ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သထုံမြို့၏ စပါး၊ ဆန် ဈေးနှုန်းနှင့် စီးဝင်စီးထွက်မှု အခြေအနေ

        ဇွန်လ တတိယပတ်အတွင်း သထုံမြို့၏ ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ ဈေးနှုန်းမှာ ဧည့်မထ ကျပ် (၆၄၀၀၀၀)၊ ပေါ်ဆန်း ကျပ် (၉၃၀၀၀၀) ဖြစ်ပြီး ၂၄ ပြည်ပါ ဆန်တစ်အိတ် ဈေးနှုန်းမှာ ဧည့်မထ ကျပ် (၂၄၅၀၀) နှင့် ပေါ်ဆန်း ကျပ် (၃၅၀၀၀) ဖြစ်ရာ ယခင် COVID-19 ကာလမတိုင်မီ မတ်လ ပထမပတ်နှင့် နှိုင်းယှဉ်လျှင် ဧည့်မထစပါးဈေးနှုန်းမှာ ကျပ် (၈၀၀၀၀) ခန့်၊ ပေါ်ဆန်းစပါးဈေးမှာ (၁၀၀၀၀၀) ကျပ်ခန့် ဈေးနှုန်းမြင့်တက်ပြီး ဆန်ဈေးနှုန်းမှာ ဧည့်မထ ကျပ် (၂၅၀၀) ခန့်၊ ပေါ်ဆန်း ကျပ် (၅၅၀၀) ခန့် ဈေးနှုန်းမြင့်တက်ကြောင်း သိရှိရသည်။

          စီးဝင်/စီးထွက်မှု အခြေအနေမှာ အခြားတိုင်းဒေသကြီးများမှ ဆန်ဝင်ရောက်မှုမှာ တစ်နေ့လျှင် ပေါ်ဆန်းဆန်အိတ် (၃၀၀) ခန့်ရှိပြီး သထုံမှ ဘားအံသို့ ဧည့်မထဆန်အိတ် (၄၀၀) ခန့် ထွက်ရှိကြောင်း သိရှိရပါသည်။

မွန်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

မွန်ပြည်နယ် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

       မွန်ပြည်နယ်အတွင်းရှိ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအား မြန်မာ့သြဘာကုမ္ပဏီမှ (၄)လဆိုင်းစနစ်ဖြင့် မြေသြဇာများရောင်းချဖြန့်ဖြူးနိုင်ရေးညှိနှိုင်းအစည်းအဝေးကို မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ (၅.၆.၂၀၂၀)ရက်နေ့ နေ့လည်(၁၃:၀၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးခင်အောင်သွင်၊ မော်လမြိုင်ကုန်စည်ဒိုင် ဥက္ကဌ ဦးအောင်မျိုးဦး၊ မွန်ပြည်နယ်ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်း ဒု-ဥက္ကဌ(၂) ဦးဘုန်းမြင့်၊ တွဲဖက်အတွင်းရေးမှူး(၁) ဦးသက်ဦး၊ မော်လမြိုင်နည်းပညာတက္ကသိုလ်မှ ရွှေဇီဝမြေသြဇာ ထုတ်လုပ်ရေးတာဝန်ခံ ဒေါက်တာခင်ဆွေအေး၊ (NEI)မှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်ရည်မွန်ဆုနှင့် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူအသင်း၏ မြို့နယ်အမှုဆောင်များတက်ရောက်ခဲ့ကြပါသည်။

       ဆွေးနွေးပွဲ၌ ဒု-ဥက္ကဌ(၂) ဦးဘုန်းမြင့်က မြေသြဇာများကို ၂၀၂၀ဇူလိုင်လကုန်တွင် ရောင်းချပေးမည်ဖြစ်ပြီး (သြဂုတ်လ၊စက်တင်ဘာလ၊အောက်တိုဘာလ၊နိုဝင်ဘာလ)(၄)လဆိုင်း ပြီး၂၀၂၀နိုဝင်ဘာလကုန်မှ ငွေပြန်လည်ပေးဆပ်ရမှုအား အတိုးမဲ့ဖြင့် ကုန်စည်ဒိုင်မှတာဝန်ခံ ဆောင်ရွက်၍  ရော်ဘာအပင်ကြီးတွင်ထည့်သည့် (၁၃:၁၉:၂၀)တစ်အိတ်လျှင်(၃၃၇၀၀)ကျပ်၊ ရော်ဘာအပင်သေးတွင်ထည့်သည့် (၁၆:၁၀:၅)တစ်အိတ်လျှင် (၂၂၂၀၀)ကျပ်၊ အသုံးပြုများသည့် (၁၅:၁၅:၁၅)တစ်အိတ်လျှင် (၄၁၆၀၀)ကျပ်တို့ဖြင့် ဖြန့်ဖြူးရောင်းချပေးမည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆက်လက်၍ မော်လမြိုင်နည်းပညာတက္ကသိုလ်မှ ရွှေဇီဝမြေသြဇာ ထုတ်လုပ်ရေးတာဝန်ခံ ဒေါက်တာခင်ဆွေအေးမှလည်း အနုဇီဝဆေးရည်နှင့် ဆေးမှုန့်များ အကြောင်းရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်နယ်ဦးစီးမှူးမှ လိုအပ်သည်များကိုဖြည့်စွက် အကြံပြုပေးခဲ့ကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

စျေးပြန်ကောင်းလာသည့် ရှမ်းအစေ့ထုတ်ပြောင်း

       ရှမ်းပြည်နယ်(တောင်ပိုင်း)မှာတော့ ၂ဝ၁၉/၂ဝ၂ဝခုနှစ်ထွက် မိုးအစေ့ထုတ်ပြောင်းများပေါ်ခါစက တစ်ပိသာကို ငွေကျပ် ၂၂ဝမှ ၂၅ဝရှိခဲ့ပေမယ်လို့ မေလဆန်းမှာတော့ ပြောင်းစျေး တဖြည်းဖြည်း စျေးပြန်ကောင်းလာခဲ့ရာမှ ယခုဇွန်လဆန်းမှာတော့ ငွေကျပ် ၄၇ဝမှ ၄၉ဝကျပ်ထိရှိလာခဲ့ပါတယ်။ ပြောင်းစိုက်တောင်သူတွေရဲ့လက်ထဲမှာတော့ ပြောင်းဖူးစေ့လက်ကျန်မရှိသလောက်နည်းသွားပြီး၊ကုန်သည် တွေရဲ့လက်ထဲမှာတော့ စုစုပေါင်းပြောင်းဖူးစေ့ပိုလှျံမှုရဲ့ လေးပုံတစ်ပုံလောက်တော့ ကျန်ရှိနေပါသေးတယ်။ ယခင်နှစ်ကာလတူနဲ့ပြောင်းစျေးနှုန်းကို နှိုင်းယှဉ်မယ်ဆိုရင်တော့ ယခင်နှစ်ကပြောင်း တစ်ပိသာငွေကျပ် ၃၅ဝမှ ၃၆ဝထိသာရှိခဲ့ပါတယ်။ ပြောင်းပေါ်ခါစတုန်းက ဒေသတွင်းအခြောက်ခံ စက်ရုံများ၊ တောင်လေးလုံးရှိ မြနဒီပြောင်းအခြောက်ခံစက်ရုံ၊ အေးသာယာမြို့ရှိဃဏ  အခြောက်ခံ စက်ရုံများမှာ CP ကုမ္ပဏီနှင့် တက်ချောင် အစာစပ်စက်ရုံများမှ ပြောင်းဖူးစေ့တွေကို မန္တလေးမြို့နှင့် ရန်ကုန်မြို့ရှိ အစာစပ်စက်ရုံများ၊ ဒေသတွင်းရှိမွေးမြူရေးလုပ်ငန်းများမှ ပြောင်းဖူးစေ့ကို ဝယ်ယူ ကြပါတယ်။ ပြည်ပတင်ပို့မှုအနေဖြင့် မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ Quota စနစ်ဖြင့်ရောင်းချခဲ့ကြပြီး၊ ကရင်ပြည်နယ်မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းနှင့် ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ်(မယ်ယန်း)ကုန်သွယ်ရေးစခန်းများမှ ထိုင်းနိုင်ငံသို့လည်းကောင်း၊ ပင်လယ်ရေကြောင်းမှလည်း ပြည်ပနိုင်ငံများသို့တင်ပို့ခဲ့တယ်လို့ ပြောင်းစျေးကွက်ကတဆင့်သိရပါတယ်။

ရှမ်းပြည်နယ်(တောင်ကြီး)

စားသုံးသူရေးရာဦးစီးဌာန

သထုံမြို့၏ စပါး၊ ဆန်ဈေးနှုန်းနှင့် စီးဝင်စီးထွက်မှုအခြေအနေ

          ၂၀၂၀ ပြည့်နှစ် မတ်လ နောက်ဆုံးပတ်အတွင်း သထုံမြို့၏ ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ ဈေးနှုန်းမှာ ဧည့်မထ ကျပ် (၅၆၀၀၀၀)၊ ပေါ်ဆန်း ကျပ် (၈၃၀၀၀၀) ဖြစ်ပြီး ၂၄ ပြည်ပါ ဆန်တစ်အိတ်ဈေးနှုန်းမှာ ဧည့်မထ ကျပ် (၂၂၀၀၀) နှင့် ပေါ်ဆန်း ကျပ် (၂၉၅၀၀) ဖြစ်ရာ မတ်လ ပထမ ပတ်နှင့် နှိုင်းယှဉ်လျှင် ဧည့်မထစပါးဈေးမှာ ကျပ် (၁၀၀၀၀) ခန့်၊ ပေါ်ဆန်းစပါးဈေးမှာ ကျပ် (၇၀၀၀၀) ခန့် ဈေးနှုန်း မြင့်တက်ပြီး ဆန်ဈေးနှုန်းမှာ ဧည့်မထ ကျပ် (၅၀၀) ခန့်၊ ပေါ်ဆန်း ကျပ် (၂၀၀၀) ခန့် ဈေးနှုန်း မြင့်တက်ကြောင်း သိရှိရသည်။

          စီးဝင်/စီးထွက်မှုအခြေအနေမှာ ရွှေဘို၊ ပဲခူး၊ ဧရာဝတီတိုင်းတို့မှ ဆန်ဝင်ရောက်မှုမှာ တစ်နေ့လျှင် အိတ် (၆၀၀/၇၀၀) ခန့်ရှိပြီး သထုံမှ ဘားအံသို့ တစ်နေ့လျှင် အိတ် (၂၅၀/၃၀၀) ခန့် ထွက်ရှိရာ ဆန်ဝင်ရောက်မှုမှာ ယခင်အပတ်များထက် အိတ် (၁၀၀) ခန့် လျော့နည်းသွားကြောင်း သိရှိရပါသည်။

မွန်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

သထုံမြို့နယ်အတွင်း စားသုံးရုံသာမက အခြားမြို့နယ်များသို့ပါ တင်ပို့ရောင်းချလျှက်ရှိသည့် သထုံဒူးရင်း

        သထုံမြို့နယ်၌ မျိုးကောင်းသည့် ကိုင်းကူးဒူးရင်းများကို မြို့နယ်အတွင်းရှိ ကျိုက္ကော်၊ နောင်ဘို၊ နောင်ကုလား စသည့် ကျေးရွာ ဥယျာဉ်ခြံမြေများတွင် စိုက်ပျိုးလျှက်ရှိကြောင်း သိရှိရသည်။ ဒူးရင်းသီးများသည် မိုးရာသီဝါဆိုလပတ်ဝန်းကျင်တွင် လှိုင်လှိုင်ပေါ်ပြီး ယခုအချိန်တွင် သထုံမြို့မဈေးတွင် ဒူးရင်းသီးတစ်လုံးလျှင် (၃၀၀၀) ကျပ်မှ (၁၅၀၀၀) ကျပ်တန်အထိ အရွယ် အစားအလိုက် ဈေးနှုန်းအမျိုးမျိုးရှိကြကြောင်း၊ တစ်ရက်လျှင် အလုံးရေ (၁၀၀) မှ (၁၅၀) ထိ ဒေသတွင်း စားသုံးသူများသို့ ရောင်းချလျှက်ရှိပြီး ယခင်နှစ်ဈေးနှုန်းများကဲ့သို့ပင် ယခုပေါ်ဦပေါ်စရာသီတွင် တစ်ကီလို (၄၀၀၀) ကျပ်နှုန်းရှိကြောင်းသိရှိရပြီး ရန်ကုန်မြို့ဘက်မှလည်း မှာယူကြ၍ တင်ပို့နေရကြောင်း သထုံမြို့မဈေးရှိ ဒေါ်စိန်မြင့် သစ်သီးဆိုင်မှ ပြောပြချက်အရ သိရှိရ ပါသည်။

မွန်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

လွိုင်ကော်တွင်စက်သုံးဆီဈေးနှုန်းကျဆင်းလျက်ရှိ

    ကယားပြည်နယ်၊ လွိုင်ကော်မြို့အတွင်း စက်သုံးဆီဈေးနှုန်းမှာ ဖေဖော်ဝါရီလ (၁၉) ရက် နေ့တွင် ဓါတ်ဆီ(ရိုးရိုး)တစ်ဂါလံလျှင်(၃၇၆၀)ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်ဂါလံလျှင် (၃၈၆၀) ကျပ် ဖြင့်ရောင်းချလျှက်ရှိပြီး၊ မတ် လ(၁၉)ရက်နေ့တွင် ဓါတ်ဆီ(ရိုးရိုး) တစ်ဂါလံလျှင် (၂၇၀၀) ကျပ်၊ ဒီဇယ် (ရိုးရိုး) တစ်ဂါလံလျှင်(၂၉၀၀)ကျပ်ဖြင့်ရောင်းချလျှက်ရှိရာ ယခင်လနှင့်ယခုလ နှိုင်းယှဉ် မည်ဆိုလျှင်ဓါတ်ဆီ(ရိုးရိုး)(၁၀၆၀)ကျပ်၊ ဒီဇယ်(ရိုးရိုး)(၉၆၀)ကျပ် ဈေးနှုန်း ကျဆင်းလျှက်ရှိ ကြောင်း ပြည်နယ်အတွင်းရှိ တော်ဝင်စက်သုံးဆီဆိုင်များမှ သိရှိရပါသည်။

ကယားပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

ကယားပြည်နယ်မှ ထိုင်းနိုင်ငံသို့ ကုန်စည်များတင်ပို့မှုနှင့်တင်သွင်းမှုအခြေအနေများ

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့အတွင်း မယ်စဲ့နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်သို့ ကုန်ပစ္စည်းတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၄၈၄၀ တန်ဖိုးရှိ ငရုတ်သီးခြောက် ၈ ဒဿမ ၉၈ တန် တင်ပို့နိုင်ခဲ့ပြီး ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ဘက်မှ တဆင့်ပြန်လည်တင်သွင်းမှုများမှာ အမေရိကန်ဒေါ် လာ ၁၂၀၀၀ တန်ဖိုးရှိ ဟင်းချိုမှုန့် ၉ ဒဿမ ၉၈ တန်သွင်းလာပါကြောင်း မယ်စဲ့နယ်စပ်ကုန် သွယ်ရေးစခန်းစာရင်းများအရ သိရှိရပါသည်။

ကယားပြည်နယ်
စားသုံးသူရေးရာဦးစီးဌာန

လွိုင်ကော် စပါး ဈေးနှုန်း အနည်းငယ်ကျဆင်းပြီး ဆန် ဈေးနှုန်း တည်ငြိမ်နေ

      လွိုင်ကော်မြို့၌ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ပထမပတ်တွင် စပါးဈေးနှုန်းမှာ ဧည့်မထ စပါး ၄၆ ပေါင် တင်း(၁၀၀)လျှင် ငွေကျပ် ၇၅၄၀၀၀/- ဖြစ်ပြီး တတိယပတ်တွင် ၇၄၁၅၀၀/- ကျပ် သို့ ကျဆင်းသွားပြီး ပြည်နယ်အတွင်း အရောင်းအဝယ် အေးနေကြောင်း စက်ပိုင်ရှင်တစ်ဦးထံမှ သိရှိရပါသည်။ ဧည့်မထ(ဒေသ) ရွှေရင်အေး(၁) ဆန်ဈေးနှုန်း မှာဖေဖော်ဝါရီလပထမပတ်တွင် တစ်အိတ်လျှင် ( ၃၅၀၀၀ )ကျပ်၊ တစ်ပြည်လျှင် (၁၆၀၀)ကျပ် ဖြစ်ပြီး ယနေ့ထိဆန်ဈေးနှုန်း တည်ငြိမ်နေကြောင်း သိရပါသည်။

ကယားပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

လွိုင်ကော်မြို့တွင် ကြက်သွန်(နီ/ဖြူ) ဈေးနှုန်းအနည်းငယ်ကျဆင်း

         ကယားပြည်နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ဖော်ဖော်ဝါရီလ ပထမပတ်တွင်  ကြက်သွန်နီ တစ်ပိဿာလျှင် ၂၂၀၀ (ကျပ်) မှ တတိယပတ်တွင် ၂၀၀၀ (ကျပ်) ကျဆင်းသွားကြောင်း၊ ကြက်သွန်(ဖြူ) တစ်ပိဿာလျှင် ဖေဖော်ဝါရီ ပထမပတ်၌ ၅၀၀၀ (ကျပ်) မှ တတိယပတ်တွင်  (၄၅၀၀)ကျပ် ကျဆင်းသွားကြောင်းနှင့်  ကြက်သွန်ဈေးနှုန်းကျဆင်းရခြင်းမှာ ပြည်နယ်အတွင်း ကြက်သွန်(နီ/ဖြူ) အသစ်များ အနည်းငယ်ပေါ်သောကြောင့်ဖြစ်ကြောင်း ကုန်သည်တစ်ဦး ထံမှသိရှိရပါသည်။

ကယားပြည်နယ်
စားသုံးသူရေးရာဦးစီးဌာန

မကွေးတိုင်းဒေသကြီး၏ (၈)ခုမြောက် ကုန်စည်ဒိုင်ဖွင့်လှစ်ခြင်း အခမ်းအနားကျင်းပ

တောင်တွင်းကြီးကုန်စည်ဒိုင်ဖွင့်ပွဲကို (၈.၂.၂၀၂၀)နေ့တွင် တောင်တွင်းကြီးမြို ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံး၌ ကျင်းပခဲ့ရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌ ဦးအောင်ကြည်ညွန့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်း၊ တိုင်းအဆင့် ဌာနဆိုင်ရာများဖြစ်သော မကွေးတိုင်း ဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြား မှုဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ တောင်တွင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မိတ်ဖက်ဌာနများ၊ မကွေး၊ အောင်လံကုန်စည်ဒိုင်မှ တာဝန် ရှိသူများ၊ တောင်တွင်းကြီးမြို့နယ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ အသင်းဝင် စုစုပေါင်း(၁၂၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်မှ လတ်တလောတက်ရောက်လာခဲ့သည့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏(၁၂) ကြိမ်မြောက် အစည်းအဝေးတက်ရောက်ခဲ့မှုအခြေအနေများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့၊ ဖြေလျော့ ဆောင်ရွက်ပေးခဲ့ပြီး အခြေအနေများ၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့လာရေး ခရီးစဉ်သွားရောက်ခဲ့သည့် ဒေသများမှ ဆောက်ရွက်နေမှုများအား မိမိတို့ဒေသတွင် ဆောင်ရွက် သင့်ပါက အတုယူ ဆောင်ရွက်သင့်သည့်အချက်များနှင့် တောင်တွင်းကြီးကုန်စည်ဒိုင်အား ယခုထက် စည်းလုံးညီညွတ်စွာ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးတို့ ဆောင်ရွက်ရန် ပြောကြားခဲ့ပြီး မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းမှ တောင်သူလယ်သမားများ စိုက်ပျိုးထုတ်လုပ်ရာတွင် အဓိက မှန်လေးမှန်ရှိသလို ကုန်စည်ဒိုင်များတွင်လိုက်နာရမည့် မှန်လေးမှန်ဖြစ်သည့် ပစ္စည်းမှန်၊ဈေးနှုန်းမှန်၊ အလေးချိန်မှန်၊ အရောင်းအဝယ်မှန်ဖြစ်ဖို့နှင့် ကုန်စည်ဒိုင်စည်းမျဉ်းစည်းကမ်းများ၊ အသင်းဖွဲ့ စည်းမျဉ်းစည်းကမ်း မှတ်တမ်းထားရှိရမည်ဖြစ်ကြောင်းနှင့် အသင်းသားများမှ စည်းလုံးညီညွတ်စွာ ဆောင်ရွက်နိုင်ရေးတို့အား ပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်မှ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ မိမိတို့နှင့်နီးစပ်သည့် တောင်သူများအား စည်းရုံးချိတ်ဆက်၍တောင်တွင်းကြီးမြို့တွင် တဆက်တစပ်တည်း ပေါင်းစည်းလယ်ယာစနစ်များ ဖြစ်ထွန်းရေးအတွက် ဆောင်ရွက်မည်ဆိုပါက မိမိတို့ဌာနဆိုင်များမှ သက်ဆိုင်ရာကဏ္ဍအလိုက် ပေါင်းစပ်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းနှင့် ယခုတောင်တွင်းကြီး  ကုန်စည်ဒိုင်ကိုလည်း စဉ်ဆက်မပြတ် တိုးတက် ဖွံ့ဖြိုးစေရန် ဆုမွန်ကောင်းများ တောင်းပါကြောင်း၊ သက်ဆိုင်ရာဌာနများနှင့်လည်း တွေ့ဆုံဆွေးနွေး မေးမြန်းပူးပေါင်းဆောင်ရွက်ရန် လိုပါကြောင်း ပြောကြားခဲ့ပြီး အခမ်းအနားအား ပထမပိုင်း အစီအစဉ်အဖြစ် ရုပ်သိမ်းခဲ့ပါသည်။

ထို့နောက် ဒုတိယပိုင်းတွင် တောင်တွင်းကြီးကုန်စည်ဒိုင်ရုံးခန်းသစ်အား တက်ရောက်လာ သော အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်း၊ တောင်တွင်းကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်နှင့် တောင်တွင်းကြီးကုန်စည်ဒိုင် ဥက္ကဌ ဦးချိုတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

မကွေးတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း