သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မိုးညှင်းမြို့ပေါ်ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦး‌ကျော်မိုးလွင်သည် ၁၂.၁.၂၀၂၃ ရက်နေ့ နံနက် ၁၀း၀၀နာရီအချိန်တွင် မိုးညှင်းမြို့ပေါ်ရှိ ကုန်စုံဆိုင်၊ စတိုးဆိုင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက် နှင့်ကိုက်ညီမှု ရှိ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ရွှေကျီး အမှတ်တံဆိပ်ပါ ကြက်ဥကိတ်ခြောက်တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် သိသာထင်ရှားစွာဖော်ပြ ရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်း ဆည်းမှုအညွန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက် စသည့်အချက်များ ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်း ရှိ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။
DOCA(ကချင်)

အမှတ်(၁၁)အခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်) သည် ၁၂.၁.၂၀၂၃ ရက်နေ့(၁၀:၃၀)နာရီမှ (၁၁:၃၀)နာရီအချိန်ထိ မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်ရှိ အမှတ်(၁၁)အခြေခံပညာမူလတန်းစာသင်ကျောင်းတွင် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူ များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောရာတွင် ဦးဘောမ်ဇုန်း(ရုံးအုပ်)မှ စားသုံးသူကာကွယ်ရေးပေါ်ပေါက်လာပုံ သမိုင်းကြောင်းနှင့်စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊စားသုံးသူအခွင့်အရေး(၈)ချက်ဖြစ်သည့်စိတ်ကြိက် ရွေးချယ်ခွင့်၊ ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲခွင့်၊ မှန်ကန်သော သတင်းအချက်အလက်များရရှိခွင့်၊ အခြေခံလိုအပ်ချက်များကို စိတ်ကျေနပ်မှုရရှိခွင့်၊ နစ်နာဆုံးရှုံးမှုများကိုတိုင်ကြားခွင့်၊ နစ်နာဆုံးရှုံးမှုများ နှင့်စပ်လျဉ်း၍ပါဝင်ကြားနာခွင့်၊ အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သော အချက် အလက်များသိရှိလေ့လာနိုင်ခွင့်၊ ကျန်းမာဝပြောသည့် ပတ်ဝန်းကျင်ကောင်းတွင် ရှင်သန်နိုင်ခွင့်တို့ကို ရှင်းလင်းဟောပြောခြင်း၊ ကျောင်းသား၊ကျောင်းသူများသည် အသင့်စားအစားအစာများကို ဝယ်ယူ အသုံးပြုရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည့် အစားအစာများကို ရွေးချယ်ဝယ်ယူအသုံးပြုရန် နမူနာပစ္စည်းများဖြင့်ရှင်းလင်းခြင်း၊ သက်တမ်းကုန်ဆုံးရက်စွဲများ သေချာ သိရှိနားလည်စေရန် ပုံစံနမူနာပြသ၍ အပြန်အလှန်မေးမြန်းခြင်းတို့ကို အသိပညာ‌ပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အသင့်စားမုန့်ထုတ်များကို ဖြန့်ဝေခဲ့ပါသည်။ အသိပညာပေးဟောပြောပွဲသို့ ဆရာ၊ဆရာမ (၇)ဦး နှင့် ကျောင်းသား၊ကျောင်းသူ (၁၂၈)ဦး ၊ စုစုပေါင်း (၁၃၅)ဦး တက်ရောက်ခဲ့ပါသည်။
DOCA(ကချင်)

ငါန်းဇွန်မြို့ပေါ်ရှိ ဆေးဆိုင်နှင့် ဓာတ်မြေဩဇာဆိုင်များအား ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ငါန်းဇွန်မြို့နယ်တွင် ၁၀.၁.၂၀၂၃ ရက်နေ့နံနက် (၁၀:၀၀) နာရီအချိန်၌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ သက်ဆိုင်ရာဌာနများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ငါန်းဇွန်မြို့ ပေါ်ရှိ ဆေးဝါးရောင်းချသောဆေးဆိုင်များနှင့် ဓာတ်မြေဩဇာအရောင်းဆိုင်များအား ဈေးကွက် စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊မြို့နယ်တာဝန်ခံနှင့် ပူးပေါင်းအဖွဲ့သည် ဆေးဆိုင်များမှ တာဝန်ရှိသူများအား Diclon-M Tablet(Diclfenac Sodium 500mg, Paracetamol 500g) ဆေးဝါးမှာ New Magnate Co; ltd မှ ဆေးဝါးမှတ်ပုံတင်၍ တရားဝင်ရောင်းချဖြန့်ဖြူးလျက်ရှိသော ဆေးဝါး တစ်မျိုးဖြစ်ပါကြောင်းနှင့် အဆိုပါ Diclon-M ပုံစံတူဆေးဝါးများကို မှတ်ပုံတင်ထားခြင်းမရှိပဲ တရားမဝင်တင်သွင်းပြီး ဈေးကွက်အတွင်း ရောင်းချမှုများရှိနေသဖြင့် ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်လျက် ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင်ဆေးဝါးများ၊ သက်တမ်းလွန် ဆေးဝါးများ ရောင်းချမှုများမပြုရန် အသိပေးရှင်းလင်းခဲ့ပြီး၊ အဆိုပါဆေးများ ရောင်းချမှုရှိမရှိ ဆေးဆိုင်များအား လှည့်လည်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ပူးပေါင်းအဖွဲ့သည် ဓာတ်မြေဩဇာအရောင်းဆိုင်များသို့ သွားရောက်ပြီး ဈေးကွက်အတွင်းတွင်‌ ဈေးနှုန်းသက်သာသော အရည်အသွေးနိမ့်မြေဩဇာများကို ထိုင်းနိုင်ငံပြည်တွင်း သုံး မြင်းပျံတံဆိပ်အိတ်ခွံများဖြင့် ပြန်လည်ထုပ်ပိုးပြီး အိုင်ပီစီ မြင်းပျံဓာတ်မြေဩဇာ အတုများ ပြုလုပ်ရောင်းချနေမှု ရှိမရှိအားကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး၊ လုပ်ငန်းရှင်များအား စာသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ် များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)

မြင်းပျံအမှတ်တံဆိပ်မြေသြဇာအိတ်ထဲတွင် အရည်အသွေးနိမ့်မြေသြဇာများ ထည့်သွင်းပြီး တုပရောင်းချခြင်းရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေး

ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးဆောင်သော စစ်ဆေးရေး အရာရှိများသည် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ကျောက်ဆည်ခရိုင် ဦးစီးမှူးရုံး လက်အောက်မြို့နယ်များရှိ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ထိုသို့ စစ်ဆေးရာတွင် ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက စျေးနှုန်းသက်သာသော အရည်အသွေးနိမ့်မြေသြဇာများကို ထိုင်းနိုင်ငံပြည်တွင်းသုံး မြင်းပျံအိတ်ခွံ များဖြင့် ပြန်လည်ထုပ်ပိုးပြီး အိုင်စီပီမြင်းပျံ မြေသြဇာအတုများ ပြုလုပ်လျက် စျေးကွက်ထဲတွင် လိမ်လည်ဖြန့်ဖြူးရောင်းချနေကြောင်း ICP Shwe Me Fertilizer Co.,Ltd မှ တိုင်ကြားလာမှုအရ လာရောက်ရခြင်းဖြစ်ကြောင်း ၊ မြေသြဇာအိတ်များအား ရောင်းချရာတွင် မြန်မာဘာသာဖြင့်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားပါရှိသည့် မြေသြဇာများသာ ရောင်းချရန်လိုအပ်ကြောင်း ၊မြင်းပျံအမှတ်တံဆိပ်မြေသြဇာနှင့် ပတ်သက်၍ ICP Shwe Me Fertilizer Co.,Ltd မှ မြင်းပျံ အမှတ်တံဆိပ်မြေသြဇာများအား ရောင်းချရာတွင် ဆင်တူရိုးမှား အတုအပသတိထားနိုင်ရန်အတွက် မြင်းပျံမြေသြဇာ(အစစ်)အိတ်တွင် ပါဝင်သည့်အချက်များနှင့် မြင်းပျံမြေသြဇာ(အတု)အိတ်များတွင်ပါဝင်သည့်အချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ကျောက်ဆည်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးသုံး ပစ္စည်းအရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ( ၃-၁-၂၀၂၃ )ရက်နေ့၌ ကျောက်ဆည်မြို့ပေါ်ရှိ မြေသြဇာအရောင်းဆိုင်(၈)ဆိုင်နှင့် မတ္တရာမြို့နယ်ရှိ မြေသြဇာ အရောင်းဆိုင် (၆)ဆိုင်အားလည်းကောင်း ၊ (၆-၁-၂၀၂၃)ရက်နေ့တွင် မြစ်သားမြို့နယ်ရှိ မြေသြဇာအရောင်းဆိုင် (၆)ဆိုင်အား လည်းကောင်း ၊ (၉-၁-၂၀၂၃)ရက်နေ့တွင် စဉ့်ကိုင်မြို့နယ်ရှိ မြေသြဇာအရောင်းဆိုင် (၄)ဆိုင်နှင့်တံတားဦးမြို့နယ်ရှိ မြေသြဇာအရောင်းဆိုင်(၂)ဆိုင်အား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)

ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေး

ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဆောင်သော စစ်ဆေးရေးအရာရှိများသည် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၁၁-၁-၂၀၂၃)ရက်နေ့တွင် ကျောက်ဆည်မြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်များအတွင်းရှိ ဆေးဆိုင်များအား စျေးကွက် စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည် ။ ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးက New Magnate Co.,Ltdမှဆေးဝါးတစ်မျိုးဖြစ်သော Diclon-M Tablet(Diclofenac Sodium 50mg, Paracetamol 500 g)ကို ဆေးဝါးမှတ်ပုံတင်၍ တရားဝင်ဖြန့်ဖြူးရောင်းချလျက်ရှိပါကြောင်းနှင့် အဆိုပါ Diclon-M ပုံစံတူဆေးဝါးများကို မှတ်ပုံတင်ထားခြင်းမရှိဘဲ တရားမဝင် တင်သွင်းပြီးစျေးကွက်ထဲတွင် ရောင်းချလျက်ရှိနေကြောင်း တွေ့ရှိရသဖြင့် တားမြစ်ပေးပါရန်တင်ပြလာမှုအရ မိမိတို့အဖွဲ့အနေဖြင့် လာရောက်ခြင်းဖြစ်ကြောင်း ၊ ဆေးဆိုင်များအနေဖြင့် တရားဝင် မှတ်ပုံတင်ထားသော အိမ်သုံးဆေးဝါးများကိုသာ ရောင်းချရန်လိုကြောင်း ပြောကြားခဲ့ပြီး ဆေးဝါးအရောင်းဆိုင်များ၌ မှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင် Diclon-M ပုံစံတူဆေးဝါးများ ရောင်းချနေမှုရှိ/မရှိ စျေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လူမှုဝန်ထမ်းဦးစီးဌာန၊ နားမကြားသောကလေးများကျောင်းသို့ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီး ဌာန၊ နားမကြားသောကလေးများကျောင်း၊ ထိခိုက်လွယ်သည့် စားသုံးသူအုပ်စုတွင် ပါဝင်သော စားသုံးသူများသို့ (၁၁.၁.၂၀၂၃) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ ဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောရာ၌ ဦးစီးအရာရှိ ဒေါ်မေသက်ထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဦးစီးမှူး ဦးတင်ချစ်ကောင်းမှ ဟောပြောရာ ၌ စားသုံးသူများတွင် စားသုံးသူအခွင့်အရေး(၈)ချက်ရှိပါကြောင်း၊ စားသုံးသူအခွင့်အရေး(၈)ချက် အား Power Point ဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားရာတွင် ကျောင်းသား/ကျောင်းသူများ နားလည်လွယ်စေမည့် ဥပမာများဖြင့် ဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူများအနေဖြင့် မုန့်များ၊ အချိုရည်များ ဝယ်ယူစားသောက်ရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ပါရှိမှသာ ဝယ်ယူစားသောက်သင့်ပါကြောင်း၊ အထူးသဖြင့် သက်တမ်းကုန်ဆုံးရက်စွဲများ ကြည့်ရှု၍ ဝယ်ယူ စားသောက်သင့်ပါကြောင်း၊ စားသုံးသူများတွင် အခွင့်အရေးများရှိသလို တာဝန်များလည်း ရှိပါကြောင်း၊ စားသုံးသူ၏ တာဝန်များကိုလည်း လိုက်နာရမည်ဖြစ်ပါကြောင်း၊ စားသောက်မှုကြောင့် ဖြစ်စေ၊ သုံးစွဲမှုကြောင့်ဖြစ်စေ နစ်နာဆုံးရှုံးမှုများ ရှိပါက စားသုံးသူရေးရာ ဦးစီးဌာနသို့ တိုင်ကြားနိုင်ပါကြောင်း၊ ဟောပြောမှုများအား လူမှုဝန်ထမ်းဦးစီးဌာန၊ နားမကြား သောကလေးများကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာဆွေမှ လက်သင်္ကေတဖြင့် ကျောင်းသား/ကျောင်းသူများအား ပြန်လည်ရှင်းလင်းရာတွင် ကျောင်းသား/ကျောင်းသူများမှ သိရှိလိုသည်များ မေးမြန်းခဲ့ရာ ဌာန တာဝန်ရှိသူများမှ ဖြေကြားခဲ့ပါသည်။ လူမှုဝန်ထမ်းဦးစီးဌာန၊ နားမကြားသောကလေးများကျောင်း ဆရာ/ဆရာမများက ကျေးဇူးတင်ရှိပါကြောင်း ပြောကြား ခဲ့ပြီး ကျောင်းသား/ကျောင်းသူများမှ လာရောက်ဟောပြောပေးပါသဖြင့် ကျေးဇူးတင်ရှိပါကြောင်း လက်သင်္ကေတဖြင့် ပြသခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာနမှ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြပြီး (၁၁:၃၀) နာရီအချိန်တွင် ဟောပြောပွဲပြီးမြောက်ခဲ့ပါသည်။
DOCA(မန္တလေး)

ကျိုက်မရောမြို့ပေါ်ရှိ ဓာတ်မြေဩဇာအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံသည် ၃.၁.၂၀၂၃ ရက်နေ့တွင် မိတ်ဖက်ဌာနဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျိုက်မရောမြို့ ဓာတ်မြေဩဇာရောင်းချသည့် အရောင်းဆိုင်များအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးနှုန်းသက်သာသော အရည်အသွေးနိမ့် ဓာတ်မြေဩဇာများကို ထိုင်းနိုင်ငံထုတ် အိုင်ပီစီမြင်းပျံဓာတ်မြေဩဇာအတုများ ပြုလုပ်ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ ထိုင်းနိုင်ငံထုတ် အိုင်ပီစီမြင်းပျံဓာတ်မြေဩဇာများ တုပရောင်းချခြင်းမရှိကြောင်း သိရှိရပါသည်။
ထို့နောက် ဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ ကုန်အညွှန်း အမှတ်အသားဖော်ပြချက်များနှင့် စပ်လျဉ်း၍ အသေးစိတ်ဖော်ပြ ပါရှိသော လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှလည်း ဓာတ်မြေဩဇာနှင့်ပတ်သက်သည့် အမိန့်၊ ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မွန်)

စားအုန်းဆီများအား ဈေးကွက်အတွင်း လက်လီ/လက်ကားဖြန့်ဖြူးရောင်းချခြင်းအား ကြပ်မတ်ဆောင်ရွက်

မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၁၀.၁.၂၀၂၃ ရက်နေ့တွင် မော်လမြိုင်မြို့နယ် ဒေါင်းဇရပ်၊ ဖက်ခင်းရပ်ကွက်၊ ရွှေပြည်အေးရပ်ကွက်တို့တွင်လည်းကောင်း၊ ၁၁.၁.၂၀၂၃ ရက်နေ့တွင် မော်လမြိုင်မြို့၊ မင်းရွာ၊ လမုတန်းရပ်ကွက်၊ စမ်းကြီးရပ်ကွက်တို့တွင် လည်းကောင်း၊ ၁၂.၁.၂၀၂၃ ရက်နေ့တွင် မော်လမြိုင်မြို့၊ ကွင်းရပ်ကွက်၊ မြေနီကုန်းရပ်ကွက်၊ ငန်းတေးရပ်ကွက်တို့တွင်လည်းကောင်း ကုမ္ပဏီမှ ဖြန့်ဖြူးရောင်းချသည့် စားအုန်းဆီများအား ဈေးကွက်အတွင်း လက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချခြင်းကို ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဆောင်ရွက်ရာတွင် စားအုန်းဆီတင်သွင်းသည့် ကုမ္ပဏီများမှ လက်ကားကုန်သည်များသို့ ဖြန့်ဖြူးထုတ်ပေးခဲ့သည့် စားအုန်းဆီများကို ရန်ကုန်အထိုင်ဈေး ရည်ညွှန်းလက်ကား ဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များထပ်ပေါင်း၍ ၂ ရာခိုင်နှုန်း အမြတ်ထက် မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချရမည်ဖြစ်ရာ လက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းများဖြင့် ရောင်းချစေရေး ၊ ဈေးနှုန်း အဆမတန်မြှင့်တင်ရောင်းချခြင်း မရှိစေရေးတို့အတွက် ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)

ဘီလင်းမြို့ ကန်သာယာရပ်ကွက်(၈)ရှိ (မိဘအရိပ်) မုန့်တီစက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

ဘီလင်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာန မှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၁၁.၁.၂၀၂၃) ရက်နေ့တွင် ဘီလင်းမြို့ ကန်သာယာရပ်ကွက်(၈)ရှိ (မိဘအရိပ်) မုန့်တီစက်သို့ သွားရောက်၍ စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ် သုံးစွဲရာတွင် ဘေးဥပါဒ်အန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်နှင့်ဝတ္တရားများကို လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့ဆွေးနွေးရာတွင် မုန့်တီလုပ်ငန်းရှင်၏ တစ်ရက်တာထုတ်လုပ်မှု၊ မြို့နယ်တွင်း ဖြန့်ဖြူးရောင်းချမှု ၊ ဓါတုဆေးဝါးကင်းရှင်းစေရန်နှင့် ပတ်ဝန်းကျင်အားထိခိုက်စေနိုင်သည့် ရေဆိုးရေညစ်အနံ့များအား စနစ်တကျ စွန့်ပစ်စေနိုင်ရေးအတွက် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မွန်)

ရာဘာခြံပိုင်ရှင်နှင့် တွေ့ဆုံခြင်း

ရာဘာခြံလုပ်ငန်းကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္ဿာရီတိုင်းဒေသကြီးများ၌ ပိုမိုကျယ်ပြန့်စွာလုပ်ကိုင်ကြသည်။ ရာဘာပင်သည် နှစ်ရှည်အပင်ဖြစ်သည်။ ရာဘာပင်စိုက်ပျိုး လျက်ရှိသည့်လုပ်ငန်းရှင်များအနက် ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၉ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့ နယ်ရှိ ဦးအောင်မြင့် ရာဘာခြံသို့ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ သွားရောက်လေ့လာမှတ်တမ်းယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ လေ့လာရာတွင် ဦးအောင်မြင့်က ရာဘာစိုက်ပျိုးသိုလှောင်ထားသည့် ခြံနေရာများသို့ ကွင်းဆင်းပြသခြင်း၊ ရာဘာထွက်ရှိမှုနှင့်အကျိုးအမြတ်ရရှိမှု၊ လက်ရှိရာဘာဈေးကွက် ဈေးနှုန်း အတက်အကျဖြစ်ပေါ်နေမှု၊ လက်ရှိစိုက်ပျိုးထားသည့်မျိုးနှင့်အထွက်နှုန်းတို့အား ဆွေးနွေးပြီး နောက် စားသုံးသူရေးရာဦးစီးဌာနသထုံခရိုင်မှူး ဦးထွန်းအောင်ဖြူမှ ဒေသတွင်း စီးပွားရေးများ ထောက်ပံ့အားပေးနေမှု၊ ပြည်တွင်းကုန်သွယ်မှုဖွံဖြိုးရေးနှင့်အကျိုးရှိသည့် အကြောင်းအရာများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့်လည်း နိုင်ငံ့စီးပွားရေးတိုးမြှင့်ရေး ဖော်ဆောင်ပေးကူညီ ဆောင်ရွက်နေမှုအခြေအနေတို့အား ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
DOCA(မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ