ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပခုက္ကူမြို့နယ်၌အစေ့ထုတ်ပြောင်း ဈေးနှုန်းမြင့်တက်လျက်ရှိ

           မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်း၌ ပဲ၊ နှမ်းသီးနှံမျိုးစုံ စိုက်ပျိုးကြသည့်အပြင် အစေ့ထုတ်ပြောင်းသီနှံကိုလည်း နှစ်စဉ်စိုက်ပျိုးကြပါသည်။ စိုက်ဧက(၁၄၈၄၈)ခန့်ရှိ၍ တိရစ္ဆာန်အစာအနေဖြင့် စိုက်ပျိုးထုတ်လုပ်ပြီး ရန်ကုန်၊ မန္တလေးမြို့ကြီးများသို့ တင်ပို့လျက်ရှိပါသည်။

          ရေစကြိုမြို့နယ်များနှင့်‌ ပေါက်မြို့နယ်များတွင် အများဆုံးစိုက်ပျိုးကြပြီး စတင်စိုက်ပျိုးချိန်မှာ မေလနှင့်ဇွန်လဖြစ်ပြီး ရိတ်သိမ်းကာလမှာ အောက်တိုဘာလမှ ဒီဇင်ဘာလအထိဖြစ်ပါသည်။ ပေါ်စအချိန်မှာပင် အစေ့ချွေပြီးသား (၃၀)ပိဿာဝင် (၁)အိတ်လျှင် ကျပ်(၁၆၀၀၀)ခန့်ရှိပြီး အောက်တိုဘာလကုန်ပိုင်းတွင် (၁၈၅၀၀)ကျပ်ထိ ဈေးတက်ခဲ့သည်။ နိုဝင်ဘာလ(၁)ရက်မှ (၁၅)ရက်အတွင်းတွင် (၁)အိတ်လျှင် (၁၉၀၀၀) ကျပ်၊ နိုဝင်ဘာ(၁၅)ရက်မှ(၃၀)ရက်အတွင်းတွင် (၁)အိတ်လျှင် (၁၉၅၀၀-၁၉၇၀၀)ကျပ်ရှိပြီး ယခုဒီဇင်ဘာ ပထမပတ်တွင် (၂၀၀၀၀)ကျပ်ထိ ဈေးတက်ခဲ့သည်။

          (၁)ဧကကုန်ကျစရိတ် (၆)သိန်းနီးပါးကုန်ကျပြီး (၁)ဧကအထွက်နှုန်းအနေဖြင့် (၆၂)တင်းနှုန်း ရှိသောကြောင့် (၁)ဧကဝင်ငွေအကျိုးအမြတ်အနေဖြင့် (၆၀၀၀၀၀)ကျပ်ခန့် ရရှိကြောင်း၊ ဒေသတွင်း သိုလှောင်သောကုန်သည်များအပြင် မန္တလေးနှင့်ရန်ကုန်ဈေးကွက်သို့ တစ်နေ့လျှင် အစေ့ပိဿာ(၃၀) ဝင် အိတ်(၅၀၀)မှ (၁၀၀၀)ကြား တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

         

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

         ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဒီဇင်ဘာလ ‌ပထမဆုံးပတ်တွင် စပါး /ဆန် ဈေးနှုန်းမှာ အနည်းငယ် မြင့်တက်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၃၁၅၀၀ ၊ မန္တလေးသို့ အိတ်ရေ၄၄၁၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၉၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၉၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၀၅၆၀၀၊ တန်အားဖြင့် ၅၂၈၀တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသ ကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၂၀၀၀၊ မန္တလေးသို့ အိတ်ရေ ၄၃၆၀၀၊ နေပြည်တော်သို့ အိတ်ရေ၁၀၀၀၀ ၊ ရှမ်း(တောင်)သို့ အိတ်ရေ၉၅၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၉၅၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀ ၊ စုစုပေါင်းအိတ်ရေ ၁၀၅၆၀၀ ၊ တန်အားဖြင့် ၅၂၈၀တန် ယခင်ပတ်နည်းတူ  စီးထွက်ခဲ့ပါသည်။

       ရွှေဘိုမြို့၏ ဒီဇင်ဘာလ ပထမဆုံးပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ်၂၅၅၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်၂၄ပြည်ပါ တစ်အိတ် လျှင် ကျပ်၈၈၀၀၀၊ ဧရာမင်းစပါး တင်း၁၀၀ လျှင် ကျပ်၁၄၅၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါတစ်အိတ် လျှင် ကျပ် ၆၅၀၀၀၊ ၂၀၂၁-၂၀၂၂ခုနှစ်ထွက် နွေစပါး ရွှေဝါထွန်းစပါး တင်း၁၀၀ လျှင် ကျပ် ၁၁၀၀၀၀၀၊ ‌ရွှေဝါထွန်းဆန် ၂၄ပြည်ပါ တစ်အိတ် လျှင် ကျပ် ၄၃၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)

 

ပခုက္ကူမြို့သို့ လှိုင်လှိုင်ဝင်ရောက်လျက်ရှိသည့် မိုးမြေပဲနှင့် နှမ်း ဈေးနှုန်းအခြေအနေ

        မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ မြိုင်မြို့နယ်၊ ရေစကြိုမြို့နယ်နှင့် ပခုက္ကူမြို့နယ်အတွင်း ကျေးရွာများ၌ ပြီးခဲ့သည့်မိုးတွင်းကာလ ဇူလိုင်၊ ဩဂုတ်နှင့် စက်တင်ဘာလများတွင် စိုက်ပျိုးခဲ့သည့် ဆီထွက်သီးနှံများဖြစ်သော မိုးမြေပဲနှင့်နှမ်းသီးနှံများ ပခုက္ကူမြို့ရှိ ပွဲရုံများသို့ လှိုင်လှိုင်ဝင်ရောက်လျက်ရှိကြောင်းကို ပခုက္ကူမြို့၊ အမှတ် (၅)ရပ်ကွက်ရှိ “အာကာ” ပွဲရုံပိုင်ရှင် ဦးအာကာ၏ ပြောပြချက်အရ သိရှိရပါသည်။

        ဆီထွက်သီးနှံများ ဖြစ်သော မိုးမြေပဲနှင့် နှမ်းများမှာ နိုဝင်ဘာလ နောက်ဆုံးပတ်မှစ၍ ဒီဇင်ဘာ လ ပထမပတ် အထိ လှိုင် လှိုင်ဝင်ရောက်လျှက်ရှိပြီး ကုန်ဝင်အနေဖြင့် မိမိပွဲရုံကို တစ်နေ့ လျှင်မြေပဲဆံ အိတ် (၇၀) မှ (၁၀၀) ခန့်နှင့် မြေပဲတောင့် အိတ် (၁၀၀) မှ (၁၅၀) ခန့်၊ စမုံနက်နှမ်း အိတ် (၅၀) မှ (၉၀) ခန့်ဝင်ရောက်လျှက်ရှိပါသည်။ ပခုက္ကူမြို့ပေါ်ရှိ ပွဲရုံများ အားလုံးပေါင်း တစ်နေ့လျှင် မြေပဲဆံ အိတ် (၁၂၀၀) မှ (၁၅၀၀) ခန့်၊မြေပဲတောင့် အိတ် (၂၀၀၀) မှ (၂၅၀၀)ခန့်၊ စမုံနက်နှမ်း အိတ် (၁၃၀၀) မှ (၁၅၀၀) ခန့် အသီးသီးဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

       ဈေးနှုန်းများအနေဖြင့် မြေပဲဆံ (၁) ပိဿာလျှင် ကျပ်(၄၁၅၀)မှ (၅၁၀၀)  ၊မြေပဲတောင့် (၁) ပိဿာလျှင် ကျပ်(၃၀၀၀)မှ  (၃၂၀၀)၊ စမုံနက်နှမ်း (၁) တင်းလျှင် ကျပ်(၈၀၀၀၀)မှ (၈၂၀၀၀) ပေါက်ဈေးများရှိကြောင်း မြေပဲတောင့်ကို မြို့ပေါ်ရှိ ပဲခွဲစက်များ၊ မြေပဲဆံကို မြေပဲဆားလှော်လုပ်ငန်း၊ ဆီစက်များမှ ဝယ်ယူလျှက်ရှိပြီး စမုံနက်နှမ်းများကို လှောင်လက်များဖြစ်သည့် လက်ကြီးကုန်သည်များမှ ဝယ်ယူလျက်ရှိကြောင်း၊ ဆီထွက်သီးနှံများဖြစ်သည့် မိုးမြေပဲနှင့် နှမ်းသီးနှံများ ဒီဇင်ဘာလကုန်ထိ ဆက်လက်၍ ဝင်ရောက်နိုင်ကြောင်းပွဲရုံပိုင်ရှင် ဦးအာကာ၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မကွေး)

 

ဆိပ်ဖြူမြို့နယ်၌ ပြည်တွင်းဈေးကွက်တွင် ဈေးကောင်းရရှိနေသော ဆောင်းသီးနှံမြေပဲ စတင်စိုက်ပျိုးပြီးစီးမှုအခြေအနေ

        မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၌ အောက်တိုဘာလအတွင်း အဆက်မပြတ်ရွာသွန်း ခဲ့သည့် မိုးဖြင့် ဧရာဝတီမြစ်ရိုးတလျှောက်ရှိ ကိုင်းကျွန်းမြေနုများတွင် ဆောင်းသီးနှံမြေပဲများ နိုဝင်ဘာ လဆန်းမှ စတင်စိုက်ပျိုးကြပါသည်။ ယခုနှစ်တွင် ဆီထွက်သီးနှံ မြေပဲများ ဈေးကောင်းရရှိနေ၍ ဒေသခံ တောင်သူများက အားထားစိုက်ပျိုး လုပ်ကိုင်နေကြကြောင်း၊ဆိပ်ဖြူမြို့နယ်၊ ရွာသစ်ရပ်ကွက်ရှိ ဒေသခံတောင်သူများထံမှ သိရှိရပါသည်။                                                            

          ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကို နှစ်စဉ် ရာသီအလိုက် စိုက်ပျိုးလုပ်ကိုင်ကြပြီး မိုးရာသီနှင့် ဆောင်းရာသီတွင် အများဆုံး စိုက်ပျိုးကြသည်။ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာနှင့် ကုလားပဲ၊ ပဲကြီး၊ ပဲနီကြား၊ စားတော်ပဲ၊ ဖူးစားပြောင်း၊ ကြက်သွန်နီ၊ စားဖိုဆောင်သီးနှံမျိုးစုံကို ယခုနှစ် မြစ်ရေတက်ချိန်တွင် စိုက်ခင်းများအတွင်းသို့ မြစ်ရေဝင်ရောက်မှု နည်းခြင်းကြောင့် မြေအောက်ရေအပြင် အောက်တို ဘာလတွင် ရွာသွန်းခဲ့သည့် မိုးဖြင့် သီးနှံမျိုးစုံစိုက်ပျိုး လုပ်ကိုင်နေကြသည်။ ဒေသတွင်းရှိ စိုက်ပျိုးသူတောင်သူအများစုသည် ကြက်သွန်နီသီးနှံကို စီးပွားဖြစ် အများဆုံးစိုက်ပျိုးကြပြီး မြေပဲ၊ ကုလား ပဲသီးနှံများကို အသင့်အတင့် စိုက်ပျိုး ကြသည်။ ယခုနှစ်တွင် ဆိပ်ဖြူမြို့နယ်၊ ဧရာဝတီမြစ်ရိုး တလျှောက်ရှိ မြေနုကျွန်းများတွင် ဆောင်း သီနှံမြေပဲစိုက်ဧက (၃၀၀၀)ခန့် စိုက်ပျိုးထားရှိကြောင်း သိရှိရပါသည်။

          ဆိပ်ဖြူမြို့နယ်တွင်ဆောင်းသီနှံမြေပဲစိုက်ပျိုးမှုလုပ်ငန်းကို ဆိပ်ဖြူမြို့ အနောက်ပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်၊ ရွာသစ်ရပ်ကွက်နှင့် ကိုးထောင့်၊ ရေလယ်ကျွန်း၊ တောင်ငယ်လုံး၊ သံဇလုံ၊ ကမ္ဘားပါးကြီး၊ ချင်တောင်၊ ဇီးကပ်၊ ရွာသာအေး၊ ကြီးပင်၊ ချင်တောင်အောက်ဆိပ်၊ ဆူလေကုန်း၊ မြင်ကဝ ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း သိရှိရပြီး ယခုနှစ် ကုန်းစိုက် ဝါဆိုမိုးစိုက် မြေပဲများ တူးဖော်ရာတွင် စိုက်ပျိုးချိန်နောက်ကျ၍ မြေပဲအထွက်နှုန်း သိသိသာသာလျော့နည်း သွားကြောင်း၊ စိုက်ပျိုးရာတွင် ကုန်ကျစရိတ်များပြီး ငွေအား၊ လူအား ပင်ပန်းသလောက် အကျိုး အမြတ် ရရှိမှုနည်းကြောင်း၊ ယခုအချိန်စိုက်ပျိုးသော နိုဝင်ဘာဆောင်းစိုက် မြေပဲများမှာ သဲနုန်းမြေနု များတွင် စိုက်ပျိုးရ၍ မြေပြုပြင်ရန် နည်းခြင်းကြောင့် စိုက်ပျိုးရာတွင် ကုန်ကျစရိတ် သင့်တင့်မျှတ မှုရှိပြီး အထွက်နှုန်းကောင်းမွန်၍ ဒေသခံတောင်သူများမှာ နှစ်စဉ်အကျိုးအမြတ်များစွာရရှိကြောင်း သိရှိရပါသည်။

          ဆောင်းသီးနှံမြေပဲစိုက်ပျိုးရေးလုပ်ငန်းကို အောက်တိုဘာလရွာသွန်းသောမိုးရေကြောင့် မြစ်ရေ ဝင်မြေဖြစ်၍ မြေအောက်ဓာတ်အစိုရေနှင့် ဆောင်းရာသီနှင်းဓာတ်ကို အမှီပြုပြီး စိုက်ပျိုးလုပ်ကိုင် ကြသည်။ ယခင်နှစ် ဆောင်းမြေပဲစိုက်(၁)ဧကလျှင် မြေပဲအထွက်တင်းအနည်းဆုံး (၃၅)မှ(၄၀)အထိ ထွက်ရှိကြောင်း၊ မြေပဲဆံ(၁၂)တင်းခန့်ထွက်ရှိပြီး ကုန်ကျစရိတ်မှာကျပ်(၅) သိန်းဝန်းကျင်ခန့် ကုန်ကျပြီး ကျပ်(၄)သိန်းခန့် အကျိုးအမြတ်ရရှိကြောင်း၊ ယခုအချိန်တွင် မြေပဲဈေးကွက်ပြန်လည် ကောင်းမွန်လာခြင်းကြောင့် ဆောင်းမြေပဲစိုက်ပျိုးရေးလုပ်ငန်းကို အားထား လုပ်ကိုင်နေကြကြောင်း တောင်သူများ ပြောကြားချက်အရ သိရှိရပြီး ဆောင်းမြေပဲပေါ်ချိန် မတ်လသီးနှံပေါ်စတွင် မြေပဲ ဈေးကွက် ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်နေသော်လည်း ဩဂုတ်လမှစ၍ မြေပဲဆံများကို ပြည်ပ နိုင်ငံမှ အဝယ်လိုက်၍ ပြည်တွင်းမြေပဲဈေးကွက် မြင့်တက်လာပြီး တောင်သူများမှ ထွက်ရှိသော မြေပဲများ အရောင်းအဝယ်ပြုလုပ်ရာတွင် မြေပဲတောင့် ရောင်းချမှုနည်းပြီး မြေပဲအဆံကိုသာ အဓိက ထားရောင်းချကြောင်း၊ မြေပဲဆံ(၁)ပြည် လျှင် အနိမ့်ဆုံးဈေးကျပ်(၄၅၀၀)မှ (၇၀၀၀)၊ အဆံ(၁)တင်း ကျပ်(၇၀၀၀၀)မှ (၁၀၀၀၀၀)အထိ ရောင်းချခဲ့ရ၍ ယခင်နှစ် ဆောင်းမြေပဲစိုက် တောင်သူများ အကျိုး အမြတ် များစွာရရှိခဲ့ကြကြောင်း ဒေသခံတောင်သူများမှ ပြောပါသည်။

          ဒေသထွက်မြေပဲတောင့်များကို အခွံနွှာပြီး ထွက်ရှိသော မြေပဲဆံများကို မြို့ပေါ်ရှိ မြေပဲ စက်ဆီ၊ ဆုံဆီလုပ်ငန်းရှင်များ၊ ပဲကြော်၊ မြေပဲဆားလှော်လုပ်ငန်းရှင်များ၊ ဒေသတွင်းစားသုံးသူများ၊ ရောင်းဝယ်ဖောက်ကားသူများမှ ဝယ်ယူကြောင်း၊ စိုက်ခင်းမှ မြေပဲထွက်သလောက် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ဆောင်းမြေပဲသီးနှံ စိုက်ပျိုးခြင်းဖြင့် မြေပဲဆီ၊ မြေပဲဖတ်အပြင် မြေပဲရိုး၊ မြေပဲခွံများကိုလည်း တိရစ္ဆာန်အစာအဖြစ် ရောင်းချရ၍ တောင်သူများအတွက် စီးပွားရေး တွက်ခြေကိုက်သည့် သီးနှံဖြစ်ကြောင်း၊ ယခုအချိန်တွင် ပြည်တွင်းမြေပဲဈေးကွက် ခိုင်မာမှုရှိ၍ မြေပဲစိုက်တောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

          မြေပဲသီးနှံစိုက်ပျိုးခြင်းဖြင့် စားသုံးသူများအတွက် ကျန်းမာရေး အထောက်အပံ့ဖြစ်စေပြီး နေ့စဉ်မပါမဖြစ် အသုံးပြုလျက်ရှိသော အခြေခံစားကုန်တစ်မျိုးဖြစ်သည့်အပြင် ပြည်တွင်းစားသုံး ဆီဖူလုံစေရေး၊ ကျန်းမာရေးနှင့်ညီညွှတ်သည့် မြေပဲဆီများ စားသုံးမှုပိုမို တွင်ကျယ်လာစေရေးနှင့် စိုက်တောင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများ၊ ကုန်သည်ပွဲစားများ၊ အလုပ် အကိုင်အခွင့်အလမ်း များစွာရရှိစေရေးအတွက် စိုက်ပျိုးရလွယ်ကူပြီး အကျိုးအမြတ်ရရှိသော ဆောင်းမြေပဲသီးနှံကို GAP စနစ်ဖြင့် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်ကာ စိုက်ပျိုး၍ ရရှိသော မြေများတွင် နှစ်စဉ်တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

DOCA(မကွေး)

 

 

စွန့်ပစ်ပစ္စည်းမှသည် အသစ်တစ်ဖန် ပြန်လည်သုံးစွဲသော ထုတ်ကုန်ဆီသို့

           လူသားတို့သည် စား၊ ဝတ်၊ နေရေးအတွက် အလုပ်အကိုင်များလုပ်ကိုင်ကြရာတွင်  ကာယအား၊ ဉာဏအားဖြင့် ရုန်းကန်လှုပ်ရှားရင်း သမ္မာအာဇီဝလုပ်ငန်းဖြစ်သည့် အဟောင်းပစ္စည်း ရောင်းဝယ်သည့် လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သဖြင့် စွန့်ပစ်ပစ္စည်း(သို့မဟုတ်) အဟောင်းပစ္စည်း ရောင်းဝယ်သည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

          အဟောင်းပစ္စည်းဆိုသည်မှာ လူတို့အကြောင်းအမျိုးမျိုးအတွက် ဝယ်ယူအသုံးပြုပြီး ပျက်စီး၍ စွန့်ပစ်ရမည့် ပစ္စည်းများ၊ အသုံးမလိုတော့သည့် ပစ္စည်းများကို ဆိုပါသည်။ ရွှေဘိုမြို့တွင် အဟောင်း ပစ္စည်းများကို ပြန်လည် ဝယ်ယူသည့်ဒိုင်ကြီး (၂၀)ကျော်ရှိကြောင်း၊ အဟောင်းပစ္စည်းလိုက်ဝယ်သော အဝယ်သမားများသည် ရွှေဘိုမြို့နယ်နှင့်နီးစပ်သောကျေးရွာများသို့ ဆိုင်ကယ်များ၊ ဆိုက်တွဲများဖြင့် လှည့်လှည်၍ ဝယ်ယူကြကြောင်း၊ ဝယ်ယူလာသော ပစ္စည်းများကို ဒိုင်ကြီးသို့ပြန် လည်၍ ရောင်းချကြောင်း၊ အဆိုပါ ဒိုင်ကြီးများမှတစ်ဆင့် မန္တလေး မြို့သို့ပြန်လည်၍ တင်ပို့ကြောင်း သိရှိရပါသည်။ ထိုမှတစ်ဆင့် ပစ္စည်းများကို အမျိုးအစားအလိုက် ခွဲခြမ်းစိတ်ဖြာပြီး အိမ်နီချင်းနိုင်ငံ များသို့ ပြန်လည်၍ တင်ပို့ကြောင်း သိရှိရပါသည်။

          အဟောင်းပစ္စည်းများ ဝယ်ယူရာတွင် အခေါ်အဝေါ်အမျိုးမျိုးရှိကြောင်း၊ ငါးဇွန်သံ၊ သံပါး၊ ကော် စသည်တို့ဖြစ်ကြောင်း၊ ငါးဇွန်သံဆိုသည်မှာ အိမ်ရိုက်သံမျိုးစုံ၊ မီးချိတ်/မီးကပ်၊ စက်ဘီးဒန်ခွေ၊ လျှပ်စစ်မီးကြွေ စသည်တို့ဖြစ်ကြောင်း၊ ငါးဇွန်သံ (၁)ပိဿာ ဝယ်ရင်းဈေးမှာ (၁၄၀ဝိ/)ဖြစ်ပြီး ဒိုင်သွင်း ဈေးနှုန်းမှာ (၁၇၀ဝိ/)ဖြစ်ကြောင်း သိရှိရပါသည်။

          သံပါးဆိုသည်မှာ သွပ်ပြားအတိုအစ၊ စတီးဇလုံ၊ ခြင်ဆေးခွေထွန်းသည့်တိုင်၊ သေတ္တာပျက်၊ နို့ဆီဗူးခွံ၊ ဓါတ်ဘူး၊ မုန့်ပုံခွံအမျိုးမျိုး၊ လျှပ်စစ်ရေနွေးအိုး၊ ထမင်းပေါင်းအိုး၊ ဟင်းချက်ဒယ်၊ ဆီချင့်သည့်ဆီမှုတ် စသည်တို့ဖြစ်ကြောင်း၊ သံပါး (၁)ပိဿာဝယ်ဈေးမှာ (၈၀ဝိ/) ဖြစ် ပြီး ဒိုင်သို့ ပြန်လည်ရောင်းချသည့်ဈေးမှာ (၁၃၀ဝိ/)ဖြစ်ကြောင်း သိရှိရပါသည်။

          ကြေးနီဆိုသည်မှာ ဝါယာကြိုးထဲတွင်ပါရှိသည့် ကြေးမျှင်များ၊ ကြေးနီ (၁)ပိဿာဝယ်ဈေးမှာ (၂၅၀၀ဝိ/)ဖြစ်ပြီး ရောင်းဈေးမှာ (၃၀၀၀ဝိ/)ဖြစ်ကြောင်း၊ ကြေးဝါတွင် ကြေးဖလား၊ ကြေးဘုရားပန်း အိုး၊ ကြေးဘုရားစသည်တို့ဖြစ်ပြီး (၁)ပိဿာဝယ်ဈေးမှာ (၁၄၀၀ဝိ/)ဖြစ်ပြီး၊ ရောင်းဈေးမှာ (၁၈၀၀ဝိ/) ဖြစ်ကြောင်း ၊ ဒန်ဆိုသည်မှာ  ဒန်အိုးပေါက်၊ ဒန်ဖလား၊ ဒန်အဝတ်လျှော်ဇလုံ စသည် တို့ဖြစ်ပြီး ဝယ်ဈေးမှာ (၅၀၀ဝိ/)ဖြစ်ပြီး၊ ရောင်းဈေးမှာ (၇၀၀ဝိ/)ဖြင့် ရောင်းရကြောင်း သိရှိရပါ သည်။

          ကော်ဆိုသည်မှာ ပိုက်စုတ်ပိုက်ပျက်၊ ပလပ်စတစ်ရောင်စုံထိုင်ခုံအကျိုးအပဲ့များ၊ ပလပ်စတစ် ဘူးခွံ၊ ကလေးကစားစရာအရုပ်၊ ရေစစ်၊ ရေသန့်ဘူးကြီး၊ ပလပ်စတစ်ယပ်တောင်၊ ဆိုင်ကယ်ကာဗာ၊ ဆိုင်ကယ်ဦးထုပ်၊ ဆိုင်ကယ်ဘတ်မှန် တို့ဖြစ်ကြောင်း၊ (၁)ပိဿာဝယ်ဈေးမှာ (၈၀ဝိ)ဖြစ်ပြီး၊ ရောင်း ဈေးမှာ (၁၀၀ဝိ/)ဖြစ်ကြောင်း၊ ကြက်ဉထည့်ကန်၊ သစ်သီးခြင်း၊ ဆီထည့်သည့်ဆီပုံးခွံတို့သည်လည်း ကော်အမျိုးအစားများဖြစ်ကြောင်း၊ (၁)ပိဿာဝယ်ဈေးမှာ (၂၀ဝိ/)ဖြစ်ပြီး ရောင်းဈေးမှာ (၅၀ဝိ/) ဖြစ်ကြောင်း သိရှိရပါသည်။

       ပီနံအိတ်ခွံ ဝယ်ဈေးမှာ (၁)ပိဿာလျှင် (၇၀ဝိ/)ဖြစ်ပြီး ရောင်းဈေးမှာ (၁၀၀ဝိ/)ဖြစ်ကြောင်း၊ ဆိုင်ကယ်ဘတ်ထရီအိုးပျတ်(၁)လုံးလျှင် ဝယ်ဈေး (၁၅၀ဝိ/)ဖြစ်ပြီး ရောင်းဈေးမှာ (၂၀၀ဝိ/)ဖြစ် ကြောင်း၊ ဖုန်းပျက်တစ်လုံးလျှင် ဝယ်ဈေး(၈၀ဝိ/)ဖြစ်ပြီး ရောင်းဈေးမှာ (၁၃၀ဝိ/)ဖြစ်ကြောင်း၊ စက္ကူ ဂျပ် (၁)ပိဿာလျှင် ဝယ်ဈေးမှာ (၃၅ဝိ/)ဖြစ်ပြီး ပြန်လည်ရောင်းချသည့်ဈေးမှာ (၇၀ဝိ/)ဖြစ်ကြောင်း၊  စာအုပ်/သတင်းစာ (၁)ပိဿာ ဝယ်ဈေးမှာ (၆၀ဝိ/)ဖြစ်ပြီး ရောင်းချသည့်ဈေးမှာ (၉၀ဝိ/)ဖြစ်ကြောင်း ဈေးနှုန်းများသည် အတက်/အကျရှိကြောင်း၊ ပုံသေသတ်မှတ်၍မရကြောင်း သိရှိရပါသည်။

        (၂၀)လီတာအောက် ရေသန့်ဗူးခွံများကို ပိဿာချိန်ဖြင့် ဝယ်ယူကြောင်း၊ ဝယ်ဈေးမှာ (၇၀ဝိ/) ဖြစ်ပြီး ရောင်းဈေးမှာ (၁၀၀ဝိ/)ဖြစ်ကြောင်း၊ ပုလင်းခွံကို အလုံးရေဖြင့် ဝယ်ယူရပြီး ပုလင်း ခွံ(၁)လုံး လျှင် (၂ဝိ/)ဝယ်ရပြီး (၅ဝိ/)ပြန်ရောင်းရကြောင်း၊ ဘီယာပုလင်းခွံ(၁)လုံးလျှင် (၅ဝိ/) ဝယ် ရပြီး ရောင်းဈေးမှာ (၈ဝိ/)ရကြောင်း၊ ဘီယာသံဘူးခွံ၊ ကျွဲစိမ်သံဘူး၊ Sharp သံဘူးများကို အလုံး ရေဖြင့် ဝယ်ယူရပြီး ဒိုင်သို့ ပိဿာချိန်ဖြင့် ပြန်၍ရောင်းချကြောင်း၊ ဝယ်ဈေးမှာ (၁)ဘူးလျှင် (၃ဝိ/) ကျပ်ဖြင့် ဝယ်ရပြီး ရောင်းဈေးမှာ (၁)ပိဿာလျှင် (၄၅၀ဝိ/)ရှိကြောင်း သိရှိရပါသည်။

       ထိုသို့ဝယ်ယူရရှိသည့် အဟောင်းပစ္စည်းများထဲမှ အမျိုးအစားတူရာများကို ရောနှော၍ အရည်ကျိုပြီး အသုံးအဆောင်ပစ္စည်းများ ပြန်လည်ထုတ်လုပ်ကြောင်း၊ အဟောင်းပစ္စည်းရောင်း ချသည့် အိမ်များမှလည်း မိမိတို့အသုံးမပြုတော့သည့် ပစ္စည်းများကို ပြန်လည်ရောင်းချခြင်းဖြင့် ကလေးမုန့်ဖိုး၊ ဈေးဖိုးများရရှိ၍ အဆင်ပြေခြင်း၊ အိမ်တွင် အသုံးပြုခြင်းမရှိသည့် ပစ္စည်း အဟောင်း အပျက်များ မရှိတော့၍ သန့်ရှင်မှုရှိခြင်း၊ နေရာလွတ်များပိုလာခြင်းနှင့် သန့်ရှင်းစိမ်းလန်းသော အနာဂတ်ဖြစ်စေဖို့ စွန့်ပစ်ပစ္စည်းများကို ပြန်လည်ပြုပြင် သုံးစွဲစို့(Recycle For Clean and green Future) ဆိုသည့် ဆောင်ပုဒ်အတိုင်း အကောင်အထည်ဖော်ခြင်း စသည့် အကျိုးကျေးဇူးများရ ရှိသည့်အပြင် အဟောင်းပစ္စည်းဝယ်သည့် ဈေးသည်များမှလည်း အိမ်၏ စားဝတ်နေရေးကို တစ် ဘက်တစ်လမ်းမှ ထိန်းခြင်းဖြင့် နှစ်ဉီး/နှစ်ဘက် အဆင်ပြေသည့် လုပ်ငန်းဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

         စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူနှင့် ရွှေဘိုခရိုင်တို့တွင် စပါး/ ဆန်ဈေးနှုန်းများ ဈေးအေးနေပြီး၊ မုံရွာခရိုင်တွင် ဧရာမင်း ဆန်ဈေး အနည်းငယ် ကျဆင်းနေပါသည်။

        စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နိုဝင်ဘာလ(နောက်ဆုံး)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း(စပါး) တင်း၁၀၀လျှင် ကျပ်(၂၄၅၀၀၀၀)၊ ပေါ်ဆန်း (ဆန်) ၂၄  ပြည်ပါ တစ်အိတ်လျှင်ကျပ်  ၈၅၀၀၀၊ ဧရာမင်း(စပါး)တင်း ၁၀၀လျှင် ၁၄၅၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ် ကျပ် ၆၅၀၀၀၊ ရေဦးမြို့မှပေါ်ဆန်း (စပါး) တင်း ၁၀၀လျှင် ကျပ် ၂၃၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ်လျှင်ကျပ် ၈၀၀၀၀၊  ဧရာမင်း (စပါး) တင်း၁၀၀ လျှင် ၁၃၀၀၀၀၀၊ ဧရာမင်း (ဆန်)၂၄ ပြည်ပါ တစ်အိတ်  ၅၈၀၀၀ ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

          ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀၀ လျှင် ၁၀၅၀၀၀၀၊ ဧည့်မထ(ဆန်)‌ ၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၄၄၀၀၀၊ ငစိန်(စပါး) တင်း ၁၀၀ လျှင် ၉၅၀၀၀၀ ၊ ငစိန်(ဆန်)၂၄ပြည်ပါ တစ် အိတ်မှာ ၄၀၀၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၃၅၀၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာကျပ် ၅၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

        ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး) တင်း ၁၀၀လျှင် ကျပ်၉၀၀၀၀၀၊ မှော်ဘီ(၂) ဆန် ၂၄ပြည်တစ်အိတ် လျှင် ကျပ် ၄၀၀၀၀၊ ဆင်းဧကရီ(၃)(စပါး) တင်း၁၀၀ လျှင် ကျပ် ၈၅၀၀၀၀၊ ဆင်းဧကရီ-၃ဆန် ၂၄ပြည်တစ်အိတ်မှာကျပ် ၃၆၀၀၀၊ ဧရာမင်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ ပြည်ဆန်တစ်အိတ်လျှင် ကျပ် ၅၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

       မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၄၀၀၀၀၀၊  ဧရာမင်း(ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၆၃၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၂၂၀၀၀၀၀၊ ပေါ်ဆန်း(ဆန်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၉၀၀၀၀၊ မနောသုခ (စပါး)ဟောင်း တင်း ၁၀၀လျှင် ကျပ် ၁၂၀၀၀၀၀၊ မနောသုခ (ဆန်)ဟောင်း၂၄ ပြည် တစ်အိတ်လျှင် ကျပ်၄၄၀၀၀၊  မနောသုခ (စပါး)သစ် တင်း ၁၀၀လျှင် ကျပ် ၁၀၀၀၀၀၀၊ မနောသုခ(ဆန်)သစ် ၂၄ ပြည် တစ်အိတ်လျှင် ကျပ်၄၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေ ကြောင်း သိရပါသည်။

        ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၂၀၀၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၆၅၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၂၀၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၆၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

        စစ်ကိုင်းတိုင်းဒေသကြီးမှအခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဒီဇင်ဘာလ(ပထမ)ပတ် တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၂၀၀၀၊ မန္တလေး သို့ အိတ်ရေ ၅၁၃၀၀၊ မကွေး သို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၉၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၈၀၀၀၊ ရှမ်း(မြောက်)သို့အိတ်ရေ ၈၀၀၀၊ စုစုပေါင်းအိတ်ရေ (၁၀၉၃၀၀)အိတ်၊ တန်အားဖြင့် (၅၄၆၅)  စီးထွက်ခဲ့ပြီး၊ ယခု ဒီဇင် ဘာလ (ဒုတိယ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၁၅၀၀၊ မန္တလေး သို့ အိတ်ရေ ၅၀၉၀၀၊ မကွေး သို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၉၅၀၀၊ ရှမ်း(မြောက်)သို့အိတ်ရေ ၉၅၀၀၊ ကချင်သို့ အိတ်ရေ ၄၀၀၀၊ စုစုပေါင်းအိတ်ရေ (၁၁၆၄၀၀)အိတ်၊ တန်အားဖြင့် (၅၈၂၀) စီးထွက် ခဲ့သည့်အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၇၁၀၀) တန်အားဖြင့် (၃၅၅) ပိုမို စီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)       

 

မကွေးမြို့၌၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ပထမပတ်နှင့် ဒုတိယပတ် စက်သုံးဆီစျေးနှုန်းအခြေအနေ

     မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း/ သိုလှောင်/ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ စက်သုံးဆီ ရည်ညွှန်းစျေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျှက်ရှိပါသည်။

    မကွေးမြို့ပေါ်ရှိ စက်သုံးဆီဆိုင်(၂၁)ဆိုင်မှာ ပုံမှန်ဆိုင်ဖွင့်ရောင်းချလျက်ရှိကြပြီး ၂၀၂၂ခုနှစ် ၊ ဒီဇင်ဘာလ ပထမပတ်နှင့် ဒုတိယပတ်အတွင်း စက်သုံးဆီစျေးနှုန်းများမှာ ဒီဇယ်(ရိုးရိုး) (၁)လီတာ လျှင် ယခင်အပတ်တွင်ကျပ်(၂၄၇၀)ဖြစ်ပြီး၊ ယခုအပတ်တွင်ကျပ်(၂၄၀၅)ဖြစ်၍ ကျပ်(၆၅၀) စျေးလျော့ကျခဲ့ကြောင်း၊ ဒီဇယ်(ပရီမီယမ်) (၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၅၄၅)ဖြစ်ပြီး၊  ယခုအပတ်တွင် ကျပ်(၂၄၈၀)ဖြစ်၍ ကျပ်(၆၅)ဈေးလျော့ကျခဲ့ကြောင်း၊ ဓါတ်ဆီ(92) (၁)လီတာလျှင် ယခင်အပတ်တွင်ကျပ်(၂၀၄၀)ဖြစ်ပြီး၊ ယခုအပတ်တွင် ကျပ်(၂၀၁၀)ဖြစ်၍ ကျပ်(၃၀) စျေးလျော့ကျ ခဲ့ကြောင်း၊ ဓါတ်ဆီ (95)(၁)လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၁၁၅)ဖြစ်ပြီး၊ ယခုအပတ်တွင် ကျပ်(၂၀၉၀)ဖြစ်၍ ကျပ်(၂၅) အသီးသီးစျေးလျော့ကျလာကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(မကွေး)

၂၀၂၂-ခုနှစ်၊ နိုဝင်ဘာလအတွင်း မကွေးမြို့သို့ အခြားတိုင်းများမှ ဆန်ဝင်ရောက်မှုနှင့် စျေးနှုန်းအခြေအနေ

          မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဆီအိုးကြီးဟု တင်စားရလောက်အောင် ဆီထွက်သီးနှံဖြစ်သော နှမ်း၊ မြေပဲတို့အား အဓိကထားစိုက်ပျိုးကြသော်လည်း စပါးမှာ ဆည်ရေရရှိသည့် ဧရာဝတီမြစ် အနောက်ဘက်ကမ်းမြို့များ၊ တောင်တွင်း၊ မြို့သစ်နှင့် နတ်မောက်တို့တွင်သာ စိုက်ပျိုးကြသည့်အတွက် ဆန်ဖူလုံမှုမရှိ၍ အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ တင်သွင်းပြီး စားသုံးရသည့်တိုင်းတစ်တိုင်းဖြစ်ပါသည်။

          ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလအတွင်း စပါး အဓိကစိုက်ပျိုးသည့် ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းတို့မှ မကွေးမြို့နယ်သို့ ဆန်စီးဝင်မှုအနေဖြင့် (၁၄၉၀၇)အိတ် (၇၄၅.၃၅)တန် ဝင်ရောက်ခဲ့ကြောင်း ဧရာဝတီတိုင်း (ပုသိမ်၊ ကျွန်းကုန်း၊ မြောင်းမြ၊ ဒါးက) တို့မှ (၉၁၄၃)အိတ်၊ စစ်ကိုင်းတိုင်း (ရွှေဘို)မှ (၁၄၃၅)အိတ်၊ ပဲခူးတိုင်း(ပြည်)မှ (၁၂၃၅)အိတ်၊ ရန်ကုန်တိုင်းမှ (၁၈၅၉)အိတ် နှင့် မန္တလေးတိုင်းမှ (၁၂၃၅)အိတ်တို့ဖြစ်ကြပြီး ဒေသတွင်းဖြစ်ပေါ်နေသော ဆန်စျေနှုန်းများမှာ နိုဝင်ဘာလစတုတ္ထပတ်တွင် ဧရာပဒေသာ(ပွင့်ဖြူ)(၂၄)ပြည် တစ်အိတ်လျှင် ကျပ်(၆၃၀၀၀-၆၈၀၀၀)၊ ဧရာပဒေသာ (မြောင်းမြ)(၂၄)ပြည် တစ်အိတ်လျှင် ကျပ်(၅၃၀၀၀-၅၈၀၀၀)၊ ပေါ်ဆန်းမွှေး (ရွှေဘို) (၂၄)ပြည် တစ်အိတ်လျှင် ကျပ်(၉၇၀၀၀-၁၀၀၀၀၀)၊ ပေါ်ဆန်းမွှေး(မြောင်းမြ) (၂၄)ပြည် တစ်အိတ်လျှင် ကျပ် (၆၅၀၀၀-၇၀၀၀၀)၊ သီးထပ်(မြောင်းမြ) (၂၄)ပြည် တစ်အိတ်လျှင် ကျပ် (၄၅၀၀၀-၄၆၀၀၀)၊ မနောသုခ(မြောင်းမြ) (၂၄)ပြည်တစ်အိတ်လျှင် ကျပ်(၄၇၀၀၀-၄၈၀၀၀)နှင့် ဖန်သီး(၂၄)ပြည် တစ်အိတ်လျှင်ကျပ်(၄၉၀၀၀-၅၂၀၀၀) တို့ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ချောက်မြို့နယ်၊ ကိုးဆူကျေးရွာ၌ ဆီးပန်းသီးများ စတင်ခူးဆွတ်ရောင်းချလျက်ရှိ

          မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ ကိုးဆူကျေးရွာ၌ တောင်သူဦးစံသိန်း စိုက်ပျိုးထားသည့် ဆီးပန်းသီးခြံ(၅)ဧကမှ ဆီးပန်းသီးများ စတင်ခူးဆွတ်ရောင်းချနေရကြောင်း သိရှိရပါသည်။

        တစ်ဧကလျှင် (၁၅)ပေ×(၁၅)ပေ အကျယ်ဖြင့် အပင် (၁၀၀)စိုက်ပျိုးထားပြီး စုစုပေါင်း (၅)ဧကတွင် ဆီးပန်းသီးပင် (၅၀၀)ပင်စိုက်ပျိုးထားကြောင်း၊ မေ၊ ဇွန်၊ ဇူလိုင်လမှ စတင်၍ ကိုင်းကူးပျိုးပင်ကို တစ်ပင်ကျပ်(၃၀၀)နှုန်းဖြင့် ဝယ်ယူစိုက်ပျိုးပြီး နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ (၃)လတွင် ဆီးပန်းသီးပင်များ ခူးဆွတ်ရောင်းချရပါကြောင်း တစ်နေ့လျှင် ဆီးပန်းသီး (၂၅၆)ပြည် (၁၆)တင်းခန့် ခူးဆွတ်ရရှိကြောင်းနှင့် ဆီးပန်းသီးတစ်ပြည်လျှင် ကျပ်(၁၀၀၀)နှုန်းဖြင့်ရောင်းချရ၍ တစ်နေ့လျှင် ကျပ် (၂၅၆၀၀၀) ဝင်ငွေရရှိပါကြောင်း မကွေး-ချောက်ကားလမ်းမကြီးပေါ်တွင် ဆိုင်ဖွင့်လှစ်ရောင်းချခြင်းနှင့် တောင်ကြီး၊ ပြင်ဦးလွင်၊ ကျောက်ပန်းတောင်း၊ ညောင်ဦး မြို့များသို့ တင်ပို့ ရောင်းချလျှက်ရှိကြောင်းနှင့် ယခုနှစ်တွင် ယခင်နှစ်ကထက် အသီးပိုမိုထွက်ရှိသော်လည်း ရာသီဥတုအခြေအနေအရ နှင်းမကျသောကြောင့် ပိုးအနည်းငယ်ကျနေသော်လည်း စီးပွားရေး တွက်ချေကိုက်ကြောင်း ဆီးပန်းသီးစိုက်ပျိုးထားသည့် တောင်သူဦးစံသိန်းထံမှ လေ့လာသိရှိရပါသည်။

DOCA(မကွေး)

စစ်တွေမြို့ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ပေါ်နေသော ကုန်ဈေးနှုန်းအခြေအနေ

စစ်တွေမြို့ ဈေးကွက်အတွင်းရောင်းချလျှက်ရှိသော အာလူး၊ မုန်လာဥနီ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ ခရမ်းသီးများမှာ ပြည်မဘက်မှ ဝင်ရောက်ပြီး အရောင်းအဝယ်ဖြစ်ပေါ်လျှက်ရှိပါသည်။
ဒီဇင်ဘာဒုတိယပတ်တွင် အာလူးတစ်ပိဿာလျှင် ကျပ်(၂၇၀၀)၊ မုန်လာဥနီတစ်ပိဿာလျှင် ကျပ်(၅၀၀၀)၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ်(၂၀၀၀)၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင် ကျပ်(၁၂၀၀)၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ်(၄၀၀၀)၊ ငရုတ်သီးစိမ်းတစ်ပိဿာလျှင် ကျပ်(၅၀၀၀)၊ ခရမ်းသီး တစ်ပိဿာလျှင် ကျပ်(၂၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျှက်ရှိပြီး နိုဝင်ဘာလအတွင်း အာလူး တစ်ပိဿာလျှင် ကျပ်(၃၀၀၀)၊ မုန်လာဥနီ တစ်ပိဿာလျှင် ကျပ်(၆၀၀၀)၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ်(၂၅၀၀-၂၈၀၀)၊ ပန်းဂေါ်ဖီ တစ်ပွင့်လျှင် ကျပ်(၁၈၀၀-၂၀၀၀)၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ်(၅၀၀၀)၊ ငရုတ်သီးစိမ်း တစ်ပိဿာလျှင် ကျပ်(၇၀၀၀-၁၀၀၀၀)၊ ခရမ်းသီး တစ်ပိဿာလျှင် ကျပ်(၂၈၀၀)အထိ ဈေးနှုန်းမြင့်တက်မှုဖြစ်ပေါ်ခဲ့သော်လည်း ယခုအခါ ဒေသထွက် ရာသီပေါ် သီးနှံများ တဖြည်းဖြည်းဝင်ရောက်လာပြီဖြစ်သည့်အတွက် ယခုလအတွင်း ဟင်းသီးဟင်ရွက်များ ဈေးနှုန်းသည် ယခင်လထက် အနည်းငယ်ကျဆင်းလာသည်ကိုတွေ့ရှိရပါကြောင်း သိရှိရပါသည်။
DOCA(ရခိုင်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း