ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တန်ဆေးလွန်ဘေး ၊ ကျန်းမာရေးအတွက်ဆီလျှော့စားပေး

        ယနေ့ကမ္ဘာပေါ်တွင် လူတို့သည် အစားအစာဘေးအန္တယ်ရာယ်ကင်းရှင်းရေးကို အလေးထား စားသုံးလာကြပါသည်။ ထို့သို့စားသုံးရာတွင် စားသုံးဆီ၏ အခန်းကဏ္ဍမှာလည်း အလွန်အရေးပါလာသည်။ လူတို့အား ဘေးဥပါ်ဖြစ်စေသော စားသုံးဖွယ်ရာတွင် ဆီကြောင့်ဖြစ်ပေါ်သည့် ရောဂါများမှာ အများအပြားပင်ဖြစ်ပါသည်။ထို့ကြောင့် လူတို့သည် မိမိတို့၀င်ငွေအရ ကျန်းမားရေးနှင့်ညီညွတ်သော စားသုံးဆီသန့်များကို ရွေးချယ်သုံးစွဲလာကြပါသည်။ ယနေ့မြန်မာနိုင်ငံ၏ လူဦးရေးအရ ဆီစားသုံးမှုကို တွက်ချက်ကြည့်လျှင် အာဆီယံနိုင်ငံများ အတွင်း၌ စားသုံးမှု အနိမ့်ဆုံးနှုန်းနှင့် တွက်ချက် ကြည့်ခြင်းပင်လျှင် လူတစ်ဦးတစ်နှစ်လျှင် ပျမ်းမျှ ဆီ၆၀ကျပ်သား (၁၂ကီလိုဂရမ်) ခန့်စားသုံးလျက်ရှိကြောင်း ကျွမ်းကျင်ပညာရှင်များတွက်ဆကြပါသည်။ 

       မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအခြေခံနိုင်ငံတစ်နိုင်ငံဖြစ်သည့်အားလျော်စွာ ဆန်၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ၊ပြောင်းတို့ကို အဓိကထားစိုက်ပျိုးလျက်ရှိပါသည်။ ဆီထွက်သီးနှံများကို ပြည်တွင်း စားသုံးခြင်းနှင့် ပြည်ပသို့တင်ပို့ခြင်းတို့ရှိရာ ဈေးကွက်ရရှိမှုအရ မြေပဲ၊ နှမ်းအမျိုးမျိးတို့ကို ပြည်ပသို့ တင်ပို့ပြီး စားအုန်းဆီ၊ နေကြာဆီ၊ သံလွင်ဆီစသည့် စားသုံးဆီအမျိုးမျိုးကို ပြည်ပမှတင်သွင်းလျက်ရှိပါသည်။ စားသုံးဆီများတွင် မပြည့်ဝဆီ၊ ပြည့်ဝဆီနှင့် အသွင်ပြောင်းဆီဟူ၍ (၃)မျိုးခွဲခြားနိုင်ရာတွင် မပြည့်ဝဆီများကို တတ်နိုင်သမျှဦးစားပေး စားသုံးသင့်ပြီး၊ ဒုတိယဦးစားပေး ပြည့်ဝဆီကို အတန်အသင့်သာ စားသုံးသင့်ပြီး၊ အသွင်ပြောင်းဆီများကိုမူ (လုံးဝ) မစားသုံးသင့်ပေ။မပြည့်ဝဆီအုပ်စုတွင် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ ငါးမှရသော အဆီများ ပါဝင်ပါသည်။ ပြည့်ဝဆီအုပ်စုတွင် စားအုန်းဆီ၊ ဆီကြော်အစားအစာများ၊ တိရစ္ဆာန်မှရသော အဆီများ ပါဝင်ပါသည်။ အသွင်ပြောင်းဆီအုပ်စုတွင် အသင့်စားအစားအစာများဖြစ်သည့် အာလူးကြော်၊ ကြက်ကြော်၊ စမူဆာ၊ ပဲကပ်ကြော်၊ ကိတ်မုန့်၊ ပေါင်မုန့် စသည်တို့တွင် ပါဝင်သည့်ဆီများဖြစ်ပါသည်။
        ကမ္ဘာပေါ်တွင် စားအုန်းဆီ၊ ပဲပိစပ်ဆီ၊ နေကြာဆီ၊ မြေပဲဆီ၊ အုန်းဆီ၊ သံလွင်ဆီနှင့် မုန်ညင်းဆီ စသည့်စားသုံးဆီအမျိုးမျိုးကို သုံးစွဲလျက်ရှိသည့်အနက် အများဆုံးစားသုံးသည့်ဆီအမျိုးအစားမှာ စားအုန်းဆီ (Palm Oil) ဖြစ်ပြီးအာဆီယံ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဆီထုတ်လုပ်တင်ပို့မှုကဏ္ဍ၌ ပိုမိုများပြားပြီး၊ ဒေသတွင်းစားသုံးမှုမှာ ထုတ်လုပ်တင်ပို့မှုထက်လျော့နည်းကြောင်း စာရင်းအင်းဆိုင်ရာ သုတေသနကုမ္ပဏီဖြစ်သည့် ဂျာမဏီနိုင်ငံအခြေစိုက် Statista ၏ ကိန်းဂဏန်း အချက်အလက်များအရသိရှိရပါသည်။
      ဆီစားသုံးရာတွင် ကျန်းမာရေးနှင့်ညီညွတ်စေရန် လူတစ်ဦးအတွက် တစ်နေ့လျှင် လ္ဘက်ရည်ဇွန်း (၆) ဇွန်းခန့် (၁.၈ ကျပ်သား)၊ တစ်လလျှင် ၅၄ ကျပ်သားသာ စားသုံးသင့်ကြောင်း The Health Site.com မှ သိရှိရပါသည်။ မြန်မာနိုင်ငံတွင် လူတစ်ဦးအတွက် စားသုံးဆီ စားသုံးမှုနှုန်းမှာ တစ်နေ့လျှင် ၂.၂၅ ကျပ်သား၊ တစ်လလျှင် ၆၈ ကျပ်သား စားသုံးနေကြောင်း သိရှိရကာ ပုံမှန်သုံးစွဲသင့်သည့်ပမာဏထက် ပိုမိုသုံးစွဲနေသည်ကိုလေ့လာတွေ့ရှိရပါသည်။ဆီကိုစားသုံးသင့်သည့် ပမာဏထက် ကျော်လွန်စားသုံးခြင်းနှင့် အရည်အသွေးမပြည့်မီသည့် ဆီများစားသုံးခြင်းတို့ဖြင့် နှလုံးရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကင်ဆာရောဂါ၊ အဝလွန်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ လေဖြတ်ခြင်း စသည့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများစွာ ခံစားရစေပါသည်။ ထိုသို့ကျန်းမာရေးဆိုင်ရာဆိုးကျိုးများစွာ ခံစားလာရသည်နှင့်အမျှ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ထိခိုက်မှုများကိုပါ တွေ့ကြုံစေနိုင်သောကြောင့် ဆီစားသုံးမှုကို အတတ်နိုင်ဆုံးလျော့ချစားသုံးသင့်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော အရည်အသွေးပြည့်မီသည့်ဆီနှင့် ၎င်းဆီဖြင့်ပြုလုပ်ထားသည့် အစားအစာများကိုသာချင့်ချိန် စားသုံးသင့်ပါသည်။
        ဆီစားသုံးမှုလျှော့ချနိုင်ရေးအတွက် စားသုံးမှုပုံစံကို ပြောင်းလဲရန် လွန်စွာအရေးကြီးလှပါသည်။ ဆီကိုလူတစ်ဦးစားသုံးသင့်သည့်ပမာဏသာ အသုံးပြုခြင်း၊ ဆီကုန်သက်သာစေသည့် ဟင်းလျာများချက်ပြုတ်စားသုံးခြင်း၊ အကြွပ်ကြော်အစားအစာများ ချက်ပြုတ်စားသုံးမှုမှ ရှောင်ကြဉ်ခြင်းတို့အပြင် ပြန်ကြော်ဆီကို ထပ်ခါထပ်ခါအသုံးပြုခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေသည့်အတွက် ဆီကုန်သက်သာစေရန်ရည်ရွယ်ချက်ဖြင့် ဆီကိုထပ်ခါထပ်ခါအသုံးပြု၍ ကြော်ချက်ခြင်း မပြုလုပ်သင့်ပေ။ ဆီကိုဝယ်ယူသုံးစွဲရာတွင်လည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံပြီး ဆီထုပ်ပိုးမှု စနစ်မှန်ကန်သည့် Consumer Pack စနစ်ဖြင့် ထုပ်ပိုးရောင်းချသည့် စားသုံးဆီများကိုသာ ရွေးချယ်ဝယ်ယူသုံးစွဲသင့်ပါသည်။

       စားအုန်းဆီအား စားသောက်ကုန်အမှတ်တံဆိပ်များနှင့်အတူ ထည့်သွင်းပစ္စည်းအမယ် စာရင်းတွင်ထည့်သွင်းခြင်း၊ စားအုန်းဆီစားသုံးမှုမြင့်တက်များပြားလာခြင်း၊ လူဦးရေများများနှင့် စားသောက်ကုန်အချို့ တွင် စားအုန်းဆီ၏သြဇာ သက်ရောက်နေမှုကြောင့် ကျန်းမာရေးကိုစိုးရိမ်သောလူများက ယင်းဆီကို ဖိအားပေးလာကြသည်။ တစ်ဖန်ပြည့်ဝအဆီ (Saturated Oil) အားလုံးလိုလိုသည် ကိုလက်စထရောဆိုးကျိုးကိုမပေးကြောင်းလည်း စမ်းသပ်တွေ့ရှိကြသည်။ ယင်းတွင် လူကိုကောင်းကျိုးပေးသော ကိုလက်စထရော (H.D.L) နှင့် ဆိုးကျိုးပေးသောကိုလက်စထရော (L.D.L) ဟူ၍ရှိရာ စားအုန်းဆီစားသုံးမှုသည် အခြားပြည့်ဝအဆီများဖြစ်သည့် အုန်းဆီ၊ နို့၊ တိရစ္ဆာန်အဆီများနှင့် နှိုင်းယှဉ်လျှင်သွေးထဲမှကိုလက်စထရောနည်းပါးပါသည်ဟု စမ်းသပ်မှုအစီရင်ခံစာအချို့ကဖော်ပြကြပြန်သည်။ ထို့ပြင် စားအုန်းဆီတွင် ပါဝင်သည့် ပါမစ်တစ်အက်ဆစ် (Palmitic Acid) က အခြား ပြည့်ဝအဆီများနှင့်မတူဘဲ ကိုလက်စထရောအဆင့်ကို မျှစေသည်ဟူ၍လည်း ဆိုကြ၏။

       ဆီစားသုံးမှုတွင် ပြည့်ဝအဆီ (Saturated fat)သည် ကျန်းမာရေးအတွက် မသင့်လျော်ကြောင်း၊ ပုံပြောင်းအဆီ (Trans fat) သည် လူကိုအန္တရာယ်ပေးတတ်ကြောင်း၊ ပြည့်ဝမဟုတ်သောအဆီ (Unsaturated fat) ကို စားသုံးသင့်၍ တစ်မယ်တည်းအဆီ (Mono Unsaturated Oil) ကိုသာ ဦးစားပေး၍စားသုံးသင့်ကြောင်း ဓာတ်ခွဲပညာရှင်များက တွေ့ရှိခဲ့ကြသော်လည်း သဘောထားကွဲလွဲမှုအနည်းငယ်ရှိနေဆဲဖြစ်ပေသည်။ အချို့က ချက်ပြုတ်ကြော်လှော်ရာတွင် ဆီသည်မရှိမဖြစ် လိုအပ်သည်ဟု ဆိုကြသော်လည်း အချို့ကဆီကိုရှောင်ကြဉ်သင့်သည်ဟု သဘောထားခဲ့ကြသည်။

        F.D.A အဖွဲ့အစည်းကမူ အဆီစားသုံးလျှင် ကယ်လိုရီ နည်းနည်း (သို့) ပါဝင်မှု ၃ဝ% သာ စားသုံးသင့်သည်ဟု ထောက်ခံချက်ပေးကြသည်။ အခြား အာဟာရဓာတ်ပညာရှင်များကညွှန်းရာတွင် လူတစ်ယောက်အနေဖြင့် အဆီကရသည့် ကယ်လိုရီကို ၁ဝ% ထက်မပိုသင့်ဟု ဆိုကြပြန်သည်။ သို့ဖြင့် ဆီစားသုံးမှုလွန်ကဲလျှင် အသည်းအဆီဖုံးခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးရောဂါနှင့် ကင်ဆာရောဂါကိုအားပေးခြင်းဟူသော ဆိုးကျိုးများကို ရနိုင်ကြောင်း ကျန်းမာရေးအသိ များရှိခဲ့ကြသည်။
လူတို့အတွက် နေ့စဉ်အာဟာရဓာတ် လိုအပ်ချက်တွင် ဆီသည်လည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။

        သို့သော် ဆီစားသုံးမှုများပြားပါက ကျန်းမာရေးကိုထိခိုက်နိုင်ပြီး အသည်းအဆီဖုံးခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးရောဂါနှင့် ကင်ဆာရောဂါကိုအားပေးခြင်း စသည့်ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သဖြင့် “တန်ဆေး၊ လွန်ဘေး”ဆိုသည့် မြန်မာစကားပုံအတိုင်း ချင့်ချိန်စားသုံးကြရန် လိုအပ်ပါကြောင်း တင်ပြလိုက်ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ရန်ကုန်တိုင်းဒေသကြီး

၂၆.၁.၂၀၂၂ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

၂၆.၁.၂၀၂၂ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

ရမ်းဗြဲမြို့နယ်၊ ခွဆုံကျေးရွာနှင့်ရွှေရွာဟောင်းကျေးရွာများမှ ဆောင်းမြေပဲစိုက်တောင်သူများနှင့်တွေ့ဆုံဆွေးနွေးခြင်း

          စားသုံးသူရေးရာဦးစီးဌာနသည် သွင်းကုန်အစားထိုးရန်၊ ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့ရန်နှင့် အလားအလာကောင်းသည့် အမယ်သစ် သီးနှံတစ်မျိုးခြင်းအလိုက် သီးနှံဆိုင်ရာသတင်းအချက် အလက်များကို လေ့လာပြုစုတင်ပြလျက်ရှိပါသည်။

          ကျောက်ဖြူခရိုင်တွင် ဆီဝမ်းစာဖူလုံမှုမရှိ၍ နှစ်စဉ်စားသုံးဆီတန်ချိန် (၁၅၀၀)ကျော် တင်သွင်းနေရပါသည်။ သွင်းကုန်အစားထိုးနိုင်ရေးရည်ရွယ်၍ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ် ခွဆုံရွာနှင့် ရွှေရွာဟောင်းကျေးရွာများတွင် စိုက်ပျိုးလျှက်ရှိသော ဆောင်းမြေပဲသီးနှံဆိုင်ရာ သတင်း အချက်အလက်များကို ခရိုင်ဦးစီးမှူးနှင့်မြို့နယ်တာဝန်ခံတို့မှ ၂၁.၁.၂၀၂၂ ရက်နေ့တွင် ကွင်းဆင်းလေ့လာခဲ့ပါသည်။

          ယခုနှစ်ဆောင်းမြေပဲရာသီတွင် မြေပဲစိုက်ပျိုးနိုင်ရန်အတွက်  ခွဆုံရွာနှင့် ရွှေရွာဟောင်း ကျေးရွာမှ တောင်သူ(၁၅)ဦးသည် မိမိတို့ပိုင်ဆိုင်သည့် လယ်မြေဧက(၄၀)ကျော် ပေါ်တွင် မိုးကောင်း ရေသောက်ကောက်စောစပါးများ စိုက်ပျိုးကြသည်။ ကောက်စောစပါးများကို ရိတ်သိမ်းပြီး ရိုးပြတ် များကို ရှင်းလင်းကာ ကျန်နေသော မြေအစိုဓါတ်ပေါ်တွင် ထွန်(၅)စင်းစက်ဖြင့် ထိုးပြီး ဒီဇင်ဘာလ ပထမအပတ်တွင် စိုက်ပျိုးပြီးစီးခဲ့ပါသည်။ စိုက်ဧကစုစုပေါင်း(၃၅)ဧကကျော် ရှိပြီး တစ်ဦးလျှင် အနည်းဆုံး (၀.၅၀)ဧကမှ အများဆုံး (၃.၀၀)ဧက စိုက်ပျိုးသည်အထိပါဝင်ကြောင်း တွေ့ဆုံဆွေးနွေးခဲ့သည့် ပဲစိုက်တောင်သူ ဦးနီထွန်းအောင်ထံမှ သိရှိရပါသည်။ စိုက်ပျိုးသည့် မျိုးများအနေဖြင့် ဆင်းပဒေသာ (၅)၊(၆)နှင့်(၁၁)တို့ဖြစ်ပါသည်။ မျိုးတန်းဖိုးမှာ တစ်ဧကကျပ် (၁၀၀၀၀၀)ခန့် ကုန်ကျပါသည်။ သွင်းအားစုအနေဖြင့် သဘာဝမြေဩဇာ အီးအင်ဘိုကာချီနှင့် ဓာတ်မြေဩဇာများကို အချိုးကျသုံးစွဲပြီး ပိုးသတ်ဆေးနှင့်မှိုသတ်ဆေးတို့ကိုပါ သုံးစွဲရသည့် အတွက်ကြောင်း တစ်ဧကကုန် ကျစရိတ် ကျပ်(၂၀၀၀၀၀)ကျော်ခန့် ကုန်ကျ မည် ဖြစ်ပါသည်။ စံပြစိုက်ကွက်ဖြစ်သည့်အားလျှော်စွာ  Good Agriturail Practice(GAP) စနစ်ဖြင့် စိုက်ပျိုးနေပြီး စိုက်ပျိုးရေးဦးစီးဌာနမှ အနီးကပ်ပညာပေးလျှက်ရှိပါသည်။ အပင်သက်တမ်းမှ ရက်(၁၀၀)မှ (၁၀၅)ရက်ဖြစ်ပြီး မတ်လကုန်တွင် ရိတ်သိမ်းရမည်ဖြစ်ပါသည်။ သီးထပ်စိုက်ပျိုး မြေဖြစ်၍ ရိတ်သိမ်းခြင်းမှ ကျန်ရှိ သော ပင်စည်ဟောင်းနှင့် အမြစ်ဟောင်းများကို လယ်ကွင်းတွင်ပြန်လည် ထည့်သွင်းပေးခြင်း အားဖြင့် လာမည့်မိုးရာသီတွင် သဘာဝမြေဩဇာ အဖြစ် ရရှိမည်ဖြစ်၍ များစွာအကျိုးရှိပါသည်။ ပန်တိုင်းအထွက်နှုန်းမှာ (၁)ဧက တင်း(၅၀) ထွက်ရှိလာပါက ကာလပေါက်ဈေးဖြင့် တွက်ချက်ပါက ကျပ်(၁၀)သိန်းခန့် ရရှိမည်ဖြစ်ပါသည်။ စိုက်ခင်း အောင်မြင်ပါက တောင်သူများအနေဖြင့်လည်း လူမှုစီးပွားဘဝမြင့်မားလာမည်ဖြစ်ပြီး ဒေသအတွက် လည်း အာဟာရတန်ဖိုးမြင့်မားသည့် မြေပဲဆီများကို စားသောက်ရမည်ဖြစ်ပါကြောင်း တင်ပြအပ် ပါသည်။

DOCA(ရခိုင်)

ဟင်္သာတခရိုင်၏ ဆင်းသုခစပါး စိုက်ပျိုးမှုနှင့် ဆန်ဈေးကွက်အခြေအနေ

          ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်သည် မိုးစပါးစိုက်ဧက  ၅သိန်းသုံးသောင်းကျော် စိုက်ပျိုးပြီး၊ ဆင်းသုခစပါး ၂၄၁၀၀၇ ဧက၊ ဧရာမင်းစပါး ၁၀၁၆၀၃ ဧက၊ မနောသုခစပါး ၇၂၂၂၆ ဧက၊ ရွှေဝါထွန်းစပါး ၄၃၂၂၄ ဧက၊ စဝါနာ စပါး ၃၇၀၅၁ ဧက ၊အင်းမရဲဘော် စပါး ၁၃၂၂၉ ဧက၊ ငစိန် ၁၂၈၆၈  ဧက စိုက်ပျိုးပြီး၊ မှော်ဘီ-၂၊ ထိုင်း ၉၀၊ ပခန်းရွှေဝါစသည့် အခြားစပါးမျိုးများ ကိုလည်း ဧကထောင်ဂဏန်းဝန်းကျင် စိုက်ပျိုးသည့်ဒေသ ဖြစ်သည်။ တစ်ခရိုင်လုံးတွင် ဆင်းသုခစပါး ကို ဧကနှစ်သိန်းကျော်စိုက်ပျိုးပြီး၊ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူ (၆) မြို့နယ်လုံးစိုက်ပျိုးသည့်အတွက် ဆင်းသုခ ဇုန် ဟု ခေါ်ဆိုနိုင်သောဒေသလည်း ဖြစ်ပါသည်။

          ဈေးကွက်တွင်လည်း ဆင်းသုခ စပါးဈေးကိုသာ အဓိကထား ဈေးဖွင့်ကြပြီး ဆင်းသုခ စပါးနှင့်ဆန်ကို အလေးထား အရောင်းအဝယ်ပြုကာ ဒုတိယအနေဖြင့် ဧရာမင်းစပါးအုပ်စုဖြစ်သည့် ခြံဧရာ၊ လှဌေး(ရှယ်)၊ ရိုးနီ စသည့်စပါးများကိုအရောင်းအဝယ်များသော ဒေသလည်းဖြစ်ပါသည်။ မတ်ပဲ သီးထပ်စိုက်ပျိုးသောဒေသဖြစ်သည့်အတွက် သက်လတ်မျိုးဖြစ်သော ဆင်းသုခမျိုးကို စိုက်ပျိုးကြ ခြင်းလည်းဖြစ်သည်။ ဟင်္သာတခရိုင်တွင်၊မိုးစပါးစိုက်ပျိုးရာ၌ ဆင်းသုခစပါးကို ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ၁၄၂၆၈၅ ဧက၊ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ၂၀၂၆၀၃ဧက၊ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ၂၄၁၀၀၇ ဧကထိ တိုးတက်စိုက်ပျိုးလာပြီး စိုက်ပျိုးရာတွင်လည်း ထွန်ခင်းထက် ၊ ကြဲခင်း စနစ်ကို အများဆုံး အသုံးပြုစိုက်ပျိုးလာကြပါသည်။ နွေစပါးစိုက်ပျိုးရာတွင်လည်း ဟင်္သာတတခရိုင်လုံး နွေစပါး စိုက်ဧက ၃၈၀၀၀ ကျော်တွင် ဆင်းသုခစပါး စိုက်ဧကမှာ ၉၀၀၀ ခန့်ရှိပါသည်။

          ဆင်းသုခစပါးသည် လက်ရွေးစင်အထွက်တိုးအုပ်စုဖြစ်ပြီး၊ ၂၀၀၉ခုနှစ်တွင် စတင်ထုတ်ဝေခဲ့ ပြီး အပင်အသက်ရက် ၁၃၅-၁၄၀ ရက်ရှိပါသည်။ ဆန်ရည်ဆန်သားမှာ ကြည်လင်ပြီး၊ ဆန်စေ့ အလျားမှာ ၆.၂၈ မီလီမီတာ၊ အနံမှာ ၂.၁၄ မီလီမီတာရှိပြီး၊ အလျားအနံအချိုးမှာ ၂.၉၃ ရှိသည့် အတွက် Medium-Grain အမျိုးအစားဖြစ်ကာ၊ သင့်တင့်သော စားသုံးမှုအဆင့်အတန်းရှိသည့် စပါး မျိုးဖြစ်ပါသည်။

စပါးမျိုးတခုတည်းကို ဧကများစွာစိုက်ပျိုးသည့်အတွက် စပါးပေါ်ချိန်တွင် တပြိုင်တည်းပေါ် ပြီး၊ရိတ်သိမ်းရာတွင်လည်း ရိတ်ခြွေစက်ဖြင့်ရိတ်သိမ်းပြီး၊ ရာသီကလည်းသိုလှောင်ရန်မသင့်သေး သည့်အတွက် တောင်သူမှ ကွင်းအတွင်းပင် ကုန်သည်၊ ပွဲစား၊ စက်ပိုင်တို့ ထံရောင်းချကြသည့်၊ မိုးစပါးကောက်စောပေါ်ချိန်  ၂၀၂၁ ခုနှစ် အောက်တိုဘာ  လဆန်းတွင် ဟင်္သာတခရိုင်၌ ဆင်းသုခ စပါး (၄၆)ပေါင်၊ တင်း ၁၀၀လျှင် ၊ အစိုဓာတ် ရာခိုင်နှုန်း ၁၄-၂၀ ကြား၊ စက်အရောက်ဈေး ငါးသိန်းလေးသောင်းကျပ်ဈေးပေါက်ပြီး၊ ဆင်းသုခဆန်(အလတ်စ) ၁၀၈ ပေါင်တစ်အိတ်လျှင် ၂၃၀၀၀ ကျပ်ဈေးပေါက်ခဲ့ပါသည်။ ၂၀၁၉ ခုနှစ် ကောက်စောပေါ်ချိန်တွင် စပါးတင်း (၁၀၀)  ၄၆၀၀၀၀ကျပ်၊ ဆင်းသုခ ဆန်(အလတ်စ) ၁၇၅၀၀ ကျပ်၊ ၂၀၂၀ ခုနှစ်တွင် စပါးတင်း(၁၀၀) ၅၂၀၀၀၀ ကျပ်၊ ဆင်းသုခဆန် (အလတ်စ) ၂၁၀၀၀ ကျပ် ဈေးများ နှင့်နှိုင်းယှဉ်ပါက ၂၀၂၁ ခုနှစ် ၊ မိုးစပါးကောက်စောပေါ်ချိန်တွင် တောင်သူတို့ ဈေးကောင်းရသောနှစ်လည်းဖြစ်ပါသည်။

          ဟင်္သာတခရိုင်၏ ၂၀၂၁ ခုနှစ်မိုးစပါးပေါ်ချိန်သည် အောက်တိုဘာလဆန်းမှာစ၍ ၊ စပါး တစ်တင်း(၄၆)ပေါင်၊ အစိုဓာတ်ရာနှုန်း (၁၄-၁၆)၊ တင်း (၁၀၀) ဈေးမှာ အောက်တိုဘာလကုန်တွင် ခြောက်သိန်းကျပ်၊ နိုဝင်ဘာလကုန်တွင်  ခြောက်သိန်းလေးသောင်းကျပ်၊ ဒီဇင်ဘာကုန်တွင် ခြောက် သိန်းငါးသောင်းကျပ်၊ ၂၀၂၂ခုနှစ်  ဇန်နဝါရီ (၂၃) ရက်နေ့တွင် စပါး တင်း(၁၀၀) စက်အရောက်ဈေး ခြောက်သိန်းခုနှစ်သောင်းကျပ်ရရှိနေသောကြောင့် တောင်သူတို့ တွက်ချေ ကိုက်အဆင်ပြေသော ဈေးနှုန်းကိုရရှိလျက်ရှိပါသည်။ တောင်သူတို့ဈေးကောင်းကို ပိုမိုရရှိရန်အတွက် ကောက်စောစပါး ပေါ်ချိန် အောက်တိုဘာလဆန်းတွင် ဒေသအလိုက် အခြောက်ခံစက်များလိုအပ်ပြီး အခြောက်ခံသိုလှောင် ရောင်းချနိုင်လျှင် တောင်သူတို့ ပိုမို တွက်ချေကိုက်မည် ဖြစ်ပါသည်။

          ဆင်းသုခဆန်သည် ထမင်းကောင်းသောဆန်ဖြစ်သည့်အတွက် အထက်စ(Double Polish, Colour Sorted)ကြိတ်ခွဲ၍ ဒေသတွင်းစားသုံးပြီး၊ အထက်အညာဒေသို့လည်းတင်ပို့ရောင်းချကြ ပါသည်။  ဧည့်မထ ၂၅ မှတ်ဆန်များ ပြည်ပတင်ပို့ရန်ရောင်းချရာတွင်လည်းတန်းဝင်သည့်အတွက် ဈေးကွက်ကောင်းမွန်ပြီး၊ အကျိုးအမြတ်ရှိသည့် စိုက်ပျိုးရေး ထုတ်ကုန်လည်းဖြစ်ပါသည်။ ဆင်းသုခ ဆန်ဈေးမှာလည်း ၂၀၂၀ ခုနှစ် ကောက်စောပေါ်ချိန် အောက်တိုလမှစ၍ ဆင်းသုခ ၁၀၈ ပေါင် တစ်အိတ်လျှင် ၂၁၀၀၀ကျပ်ဈေးမှ ‌၂၀၂၁ ခုနှစ် မိုးစပါးစိုက်ပျိုးချိန် ဇွန်၊ ဇူလိုင်၊ ဩဂုတ်လများ တွင် ၂၇၀၀၀၊ ၂၈၀၀၀ ကျပ်ဈေးထိ မြင့်တက်အရောင်းအဝယ်ဖြစ်သဖြင့် ဆန်ဆိုင်များ၊ ဆန်သိုလှောင် ရောင်းဝယ်သူများအတွက်ပါ တွက်ချေကိုက်အကျိုးရှိစေပြီး ၊ စားသုံးသူပြည်သူများအတွက်ပါ  သင့် တင့်သောဈေးဖြင့် အရည်အသွေးမှီ စားဆန်ကို ဝယ်ယူစားသုံးနိုင်သည့်အတွက် ဟင်္သာတခရိုင်တွင် နှစ်စဉ်စိုက်ပျိုးဧကတိုးတက်လာခြင်းလည်းဖြစ်ပါသည်။

          ဟင်္သာတခရိုင်သည် ယခင်က ဒေသမျိုးသက်လတ်စပါးများကို စိုက်ပျိုးပြီး၊ ဆောင်းသီး နှံမတ်ပဲကို အလေးထား၍ စိုက်ပျိုးကြသဖြင့် ၊ စပါးအရင်း၊မတ်ပဲအမြတ်ဟု တောင်သူတို့ စွဲမှတ် လုပ်ကိုင် လာရာမှ ဆင်းသုခစပါးမျိုးကဲ့သို့ သက်လတ် ထွက်နှုန်းကောင်းမျိုးများကို ပြောင်းလဲ စိုက်ပျိုး လာကြသဖြင့်  စပါးမှာ လည်းအမြတ်ထွက်၊ မတ်ပဲမှာလည်းအကျိုးရှိသဖြင့် စနစ် တကျ လုပ်ကိုင်သော လယ်သမားများအဖို့ ဝင်ငွေတိုးစေမှာပဲဖြစ်ပါသည်။ တစ်ဧကကုန်ကျစရိတ် လျော့ချနိုင်ရေး ဆောင်ရွက်ခြင်း၊ သွင်းအားစု နှင့် ပိုးသတ်ဆေးများ စနစ်တကျအလေလွင့်နည်းစွာသုံးစွဲခြင်း၊ ရိတ်သိမ်းချိန်လွန်နည်းစဉ်များ အတိုင်း စနစ်တကျဆောင်ရွက်ခြင်းဖြင့် အရည်အသွေးမှီ ထုတ်ကုန် များထုတ်လုပ်နိုင်ပြီး၊ စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သော ဒေသဖြစ်သည့် ဟင်္သာတခရိုင်၏ တောင်သူများလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်မှာ အမှန်ပင်ဖြစ်ပေသည်။

DOCA(ဧရာဝတီ)

 

ဆန်းသစ်လာသည့်ရေကြည်ပေါ်ဆန်းမွှေး တောင်သူများအားအကျိုးပေး

              ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဧရာဝတီပေါ်ဆန်းခေတ်ပြန်လည် ဆန်းသစ်ပေါ်ထွန်းလာစေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် သက်ဆိုင်ရာဌာန ဆိုင်ရာများပေါင်းစပ်၍ ရေကြည်ပေါ်ဆန်းစပါးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချလျှက်ရှိသော တောင်သူများ၊ ကုန်သည်များ၊ စက်ပိုင်များနှင့် ပေါင်းစည်းဆောင်ရွက်လျက်ရှိပါသည်။

              ရေကြည်မြို့နယ်အတွင်းရှိ ပေါ်ဆန်းစိုက်ပျိုးသော တောင်သူများအနေဖြင့် ယခင်ကာလက မိရိုးဖလာနည်းဖြင့်သာစိုက်ပျိုးခဲ့ခြင်းဖြင့် သူတစ်ကွက်ငါတစ်ကွက်စိုက်ပျိုးခြင်းနှင့် အရည်အသွေးမမှီ သော ဒေသမျိုးများစိုက်ပျိုးကြသည့်အတွက် ဈေးကွက်မရှိဘဲ တောင်သူများမှာ စိုက်ပျိုးစရိတ် ကာမီရုံသာ အကျိုးအမြတ်ဖြစ်ထွန်းမှုနည်းပါးစွာရရှိခဲ့ပါသည်။  ယခုအခါ ကန်ထရိုက်လယ်ယာစနစ် Contract Famming ဖြင့် စိုက်ပျိုးခဲ့ခြင်းကြောင့် ဈေးကွက်သို့ဝင်ရောက်နိုင်ခဲ့ပါသည်။

              ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာအုပ်စုရှိ ဧက ၁၆၀၀ အပါအဝင် တစ်စပ်တစ်ဆက် တည်းရှိသော ပန်းဇံကွင်း၊ ကွင်းကြီး၊ မကျည်းသဟာ စသည့်ကျေးရွာအုပ်စုများတွင် Contract Famming စနစ်ဖြင့် တောင်သူ(၃၆၇)ဦးမှ ပေါ်ဆန်းစိုက်ဧက (၂၆၃၈)ဧကအား စိုက်ပျိုးရေးဦးစီး ဌာနမှ အနီးကပ်ကြီးကြပ်၍ စိုက်ပျိုးထုတ်လုပ်လျှက်ရှိပါသည်။ ဧရာဝတီပေါ်ဆန်း(ဘေးကြား)အား ဈေးကွက်တွင်ဖြစ်ပေါ်လာစေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၁၇-၂၀၁၈ခုနှစ်မှစတင်၍ ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိပြီး မျိုးကောင်း မျိုးသန့်များထုတ်ပေးခြင်း၊ မြေဆီလွှာအားထိမ်းသိမ်းပြုပြင် ခြင်း၊ ဓါတ်မြေဩဇာကျွေးခြင်းများကို စနစ်တကျရှိစေရေးအတွက် ကြီးကြပ်ဆောင်ရွက်ပေးလျှက် ရှိပါသည်။ ထို့အပြင် လိုအပ်သည့်လုပ်ငန်းများကို စိုက်ပျိုးရေးသုတေသနဌာနစိတ်မှ စမ်းသပ် ဖြည့်ဆည်းပေးလျှက် အရည်အသွေးပြည့်မီ၍ အထွက်တိုးစေရေးအတွက် ဆောင်ရွက်ပေးလျှက်ရှိရာ တောင်သူများမှာ ဗဟုသုတများတိုးတက်လာပြီး စိတ်ပါဝင်စားစွာစိုက်ပျိုးမှုကြောင့် တစ်နှစ်ထက် တစ်နှစ် အရည်အသွေးပြည့်မီ၍ ရွှေဘိုပေါ်ဆန်းမွှေးကဲ့သို့ အရည်အသွေးပြည့်မီလာခဲ့ပါသည်။

              ယခင်နှစ်က ဧကပျမ်းမျှအထွက်နှုန်းမှာ(၇၉)တင်းနှုန်းထွက်ရှိပြီး ယခုနှစ်တွင် တစ်ဧကပျမ်းမျှ အထွက်နှုန်း(၈၀)တင်းခန့်ထွက်ရှိခဲ့ပါသည်။ ပေါ်ဆန်းစပါးဈေးနှုန်းအနေဖြင့် ယခင်နှစ်စပါးတစ်တင်း အခြောက်(၅၀)ပေါင်လျှင် ၁၂၅၀၀ကျပ်ရရှိခဲ့ပြီး ယခုနှစ်တွင် စပါးတစ်တင်းအခြောက်(၅၀)ပေါင်လျှင် ၁၃၂၀၀ ကျပ်ဈေးရရှိခဲ့ပါသည်။ ယခုနှစ် တစ်ဧကပျမ်းမျှအထွက်တင်း(၈၀) တင်းဖြစ်ပြီး စပါးတင်း(၁၀၀)လျှင် (၁၃၂၀၀၀၀)ကျပ်ရရှိပြီး တစ်ဧကစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မှာ (၅၂၅၅၀၀) ကျပ်ကုန်ကျသည့်အတွက် တောင်သူအကျိုးအမြတ်အနေဖြင့် (၅၃၀၅၀၀)ကျပ် ရရှိမည်ဖြစ်ပါသည်။ ဈေးကွက်အနေဖြင့် ဒေသတွင်း ကုန်သည်၊ စက်ပိုင်များအပြင်၊ ပုသိမ်၊ မြောင်းမြ ဈေးကွက်နှင့် အညာ ဈေးကွက်အထိ လာရောက်ဝယ်ယူလျှက်ရှိပါသည်။

              စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စီးပွားရေးဦးတည်ချက်(၄)ရပ်နှင့်အညီ ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေးအခြေခံသည့် စီးပွားရေးကဏ္ဍအား ဖွံ့ဖြိုးတိုးတက်စေရေး ထွက်ရှိလာသည့်အရည်အသွေးပြည့်မီသော ရေကြည်ပေါ်ဆန်းမွှေးအား ပြည်တွင်း ဈေးကွက်ရရှိစေရေးနှင့်ပြည်ပသို့တင်ပို့ ရောင်းချနိုင်ရေး ဒေသကုမ္ပဏီများ၊ ဆန်စက်ပိုင်ရှင်များ၊ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်၍ ဆောင်ရွက်လျက်ရှိပြီး Milling Quality နှင့် Eating Quality အဆင့်မီကောင်းမွန်စေရန်၊ ခေတ်မှီအခြောက်ခံစက်များနှင့်သိုလှောင်ရုံခြင်း၊ ကြိတ်ခွဲခြင်း၊ ထုတ်ပိုးခြင်းများကို ကြီးကြပ်ဆောင်ရွက်ပေးလျှက် ရှိပါသည်။

              ဧရာဝတီတိုင်းအစိုးရအဖွဲ့အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း အမှန်တကယ် အရည်အသွေးကောင်းမွန်သော ပေါ်ဆန်းစပါးအား ဈေးကွက်အတွင်း Branded ဖော်ဆောင်၍ ဈေးကွက်ထိုးဖောက်နိုင်ရန်အတွက် တိုင်းဒေသကြီးအဆင့်ရေကြည်ပေါ်ဆန်း ကြီးကြပ်ကွပ်ကဲရေးအထူးအဖွဲ့အား ဖွဲ့စည်းဆောင်ရွက်လျှက်ရှိသည်။ သို့ဖြစ်ပါ၍ ရေကြည်ပေါ်ဆန်းမွှေး ဈေးကွက်အခိုင်အမာရရှိလာပါက တောင်သူများအနေဖြင့် ဧရာဝတီပေါ်ဆန်း တစ်ခေတ်ဆန်းသစ်လာပြီး ဝင်ငွေအခွင့်အလမ်းများစွာရရှိနိုင်မည် ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

DOCA(ဧရာဝတီ)

ပျူမြို့ဟောင်းရဲ့ ဆောင်သီးနှံ ဟင်းသီးဟင်းရွက်စျေးကွက်

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၏ သရေခေတ္တရာပျူမြို့ဟောင်းနယ်မြေ မှော်ဇာကျေးရွာအုပ်စုတွင် ကျေးရွာခွဲ(၁၅)ရွာရှိပြီး စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပါသည်။ မိုးရာသီတွင်မိုးစပါးကို အဓိကထားစိုက်ပျိုးပြီး ဖူးစားပြောင်း၊ မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ပဲစင်းငုံနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးကြပါသည်။ ဆောင်းရာသီတွင် ဟင်းသီးဟင်းရွက်ကို အများဆုံး စိုက်ပျိုးကြကာ မြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ပြောင်းဖူးများကိုလည်း စိုက်ပျိုးကြပါသည်။

          မှော်ဇာကျေးရွာအုပ်စုတွင် ဆောင်သီးနှံစိုက်ဧက ၁၀၉၁ ရှိသည့်အနက် ဟင်းသီးဟင်းရွက် စိုက်ဧကမှာ ၄၈၉ဧက ရှိပြီး တောင်လုံးညိုကျေးရွာ၊ ကုလားကန်ကျေးရွာ၊ ကြို့ပင်ကျေးရွာ၊ ဆင်ဖြူကုန်းကျေးရွာနှင့် ရွှေကြို့ပင်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ အိမ်ခြံမြေများတွင် သက်တမ်းတိုသီးနှံများဖြစ်သည့် မုန်လာဥ၊ကြက်သွန်နီ၊ ဘူး၊ သခွား၊နံနံပင်နှင့် ပြောင်းဖူးတို့ အများဆုံးစိုက်ပျိုးကြပါသည်။ ဆောင်းသီးနှံဟင်းသီးဟင်းရွက်ကို နှစ်စဉ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် စတင်စိုက်ပျိုးပြီး ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် ခူးဆွတ်ပါသည်။ ထွက်ရှိလာသည့် ဟင်းသီးဟင်းရွက်များကို အခင်းဖြတ်စနစ်ဖြင့်လည်းကောင်း၊ ကုန်စိမ်းဒိုင်များသို့အရောက်ပို့စနစ်ဖြင့်လည်းကောင်း၊ ကြားပွဲစားများသို့လည်းကောင်း ရောင်းချကြပါသည်။

          ရာသီသီးနှံများစိုက်ပျိုးရာတွင် တစ်ဧကလျှင် ကျပ် ၅သိန်းမှ ၈သိန်းကြား ကုန်ကျစရိတ်ရှိပြီး ယခုနှစ်တွင် ရာသီဥတုကောင်းပြီး အထွက်နှုန်းများ၍ သီးနှံများစျေးကောင်းရသည့် နှစ်များတွင် တောင်သူများအနေဖြင့် တစ်ဧကလျှင် ၁၀သိန်းမှ ၁၅သိန်းအထိ အကျိုးအမြတ်ရရှိနိုင်ကြောင်း သိရပါသည်။ပုံမှန်အားဖြင့် တောင်သူများ၏ တစ်ဧကအကျိုးအမြတ်မှာ ကျပ်၈သိန်းမှ ၉သိန်းခန့် ရှိသော်လည်း ရာသီဉတုမမှန်ခြင်း သီးနှံဈေးကောင်းမရရှိသည့်နှစ်များတွင်မူ တောင်သူများအရှုံးပေါ်တတ်ကြောင်း သိရှိရပါသည်။ မှော်ဇာကျေးရွာအုပ်စုတွင် ကုန်စိမ်းဒိုင် (၅)ဒိုင်ခန့်ရှိပြီး တောင်သူများသို့ မျိုး၊ စိုက်စရိတ်  အချို့တဝက်ပေး သီးနှံယူစနစ်ဖြင့်လည်းကောင်း၊ အခင်းဖြတ်စနစ်ဖြင့်လည်းကောင်း၊ ကြားပွဲစားများထံမှလည်းကောင်း၊ သီးနှံအရည်အသွေးပေါ်မူတည်၍ သတ်မှတ်စျေးနှုန်းများဖြင့် ဝယ်ယူကြပြီး ရန်ကုန်မြို့ရှိ သီရိမင်္ဂလာစျေးနှင့် ဒညင်းကုန်းစျေးများသို့ တင်ပို့ရောင်းချကြပါသည်။ ကုန်စိမ်းဒိုင်များအနေဖြင့် တစ်လလျှင် ပျမ်းမျှ ကျပ် ၃သိန်းမှ ၅သိန်းဝန်းကျင်အထိ အကျိုးအမြတ်ရရှိကြောင်းသိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ပဲခူးတိုင်းဒေသကြီး

 

 ပြည်တွင်းအထည်များ ပြည်ပဈေးကွက်ပိုမိုရရှိရေး ဝိုင်းဝန်းဆောင်ရွက်ပေး

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်နှင့် ဝန်ထမ်းများသည် ပြည်တွင်းဒေသ ထွက်ကုန်ချည်ထည်များအား ပြည်ပဈေးကွက်သို့ ပိုမိုထိုးဖောက်နိုင်ရန်ရည်ရွယ်၍ ပြည်တွင်း SMEs ကုန်စည်ပြပွဲများနှင့် ပြည်ပကုန်စည်ပြပွဲများသို့ သွားရောက်ပြသနေသည့် ပခုက္ကူမြို့၊ အမှတ်(၁၁) ရပ်ကွက်၊ (၆)လမ်းတွင်တည်ရှိသော “ဂဠုန်မင်းညီနောင်” ချည်ထည်အမျိုးမျိုး ထုတ်လုပ် ရောင်းဝယ်ရေးသို့ ဇန်နဝါရီလ(၂၀)ရက်နေ့၊ နံနက်(၁၁:၀၀)အချိန်တွင် ကွင်းဆင်းလေ့လာခဲ့ပါသည်။

          “ဂဠုန်မင်းညီနောင်” ချည်ထည်အမျိုးမျိုးထုတ်လုပ်ရောင်းဝယ်ရေး လုပ်ငန်းရှင် ဒေါ်နီလာမှ  မိမိတို့ ချည်ထည်လုပ်ငန်းမှထုတ်လုပ်သော ၁/၇ (၂)ပင်လိမ် ဝါချည်အတိုင်၊ အဖောက်ရက်လုပ် ထားသော  ဝါချည်စောင်ကို  ကနေဒါနိုင်ငံ၊ ကီလိုဝါ(Kelowa)မြို့ရှိ မိတ်ဆွေတစ်ဦးမှ ကနေဒါနိုင်ငံ အတွင်းဖြန့်ဖြူးရောင်းချနိုင်ရန်ဆက်သွယ်လာပါကြောင်း၊ ပြည်တွင်းဈေးကွက်မှာ ဝါချည်စောင်(၁) ထည်လျှင်(၂၆၀၀၀)ကျပ်ရောင်းချရပြီး ပြည်ပသို့ဈေးကွက်ပေါက်သွားလျှင် ပို၍ဈေးကောင်းရနိုင် သောကြောင့် ပြည်ပဈေးကွက်ကိုထိုးဖောက်ရန်အတွက် နမူနာအဖြစ် ချည်ထည်များကို ဈေးနှုန်း သက်သာစွာဖြင့် တင်ပို့လိုပါကြောင်း၊ ကုန်ကျစရိတ်သက်သာစေရန် ပခုက္ကူမြို့ စာတိုက်မှ တင်ပို့နိုင် ရန်စုံစမ်းသည့်အခါ ပြည်ပနိုင်ငံ(၆)နိုင်ငံကိုသာ တင်ပို့နိုင်ပြီး ကနေဒါနိုင်ငံမပါဝင်သည်ကိုသိရှိရပါ ကြောင်း၊ အခြားနည်းလမ်းဖြင့် ဝါချည်စောင်များကို တင်ပို့လျှင် သယ်ယူခကုန်ကျစရိတ် မြင့်မားပြီး ဈေးကွက်မှာ ရောင်းချရန်အဆင်မပြေသောကြောင့် စာတိုက်မှသာ တင်ပို့လိုပါကြောင်း၊ ကနေဒါ နိုင်ငံသို့ နမူနာအဖြစ် ဝါချည်စောင်အထည်(၅၀)ခန့်တင်ပို့ရန်ခန့်မှန်းထားပါကြောင်း၊ ပြည်ပ ဈေးကွက်တွင် ချည်ထည်များဖြန့်ဖြူးရောင်းချမည့်သူနှင့် ချိတ်ဆက်ထားပြီးဖြစ်ပါကြောင်း၊ ဈေးကွက်ပေါက်သွားလျှင် များများထုတ်လုပ်နိုင်ပြီး မိမိတို့သာမက အခြားချည်ထည် လုပ်ငန်းရှင် များကပါထုတ်လုပ်ရောင်းချလာနိုင်မည်ဖြစ်၍ နမူနာအဖြစ် ဝါချည်စောင်များကို အခက်အခဲမရှိ ဈေးနှုန်းချိုသာစွာဖြင့် တင်ပို့လိုပါကြောင်း ပြောကြားလာပါသည်။

          ဆက်လက်၍ ချည်ထည်ယက်လုပ်မှုအကြောင်းကို မေးမြန်းခဲ့ရာကုန်ကြမ်းဗမာချည်များကို မန္တလေးမြို့စက်ရုံမှဝယ်ယူကြောင်း၊ သူဌေးဝါဒစောင်နှင့်ချည်စောင်အမျိုးမျိုးကို ထုတ်လုပ်ရောင်းချ ပြီး ကြာချည်နှင့်ဝါချည်ထည်များကိုလည်း ရက်လုပ်ရောင်းချကြောင်း၊ ကြာချည်ကို စလင်း၊ ဝက်သည်းကန်ဒေသမှ တစ်ပိဿာ(၄သိန်း)(၅သိန်း)ကျပ်ဖြင့် ဝယ်ယူရပြီး အင်းလေးဒေသမှပေါင်း ပြီးသားကြာချည်များကို တစ်ပိဿာ(၈သိန်း) (၉သိန်း)ကျပ်ပေး၍ဝယ်ယူရကြောင်း၊ ကြာချည်  တဘက် တစ်ထည်ကို (၉၀၀၀၀)ကျပ် မှ (၂၈၀၀၀၀)ကျပ်ထိ ရောင်းချရကြောင်း၊ ကြာချည်ဖြင့် ရက်လုပ်သော အင်္ကျီစများကိုလည်း ထုတ်လုပ်ရောင်းချကြောင်း၊ ကြာချည်များသည် ပဒုမ္မာကြာမှ ထုတ်လုပ်ရပြီး ကြာချည်ထည်များမှ ကြာညိုပန်းရနံ့မှာ မည်သည့်အခါမျှ ပျက်ပြယ်မသွားသည်ကို တွေ့ရပါကြောင်း၊ ကြာချည်ထည်များနှင့် ဝါချည်ထည်များသည် Hand Made များဖြစ်သောကြောင့် ရောင်းအားကောင်းသော ချည်ထည်များဖြစ်ကြောင်း သိရပါသည်။

          ဆက်လက်၍ လုပ်ငန်းရှင်မှ ဂျပန်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့လည်း  ချည်စောင်များကို တင်ပို့ ရောင်းချရကြောင်း၊ တရုတ်နိုင်ငံ၊ဂျပန်နိုင်ငံများသို့လည်း ကုန်စည်ပြပွဲများ လိုက်လံပြသ၍ ရောင်းချ ရပါကြောင်း၊ အရည်အသွေးကောင်းပြီး လှပသော ချည်စောင်များကိုပို၍ တင်ပို့ရောင်းချရပြီး ချည်ထည်များကို Export လိုင်းနှင့် ပြည်တွင်းဟိုတယ်လိုင်းကို အဓိကထား၍ရောင်းချရပါကြောင်း၊ ငှက်ပျောချည်ကိုလည်းစက်များဖြင့် ထုတ်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆိုးဆေး အနေဖြင့် သဘာဝဆိုးဆေးကို အဓိကထားအသုံးပြုပြီး ညောင်ခေါက်၊ သရက်ခေါက်၊ မဲနယ်ရွက်၊ ဧကရဇ်ရွက်၊ ငှက်ပျောသီး၊ ဇီးဖြူသီး၊ ဂျုတ်သီး၊ မုံသီး စသည့်အပင်များမှ ထုတ်လုပ်ကြောင်း၊ ချည်ထည်များတွင် ဓာတုဆိုးဆေးကိုအနည်းငယ်သာ အသုံးပြုပြီး သဘာဝဆိုးဆေးကိုသာ အဓိက ထားအသုံးပြုကြောင်း၊ မိမိကိုယ်တိုင်ဦးဆောင်၍ အလုပ်သမားများဖြင့် သဘာဝဆိုးဆေးကို တွင်တွင်ကျယ်ကျယ် ထုတ်လုပ်ကြောင်း၊ အလုပ်သမားဦးရေမှာ(၉၀)ဦးခန့်ရှိကြောင်း၊ ပြည်ပ ဈေးကွက်သို့ ထိုးဖောက်နိုင်လျှင်ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပို၍ပေးနိုင်မည်ဖြစ် ကြောင်း၊ ထို့ကြောင့်ကနေဒါနိုင်ငံ၊ ကီလိုဝါမြို့သို့ ဝါချည်ထည်များ ဈေးကွက်ထိုးဖောက်ရန်အတွက် နမူနာတင်ပို့မှုအပိုင်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တက်နိုင်သမျှ ကူညီပေးစေလိုကြောင်း လုပ်ငန်းရှင်ဒေါ်နီလာမှ ပြောကြားခဲ့ပါသည်။

          ခရိုင်ဦးစီးမှူးမှ ပြည်တွင်းဝါနှင့်ဝါချည်ထည်ကဏ္ဍ ပြည်ပဈေးကွက် ထိုးဖောက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကနေဒါနိုင်ငံသို့ ချည်ထည်များ နမူနာအဖြစ်တင်ပို့ရန် အခက်အခဲဖြစ်သည်ကိုသိရှိရသည့်အတွက် အထက်ဌာနသို့ တင်ပြပေးသွား မည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနတွင်လည်း နိုင်ငံအလိုက် စီးပွားရေးသံမှူးများ ခန့်အပ်ထားပါ ကြောင်း၊ ဌာနအကြီးအကဲများသို့ ဆက်လက်တင်ပြ၍ စီးပွားရေးသံမှူးများနှင့် ချိတ်ဆက်နိုင်ရေး၊ ပြည်ပဈေးကွက်ထိုးဖောက်နိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါ သည်။

DOCA(မကွေး)

ပြည်ခရိုင် ရွှေတောင်မြို့နယ်တွင် ဆောင်းမြေပဲများစျေးကောင်းရနေ

            ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ စားသုံးသူရေးရာဦးစီးဌာနမှ ရွှေတောင်မြို့နယ် တာဝန်ခံဦးအောင်နိုင်ဦးနှင့် အဖွဲ့သည် (၁၉.၁.၂၀၂၂)နေ့လည် (၁:၃၀)နာရီတွင် ရွှေတောင်မြို့နယ် ကွင်းယားကြီးအုပ်စုသို့ သွားရောက်၍ ဆောင်းမြေပဲစိုက်ပျိုးထုတ်လုပ်မှု၊ စျေးနှုန်းစျေးကွက် အခြေအနေများအား ကွင်းဆင်းလေ့လာခဲ့ပါသည်။

          ပြည်ခရိုင်အနေဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ဆောင်းမြေပဲစိုက်ဧကမှာ ၄၂၇၄၉ ဧက စိုက်ပျိုး၍ ယနေ့အထိ ၄၆၀၃ ဧကခန့်နှုတ်သိမ်းပြီး တစ်ဧကလျှင် ၆၃တင်းခန့် ထွက်ရှိပါသည်။ ရွှေတောင်မြို့နယ်အနေဖြင့် ဆောင်းမြေပဲကို ၁၄၂၄၀ ဧကခန့် စိုက်ပျိုးပြီးဖြစ်ပါသည်။ ရွှေတောင်မြို့နယ်၊ ကွင်းယားကြီးအုပ်စုတွင် ဆောင်းမြေပဲကို ၆၆၈ ဧကစိုက်ပျိုးပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၆၅ တင်းခန့်ထွက်ရှိပါသည်။ ယခင်နှစ်တွင် တစ်ဧကလျှင် ၅၅ တင်းခန့်ထွက်ရှိသဖြင့် ယခုနှစ်မှာ အထွက်နှုန်းပိုလာကြောင်းသိရပါသည်။

          မြေပဲတစ်ဧကစိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် ၄သိန်း ၅သိန်း ကျပ် ခန့် ကုန်ကျသော်လည်း အထွက်နှုန်းပိုလာသဖြင့် မြေပဲစိုက်တောင်သူများ တွက်ခြေကိုက်သောနှစ် ဖြစ်ပါသည်။ ယခုနှစ် ဇန်နဝါရီလအတွင်း မြေပဲဆန်စျေးများမှာ ဆီဆန် တစ်ပိဿာလျှင် ၂၈၀၀ ကျပ်၊ လုံးဆန် တစ်ပိဿာလျှင် ၃၀၀၀ ကျပ်နှင့် မြေပဲအခွံပါ အတောင့်တစ်တင်းလျှင် ၁၁၀၀၀ကျပ် စျေးဖြင့်ရောင်းဝယ်လျက်ရှိပါသည်။ ရွှေတောင်ဒေသထွက်မြေပဲဆန်များကို ဒေသတွင်းပွဲရုံများနှင့် ဆီစက်လုပ်ငန်းရှင်များက အဝယ်ရှိသလို ပြည်စျေးကွက်သို့လည်း နေ့စဉ်တင်ပို့ရောင်းချလျှက် ရှိပါသည်။ မြေပဲစိုက်တောင်သူများအနေဖြင့် ရာသီဥတုကောင်း၍ အထွက်နှုန်းပိုလာခြင်း၊ စျေးကောင်းများရရှိပြီး ကုန်ထုတ်လမ်းများ အခက်အခဲမရှိသွားလာနိုင်ခြင်းတို့ကြောင့် ပိုမိုတွက်ခြေကိုက်သဖြင့် နောက်လာမည့်နှစ်များလည်း မြေပဲကိုပိုမိုတိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ပဲခူးတိုင်းဒေသကြီး

 

ဟင်းသီးဟင်းရွက်စိုက်ပျိုးသူတောင်သူများ Famer Market ထူထောင်ရေး စုပေါင်းဆွေးနွေးပေး

        စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်း၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် UMFCCI ဗဟိုအလုပ်မှုဆောင် ဦးအောင်ကြည်စိုးတို့သည် ညောင်တုန်းမြို့နယ် ထိပ်ဝလေးကျေးရွာ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူ ဦးကျော်ဟိန်း၏နေအိမ်၌ (၂၃.၁.၂၀၂၂)နေ့ နံနက်တွင် စိုက်ပျိုးထုတ်လုပ်နေသော ဟင်းသီး ဟင်းရွက်များ Famer Market ဖော်ဆောင်၍ ဈေးကွက်ရရှိရေး တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          အဆိုပါ ဆွေးနွေးပွဲသို့ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူး စိုက်ပျိုးသူ ဆောင်သူ(၇)ဦးနှင့် UMFCCI ဗဟိုအလုပ်မှုဆောင် ဦးအောင်ကြည်စိုးတို့သည် ဆွေးနွေးရာ UMFCCI ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်စိုးမှ သမရိုးကျစိုက်ပျိုးထုတ်လုပ်သည်မှ GMP၊ GAP နည်းစနစ်များဖြင့် စိုက်ပျိုးထုတ်လုပ်ပြီး ဈေးကွက်ရရှိရေးကို စတင်ဆွေးနွေးပြီး တောင်သူတစ်ဦးမှ ဟင်းသီးဟင်းရွက်ဈေးကွက်တည်ငြိမ်ရေး သွင်းအားစုများဈေးနှုန်းသက်သာရေး စိုက်ပျိုးရေး နည်းပညာများ ရရှိရေးတို့ကို တင်ပြလာမှုအပေါ် UMFCCI ဗဟိုအလုပ်မှုဆောင်၊ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးတို့မှ သဘာဝမြေဩဇာများ အစားထိုးသုံးစွဲရေး စိုက်ပျိုးဧကများကို စာရင်းများ ပြုစု၍ ဈေးကွက်တည်ငြိမ်မှုအတွက် GMP၊ GAP နည်းများဖြင့် စိုက်ပျိုး၍ Famer Market ထူထောင်ရေးတို့ကို အလေးပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

“မလှိုင် ထောပတ်ပဲစိုက်တောင်သူအကျိုးအမြတ်’’

             စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် တာဝန်ခံဦးရဲမြင့်ဆန်းသည် (၁၉.၁.၂၀၂၂) ရက်နေ့ နံနက် (၁၀) နာရီ အချိန်၌ ရေကမိုးကျေးရွာ တောင်သူ ဦးအောင်ရွှေ ထော၊ပတ်ပဲ စိုက်ဧက (၃) ဧက စိုက်ပျိုးသူနှင့် တွေ့ဆုံပြီး တစ်ဧက ကုန်ကျစရိတ်၊ အကျိုးအမြတ်ရရှိမှုများအား တွေ့ဆုံမေးမြန်းခဲ့ ပါသည်။

            မလှိုင်မြို့နယ် တွင် ထောပတ်ပဲကို မိုးနှမ်းရိတ်သိမ်းပြီး ၊သြဂုတ်၊ စက်တင်ဘာလမှာ စတင်စိုက်ပျိုး၍ ဒီဇင်ဘာ၊ ဇန်နဝါရီတွင် ရိတ်သိမ်းထွက်ရှိကြောင်း ထောပတ်ပဲကို သီးညှပ်မစိုက်ဘဲ သီးသန့်စိုက်ပျိုးကြောင်း၊ ယခုနှစ်(၂၀၂၀-၂၀၂၁)ခုနှစ်တွင်ထောပတ်ပဲစိုက်ဧက ၃၇၉၉ ဧကရှိပြီး တစ်ဧကအထွက်နှုန်းမှာ(၅)တင်းဝန်းကျင် ထွက်ရှိကြောင်း၊ မြေပြင်ခြင်း၊ စိုက်ပျိုးခြင်းနှင့်ရိတ်သိမ်းခြင်းမှာ တစ်ဧက (၉၅၀၀၀) ကျပ်ဝန်းကျင်၊ သွင်းအားစု မှာ မျိုးအနေဖြင့် (၆)ပြည်သုံးပြီး၊ ကွန်ပေါင်း၊ ပိုးသတ်ဆေး၊နွားချေးတို့မှာ (၄၆၀၀၀) ကျပ်ဝန်းကျင်ကုန်ကျ ကြောင်း၊ စုစုပေါင်း တစ်ဧက ကုန်ကျစရိတ်မှာ (၁၄၀၀၀၀)ကျပ် ဝန်းကျင်ရှိပြီး တစ်တင်းရောင်းစျေးမှာ ယခု အပတ်စျေး (၄၁၀၀၀)ကျပ် ရရှိပြီး၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် (၆၅၀၀၀)ကျပ်ရရှိကြောင်း၊  ယခင်နှစ် ရာသီဥတုအခြေအနေအရ အထွက်နှုန်းနည်းသလို တစ်တင်းရောင်းစျေးမှာလည်း (၂၈၀၀၀)ကျပ်ဖြင့် ရောင်းချခဲ့ ရတဲ့အတွက်အကျိုးအမြတ်မရရှိဘဲယခုနှစ်တွင်အထွက်နှုန်း၊ စျေးနှုန်းအသင့်အတင့်ကောင်းမွန်သောကြောင့် အကျိုးအမြတ်ရရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း