သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ ကော့မှူးမြို့နယ်ဝါးဘလောက်သောက်ကျေးရွာရှိ ဆန်ကြိတ်ခွဲထုတ်လုပ်မှုအခြေအနေနှင့် စပါးဝယ်ယူနေမှုအခြေအနေကွင်းဆင်းစစ်ဆေး”

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ဆန်စက်များ၊ ဆန်စပါးများ ကြိတ်ခွဲထုတ်လုပ်နေမှုအခြေအနေနှင့် စပါးဝယ်ယူနေမှုအခြေအနေတို့ကို မေလ (၁၀)ရက်နေ့၊ နံနက် (၀၈:၀၀)နာရီအချိန်တွင် မြို့နယ် အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း ၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၂) ဦးမြင့်ဦး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်၊ မြို့နယ်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ညီညီထွန်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ ပူးပေါင်း၍ ကော့မှူး  မြို့နယ် ဝါးဘလောက်သောက်ကျေးရွာရှိ ဦးအောင်ဇေယျာဝင်းဆန်စက်အား သွားရောက်တွေ့ဆုံပြီး ဆန်စက်များ၊ ဆန်စပါးများကြိတ်ခွဲ ထုတ်လုပ်နေမှု အခြေအနေနှင့် စပါးဝယ်ယူနေမှု အခြေအနေတို့ အား စုံစမ်းမေးမြန်း စစ်ဆေးခဲ့ပြီး ဆန်စက်သိုလှောင်ရုံ ပိုင်ရှင်များအား ဈေးကစားရန် ရည်ရွယ်၍ သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန်၊ ၎င်းဆန်စက်များတွင် စပါးဝယ်ယူကြိတ်ခွဲ ထုတ်လုပ်ဖြန့် ဖြူးရောင်းချလျက်ရှိသော စပါးဝယ်ကုန်သည်များ အနေဖြင့်လည်း ဆန်နှင့်ဆန်ထွက်ပစ္စည်းများ ဈေးကွက်အတွင်း ပြန်လည်ဖြန့်ဖြူးရောင်းချနေရသော ဈေးနှုန်းများပေါ်မူတည်ပြီး စပါးစိုက်တောင် သူများထံမှ ပုံမှန်ဝယ်ယူလျက်ရှိပြီး ဈေးကွက်အတွင်း သတ်မှတ်ထားသော ဆန်အမျိုးအစားအလိုက် ရည်ညွှန်းဈေးအား မကျော်လွန်ဘဲ စားသုံးသူပြည်သူများထံ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

DOCA(ရန်ကုန်)

 

တောင်ငူခရိုင်ဦးစီးမှူး စားသုံးဆီလက်လီလက်ကားရောင်းချသူများနှင့်တွေ့ဆုံ

              စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် မေလ ၉ ရက်နေ့ မွန်းလွဲပိုင်းက ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် တောင်ငူမြို့ရှိ စားသုံးဆီလက်လီလက်ကား ရောင်းချသူများနှင့်တွေ့ဆုံပြီး ဈေးကွက်အတွင်းစားသုံးဆီများရောင်းချရာတွင် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ရန် ဆွေးနွေးခဲ့ပါသည်။

              ခရိုင်ဦးစီးမှူးက ပဲခူးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီမှ ယခုလတွင် ဈေးကွက် အတွင်းရောင်းချနေသည့် စားသုံးဆီများအား ဦးစားပေးစောင့်ကြည့်စစ်ဆေးရန် ညွှန်ကြားထားရာ စစ်ဆေးရေးအရာရှိများက သက်ဆိုင်ရာနယ်မြေများအလိုက် ဈေးကွက်စောင့်ကြည့်စစ်ဆေးမည့် အကြောင်းများ၊ စားသုံးဆီအပါအဝင် ဈေးကွက်အတွင်း ရောင်းချသည့်ကုန်စည်အားလုံး၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြရန်ကို အသိပညာပေးဆောင်ရွက်လျှက်ရှိရာ လုပ်ငန်းရှင်များက လိုက်နာဆောင်ရွက်ခြင်းဖြင့် စားသုံးသူအကျိုးစီးပွားအတွက် ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပုံ များကို ရှင်းလင်းဆွေးနွေးပါသည်။

              ထို့နောက်တက်ရောက်လာသည့် လုပ်ငန်းရှင်များ၏ ဆွေးနွေးမေးမြန်းချက်များကို ခရိုင် ဦးစီးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တောင်ငူမြို့မှ စားသုံးဆီ လက်လီလက်ကားရောင်းချသူ ၂၄ ဦးတက်ရောက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

နတ်တလင်းမြို့နယ် လီတာသောက်ရေသန့်ရောင်းချနေသော သောက်ရေသန့်လုပ်ငန်းအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်း

     ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် နတ်တလင်းမြို့နယ်တွင် သောက်ရေသန့် ရောင်းချနေသော လီတာသောက်ရေသန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံပြီး မိမိတို့သောက်ရေသန့်လုပ်ငန်းမှ ထုတ်လုပ်သော လီတာသောက်ရေသန့် (၁-လီတာ)နှင့် (၂၀-လီတာ)ထုတ်လုပ်မှုအား နတ်တလင်းမြို့နယ် တာဝန်ခံရုံး စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည်  ဧပြီလ စတုတ္တပတ်တွင် ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါ သောက်ရေသန့်ကို “လီတာ”သောက်ရေသန့် အမှတ်တံဆိပ်ဖြင့်  ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျှက်ရှိပြီး  (၁-လီတာ)နှင့် (၂၀-လီတာ) သောက်ရေသန့်များအား  ၁-လလျှင် (၂၀-လီတာဗူး ၉၅၀ခန့်နှင့် ၁-လီတာဗူး- ၆လုံးကဒ် ၆၀၀ကဒ်) ထုတ်လုပ်နိုင်၍ (၂၀-လီတာ)တဗူးလျှင် (၅၀၀ကျပ်)၊ (၁-လီတာ)၆-လုံး ၁-ကဒ်လျှင် (၂၅၀၀-ကျပ်) ဖြန့်ဖြူးရောင်းချလျှက်ရှိပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ကုန်စည်များ၏ ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ဖော်ပြရန် ညွှန်ကြားချက်အရ ကိုက်ညီမှုရှိပါကြောင်းနှင့် အခြားသက်ဆိုင်ရာ ဌာနများ၏ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ် နည်းများကိုလည်း လိုက်နာဆောင်ရွက်သွားရန် ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။ 

DOCA(ပဲခူး)

ဗီယက်နမ်နိုင်ငံ၏ FDI ငွေပေးချေမှုသည် ၂၀၂၅ ပထမ ၄ လအတွင်း အမေရိကန်ဒေါ်လာ ၆.၇၄ ဘီလီယံသို့ရောက်ရှိ

     ဗီယက်နမ်နိုင်ငံ၏ ၂၀၂၅ ခုနှစ်ပထမလေးလ အတွင်းနိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ငွေပေးချေမှုသည် အမေရိကန်ဒေါ်လာ ၆.၇၄ ဘီလီယံ ထုတ်ယူနိုင်ခဲ့ပြီး တစ်နှစ်ထက် တစ်နှစ် ၇.၃ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ကြောင်း အမျိုးသားစာရင်းအင်းရုံး၏ ထုတ်ပြန်သော နောက်ဆုံး အချက်အလက်များအရသိရသည်။

    အဆိုပါကိန်းဂဏန်းသည် ငါးနှစ်တာကာလ၏လေးလတာအတွင်း စံချိန်တင်မြင့်မားခဲ့ ကြောင်းထုတ်ပြန်ချက်အရသိရသည်။

   ထုတ်လုပ်မှုကဏ္ဍတွင် အကြီးမားဆုံး ပမာဏမှာ ဒေါ်လာ ၅.၅ ဘီလီယံရှိပြီး အရှေ့ တောင် အာရှနိုင်ငံများတွင် ပေးချေခဲ့သည် စုစု‌ပေါင်း FDI ၏ ၈၁.၆ ရာခိုင်နှုန်းဖြစ်သည်။

Source : Xinhua

DOCA(ရန်ကုန်)

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၌ ကျင်းပပြုလုပ်သည့် “အချိုရည်နှင့် ယိုမျိုးစုံ၊ သစ်သီးဝိုင်မျိုးစုံ ထုတ်လုပ်မှုနည်းပညာသင်တန်း” တွင် အသိပညာပေးဟောပြောကျင်းပ

    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ရုံးချုပ်၏ ညွှန်ကြားချက်နှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဦးဆောင်၍ ဝန်ထမ်းများသည် တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဉီးစီးဌာနမှဖွင့်လှစ်သည့် “အချိုရည် နှင့် ယိုမျိုးစုံ၊ သစ်သီးဝိုင်မျိုးစုံ ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့ရာ သင်တန်းသူစုစုပေါင်း (၂၀)ဦး တက်ရောက် ခဲ့ကြောင်း သိရှိရပါသည်။

   အဆိုပါ ဟောပြောပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမြင့်ငြိမ်းက စီးပွားရေးနှင့်ကူသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဖွဲ့စည်းဆောင်ရွက်မှုများ အကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များနှင့်စပ်လျဉ်း၍ ကုန်စည်များတွင် မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရဆောင်ရွက်ရမည့်အချက်များ၊ ကုန်စည် အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ်အချက် အလက်များ၊  စားသုံးသူရေးရာဦးစီးဌာနတွင် တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ဌာနမှဖြေရှင်း ဆောင်ရွက်နေမှု အခြေအနေများ၊ Online Sale မှတ်ပုံတင်ခြင်းအကြောင်းနှင့်  Consumer Call Center 1535 သို့ ခေါ်ဆိုမေးမြန်း တိုင်ကြားနိုင်ကြောင်းအသိပညာပေးခဲ့ပြီး သင်တန်းသူ ၂ ဉီးအား လိုင်းခွဲ (၁) နှင့် (၂) များသို့ လက်တွေ့ ခေါ်ဆိုမေးမြန်းစေခဲ့ကြောင်း၊ ဆက်လက်၍ လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို အွန်လိုင်းစနစ်အသုံးပြုပြီး ရောင်းချမည်ဆိုပါက မဖြစ်မနေ အွန်လိုင်း စနစ်ဖြင့် မှတ်ပုံတင်ပြီးမှသာရောင်းချရန်၊ မှတ်ပုံတင်ထားခြင်းမရှိဘဲ ရောင်းချမည်ဆိုပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း၊ တက်ရောက်လာသူများမှ သိလိုသည် များကို ရှင်းလင်းဖြေကြားပြီး အသိပညာပေး လက်ကမ်းစာဆောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)       

“ ကွမ်းခြံကုန်းမြို့နယ်ဈေးကွက်အတွင်း ရောင်းချသောသွားတိုက်ဆေးအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ”

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် လစဉ်ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို ဆောင်ရွက် လျှက်ရှိရာ စားသုံးသူရေးရာဦးစီးဌာ ရန်ကုန်တောင်ပိုင်းခရိုင် ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ယခုလအတွင်း စစ်ဆေးရမည့် သွားတိုက်ဆေးအမျိုးမျိုးတို့အား  မေလ(၉)ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ဆက်စပ်ဌာနများဖြင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

   ထိုသို့ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာ ယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ဦးဇော်မင်းအေး၊ ကျန်းမာရေးမှူး-၃ ဦးထွန်းထွန်း၊ စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြပြီး ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးအတွင်း သွားတိုက်ဆေး အမျိုးမျိုးရောင်းချသည့် ဆိုင်များဖြစ်သည့် နွေးနွေး အလှကုန်နှင့် ကုန်မျိုးစုံ ရောင်းဝယ်ရေးဆိုင်၊ ဦးလှရှိန် ကုန်မျိုးစုံရောင်း ဝယ်ရေးဆိုင်၊ ဒေါ်ငြိမ်းငြိမ်းသူ ကုန်မျိုးစုံ ရောင်းဝယ်ရေးဆိုင်တို့မှ Signal(ဆစ်ဂနယ်)သွားတိုက် ဆေး၊ 3D သွားတိုက်ဆေး၊ လေဆာသွားတိုက်ဆေး၊ Colgate သွားတိုက်ဆေးများတွင် ပါရှိရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ပါဝင်မှုရှိ/မရှိ စိစစ်ဆောင်ရွက်ခဲ့ကြသည်။  

အဆိုပါ သွားတိုက်ဆေးအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိကြောင်း တွေ့ရှိခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက လူတိုင်းနေ့စဉ် သုံးစွဲနေသော ကုန်စည်များတွင် သွားတိုက်ဆေးသည် သွားကျန်းမာရေးအတွက် အဓိကအရေးကြီး ကုန်စည်ဖြစ်သောကြောင့် သွားတိုက်ဆေးများကို ယခုကဲ့သို့ စစ်ဆေးရခြင်း ဖြစ်ကြောင်းနှင့် အခြား ကုန်စည်များတွင်လည်း ပါရှိရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိမှသာ စားသုံးသူများ ဘေးကင်းလုံခြုံ စိတ်ချရမည် ဖြစ်ကြောင်း ပိုင်ရှင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး ကွင်းဆင်း စိစစ်ခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)

 

“ တွံတေးမြို့နယ် ဆောက်လုပ်ရေးသုံးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း ”

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ရှိ ဆောက်လုပ်ရေးသုံးပစ္စည်း အရောင်းဆိုင်များအား ဘိလပ်မြေ ပြတ်လပ်မှုရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းရှိ/မရှိ အခြေ အနေအား မေလ(၉)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ သည်။

    ထိုသို့ ဆောက်လုပ်ရေးသုံးပစ္စည်း အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးလင်း၊ တွံတေးမြို့မ ရဲစခန်းမှူး အောင်မျိုးနိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ  ဦးဉာဏ် လင်းထက်နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအာကာမင်းတို့ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် တွံတေးမြို့နယ် ကန်ဘဲ့ကျေးရွာရှိ သစ္စာအိမ်  အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်သို့ ဘိလပ်မြေများ ပြတ်လပ်မှုရှိ/မရှိ၊ ဝယ်ယူရရှိမှု အခြေအနေနှင့်ဖြင့် ဖြန့်ဖြူးရောင်းချနေမှုအပြင် ဈေးနှုန်းမြှင့်တင် ရောင်းချနေခြင်းရှိ/မရှိအခြေအနေတို့အား လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ မေးမြန်း စစ်ဆေးခဲ့ပြီး၊ ဘိလပ်မြေများအား ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်း၊ ဈေးနှုန်း အဆမတန် မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ဈေးကွက် အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)

ကန့်ဘလူမြို့၏ကျက်သရေဆောင် မဟာရွှေစည်ကြီးစေတီတော်၌ ကဆုန်လပြည့်နေ့ ဗုဒ္ဓအခါတော်နေ့တွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ နှင့် ကဆုန်ညောင်ရေသွန်းလောင်းပွဲ ကျင်းပဆောင်ရွက်

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့၏ကျက်သရေဆောင် မဟာရွှေစည် ကြီးစေတီတော်၌ ကဆုန်လပြည့်နေ့ ဗုဒ္ဓအခါတော်နေ့တွင် (၈၃)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်း လှူပွဲကို မေလ ၁၁ ရက် နံနက် (၀၈:၃၀) နာရီခွဲတွင် စေတီတော်ကွင်းအတွင်း ကျင်းပပြုလုပ်ပြီး အဆိုပါ စေတီတော်မြတ်ကြီးအတွင်းရှိ မဟာဗောဓိပင်များအား မေလ ၁၁ ရက် ညနေ (၁၆:၀၀) နာရီ အချိန်တွင် ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့)တွင် ညောင်ရေသွန်းလောင်းပွဲ ပြုလုပ်ခဲ့ကြောင်း   သိရသည်။            

   အဆိုပါဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံး အနေဖြင့်လည်း ပါဝင်လောင်းလှူခဲ့ကြောင်း၊ ကဆုန်လပြည့်နေ့ ဗုဒ္ဓအခါတော်နေ့တွင် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ၌ သံဃာတော်(၂၉၀)ပါး၊ သီလရှင်ဆရာလေး စုစုပေါင်း(၃၂၀)ပါးခန့်အား ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများက စုပေါင်းလောင်းလှူခဲ့ပါကြောင်း၊ ညနေပိုင်း အချိန်တွင် ကန့်ဘလူမြို့၏ ကျက်သရေဆောင် မဟာရွှေစည်ကြီးစေတီတော်မြတ်ကြီး အတွင်းရှိ မဟာဗောဓိပင်များအား   ကန့်ဘလူမြို့သူ/သားများက ညောင်ရေသွန်းလောင်းခြင်း၊ ဗုဒ္ဓရုပ်ပွားတော် များအား ရေသပ္ပာယ်ခြင်း၊ ရွှေသင်္ကန်းကပ်လှူခြင်း၊ ပန်းကပ်လှူဒါန်းခြင်း၊ သောက်တော်ရေချမ်း ကပ်လှူခြင်းနှင့် ငါးစာကျွေး ကောင်းမှုကုသိုလ်များပြုလုပ်ခြင်းဆောင်ရွက်ကြပြီး လာရောက်သူများ ကိုလည် ဖျော်ရည်အအေးတိုက်ခြင်း၊ မြန်မာ့ရိုးရာ အိုးစည်ဒိုးပတ်များဖြင့် သီဆို၍ ပျော်ရွှင် ချမ်းမြေ့စွာ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

“ ကျောက်တန်းမြို့နယ်အတွင်းရှိ ဆန်အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း ”

   ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ ဆန်ဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မဖြစ်ပေါ်စေရေးနှင့် စားသုံးသူ ရေးရာဦးစီးဌာနမှ လစဉ်ထုတ်ပြန်သည့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းအား (၂၀၂၅)ခုနှစ် မေလ(၉)ရက်နေ့၊ ညနေ (၁၆:၀၀)နာရီအချိန်တွင် ကျောက်တန်းမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သောအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

     အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ကျောက်တန်းမြို့နယ်အတွင်းရှိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အတူ စားသုံးသူရေးရာဦးစီးဌာန တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (သန်လျင်မြို့)မှ ဒေါ်ငြိမ်းငြိမ်းဝင်း (ဦးစီးမှူး)တို့ ပူးပေါင်းအဖွဲ့သည် ကျောက်တန်းမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ဆန်ဆိုင်များသို့ သွားရောက်ကာ ဆန်များအား ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိစေရေး၊ ဆန်ဈေးကွက်အတွင်း ဈေးနှုန်းတည်ငြိမ် မှန်ကန်စေရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာနမှ ဆန်ဈေးနှုန်းများအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့် လစဉ်ထုတ်ပေးလျက်ရှိရာ အဆိုပါ သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း ဈေးကွက်အတွင်း ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးပြီး သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ပါ ကြောင်း ဆန်ဆိုင်ပိုင်ရှင်များအား ပြောကြားခဲ့ပြီး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

DOCA(ရန်ကုန်)

“ ခရမ်းမြို့နယ်ရှိအိမ်ဆောက်ပစ္စည်းဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း”

     ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ရှိ အိမ်ဆောက်ပစ္စည်း ရောင်းချသော ဆိုင်များတွင် အိမ်ဆောက်ပစ္စည်းများအား ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး၊ ဘိလပ်မြေများ အားဈေးကစားရန် ရည်ရွယ်၍ သိုလှောင်ထားမှုမရှိစေရေးတို့အတွက် ဌာနဆိုင်ရာ မြေပြင်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့ဖြင့်  မေလ(၉)ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန၊ မြို့နယ်အုပ် ချုပ်ရေးမှူး ဦးအောင်ရဲ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်စိုး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာ ဝန်ခံ ဒေါ်ကျော့ကေခိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဇော်နိုင်ဦးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် အိမ်ဆောက်ပစ္စည်းဆိုင်များရှိ အိမ်ဆောက်ပစ္စည်းများ၏ ဈေးနှုန်းများ ကောက်ခံခြင်း၊ ဘိလပ်မြေဝင်ရောက်မှု အခြေအနေနှင့် လက်ကျန်ရှိမှုများအား ကောက်ခံ၍ ဈေးနှုန်းများမြှင့်တင် ရောင်းချပါက ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ဆိုင်ရှင်များအား အသိပညာပေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ