်ပုံတင်ပြီးမှသာ ရောင်းချပေးရန်နှင့် ဌာနနှင့် အမြန်ဆုံးဆက်သွယ်၍ Online မှတ်ပုံတင်ခြင်းလုပ်ငန်းများဆောင်ရွက်ရန် မှာကြားခဲ့ ကြောင်း သိရပါသည်။

DOCA(ပဲခူး)

“ ခရမ်းမြို့နယ်ဈေးကွက်အတွင်းထိုင်းနိုင်ငံထုတ်စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများ ရောင်းချနေမှုအားကွင်းဆင်းစစ်ဆေးခြင်း ”

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် စည်ပင်သာယာဈေးအတွင်းနှင့် ဈေးပြင်ပဆိုင်များတွင် ထိုင်းနိုင်ငံထုတ်စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ရောင်းချနေမှု အခြေအနေကို စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံသည် မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ ဈေးတာဝန်ခံတို့နှင့် ပူးပေါင်း၍ အောက်တိုဘာလ(၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စည်ပင်သာယာမြို့မဈေးအတွင်းရှိ ထိုင်းနိုင်ငံထုတ်ကုန် ပစ္စည်းများရောင်းချသောဆိုင်များနှင့် ဈေးပြင်ပဆိုင်များတွင် ရောင်းချနေသော စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများနှင့် ယခင်ပတ်ဈေးနှုန်း၊ ယခုပတ်ဈေးနှုန်းများ စာရင်းများအား ကောက်ယူ စစ်ဆေးရာတွင် ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းအများစုမှာ ကုန်ပစ္စည်းများ ပြတ်နေပြီး အချို့ကုန် ပစ္စည်းများသည် ဆိုင်ရှိလက်ကျန်ပစ္စည်းများသာ ရောင်းချလျက်ရှိပြီး ဈေးနှုန်းများမှာ ယခင်ပတ် နှင့်ယခုပတ်ဈေးနှုန်း ကွာခြားမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ခရမ်းမြို့နယ်အခြေခံပညာအထက်တန်းကျောင်း (ကွမ်းမိုးဒိန်း)ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း”

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ရှိ အ.ထ.က(ကွမ်းမိုးဒိန်း) ကျောင်း တွင်းရှိ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချသောအသင့်စားမုန့်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိနှင့်ဘေးအန္တာရာယ်ကင်းရှင်းသောအစားအသောက်များရောင်းချရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာန၊အ.ထ.က (ကွမ်းမိုးဒိန်း)ကျောင်း၊ ကျောင်း အုပ်ဆရာမကြီးနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍  အောက်တိုဘာ လ(၁၇)ရက်နေ့၊နေ့လည်(၁၂:၀၀)နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော ဒေါ်တင်မိုးခိုင်၊ ဒေါ်သန်းဌေးတို့၏ မုန့်ဆိုင်တွင် ရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုး၊ အသင့် သောက်အချိုရည်များတွင် ကုန်အညွှန်းအမှတ်အသားများ (မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း ရှိ/မရှိ၊ သက်တမ်းလွန်မုန့်များ ရောင်းချမှုမရှိစေရေးနှင့်သစ်သီးများ လက်သုတ်စုံများတွင် ယင်နားစာများ မဖြစ်စေရေးတို့ကို စစ်ဆေးခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ က ဈေးဆိုင်ရှင်များအား မိမိတို့ရောင်းချနေသော မုန့်များတွင် ကလေးငယ်များ အန္တရာယ်ဖြစ်စေ နိုင်သော မုန့်များအား ရောင်းချမှုမပြုလုပ်ကြရန်နှင့် သန့်ရှင်းလတ်ဆတ်သော အသီးအနှံများကို သာရောင်းချကြရန်၊ လက်သုတ်စုံများတွင် ယင်မနားစေရေး၊ ဖုံးအုပ်ထားကြရန်တို့ကို အသိပညာ ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

 “ ခရမ်းမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်းရှိဆေးမျိုးစုံရောင်းချသောဆိုင်များတွင် ဆေးဝါးများရောင်းချမှုအားကွင်းဆင်းစစ်ဆေးခြင်း”

           ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ရှိ စည်ပင်သာယာမြို့မဈေး အတွင်း ဆေးမျိုးစုံရောင်းချနေမှု အခြေအနေများအား စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံ သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံတို့နှင့်ပူးပေါင်း၍ အောက်တိုဘာလ(၂၂) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့မဈေးအတွင်းရှိ ဇူလိုင်ဆေးဆိုင်၊ ဦးမြဝိုင်း+ ဒေါ်တင်ရွှေဆေးဆိုင်များတွင် ရောင်းချနေသော လူသုံးများပြီး နာတာရှည်ရောဂါသည်များ သောက်သုံးသောဆေးဝါးများဖြစ်သည့် နှလုံးရောဂါဆေး၊ ဆီးချိုဆေး၊ အာရုံကြောဆေး၊ အကိုက် အခဲပျောက်ဆေး၊ သွေးပေါင်ကျဆေး၊ ကျောက်ကပ်ဆေး၊ အသည်းရောဂါဆေးဝါးများ ပစ္စည်း ပြတ်လပ်မှုရှိ/မရှိနှင့် ဆေးဝါးများအား ဝယ်ယူသည့်ကုမ္ပဏီ၊ ဝယ်ယူဈေးနှုန်းပေါ်တွင် အမြတ်% တင်၍ ရောင်းချနေမှု အခြေအနေများ၊ ဆေးဝါးလက်ကျန်ရှိမှု အခြေအနေကို စစ်ဆေးခဲ့ကြပြီး ဆေးဝါးများအား မှတ်ပုံတင်ပြီး ဆေးဝါးများ ရောင်းချကြရန် စံမမှီဆေးဝါးနှင့် FDA မှ သောက် သုံးရန်မသင့် ထုတ်ပြန်ထားသောဆေးဝါးများ၊ တိုင်းရင်းဆေးဝါးများတွင် အနောက်တိုင်းဆေးဝါး များရောနှောထားသော ဆေးဝါးတုများကို ရောင်းချခြင်းမပြုလုပ်ကြရန်နှင့် ထိုသို့သော ဆေးဝါးများအား ရောင်းချခြင်း၊ ဈေးနှုန်းများမြှင့်တင်ရောင်းချခြင်းများအား စစ်ဆေးတွေ့ရှိပါက ဥပဒေ အတိုင်းအရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

 

“ တွံတေးမြို့နယ်ငါးခုံးမ္မစမ်းကျေးရွာ၌ကျောင်းသားကျောင်းသူများဗဟုသုတတိုးပွားစေရေး အသိပညာပေးဟောပြော ”

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ငါးခုံးမ္မစမ်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ အောက်တိုဘာလ(၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း ၍ ကျောင်းသားကျောင်းသူများ ဗဟုသုတတိုးပွားစေရေး အသိပညာပေး ဟောပြောပွဲ အခမ်း အနားအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          အဆိုပါ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ရာတွင် ငါးခုံးမ္မစမ်းကျေးရွာ အခြေခံ ပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နုနုလွင်က အဖွင့်အမှာစာကားပြောကြား ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူဝင်းက ကျောင်းသားကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးအောင် စာပေများဖတ်ရှု့ကြရေး၊ စာပေလေ့လာ ခြင်းဖြင့် အသိပညာများ ဖွံ့ဖြိုးပြီးနိုင်ငံသားကောင်းလူငယ်များဖြစ်လာစေရေး၊ အချိန်ကိုစီမံခန့်ခွဲ တတ်စေရေးနှင့်  အောင်မြင်သောလူငယ်တစ်ဦးဖြစ်လာစေရေးအတွက် လိုက်နာသင့်သည့် အချက်များအား ဟောပြောပေးခဲ့ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တွံတေးမြို့နယ်တာဝန်ခံ ဦးသန်းနိုင်က ကျောင်းသားကျောင်းသူ လူငယ်လေးများ အနေဖြင့် အစားအစာများဝယ်ယူ စားသုံးရာတွင် သက်တမ်းလွန်အစားအသောက်များ၊ ဆိုးဆေးအလွန်အကျွံသုံးစွဲထားသော အစား အသောက်များ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော အစားအစာများ အား ဝယ်ယူစားသောက်သုံးစွဲခြင်းများ မပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

 “ တွံတေးမြို့နယ်၌လူငယ်ရေးရာအသိပညာပေးနှင့်စားသုံးသူကာကွယ်ရေးအသိပညာပေး ဟော ပြောပွဲကျင်းပ ”

         ကျောင်းသား၊ ကျောင်းသူ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် အစားအစာများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဝယ်ယူသုံးစွဲတတ်စေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး နှင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် အိုးဘို့အနောက်ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌  အောက်တိုဘာ လ(၂၂)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီ အချိန်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

              ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မာလာကြည်က အဖွင့်အမှာစကား ပြောကြားပေး ခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူဝင်းက လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးစေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် အသိပညာဗဟု သုတများ ကြွယ်ဝစေရန် စာအုပ်စာပေများကို ဖတ်ရှု့ရမည့် နည်းလမ်းများ ဗလငါးတန် ဖွံ့ဖြိုးရေး အတွက် လေ့လာလိုက်စားရမည့် အားကစားနှင့်စာပေအမျိုးအစားများနှင့်တန်ဖိုးများ၊ အကျိုး ကျေးဇူးများအကြောင်း ပြောကြားပေးခဲ့ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံဦးသန်းနိုင်ကကျောင်းသားကျောင်းသူလူငယ်များသတိပြုဆင်ခြင်ရမည့်နေ့စဉ်စားသုံးနေသည့်အစားအစာများ၏နောက် ဆက်တွဲ ဆိုးကျိုးများနှင့် အစားအစာများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြင့် ဝယ်ယူသုံးစွဲရမည့်နည်းလမ်းများ၊ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုများနှင့် အစားအစာများ ဝယ်ယူသုံးစွဲခြင်း မပြုမှီ သတိပြုရမည့် အချက်များအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိ ရပါသည်။

DOCA(ရန်ကုန်)

“ ရန်ကုန်တောင်ပိုင်းခရိုင်ကွမ်းခြံကုန်းမြို့နယ်ရှိစားအုန်းဆီလက်လီလက်ကားအရောင်းဆိုင် များသို့ကွင်းဆင်းစိစစ်ခြင်း  ”

           ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်ရှိ စားအုန်းဆီလက်လီ လက်ကား အရောင်းဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ကွမ်းခြံကုန်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် အောက်တိုဘာလ(၂၁)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ ဖြင့် ကွင်းဆင်း စိစစ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

             ထိုသို့ ကွင်းဆင်းစိစစ်ခြင်းများ ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာ ရေးအဖွဲ့ဈေးတာဝန်ခံ ကျန်းမာရေးမှူး-၃ ဦးထွန်းထွန်း၊ အခွန်ကောက်စာရေး ဦးသန့်ဇင်ဝင်း၊ ကွမ်းခြံကုန်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲ စာရေး ဦးတင်ထွန်းဦးတို့ ပူးပေါင်း၍ ဈေးပိုင်းရပ်ကွက်အတွင်း ရောင်းချသော ဦးဟိန်းသော်ဇင်ဦး လက်လီလက်ကားအရောင်းဆိုင်၊ ဦးခင်မောင်အေး လက်လီအရောင်းဆိုင်၊ ကံကြီးမကျီးရပ်ကွက် မှ ဦးကျော်လွင် လက်လီအရောင်းဆိုင်၊ ဦးရဲဝင်းဟိဏ်း လက်လီအရောင်းဆိုင်၊ မြို့မရပ်ကွက်မှ ဦးဟိန်းမင်းလတ် လက်လီအရောင်းဆိုင်၊ ဦးကျော်သူရအောင် လက်လီအရောင်းဆိုင်၊ ဒေါ်မြသီ တာကျော် လက်လီအရောင်းဆိုင်များနှင့် မြို့မဈေးအတွင်း ရောင်းချသော ဒေါ်လဲ့လဲ့ဝင်း လက်လီ အရောင်းဆိုင်၊ ဒေါ်မျိုးသူဇာထွန်း လက်လီအရောင်းဆိုင်၊ ဦးခန့်ဌေး လက်လီအရောင်းဆိုင်၊ ဦးမြင့် မင်းသူ လက်လီအရောင်းဆိုင်များသို့ စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီခွဲတမ်းရရှိသည့် ပိဿာ၊ ပေပါ၊ တာဝန်ယူဖြန့်ဖြူးရောင်းချသည့် အရေအတွက် ပိဿာ၊ ပေပါ၊ ရောင်းချသည့် လက်လီ၊ လက်ကားဈေးနှုန်းများနှင့် နေ့စဉ်ရောင်းချလျက်ရှိသည့် ပုံစံများကို စိစစ်ကြပ်မတ်ခဲ့ ကြောင်း သိရှိရသည်။

          ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူ ရေးရာဦးစီးဌာနမှ အပတ်စဉ် စားအုန်းဆီရည်ညွှန်းဈေးနှုန်းများကို သတ်မှတ်ထုတ်ပြန်လျှက်ရှိရာ ရည်ညွှန်းဈေးအပေါ် ၂%အမြတ်နှင့် သင့်တင့်မျှတသော သယ်ယူခ၊ လုပ်သားခများ ထည့်သွင်း တွက်ချက်၍ ရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန် ရောင်းချသော လက်လီလက်ကား ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး စိစစ်ကြပ်မတ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ပြည်ခရိုင်ဦးစီးမှူးရုံးတွင် Myro ကိစ္စရပ်များနှင့် ပတ်သက်၍ အစည်းအဝေးကျင်းပပြုလုပ်

  ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးတွင် (၁၃.၁၀.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပြည်ခရိုင်ဦးစီးမှူးမှ ဆန်စက်လုပ်ငန်းရှင်၊ ဆန်စပါးကုန်သည်များနှင့် ပူးပေါင်း၍ Myro ကိစ္စရပ်များနှင့် ပတ်သက်ပြီး အစည်းအဝေးကျင်းပ ပြုလုပ်ခဲ့ရာ လုပ်ငန်းရှင် စုစုပေါင်း (၄၆)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

          အဆိုပါ အစည်းအဝေးတွင် ပြည်ခရိုင်ဦးစီးမှူးက Myro တွင် မှတ်ပုံမတင်ရသေးသောသူများ မှတ်ပုံတင်နိုင်ရေး၊ မှတ်ပုံတင်ပြီးပါက သက်တမ်းတိုးနိုင်ရေး၊ လစဉ် လဆန်း (၁)ရက်နေ့မှ (၇)ရက်နေ့အတွင်း ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်များ မပျက်မကွက် ထည့်သွင်းပေးရန်နှင့် လိုက်နာမှု မရှိပါက စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူမှုများဆောင်ရွက်သွားရန် ဌာနမှ လမ်းညွှန် မှုများရှိသဖြင့် လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်းနှင့် ဆောင်ရွက်ရာတွင် အခက်အခဲရှိပါက မိမိတို့ရုံးသို့ လာရောက်အကူအညီတောင်းနိုင်ပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ပဲခူး)

ဘီးလင်းမြို့နယ်တွင် စားအုန်းဆီများအား ပြည်သူများထံသို့ သက်သာသောရည်ညွှန်းစျေးဖြင့် ရောင်းချနေမှုအား ကြီးကြပ်စစ်ဆေး

      ၂၀.၁၀.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ရန်ကုန်မြို့မှ စားအုန်းဆီ  ရောင်းချသော ကုမ္ပဏီများဖြစ်ကြသည့် Kaung Hlyan New Asia ကုမ္ပဏီနှင့် Myat A Kan  ကုမ္ပဏီတို့သည် အပါတ်စဥ် ဘီးလင်းမြို့နယ်အတွက် ခွဲတမ်းရရှိသော စားအုန်းဆီများအား ဘီးလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများရှိ ပြည်သူများအား သတ်မှတ်ရည်ညွှန်း စျေးအတိုင်း လက်လီကိုယ်စားလှယ်တို့မှတစ်ဆင့်  ရောင်းချပေးနေကြောင်း သိရပါသည်။

     ထို့သို့ ရောင်းချပေးလျက်ရှိရာ (၁၈.၁၀.၂၀၂၅) ရက်နေ့တွင် မြို့နယ်အတွက် ခွဲတမ်းရရှိသော စားအုန်းဆီ (၄၃) ပေပါအား မြို့နယ်သို့ တင်ဆောင်ရောက်ရှိခဲ့ပြီး ထိုနေ့မှစတင်၍ ရပ်ကွက်နှင့် ကျေးရွာများသို့ စားအုန်းဆီရောင်းချရန်အတွက် မြို့နယ်ရှိ သက်ဆိုင်ရာတာဝန်ရှိသူ ဌာနဆိုင်ရာများမှ စားအုန်းဆီရောင်းချစေမည့် နေရာဒေသများအား  အညီအမျှ  ခွဲတမ်းချ အစီအစဥ်ဆောင်ရွက်၍ လက်လီကိုယ်စားလှယ်များအား ရောင်းချစေခဲ့ပြီး၊ ထိုသို့   ရောင်းချနေမှုများအား သတ်မှတ်ရည်ညွှန်းစျေးအတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ အလေးချိန် ပြည့်/မပြည့်၊ ခွဲတမ်းရ စားအုန်းဆီများအား ပြည့်ဝစွာရောင်းချခြင်း ရှိ/မရှိနှင့် စားသုံးသူပြည်သူများ ပွင့်လင်းမြင်သာမှုမရှိစေရေး ရောင်းချရက်စွဲ၊ ပိဿာချိန်၊ စျေးနှုန်းနှင့် ရောင်းချသူအမည်တို ဖော်ပြထားသော ဗီနိုင်းချိတ်ဆွဲ ရောင်းချခြင်း ရှိ/မရှိတို့ကို မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနတို့မှ ကြီးကြပ်စစ်ဆေးခဲ့ကြောင်း သိရပါသည်။

  DOCA (မွန်)

 

“Kosmos” Page အမည်ဖြင့် အွန်လိုင်းလုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်း

      ၂၁.၁၀.၂၀၂၅ ရက်နေ့တွင် သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံး၌ ခရိုင်ဦးစီးမှူး ဦးထွန်းအောင်ဖြူနှင့် ဦးစီးအရာရှိ ဦးအောင်ကျော်မင်းတို့သည် Kosmos” Page အမည်ဖြင့် အွန်လိုင်းလုပ်ငန်းလုပ်ကိုင်နေသော လုပ်ငန်းရှင် ဒေါ်သက်ထားဝေလွင်နှင့်‌ တွေ့ဆုံ ခဲ့ပါသည်။

          ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် အွန်လိုင်းစနစ်ဖြင့်ရောင်းခြင်းလုပ်ငန်းအား အရေးကြီး ဝန်ဆောင်မှုလုပ်ငန်းအဖြင့် သတ်မှတ်ထုတ်ပြန်ခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေတွင် ပါဝင်သော ကုန်အညွှန်းအမှတ်အသားများနှင့် ပတ်သက်၍ ပါဝင်သောအချက်များ၊ အွန်လိုင်း ရောင်းချခြင်းအတွက် အွန်လိုင်းမှတ်ပုံတင်ပြုလုပ်ရန်နှင့် မှတ်ပုံတင်ခြင်း၏ အကျိုးရလဒ်များ၊ လိမ်လည်မှုပုံစံ (၂) မျိုးအကြောင်း၊ တိုင်ကြားနိုင်မှုနှင့် အရေးယူဆောင်ရွက်နိုင်မှုအကြောင်း၊ ဖြေရှင်းနိုင်မည့်နည်းလမ်းများအား ဆွေးနွေးခဲ့ပါကြောင်း သိရှိရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ