ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

စွန်တာနီ၊ စွန်တာပြာ သီးနှံများ တောင်သူများပိုမိုစိုက်ပျိုးလာ

  စွန်တာနီ၊ စွန်တာပြာ ပဲကို မိုးနှောင်းကာလနှင့် ဆောင်းရာသီအစောပိုင်းတွင် စိုက်ပျိုးကြ ပါသည်။ စွန်တာနီ/ စွန်တာပြာပဲများသည် မျိုးရိုးဗီဇအားဖြင့် ပဲတစ်မျိုးတည်း ဖြစ်သော်လည်း ပဲ၏ အရောင်အနည်းငယ် ကွဲပြားမှုကြောင့် အနီရင့်ရောင်ရှိသောပဲများကို စွန်တာနီဟုခေါ်ပြီး နီညိုရောင်တွင် ပြာလဲ့ရောင်သမ်းလျက်ရှိသော ပဲကို စွန်တာပြာဟု ခေါ်တာဖြစ်ပါကြောင်း၊ စွန်တာပြာမျိုးစိတ် တစ်ခုဖြစ်သည့် ဒေသအခေါ် ပဲဇီးကွက်များ နိုင်ငံခြားပို့ကုန်သစ်အနေဖြင့် တွင်ကျယ်လာကြောင်း လေ့လာသိရှိရပါသည်။

     စွန်တာနီ/ပြာ ပဲသီးနှံကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးမှုများပြားပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် လျာထားချက်မှာ မိုး ၈၂,၀၀၀ ဧက၊ ဆောင်း ၁၅၀,၂၀၀ ဧက၊ စုစုပေါင်း ဧက  ၂၃၂,၂၀၀ ရှိပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလကုန်အထိ မုံရွာခရိုင်တွင် ၈၄,၂၅၆ဧက၊ ရွှေဘိုခရိုင်တွင် ၃၄,၄၄၃ ဧက၊ ကလေးခရိုင်တွင် ၂၇,၀၄၇ ဧက၊ ရေဦးခရိုင်တွင် ၂၂,၉၆၆ ဧက၊ ယင်းမာပင်ခရိုင်တွင် ၁၇,၄၁၁ ဧက၊ စစ်ကိုင်းခရိုင်တွင် ၁၃,၇၅၈ ဧကနှင့် ကန့်ဘလူခရိုင်များတွင် ၁၂,၈၆၉ ဧက စုစုပေါင်း ၂၁၂,၇၅၀ ဧက စိုက်ပျိုးပြီးဖြစ်ရာ လျာထားချက်အပေါ် (၉၁.၆၂) ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ကြောင်း တိုင်းစိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းအရ သိရှိရပါသည်။

      မိုးသီးနှံ ကို  ဇူလိုင်၊ ဩဂုတ်နှင့် စက်တင်ဘာလများတွင် စိုက်ပျိုးပြီး၊ နိုဝင်ဘာ၊ ဒီဇင်ဘာနှင့် ဇန်နဝါရီလများတွင် ပေါ်ထွက်ပါသည်။ မိုးသီးနှံ ကို ၈၂၀၀၀ ဧက လျာထားခဲ့ရာမှ ၈၂၁၉၅ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလကုန်အထိ ၃၃၉၀၀ ဧက ရိတ်သိမ်းပြီးစီးကြောင်း သိရ ပါသည်။ ဆောင်းသီးနှံကို အောက်တိုဘာလ၊ နိုဝင်ဘာလနှင့်  ဒီဇင်ဘာလများတွင် စိုက်ပျိုးကြပါ ကြောင်း၊ မိုးသီးနှံ စွန်တာနီ/ပြာပဲ စတင်ထွက်ပေါ်ချိန် နိုဝင်ဘာ၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် သုံးတင်းဝင်တစ်အိတ်ကို ပျမ်းမျှငွေကျပ် ၁၂၀,၀၀၀ ဝန်းကျင်ရှိနေသဖြင့် ဈေးကောင်းရလို့ စိုက်ပျိုးသူများလာပါကြောင်း၊ လက်ရှိ စွန်တာနီ/ပြာဈေးမှာ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၃၅,၀၀၀ ဖြစ်ကြောင်း မုံရွာကုန်စည်ဒိုင်ဈေးနှုန်းသတင်းအရ သိရပါသည်။

     စွန်တာနီ/ပြာပဲအား ပဲစိုအဖြစ် ချက်ပြုတ်စားသုံးရန် စားသုံးသူပြည်သူများက  ပိုမိုကြိုက်နှစ် သက်ပြီး ချက်ပြုတ်ရာတွင်လည်း လွယ်ကူသဖြင့် ပဲစို ခူးဆွတ်ရောင်းချကြကြောင်း၊ ပဲစို တစ်တင်း လျှင် ၇၀၀၀၀ကျပ် ရရှိသဖြင့် တောင်သူများအတွက်လည်း တွက်ခြေကိုက်သဖြင့်  ပဲအစိုကို ခူးဆွတ် ရောင်းချလျက်ရှိပါကြောင်း၊ စွန်တာနီ/ပြာကို အညှောင့်ဖောက်၍ ပဲညှောင့်ပေါက်အဖြစ်လည်းကောင်း၊ ပဲကို အပင်ပေါက်ကို ပဲပင်ပေါက်အဖြစ် လည်းကောင်း၊ ၎င်းပဲပင်ပေါက်ကို အချဉ်တည်၍ ပဲပင်ချဉ် အဖြစ် အမျိုးမျိုးပြုလုပ်ရောင်းချနေရခြင်းကြောင့် ပြည်တွင်းဈေးကွက်သာမက နိုင်ငံခြားဈေးကွက်ရှိသော သီးနှံဖြစ်သည့်အတွက် ဈေးကွက်ဝယ်လိုအားရှိနေပြီး ဈေးကောင်းရနေသော စွန်တာနီ/ပြာ သီးနှံကို ပိုမိုစိုက်ပျိုးလာပါကြောင်း တောင်သူအမျိုးစုထံမှ လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)                                                                 

ရွှေဘိုမြို့၏ ကြက်သွန်နီ(အသစ်) ဈေးနှုန်းတည်ငြိမ်

              စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် တင်ပြလျက်ရှိပါသည်။

          ရွှေဘိုမြို့သို့ ကြက်သွန်နီအသစ်များ  နေ့စဉ် ပိဿာ ၇၀၀၀မှ ၁၅၀၀၀ကြားခန့် ဝင်ရောက်လျက်ရှိပြီး ဇန်နဝါရီလ ဒုတိယပတ်တွင် လက်လီ အကြီး တစ်ပိဿာလျှင် ၂၃၀၀ ကျပ်၊ အလတ်တစ်ပိဿာလျှင် ၁၈၀၀ကျပ်၊ အသေးတစ်ပိဿာလျှင် ၁၃၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

          ကြက်သွန်နီ အသစ် ဈေးနှုန်းများမှာ ဇန်နဝါရီလ ပထမဆုံးပတ်တွင် လက်လီ အကြီး တစ်ပိဿာလျှင် ၂၃၀၀ကျပ်၊ အလတ်တစ်ပိဿာလျှင် ၁၈၀၀ကျပ်၊ အသေး တစ်ပိဿာလျှင် ၁၃၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ယခုအပတ်နှင့် နှိုင်းယှဉ်ပါက ၊ ယခင်ပတ်နည်းတူ ကြက်သွန်နီ ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး ၊ နေ့စဉ်ဝင်ရောက် လျက်ရှိသော ကြက်သွန်နီများကို ဒေသတွင်းနှင့် ကြက်သွန်နီ စိုက်ပျိုးနိုင်ခြင်းမရှိသော ကောလင်း၊ ပင်လယ်ဘူး ၊မိုးကုတ်၊ မြစ်ကြီးနား စသည့် မြို့များသို့ တင်ပို့ ရောင်းချရကြောင်း ရွှေဘိုမြို့ စည်ပင်သာယာဈေးအတွင်းရှိ ကြက်သွန်နီ ပွဲရုံများမှ သတင်းရရှိသည်။

          DOCA(စစ်ကိုင်း)

ဝင်ငွေတိုးစေဖို့ ငှက်ပျောပင်စိုက်ကြစို့

         ပြည်ခရိုင်တွင် ငှက်ပျောပင်များကို စီးပွားဖြစ် စိုက်ပျိုးကြပါသည်။ ငှက်ပျောသီးမှာ ကျန်းမာရေးအရ သင့်တော်သလို လူကြိုက်လည်းများသဖြင့် အများအပြားစိုက်ပျိုးကြပါသည်။ ပြည်ခရိုင်အနေဖြင့် ငှက်ပျောစိုက်ဧကမှာ ၂၀၂၈ ဧကရှိပြီး ပြည်မြို့နယ်တွင် ၇၅၅ဧက၊ ပေါက်ခေါင်း မြို့နယ်တွင် ၃၉၂ဧက၊ ပန်းတောင်းမြို့နယ်တွင် ၇၂၈ဧကနှင့် ရွှေတောင်မြို့နယ်တွင် ၁၅၃ဧက စိုက်ပျိုးကြပါသည်။

          မြန်မာနိုင်ငံတွင် ထင်ရှားသောငှက်ပျောမျိုးမှာ ထောပတ်ငှက်ပျော၊ ရခိုင်ငှက်ပျော၊ နံသာပု ငှက်ပျော၊ သီးမွှေး၊ ဖီးကြမ်းငှက်ပျော၊ သူငယ်စာငှက်ပျော၊ ပျားရည်ဆမ်းငှက်ပျော၊ ငှက်ပျောချဉ်၊ ရွှေနီငှက်ပျောနှင့် ဝက်မလွတ်ငှက်ပျောတို့ဘဲဖြစ်ပါသည်။

       ပြည်ခရိုင်အတွင်းရှိ ပြည်မြို့နယ်တွင် သစ်ချီတင်ကျေးရွာ၊ ရှမ်းစုကျေးရွာတို့တွင် ငှက်ပျောပင်ကို အများအပြားစိုက်ပျိုးကြပါသည်။ စိုက်ပျိုးသည့်မျိုးများမှာ ဖီးကြမ်းငှက်ပျောသီး၊ ရခိုင်ငှက်ပျောသီးနှင့် ပြည်မြို့နယ် ပေါင်းတလည်မြို့ရှိ ကျေးရွာအချို့တွင် ဗျပ်ပြည့်ငှက်ပျော (သို့) မောင်ကြီးပင့်ပါငှက်ပျောမျိုးကိုလည်း စိုက်ပျိုးကြပါသည်။ ဖီးကြမ်းငှက်ပျောသီးသည် အကြမ်းခံ၍ စိုက်ပျိုးပြီး ၁၀-၁၁ လအကြာတွင် ငှက်ပျောခိုင်ထွက်ရှိပါသည်။ နောက်ထပ်၍ ထွက်ပေါ်လာသည့် ငှက်ပျောခိုင်ကို ၄လအကြာတွင် ခုတ်ယူနိုင်ပါသည်။ ရခိုင်ငှက်ပျောသီးမှာ ဖီးကြမ်းငှက်ပျောသီးကဲ့သို့ အကြမ်းခံ၍ သားတက်အထွက်မြန်ပါသည်။ သားတက်များ၍ မိခင်အပင်နှင့် သားတက်အပင်များမှာ ငှက်ပျောခိုင်ထွက်ရှိရာတွင် ရှေ့ဆင့်နောက်ဆင့်ထွက်ရှိပါသည်။ ဗျပ်ပြည့်ငှက်ပျောမျိုးများမှာ အပင်ကြီး၊ အခိုင်ကြီး အသီးကြီးသောမျိုးဖြစ်၍ ငှက်ပျောခိုင်အထွက်နည်းကာ အသီးအရေအတွက် နည်းကြောင်း သိရှိရပါသည်။ ငှက်ပျောပင်ကို စီးပွားဖြစ်စိုက်ပျိုးသူများအနေဖြင့် ငှက်ပျောခြံအား ၃နှစ် ၅နှစ်အထိထားပြီး အသစ်ပြန်၍စိုက်ပျိုးရပါမည်။

စိုက်ပျိုးခြင်း

          ငှက်ပျောစိုက်ပျိုးမည့်မြေသည် ရေသွင်းရေထုတ်ကောင်းပြီး မြေအစိုဓါတ်ရရှိရန် လိုအပ်ပါသည်။ နုံးမြေသည် ငှက်ပျောပင်စိုက်ပျိုးရန် အသင့်တော်ဆုံးဖြစ်သဖြင့် ကျေးလက်ဒေသများတွင် တစ်ပိုင်တစ်နိုင်စားသုံးရန်အတွက် စိုက်ပျိုးကြသလို စီးပွားဖြစ်လည်းစိုက်ပျိုးကြပါသည်။ ငှက်ပျောပင်သည် ရေကြိုက်သော်လည်း အပင်ခြေရင်းတွင် ရေမဝပ်စေရန် ရေနုတ်မြောင်းများ ပြုလုပ်ရပါမည်။ ငှက်ပျောပင်ကို မေလနှင့်နိုဝင်ဘာလတို့တွင် စိုက်ပျိုးရန်အသင့်တော်ဆုံး အချိန်ဖြစ်ပါသည်။ ငှက်ပျောစိုက်ပျိုးရာတွင် တစ်ဧကလျှင် ပျိုးပင်ပေါင်း ၈၀၀-၉၀၀ ခန့်လိုအပ်ပြီး တစ်ကျင်းလျှင် တစ်ပင်နှုန်းဖြင့် တစ်ပင်နှင့်တစ်ပင် ၁၀ပေစီခြား၍ စိုက်ပျိုးရပါသည်။ သားတက်များ ထွက်လာချိန်တွင် ဓါးဖြင့်ခုတ်ထွင်ရှင်းလင်းရပါမည်။ နှင်းများကျခြင်းသည်အပင်ကြီးထွားမှုကို ထိခိုက်စေခြင်း၊ လေပြင်းတိုက်ခိုက်ပါက အပင်များလဲကျတက်သဖြင့် လေကာပင်များ စိုက်ပျိုးရန် လိုအပ်ပါသည်။ ပြည်မြို့ရှိ အချို့သောကျေးရွာများတွင် ငှက်ပျောပင်များအောက်၌ သံပုရာပင်များ ကိုလည်းစိုက်ပျိုးကြသဖြင့် သံပုရာပင်များလည်း အရိပ်ရစေပါသည်။

ရိတ်သိမ်းခြင်း

          ငှက်ပျောပင်စိုက်ပျိုးပြီး တစ်နှစ်သားအရွယ်တွင် ငှက်ပျောခိုင်များစတင်ထွက်ရှိလာပြီး ၁၈အထိအသီးများထွက်ရှိလာနိုင်ပါသည်။ ငှက်ပျောခိုင်တစ်ခိုင်တွင် ငှက်ပျောသီးပျမ်းမျှ ၉ဖီးမှ ၁၀ဖီး အထိပါရှိပြီး တစ်ဖီးလျှင် ငှက်ပျောသီး ၁၀လုံးမှ ၁၅လုံးထိပါရှိပါသည်။ အထွက်နှုန်းအားဖြင့် တစ်ဧကလျှင် တန် (၄၀)ကျော်ထွက်ရှိပြီး၊ ပထမနှစ်လမိုင်းခင်းတွင် တန်၃၀ကျော်၊ ဒုတိယနှစ် လမိုင်းခင်းတွင် တန်၂၀ကျော်ထွက်ရှိသည်ဟု သိရှိရပါသည်။

ကျရောက်နိုင်သည့်ရောဂါနှင့်ပိုးမွှားများ

          ငှက်ပျောပင်တွင်ကျရောက်နိုင်သောရောဂါများမှာ ပနားမားညှိးသေရောဂါ၊ ရွက်ပျောက် ရောဂါ၊ ငှက်ပျောထိပ်စုရောဂါတို့ဖြစ်ပါသည်။ ကျရောက်နိုင်သည့် ပိုးမွှားများမှာ ငှက်ပျော အမြစ်ပိုး ထိုးရောဂါတို့ဖြစ်ပါသည်။

အသုံးပြုပုံ

          ငှက်ပျောတစ်ပင်လုံးတွင် အသီး၊ အခွံ၊ အရွက်နှင့် ပင်စည်တို့မှအစ အသုံးဝင်ပြီး ဆေးဘက် လည်းဝင်ပါသည်။ ငှက်ပျောဖူးကို ပြုတ်၍တို့စရာအဖြစ်စားသုံးလို့ရသလို ငှက်ပျောဖူးကို ချဉ်ဖတ်စိမ် စားခြင်း၊ ကြော်စားခြင်း၊ သုတ်စားခြင်းများလည်းပြုလုပ်ရပါသည်။ ငှက်ပျောအူကို မုန့်ဟင်းခါး ချက်ပြုတ်ရာတွင် ထည့်သွင်း၍ အသုံးပြုကြပါသည်။ ငှက်ပျောသီးအမှည့်များကိုလည်း သကြားဖြူး ဆီသုတ်၍နေလှန်းထားလျှင် တာရှည်ခံသောငှက်ပျောခြောက်ကိုရရှိမှာဖြစ်ပါသည်။ ရခိုင်ငှက်ပျော သီးအစိမ်းကို အသီးအရွက်ကျော်ထဲကိုထည့်၍ ကျော်စားလျှင်လည်း အရန်ဟင်းတစ်ခွက်ကို အသုံးပြု၍ရရှိပါသည်။ ငှက်ပျောရွက်များကို အမျှင်ထုတ်၍ ဖျာနှင့်ဖျာကြမ်းများရက်လုပ်ကြပါသည်။ ငှက်ပျောပင်ကိုလည်း လျော်ကြိုးကျစ်၍အသုံးပြုကြပါသည်။

ဈေးနှုန်း/ဈေးကွက်

          ငှက်ပျောသီးဈေးနှုန်းအနေဖြင့် ရခိုင်ငှက်ပျောသီးတစ်ဖီးလျှင် ၅၀၀-၆၀၀ကျပ်၊ ငှက်ပျောသီး ဖီးကြမ်းတစ်ဖီးလျှင် ၁၀၀၀-၁၅၀၀ ကျပ်၊ ဗျပ်ပြည့်ငှက်ပျောတစ်ဖီးလျှင် ၁၅၀၀-၂၀၀၀ကျပ်ဖြင့် ရောင်းချလျှက်ရှိပါသည်။ ပြည်ဒေသမှထွက်ရှိလာသော ငှက်ပျောသီးများကို ပြည်ဈေးကွက်တွင် ရောင်းချသည့်အပြင် ရန်ကုန်မြို့နှင့် နေပြည်တော်မြို့များသို့ တင်ပို့ရောင်းချသည်ဟုသိရှိရပါသည်။

          ငှက်ပျောသီးစိုက်ပျိုးသူတောင်သူများအဖို့ ငှက်ပျောပင်ကို မိမိခြံတွင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းဖြင့် မိမိတို့အတွက် စားသုံးရန်ရရှိသလို ပိုလျှံပါက ဈေးသို့ရောင်းချလျှင်လည်း ဝင်ငွေ များရရှိမှာဖြစ်သည့်အပြင် စီးပွားဖြစ်စိုက်ပျိုးလျှင်လည်း အမြတ်အစွန်းများ ပိုမိုရရှိမည်ဖြစ်ပါသည်။ ငှက်ပျောသီးကိုရောင်းချသူများအနေဖြင့် ငှက်ပျောသီးအမှည့်များကို ဒီအတိုင်း ရောင်းချသည့်အပြင် နေလှန်းပြီးငှက်ပျောခြောက်လုပ်၍ Value added ပြုလုပ်၍ ရောင်းချလျှင်လည်း အကျိုးအမြတ် များရရှိနိုင်မည်ဖြစ်ပါကြောင်း လေ့လာတင်ပြအပ်ပါသည်။

DOCA(ပဲခူး)

စိတ်ဝင်စားမှုပိုမိုမြင့်တက်လာသော ဘေထုပ်အထည်ဈေးကွက်

       ယခုလတ်တလောတွင် ဘေထုပ်အထည် (Thrift) များကို Online မှတဆင့် ရောင်းနေကြပြီး ဝယ်ယူသူများအနေဖြင့်လည်း သဘောကျနှစ်သက်နေကြောင်း တွေ့ရှိလာရပါသည်။ ဘေထုပ်ဆိုင်များသည်  ကိုလိုနီခေတ်နှောင်းပိုင်းကတည်းက တည်ရှိနေခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ဘေထုပ်အထည်တည်ရှိလာသည်မှာ ရာစုနှစ်တစ်စုကျော်ခဲ့ပြီဖြစ်ပါသည်။ ယခုလက်ရှိတွင် အားလုံးနီးပါးသည် Covid-19 ကမ္ဘာ့ကပ်ရောဂါကြောင့် Online Shopping ခေတ်စားလာမှုနှင့်အတူ ဘေထုပ်ဝတ်ခြင်း/ဝယ်ခြင်းကိုရှက်စရာဟုမမြင်ဘဲ လက်ခံလာကြပါသည်။

       လက်တွေ့၌ နိုင်ငံတစ်ကာတွင် ဘေထုပ်အထည်များကို သာမန်အထည်များထက် လူပိုမိုစိတ်ဝင်စားကြပါသည်။ အဘယ်ကြောင့်ဆိုသော် နာမည်ကြီး Brand အထည်များကို ဈေးနှုန်း သက်သက်သာသာဖြင့် ရရှိနိုင်သည့် တစ်ခုတည်းသောနေရာမှာ ဘေထုပ်အထည်ဆိုင် (Thrift Stores) များပင်ဖြစ်ပါသည်။ ယခုလို ြပ်တည်းနေသည့်ကာလတွင် ဘေထုပ်အထည်များကိုဝယ်ဝတ်ခြင်းသည် ငွေကြေးကို ချွေတာရာရောက်သည့်အပြင် ခေတ်နဲ့အနီးစပ်ဆုံးဖက်ရှင်ကျသည့် အဝတ်အထည်များကို ဝတ်ဆင်နိုင်သလို နိုင်ငံခြားထုတ် နာမည်ကျော် Brand များကို အင်္ကျီအသစ်ဝယ်ခြင်းထက် သုံးပုံနှစ်ပုံလောက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ပြီး အဝတ်အစားအသစ်များကို ဖန်တီးသည့်အခါ ကြာရှည်ခံစေရန်နှင့် အရောင်လှစေရန် ဓာတုပစ္စည်းများကိုအသုံးပြုရသည့်အတွက် ပတ်ဝန်းကျင်ကိုထိခိုက်စေသဖြင့် အထည်သစ်မဟုတ်သည့် ဘေထုပ်သည် Recycle သဘောမျိုးဖြစ်သည့်အတွက် ဘေးပတ်ဝန်းကျင်ညစ်ညမ်းမှုကို အထိုက်အလျောက်လျော့ချပေးသော သဘောမျိုးဆောင်နေပါသည်။

      မြန်မာနိုင်ငံ၌ ကြည့်မြင်တိုင်ညဈေး ဘေထုပ်တန်းမှာ ရန်ကုန်မြို့၏ နာမည်ကျော်ကြားသည့် နေရာတစ်ခုဖြစ်သည်ဟု ပြောရမည်ဖြစ်ပါသည်။ ဘေထုပ်အမျိုးအစားများစွာကို ဝင်လာသည့်နိုင်ငံပေါ်မူတည်ပြီး ခွဲခြားကာ ရောင်းချကြပါသည်။ မြန်မာနိုင်ငံတွင် ဂျပန်၊ ကိုရီးယား၊ ထိုင်း ဘေထုပ်များမှာ အဝင်ပိုများပါသည်။ ဘေထုပ်အထည်တိုင်းသည် အကောင်းချည်းမဟုတ်သော်လည်း ကောင်းတာရော၊ မကောင်းတာပါရောထွေးနေပြီး သေသေချာချာ အချိန်ပေးကာ ရွေးချယ်ခြင်းဖြင့် (Quality) အရည်အသွေးကောင်းသည့်အထည်များကိုရရှိမည်ဖြစ်ပါသည်။

      အထည် (Quality) အရည်အသွေးပေါ်မူတည်ပြီး ဈေးနှုန်းအနည်းအများခွဲခြားကာ ရောင်းချလေ့ရှိပြီး ကလေးအထည်၊ ဂါဝန်၊ တီရှပ်အစုံ၊ ကုတ်အင်္ကျီ၊ ဂျင်းဘောင်းဘီ၊ ဂျင်းအင်္ကျီ၊ သိုးမွှေးထည်၊ ယုန်မွှေးထည် စသည့်အဝတ်အထည်အမျိုးအစား အသီးသီးခွဲခြားကာ Online မှတဆင့် Live လွှင့်ရောင်းချခြင်း၊ ဆိုင်ခန်းဖွင့်လှစ်ရောင်းချခြင်းနှင့် စည်ပင်ဈေးများအတွင်း ချိတ်ရောင်းခြင်း၊ ပုံရောင်းခြင်းစနစ်များဖြင့် ရောင်းချခြင်းများကို တွေ့ရှိရပါသည်။ ဥပမာ- ဘေထုပ်အင်္ကျီတစ်ထည်၏တန်ဖိုးသည် (Brand) တံဆိပ်ပေါ်မူတည်၍ ကျပ် ၃၅၀၀ မှ ကျပ် ၁၀၀၀၀ ကျော်အထိရှိပြီး ယင်းအထည်ကို အပြင်တွင် အသစ်ဝယ်မည်ဆိုလျှင် အနည်းဆုံးဈေး ကျပ် ၈၀၀၀ မှ ကျပ် ၂၀၀၀၀ အထိ ဈေးပေးဝယ်ယူရသဖြင့် ဈေးနှုန်းသက်သာစွာဖြင့် ခေတ်နှင့်လျော်ညီစွာ ဝယ်ယူဝတ်ဆင်နိုင်သောအခွင့်အရေးကို ရရှိနေသည့်အတွက် ဘေထုပ်အထည်များကို လူကြီး၊ လူငယ်မရွေး နှစ်သက်ရာသဘောကျလာနေပါသည်။

       ဘေထုပ်ဆိုသည်မှာ မရှိဆင်းရဲသောနိုင်ငံများ၊ ရေဘေးသင့်သူများ၊ မိဘမဲ့ဂေဟာများ၊ ဘေးဒုက္ခကြုံတွေ့နေရသောနိုင်ငံများကို အခြားနိုင်ငံများက လှူသည့်အခါတွင် ပေးသည့်အရာများဖြစ်ပါသည်။ ဤကဲ့သို့လှူတန်းရာ၌ အချို့နိုင်ငံများ၏ အထည်ချုပ်စက်ရုံကုမ္ပဏီများက အထည်အသစ်များကို လှူပေးခြင်းရှိသည့်အတွက် အချို့ဘေထုပ်များထဲတွင် စက်ရုံထုတ်အထည်အသစ်များပါလာသည်မှာ မှန်သော်လည်း အချို့ဘေထုပ်များတွင် မကြိုက်သည့်အတွက်လည်းကောင်း၊  ခေတ်မမီတော့သည့်အတွက်လည်းကောင်း၊ နဲနဲဟောင်းသွားလို့ဆိုပြီး ဝတ်ပြီးသားအထည်များလည်း ပါလာတတ်ပါသည်။ ယင်းကဲ့သို့လှူတန်းရာမှတဆင့် အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ဈေးကွက်ဝင်သည်အထိ လူကြိုက်များလာပါသည်။

       ဘေထုပ်အထည်များသည် ဈေးကွက်ဝင်လူကြိုက်များလာသည်မှာ မှန်သော်လည်း အခြားသောတစ်ဖက်နိုင်ငံများက ဝင်လာခြင်းဖြစ်သည့်အတွက် ဘေထုပ်များကို ဝတ်ဆင်သည့်အခါတွင် အထည်အဟောင်းများတွင် တခြားသူများဆီက ရောဂါပိုးများကပ်ပါလာနိုင်ပါသည်။ ၎င်းအတွက် ဘေထုပ်များကို ဝတ်ဆင်တော့မည်ဆိုလျှင် မဖြစ်မနေ သေချာစွာပိုးသတ်ပြီးမှ သန့်ရှင်းအောင်လျှော်ဖွတ်ကာ မီးပူတိုက်၍ ဝတ်ဆင်သင့်ပါကြောင်း၊ အချို့ဘေထုပ်ရောင်းသူများအနေဖြင့်လည်း ဈေးပိုယူကာ မိမိရောင်းချခြင်းဖြစ်ကြောင်း ကြေညာပြီးမှ ရောင်းချခြင်းများကိုလည်း ဈေးကွက်ထဲတွင်တွေ့ရှိနေရပါသည်။ မည်သို့ပင်ဆိုစေ ဝယ်ယူသည့်ဘေထုပ်အထည်များကို သေချာစွာပိုးသတ်လျှော်ဖွတ်၍ မီးပူတိုက်ပြီးမှ ဝတ်ဆင်သင့်ပါကြောင်း သတိပြုဆင်ခြင်နိုင်ရန် ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

ဆောင်းရာသီနှင့် စတော်ဘယ်ရီ

        ရုက္ခဗေဒမျိုးစုအမည်အရ “ဖရာဂေးရီးယား” ဟုခေါ်သောစတော်ဘယ်ရီပင်များသည် အေးမြသောရာသီဥတုကို အထူးနှစ်သက်ပြီး မြေပေါ်တွင်ကပ်၍ပေါက်သော မြေလျှောက်ပင်အမျိုးအစား ဖြစ်ပါသည်။ မူရင်းစိုက်ပျိုးပေါက်ရောက်ရာဒေသမှာ မြောက်အမေရကတိုက်ဟုလေ့လာသိရှိရပြီး သမပိုင်းဇုန်၌လည်းကောင်း၊ အပူပိုင်းဇုန်အတွင်းရှိ တောင်ကုန်းဒေသများ၌လည်းကောင်း၊ စိုစွတ်သောမြေမျိုးနှင့် ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ၃၀၀၀မှ ၆၀၀၀အတွင်းရှိ မြေမျိုး၌လည်းကောင်း ပေါက်ရောက်နိုင်ကြောင်း သိရှိရပါသည်။

          မြန်မာနိုင်ငံတွင် စတော်ဘယ်ရီကို “ရှမ်းဆီး” ဟုခေါ်တွင်ကြပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တို့တွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးကြသည်။ တောင်ပေါ်ဒေသ နေရာအများအပြားတွင် တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ်အထိစိုက်ပျိုးလာကြပြီး ယခုအခါ ပျိုးပင်များကို ပုပ္ပားတောင်ခြေတစ်ဝိုက်တွင် နည်းစနစ်တကျ စမ်းသပ်စိုက်ပျိုးအောင်မြင်လျက်ရှိကြောင်း သိရှိရပါသည်။

          စတော်ဘယ်ရီပင်များကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးကြပြီး ဒေသသီးခေါ် အလုံးသေးအသီးများသာမက ခပ်ပြားပြားသဏ္ဍာန်ရှိပြီး အရသာချဉ်သော ထိုင်ဝမ်သီးများနှင့် အလုံးကြီးပြီးချိုသော ဂျပန်သီးများကိုလည်း စိုက်ပျိုးကြပါသည်။

          စိုက်ပျိုးထွက်ရှိလာသော စတော်ဘယ်ရီသီးများကို အောက်တိုဘာလမှစတင်ပြီး မေလဝန်း ကျင်အထိ ခူးဆွတ်ကြပါသည်။ တစ်ဧကလျှင်ပျမ်းမျှပိဿာ ၃၀၀၀မှ ၄၀၀၀ ဝန်းကျင်ခန့်အထိ ရရှိသောသီးထွက်များကို စတင်ခူးဆွတ်ချိန်မှ ရက်ပေါင်း(၆၀)ခန့် နေ့စဉ်ပုံမှန်ခူးဆွတ်နိုင်သော်လည်း ငါးရက်တစ်ကြိမ်းခူးဆွတ်ပါက ပိုမိုကောင်းမွန်ကြောင်းသိရှိရပါသည်။

          ခူးဆွတ်ရရှိလာသောအသီးများကို ၁ပိဿာ (၁၃၀၀၀)ကျပ်ခန့်၊  ၁ကီလိုဂရမ် (၁၀၀၀၀)ကျပ် ခန့်ဖြင့် ထွက်ရှိရာဒေသမှ မန္တလေးမြို့သို့ အဓိကတင်ပို့ရောင်းချပြီး ဒေသတွင်းရှိစတော်ဘယ်ရီ ယိုလုပ်ငန်းများနှင့် မိရိုးဖလာစတော်ဘယ်ရီဝိုင်စိမ်သောလုပ်ငန်းများသို့လည်း လက်လီ/လက်ကား ဈေးများဖြင့် ရောင်းချကြောင်း သိရှိရပါသည်။

          ယခုအခါတွင် ပြည်တွင်း/ပြည်ပ ခရီးသွားလည်ပတ်သူများအကြား စိုက်ပျိုးရေးလုပ်ငန်းများတွင် ကိုယ်တိုင်ဝင်ရောက်လေ့လာမှုများ ရေပန်းစားလာခဲ့သည်။ သို့ရာတွင် စိုက်ပျိုးရေးလုပ်ငန်းမှသည် နိုင်ငံ့စီးပွားရေးပိုမိုဖွံ့ဖြို့တိုးတက်လာစေရန်ရည်ရွယ်၍ ပြင်ဦးလွင်မြို့နှင့် အချို့တောင်ပေါ်ဒေသများတွင် လာရောက်လည်ပတ်သောခရီးသွားပြည်သူများကိုယ်တိုင် ဝင်ရောက်လေ့လာနိုင်စေရန် စတော်ဘယ်ရီ စိုက်ခင်းများအပြင် စပျစ်စိုက်ခင်း၊ လိမ္မော်စိုက်ခင်း၊ နာနတ်စိုက်ခင်းများနှင့် အခြားသီးနှံစိုက်ခင်းများအား နည်းစနစ်တကျ စိုက်ပျိုးထားရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

 

ဈေးကောင်းရရှိနေသော လိမ္မော်သီးဈေးကွက်

         လိမ္မော်သီးသည် အေးမြသောရာသီဥတုတွင် အောင်မြင်ဖြစ်ထွန်းသည့်အတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ နောင်မွန်ကျေးရွာ၊ သီပေါမြို့နယ် (ကုန်းသာကျေးရွာ)နှင့် နမ့်လန်မြို့များ၌ လိမ္မော်သီးများကို အများအပြား စိုက်ပျိုးထားလျက်ရှိကြောင်း သိရှိရပါသည်။ ဒေသသီး၊ ပျားလိမ္မော်သီးနှင့် ကဗ္ဗလာလိမ္မော်သီးမျိုးများကို စီးပွားဖြစ်စိုက်ပျိုးကြပြီး နှစ်စဉ်ဝင်ငွေရရှိလျက်ရှိကြောင်း သိရှိရပါသည်။ ၎င်းဒေသများမှ ထွက်ရှိသည့် လိမ္မော်သီးများကို လားရှိုးမြို့မဈေးကြီး၊ လားရှိုးကြီးဈေးနှင့် ဘူတာဈေးကြီးတို့တွင် အမြောက်အများရောင်းချလျက်ရှိပြီး အိမ်ပြန်လက်ဆောင်အဖြစ် ဝယ်ယူနိုင်ရန်အတွက်လည်း ကုန်းသာကျေးရွာလမ်းမကြီးဘေးတွင်လည်း ရောင်းချနေကြကြောင်း သိရှိရပါသည်။ ဈေးနှုန်းအနေဖြင့် အလုံးအကြီးအသေးပေါ်မူတည်၍ အလုံးကြီး ၁၀ လုံးလျှင် ၄၅၀၀ ကျပ် မှ ၅၀၀၀ ကျပ်အထိ ရောင်းချလျက်ရှိပြီး အလုံးသေး ၁၀ လုံးလျှင် ၃၅၀၀ ကျပ် မှ ၄၀၀၀ ကျပ်အထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ယခုအချိန်တွင် တရုတ်နှစ်သစ်ကူးကာလ နီးကပ်လာသောကြောင့် လိမ္မော်သီးများ အရောင်းအဝယ်ကောင်းပြီး ဈေးကောင်းရရှိနေကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

နှမ်းအကြောင်းသိကောင်းစရာ

        နှမ်းသည် ရှေးယခင်ထဲကပင် မြန်မာ(အိန္ဒိယ၊ အင်ဒိုနီးရှား၊ တရုတ်နှင့် အာဖရိကတို့တွင် ဆီထွက်သီးနှံအဖြစ် တွင်ကျယ်စွာ စိုက်ပျိုးခဲ့သော သီးနှံတစ်မျိုးဖြစ်ကြောင်းသိရှိရပါသည်။ မြန်မာနိုင်ငံတွင် နှမ်းကို နွေနှမ်း၊ မိုးနှမ်း၊ ဆောင်းနှမ်း(မိုးနှောင်းနှမ်း) စသဖြင့် တစ်နှစ်လျှင် သုံးကြိမ်စိုက်ပျိုးလေ့ရှိကြောင်း သိရှိရပါသည်။ နှမ်းသည် နေကြာ၊ ပဲတီစိမ်း၊ ဝါကဲ့သို့ ရွက်ပြန့်ပင်ဖြစ်ပြီး မြေ နှင့် အစိုဓါတ်ပေါ်မူတည်ကာ အပင်အမြင့် ၄ ပေ မှ ၆ ပေအထိမြင့်နိုင်ပြီး အပူပိုင်း ဒေသတွင် ၃ ပေ မှ ၅ ပေ အထိ ရှိနိုင်ကြောင်း သိရှိရပါသည်။ နှမ်းသည် အခြားသီးနှံများထက် စိုက်ပျိုးရလွယ်ကူပြီး ဆုံးရှုံးမှုလဲနည်းပါးကာ ငှက်၊ ကြွက်စသည့် အကောင်များ၏ ဖျက်ဆီးခံရခြင်း နည်းပါးသည့်အပြင် သီးနှံအမျိုးမျိုးနှင့် လိုက်လျောညီထွေစွာ တွဲဖက်စိုက်ပျိုးနိုင်ပြီး အပူဒဏ်၊ မိုးခေါင်မှုဒဏ်၊ ရောဂါနှင့် ပိုးများကို ခံနိုင်ရည်ရှိသော သီးနှံတစ်မျိုးဖြစ်ကြောင်းသိရှိရပါသည်။ ထို့ပြင် နိုင်ငံခြားဝင်ငွေရနေသော ဆီထွက်သီးနှံတစ်မျိုး ဖြစ်ပြီး ၂၀၁၁ မတိုင်ခင်တွင် နှမ်းနက်နှင့် နှမ်းဖြူတို့ကို တင်ပို့ကုန်အဖြစ် ခွင့်ပြုခဲ့ကာ ၂၀၁၁ ခုနှစ်တွင် နှမ်းရောကိုပါ ပြည်ပပို့ကုန်အဖြစ် ခွင့်ပြုခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအခြေအနေ

            ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်မွှေး(သိင်္ဂီ) တစ်ပြည် ၄၅၀၀ကျပ်၊ ဧည့်မထဆန် တစ်ပြည် ၂၅၀၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များအနေဖြင့် ကြက်သွန်နီ တစ်ပိဿာ ၃၅၀၀ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၅၀၀၀ကျပ်၊ (ရှမ်းစ)တစ်ပိဿာ ၆၅၀၀ကျပ်၊ ငရုတ်သီးခြောက် (ရှည်)တစ်ပိဿာ ၂၀၀၀၀ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၂၃၀၀ကျပ်၊ အာလူး တစ်ပိဿာ ၃၀၀၀ကျပ်၊ မန်ကျည်းသီးမှည့် တစ်ပိဿာ ၂၅၀၀ကျပ်၊ ချင်း တစ်ပိဿာ ၁၈၀၀ကျပ် စသဖြင့် ရောင်းဝယ်လျက်ရှိပါသည်။

          ကျိုင်းတုံမြို့တွင် ဇန်နဝါရီလ ဒုတိယပတ်၌ စားသုံးဆီဈေးနှုန်းများအနေဖြင့် စားအုန်းဆီ တစ်ပိဿာ ၆၅၀၀ကျပ်နှင့် ပဲဆီ(ရိုးရိုး) တစ်ပိဿာ ၁၆၀၀၀ကျပ်၊ ကြက်ဥဈေးမှာ တစ်လုံး ၂၃၀ကျပ်နှင့် ဘဲဥ တစ်လုံး ၃၂၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ အသား/ငါဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ ၁၀၀၀၀ကျပ်၊ ဝက်သား တစ်ပိဿာ ၂၀၀၀၀ကျပ်၊ အမဲသား တစ်ပိဿာ ၂၂၀၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာ ၉၀၀၀ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၈၅၀၀ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

          ကျိုင်းတုံမြို့ အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ယခင်ဒီဇင်ဘာလ ဒုတိယပတ်နှင့် နှိုင်းယှဉ်ပါက ဘဲဥ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ(ရှမ်းစ)တို့မှာ ဈေးနှုန်းအနည်းငယ်မြင့်တက်လာပြီး မန်ကျည်းသီးမှည့်၊ ချင်းတို့မှာ ဈေးနှုန်းအနည်းငယ်ကျဆင်း၍ ကျန်အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပါသည်။

DOCA(ရှမ်း)

 

ပဲကြီးသီးနှံပဲဟောင်းလက်ကျန်များဖြင့်ဈေးကောင်းရလျက်ရှိ

      ပဲမျိုးစုံဈေးကွက်တွင် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံသီးနှံများ စသည့် ပဲသစ်များဖြင့် နေ့စဉ်ရောင်းဝယ်မှုရှိသကဲ့သို့ ပဲကြီးသီးနှံမှာ ပဲသစ်ဝင်ရောက်လာခြင်းမရှိသော်လည်း လက်ကျန်လှောင်ပဲများဖြင့် ပဲလှော်ဖို၊ ပဲကြော်ဖိုလုပ်ငန်းသမားများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ တစ်ရက်လျှင် အိတ် ၁၅၀ ကျော်မှ အိတ် ၂၀၀ အထိရောင်းချမှုရှိနေပြီး ပဲဈေးနှုန်းများအနေဖြင့် ဈေးနှုန်းများမြင့်တက်လျက်ရှိသောကြောင့် ရွှေကျွန်းအမျိုးအစားမှာ တစ်တင်းလျှင် ၉၀၀၀၀ ကျပ်၊ ကမ်းနားပဲအမျိုးအစားမှာ တစ်တင်းလျှင် ၈၅၀၀၀ ကျပ်တို့ဖြင့် အသီးသီးရောင်းဝယ်မှုရှိနေကြောင်းသိရှိရပါသည်။ ထို့ကြောင့် ပြည်ပသို့ တင်ပို့ရောင်းချမှုများသော မတ်ပဲ၊ ပဲတီစိမ်းသီးနှံများ ဈေးအေး၊ ဈေးလျော့နေခဲ့သော်လည်း ပဲကြီးသီးနှံမှာ  လက်ကားရောင်းဝယ်မှုအဖြစ်များသော ပဲသီးနှံများထဲတွင် ဈေးအမြင့်ဆုံးဖြင့် ရောင်းဝယ်လျက်ရှိခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြိုအနီးရှိကျေးရွာများတွင်ကြက်သွန်နီများစိုက်ပျိုးပြီးစီး

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်းရှိ တောင်လုံးညို၊ မှော်ဇာ၊ ကုန်းရိုး၊ မထော၊ ရွာမ၊ တွင်းဗြည်း၊ ခွေးရဲ အစရှိသည့် ကျေးရွာများတွင် ကြက်သွန်နီအား ဆောင်သီးနှံအဖြစ် စိုက်ပျိုးလျက်ရှိကြပြီး စိုက်ဧကအားဖြင့် စုစုပေါင်း ၁၇၅ ဧကခန့်ရှိပါသည်။ တစ်ဧကကုန်ကျစရိတ်မှာ ၁၆ သိန်းခန့်ကုန်ကျပြီး သွင်းအားစုအနေဖြင့် ရေလောင်းခြင်း၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးအသုံးပြုမှုအပေါ်မူတည်၍ ကုန်ကျစရိတ်မှာ တစ်ဦးနှင့်တစ်ဦးကွဲပြားမှုရှိခဲ့ပါသည်။ မတ်လကုန်နှင့် ဧပြီလများတွင် တူးဖော်ရောင်းချလေ့ရှိပြီး စိုက်ခင်းအထိ ပွဲစားကုန်သည်များမှ လာရောက်ဝယ်ယူကြကြောင်း သိရှိရပါသည်။

ယခုလက်ရှိတွင် ပြည်ဈေးကွက်၏ ကြက်သွန်နီများသည် မကွေးတိုင်းရှိ ရေနံချောင်း၊ တောင်တွင်း၊ အောင်လံ၊ ဆိပ်ဖြူ၊ ပခုက္ကူစသော နယ်များမှ ဝင်ရောက်လာသော ကြက်သွန်နီများဖြင့် ရောင်းဝယ်မှုရှိနေကြပါသည်။ နေ့စဉ် အိတ် ၃၅၀ ခန့်ဝင်ရောက်မှုရှိနေပြီး ပွဲရုံဈေးကွက်အတွင်း အိတ်ဆွဲဝယ်ရောင်းသမားများ ဒေသတွင်းဝယ်လက်သမားများဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်နေနေ ပန်းတောင်း(ဥသျှစ်ပင်)နှင့် သာယာဝတီခရိုင်၊ ဧရာဝတီ(ကြံခင်း၊ မြန်အောင်)နှင့် ရခိုင်ပြည်နယ် (တောင်ကုတ်) တို့သို့ နယ်ကျော်စီးထွက်မှုများလည်းရှိနေပါသည်။ ဈေးနှုန်းများအနေဖြင့် ပွဲရုံလက်ကားဈေးတစ်ပိဿာ (ကြီး/လတ်/သေး)လျှင် ကျပ် ၂၇၀၀/၂၅၀၀/၂၃၀၀ တို့ဖြစ်ပြီး လက်လီဈေးအသေးများတွင် ကျပ် ၂၄၀၀/၂၆၀၀-၂၈၀၀/၃၀၀၀ နှုန်းတို့ဖြင့် အသီးသီးရောင်းဝယ်မှုရှိနေပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း