သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

Funny Office လုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင် မြေပြင်စစ်ဆေး

      စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းရိုင်ဉီးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် (၉.၅.၂၀၂၅)ရက်နေ့ နံနက်(၁၁:၁၅)နာရီအချိန်တွင် အမှတ်(B-72)၊ ဂန္ဓမာလမ်း၊ အမှတ်(၄) ရပ်ကွက်၊ လှိုင်သာယာမြို့နယ်ရှိ Funny Office အွန်လိုင်းအမည်ဖြင့် ရုပ်သံနှင့်ကြော်ငြာ ဝန်ဆောင်မှုလုပ်ငန်းများ အွန်လိုင်းမှတ်ပုံတင်ထားရှိမှုအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင် ထား ရှိသည့်အချက်အလက်များ မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုရှိ/မရှိ၊ အခြားလိုအပ်သည့် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိ/မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ရန်ကုန်)

 

ကန့်ဘလူမြို့နယ်သို့ စားအုန်းဆီကားရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန ၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်း သန်းသည် ၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက် နံနက်(၀၈:၃၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ် ဆီကိုယ် စားလှယ်၏ မန္တလေးမြို့ရှိစားအုန်းဆီကုမ္ပဏီမှ ခွဲတမ်းရစားသုံးဆီ(၃၁)ပေပါ(သို့) (၃၄၁၀)ပိဿာ ရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိလာ သောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်နှင့် ၂%အမြတ်တို့ဖြင့် လက်လီ/လက္ကားဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီ/လက္ကားဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂%အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီ ခွဲတမ်းရရှိသော လက်လီ/လက္ကားကိုယ်စားလှယ်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

YUM YUM Myanmar အွန်လိုင်းဖြင့် ရောင်းချနေသောလုပ်ငန်းသို့မြေပြင်ကွင်းဆင်း စစ်ဆေးခြင်း

      စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းရိုင်ဉီးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဉီးစီးမှူးပါ (၄)ဉီးတို့သည် (၉.၅.၂၀၂၅)ရက်နေ့ နံနက်(၉:၄၅)အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၁၉၇၊ ၁၉၈၊ ၁၉၉)၊ ၁၀ လမ်း၊ ရန်ကုန်စက်မှုဇုန်ရှိ YUM YUM Myanmar အွန်လိုင်းအမည်ဖြင့် စားသောက်ကုန်ပစ္စည်းများ အွန်လိုင်းမှတ်ပုံတင်ထားရှိမှုအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဒေါ်နီလာဝင်း၊ ဉီးစီးမှူးမှ ဈေးကွက်အတွင်း ရောင်းချနေသော စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ ဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် လုံခြုံစိတ်ချရမှုရှိစေရန် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြ ထားခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး အွန်လိုင်းမှတ်ပုံတင်ထားသည့် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိ/မရှိအား DOCA Application အသုံးပြု၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

DOCA(ရန်ကုန်)

 

ဒေးဒရဲမြို့ ထောက်မှူးချောင် ကျေးရွာရှိ Gold Detal ဆန်စက်သို့ MSMEs လုပ်ငန်းများဖွံ့ဖြိုးရေးကွင်းဆင်းစစ်ဆေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့ရှိ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ မေလ (၉) ရက်နေ့တွင် ဒေးဒရဲမြို့ ထောက်မှူးချောင် ကျေးရွာရှိ Gold Detal ဆန်စက်သို့  MSMEs လုပ်ငန်းများ ဖွံ့ဖြိုးရေးကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစိစစ်ရာတွင် ထုတ်လုပ်မှုနှင့်ပတ်သက်၍  ထုတ်ကုန်များ အရည်အသွေး ပြည့်မှီစေရေး၊ ထုတ်ပိုးမှု အခြေအနေများ၊ ဆန်၊စပါးဈေးနှုန်းဈေးကွက်အခြေအနေများ တည်ငြိမ်မှု ရှိ/မရှိ၊ ပုဂ္ဂလိက ကဏ္ဍနှင့် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး ထုတ်ကုန်လုံခြုံစိတ်ချမှုနှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ စက်ကိရိယာနှင့် ပတ်သက်၍ နည်းစနစ်သစ်များ တပ်ဆင်မှုများ၊ ခေတ်မီ ဖွံ့ဖြိုးတိုးတက်မှသာ ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ခြင်း၊ ထုတ်ကုန်များ ပိုမို ထုတ်လုပ်နိုင်မှသာ အလုပ်သမား မိသားစုများအတွက် စားဝတ်နေရေး ပြေလည်စေနိုင်ခြင်း၊ စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်ခြင်း ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မှော်ဘီမြို့နယ်အတွင်း ဆန်များဈေးနှုန်းမြှင့်တင်ရောင်းခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

   (၉.၅.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀0)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ ဉီးဆောင်၍ စားသုံးသူရေးရာဉီးစီးဌာန၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ ပြည်တွင်း အခွန်များဉီးစီးဌာန၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ကိုယ်စားလှယ်နှင့်သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မှော်ဘီမြို့နယ်ရှိ ဆန်ဆိုင်နှင့် ဆန်သိုလှောင်ထားရှိမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် လက်လီ/လက်ကားရောင်းချနေသော ဆန်ဆိုင်များသို့ သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လက်လီ/လက်ကားရောင်းချနေသော ဆန်ဆိုင်များအနေဖြင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်း မပြုလုပ်ကြစေရန်၊ သတ်မှတ်ထားသည့် သင့်တင်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချနိုင်ရန်နှင့် မြန်မာ့ဆန်စပါးအွန်လိုင်း (MyRo) တွင် မှတ်ပုံတင်ထားခြင်း ရှိ/မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာန ရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ရေးတို့ကို အသိပေးဆွေးနွေးကြောင်း ဆောင်ရွက်ခဲ့ ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

ဒေးဒရဲမြို့နယ်အတွင်း အသုံးပြုလျက်ရှိသည့် Gasifier ဆန်စက်များ ကွင်းဆင်း စစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့ရှိ စားသုံးသူရေးရာဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၅ ခုနှစ်၊ မေလ (၈) ရက်နေ့တွင် ဒေးဒရဲမြို့နယ်အတွင်း အသုံးပြုလျက်ရှိသည့် Gasifier ဆန်စက်များ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစိစစ်ရာတွင် ဒေးဒရဲမြို့နယ်အတွင်း အသုံးပြုလျက်ရှိသည့် Gasifier ဆန်စက်များအား ကွင်းဆင်းစစ်ဆေးရာ Gasifier အသုံးပြု၍ လည်ပတ်နေသည့် ဆန်စက်များ အနေဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေး၊ အထူးအလေးထားဆောင်ရွက်ရန်၊ သက်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် လည်ပတ်ဆောင်ရွက်စေရန်၊ Gasifier မှ ထွက်ရှိသည့် ရေဆိုးများကို ရေစစ်ကန်စနစ်ဖြင့် ဆောင်ရွက်ထားရှိမှု အခြေအနေများ စပါးခွံ ဂိုဒေါင်များ စနစ်တကျ ဆောက်လုပ်ထားရှိမှု ရှိ/မရှိ တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဆန်များဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

     (၈.၅.၂၀၂၅)ရက်နေ့ ညနေ(၁၆:၀0)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ မင်္ဂလာဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဉီးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ စားသုံးသူရေးရာ ဉီးစီးဌာန၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ကိုယ်စားလှယ်နှင့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့ပါဝင်သော ပူးပေါင်း အဖွဲ့ဖြင့် မင်္ဂလာဒုံမြို့နယ်ရှိ ဆန်ဆိုင်နှင့်ဆန်သိုလှောင်ထားရှိမှုအခြေအနေများအား ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ ပါသည်။

      အဆိုပါ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မင်္ဂလာဒုံမြို့နယ်ရှိ ပဒေသာ၊ ပြည့်ဝ၊ ထွန်းသစ်စ၊ ထူးကဲဆန်ဆိုင်များတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ သင့်တင့်မျှတ သောဈေးနှုန်း ထုတ်ပြန်ချက်ပါ သတ်မှတ်ဈေးနှုန်းအတွင်း ရောင်းချလျက်ရှိကြောင်းနှင့် ဆန်သိုလှောင်ထားရှိမှု အခြေအနေအား စစ်ဆေးခဲ့ပြီး ဆန်များအား ပုံမှန်အတိုင်း လက်လီ/ လက်ကားရောင်းချပေးလျက်ရှိကြောင်း၊ ဆန်များအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းထက် ပိုမိုရောင်းချမှုမရှိစေရန် အသိပေးရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

ကျိုက်လတ်မြို့ ထွန်းဇဗ္ဘူဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချမှု့နှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးရေးကွင်းဆင်းစစ်ဆေးခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့ရှိ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ မေလ (၈) ရက်နေ့တွင် သမက်ပြေကျေးရွာရှိ ဦးနေလင်းသန့် ပိုင်ဆိုင်သော ထွန်းဇဗ္ဘူဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချမှု့နှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးရေးကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစိစစ်ရာတွင် ထုတ်ကုန်လုံခြုံစိတ်ချမှု ရှိစေရန် ဆန်စက်ကြိတ်ခွဲရာမှ ထွက်ရှိသော ထုတ်ကုန်များ အရည်အသွေး ပြည့်မှီစေရေး၊ ထုတ်ပိုးမှု အခြေအနေများ၊ ဆန်၊စပါးဈေးနှုန်းဈေးကွက်အခြေအနေများ သိုလှောင်ရုံ မှတ်ပုံတင်ခြင်းကိစ္စ၊ မှတ်ပုံတင်သက်တမ်းတိုးခြင်းကိစ္စ၊ သိုရုံဆန်စပါးလက်ကျန် အခြေအနေ တို့ကို စားသုံးသူရေးရာဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန၊ စက်မှုကြီးကြပ်ဌာန၊   ဆန်စက်အသင်းတို့မှ ပူးပေါင်းကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

DOCA(ဧရာဝတီ)

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ ဆန်သိုလှောင်ရုံ/ဆန်စက်များအား ကွင်းဆင်းစစ်ဆေးခြင်း

      (၈.၅.၂၀၂၅)ရက်နေ့ ညနေ(၁၅:၂0)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၏ ဉီးဆောင်မှုဖြင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ ဆန်သိုလှောင်ရုံနှင့်ဆန်စက်များသို့ ဆန်များသိုလှောင် ထားခြင်းရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဌ ဉီးထွန်းထွန်းလင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသိန်းဇော်၊ စည်ပင်အုပ်ချုပ်ရေးမှူး ဉီးသိန်းလွင်၊ အထူးစုံစမ်းစစ်ဆေးရေးဉီးစီးဌာနမှ စုံစမ်းရေးမှူး ဉီးနောင်နောင်လတ်၊ စားသုံးသူရေးရာဉီးစီးဌာနမှ ဒုဉီးစီးမှူးဒေါ်နီလာဉီး၊ သောင်ကြီး နယ်မြေရဲစခန်းမှူး ရဲအုပ်မင်းမင်း၊ မြို့နယ်မီးသတ်ဉီးစီးဌာနမှ ဒုဉီးစီးမှူး ဉီးသက်ပိုင်စိုး၊ အလယ်ရွာ အုပ်ချုပ်ရေးမှူး၊ ဉီးဇင်ဝင်းအောင်နှင့် ဆန်ကုန်သည်ကြီးများအသင်းမှ ကိုယ်စားလှယ်ဉီးတင်ရွှေတို့ ပူးပေါင်းပါဝင်လျက် အလယ်ရွာကျေးရွာ၊ ရွှေလင်ပန်းစက်မှုဇုန်ရှိ ဆန်သိုလှောင်ရုံ(၈)ရုံအား ကွင်းဆင်းစစ်ဆေးခဲ့ရာ ဆန်သိုလှောင်များသည် ဆန်ကြမ်းများကိုသာ နဝလီကြိတ်ခွဲကြပြီး ပြည်ပသို့ သင်္ဘောဖြင့် တင်ပို့ခြင်းလုပ်ငန်းများ လုပ်ဆောင်၍ ဆန်များ ကိုလည်း သိုလှောင်ထားခြင်းများ မရှိပါကြောင်း၊ (MyRo)တွင် မှတ်ပုံတင်ထားပြီး ဖြစ်ပါ ကြောင်းနှင့်  မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဌ ဉီးထွန်းထွန်းလင်းမှ ဆန်များကို သိုလှောင်မထားရန် သိုလှောင်ထားပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါ သည်။

DOCA(ရန်ကုန်)

 

ဆန်ဆိုင်နှင့်ဆန်သိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်း

   (၉.၅.၂၀၂၅)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဉီးဆောင်၍ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ စားသုံးသူရေးရာဉီးစီးဌာန၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်တို့ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဆန်ဆိုင်နှင့်ဆန်သိုလှောင်ထားရှိမှုအခြေအနေများအား ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဆန်ဆိုင်များတွင် ဆန်သိုလှောင်ထားရှိမှု၊ ဆန်လက်ကျန်အခြေအနေနှင့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေး အတွက် လက်ရှိဖြစ်ပေါ်နေသည့် ဆန်ဈေးကွက်အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ရာ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ဆန်ဆိုင်များတွင် တာဝန်ရှိသူများက တန်ချိန်(၂၅) တန်နှင့်အထက် သိုလှောင်မှုရှိလျှင် MyRo တွင် မှတ်ပုံတင်ပြုလုပ်ကြရန်နှင့် မသမာသော နည်းလမ်းဖြင့် ဈေးကစားရန် အလို့ငှာ သိုလှောင်ခြင်းများ မပြုလုပ်ကြရန် အသိပေးကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။

DOCA(ရန်ကုန်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ