ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြောင်းသီးနှံဆိုင်ရာ အပတ်စဉ် ဈေးကွက်၊ ဈေးနှုန်း သုံးသပ်တင်ပြချက်

          စိုက်ပျိုးထွက်ရှိမှုအခြေအနေ

          စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ စာရင်းအရ 2019ခုနှစ်၊ မိုးအစေ့ထုတ် ပြောင်း စိုက်ဧက(၁၁၀၉၉၃၁)စိုက်ပျိုးခဲ့ပြီး ရိတ်ဧက (၁၁၀၀၂၄၇)၊ အထွက်နှုန်း (၆၂.၅၄)တင်း ဖြစ်သည့် အတွက် အထွက်တင်း (၆၈၈၀၈၄၃၅)တင်း ဖြစ်ပါ သည်။ ဆောင်းအစေ့ထုတ်ပြောင်း စိုက်ဧက(174111) စိုက်ပျိုးခဲ့ပြီး ရိတ်ဧက  (173883)၊ အထွက်နှုန်း (69.30)တင်း ဖြစ်သည့်အတွက် အထွက်တင်း (12050873)တင်း ထွက်ရှိခဲ့ပါသည်။ 2020 ခုနှစ်တွင် မိုးအစေ့ထုတ် ပြောင်းစိုက်ဧက (1191937) စိုက်ပျိုးခဲ့ပြီး ရိတ်ဧက (1142220)၊ အထွက်နှုန်း (61.50) တင်း ဖြစ်သည့်အတွက် အထွက်တင်း (70251164)တင်း ထွက်ရှိခဲ့သဖြင့် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက စိုက်ဧက(8200၆) ပိုမိုစိုက်ပျိုးခဲ့ပြီး အထွက်တင်း(1442729) ပိုမိုထွက်ရှိခဲ့ပါသည်။ ဆောင်းအစေ့ထုတ် ပြောင်း ရည်မှန်းစိုက်ဧက (183854) စိုက်ပျိုးမည်ဖြစ်ပြီး ယခုအချိန်ထိ (148629)ဧက စိုက်ပျိုး ပြီးစီးပြီးဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

ဈေးနှုန်း၊ ဈေးကွက်အခြေအနေ

          အစေ့ထုတ်ပြောင်း အဓိကစိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချနေသည့် မြို့ကြီးများ၏ (8.1.2021)နေ့တွင် ဖြစ်ပေါ် နေသော ပြောင်းတစ်တန်စျေးနှုန်းမှာ -

  • ရန်ကုန် ( /-)
  • မန္တလေး (25530ဝိ/-) ကျပ်
  • တောင်ကြီး (22350ဝိ/-) ကျပ်
  • လားရှိုူး (22040ဝိ/-) ကျပ်

ပြည်ပတင်ပို့မှုအခြေအနေ

          2020-2021 ဘဏ္ဍာနှစ် (1.10.2020 မှ ၂၅.12.2020) ရက်နေ့ထိ နိုင်ငံပေါင်း (7)နိုင်ငံသို့ ပြောင်း တန်ချိန် (၁၆၉၈၃၅.၀၅၀) တန်၊ တန်ဖိုး (၃၁.၆၀၃) USD သန်း တင်ပို့ခဲ့ပြီး၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့ အများဆုံးတင်ပို့နေရကြောင်း သိရှိရပါသည်။ ယခင်နှစ်အလားတူကာလတွင် ပြောင်း တန်ချိန် (၁၇၅၁၃၃.၄၇၆)တန်၊ တန်ဖိုးအားဖြင့် (၂၉.၆၇၁)သန်း တင်ပို့ခဲ့သဖြင့် ယခင်နှစ်ထက် တန်ချိန် (၅၂၉၈.၄၂၆)တန်၊ တန်ဖိုး(၁.၉၃၂) USD သန်း လျော့နည်းနေကြောင်း တွေ့ရှိရပါသည်။

သုံးသပ်ချက်

           2020-2021ခုနှစ်တွင် ပြည်တွင်းပြောင်းအထွက်နှုန်း ပိုမိုလာနိုင်သည်ဟု ခန့်မှန်းထားသော်လည်း ရာသီဥတုအခြေအနေနှင့် ပိုးဖျက်ဆီးခံရခြင်းများကြောင့် 10 ရာခိုင်နှုန်းမှ 15 ရာခိုင်နှုန်းကြား အထွက် လျော့ကျ သွားနိုင်ပါကြောင်း၊ 2021  ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင်လည်း ထိုင်းနိုင်ငံသို့ အခွန်ကင်း လွတ်ခွင့်နှင့် ပြောင်းများတင်ပို့ရာတွင် ပြည်တွင်း၌ ပြောင်းထွက်ရှိမှု၊ စားသုံးမှုအပေါ် မူတည်၍ တင်ပို့ သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်များအသင်းမှ သိရှိရပါသည်။

 

ပြည်တွင်းငါးစားသုံးမှု ဖွံ့ဖြိုးတိုးတက်ရေးဆီသို့…

        ငါးသည် မြန်မာလူမျိုးတို့၏ နေ့စဉ်စားသောက်မှုတွင် အရေးပါအစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေ ပေသည်။ မြန်မာလူမျိုး အိမ်ထောင်စုများသည် ရေငန်ငါးများထက် ရေချိုငါးများကို ပိုမိုကြိုက်နှစ်သက် လေ့ရှိကြပါသည်။ မြန်မာနိုင်ငံတွင် မြစ်ချောင်းအင်းအိုင်များ ပေါများသည့်အားလျော်စွာ ထုတ်လုပ်ရရှိ သော ငါးများကို ပြည်တွင်းစားသုံးမှုအတွက် ဖြည့်တင်းလျှက်ရှိသည့်အပြင် ပြည်ပတင်ပို့မှုအတွက်ပါ အထောက်အကူပြုလျှက်ရှိပါသည်။ ငါးသည် အဆီနည်းပြီး ပရိုတင်းဓာတ်ကြွယ်ဝသော အသားတစ်မျိုး ဖြစ်သောကြောင့် ပြည်သူလူထု၏ စားနပ်ရိက္ခာနှင့် အာဟာရဖူလုံရေးအတွက် အကျိုးပြုပါသည်။ အသား မှရရှိသော အခြားပရိုတင်းဓာတ်ကြွယ်ဝသည့် အစားအစာများ၊ အသားတို့နှင့်နှိုင်းယှည်ပါက ငါးသည် ဈေးသက်သာသောကြောင့် လူအများ ဝယ်ယူစားသုံးနိုင်သည့် စားသောက်ကုန်အမယ်တစ်ခုလည်း ဖြစ်ပါ သည်။

ပြည်တွင်းငါးထုတ်လုပ်မှုနှင့် စားသုံးမှု

          မြန်မာနိုင်ငံတွင် ငါးနှင့် ရေထွက်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်းများကို တနင်္သာရီတိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အများဆုံးလုပ်ကိုင်လျှက်ရှိကြပြီး ပင်လယ်ငါးဖမ်းလုပ်ငန်းနှင့် ကုန်း တွင်းရေချိုငါးလုပ်ငန်းဟူ၍ လုပ်ကိုင်ဆောင်ရွက်လျှက် ရှိကြပေသည်။ FAO ၏ စာရင်းများအရ မြန်မာ နိုင်ငံ၏ ငါးထုတ်လုပ်နိုင်မှုမှာ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် မက်ထရစ်တန်ချိန် (၃) သန်း၊ ၂၀၁၇-၂၀၁၈ ခုနှစ် မက်ထရစ်တန်ချိန် (၅.၈၇) သန်းနှင့် ၂၀၁၈-၂၀၁၉ ခုနှစ်တွင် မက်ထရစ်တန်ချိန် (၃.၅၄) သန်း ဖြစ် ကြောင်း သိရှိရပါသည်။ FAO ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ငါးမွေးမြူ ထုတ် လုပ်သည့်နိုင်ငံများတွင် အဆင့် (၈) နေရာ၌ ရပ်တည်လျှက်ရှိပြီး ငါးလုပ်ငန်းကဏ္ဍမှ မြန်မာနိုင်ငံဂျီဒီပီ၏ (၂) ရာခိုင်နှုန်းကို ထောက်အကူပြုလျှက်ရှိကြောင်း သိရှိရပါသည်။ FAO အဖွဲ့၏ ၂၀၁၇ ခုနှစ် နိုင်ငံ အလိုက် ငါးနှင့်ပင်လယ်စာသုံးမှုနှုန်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ လူတစ်ဦး တစ်နှစ်ပျမ်းမျှ စားသုံး မှုနှုန်းမှာ (၄၇.၃၂) ကီလိုဂရမ်ရှိပြီး ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့က အများဆုံး စားသုံး ကြကာ ချင်းပြည်နယ်က စားသုံးမှုအနည်းဆုံးဖြစ်ကြောင်း သိရှိရပေသည်။ အာဆီယံနိုင်ငံများတွင် မြန်မာနိုင်ငံက ဒုတိယစားသုံးမှုအများဆုံးနိုင်ငံဖြစ်ကြောင်း တွေ့ရှိရပါသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ ငါးနှင့် ပင်လယ်စာစားသုံးမှုနှုန်းမှာလည်း အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ လာအို၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ စားသုံးမှုနှုန်းထက် ပိုမိုမြင့်မားလျှက်ရှိသည်ကို တွေ့ရှိရပေသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ ငါးထုတ်လုပ်မှုနှင့် စားသုံးမှုနှုန်းသည် မြင့်မားပြီး ငါးလုပ်ငန်းကဏ္ဍအတွက် အလားအလာ ကောင်းများစွာရှိနေပေသည်။ အာဆီယံနိုင်ငံများ၏ ငါးနှင့်ပင်လယ်စာ စားသုံးမှုနှုန်းအား တစ်ဖက်ပါ အတိုင်း ဖော်ပြအပ်ပါသည်-

ပြည်ပတင်ပို့မှုအခြေအနေ

          ငါးလုပ်ငန်းကဏ္ဍသည် မြန်မာနိုင်ငံ၏စီးပွားရေးကို အထောက်အကူပြုသည့်ကဏ္ဍအဖြစ် ရပ် တည်လျှက်ရှိပြီး စုစုပေါင်း ဂျီဒီပီ၏ (၂) ရာခိုင်နှုန်းကို အထောက်အကူပြုလျှက်ရှိကြောင်း သိရှိရပါသည်။ ထို့ပြင် ငါးကဏ္ဍသည် မြန်မာနိုင်ငံ အသားစားသုံးမှု၏ (၅၀) ရာခိုင်နှုန်းကို အထောက်အပံ့ပေးသည့် အပြင် အလုပ်အကိုင်ပံ့ပိုးနိုင်မှုတွင်လည်း ၆ ရာခိုင်နှုန်းရှိပါသည်။ အချို့သော ကမ်းရိုးတမ်းဒေသများတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘဏ္ဍာငွေရရှိမှု၏ (၃၄) ရာခိုင်နှုန်းမှ (၅၆) ရာခိုင်နှုန်းအထိ အထောက်အကူ ပြုကြောင်း စစ်တမ်းများအရ သိရှိရပေသည်။ မြန်မာနိုင်ငံ၏ ပြည်ပသို့ ငါးတင်ပို့မှုတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၌ တန်ချိန် (၄၁၃၀၄၂.၉၆) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၃၉၁.၆၀၁) သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တန်ချိန် (၃၈၇၁၄၀.၁၅) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၃၈၀.၈၄၅) သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တန်ချိန် (၄၃၇၆၉၆.၂၂) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၄၆၈.၇၅) သန်း အသီး သီး တင်ပို့ခဲ့ပါသည်။ လက်ရှိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ငါးပြည်ပတင်ပို့မှုအနေဖြင့် (၂၅-၁၂-၂၀၂၀) ရက် နေ့အထိ တင်ပို့မှုမှာ တန်ချိန် (၁၁၅၅၀၈.၃၁၁) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၂၈.၃၆၃) သန်း တင်ပို့ခဲ့ပြီး ယခင်နှစ် ကာလတူနှိုင်းယှဉ်ပါက တန်ချိန် (၁၄၉၃၄.၅၉) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၄.၃၅၇) သန်း လျော့နည်းခဲ့သည်ကိုတွေ့ရှိရပေသည်။ မြန်မာနိုင်ငံ၏ နှစ်စဉ်ပြည်ပငါးတင်ပို့မှုမှာ စုစုပေါင်းငါးထုတ်လုပ်မှု၏ ပျမ်းမျှ ၁၀ % ကိုသာ တင်ပို့နိုင်ခဲ့ပြီး ထိုင်း၊ တရုတ်၊ ဂျပန်၊ စင်္ကာပူနှင့် အာရပ်နိုင်ငံများသို့ တင်ပို့လျှက်ရှိကြောင်း သိရှိရပေသည်။

ငါးလုပ်ငန်းကဏ္ဍ၏ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများ

          ယခုအခါ ကမ္ဘာအနှံ့ဖြစ်ပွားလျှက်ရှိသော ကိုဗစ်-၁၉ ကပ်ရောဂါ၏ ရိုက်ခတ်မှုကြောင့် နိုင်ငံ အသီး သီးတွင် စီးပွားရေးလုပ်ငန်းများ ထိခိုက်ခဲ့ကြရပြီး မြန်မာနိုင်ငံတွင်လည်း ကဏ္ဍအသီးသီး၌ ထိခိုက်နစ် နာမှုများ ဖြစ်ပေါ်ခဲ့ရပေသည်။ ၎င်းတို့တွင် ငါးလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုများသည် ပြည်တွင်းဒေသအနှံ့အပြားတွင် ဖြစ်ပေါ်ခဲ့သဖြင့် သွားလာကန့်သတ် မှုများပြုလုပ်ခဲ့ရသောကြောင့် သယ်ယူပို့ဆောင်ရေးနှင့် ကုန်သွယ်ရောင်းဝယ်မှုများတွင် အခက်အခဲများ ဖြစ်ပေါ်ခဲ့ရပါသည်။ ထို့ပြင် ဒေသတွင်းကူးစက်မှုများအဖြစ် ဧရာဝတီတိုင်းဒေသကြီးရှိ ဒေသတစ်ချို့တွင် ဒေသတွင်းကူးစက်မှုများဖြစ်ပေါ်ခဲ့ခြင်း၊ ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ အဓိကငါးဈေးကြီးများတွင် ရောဂါ ပိုးကူးစက်ခဲ့၍ ငါးဈေးများ ယာယီပိတ်ခဲ့ရခြင်း စသည့် အခြေအနေများက ပြည်တွင်းငါးစားသုံးမှုကို ထိ ခိုက်စေခဲ့ပါသည်။ ပြည်ပတင်ပို့ရာတွင်လည်း တင်ပို့မည့်နိုင်ငံများအကြား ကပ်ရောဂါနှင့်ပတ်သက်၍ အပြန်အလှန် စိုးရိမ်ပူပန်မှုများရှိခြင်း၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ၌ တင်ပို့မှုအခက်အခဲများ ရှိခြင်းတို့က ပြည်ပတင်ပို့မှုကို လျော့ကျစေခဲ့ပါသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံမှ ငါးအများဆုံး တင်ပို့သည့် ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများရှိနေသဖြင့် မြန်မာ-ထိုင်းနယ်စပ်ဂိတ်များ ဖြစ်သည့် ထီးခီးနှင့် မောတောင်ဂိတ်များကို ပိတ်ထားကြောင်း သိရှိရပါသည်။ ထို့ကြောင့် ပြည်ပတင်ပို့မှု များ ဆက်လက်မလျော့ကျသွားစေရန် ရေတို၊ရေရှည်အစီအမံများ ချမှတ်ဆောင်ရွက်သွားရန်နှင့် ပြည် တွင်းငါးထုတ်လုပ်မှုကို အထောက်အပံ့ဖြစ်စေရန် ငါးစားသုံးမှုမြင့်မားလာအောင် ဆောင်ရွက်ရန် လိုအပ် လျှက်ရှိနေပါသည်။

ပြည်တွင်းငါးစားသုံးမှု တိုးတက်မြင့်မားလာဖို့ …

          ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ပြည်တွင်းငါးထုတ်လုပ်မှုကဏ္ဍအပေါ် ထိခိုက်မှုလျော့နည်း စေရန် ထိရောက်မည့်ဆောင်ရွက်မှုတစ်ခုမှာ ပြည်တွင်းငါးစားသုံးမှုတိုးတက်ခြင်းပင်ဖြစ်ပါသည်။ ထိုသို့ ငါးစားသုံးမှုတိုးတက်စေရန် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ပြည်သူများအား အသိပညာပေးခြင်း၊ ငါးစား သုံးခြင်းမှရရှိသည့် အာဟာရနှင့်ပတ်သက်၍ ဟောပြောဆွေးမှုများ ပြုလုပ်လျှက်ရှိသည်ကို တွေ့ရှိရပါ သည်။ အဆိုပါ ဆောင် ရွက်မှုများကို ဒေသအနှံ့အပြားတွင် ပြုလုပ်ဆောင်ရွက်ရန်လည်း လိုအပ်ပေသည်။ ထို့ပြင် စားသုံးမှုတိုးတက်လာစေရန်အတွက် ပြည်သူများ ဈေးသက်သာစွာဖြင့် အလွယ်တကူ ဝယ်ယူရရှိ ရေးကိုလည်း စီစဉ်ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။ သက်ဆိုင်ရာအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များက မြို့နယ်အလိုက်၊ ဒေသအလိုက် ငါးဈေးကားများစီစဉ်၍ ရောင်းချပေးခြင်း၊ နိုင်ငံတော်ရိက္ခာထောက်ပံ့မှု တွင်လည်း ငါးရိက္ခာထည့်သွင်းထောက်ပံ့ပေးခြင်းများ ဆောင်ရွက်သင့်ပါသည်။ အထူးသဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပြည်သူများသည် မိမိတို့နေအိမ်အတွင်း နေထိုင်ကြရ သဖြင့် စားသုံးသည့်အစားအသောက်များမှ အာဟာရဓာတ် မျှတစွာရရှိရေး ဂရုပြုစားသုံးကြရမည်ဖြစ် ပါသည်။ ငါးစားသုံးခြင်းဖြင့် ငါးတွင်ပါဝင်သော ပရိုတင်းနှင့် ဗီတာမင်-ဒီမှ ရောဂါပိုးများ ခုခံကာကွယ် ခြင်းနှင့် ကိုယ်ခံစွမ်းအားကောင်းမွန်ရေးအတွက် အထောက်အပံ့ဖြစ်စေနိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် ငါးလုပ်ငန်းကဏ္ဍ စဉ်ဆက်မပြက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပတင်ပို့မှုတိုးတက်ရန် ရေရှည်အစီအမံ များ ချမှတ်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ပြည်တွင်းစားသုံးမှု တိုးတက်လာစေရန်လည်း သက်ဆိုင်ရာ အစိုးရဌာနများ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် ပြည်သူများအားလုံးက တက်ညီလက်ညီ ကြိုးပမ်း ဆောင်ရွက်ရန်နှင့် ငါးစားသုံးမှုအား ဂုဏ်ယူစရာ ပြယုဂ်တစ်ခုအဖြစ် ခံယူသင့်ပါကြောင်း တိုက်တွန်းရေး သားလိုက်ရပါသည်။

ရင်းမြစ်။   (၁)  ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်လေ့လာချက် ၂၀၁၉,   (၂)   WorldFish website,   (၃) ငါးလုပ်ငန်းဦးစီးဌာန website page

 

မတ်ပဲသီးနှံဆိုင်ရာ အပတ်စဉ် ဈေးကွက်၊ ဈေးနှုန်း သုံးသပ်တင်ပြချက်

စိုက်ပျိုးထွက်ရှိမှုအခြေအနေ

          ၂၀၂၀ ခုနှစ်၊ မတ်ပဲ စိုက်ဧက အနေဖြင့်  (၂,၃၂၉,၁၆၅) စိုက်ပျိုးထားခဲ့ပြီး၊ ရိတ်သိမ်းဧက ပြီးစီးမှုအနေဖြင့် (၂,၃၂၈,၁၃၁) ထိ ရိတ်သိမ်းထားရှိခဲ့ပါကြောင်း၊ စုစုပေါင်းအထွက်တင်း (၁၇.၈၂) တင်းဖြင့် မတ်ပဲအထွက် တင်းပေါင်း (၄၁,၄၈၄,၉၁၈) တင်း ထွက်ရှိထားပြီး ဖြစ်ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စာရင်းအရ သိရှိရပါသည်။ ၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ ထုတ်ပြန်သည့် ထိုင်းနိုင်ငံ၏ စာရင်းများ အရ ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း  ကမ္ဘာ့စိုက်ပျိုးမှုသည် ၈.၅ သန်း နီးပါး စိုက်ပျိုးထားပါကြောင်း၊ အဓိက စိုက်ပျိုးသည့် နိုင်ငံ များအနေဖြင့် အရှေ့တောင်အာရှနိုင်ငံများမှ ဖြစ်ကြောင်း YES Bank ၏ ထုတ်ပြန်သည့် စာရင်းများအရ သိရှိရပါသည်။

ဈေးနှုန်း၊ ဈေးကွက်အခြေအနေ

          မတ်ပဲ အဓိက စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချနေသည့် ကုန်စည်ဒိုင်ကြီးများ၏ (၈.၁.၂၀၂၁)ရက်နေ့တွင် ဖြစ်ပေါ်နေသော မတ်ပဲ တစ်တန် ဈေးနှုန်းများမှာ-

  • (၉၇၀,၆၀ဝိ /-) ကျပ်၊
  •  (၉၇၃,၇၀ဝိ /-) ကျပ်၊
  •  (၉၇၀,၆၀ဝိ /-) ကျပ်၊
  •  (၉၇၀,၆၀ဝိ/-) ကျပ်၊
  •  (၉၄၉,၂၀ဝိ/-) ကျပ်၊

          အိန္ဒိယနိုင်ငံ မွန်ဘိုင်းဈေးနှုန်းများအနေဖြင့် အသစ်ဈေး (၉၄၉) ဒေါ်လာ၊ အဟောင်းဈေး (၉၃၉)ဒေါ်လာထိ ဈေးနှုန်းဖြစ်ပေါ် နေကြောင်း သိရှိရပါသည်။

ပြည်ပ ကုန်သွယ်မှုအခြေအနေနှင့် လက်ကျန်အခြေအနေ

          ယခုဘဏ္ဍာနှစ် ၁.၁၀.၁၉ မှ ၂၅.၁၂.၂၀၂၀ထိ ပင်လယ် ရေကြောင်းနှင့်နယ်စပ်မှ မတ်ပဲ တန်ချိန်စုစုပေါင်း (​၁၁၁၉၀၂)၊ တန်ဖိုး (၁၀၀.၂၈၃) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ ယခင် နှစ် ကာလတူထက် (၂၉၄၅၅)တန် လျော့ကျခဲ့ပြီး၊ တန်ဖိုး (၆.၃၈၄)ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ (၃၀.၁၂.၂၀၂၀) ရက်နေ့၊ တိုင်းဒေသကြီး၊ ပြည်နယ်များ၏ တင်ပြချက်စာရင်း များအရ ခန့်မှန်း လက်ကျန်မှာ (၆၅,၇၁၀)တန် ဖြစ်ပါသည်။

သုံးသပ်ချက်

မတ်ပဲကို ကုန်သည်များက ဝယ်ယူမှုရှိသော်လည်း နယ်ပေါင်းစုံတွင် ထွက်ရှိကာ စျေးကွက် အတွင်း သို့ အရေအတွက်များ ရောက်ရှိနေသဖြင့် စျေးနှုန်းအနည်းငယ်ကျဆင်းလာမည့် အခြေအနေ ဖြစ်ပေါ် နေပါသည်။ ဝယ်လိုအားထက် ရောင်းလိုအားက များပြားနေခြင်းကြောင့် ယခု ကဲ့သို့ စျေးနှုန်း ကျဆင်း လာခြင်း ဖြစ်ပါသည်။ ယခုအခြေအနေအရ စျေးနှုန်း ဆက်လက် ကျဆင်းမည့် အခြေအနေတွင်ရှိကြောင်း ကုန်သည်များက သုံးသပ်ထားကြပါသည်။

မော်လမြိုင်မြို့တွင် ဖြစ်ပေါ်နေသော အခြေခံစားကုန်ဈေးနှုန်းများ

          မော်လမြိုင်မြို့၏ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတတိယပတ်တွင်ဖြစ်ပေါ်နေသော အခြေခံစားကုန် ဈေးနှုန်းများမှာ ပေါ်ဆန်း (စပါး) တင်း (၁၀၀) လျှင် (၇၁၀၀၀၀) ကျပ်၊ ပေါ်ဆန်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် (၂၉၅၀၀) ကျပ်၊ ဧည့်မထ (စပါး) တင်း (၁၀၀) (၅၈၂၀၀၀) ကျပ်၊ ဧည့်မထ (ဆန်) ၂၄ ပြည်ပါ တစ်အိတ် (၂၃၅၀၀) ကျပ်၊ စားအုန်းဆီ တစ်ပိဿာ (၂၄၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာ (၇၅၀၀) ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ (၇၀၀) ကျပ်၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာ (၄၀၀၀) ကျပ်၊ ကြက်သွန်ဖြူ (ကြူဂုတ်) တစ်ပိဿာ (၃၀၀၀) ကျပ်၊ မန်ကျည်းမှည့် တစ်ပိဿာ (၅၅၀၀) ကျပ်၊ ငရုတ်ခြောက် တစ်ပိဿာ (၆၀၀၀) ကျပ် ၊ ပဲနီလေး (မြန်မာ) တစ်ပိဿာ (၄၀၀၀) ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာ (၂၀၀၀) ကျပ်၊ မြေပဲဆံ တစ်ပိဿာ (၃၃၀၀) ကျပ်၊ မွေးမြူရေးကြက်သားတစ်ပိဿာ (၆၀၀၀) ကျပ်၊ ဝက်သား တစ်ပိဿာ (၁၀၀၀၀) ကျပ်၊ ဆိတ်သားတစ်ပိဿာ (၂၅၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာ (၁၂၀၀၀) ကျပ်၊ ငါးကြင်း တစ်ပိဿာ (၁၀၀၀၀) ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ (၇၀၀၀) ကျပ်၊ ကြက်ဥ/ဘဲဥ တစ်လုံးလျှင် (၁၅၀/၂၂၀) ကျပ်၊ ရာဘာ RSS 3 တစ်ပေါင်လျှင်(၇၃၀) ကျပ်၊ ရွှေ ၁၆’ (၁၃၁၅၀၀၀) ကျပ်၊ ရွှေ ၁၅’ (၁၂၀၅၀၀၀) ကျပ်၊ ရွှေ ၁၄’ (၁၁၁၀၀၀၀) ကျပ်၊ ဓာတ်ဆီ တစ်ဂါလံ (၃၄၄၂) ကျပ်၊ ဒီဇယ် တစ်ဂါလံ (၃၁၂၇) ကျပ် ဖြစ်ပေါ်လျှက်ရှိကြောင်း သိရှိရသည်။

          ယခုအပတ်ဈေးနှုန်းများမှာ ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ရွှေဈေးနှုန်းနှင့် ဓါတ်ဆီ ၊ ဒီဇယ်ဆီဈေးနှုန်းတို့မှာ ဈေးအနည်းငယ်မြင့်တက်လာပြီး ရာဘာဈေးနှုန်းမှာ ဈေးအနည်းငယ် ကျဆင်းသွားကြောင်း တွေ့ရှိပါသည်။

မွန်ပြည်နယ်(DOCA)

ကသာမြို့နယ် မျှစ်ခြောက်လုပ်ငန်းရှင်နှင့် တွေ့ဆုံ

          စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးကျော်စိန်ဌေးသည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၁၆)ရက်နေ့တွင် ကသာမြို့နယ်၊ အင်းတော်သွားသည့် ကားလမ်းနဘေးတွင် တည်ရှိသော ဒေါ်နန်းခင်အုန်း(နရိန္ဒရာ ကုမ္ပဏီ)၏ မျှစ်ခြောက်လုပ်ငန်းသို့ သွားရောက်လေ့လာခဲ့ပါသည်။

      စက်ရုံတည်နေရာမှာ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် တည်ရှိပြီး ကသာမြို့နယ်တွင် လုပ်ငန်းခွဲကြီးကြပ်သူအဖြစ် ဝါးစိုက်ပျိုးရေး အကြံပေးပညာရှင် ဦးမြင့်ဟန်မှ ဆောင်ရွက်ကြောင်း၊ ဝန်ထမ်း(၃)ဦး အလုပ်သမား(၁၆)ဦးဖြင့် လုပ်ကိုင်လျက်ရှိကြောင်း၊ မျှစ်ခြောက်ပြုလုပ်ရာတွင် ဝါးဘိုး ဝါးကို အသုံးပြုပြီး လုပ်ငန်းဆောင်ရွက်မှုအနေဖြင့် ၂၀၁၉-၂၀၂၀ ပြည့်နှစ်တွင် ကသာခရိုင်အတွင်းရှိ မြို့နယ်များမှ ဝါးဘိုးဝါးမျှစ်ပြုတ်ပြီး (၆၀၀၀၀)ပိဿာကျော်အား တောပြစ်တစ်ပိဿာ (၅၀၀) ကျပ် နှင့် လုပ်ငန်းခွင်သို့အရောက် (၆၀၀)ကျပ်မှ (၇၀၀)ကျပ်ထိ ဝယ်ယူခဲ့ရကြောင်း၊ ဝယ်ယူရရှိသော ဝါးဘိုးဝါး မျှစ်ပြုတ်များကို ဝါးခြင်းအတွင်း ပလပ်စတစ်ခံပြီး ၎င်းအတွင်းသို့ ဝါးမျှစ်ပြုတ်အလွှာများ ကို အစီအရီထည့်ပြီး ပလပ်စတစ်ကို လေလုံအောင်ထိပ်မှစီးပြီး (၃)လခန့်ထားရကာ ယခု ပွင့်လင်း ရာသီ နိုဝင်ဘာလ၊ ဒီဇင်ဘာလမှစ၍ နေနှင့်တိုက်ရိုက်မထိတွေ့စေဘဲ ဝါးမျှစ်ပြုတ်အလွှာ များကို စင်ပေါ်တင်၍ ပလပ်စတစ်အကြည် ဖုံးအုပ်ကာ နေလှမ်းရပါကြောင်း၊ ဝါးဘိုးမျှစ်အစို တစ်ပိဿာ နေလှမ်းပါက ၈ ကျပ်သားမှ ၁၀ ကျပ်သားအထိ အခြောက်တင်ကြောင်း၊ ရရှိလာသော မျှစ်ခြောက် များကို ထုတ်ပိုးပြီး နေပြည်တော်၊ တပ်ကုန်းရှိ မျှစ်ခြောက်ကုန်ချောစက်ရုံသို့ပို့ကာ စက်ရုံတွင် ပြန်လည် သန့်စင်ခြင်း၊ အရည်အသွေး ခွဲခြားခြင်း၊ Packing (ထုပ်ပိုးခြင်း) တို့ ဆောင်ရွက်ပြီး ပြည်တွင်းသို့လည်းကောင်း ပြည်ပ(ဂျပန်)သို့ တင်ပို့ရောင်းချကြောင်းနှင့် မြန်မာ့မျှစ်ခြောက်မှာ နိုင်ငံ တကာဈေးကွက်တွင် ဈေးကွက်အခြေအနေကောင်းလျှက်ရှိကြောင်းနှင့် မျှစ်ခြောက် (value added) ထုတ်လုပ်သည့် စက်ရုံတစ်ရုံသာရှိသေးကြောင်း သိရှိရပါသည်။

      ဆက်လက်၍ နရိန္ဒရာကုမ္ပဏီမှ ကသာခရိုင်အတွင်းဝယ်ယူသော ဝါးဘိုးဝါးမျှစ်များမှာ သဘာဝ တောတောင်များမှ ထွက်ရှိသောမျှစ်ဖြစ်ပြီး နိုင်ငံတကာဈေးကွက်တွင် ဝါးဘိုးဝါးမှ ထွက်ရှိ သော ဝါးမျှစ်ခြောက်သာ ဈေးကွက်ဝင်ပြီး ဝါးမျှစ်များကို ပြုပြင်၍  ကုန်ချောထုတ်လုပ်ရာတွင် မည် သည့် ဓါတုဆေးဝါးမှ မပါဘဲ ထုတ်လုပ်ရကြောင်း၊ ဓါတုဓါတ်ကြွင်းပါဝင်ပါက ဈေးကွက်ပျက်နိုင် သဖြင့် သတိထားလုပ်ဆောင်နေရကြောင်း၊ နရိန္ဒရာကုမ္ပဏီအနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်မပျက်စီးစေရန် မြန်မာနိုင်ငံတစ်ဝှမ်း ဝါးစိုက်ခင်းများ ထူထောင်ထားပြီး ကသာခရိုင်တွင် လည်း ကုမ္ပဏီပိုင် ဝါးစိုက်ခင်း (၃၅၀)ဧကနှင့်အထက်ရှိပြီး မြန်မာပြည် ဝါးစိုက်ပျိုးထုတ်လုပ်သူများ အသင်းနှင့်လည်း ချိတ်ဆက်ဆောင်ရွက်လျှက်ရှိကာ ဝါးစိုက်ခင်းထူထောင်လိုသူများအား ဝါးပျိုးပင် များရောင်းချပေးခြင်း၊ နည်းပညာပေးခြင်း၊ ဝါးမှ အခြေခံထုတ်လုပ်သည့် ပရိဘောဂများ(value added) များ လုပ်ကိုင်တတ်စေရန် ကျေးလက်ဦးစီးဌာနနှင့် ပူးပေါင်း၍ သင်တန်းများ ဆောင်ရွက် ပေးလျက်ရှိသည့်အတွက် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိလာနိုင်ပြီး အလုပ်အကိုင်အခွင့် အလမ်းများလည်း ရရှိကြကြောင်း ဆွေးနွေးပြောကြား သိရှိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

ဆောင်းကြက်သွန်နီ(ပျိုးတောင်)တောင်သူများနှင့်တွေ့ဆုံဆွေးနွေး

     ၃.၁၂.၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန၊မြောင်မြို့နယ်တာဝန်ခံသည် ကုန်သွယ်မှုမြှင့်တင်ရေးနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အလားအလာရှိသော ဒေသတွင်းထုတ်ကုန်တစ်မျိုးဖြစ်သည့် ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်လျှက်ရှိသော မြင်းမူမြို့နယ်၊ ကြော့မင်းကျေးရွာရှိ ကြက်သွန်စိုက်တောင်သူများအား သွားရောက်တွေ့ဆုံမေးမြန်း ဆွေးနွေးခဲ့ပါသည်။

       ထိုသို့တွေ့ဆုံဆွေးနွေးခဲ့ရာ ကြော့မင်းကျေးရွာတွင် ကြက်သွန်နီသီးနှံအား စီးပွားဖြစ် စိုက်ပျိုးလျှက်ရှိကြောင်း၊ ကြက်သွန်နီစိုက်ပျိုးတောင်သူများအနေဖြင့် မိမိကိုယ်တိုင် စိုက်ပျိုးရန် အတွက် ပျိုးထောင်သလို ပြန်လည်ရောင်းချရန် ရည်ရွယ်၍ ပျိုးထောင်သူများရှိကြောင်း၊ စုစုပေါင်း ကနဦး မတည်ရင်းနှီးငွေ ကျပ်(၈)သိန်းကျော်ခန့်ဖြင့် ရင်းနှီးမြှုပ်နှံထားရကြောင်း၊ ကြက်သွန်နီ(တစ်တင်း)ပျိုးထောင်လျှင် ပျိုးဘောင်(၆၄) ဘောင်ထွက်ရှိ၍ ကုန်ကျစရိတ်အနေဖြင့် (၉)သိန်း ကျော် ကုန်ကျမှာဖြစ်ပြီး အကျိုးအမြတ်အနေဖြင့် ၁၆၀ဝ၀ဝ၀ (တစ်ဆယ့်ခြောက်သိန်း) ဝင်ငွေရရှိနိုင်သည့်အတွက် အသားတင် အကျိုးအမြတ် အနေဖြင့် (၇) သိန်းခန့်ရရှိနိုင်ကြောင်း ဆွေးနွေးသိရှိရပါသည်။ လက်ရှိ ကြုံတွေ့နေသည့် အခက်အခဲစိန်ခေါ်မှုများအနေဖြင့် ဝယ်လက်များ လာရောက်ဝယ်ယူမှု နည်းပါးခြင်း၊ ယခင်နှစ်များတွင် နောင်ချို၊ မေမြို့နှင့် အခြားမြို့များမှ ကျေးရွာ အရောက် ကွင်းဆင်းဝယ်ယူခြင်းများ ရှိခဲ့သော်လည်း ယခုကိုဗစ်ကာလအတွင်း အသွားအလာ ကန့်သက်ချက်များကြောင့်  ဝယ်ယူမူ နည်းပါးလာကာ မိမိတို့ ပျိုးထောင်တောင်သူများအနေဖြင့်လည်း အခြားဒေသများသို့ သွားရောက်ရောင်းချခြင်းများ မပြုလုပ်နိုင်သဖြင့် ထိုက်သင့်သော အကျိုးအမြတ်မရရှိခြင်း၊ မိမိတို့ကျေးရွာတွင် ကြက်သွန်စိုက်ဧက (၂၅၀) ခန့်ရှိပြီး ကြက်သွန်နီ စိုက်တောင်သူ(၁၅၀)ဦးခန့်ရှိကြောင်း လက်ရှိ အခြေအနေတွင် ပျိုးပင်များပိုမည်ဟု ခန့်မှန်းရကြောင်း၊ တချို့တောင်သူများအနေဖြင့် အခြားဒေသများသို့ မြေနှီး၍ သွားရောက် စိုက်ပျိုးနေပြီး ကျေးရွာတွင် ယခင်နှစ် ကြက်သွန်နီအချိန် (၃၀ဝ၀ဝ)ခန့် တောင်သူများ လက်ဝယ်တွင်ရှိသေးကြောင်း တောင်သူများအနေဖြင့် ဈေးကွက်စောင့်ရင်း စောင့်ရင်းနှင့် ကြက်သွန်နီအဟောင်း တစ်ပိဿာ (၂၅၀) ကျပ်ခန့်သာရှိကြောင်း ကြက်သွန်နီ စိုက်ပျိုး လုပ်ထုတ်တောင်သူများထံမှသိရှိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာတွင် ပြောင်းဈေးကွက်ကောင်းမရ၍ နေကြာဆီ ဆီထွက်သီးနှံများ ပြောင်းလဲစိုက်ပျိုးလျက်ရှိ

          ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာရှိ တောင်သူများသည် ပြောင်း ဈေးကွက်ကောင်း မရရှိသဖြင့် အချိန်တိုအတွင်း တွက်ချေကိုက်သော နေကြာဆီသီးနှံများအား အစားထိုးစိုက်ပျိုးလာကြောင်း သိရှိရပါသည်။ နေကြာဆီသီးနှံမျိုးစေ့များကို စိုက်ပျိုးရေးဦးစီးဌာန၊ တောင်ကြီးမျိုးစေ့ဌာနရုံးမှ ချိတ်ဆက်မှာယူ၍ တောင်သူများထံသို့ လက်ဝယ်ရောက်ဖြန့်ချိပေးနေကြောင်း သိရပါသည်။ မျိုးစေ့မှာ ရေဆင်းစပ်မျိုးဖြစ်ပြီး ကျောက်မဲမြို့နယ်တွင် နေကြာဆီသီးနှံ စိုက်ဧကမှာ မိုးနေကြာ(၁၈၀)ဧကနှင့် ဆောင်းနေကြာ(၈၀)ဧက စိုက်ပျိုးထားကြောင်း သိရှိရပါသည်။ နေကြာဆီသီးနှံတစ်ဧက ခန့်မှန်းကုန်ကျစရိတ်မှာ (၂၅၀၀၀၀)ကျပ်ခန့်ရှိပြီး အထွက်နှုန်းမှာ တစ်ဧက လျှင်(၃၀)တင်း၊ ပိဿာအားဖြင့် တစ်ဧကလျှင်(၃၈၀)ပိဿာခန့် ထွက်ရှိကြောင်း သိရှိရပါသည်။ ရောင်းဈေးမှာ တစ်ပိဿာလျှင် (၁၂၀၀)ကျပ်ဝန်းကျင်ခန့် ဈေးနှုန်းရရှိကြောင်းသိရပါသည်။ ထို့ကြောင့် နေကြာဆီတစ်ဧကလျှင် (၄၆၅၀၀၀)ကျပ် ဈေးရရှိ၍ အကျိုးအမြတ်တစ်ဧကလျှင် (၂၀၀၀၀၀)ကျပ် အမြတ်ရရှိသောကြောင့် ပြောင်းသီးနှံထက် နေကြာဆီသီးနှံများကို ပိုမိုစိုက်ပျိုးလာကြောင်း သိရှိရပါသည်။

          ထွက်ရှိလာသောနေကြာဆီများကို ဆီစက်လုပ်ငန်းရှင်များအသင်းသို့ တိုက်ရိုက်ရောင်းချနိုင် ရန်အတွက် ကျောက်မဲစိုက်ပျိုးရေးဦးစီးဌာနမှ ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါ သည်။ နေကြာဆီသီးနှံကို တစ်နှစ်လျှင် နှစ်သီးစားအဖြစ် စိုက်ပျိုးလာကြသဖြင့် တောင်သူများ အတွက် အကျိုးအမြတ်ဖြစ်ထွန်းပြီး ဝင်ငွေကောင်း၍ တွက်ချေကိုက်သော သီးနှံများဖြစ်ကြောင်း၊ ဈေးကွက်ရှာဖွေစရာမလိုသောကြောင့် ပြောင်းအစား နေကြာဆီသီးနှံကို အစားထိုးစိုက်ပျိုးခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

ရှမ်းပြည်နယ်တွင်အစေ့ထုတ်ပြောင်းစိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက်အခြေအနေ

      အစေ့ထုတ်ပြောင်းသည် ပြည်တွင်းမွေးမြူရေးအစားအစာနှင့် ပြည်ပသို့တင်ပို့ရောင်းချရန်   အတွက်အရေးပါသော သီးနှံတစ်မျိုးဖြစ်ပါတယ်။ ပြောင်းဟာ အာရှတိုက်မှ အရင်းအမြစ်မဟုတ်ဘဲ အမေရိကတိုက်မှာ အများဆုံးစိုက်ပျိုးကြ၍  မြေ အနေအထားအရ အာရှတိုက်မှတစ်ဆင့် မြန်မာနိုင်ငံမှာ စိုက်ပျိုးဖြစ်ထွန်းလာသည့် သီးနှံဖြစ်ပြီး၊ မြန်မာနိုင်ငံမှာ ရှမ်းပြည်နယ်ကသာအဓိကထား အများဆုံးစိုက်ပျိုးသည့် သီးနှံဖြစ်ကြောင်း သိရှိရပါတယ်။ ရှမ်းပြည်နယ်တွင်ပြောင်းကို ဧက(၇)သိန်းဝန်းကျင်ခန့်စိုက်ပျိုး၍ တန်ချိန်၁၁သိန်းကျော်ထွက်ရှိခဲ့ပါတယ်။

    အစေ့ထုတ်ပြောင်း ကို မိုးရာသီမှာလည်း မိုးပြောင်းအနေနှင့် ဆောင်းရာသီမှာလည်း ဆောင်း အပြောင်းအနေနှင့် စိုက်ပျိုးတာ တွေ့ရပါတယ်။ အချို့ဒေသများတွင် ပြောင်းကို မိုးရာသီ ဧပြီလမှ မေလကုန်အထိ စိုက်ပျိုးပြီး ဆောင်းရာသီတွင် အောက်တိုဘာလတွင် စိုက်ပျိုးကြကြောင်းသိရပါတယ်။ ရှမ်းပြည်နယ်အနေနဲ့ကတော့ အစေ့ထုတ်ပြောင်းများကို ဩဂုတ်လတွင် စိုက်ပျိုးကြပြီး တစ်ဧကမှာ ပြောင်းမျိူးစေ့ထုပ် ၅ ကီလိုထုပ်တစ်ထုပ်ကို ထွန်ယက်မျိုးစေ့ချ စိုက်ပျိုးကြပြီး အများဆုံးပိဿာ ၁၀၀၀ မှ ၁၂၀၀ အထိထွက်ရှိပါတယ်။ ပြောင်းအခြောက်ထိထားပြီးရိတ်သိမ်းမည်ဆိုလျှင် အစေ့ထုတ်ပြောင်းရိုးညှာတွင် အညိုရောင်ကွင်းကို တွေ့ရချိန်တွင် ရိတ်သိမ်းပါတယ်။ ရိတ်သိမ်းပြီး ချက်ချင်းဖက်ခွာ၍ နေလှန်းရပါတယ်။ ဖက်ခွာပြီး အဖူးများကိုစုပုံထားခြင်း မပြုလုပ်ရပါ။ စုပုံထားသော အဖူးများတွင် မှိုအလွယ်တကူပေါက်ပွားပြီး အစေ့ထွက်နှုန်းနှင့် အရည်အသွေးကိုပါ ကျဆင်းစေပါတယ်။ ဖက်ခွာနေလှန်းခြင်းကို ၅ရက်မှ ၇ရက်ခန့် ပြုလုပ်ပြီး အစေ့ခြွေရန်နှင့် အစေ့များကို ထပ်မံနေလှန်းပေးရန် လိုအပ်ပါတယ်။ နေလှန်းရာတွင်လည်း အစေ့တွင်း အစိုဓာတ် ၁၅ရာခိုင်နှုန်းအောက်ထိ လှန်းပေးရန် လိုအပ်ပါတယ်။ အစေ့များနေလှန်းရာတွင် အထူ၂လက်မခွဲမှ ၃လက်မှအထိ ညီညာစွာဖြန့်၍ နေလှန်းရန်လိုအပ်ပါတယ်။

       ပြောင်း စိုက်ရန်သင့်တော်သည့်မြေအမျိုးအစားကတော့ ရေစိမ့်ဝင်မှုကောင်း ၍ရေမဝပ်သော မြေ၊ နုန်းမြေ၊ စနယ်မြေ၊ သဲနုန်းမြေ၊မြေနီ၊ စနယ်မြေနက်ဖြစ်ကြောင်းသိရပါတယ်။ ရှမ်းပြည်နယ်ရှိ မြေအမျိုးအစားမှာ အချဉ်ဓာတ်အနည်းငယ်ပါဝင်ပြီး အစိုဓာတ်မှာ ပုံမှန် သာ ဖြစ်သည့် အတွက် စိုက်ပျိုးရန်သင့်တော်သည့် မြေအမျိုးအစားဖြစ်ကြောင်းသိရှိရပါတယ်။ ပြောင်း သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် အဓိကစိုက်ပျိုးသောသီးနှံတစ်ခုဖြစ်ပြီး ယခင်က တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့ရောင်းချလျက်ရှိပါတယ်။ ထန်းလျက်ရည်ဖြင့် ချိုအောင်ပြုလုပ်ထားတဲ့ ပြောင်းဖူး ပေါက်ပေါက် ဆုပ်ကို ကျေးလက်ဒေသသာမက မြို့ပြများတွင် လည်း စားသုံးလျက်ရှိသလို၊ ကမ္ဘာ အနှံ့ အပြား မှာလည်း ပြောင်းဖူးစေ့ကိုပြုတ်၍ နံနက်စာအဖြစ် တွင်တွင်ကျယ်ကျယ် စားသုံးနေ လျက်ရှိကြပါတယ်။ ပြောင်းကို လားရှိုး၊ မြဝတီ၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ မူဆယ်စသည့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ပြည်ပသို့ တင်ပို့ကြောင်းသိရပါတယ်။ လက်ရှိထိုင်းနိုင်ငံတွင် မွေးမြူရေးလုပ်ငန်းများ တစ်ဟုန်ထိုးတိုးတက်လာသဖြင့် ပြောင်းဖူးစေ့ လိုအပ်ချက်မှာလည်း မြင့်မားလျက်ရှိကာ သယ်ယူ စရိတ်သက်သာသည့် မြန်မာနိုင်ငံမှ ပြောင်းကို နယ်စပ် တင်သွင်းခြင်းအားပြုလုပ်လာပြီး ကာလ ကန့်သတ်ချက်ကျော်လွှားရန်လည်း နှစ်ဖက်ပူးပေါင်း ကြိုးပမ်းလျက်ရှိကြောင်းသိရပါတယ်။ လက်ရှိကာလတွင် မြန်မာ့ပြောင်းကို ထိုင်းနိုင်ငံမှ အဓိကဝယ်ယူနေသလို တရုတ်နိုင်ငံမှလည်း ဝယ်ယူမှုရှိသဖြင့် ပြည်ပ‌ဈေးကွက် ချိတ်ဆက်မှုရှိနေပါတယ်။ 

     ရှမ်းပြည်နယ်ရှိပြောင်းများကိုတော့ မြဝတီနယ်စပ်မှတစ်ဆင့် ပြည်ပသို့တင်ပို့လျက်ရှိ သော်လည်း ယခုအချိန်ဟာ COVID-19 ကပ်ရောဂါမပျံ့ပွားစေရေးထိန်းချုပ်နေသောကာလဖြစ်၍ နယ်စပ်ခေတ္တပိတ်ထားမှုများ ရှိနေတာကြောင့် လောလောဆယ် ပြည်ပတင်ပို့နိုင်မှု မရှိသေးပါကြောင်းသိရှိရပါတယ်။ ပြည်တွင်းကုန်သွယ်မှုအနေနှင့်ကတော့ဒေသအတွင်း အစာစပ်စက်ရုံများသို့ရောင်းချသည့်အပြင် ရန်ကုန်- မန္တလေးအစာစပ်စက်ရုံများသို့ အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိ ပြောင်းတန်ချိန်၄၀၀ခန့်ကို ကားပေါ်အရောက် တစ်ပိဿာ ၃၉၀ကျပ်ဖြင့် ပုံမှန်စီးဆင်း လျက် ရှိတယ်လို့သိရပါတယ်။ ရှမ်းပြည်နယ် တွင် ပြောင်းကို ရပ်စောက်၊ တောင်ကြီး၊ ဟိုပုံး၊ ဆီဆိုင်၊ ဖယ်ခုံ၊ ပင်းတယနှင့် ရွာငံမြို့များ တွင် အများဆုံးစိုက်ပျိုးကြပြီး တစ်ဧကကုန်ကျစရိတ် အနေနှင့် ကတော့ မြေပြင်ခြင်း၊ မျိုးချခြင်း၊ မြေဩဇာ၊ အလုပ်သမားခအပါအဝင် တစ်ပိဿာ ၂၅၀ကျပ်မှ ၃၀၀ ကျပ်အကြားကုန်ကျပြီး အကျိုး အမြတ်ကတော့ တစ်ပိဿာ ၁၃၀ကျပ်မှ ၁၄၀ ကျပ်အကြား မြတ်တယ်လို့ ပြောင်းစိုက်တောင်သူ တစ်ဉီးထံမှ သိရပါတယ်။  မြေဩဇာတွေကတော့ မြန်မာ့ဩဘာ မှထုတ်လုပ်သည့် NK-612 ၊ 625 ၊ 515 နှင့် CP -111ဓာတ်မြေဩဇာများကို အသုံးများကြပါတယ်။ 

         ပြောင်းသည် ရှမ်းပြည်နယ်ရဲ့အဓိကထုတ်ကုန်ဖြစ်သည့်အပြင် မိုးပြောင်းအကုန် ရေသွင်း ပြောင်းများကြားဝင်လာတာကြောင့် ဈေးကွက်တွင် ပစ္စည်းပြတ်လပ်မှုမရှိဘဲ အရောင်းအဝယ်ဖြစ်နေသော သီးနှံဖြစ်သည်။ အစေ့ထုတ်ပြောင်းစိုက်ပျိုးရာတွင် ကုန်ကျစရိတ်နည်းပြီး တောင်သူများအတွက် အကျိုးအမြတ်များသည့်သီးနှံ ဖြစ်လာနိုင်ကြောင်း၊ အရည်အသွေးမြှင့်တင်ပြီး ဈေးကွက်အခိုင်အမာရှိ လာစေရန် မျိုးကောင်းမျိုးသန့်ရွေးချယ်၍ စိုက်ပျိုးရေးနည်းစနစ်များ၊စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများဖြင့်စိုက်ပျိုးပြီး စားသုံးသူများ ဘေးအန္တရာယ်ကင်းပြီး အရည်အသွေး ပြည့်မီအောင် စိုက်ပျိုးထုတ်လုပ်ရောင်းချရန်နှင့် ပြောင်းစိုက်တောင်သူတွေအနေနဲ့ ပိုးသတ်ဆေး၊ ဓါတ်မြေဩဇာ စတာတွေကို စနစ်တကျသုံးစွဲရန်လိုအပ်ပါသည်။ စိန်ခေါ်မှုတစ်ရပ်မှာ အစိုဓာတ်နည်းနည်းနှင့် သိုလှောင်နိုင်ရေးဖြစ်ပြီး အစိုဓာတ်များစွာဖြင့် သိုလှောင်မိပါက မှိုဆိပ်ကြောင့် အစေ့များမည်းလာကာ အရည်အသွေးကျဆင်းသဖြင့် ဝယ်လိုအား လျော့နည်းမည်ဖြစ်သည်။ သို့ဖြစ်၍ ပြည်ပ တင်ပို့သူများ၊ သိုလှောင်ရောင်းဝယ်မည့်သူများ အနေဖြင့် အခြောက်ခံစက်များကို စနစ်တကျ ဆောက်လုပ် သုံးစွဲကြရန်နှင့် စံချိန်စံညွှန်းများနှင့် အညီထုတ်လုပ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း အကြံပြုတင်ပြလိုက်ရပါသည်။

ရှမ်းပြည်နယ်(တောင်ကြီး)

ရှမ်းပြည်နယ်၌ ထောပတ်စိုက်တောင်သူများ နိုင်ငံခြားမျိုးထောပတ်ပင်များ တိုးချဲ့စိုက်ပျိုး

          ရာသီပေါ်သီးနှံတစ်မျိုးဖြစ်တဲ့ ထောပတ်သီးဟာ အအေးပိုင်းဒေသမှာ ပေါက်ရောက်တဲ့အသီး ဖြစ်ပါတယ်။ ထောပတ်သီးမှာ ဗီတာမင် K ၊ ဗီတာမင် C၊ ဗီတာမင် B5၊ ဗီတာမင် B6၊ ဗီတာမင် E တို့ အပြင် အခြားဗီတာမင်ဓါတ်တွေလည်း များစွာပါဝင်တဲ့အတွက်ကြောင့် ကိုယ်ခံအားကို digital digia ကောင်းစေသည့်အပြင် ခန္ဓာကိုယ်ကို များစွာအကျိုးပြုတဲ့အသီးဖြစ်ပါတယ်။ ဒါ့အပြင် ကင်ဆာရောဂါကို ကုသရာမှာ အထောက်အကူပြုတဲ့ အသီးတစ်မျိုးလည်းဖြစ်ပါတယ်။

          ထောပတ်ပင်များသည် နှစ်ရှည်သီးနှံပင်များဖြစ်ပြီး ထောပတ်ပင်များကို ပေ(၃၀)ခြားပြီး စိုက် ပျိုးကြပါတယ်။ ထောပတ်ပင်များသည် စစိုက်ပြီး(၃)နှစ်နေမှ စတင်အသီးသီးပါတယ်။ ထောပတ်သီး ကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် မန္တလေးတိုင်းဒေသကြီး(ပြင်ဦးလွင်) တို့မှာ အများဆုံးစိုက်ပျိုးကြပါတယ်။

          ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် တောင်ကြီး၊ ဟိုပုံး၊ ညောင်ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ပင်လောင်း၊ ဖယ်ခုံ၊ လွိုင်လင်တို့တွင် စိုက်ပျိုးကြပါတယ်။ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် လားရှိုး၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချိုနှင့် မန္တလေးတိုင်းဒေသကြီး (ပြင်ဦးလွင်)တို့မှာ စိုက်ပျိုးကြပါတယ်။

          ထောပတ်သီးများသည် အောက်တိုဘာလတွင် အသီးများ စတင်ထွက်ရှိပြီး ဇန်နဝါရီလလယ် လောက်တွင် အသီးကုန်ပါတယ်။ ထောပတ်သီးများ စတင်သီးတဲ့နှစ်မှာ တစ်ဧက အလုံး(၂၀၀)ခန့်သီးပြီး ဒုတိယနှစ်တွင်(၇၀၀)ခန့်၊ တတိယနှစ်ကျော်သွားရင် အလုံး (၂၀၀၀)ထိသီးပါတယ်။ဒေသမျိုးရင်းများအနေဖြင့် ပြည်တွင်းဈေးကွက်တွင် ထောပတ်သီးတစ်ပိဿာ ၂၀ဝိ/-၃၀ဝိ/- မှ ၆၀ဝိ/- ၁၀၀ဝိ/- အထိ ဈေးပေါက်ကြောင်း သိရှိရပါတယ်။

          ယခုနှစ်တွင် COVID-19 ကပ်ရောဂါပျံ့ပွားမှုမရှိစေရေးအစီအမံများကြောင့် ယာဉ်အသွားအလာ ကန့်သတ်မှုများရှိနေတဲ့အတွက် ကုန်စည်စီးဆင်းမှုအားနည်းခြင်းနှင့် နိုင်ငံခြားမျိုးထောပတ်(Hass)ကို ပိုမိုဝယ်ယူစားသုံးနေကြသဖြင့် ဒေသမျိုးရင်းထောပတ်သီးများ ဈေးကောင်းမရဘဲ အရောင်းအေး နေတယ်လို့သိရပါတယ်။

          ပြည်ပဈေးကွက်သို့တင်ပို့သော ထောပတ်သီးများမှာတစ်လုံးကို ၆၀ဝိ/- ကျပ်မှ ၁၀၀ဝိ/- ကျပ်အထိ ဈေး ပေါက်ကြောင်း သိရပါတယ်။ ယခုအချိန်တွင် နိုင်ငံခြားမျိုးများမှာ ဒေသမျိုးရင်းများထက် ဝယ်လို အားကောင်းပြီး  ယခင်နှစ်တွေထက် ဈေးကောင်းရလို့ နိုင်ငံခြားမျိုး(Hass)များ တိုးချဲ့စိုက်ပျိုးနေကြကြောင်း၊ ဟိုပုံးမြို့နှင့် ဆီဆိုင်မြို့များတွင် ဧက(၂၀၀၀၀)ခန့် ထပ်မံစိုက်ပျိုးကြကြောင်း သိရှိရပါတယ်။ ဒေသမျိုးအပင်များကို အောက်ခံအပင်အဖြစ်ထားရှိ၍ နိုင်ငံခြားမျိုးများကို ကိုင်းကူးကိုင်းဆက်နည်းနဲ့ စိုက်ပျိုးကြပြီး စားသုံးသူ များအနေဖြင့် အရည်အသွေးကောင်းမွန်တဲ့ နိုင်ငံခြားမျိုး(Hass) မျိုးတွေကို ဝယ်ယူမှုများပြားလာတဲ့ အတွက် စိုက်ဧကများ ထပ်မံတိုးချဲ့စိုက်ပျိုးကြကြောင်း သိရှိရပါတယ်။

ရှမ်းပြည်နယ်(တောင်ပိုင်း)

ရှမ်းပြည်နယ်(တောင်ပိုင်း) နိုဝင်ဘာလအတွင်း ကုန်စည်စီးဆင်းမှုအခြေအနေ

      ရှမ်းပြည်နယ်(တောင်ပိုင်း) မြို့နယ်များဖြစ်သော တောင်ကြီး၊ အောင်ပန်း၊ ရပ်စောက်၊ ကလော၊ ညောင်ရွေ၊ ရွာငံမြို့များမှ ဒေသတွင်းနှင့် ရန်ကုန်၊ မန္တလေး၊ မူဆယ်၊ မြဝတီ၊ မြင်းခြံ၊ နေပြည်တော်၊ မုံရွာ၊ ပြည်၊ စစ်တွေ၊ တပ်ကုန်း၊ မိတ္ဃီလာ၊ သာစည်၊ တောင်ငူနဲ့ပဲခူးမြို့များသို့ သီးနှံနှင့် သစ်သီးဝလံ၊ ကုန်စိမ်းမျိုးစုံစီးထွက်လျက်ရှိရာ အောင်ပန်း ကုန်စည်ဒိုင်၏ ပေးပို့သောစာရင်းများ အရ အစေ့ထုတ်ပြောင်းတစ်ပိဿာ ၃၅ဝ ကျပ်မှ ၃၈ဝ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ပန်းနှမ်းတစ်ပိဿာ ၁၄ဝဝကျပ်မှ ၁၅ဝဝကျပ် နှုန်းဖြင့်လည်းကောင်း၊ ကြက်သွန်ဖြူတစ်ပိဿာ ၁၅ဝဝကျပ်မှ ၂၅ဝဝ ကျပ်နှုန်းဖြင့်လည်းကောင်း၊ အာလူးတစ်ပိဿာ  ၅ဝဝ ကျပ်မှ ၈၅ဝ ကျပ် နှုန်းဖြင့်လည်းကောင်း၊ ချင်းတစ်ပိဿာ ၉ဝဝကျပ်မှ ၁ဝဝဝကျပ်နှုန်းဖြင့်လည်းကောင်း၊ နနွင်းတစ်ပိဿာ ၁ဝဝဝကျပ်မှ ၂ဝဝဝကျပ်နှုန်းဖြင့်လည်းကောင်း၊ ချင်းခြောက်တစ်ပိဿာ ၂ဝဝဝကျပ်မှ ၂၅ဝဝကျပ် နှုန်းဖြင့်လည်းကောင်း၊ ခရမ်းချဉ်တစ်ပိဿာ ၂ဝဝကျပ်မှ ၄ဝဝကျပ် နှုန်းဖြင့်လည်းကောင်း၊  ဂေါ်ဖီတစ်ထုပ်လှျင် ၃ဝဝ ကျပ်မှ ၅၅ဝကျပ်နှုန်းဖြင့်လည်းကောင်း၊ ပန်းမုံလာတစ်ပိဿာ ၅ဝဝကျပ်မှ ၇ဝဝကျပ်နှုန်းဖြင့်လည်းကောင်း၊ မုံညင်းတစ်ပိဿာ ၅ဝဝ ကျပ်မှ ၇ဝဝကျပ်နှုန်းဖြင့်  လည်းကောင်း၊ ဘိုစားပဲ တစ်ပိဿာ ၁၄ဝဝကျပ်မှ ၁၆ဝဝကျပ်နှုန်းဖြင့်လည်းကောင်း၊ ရွေပဲတစ်ပိဿာ ၂ဝဝဝကျပ်မှ ၃ဝဝဝ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဂျူးမြစ် တစ်ပိဿာ ၁ဝဝဝကျပ်မှ ၁၂ဝဝကျပ်နှုန်းဖြင့်လည်းကောင်း၊ ငြုပ်ပွတစ်ပိဿာ ၁၆ဝဝကျပ်မှ ၂ဝဝဝကျပ်နှုန်းဖြင့်လည်းကောင်း၊ မုံလာဥနီ တစ်ပိဿာ ၆ဝဝ ကျပ်မှ ၈ဝဝကျပ်နှုန်းဖြင့်လည်းကောင်း၊ လိမေ္မာ်သီးတစ်ပိဿာ ၁၅ဝဝ ကျပ်မှ ၂ဝဝဝကျပ်နှုန်းဖြင့်လည်းကောင်း၊ လက်ဖက်ခြောက်တစ်ပိဿာ ၃ဝဝဝကျပ်မှ ၆၅ဝဝကျပ်နှုန်းဖြင့်လည်းကောင်း၊ လက်ဖက်စို တစ်ပိဿာ ၂ဝဝဝကျပ်မှ ၂၅ဝဝကျပ်နှုန်းဖြင့်  လည်းကောင်း ရောင်းချလျှက်ရှိကြောင်းသိရပါတယ်။  အောင်ပန်းမှ (၁)ရက်လျှင် ကုန်စည်ကားအစီးရေ(၂ဝ)မှ (၂၅)စီးဆင်းမှုရှိကြောင်းနှင့် ပြောင်း၊ ပန်းနှမ်း၊ ချင်းသီးနှံများအသစ်ဝင်လာပါကြောင်း၊ ချင်းမှာလည်း ပြည်ပအဆွဲနည်းပြီး လှောင်လက်နှင့်စျေးပတ်သမားများသာဝယ်ယူမှုရှိသဖြင့် စျေးအေးနေပါကြောင်း လတ်တလောတွင် ကုန်စိမ်းနှင့် လိမေ္မာ်သီးကားများ ပုံမှန်စီးဆင်းမှုရှိနေကြောင်းသိရှိရပါသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း