သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မုဒုံမြို့တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်

      မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပြီး ၂၀၂၃ခုနှစ်၊ မတ်လ (၂၀) ရက် နံနက် (၁၁း၀၀) နာရီအချိန်က ကမ္ဘာ့စားသုံးသူအခွင့်အရေးများအကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

     ဆွေးနွေးပွဲတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက အသိပညာပေး Talk Show အစီအစဥ်ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးစည်သူက ကမ္ဘာ့ စားသုံးသူအခွင့်အရေးများနေ့ပေါ်ပေါက်လာပုံ၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အခမ်းအနား ကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်၊ အာဆီယံနိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းထားမှုနှင့် အပြည်ပြည်ဆိုင်ရာစားသုံးသူများအဖွဲ့ (Consumer International) က ထုတ်ပြန်သည့်ဆောင်ပုဒ်များ စသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ပါသည်။

DOCA(မွန်)

 

 

ကျိုက်ထိုခရိုင်ဦးစီးမှူးနှင့် ကျိုက်ထိုမြို့နယ်တာဝန်ခံတို့ လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး

     (၂၁-၃-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့သည် ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ လက်ပြကျေးရွာရှိ ရွှေနဂါးယိုမျိုးစုံထုတ်လုပ်သည့် လုပ်ငန်းသို့သွားရောက်၍ ယိုလုပ်ငန်းရှင် ဒေါ်မေဦးမွန်အား တွေ့ဆုံခဲ့ပါသည်။

    ထိုသို့တွေ့ဆုံရာတွင် ခရိုင်ဦးစီးမှူးက ဆိုးဆေးများအား သတ်မှတ်အချိုးအတိုင်း မှန်ကန်စွာသုံးစွဲရန်၊ ယိုမျိုးစုံပြုလုပ်ရာတွင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး အလေးထားဆောင်ရွက်ရန်၊ ထုပ်ပိုးမှုစနစ်များလုံခြုံစွာ​ဆောင်ရွက်ရန်၊ ကုန်အမှတ်တံဆိပ်နှင့်ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာ​ဖော်ပြရန်၊ သက်တမ်းလွန်အစားအ​သောက်များ​ကို ရောင်းချခြင်းမပြုရန်၊ အရည်း​​သွေးပြည့်မီပြီး သန့်ရှင်း​ကောင်းမွန်​သောကုန်ကြမ်းများဖြင့် ကျန်းမာ​ရေးနှင်ညီညွတ်စွာထုပ်လုပ်​ရောင်းချကြရန်နှင့် စားသုံးသူကာကွယ်​ရေးဥပ​ဒေ ၂၀၁၉ ပါ လမ်းညွန်ချက်များနှင့်အညီ လိုက်နာ​ဆောင်ရွက်ကြရန် အသိပညာ​ပေး​ဆွေး​နွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

 

“ကမ္ဘာ့စားသုံးသူအခွင့် အရေးများနေ့” အထိမ်းအမှတ်ပြုလုပ်ခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်ကြားချက်အရ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ၁၅-၃-၂၀၂၃  ရက်နေ့ “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” အထိမ်းအမှတ်အဖြစ် ဗွီနိုင်းပိုစတာများ စိုက်ထူခြင်း ဆောင်ရွက်ခဲ့ကြပါသည်။

          ၂၀၂၃ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် စားသုံးသူများ၏အခွင့်အရေးနှင့်တာဝန်များ၊ အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ အသိပညာပေးမှုများ ၊ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများပါရှိသော လက်ကမ်းစာစောင်များနှင့်ဗွီနိုင်းပိုစတာများကို ခရိုင်အတွင်းရှိ ဈေး (၁၃) ဈေးအပါအဝင် ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များ၊ မော်တော်ကားမှတ်တိုင်များတွင် စားသုံးသူအသိပညာပေးနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ဗွီနိုင်းများစိုက်ထူခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

ချင်းပြည်နယ်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့တွင် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်း စေရေးအတွက် ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးမှုဆောင်ရွက်

     စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တီးတိန်ခရိုင်တာဝန်ခံ  ဦးပြောင်ဒါးလ် (အကြီးတန်းစာရေး)သည် ဆက်စပ်ဌာနများဖြစ်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးနှင့် မြို့စည်ပင်သာရေးအဖွဲ့တို့နှင့်ပူးပေါင်းပြီး ၂၀၂၃ခုနှစ်၊ မတ်လ ၂ရက်နေ့၊ နေ့လယ် (၀၁:၃၀) နာရီအချိန်တွင် ချင်းပြည်နယ်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့ပေါ်ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးမှုဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် အများပြည်သူအပေါ်  ဘေးအန္တရာယ်ဖြစ်စေနိုင်သော စားသုံးကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ ဈေးကွက်အတွင်း ရှိ/မရှိ၊ တရားမဝင်ကုန်ပစ္စည်းများအဖြစ် သက်ဆိုင်ရာဌာနကသတ်မှတ်ထားသည့် ကုန်ပစ္စည်းများ ဈေးကွက်အတွင်း ဝင်ရောက်လာမှုရှိ/မရှိနှင့် စားသုံးရန်မသင့်သည့် သက်တမ်းလွန်စားသုံးကုန်ပစ္စည်းများ ရှိ/မရှိ စသည့်တို့ကို ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက ယခုဈေးကွက်အတွင်း ကွင်းဆင်းစစ်ခြင်းဆောင်ရွက်နေခြင်းသည် စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို ကာကွယ်မြှင့်တင်နိုင်ရန်အတွက် လုပ်ဆောင်ရခြင်းဖြစ်၍ မည်သည့်ကုန်ပစ္စည်းမျိုးမဆို ဝယ်ယူတင်သွင်းဖြန့်ဖြူးရောင်းချသူများအနေဖြင့် စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ချင်း)

 

 

ဆန်စက်လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်)သည် (၂၁-၃-၂၀၂၃) ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ လယ်မှီးကျေးရွာမှ ဆန်စက်လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခဲ့ပါ သည်။

     ထိုသို့ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပါ ပြဋ္ဌာန်းချက်များအရ စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်းကိုဖြစ်စေ၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုလိုကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်ပတ်သက်၍ အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သောသတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူကိုခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ ကုန်သွယ်မှုပြုရန်နှင့် ထုတ်လုပ်မှုပြုရန်အလို့ငှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက သတ်မှတ်ထားသည့် အရည်အသွေးစံသတ်မှတ်ချက်များအပေါ်အခြေခံ၍ အာမခံချက်ပေးခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပွားစေမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းကို ရှောင်ကြဉ်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်ပတ်သက်၍ ကတိပြုထားသောအာမခံချက်နှင့်ကိုက်ညီမှုမရှိပါက ကတိပြုထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်ပတ်သက်၍ အာမခံထားသောအချိန်ကာလအတွင်း ပြီးမြောက်အောင်ဆောင်ရွက်ပေးခြင်း၊ စားသုံးသူနှင့်သဘောတူညီထားသည့် ဝန်ဆောင်မှုတန်ဖိုးအတိုင်း ပေးအပ်စေခြင်း စသည့်အချက်များရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

 

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် (၂၁-၃-၂၀၂၃) ရက်နေ့တွင် မိုးညှင်းမြို့၊ အုတ်ကျင်းရပ်ကွက်ရှိ လက်လီလက်ကားဖြန့်ဖြူးရောင်းချသော ကုန်စုံဆိုင်အား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါပြဋ္ဌာန်းချက်များနှင့်ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

      ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် Calsome (အသင့်ဖျော်ကွေကာ)အမှတ်တံဆိပ်ပါ အသင့်ဖျော်ကွေကာတွင် ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့်သိသာထင်ရှားစွာဖော်ပြရမည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏနှင့်သုံးစွဲပုံနည်းလမ်းများဖော်ပြထားရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့်လည်း ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်ကိုက်ညီမှုရှိသည့် ကုန်စည်များကိုသာ ဈေးကွက်တွင် ဖြန့်ဖြူးရောင်းချရန် ဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

ကုန်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့၊ မြို့နယ်တာဝန်ခံသည် မြို့နယ်စည်ပင်သာယာဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၆-၃-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် မြို့ပေါ်ရပ်ကွက်ရှိ စတိုးဆိုင်များနှင့် အိမ်ဆိုင်များတွင်ရောင်းချနေသော ကုန်စည်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုရှိ/မရှိနှင့် ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်မှု ရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီးနောက် တရားမဝင်ကုန်စည်များအား တင်သွင်းရောင်းချခြင်းမပြုရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  လုံခြုံစိတ်ချရမှုရှိသောကုန်စည်များကိုသာ ဈေးကွက်အတွင်းရောင်းချရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေး ဆောင်ရွက်ရန်နှင့် သတ်မှတ်အရည်အသွေးပြည့်မီသောကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကာ ကုန်မျိုးစုံအရောင်းဆိုင်(၃)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

မြန်အောင်မြို့၊ မြို့ပေါ်ရပ်ကွက်ရှိ မော်တော်ဆိုင်ကယ်အရောင်းဆိုင်များအား ကွင်းဆင်းလေ့လာခြင်း

     ၂၀၂၃ခုနှစ်၊ မတ်လ (၁၆) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့မှ ဒု-ခရိုင်ဦးစီးမှူးသည် အထွေထွေအုပ်ချုပ်ရေးစီးဌာန၊ အကောက်အခွန်ဦးစီးဌာန၊ စည်ပင်သာယာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်ရှိ မော်တော်ဆိုင်ကယ်အရောင်းဆိုင်များအား ညွှန်ကြားချက်များ လိုက်နာဆောင်ရွက်မှုရှိ/မရှိ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များအားစားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မော်တော်ဆိုင်ကယ်အရောင်းပြခန်း (Show Room) တွင် ရောင်းချရန် မော်တော်ဆိုင်ကယ်တင်သွင်းရာ၌ လိုက်နာရမည့်စည်းကမ်းချက်များ၊ အစပျိုးစမ်းသပ်ကာလ (Pilot Project) အတွင်းပြည်ပမှ လျှပ်စစ်သုံးယာဉ်တင်သွင်းခြင်းဆိုင်ရာ လိုက်နာရမည့်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီးနောက် တရားမဝင်ကုန်စည်များကို တင်သွင်းရောင်းချခြင်းမပြုရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေး ဆောင်ရွက်ရန် သတ်မှတ်အရည်အသွေးပြည့်မီသောကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် တားမြစ်ချက်များကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ မော်တော်ဆိုင်ကယ်အရောင်းဆိုင်(၃) ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

လေးမျက်နှာမြို့ “ထွန်းသစ်စ”စက်သုံးဆီဆိုင်သို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့၊ မြို့နယ်တာဝန်ခံသည် ၂၀၂၃ခုနှစ်၊ မတ်လ (၁၆) ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ လေးမျက်နှာ-ငါးသိုင်းချောင်းကားလမ်းဘေး၊ အိုင်သပြုကားဂိတ်ရှိ “ထွန်းသစ်စ” စက်သုံးဆီအရောင်းဆိုင်သို့ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချမှုရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းခဲ့ရာတွင် စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချမှုအခြေအနေ၊ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ (PPRD) စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက  နေ့စဉ်သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှု ရှိ/မရှိနှင့် အချိန်အတွယ်နှင့်အလေးချိန်မှန်ကန်မှုရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီးနောက် သတ်မှတ်စံချိန်စံညွှန်းနှင့်ပြည်မီရေး၊ လုပ်ငန်းရှင်များအနေဖြင့် တရားမဝင်စက်ဆီ/ချောဆီများ တင်သွင်းရောင်းချခြင်းမပြုရန်၊  ထုတ်ပြန်ထားသောညွှန်ကြား ချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်းကို သိရှိနားလည်စေရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

ဟင်္သာတမြို့ရှိ ပဲပြား၊ မုန့်ဖက်နှင့် မျှစ်အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် FDA ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနပူးပေါင်းအဖွဲ့သည် (၁၇-၃-၂၀၂၃) ရက်နေ့၊ နံနက် (၀၇:၃၀) နာရီအချိန်တွင် ဗူးဘုရားဈေးအတွင်းရှိ ပဲပြား၊ မုန့်ဖက်နှင့် မျှစ်အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းခဲ့ရာတွင် ပူးပေါင်းအဖွဲ့သည် စားသုံးသူမိဘပြည်သူများကို ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်စည်များဖြစ်သည့် ပဲပြား၊ မုန့်ဖက်နှင့် မျှစ်များတွင် တားမြစ်ဆေးဝါးများသုံးစွဲခြင်းရှိ/မရှိတို့ကို နမူနာကောက်ယူစစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံ ဦးမိုးကျော်က စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့်တားမြစ်ချက်များကို သိရှိနားလည်စေရန် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရန် သတ်မှတ်အရည်အသွေးနှင့်ပြည့်မီသော ကုန်စည်များကိုသာရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ကာ ကုန်မျိုးစုံအရောင်းဆိုင်(၆) ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ