ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အောင်လံကုန်စည်ဒိုင်၏သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ

          အောင်လံကုန်စည်ဒိုင်တွင် နှမ်း(စမုံနက်)ဈေးနှုန်းမှာ ယခင်အပတ်(၂.၃.၂၀၂၂)နေ့နှင့် ယခု အပတ်(၉.၃.၂၀၂၂)နေ့အတွင်း အရောင်းအဝယ်ဖြစ်မှုအခြေအနေမှာ ယခုအပတ် နှမ်းစမုံနက်ရှယ်သန့် ၃တင်း (၄၅)ပိဿာ (၁၉၀၀၀၀) ဈေးရှိခဲ့ပြီး နှမ်း(ပြာ)၊ နှမ်းဖြူနှင့် နှမ်းနီတို့မှာ (၄၅)ပိဿာ ယခင်အပတ် (၁၄၀၀၀ဝိ/-) ၊ ယခုအပတ်တွင် (၁၅၀၀၀ဝိ/-)ဖြစ်၍ (၁၀၀၀ဝိ/-)ကျပ် ဈေးမြင့်တက်ခဲ့ပါသည်။ အရောင်းအဝယ်ဖြစ်မှု အနေဖြင့် နှမ်းစမုံနက် (၁၈၀၀)အိတ်၊ နှမ်းပြာ(၄၆၀)အိတ်၊ နှမ်းနီ(၂၂၀)အိတ်၊ နှမ်းဖြူ(၁၈၅)အိတ် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

            ပဲမျိုးစုံအနေဖြင့် ဈေးကွက်မှာ ပဲစဉ်းငုံ(နီ) ယခင်အပတ်(၄၃၈၀ဝိ/)ရှိခဲ့ပြီး ယခုအပတ် (၄၄၂၀ဝိ/-) ဖြစ်၍ (၄၀ဝိ/-)ဈေးနှုန်းမြင့်တက်ခဲ့ပြီး၊ ကုလားပဲ (H.L) ယခင်အပတ်(၄15၀ဝိ/-) ယခုအပတ်(၄၅0၀ဝိ/-) ဖြစ်၍ (3၅၀ဝိ/-)ကျပ်ဈေးမြင့်၊ ကုလားပဲ(မြကြေး) ယခင်အပတ်(၄၁၅၀ဝိ/-)ယခုအပတ်(၄၅၃၀၀) ဖြစ်၍ (၃၈၀ဝိ/-)ကျပ်ဈေးမြင့်၊ ဘိုကိတ်ပြာ ယခင်အပတ်(၃၀၀၀ဝိ/-) ယခုအပတ်(၃၃၀၀ဝိ/-)ဖြစ်၍ (၃၀၀ဝိ/-) ဈေးမြင့်၊ ပဲကြီးယခင်အပတ် (၆၀၀၀ဝိ-)ယခုအပတ်(၆၃၀၀ဝိ)ဖြစ်၍ (၃၀၀ဝိ/-)ဈေးမြင့်၊ မြေပဲ(လုံးဆံနီ/ဖြူ) တစ်ပိဿာ ယခင်အပတ်(၃၅၀ဝိ/-)ယခုအပတ်(၃၉၀ဝိ/-)ဖြစ်၍ (၄၀ဝိ/-)ကျပ်ဈေးမြင့်ခဲ့ပြီး မတ်ပဲမှာ ယခင်အပတ်ဈေးနှုန်းအတိုင်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ဖြစ်မှုအနေဖြင့်ပဲစဉ်းငုံနီ (၁၃၀ဝ)အိတ်၊ ကုလားပဲ(HL)(၁၂၀၀)အိတ်၊ ကုလားပဲ(မြကြေး)(၁၃၀၀)အိတ်၊ ဘိုကိတ်ဖြူ(၂၉၀)အိတ်၊ ဘိုကိတ်ပြာ (၅၃၀)အိတ် မြေပဲလုံးဆံဖြူ (၈၀၀)အိတ်၊ မြေပဲလုံးဆံနီ (၇၃၀)အိတ်၊ ပဲကြီး(၉၈၀)အိတ်၊ မတ်ပဲ (၂၂၀)အိတ် ဖြစ်ကြောင်းသိရှိရပါသည်။

            ဝါသီးနှံမှာ ယခင်အပတ်တစ်ပိဿာ(၁၈၀ဝိ-၁၉၀ဝိ)ဖြစ်ပြီး ယခုအပတ်(၁၇၅ဝိ-၁၈၅ဝိ)ရှိသည့် အတွက် (၅ဝိ/-)ကျပ်ဈေးလျော့ခဲ့ပြီး ပိဿာချိန်(၃၈၅၀ဝ)ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ကုန်သည်ထံမှ သိရှိခဲ့ရပါသည်။

DOCA(မကွေး)

မကွေးမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

          မကွေးခရိုင်၊ မကွေးမြို့နယ် စျေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့ စားသုံးသူ ရေးရာဦးစီးဌာန၊ မကွေးခရိုင်၊ ဒု-ခရိုင်ဦးစီးမှူး၊ ဦးမျိုးဝင်း(စစ်ဆေးရေးမှူး)နှင့်အဖွဲ့သည် ၂၀၂၂ခုနှစ် မတ်လ(၈)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် မကွေးမြို့၊ ကံပြားရွာရှိ Lucky-7 စက်သုံးဆီ အရောင်းဆိုင် တွင်အထူးသက်သာသော စျေးနှုန်းဖြင့်ရောင်းချနေသော ရိုးရိုးဒီဇယ်နှင့် Premium ဒီဇယ်များအား အရည်အသွေးနှင့်အချိန်အတွယ်ပြည့်ဝမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          စက်သုံးဆီစျေးနှုန်းမြှင့်တက်မှုမရှိစေရေးနှင့် စျေးနှုန်းတည်ငြိမ်မှုရှိစေရေးတို့အတွက် မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလွှဲနှုန်းဖြင့်ရောင်းချပေးသည့် နိုင်ငံခြားငွေရရှိသော စက်သုံးဆီ ကုမ္ပဏီများမှ မြန်မာ့ရေနံနှင့် ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသော ရည်ညွှန်းစျေးနှုန်းများအတိုင်းရောင်းချပေးခြင်းဖြစ်ပြီး Lucky-7 စက်သုံးဆီအရောင်းဆိုင် အနေဖြင့် ၂၀၂၂ခုနှစ် ဇန်နဝါရီလတွင် ရိုးရိုးဒီဇယ်၊ (၉၀၇၀.၄၄၂)လီတာ၊ Premiumဒီဇယ် (၁၂၈၃၅.၄၄၅) လီတာ နှင့်ဖေဖော်ဝါရီလအတွင်း ရိုးရိုးဒီဇယ်(၂၅၁၅၆.၃၀၅)လီတာ၊ Premium ဒီဇယ်(၃၂၁၆၈.၁၀၉)လီတာ နှင့်မတ်လ(၁)ရက်မှ (၇)ရက်နေ့အထိ ရိုးရိုးဒီဇယ်(၁၀၈၇၂.၅၆၁)လီတာ၊ Premium ဒီဇယ်(၁၂၄၅၄.၅၉၇) လီတာရောင်းချပေးခဲ့ပြီးဖြစ်ကြောင်းနှင့် လက်ရှိပြင်ပဆိုင်များတွင် ဒီဇယ်(၁)လီတာ (၂၃၉၅)ကျပ် ရှိပြီး သက်သာသောစျေးနှုန်းဖြင့် ရောင်းချနေသည့်ဆိုင်ဖြစ်၍ ဒီဇယ်(၁)လီတာ(၂၂၁၇)ကျပ်ဖြင့် ရောင်းချ ပေးသည့်အတွက် (၁၇၈)ကျပ်သက်သာကြောင်း၊ ပြင်ပဆိုင်များတွင် Premium ဒီဇယ်(၁)လီတာ (၂၄၂၅)ကျပ်ရှိပြီး အထူးဈေးနှုန်းဖြင့်ရောင်းချသည့်ဆိုင်ဖြစ်၍ Premium ဒီဇယ်(၁)လီတာ (၂၂၄၀) ကျပ်ရောင်းချပေးသည့်အတွက် ပြင်ပထက်(၁)လီတာ (၁၈၅)ကျပ် သက်သာကြောင်း လေ့လာသိရှိ ရပါသည်။ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးအန္တရာယ်အထူးဂရုပြုဆောင်ရွက်ကြရန်နှင့် စားသုံးသူပြည်သူများ သက်သာချောင်ချိရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ တစ်ဖက်တလမ်းမှ ပူးပေါင်းဆောင်ရွက်ပေးမှုအား မှတ်တမ်းတင်ပါကြောင်း ပြောကြားခဲ့ပါသည်။

DOCA(မကွေး)

ချောက်မြို့ရှိ လက်ဖက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်၊ ချောက်မြို့နယ် တာဝန်ခံနှင့်မြို့နယ်စည်ပင်သာယာရေးမှ တာဝန်ရှိသူတို့ပူးပေါင်းပါဝင်သောအဖွဲ့သည် ၂၀၂၂ ခုနှစ်၊ မတ်လ(၉)ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ချောက်မြို့၊ အမှတ်(၁၁)ရွှေတွင်းကုန်းရပ်ကွက်ရှိ “ညီညီရီရီ” လက်ဖက်လုပ်ငန်းသို့ သွားရောက်၍ လုပ်ငန်းရှင်ဦးထွန်းထွန်းဝင်းနှင့်တွေ့ဆုံပြီး စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ဘေးကင်းလုံခြုံသော ကုန်စည်များထုတ်လုပ်လာရေး အသိပေးဆွေးနွေးခဲ့ပါသည်။

    ညီညီရီရီ လက်ဖက်ကုန်ကြမ်းများကို ရှမ်းပြည်နယ် အောင်ပန်း၊ ပင်လောင်း၊ ပင်းတယနှင့် ရွာငံဒေသတို့မှဝယ်ယူကြောင်းနှင့် ဇယန်းလက်ဖက်ကို ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်၊ ဇယန်းကြီး ဒေသတို့မှ လက်ဖက်များကို ဝယ်ယူ၍ပြန်လည်ရွေးထုတ်သန့်စင်ပြီး ချောက်မြို့နယ်တွင်းရှိ ကျေးရွာ များသာမက မြို့နယ်ခြင်းထိစပ်နေသော  ဆိပ်ဖြူ၊ စလင်း၊ ဂန့်ဂေါ၊ ဆော၊ ကျောက်ထု၊ ညောင်ဦးမြို့များသို့ပါ တင်ပို့ရောင်းချရကြောင်း လက်ဖက်လုပ်ငန်းကို မိဘအမွေလုပ်ငန်းအဖြစ် လုပ်ကိုင်လာသည်မှာ နှစ်ပေါင်း(၅၀)ခန့်ရှိပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားခင်က လုပ်သား (၆၀)ဦးခန့်ဖြင့် နေ့စဉ်လုပ်ငန်းလည်ပတ်လျှက်ရှိပြီး ယခုအချိန်တွင် လုပ်သား(၃၃)ဦး ဖြင့်သာ လုပ်ကိုင်လျှက်ရှိကြောင်း၊လုပ်အားခအနေဖြင့် အမျိုးသားတစ်ဦးလျှင်(၄၀၀ဝိ/-)ကျပ် အမျိုးသမီး (၁)ဦးလျှင်(၃၀၀ဝိ/-)နှုန်းပေးချေရပါကြောင်း ကုန်စျေးနှုန်းများ အစစအရာရာမြင့်တက်နေသော်လည်း လက်ဖက်သည် မြန်မာလူမျိုးများအတွက် သာရေး၊ နာရေးမှအစ နေ့စဉ်စားသုံးကြသဖြင့် ရောင်းအားလျော့ကျခြင်းမရှိဘဲ အရောင်းသွက်လျက်ရှိသောကြောင့် ဝန်ထမ်းများအား အလုပ်မပျက် အောင် ထိန်းသိမ်းလုပ်ကိုင်လျက်ရှိကြောင်း လုပ်ငန်းရှင်၏ ပြောကြားချက်အရ သိရှိရပါသည်။

          ချောက်မြို့နယ်တာဝန်ခံ၊ ဒေါ်မြတ်မြတ်မိုးမှ “ညီညီရီရီ”အမှတ်တံဆိပ်လက်ဖက်တွင် ကုန်အညွှန်းအမှတ်အသားများဖော်ပြရာ၌ တံဆိပ်အမှတ်အသား ၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်များသာ ဖော်ပြထားသဖြင့် စားသုံးသူကာကွယ်‌ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာ၌ မြန်မာဘာသာဖြင့်ပြည့်စုံစွာ ဖော်ပြရမည့်အချက်များဖြစ်သည့် ကုန်အမှတ်တံဆိပ်၊ အလေးချိန်၊ထားသိုသိမ်းဆည်းပုံအညွှန်း၊သုံးစွဲပုံနည်းလမ်း၊ဓါတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို မဖြစ်မနေထည့်သွင်းပေးရန် လိုအပ်ကြောင်းနှင့် မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားမှုမရှိပါက ထုတ်လုပ်ဖြန့်ဖြူးရောင်းချခွင့်မရှိကြောင်း၊ လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေး ဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်းနှင့်အခန်း(၁၀)၊ ပုဒ်မ-(၂၁)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန် များကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပြီး လက်ဖက်များကို FDA မှခွင့်ပြုထားခြင်း မရှိသည့် တာရှည်ခံဆေးဝါးများသုံးစွဲ၍ ထုတ်လုပ်ဖြန့်ဖြူးခြင်း မပြုရန်အသိပေးဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)

ပခုက္ကူကုန်စည်ဒိုင်တွင် ပြည်ပပို့ကုန် အစေ့ထုတ်ပြောင်းဈေးကွက်အခြေအနေ

          ပခုက္ကူကုန်စည်ဒိုင်တွင် ယခုနှစ်မတ်လပထမပတ်အတွင်း အစေ့ထုတ်ပြောင်း (CP) အရောင်း အဝယ်ဖြစ်မှုအခြေအနေမှာ အစေ့ထုတ်ပြောင်း(CP) သီးနှံအများဆုံးစိုက်ပျိုးထွက်ရှိသော ပခုက္ကူ မြို့နယ်ကျွန်းဒေသများ၊ မြစ်ခြေမြို့နယ်ဒေသများနှင့် ရေစကြိုမြို့နယ်ဒေသများမှ နေ့စဉ်ဝင်ရောက် လျှက်ရှိကြောင်း၊ ကုန်စည်ဒိုင်သို့ တစ်နေ့လျှင် (၂၇)ပိဿာဝင် တစ်တင်းခွဲအိတ် (၅၀၀၀)ခန့်၊ ပိဿာချိန်အားဖြင့်(၁၃၅၀၀၀)ခန့် ဝင်ရောက်လျက်ရှိကြောင်းနှင့် (၁)ပတ်အတွင်း စုစုပေါင်းစီးဝင် ရောက်မှုအနေဖြင့် တစ်တင်းခွဲအိတ်(၃၅၀၀၀)ခန့်၊ ဝင်ရောက်ပြီး  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

       ဈေးနှုန်းဈေးကွက်အနေဖြင့် သီးနှံအရည်အသွေးကိုလိုက်၍ ဈေးနှုန်းများမတူညီကြောင်း၊ မတ်လပထမ(၁)ပတ်အတွင်း အစေ့ထုတ်ပြောင်း(CP)ဈေးနှုန်းမှာ (၁၈)ပိဿာတစ်တင်းလျှင် အမြင့် ဆုံးဈေးနှုန်းကျပ်(၁၆၃၀၀)မှ (၁၇၂၀၀)ကျပ်အထိ ဈေးနှုန်းမြင့်တက်ခဲ့ပြီး နေ့စဉ် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။ ယခင်နှစ် မတ်လပထမ(၁)ပတ် ဈေးနှုန်းမှာ ကျပ် (၇၅၀၀/ ၈၀၀၀)ဈေးဖြင့် ရောင်းဝယ်မှုဖြစ်ခဲ့ကြောင်း၊ ယခုနှစ်အစေ့ထုတ်ပြောင်း(CP)သီးနှံ ဈေးနှုန်းမှာ ပြည်ပတင်ပို့မှုများ၍ ယခင်နှစ်ထက် သိသိသာသာဈေးနှုန်း ပိုမိုမြင့်တက်ခဲ့သောကြောင့် ယခု(၁)ပတ် အတွင်း ကုန်စည်ဒိုင်တွင် အစေ့ထုတ်ပြောင်း (CP)မှာ အရောင်းအဝယ်သွက်လျက်ရှိကြောင်း  သိရှိရ ပါသည်။

          ပခုက္ကူကုန်စည်ဒိုင်မှ အစေ့ထုတ်ပြောင်း(CP)ကို ပြန်လည်ရောင်းချမှုနှင့် တင်ပို့မှုအခြေအနေ မှာဒေသတွင်း မွေးမြူရေးအစာကုန်ကြမ်းထုတ်လုပ်သော ကြိတ်ခွဲစက်များနှင့် ရန်ကုန်မြို့သို့ တင်ပို့လျက်ရှိကြောင်း၊ ရန်ကုန်မြို့မှတစ်ဆင့် ပြည်တွင်းဒေသအနှံ့အပြားနှင့် ထိုင်း၊ တရုတ်စသည့် ပြည်ပနိုင်ငံများသို့ ဝယ်လက်များမှ တစ်ဆင့်တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

          အစေ့ထုတ်ပြောင်း(CP)မှာ ပြည်တွင်းသုံးစွဲမှုအနေဖြင့် မွေးမြူရေးလုပ်ငန်းအတွက် တိရိစ္ဆာန် အစားအစာအဖြစ် သုံးစွဲမှုများပြားသည့်အပြင် ပြည်ပပို့ကုန်အဖြစ် အများဆုံးတင်ပို့လျှက်ရှိသော သီးနှံတစ်မျိုးဖြစ်၍ ယခုအချိန်တွင် ဈေးနှုန်း/ဈေးကွက်ကောင်းမွန်မှုရှိသဖြင့် အရောင်းအဝယ်သွက် လျက်ရှိကြောင်း ပခုက္ကူကုန်စည်ဒိုင်မှ လေ့လာသိရှိရပါသည်။

DOCA(မကွေး)

ငှက်သိုက်အကြောင်းတစေ့တစောင်း

          ငှက်သိုက်ဆိုသည်မှာ ဇီဝဇိုးငှက်များ တံတွေးဂလင်မှ စစ်ထုတ်လိုက်သော တံတွေးရည် များနှင့် အစာရည်တချို့ဖြစ်ပြီး အသိုက်ဆောက်ရန်ရွေးချယ်ထားသောနေရာတွင် တံတွေးထွေးကာ ၎င်းတံတွေးများသည်လေနှင့်ထိတွေ့သည့်အခါ မာကြောလာပြီး ငှက်သိုက်ဖြစ်လာခြင်းဖြစ်သည်။ ငှက်သိုက်တွင် ငှက်သိုက်အဖြူနှင့် ငှက်သိုက်အမဲဟူ၍ နှစ်မျိုးခွဲခြားလျက်ရှိသည်။ ငှက်သိုက်အဖြူ သည် Collocalia Fuciphaga ဇီဝဇိုးငှက် မှ ရရှိပြီး ငှက်သိုက်အမဲသည် Collocalia innominata ဇီဝဇိုးငှက် မှ ရရှိပါသည်။

          အဆိုပါဇီဝဇိုးငှက်များသည် လူသူမနီးသော တောင်၊ ပင်လယ်၊ ကျွန်းများရှိ ကျောက်ဆောင်၊ လှိုဏ်ဂူများတွင် အများဆုံးနေထိုက်လျက်ရှိပြီး လေထဲရှိ ပိုးပွားများအား ပျံသန်းရင်းဖမ်းယူစား သောက်တတ်သောကြောင့် လေစားငှက်ဟုပင်ခေါ်ဆိုခဲ့ကြပါသည်။ ၎င်းငှက်များသည် ကြွက်၊ မြွေ၊  တောက်တဲ့၊ လင်းနို့၊ စွန်နှင့် သိန်းငှက်များ၏ အစာဖြစ်နေတတ်သည့်အတွက် စွန်နှင့် သိန်းငှက်များ ရန်မှကာကွယ်ပေးရန် ငှက်သိုက်တည်ရှိရာအနီးအနားရှိ သစ်ပင်အကိုင်းအခက်များအားရှင်းလင်း ခြင်း၊ မျိုးမတုန်းစေရန်အတွက် ငှက်သိုက်ကြိုးဝိုင်းချခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ဇီဝဇိုး ငှက်များသည်  လူသူမနီးသော တောင်၊ ပင်လယ်၊ ကျွန်းများရှိ ကျောက်ဆောင်၊ လှိုဏ်ဂူများတွင် နေထိုင်သော်လည်း ကံအားလျော်စွာဖြင့် လူနေအိမ်များတွင်လည်း လာရောက်စွဲကပ်သည့် သဘာဝ ငှက်သိုက်များနှင့် လူများပြုလုပ်ထားသော မလေးရှားနည်းပညာဖြင့်ဖန်တီးထားသည့် ဇီဝဇိုးငှက် အသံတုကြောင့်လာရောက်စွဲကပ်ကြသည့် ငှက်သိုက်များလည်းရှိသည်။ ငှက်သိုက်တည်ဆောက် ထားသော လူနေအိမ်များတွင် ငှက်များပြန်လည်မထွက်ခွာစေရန် မီးခိုး၊ ပိုးသတ်ဆေးစသော အခိုး အငွေ့များ၊ စူးရှသောအနံ့များ မဖြစ်စေရန် အထူးဂရုစိုက်ကြရသည်။ ဇီဝဇိုးငှက်မှ ရရှိလာသော ငှက်သိုက်သည် ပလိုတင်းဓါတ်ကြွယ်ဝပြီး အဟာရဓါတ်များစွာရရှိသည့်အတွက် နာတာရှည်ရောဂါရှိ သူများ၊ သက်ကြီးရွယ်အိုများ၊ အင်အားကုန်ခမ်းနေသူများတို့အတွက် အားဆေးတစ်ခွက်ဖြစ်သည်။ အချို့ သောငှက်သိုက်များသည် ဆေးဖက်ဝင်ပစ္စည်းများအသုံးပြု၍ ခေတ်မှီနည်းစနစ်ဖြင့် ပေါင်းစပ် ဖော်ထားသည့်အတွက် အဆုတ်ကိုအားကောင်းစေပြီး ချောင်းဆိုး၊ အအေးမိခြင်းနှင့် တုတ်ကွေး ရောဂါကို သက်သာပျောက်ကင်းနိုင်ကြောင်း သိရှိရပါသည်။ တရုတ်နိုင်ငံတွင် ရှေးယခင်က သဘာဝ ငှက်သိုက်ကို တရုတ်တိုင်းရင်ဆေးအဖြစ် အသုံးပြုခဲ့ကြပြီး အသက်ရှူလမ်းကြောင်း၊ အားအင် ပြည့်ဖြိုးစေရန်နှင့် အရေပြားလှပစေရန်သုံးစွဲခဲ့ကြပေသည်။ ငှက်သိုက်သည် စိတ်မငြိမ်မသက်ဖြစ် ခြင်း၊ သွေးတိုး၊ ဆီးချိုနှင့် အဆုတ်လူနာများအတွက် အထူးကောင်းမွန်သောဆေးဝါးတစ်လက် ဖြစ်ကြောင်းလည်း သိရှိရပါသည်။

           ဇီဝဇိုးငှက်များသည် မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းအတွင်းရှိ ကျွန်းပေါင်း(၁၂)ကျွန်းတွင် လည်းနေထိုင်ကျက်စားလျက်ရှိပြီး အခြားနိုင်ငံ၊ ဒေသများတွင်လည်း ပြန့်နှံ့ရှင်သန်လျက်ရှိပါသည်။ တနင်္သာရီတိုင်းဒေသကြီးထဲရှိ ငှက်သိုက်အိမ်များထဲမှ မြိတ်မြို့၊ ကမ်းနားလမ်းရှိ ငှက်သိုက်အိမ်သည် ဇီဝဇိုးငှက်များ သဘာဝအလျောက်လာရောက်စွဲကပ်သဖြင့် မွေးမြူခဲ့သော ငှက်သိုက်အိမ်ဖြစ်ပြီး တစ်နှစ်ဆွတ်ခူးချိန်(၈)ကြိမ်၊ (၈)လ၊ ထိန်းသိမ်းအနားပေးချိန်(၄)ကြိမ်၊ (၄)လရှိသည့်အပြင် တစ်နှစ် လျှင် အဖြူ(၂) ပိဿာခန့်၊ အမဲ(၂)ပိဿာခန့် ဆွတ်ခူးရရှိကြောင်း သိရှိရပါသည်။ ၎င်းငှက်သိုက်အိမ် သည် သဘာဝ အလျောက်လာရောက်စွဲကပ်သည့်အတွက် မြိတ်သဘာဝငှက်သိုက်အိမ်ဟုခေါ်ဆိုပြီး ရရှိလာသော ငှက်သိုက်များအား ငှက်သိုက်အကြမ်း၊ ငှက်သိုက်အချော(အမွေးသန့်စင်ပြီး) နှင့် ငှက်သိုက်အရည်များပြုလုပ်၍ ရောင်းချလျက်ရှိပါသည်။ ငှက်သိုက်များထုတ်လုပ်ဖြန်ု့ဖြူးရာတွင် လည်း မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားပြီး ငှက်သိုက်အရည်ပြု လုပ်ရာတွင်လည်း ဖန်ပုလင်းအသုံးပြုကာ ဇီဝဇိုးအမှတ်တံဆိပ်၊ မြိတ်သဘာဝငှက်သိုက်ရည် အမျိုးအစား၊  ပါဝင်ပစ္စည်း တွင် ၁၀၀ရာခိုင်နှုန်း သဘာဝငှက်သိုက်၊ ရေသန့်နှင့် ကျောက်သကြား များပါဝင်ပြီး ထားသိုသိမ်း ဆည်းရန်အညွှန်းတွင် ရေခဲသေတ္တာတွင်သိမ်းရန် တာရှည်ခံဓါတုဆိုးဆေး လုံးဝမပါကြောင်းလည်းဖော်ပြထားပါသည်။ လက်ရှိငှက်သိုက်အကြမ်း(၁)ကျပ်သား ရောင်းစျေး သည် ကျပ်(၂၀၀၀၀)၊ ယခင်COVID -19 ဖြစ်ပွားမှုများစဉ်အခါက တစ်ကျပ်သားလျင်ကျပ်(၂၆၀၀၀) ဖြင့်လည်းကောင်း၊ ငှက်သိုက် အချော (၁)ကျပ်သားလျှင် ကျပ်(၄၀၀၀၀)ဖြင့် ယခင်COVID -19 ဖြစ်ပွားမှုများစဉ်အခါက တစ်ကျပ်သား လျှင် ကျပ်(၄၅၀၀၀)ကျပ်ဖြင့် လည်းကောင်း၊ ငှက်သိုက် အရည်တစ်ပုလင်းလျှင် ကျပ်(၅၀၀၀)  ယခင် COVID-19 ဖြစ်ပွားမှုများစဉ် အခါကကျပ်(၆၀၀၀) ဖြင့် လည်းကောင်း ရောင်းချခဲ့ကြောင်းသိရှိရပါသည်။  သက်တမ်းကုန်ဆုံးရက်ဖော်ပြရာတွင်လည်း ရေခဲ သေတ္တာတွင်သိမ်းဆည်းပါက(၁)လ၊ အပြင်တွင်ထားလျှင် နာရီပိုင်းသာခံကြောင်း   ၎င်းတို့ကိုတရုတ် နိုင်ငံမှအများဆုံးဝယ်ယူလျက်ရှိကြောင်းသိရှိရပါသည်။ ငှက်သိုက်များပိုမိုတိုးပွားလာစေရန် သဘာဝ ပတ်ဝန်းကျင်အား ထိန်းသိမ်းပေးခြင်းနှင့် ဇီဝဇိုးငှက်များအားကာကွယ်ပေးရန် လိုအပ်သည့်အပြင် ကောင်းမွန်သော အဆင့်မြင့်နည်းပညာဖြင့် ပိုမိုထုတ်လုပ်နိုင်ရန်လည်း လိုအပ်လျက်ရှိပါကြောင်း တင်ပြအပ်ပါသည်။

DOCA(တနင်္သာရီ)

“ ပြည်ထောင်စုနယ်မြေအတွင်း ဖြစ်ပေါ်နေသည့် သီးနှံ၊ ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေးဈေးနှုန်း အခြေအနေ ”

 ပြည်ထောင်စုနယ်မြေအတွင်း ၂၀၂၂ခုနှစ်၊ မတ်လ ဒုတိယပတ်အတွင်း ရိတ်သိမ်းလျက်ရှိသော သီးနှံများ၏ ပေါက်ဈေးနှင့် သီနှံများနှင့်ဆက်စပ်မှုရှိသော ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး ဈေးနှုန်းများ ဖြစ်ပေါ်နေမှုအခြေအနေအား ရေးသား ဖော်ပြအပ်ပါသည်- 

စဥ်

ကုန်ပစ္စည်း အမည်

ရေ

တွက်

ပုံ

ကုန်ပစ္စည်း

အမျိုးအစား

ပမာဏ

ဈေးနှုန်း

မှတ်

ချက်

မတ်ပဲ

တင်း

သီးနှံ

၂၀-ပိဿာ

၄၅၀၀၀

 

ကုလားပဲ

တင်း

သီးနှံ

၂၀-ပိဿာ

၃၉၀၀၀

 

ပဲပိစပ်

တင်း

သီးနှံ

၂၀-ပိဿာ

၂၄၀၀၀

 

ပဲကြီး(ရွှေယင်းမာ)

တင်း

သီးနှံ

၂၀-ပိဿာ

၃၂၀၀၀

 

မန်းကျည်းမှည့်(အစေ့ပါ)

ပိဿာ

သီးနှံ

၁-ပိဿာ

၁၂၅၀

 

ထိုင်းပုလဲ(မြင်းပျံ)ICP

အိတ်

မြေသြဇာ

၅၀-ကီလို

၈၅၀၀၀

 

ထိုင်းပုလဲ(မြင်းပျံ)

အိတ်

မြေသြဇာ

၅၀-ကီလို

၈၂၀၀၀

 

နိုက်ထရိုဖော်စကာ

အိတ်

မြေသြဇာ

၅၀-ကီလို

၈၀၀၀၀

 

ကီမီရာ

အိတ်

မြေသြဇာ

၅၀-ကီလို

၇၆၀၀၀

 

၁၀

အာမို(၁၅း၁၅း၁၅)

အိတ်

မြေသြဇာ

၅၀-ကီလို

၈၀၀၀၀

 

၁၁

အဆီဖိတ်

အိတ်

ပိုးသတ်ဆေး

၂၅၀-ဂရမ်

၇၅၀၀

 

၁၂

ရွှေဆိုက်ပါ

ဗူး

ပိုးသတ်ဆေး

၅၀၀-စီစီ

၉၀၀၀

 

၁၃

ဆိုင်လာ

အိတ်

ပိုးသတ်ဆေး

၁၀၀-ဂရမ်

၆၅၀၀

 

၁၄

အလန်း

အိတ်

ပိုးသတ်ဆေး

၁၀၀-ဂရမ်

၇၀၀၀

 

၁၅

အမဲနက်

အိတ်

ပိုးသတ်ဆေး

၁၀၀-ဂရမ်

၇၅၀၀

 

“ပြည်ထောင်စုနယ်မြေရှိ ဖူးစားပြောင်းစိုက်ပျိုးတောင်သူများ တွေ့ဆုံကွင်းဆင်းလေ့လာ”

          ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်းမြို့နယ်အတွင်းရှိ ဆင်သေချောင်းလွင်ပြင်တစ်လျှောက်တွင် ရာသီအလိုက် မီးဖို‌ချောင်သုံးသီးနှံများ စိုက်ပျိုးကြပါသည်။ ယခုအချိန်တွင် ပန်းဂေါ်ဖီ၊ ‌ဂေါ်ဖီထုပ်၊ အာလူး၊ ခရမ်းသီး စသော သီးနှံများ စိုက်ပျိုးကြပြီး ဖူးစားပြောင်းစိုက် တောင်သူများ ပိုမိုအဆင်ပြေ တွက်ခြေကိုက်ကြောင်း လေ့လာတွေ့ရှိရပါသည်။ ပုံမှန်စိုက်နေကြဖြစ်သော ဖရဲစိုက်ခင်းနေရာများ တွင် ဖူးစားပြောင်းများ ပိုမိုစိုက်ပျိုးလာသည်ကို တွေ့ရှိရပါသည်။ ယနေ့တွင် စားသုံးသူ‌‌ရေးရာဦးစီး ဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ ကွင်းဆင်းလေ့လာခဲ့ရာ တပ်ကုန်းမြို့နယ်၊ စံပြကျေးရွာဖြစ်သည့် ဂွေးပင်ကျေးရွာမှ တောင်သူ ဦးစန်းလွင်၏ ဖူးစားပြောင်းစိုက်ခင်းသို့ ကွင်းဆင်းလေ့လာခဲ့ရာ လက်ရှိအနေအထားအရ ခူးဆွတ်ရန် အသင့်အနေအထားဖြစ်နေပြီး စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျ စရိတ်အနေဖြင့် မျိုးစေ့တစ်ထုတ်လျှင် ၂၀၀၀ဝိ/- နှုန်းဖြင့် တစ်ဧက (၄)ထုတ် စိုက်ပျိုးရကြောင်း၊ ထိုင်းနိုင်ငံမှ တင်သွင်းသည့် မျိုးစေ့များဖြစ်ပြီး အပင်ပေါက် (၈၀) ရာခိုင်နှုန်း ပေါက်ကြောင်း၊ မြေဩဇာအနေဖြင့် (၁၅း၁၅း၁၅) ပတ်လည်တစ်အိတ် ၉၀၀၀ဝိ/- နှင့် ပုလဲမြေဩဇာတစ်အိတ် ၆၀၀၀ဝိ/-၊ အပင်အားဆေး ၂၅၀၀ဝိ/- ကုန်ကျကြောင်း၊ မြေပြင်၊ ပေါင်းကောက်၊ ဘောင်ဆွဲ၊ မျိုးစေ့ချ၊ လုပ်သားခ များအပါအဝင် စုစုပေါင်းတစ်ဧက (၆) သိန်းခန့် ကုန်ကျကြောင်းနှင့် စိုက်ခင်းတွင်ပင် အခင်းပြတ် စနစ်ဖြင့် ရောင်းချရကြောင်း၊ ယခုစိုက်ခင်း တစ်ဧကအတွက် ပုတ်ပြတ် (၁၉)သိန်းဖြင့် ရောင်းချရန် စရံငွေ (၁၀)သိန်း လက်ခံရရှိပြီးဖြစ်ကြောင်းနှင့် မနက်ဖြန်တွင် လာရောက်ခုတ်သိမ်းမည် ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။

          ဆင်သေချောင်းတလျှောက်တွင် ယခုနှစ် ဖရဲစိုက်ခင်းများ မစိုက်ကြတော့သဖြင့် ဝင်ငွေ သေချာသည့် ဖူးစားပြောင်းများကို နေပြည်တော်အာဟာရသုခဈေး လက်ကားပွဲရုံများမှ ပွဲစားများ လာရောက်ပြီး အကျိုတူပူးပေါင်းဆောင်ရွက်လျက်ရှိသဖြင့် နောက်ပိုင်းတွင် စိုက်ဧကများလာမည် ဖြစ်ပြီး ဖူးစားပြောင်းဈေး ကျလာနိုင်ချေရှိကြောင်း တောင်သူဦးစန်းလွင် သုံးသပ်ပြောကြားချက် အရ သိရှိရပါသည်။

DOCA(နေပြည်တော်ကောင်စီ)

သွင်းအားစုလျော့ချသုံးစွဲဖို့ ငါးအမိုင်နိုအက်စစ်သုံးကြစို့

          ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် ဒု-ခရိုင်ဦးစီးမှူး ဦးသန်းစိုး၊ သတင်းနည်းဌာနခွဲတာဝန်ခံ ဒေါ်ကြည်ကြည်ချိုတို့သည် သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် နဘဲကွင်းအုပ်စု ၊ နဘဲကွင်းကျေးရွာ ကွင်းအမှတ်(၁၃၉၄) ၊ပဲတီစိမ်း(၁၁)ဧက(ပဲနောက်စိမ်းအမျိုးအစား) ၊ စိုက်ပျိုးထားရှိသော တောင်သူဦးဇော်မျိုးသန်း ၏ စိုက်ခင်းသို့ (၄.၃.၂၀၂၂) ရက်နေ့နံနက် (၉:၃၀)အချိန်တွင် ငါးအမိုင်နိုအက်စစ်ဖော်စပ်သုံးစွဲထားရှိသောပဲတီစိမ်း စိုက်ခင်းစိုက်ပျိုးထားရှိမှု အခြေအနေများကို သွားရောက်ကွင်းဆင်းလေ့လာခဲ့ပါသည်။

          တောင်သူဦးဇော်မျိုးသန်းမှ ပြောကြားရာတွင် ယခုနှစ်မှစတင်၍ ငါးအမိုင်နိုအက်စစ်ကိုစတင် အသုံးပြုခြင်းဖြစ်ကြောင်းနှင့် ထုတ်လုပ်ဖော်စပ်ပုံအဆင့်ဆင့်မှာ အရိုးပါသောငါးကလေးများ(ငါးခုံးမ၊ ငါးဘဲ)အစရှိသော ငါးတစ်ပိဿာနှင့် ထန်းညက်တစ်ပိဿာတို့ ဆတူရောစပ်ဖော်စပ်ရသည်။ ရှေးဦးစွာ ငါးကလေးများကို ရေစင်ကြယ်အောင် ဆေးကြောပြီး စစ်ထားပါ၊ ထန်းညက်တစ်ပိဿာကို အရည်ကျိုပြီး အအေးခံထားပါ၊  ထို့နောက်လေလုံသော အိုးထဲသို့နှစ်မျိုးစလုံးရောစပ်ပြီးထည့်ပါ၊ (၅)ရက်ကြာလျှင် အဖုံးဖွင့်ပြီး မွှေပါ၊ အပုပ်နံ့ထွက်နေပါက ထန်းညက် အနည်းငယ်ထပ်ထည့်ပါ၊ (၇)ရက်ကြာလျှင် ဖွင့်ပြီး နမ်းကြည့်ပါ၊ မွှေးနေလျှင် ဖော်စပ်မှုအောင်မြင်ပါပြီ၊ (၁၅)ရက်ပြည့်ပြီး နောက်ပိုင်းတွင် ဆေးစတင်သုံးစွဲ၍ရပြီး လယ် (၃၀)ဧကတွင် တစ်ကြိမ်သုံးစွဲနိုင်သဖြင့် ၎င်းတောင်သူမှာ တစ်ကြိမ်ဖော်စပ်ထားပါက (၃)ကြိမ် ပက်ဖျန်း၍ရပြီး ဆေးသုံးစွဲရန် အညွှန်းမှာ (၂၀)လီတာဆေးဖျန်းပုံးထဲသို့ (၄၀)စီစီ (သို့) စတီးဇွန်း(၄)ဇွန်းထည့်ပြီး ပက်ဖျန်းရပါသည်။ ဤဆေးပက်ဖျန်းခြင်းဖြင့် အပင်အတွက် အားဆေးလည်းဖြစ်၊ မှိုရောဂါကျရောက်မှုကိုလည်း ကာကွယ်ပြီးဖြစ်၍ ပိုးမွှာကင်းရှင်းသက်သာစေပါသည်။ ထိုငါးအမိုင်နိုအက်စစ်အနံအား ပိုးမွှားများ မကြိုက်ကြသဖြင့် ပိုးကျခြင်းနည်းရကြောင်းသိရပါသည်။ ယခု စိုက်ပျိုးထားသော  ပဲတီစိမ်းစိုက်ခင်း သွင်းအားစုသုံးစွဲမှုမှာ မျိုးတစ်တင်းလျှင်(၄၀၀၀၀)ကျပ်နှုန်းဖြင့် (၁/၂)တင်း၊ အပင်(၂၀) ရက်သားတွင် စျေးနည်းသောရွှေတောင်သူအပင်အားဆေးနှစ်ဗူးတွဲ တစ်စုံလျှင် (၁၅၀၀၀/)ကျပ် နှုန်းဖြင့် (၅)စုံ သုံးစွဲခဲ့ကြောင်းသိရှိရပါသည်။

          ဤသို့သုံးစွဲရခြင်းမှာ ဆေး၏အာနိသင်အား မသိရှိခဲ့၍ ဝယ်ယူသုံးစွဲခြင်းဖြစ်ကြောင်း တောင်သူမှ ပြောကြားခဲ့ပါသည်။ ပဲတီစိမ်းစိုက်ခင်းများထဲတွင် နေကြာပင်များအား သီးညှပ်စိုက်ပျိုးထားရှိသည်ကို တွေ့ရှိရပြီး တောင်သူမှ ၎င်းစိုက်ပျိုးထားသောစိုက်ခင်းနှင့် အခြားစိုက်ခင်းများအား ယှဉ်တွဲကြည့်ရန် ပြောကြားလာသဖြင့် ပဲပင်များခြားနားစွာ ကောင်းမွန်နေကြောင်း လေ့လာတွေ့ရှိရပါသည်။ တောင်သူများ အနေဖြင့်ငါးအမိုင်နိုအက်စစ် ဖော်စပ်သုံးစွဲခြင်းဖြင့် သွင်းအားစုသုံးစွဲမှု လျော့ချနိုင်ခြင်း၊ ငွေကြေးကုန်ကျမှု သက်သာစေခြင်းတို့ကြောင့် တောင်သူများ လေ့လာသုံးစွဲသင့်ကြောင်းသိရှိရသည်။

DOCA(ပဲခူး)

ကျိုင်းတုံမြို့၏ အေးခဲအသား တင်သွင်း/ ရောင်းချသော လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးပညာပေး

          စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဒုတိယပြည်နယ်မှူး ဦးဆောင်သည့်  တာဝန်ရှိသူများသည် (၇.၃.၂၀၂၂၂)ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် ကျိုင်းတုံမြို့၊ ရပ်ကွက်(၂)ရှိ ထက်အာကာမင်းကုမ္ပဏီ၏ ထိုင်းနိုင်ငံထုတ် အေးခဲအသား တင်သွင်း/ ရောင်းချမှုအား သိရှိနိုင်ရန် ကွင်းဆင်း လေ့လာမေးမြန်းခဲ့ပါသည်။ အဆိုပါ ကုမ္ပဏီသည် ၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ပြီး မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ သက်ဆိုင်ရာဌာန ထောက်ခံချက်များရရှိ ထားကြောင်း၊ ယင်း ကုမ္ပဏီသည် အေးခဲအသားမျိုးစုံကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) သံလွင်အရှေ့ဘက်ခြမ်းထိ ဖြန့်ဖြူး ရောင်းချခွင့်ရှိကြောင်း သိရှိရပါသည်။

          အေးခဲအသားမျိုးစုံကို ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ထုတ်လုပ်သော စက်ရုံမှ တိုက်ရိုက် ဝယ်ယူ တင်သွင်း/ဖြန့်ဖြူးခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ(မယ်ဆိုင်)မှ တဆင့် တာချီလိတ်မြို့ ချစ်ကြည်ရေး တံတားအမှတ်(၂) သို့ သတ်မှတ်ထားသည့် စည်းကမ်းချက်နှင့်အညီ သယ်ယူပြီး ကျိုင်းတုံမြို့သို့ အဲကွန်းပါသောကားဖြင့် တိုက်ရိုက် သယ်ဆောင်၍ အအေးခန်းတွင် သိုလှောင်သိမ်းဆည်းကြောင်း၊ အေးခဲအသားမျိုးစုံကို သိုလှောင်အခန်းအတွင်းတွင် စင်များဖြင့်စနစ်တကျထားရှိသိုလှောင်ပြီး ဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်း၊ ဖြန့်ဖြူးရောင်းချသော မြို့များမှာ ကျိုင်းတုံမြို့အတွင်း/ပြင်နှင့် မိုင်းပျဉ်းမြို့တို့ ဖြစ်ကြောင်း သိရှိရပါသည်။

          ထက်အာကာမင်းကုမ္ပဏီမှ တင်သွင်းသော ကုန်ပစ္စည်းအချို့တွင် စားသုံးသူရေးရာဦးစီးဌာန မှ ချမှတ်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြပါရှိရေးနှင့် စပ်လျဉ်းသည့် အချက်အလက်များ ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရှိရပြီး ကျန်ရှိနေသော ကုန်ပစ္စည်းများတွင်လည်း ကုန်စည်များတွင် ဖော်ပြရမည့် အသေးစိတ် အချက်အလက်များကို ထည့်သွင်းဖော်ပြနိုင်ရန် ဆက်လက်ဆောင်ရွက်နေကြောင်း သိရှိရပါသည်။

          စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ထက်အာကာမင်းကုမ္ပဏီအား အေးခဲအသားများ သိုလှောင်သိမ်းဆည်းရာတွင် ကျန်းမာရေးနှင့်ညီညွတ်ပြီး ပိုမိုစနစ်ကျစေရေး၊ အအေးခန်းကားမှ သိုလှောင်ရုံသို့ ပစ္စည်းများ သယ်ဆောင်သိမ်းဆည်းသော အလုပ်သမားများနှင့် အအေးခန်းအတွင်းသို့ ဝင်ရောက်မည့်သူများအား လက်အိတ်၊ မိုးကာ၊ ဘွတ်ဖိနပ် အရှည်ဝတ်ဆင်ပြီး Covid-၁၉ စည်းကမ်းချက်နှင့်အညီ ဝင်ရောက်ရန် အသိပညာပေးမှုများ ပြုလုပ်ခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(ရှမ်း)

ဇီးကုန်းမြို့‌ဒေသထွက်ကုန် ဝါးခမောက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံလေ့လာ

          ဇီးကုန်းမြို့၏ ဒေသထွက်ကုန် ဝါးခမောက်လုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် လက်ကားဖြန့်ဖြူးရောင်းချနေသော ဝါးခမောက်လုပ်ငန်းရှင်နှင့် (၄.၃.၂၀၂၂)နေ့တွင် တွေ့ဆုံလေ့လာခဲ့ပါသည်။ ဇီးကုန်းမြို့နယ်၊ သရက်တပင်အုပ်စု၊ ဝက်ကော်ကျေးရွာတွင် အိမ်တောင်စု(၅၀)ခန့်တစ်နိုင်တစ်ပိုင် အသက်မွေးဝမ်းကျောင်း မိရိုးဖလာလုပ်ကိုင်နေကြောင်း သိရှိရပါသည်။

          ဝါးခမောက်လုပ်ငန်းကို (၁၉၀၀)ပြည့်နှစ်ခန့်လောက်စတင်ပြီး ဝက်ကော်ကျေးရွာသို့ ကျောက်မဲရှမ်းများ လာရောက်ပြောင်းရွေ့ အခြေချနေထိုင်၍ ဝါးခမောက်လုပ်ငန်းစတင်လုပ်ကိုင်ခဲ့ရာမှ လုပ်ငန်းပညာရပ်များ ပြန့်ပွားပြီး ဒေသခံများမှ လုပ်ကိုင်နေကြလျက်ရှိကြောင်း သိရှိရပါသည်။ ကုန်ကြမ်းဖြစ်သော ဝါးများကို မင်းလှမြို့နယ်မှရရှိပြီး၊ ဝါးပလပ်များကို ဧရာဝတီတိုင်း ကနောင်၊ မြန်အောင်၊ ကြံခင်းဘက်မှရရှိပါသည်။ ယခင်ဝါးတစ်လုံးလျှင် (၇၀ဝ)ကျပ် ရှိပြီး ယခုအခါ (၈၀၀ မှ ၁၀၀၀)ကျပ်ရှိကြောင်း၊ ဝါးပလပ်အရွက်(၅၀၀) ပါတစ်ထုပ်လျှင် ယခင်(၈၀၀) ကျပ် ယခု(၁၀၀၀ မှ ၁၂၀၀) ကျပ်ထိဝယ်ယူရပြီး ဝါးခမောက် အသုံးပြုရာတွင် သုံးသော ဆက်စပ်ပစ္စည်းများကို စျေးအနည်းငယ်စီမြင့်တက်ပြီး ဝယ်ယူသုံးစွဲရကြောင်း သိရသည်။ ဝါးခမောက် ပြုလုပ်ရန် ဝါးနုကိုသာသုံးစွဲရပြီး ဝါးနုများကို တပို့တွဲလတွင်ကြိုတင်ဝယ်ယူရ၍ ရာသီအလိုက် အသုံးပြုရန် ကြိုတင်ပြုလုပ်ထားရပါသည်။ ခမောက်ရွက်၊ အနားကွပ်အစရှိသော ပစ္စည်းလိုအပ်ပြီး ဝါးခမောက်ခွေရန် ဝါးနု၊ ဝါးပလပ်၊ ကြသောင်းဝါးနု၊ ခမောက်ချုပ်ရန် ချည်၊ ဖယောင်း၊ ခမောက်ရွက်ချုပ်ရန် ချည်ခင် တစ်ပိသာလျှင် (၁၀၀၀ မှ၁၃၀၀)ကျပ်ဈေးဖြင့် ဝယ်ယူသုံးစွဲရပါသည်။ လုပ်သားခအနေဖြင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသော ခမောက် (၁၀၀) လုံး ချုပ်လုပ်မှုအပေါ်တွင် မူတည်၍ ဈေးသက်မှတ်ရာ (၄၀၀၀-၄၅၀၀-၅၀၀၀-၁၀၀၀၀) ကျပ်ထိပေးချေသုံးစွဲရပါသည်။ ဒေသခံများအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး အိမ်တွင်းမှုလုပ်ငန်း တစ်ခုဖြစ်သော ဝါးခ‌မောက် လုပ်ငန်းလုပ်ကိုင်နေသူများ အဆင်ပြေချောမွေ့လျက်ရှိကြောင်း သိရှိရပါသည်။

           အများဆုံးထုတ်လုပ်သော ခမောက်များမှာ လုပ်ငန်းခွင်သုံးခမောက် (၃)မျိုး၊ရွက်ကြီးရွက်လတ် ကောက်စိုက်မသုံး ခင်သန်းနုခမောက်တို့ဖြစ်ပြီး၊ အလှဆုံးဇာခံခမောက်၊ စျေးကွက်ဝင်ခမောက်များ ထုတ်လုပ်ပြီး ခမောက်ကြမ်း/ချော ပေါ်မူတည်၍ လက်ကားစျေးနှုန်း (၄၀၀) ကျပ်၊ (၅၀၀-၆၀၀) ကျပ်ထိ ရှိကြောင်းသိရှိရပါသည်။ ဝါးခမောက် တင်ပို့ရာဒေသများမှာ ဇီးကုန်းမြို့နယ်၊ ရန်ကုန်-ပြည်ကြား မြို့နယ်များ၊ အောင်လံ ၊သရက်၊ တောင်တွင်း၊ မကွေး၊ နတ်မောက် ၊ ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ ဖြူး၊ ညောင်လေးပင်၊ ဒိုက်ဦး ၊ ပျော်ဘွယ်မြို့များသို့ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးရောင်းချနေပါကြောင်း ‌ဝေဠု ဝါးခမောက်လုပ်ငန်းရှင် တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း