သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဆောင်းသီးနှံနွေစပါးသွင်းအားစု ချေးငွေထုတ်ချေးပေး

          ၂၀၂၂ - ၂၀၂၃ ခုနှစ် ဆောင်းသီးနှံ နွေစပါးစိုက်တောင်သူများအား နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံ ငွေဖြင့် ဆောင်ရွက်မည့် နွေစပါးစီမံကိန်းစာချုပ်ချုပ်ဆိုခြင်းနှင့် တောင်သူများ၏ သွင်းအားစုကျပ် နှစ်သိန်းတန်ဖိုးရှိ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးမျိုးစေ့ထုတ်ပေးနိုင်ရေးအား ကော့မှူးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူးရုံးတွင် ဇန်နဝါရီလ (၆) ရက် နံနက် ၉ နာရီခွဲက ကျင်းပခဲ့ကြောင်း   သိရသည်။

          အဆိုပါ ဆောင်းသီးနှံ နွေစပါးသွင်းအားစု ချေးငွေစာချုပ်ချုပ်ဆိုသည့် အခမ်းအနားတွင် မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီ (MAPCO)မှ ၂၀၂၂-၂၀၂၃ ခုနှစ် နွေစပါး ကန်ထရိုက် လယ်ယာလုပ်ငန်းစိုက်ပျိုးထုတ်လုပ်သည့် တောင်သူ (၆)ဦး စိုက်ဧက (၇၅) ဧကတို့အား သွင်းအားစု အမျိုးအစား ယူရီးယား၊ ကွန်ပေါင်း ဓာတ်မြေဩဇာတို့အား အချိန်မှီ ထုတ်ပေးနိုင်ရေးအတွက်  စာချုပ်ချုပ်ဆိုသည့် လုပ်ငန်းများဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

       ဆောင်းသီးနှံ နွေစပါးသွင်းအားစု ချေးငွေစာချုပ်ချုပ်ဆိုသည့် အခမ်းအနားသို့ ကော့မှူးမြို့ နယ်ရှိ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးဘက်မှ မြို့နယ် မန်နေဂျာ၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ဆည်မြောင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ် ဦးစီး မှူးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)

 

ကလေးဝမြို့နယ် (အာရုံဉီးကိုယ်ပိုင်ကျောင်း ) တွင် စားသုံးသူအသိပညာပေးဟောပြော

        ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ( ၁၀ ) ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင်  ကလေးဝမြို့ (အာရုံဉီးကိုယ်ပိုင်ကျောင်း)သို့ သွားရောက်၍ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ဟောပြောပွဲတွင် ဆရာ/ဆရာမ ( ၇ ) ဉီးနှင့် ကျောင်းသား/ ကျောင်းသူ ( ၁၃၅ ) ဦး၊ စုစုပေါင်း (၁၄၂ ) ဦးအား အသိပညာပေးဟောပြောခဲ့ပါသည်။

       ဟောပြောပွဲ၌ ( အာရုံဉီးကိုယ်ပိုင်ကျောင်း ) ကျောင်းဆရာကြီး ဉီးအောင်မြင့်သန်းမှ အဖွင့်အမှာစကားပြောကြားပြီး ကလေးဝမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဉီးဇော်ဝင်းထွန်း ( မြို့နယ်ဉီးစီးမှူး ) မှ လူငယ်နှင့်စားပေအကြောင်း သိကောင်းစရာများ ခေါင်းစဉ်ဖြင့် လည်းကောင်း၊  ကလေးဝမြို့ လျှပ်စစ်ဉီးစီးဌာန၊ ဉီးအောင်နိုင်ဝင်း ( မြို့နယ်လျှပ်စစ်မှူး ) မှ လျှပ်စစ်ပစ္စည်းများ ကိုင်တွယ်အသုံးပြုရာတွင်  ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကလေးဝမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဉီးကျော်ကျော်မိုးမှ  (လ/ထကြီးကြပ်ရေးမှူး )မှ  စားသုံးသူများတွင် အခွင့်အရေးများရှိကြောင်း သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပြီး အဆိုပါဟောပြောပွဲအခမ်းအနားကို ( ၁၁:၃၀ ) အချိန်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သတင်းရရှိရပါသည်။

DOCA(စစ်ကိုင်း)

ကလေးမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ ညောင်ပင်သာရပ်ကွက်ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာနနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ( ၁၀.၁.၂၀၂၃ ) ရက်နေ့က ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့‌ကြောင်း သိရှိရပါသည်။

        ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Diclon – M ( Diclofenac Sodium 50mg, Paracetamol 500 g ) အမှတ်တံဆိပ်ဖြင့် ပုံစံတူဆေးဝါးများ ရောင်းချမှု ရှိ/မရှိ သွားရောက်စစ်ဆေး ခဲ့ခြင်းဖြစ်ပါသည်။

         ဆေးနှင့်ဆေးပစ္စည်းရောင်းချသူများအနေဖြင့် မိမိတို့ရောင်းချနေသော ဆေးနှင့် ဆေးပစ္စည်းများကို သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသည့် ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်း မပြုရန်၊ ( ၂/၂၀၁၉ ) ညွှန်ကြားချက်ပါ ဆေးဝါးနှင့် ဖြည့်စွက်စာများတွင် မဖြစ်မနေဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသားများနှင့် ကိုက်ညီမှုရှိသော ဆေးနှင့် ဆေးပစ္စည်းများကိုသာ ဖြန့်ဖြူး ရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။  

DOCA(စစ်ကိုင်း)

 

ဈေးကွက်အတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစီစစ်ကြပ်မတ်ခြင်း

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသည် ပြည်ပမှ တင်သွင်းသည့် စားသုံးဆီများသတ်မှတ် အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွှတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အ‌ရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦး‌ဆောင်၍ ၉.၁.၂၀၂၃ ရက်နေ့တွင် အရှေ့ပိုင်းခရိုင်အတွင်းရှိ စားအုန်းဆီ လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချသောဆီဆိုင်များသို့ ဈေးကွက်ကွင်းဆင်းစီစစ်ကြပ်မတ် ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြာင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ(၁၀)ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၈)ရပ်ကွက်၊ ဝန်တော်အိမ်ရပ်ရှိ ကုန်မျိုးစုံအရောင်းဆိုင်အား ရွှေဘိုခရိုင် ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း(၃)ဦးတို့မှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

       အဆိုပါကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်တွင် ရောင်းချသည့် မုန့်မျိုးစုံများအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိနှင့် သက်တမ်းလွန်ခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခဲ့ရာ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ကိုက်ညီမှုရှိပြီး သက်တမ်းလွန်စားသောက်ကုန်များ ရောင်းချမှုမရှိသော်လည်းထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုအပါ် တာဝန်ရှိမှုကိုသိရှိနိုင်စေရန် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူနှင့်စီးပွားရေး လုပ်ငန်းရှင်တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊  အခန်း(၁၈)ပါ ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်စည်များကိုသာရောင်းချကြရန်၊ ကုန်စည်ကို ထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဌာန၏အတည်ပြုချက် ရယူနိုင်ရေးဆောင်ရွက်ကြရန်နှင့် ဆောင်ရွက်လိုပါက ဌာနမှကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ဥပဒေပါ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်၊ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍အာမခံချက်ပေးခြင်းနှင့် အားမခံပေးထားမှုအပါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများကို အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

စစ်ကိုင်းမြို့၏ အောင်မြင်ကျော်ကြား ငွေထည်၊ ကြေးထည်လုပ်ငန်းများ

        ကမ္ဘာ့အလယ်တွင် မြန်မာဟုဂုဏ်တင်ဝင့်ကြွား စကားဆိုနိုင်ခြင်းမှာ မြန်မာ့ယဉ်ကျေးမှု စစ်စစ်အမွေအနှစ်တို့ ခိုင်မာတောင့်တင်း စွမ်းအားမြင့်မားခြင်းအပေါ်တွင် တည်မီသည်ဟုယုံကြည်ပါသည်။ ထို မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် ပန်းပညာ(၁၀)ဖြာမှာ ရှေ့တန်းမှ ပါဝင်ကြောင်း တွေ့ရသည်။ ပန်းပညာ(၁၀)ဖြာမှာ ပန်းပဲ၊ ပန်းတိမ်၊ ပန်းတည်း၊ ပန်းတော့ ၊ ပန်းတမော့၊ ပန်းပု၊ ပန်းရန်၊  ပန်းပွတ်၊ ပန်းချီ၊ ပန်းယွန်းတို့ဖြစ်ပါသည်။

          ပန်း(၁၀)ဖြာအနက် ပန်းတိမ်ဟုခေါ်သော အတတ်ပညာသည် ယခုရွှေပန်းတိမ်၊ ငွေပန်းတိမ်ဟု ခွဲခြားသော်လည်း မူလပညာရပ်မှာမူ တစ်မျိုးတည်းဖြစ်သည်။ သို့သော် အခေါ်အဝေါ်အားဖြင့် သီးခြားတစ်မျိုးစီကဲ့သို့ ခေါ်ဝေါ်အသုံးပြုနေကြသည်။ ငွေပန်းတိမ်ပညာရပ်တွင် အသုံးပြု ကြရမည့် အခြားအတတ်ပညာရပ်တို့မှာ ပန်းပဲ၊ ပန်းချီ၊ ပန်းပု၊ ပန်းယွန်း၊ ပန်းတည်း ပညာရပ်များ အများအပြား ပါဝင်လျက်ရှိသည်။ ပန်းချီ၊ ပန်းပု၊ ပန်းယွန်းနှင့် ဗိသုကာအတတ်ပညာတို့တွင် အသုံးပြုသော အမွမ်းအပြောက်များကိုလည်း သိရှိနားလည်ထားရန် လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ငွေပန်းတိမ်ပညာဖြင့် အသုံးပြုလုပ်ကိုင်ရသည့် အထည်ပစ္စည်းများတွင် လိုအပ်သော အချက်အလက်များ၊ အတိုင်းအထွာများ၊ နည်းစနစ်များသည် အခြားသောပန်းမျိုးတို့နှင့် ဗိသုကာအတတ်ပညာများ၌ အသုံးပြုသောနည်းစနစ်များစွာပါရှိနေသောကြောင့်ဖြစ်သည်။

        မြန်မာနိုင်ငံတွင် ငွေပန်းတိမ်လက်ရာ အထောက်အထားအဖြစ် ၁၉၂၆ခုနှစ်တွင် မြန်မာနိုင်ငံ ကမ္ပည်းကျောက်စာဌာနမှ သရေခေတ္တရာမြို့ဟောင်း(မှော်ဇာ) ခင်ဘားကုန်းတွင် တူးဖော်တွေ့ရှိ ရသော ပစ္စည်းများအရ မြန်မာနိုင်ငံတွင် လွန်ခဲ့သောနှစ်ပေါင်း ၁၂၀၀ခန့်က ငွေပန်းတိမ်လက်ရာများမှာ ပြောင်မြောက်စွာ လုပ်ကိုင်လျက်ရှိပြီဖြစ်ကြောင်း သိရပါသည်။

စစ်ကိုင်းမြို့၏ ငွေထည်၊ ကြေးထည် ဈေးကွက်

      ငွေပန်းတိမ်ပညာကို ဆွေစဉ်မျိုးဆက် လက်ဆင့်ကမ်းယဉ်ကျေးမှုအမွေအဖြစ် လုပ်ကိုင်လျက်ရှိရာ ယခုအခါ စစ်ကိုင်းမြို့တွင် အောင်မြင်ကျော်ကြားသည့် ငွေထည်၊ ကြေးထည် (ငွေပန်း တိမ်) လုပ်ငန်းသည့် စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွက်၌ တစ်ပိုင်တစ်ပိုင် လုပ်ငန်းရှင်ပေါင်း ( ၂၅၀ )ဦး၊ ပညာရှင်(၁၀၀)ဦးခန့်၊ လုပ်သားအင်အား ၈၀၀ကျော် ၁၀၀၀နီးပါးရှိပြီး၊ စစ်ကိုင်းမြို့ အသင်္ခရာ စောယွန်း အဝိုင်းပတ်ကျော်လာလျှင် မန္တလေး - မုံရွာ ကားလမ်း ဘေးဘယ်ညာတစ်ဖက်တစ်ချက်စီ၌ ငွေထည်ကြေးထည် အရောင်းဆိုင်(၂၀)ကျော်ခန့် ဖွင့်လှစ်ရောင်းချလျက်ရှိပါသည်။ ကုန်ချောပစ္စည်း များကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီး စသည့်မြို့ကြီးများသို့ရောင်းချသည့်အပြင် မုံရွာမြို့တွင်ကျင်းပခဲ့သည့် အိန္ဒိယ-မြန်မာ ကုန်စည်ပြပွဲ (၂)ကြိမ် ပြုလုပ်ခဲ့သည့် အကျိုးကျေးဇူးများကြောင့် အိန္ဒိယနိုင်ငံမှ အမှာစာများဖြင့် မှာယူ ဝယ်ယူမှုများရှိကြောင်း သိရှိရသည်။

စစ်ကိုင်းမြို့၏ ငွေထည်၊ ကြေးထည် ဈေးနှုန်း

        ငွေထည်၊ ကြေးထည် ပစ္စည်းအမယ်မျိုးစုံ ထုတ်လုပ်ရောင်းချလျက်ရှိရာ ရောင်းဈေးနှုန်း များမှာ အရွယ်အစား အကြီး/အသေးပေါ် မူတည်၍ ငွေဆွမ်းအုပ် တစ်လုံး ကျပ် ၈သောင်းမှ ကျပ် ၁၅သိန်းကြား၊ ငွေဖလား တစ်လုံး ကျပ် ၈သောင်း မှ ကျပ်သိန်း ၁၅၀ကြား၊ ကြေးရေစက်ချခွက် တစ်လုံး ကျပ် ၄သောင်းမှ ကျပ် ၁သိန်း၅သောင်းကြား၊ ငွေရေစက်ချခွက်တစ်လုံး ကျပ် ၁၆သိန်းမှ ကျပ်သိန်း ၂၀ကြား၊ ငွေ စောင်းတစ်ခု ကျပ်၃သိန်းမှ  ကျပ် ၁၀သိန်းကြား၊ ငွေ ဘုရားပန်းအိုး တစ်လုံး ကျပ် ၆သိန်းမှ ကျပ်သိန်း ၅၀ကြား၊ ငွေဘုရားပန်းအိုးကို အသုံးနည်းပြီး ကြေးဘုရားပန်းအိုးများကို  အသုံးပြုမှုများကြောင်း၊ ကြေး ဘုရားပန်းအိုး တစ်လုံးကျပ် ၁သောင်းမှ ကြေး အလှပန်းအိုးအကြီး ကျပ်  ၁၅ သိန်းကြား၊  ကြေးဘုရားဆင်တု ကျပ် ၁သောင်း ၅ထောင် မှ ကျပ် ၂သိန်းကြား၊ ကြေးဖြင့် ပြုလုပ်ထားသော ပန်းချီကားတစ်ချပ် ကျပ် ၆သောင်းမှ ကျပ် ၂သိန်းကြား ပေါက်ဈေးအသီးသီးဖြင့် ရောင်းချကြောင်း သိရှိရပါသည်။

သုံးသပ်တင်ပြချက်

        မြန်မာ့ငွေထည်၊ ကြေးထည်လုပ်ငန်းများ ဆတက်ထမ်းဖိုး ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် လိုအပ်သောကုန်ကြမ်းများဖြစ်သည့် ငွေနှင့်ကြေးသတ္တုများကို ပြည်တွင်းမှ အရည်ကြို ကြေးနှင့် အထည်ပျက်ငွေထည်များကို ဝယ်ယူသုံးစွဲရခြင်း၊ တရုတ်နိုင်ငံမှ ဝယ်ယူရခြင်း၊ ပြည်တွင်းမှ ဝယ်ယူရရှိသည့် ကုန်ကြမ်းများမှာလည်း သုံးစွဲစွန့်ပြစ်ပစ္စည်းများဖြစ်၍ သန့်စင်ရန် အကြိမ်ကြိမ် အရည်ကျို အသုံးပြုနေရသည့်အတွက် လိုအပ်သည့်ကုန်ကြမ်းများကို နိုင်ငံတော်အစိုးရမှ လုပ်ငန်းရှင်များအား ဖြည့်ဆည်းရောင်းချပေးလျှင်လည်းကောင်း၊ ပြည်ပသို့ တင်ပို့ရောင်းချခွင့်အား သတ်မှတ်သည့် မူဝါဒများနှင့် အခွန်နှုန်းထားများကို ဖြေလျော့ခွင့်ပြုမည့်ဆိုပါက စစ်ကိုင်းမြို့၏ ငွေထည်ကြေးထည် လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များ၏ ရင်ဆိုင်ကြုံတွေ့ရသည့် အခက်အခဲများကို ကိုယ်စားပြု တင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)

                                               

လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများကို လစဉ်စီမံချက်များပြည့်မီကျော်လွန်အောင် ဆောင်ရွက်လျက်ရှိရာ (၁၀.၁.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီ အချိန်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရွှေဘိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ရွှေဘိုခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပသောလူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

        အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဒေါ်နှင်းနှင်းခိုင်မှ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ပြဌာန်းခဲ့ပြီး အခန်းပေါင်း(၂၅)ခန်းနှင့် ပုဒ်မပေါင်း(၈၄)ခုပါဝင်ကြောင်း၊ ယခုသင်တန်းတွင် သင်တန်းကာလမှာ(၅)ရက် ဖြစ်ပြီး သင်ကြားသည့်ဘာသာရပ်များမှာ ဆပ်ပြာဆီ၊ ခေါင်းလျှော်ရည်(Shampoo)၊ သဘာဝခေါင်းလျှော်ရည်၊ လက်ဆေးဆပ်ပြာရည်၊ ပန်းကန်ဆေးဆပ်ပြာရည်၊ အဝတ်လျှော်ဆပ်ပြာရည်၊ ဘက်စုံသုံး ဆပ်ပြာရည်၊ ဆပ်ပြာခရမ်၊ အမွှေးဆီ၊ မျက်နှာသစ်ဆပ်ပြာခဲအမျိုးမျိုး၊ Hand Gel စသည်ဖြင့် ဘာသာရပ်(၁၅)မျိုးကို သင်ကြားပေးကြောင်း သိရှိရသည့်အတွက် သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချပါက  ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ အကြောင်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများရှိပါ တိုင်ကြားနိုင် ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများ၊ ဌာနနှင့်သက်ဆိုင်သောအကြောင်းများကို မေးမြန်းစုံမ်းနိုင်သည့် Consumer Call Centerအကြောင်း၊ တိုင်ကြားစာများကို စိစစ်ညှိနှိုင်းဖြေရှင်းပေးသည့်အကြောင်းများ ရှင်းလင်းဆွေးနွေးခဲ့ရာ စုစုပေါင်း(၄၅)ဦး တက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်(၄၅)စောင်ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

စက်သုံးဆီဆိုင်များသို့ ကွင်းဆင်းဆောင်ရွက်

        စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၁၁)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ မြေနီကုန်းရပ်ကွက်ရှိ တော်ဝင်ဆိုင်ခွဲ(၁)၊ တော်ဝင်ဆိုင်ခွဲ(၃) နှင့် ပြည်အောင်ရတနာ စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ထားသောနှုန်းထားများအတိုင်းသာ ရောင်းချမှု ရှိ/မရှိ၊ စက်သုံးဆီများ၏ အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှု ရှိ/မရှိတို့ကို ကယားပြည်နယ် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီနှင့်အတူ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါတယ်။

DOCA(ကယား)

ဝက်လက်မြို့၊ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

      စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့၊ အမှတ်(၁)၊ အခြေခံပညာအထက်တန်း ကျောင်းတွင် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၉)ရက်နေ့၌ မြို့နယ်တာဝန်ခံ ဦးမျိုးအောင်သည် ကျောင်းသား/ ကျောင်းသူ (၅၀)ဦးနှင့် ဆရာ/ဆရာမ(၅)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

      အဆိုပါ ဟောပြောပွဲတွင် ဝက်လက်မြို့နယ်တာဝန်ခံဦးမျိုးအောင်မှ စားသုံးသူရေးရာဦးစီး ဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူရေးရာဦးစီးဌာန၏ Vision၊ Missionများ၊စားသုံးသူ၏ အခွင့်အရေးများကို အပြည့်အဝကာကွယ်နိုင်ရန်အတွက် စားသုံးသူကာကွယ်ရေး ဥပဒေကိုပြဌာန်းထားကြောင်း၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် လိုက်နာရမည့်တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ဥပဒေအခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအကြောင်းများနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြ ခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ညွှန်ကြားချက် အမှတ် (၂/၂၀၁၉)  ပါ အကြောင်းများ၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုဖြစ်ပါက ဝယ်ယူ သည့် သက်သေအထောက်အထားနှင့်တကွ အရေးဆိုတိုင်ကြားရမည်ဖြစ်ကြောင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများဖြစ်ပါက Online ဖြင့်သော်လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်း၊ လူကိုယ်တိုင် သော်လည်းကောင်း တိုင်ကြားနိုင်ကြောင်း၊ Consumer Call Center နံပါတ် 1535 သို့ ရုံးဖွင့်ရက် ရုံးချိန်အတွင်းမည်သည့် Operator Ph No.က ဖြစ်စေခေါ်ဆို၍ သိရှိလိုသည်များကို စုံစမ်းမေးမြန်း နိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆရာ/ ဆရာမ(၅)ဦးနှင့် ကျောင်းသား/ကျောင်းသူ (၅၀)ဦး တို့ အား လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေ

       တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာ ထားချက်မှာပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(၇၀.၀၀၀)၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း၃.၀၀၀)၊  စုစုပေါင်း ကုန်သွယ်မှုပမာဏ ကျပ်သန်း (၇၃.၀၀၀)ဖြစ်ပါသည်။ တမူး နယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့  ကုန်သွယ်မှုအနေဖြင့် ၂၀၂၂ခုနှစ်၊ ဧပြီလမှ ဒီဇင်ဘာ ဘာလအထိ (၉)လတာကာလအတွင်း ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(၇.၈၅၀)၊ သွင်းကုန် ပမာဏအမေရိကန်ဒေါ်လာသန်း(၄.၁၉၁)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ(၁၂.၀၄၁) ဆောင်ရွက်နိုင်ခဲ့ ပါသည်။ ဇန်နဝါရီလ(၆)ရက်နေ့အထိ ပို့ကုန်ပမာဏ အမေရိကန်ဒေါ် လာသန်း(၀.၁၆၄)၊ သွင်းကုန် ပမာဏ အမေရိကန်ဒေါ်လာသန်း(၀.၁၇၉) စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (၀.၃၄၃) ဆောင်ရွက်နိုင်ခဲ့သည့်အတွက် (၁၀)လတာကာလအတွင်း စုစုပေါင်း ပို့ကုန်ပမာဏ အမေရိ ကန်ဒေါ်လာသန်း(၈.၀၁၄)၊ သွင်းကုန်ပမာဏအမေရိကန်ဒေါ်လာသန်း(၄.၃၇၀)၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (၁၂.၃၈၄)ဖြစ်၍ (၁)နှစ်စာလျာထားချက် အပေါ်(၁၆.၉၆၄)% ဆောင်ရွက် နိုင်ခဲ့ပြီး၊ ဧပြီလမှ ဇန်နဝါရီလ(၆)ရက်နေ့အထိ(၁၀)လတာ လျာထားချက်အပေါ် (၂၂.၂၃၃)% ဆောင် ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ စာရင်းများအရ သိရပါသည်။

        အများဆုံးပို့ကုန်များအနေဖြင့် ကွမ်းသီး၊ မက်မန်းသီး၊ မြေပဲဆံ၊ ကြက်သွန်နီ၊ နန့်ဖာလုံ ကုန်စုံ၊ ငရုတ်ကောင်းနှင့် စီးကရက်(အမျိုးမျိုး)တို့ဖြစ်ပြီး သွင်းကုန်များအနေဖြင့် ဓါတ်မြေဩဇာနှင့် ဆံပင်တို့ ဖြစ် ကြောင်း သိရပါသည်။

     တမူးကုန်သွယ်ရေးစခန်းအနေဖြင့် ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်)၏ ညွှန်ကြားချက်များနှင့် အညီကုန်သွယ်မှုတွင် ကြုံတွေနေရသော အခက်အခဲများအား ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်)တို့ အချိန်နှင့်တပြေးညီတင်ပြခြင်း၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ OSS ဌာနဆိုင်ရာများ၊ ကုန်သည်အသင်းအဖွဲ့များ၊ ကုမ္ပဏီလုပ်ငန်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခြင်းများဖြင့် ကုန်သွယ်မှု လျှင်မြန်ချောမွေ့စေရေးနှင့် ကုန်သွယ်မှုလျာထားချက် ပြည့်မှီစေရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။  

DOCA(စစ်ကိုင်း)

                                     

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ