ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“မိတ္ထီလာခရိုင်အတွင်း စိုက်ပျိုးရေးသုံးဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးစျေးနှုန်း”

          မိတ္ထီလာခရိုင်အတွင်း တောင်သူများအားထားအသုံးပြုကြသော သြဘာပုလဲမြေသြဇာ N:46% မှာ (၈၀၀၀၀) ကျပ်၊ (ရွှေတောင်အိန္ဒိယ) ပန်းဖြူ N:46% မှာ(၈၅၀၀၀) ကျပ်နှင့် အမို N:P:K-15:15:15 မှာ (၇၅၀၀၀) ကျပ်၊ သြဘာ N:P:K-16:16:16 မှာ (၇၈၀၀၀) ကျပ်၊ အာမို N:P:K-10:10:5 မှာ (၄၅၀၀၀) ကျပ်၊ တက်တိုး N:P:K-10:10:5 မှာ (၄၅၀၀၀) ကျပ်၊ တက်တိုး N:P:K-15:7:8 မှာ (၅၅၀၀၀) ကျပ်နှင့် ဇွဲသီဟ N:P:K-15:15:20 မှာ (၇၂၀၀၀) ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ မှိုဆေးနှင့် ပိုးသတ်ဆေးများမှာ မန်ကိုဇက် (၅၀၀ g) (၇၀၀၀) ကျပ်၊ ယူနတီ (၁၀၀ g) (၁၀၀၀၀) ကျပ်၊ အင်မီဒါကလိုပစ် (၅၀ g) (၈၅၀၀) ကျပ်၊ အင်မီဒါကလိုပစ် (၁၀၀ g) (၁၇၀၀၀) ကျပ်၊ ဒိုဇာ (၁၀၀ g) (၅၃၀၀) ကျပ် ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

“မိတ္ထီလာခရိုင်အတွင်း ထန်းလျှော်တောင်းလုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း’’

               စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း‌‌‌ဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် မလှိုင်မြို့နယ်တာဝန်ခံ ဦးရဲမြင့်ဆန်း သည် (၂၃-၂-၂၀၂၂) ရက်နေ့ နေ့လည် ( ၁၀:၀၀ ) နာရီအချိန်တွင် မလှိုင်မြို့နယ်တွင်း ထန်းလျှော်တောင်းယက်လုပ်လျှက်ရှိသော ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး (One Village One Product) ဖြစ်သည့် ထန်းပင်ကောက်ကျေးရွာရှိ ထန်းလျှော်တောင်း ထုတ်လုပ်ရောင်းချသူများနှင့် တွေ့ဆုံ၍ အကျိုးအမြတ်နှင့် စျေးကွက်အခြေအနေတို့ကို မေးမြန်းခဲ့ပါသည်။

            ထန်းပင်ကောက်ကျေးရွာသည် မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊မလှိုင်-မြင်းခြံသွားကားလမ်းဘေးတွင် တည်ရှိပြီး ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုး (One Village One Product) နှင့်အညီ ထန်းလက်မှထန်းလျှော်ခွာယူ၍ တောင်သူလုပ်ငန်းသုံး ‌တောင်းယက်လုပ်နေသော ရွာတစ်ရွာဖြစ်ပါသည်။ တောင်းယက်လုပ်ရာတွင် ထန်းလက်အချောင်း (၁၀၀) လျှင် (၄၈၀၀)ကျပ်ဝယ်ယူရပြီး ၎င်းအလက်မှ ဗိုက်သားနှင့် ကျောသားကို လျှော်ကိုခွာယူရကြောင်း၊ ၎င်းလျှော်ကိုနေလှန်း၍ ‌ရေပြန်စိပ်ကာ အချောသပ်ပြီး ယက်လုပ်ကြကြောင်း၊ လျှော်ပင် (၁၀) ပင်လျှင်(၁၂) ပြည်ဝင် တောင်းတစ်လုံးရရှိပြီး လျှော်ပင် (၁၀၀) ပင်လျှင် အလေအလွင့်နှင့်အတူ တောင်း (၈)  လုံးရရှိကြောင်း၊ တောင်းတစ်လုံး ရောင်းစျေး (၁၃၀၀) ကျပ် ရရှိကြောင်း၊ ထန်းလျှော် (၁၀၀) ပင်လျှင် အကျိုးအမြတ် (၆၀၀၀) ကျပ်ဝန်းကျင်ရရှိကြောင်း၊ တနေ့တစ်ဦးကို (၁၂ပြည်) ဝင်တောင်း(၄)လုံးခန့် ယက်လုပ်နိုင်ကြောင်း၊ ယက်လုပ်ပြီးသော တောင်းများကို မိတ္ထီလာ၊ ပျော်ဘွယ်၊ နေပြည်တော်သို့ တင်ပို့‌ရောင်းချကြကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

“ရမည်းသင်းခရိုင်အတွင်းရှိ တို့ဟူးလုပ်ငန်းရှင်နှင့်သွားရောက်တွေ့ဆုံခြင်း’’

              စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ (မိတ္ထီလာ၊ ရမည်းသင်း)ခရိုင်၊ ခရိုင်ဦးစီးမှူးများ၏လမ်းညွှန်ချက်ဖြင့် ၂၀၂၂ ခုနှစ်၊ မတ်လ ၃ ရက်နေ့ နံနက် (၁၀၀၀) နာရီချိန်တွင် မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့်အဖွဲ့သည် ရမည်းသင်းမြို့ တို့ဟူးလုပ်ငန်းလုပ်ကိုင်သော ဦးစိုး+ဒေါ်ရွှေအိတို့ဟူးလုပ်ငန်းတို့ သွားရောက်လေ့လာဆွေးနွေးခဲ့ပါသည်။

             တို့ဟူးလုပ်ငန်းသည် မိရိုးဖလာလုပ်ငန်းဖြစ်ပြီး မိသားစုတစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းဖြစ်ကြောင်း၊ တို့ဟူးကျိုရာတွင် ကုလားပဲကို (၄) နာရီကြာ‌ရေစိမ်၍ ကြိတ်ရကြောင်း၊ ကြိတ်၍ကျလာသောအရည်အား ပိတ်စနှင့်စစ်၍ ကျရည်ကိုသွန်၍ အနှစ်ထုတ်ယူရကြောင်း၊ ၎င်းကျရည်ကိုလည်း တိရစ္ဆာန်အစာအဖြစ်လာရောက် ဝယ်ယူကြ‌ကြောင်း၊ ရရှိလာသောအနှစ်ကို မိနစ် (၄၀) ကြာ ကျိုရပြီး အအေးခံပုံစံခွက်သို့ထည့်၍ အအေးခံရကြောင်း သိရှိရပါသည်။

           တို့ဟူးကျိုရာတွင် အသုံးပြုသော ကုန်ကြမ်းကုလားပဲကို မန္တလေးမြို့မှ ဝယ်ယူရကြောင်း၊ ကုလားပဲ တစ်အိတ်လျှင် အချိန် (၃၀) ရှိပြီး (၉၄၀၀၀) ကျပ်ပေးရကြောင်း၊ တစ်နေ့လျှင် ကုန်ကြမ်းတစ်အိတ်ခွဲခန့် ပုံမှန်ပြုလုပ်ရကြောင်း၊ ကုလားပဲ ၁ ပိဿာကျိုလျှင် တို့ဟူးအချိန် (၂.၅) ပိဿာထွက်ရှိပြီး ကုန်ကြမ်းတစ်အိတ်ခွဲကျိုလျှင် ပိဿာ(၁၀၀) ခန့်ရရှိကြောင်း သိရှိရပါသည်။ လုပ်သား (၃) ဦးအသုံးပြု၍ လုပ်ငန်းဆောင်ရွက်လျှက်ရှိပြီး လုပ်သားတစ်ဦးလျှင် (၁၀၀၀၀) နှုန်းဖြင့် (၃၀၀၀၀) ကျပ်ကုန်ကျကြောင်း သိရှိရပါသည်။ ကုန်ချောတို့ဟူးများကို တစ်ပိဿာ (၂၄၀၀) ကျပ်ဖြင့် ရောင်းချပြီးအဆိုပါ တို့ဟူးများသည် (၁၀) ရက်ခန့်အထားခံသဖြင့် ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနားမြို့များအထိ တင်ပို့ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“မိတ္ထီလာခရိုင်အတွင်း အသားတိုးကြက်မွေးမြူရေးလုပ်ငန်းသို့ ကွင်းဆင်းလေ့လာ’’

              စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်ဦးစီးရုံး၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ဌာနမှတာဝန်ရှိသူများ (၈.၃.၂၀၂၂) ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် မိတ္ထီလာမြို့နယ်၊ သီးပင်ကုန်းကျေးရွာရှိ အသားတိုးကြက်(cp)မွေးမြူရေးလုပ်ငန်းသို့ ကွင်းဆင်းလေ့လာခဲ့ပါသည်။

            အသားတိုးကြက်မွေးမြူရေးပိုင်ရှင်၏ ပြောကြားချက်အရ လက်ရှိမွေးမြူရေးခြံ(၂)ခြံဖြင့် လုပ်ကိုင်ဆောင်ရွက်နေပြီး ကြက်အကောင်ရေ (၅၀၀၀) ခန့်မွေးမြူထားကြောင်း၊ အကောင်ပေါက်များကို (၁)ဖာလျှင် (၃၅) ကောင်ဆန့်ဖာများဖြင့် ရန်ကုန်၊မြောင်းတကာနှင့် မြို့သာမြို့များရှိ အကောင်ဖောက်စက်များမှ ဝယ်ယူရကြောင်း၊ အကောင်ပေါက် (၁) ကောင်လျှင် (၉၈၀) ကျပ် စျေးနှုန်းဖြင့်ဝယ်ယူရကြောင်း၊ အကောင်ပေါက်များစတင်မွေးမြူချိန်မှ (၄၅) ရက်အကြာတွင် (၂) ပိဿာဝန်းကျင်ရှိ အကောင်ကြီးများ ဖြစ်လာကြောင်း သိရှိရပါသည်၊၊

            မွေးမြူးရေးကြက်များအတွက် အစာအဖြစ် (cp) အစာတောင့်များကို ဝယ်ယူကျွေးမွေးရပြီး ကြက်အကောင်(၅၀၀၀) အတွက်(၁) ရက်လျှင် အကောင်ပေါက်အရွယ်တွင် (၅) အိတ်ခန့်၊ (၁)လသားအရွယ်တွင် (၁၀)အိတ်ခန့်၊ အကောင်ကြီးများအတွက်(၁၈) အိတ်ခန့်ကျွေးရကြောင်း သိရှိရပါသည်။ အကောင်ပေါက်များအတွက် အစာ(၁) အိတ်လျှင် (၅၁၀၀၀) ကျပ်၊ အလတ်စားအရွယ်အတွက် (၁) အိတ်လျှင် (၄၇၀၀၀) ကျပ် စျေးနှုန်းဖြင့်ဝယ်ယူကျွေးရကြောင်း၊ အသားတိုးကြက်အကောက်ပေါက်များ စတင်မွေးမြူချိန်မှ ရောင်းတန်းဝင် အကောင်ကြီးများရရှိသည်အထိ ကုန်ကျစရိတ်အနေဖြင့် အကောင်ပေါက်ဝယ်ယူမှုအတွက် (၄၉) သိန်းခန့်၊ အစာတန်ဖိုး(၁၂၀) သိန်းခန့်၊ လုပ်သားခ (၁၀) သိန်းခန့်၊ ဆေးဖိုး(၇) သိန်းခန့်ရှိပြီး စုစုပေါင်းကုန်ကျစရိတ် (၁၇၉) သိန်းခန့် ရင်းနှီးမြှပ်နှံမှုရှိကြောင်း သိရှိရ ပါသည်။

         အသားတိုးကြက် (၂) ပိဿာခန့် (၁) ကောင်လျှင် (၄၀၀၀) ကျပ်စျေးဖြင့်ရောင်းချရပြီး အကျိုးအမြတ်အနေဖြင့် အကောင်ရေ(၅၀၀၀) အပေါ်တွင် အနည်းဆုံး(၂၁) သိန်းခန့် အကျိုးအမြတ်ရရှိကြောင်း သိရှိရပါသည်။ ယခုကဲ့သို့ စီးပွားရေး အခြေအနေမျိုးတွင် အကျိုးအမြတ်နည်းပါးသော်လည်း ဘဏ်တိုးနှုန်းခန့်ရရှိပြီး ရင်းနှီးမြှပ်နှံချိန် (၂) လခန့်သာရှိ၍ ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း၊ ကြက်စာစျေးနှုန်းများ တဖြေးဖြေးမြင့်တက်လာခြင်း၊ မီးထွန်းမွေးမြူရသဖြင့် လောင်စာဆီစျေးများမြင့်တက်လာခြင်းတို့ကြောင့် ကြက်သားစျေးနှုန်းများလည်း တဖြေးဖြေးမြင့်တက်လာဖွယ်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

 

 

ကယားပြည်နယ်မှ အခြားဒေသသို့ မကျည်းသီးနှင့် ငှက်ပျောသီးတင်ပို့မှုရှိ

        ကယားပြည်နယ်တွင် စီးပွားဖြစ်စိုက်ပျိုးသောသီးနှံအများစုတွင် မကျည်းသီးနှင့် ငှက်ပျောသီးတို့လည်းပါဝင်ပါတယ်။ မကျည်းသီးနှင့် ငှက်ပျောသီးတို့ကို လွိုင်ကော်ခရိုင် တွင် အများစုစိုက်ပျိုးကြပြီး ၂၀၂၂ ခုနှစ်၊ မတ်လအတွင်း ဒေသထွက်မကျည်းသီးများ အခြားဒေသသို့တင်ပို့မှုမှာ ကုန်ချိန်(၇၅၀၀၀)ခန့်နှင့် ငှက်ပျောသီး တင်ပို့မှုမှာ ကုန်ချိန် (၁၀၀၀၀)ခန့်တို့ရှိပါကြောင်း၊ အဆိုပါ မကျည်းသီးနှင့် ငှက်ပျောသီးတို့သည် ကျောက်ပန်းတောင်းနှင့် ရမည်းသင်းသို့ အများဆုံးတင်ပို့ခဲ့ကြောင်း မြို့ဦးဂိတ်စာရင်းများအရ သိရှိရ ပါတယ်။

DOCA(ကယား)

 

" အညာကထွက်တဲ့ ထန်းလျက်လုပ်ငန်းအား ကွင်းဆင်းလေ့လာ"

" ထန်းပင်ထန်းလျက်    ထန်းရွက်ကယ် ဝေဝေ

စင်အောင်ခုတ်ထစ်    နုမျစ်ကယ် ထန်းဦးရေ

မယားငယ်ဆွေ       ထန်းရည်သိမ်းဆည်း

သားမြေးဟစ်ကြော်        ခွေးဝက်ကယ်ခေါ် "

          ဟူသော ဝန်ကြီးပဒေသရာဇာ၏ ကဗျာစာသားလေးကို သတိရမိပါသည်။ အညာကျေးလက် ထန်းတက်သမား၏ တစ်နေ့တာ ဘဝသရုပ်ကို မြင်သာ ပေါ်လွင်အောင် အားရတက်ကြွဖွယ် စပ်ဆိုထားပါသည်။

          ထန်းပင်သည် နေရာတိုင်းမပေါက်ရောက်နိုင်သောအပင်ဖြစ်ပြီး မိုးများသော အပူပိုင်းဒေသ များတွင်သာ အဖြစ်ထွန်းဆုံးဖြစ်ပါသည်။မတ်လ၊ဧပြီလနှင့်ဒီဇင်ဘာလတို့တွင် ထန်းပွင့်များ ပွင့်လေ့ ရှိပြီး အဖိုပွင့်အမပွင့်ကို ကြည့်၍ အဖိုပင် အမပင် ခွဲခြားနိုင်သည်။အဖိုပင်အမပင်(၂)မျိုးလုံး ထန်းရည် ရရှိနိုင်ပြီး၊အမပင်သည် အဖိုပင်ထက် ထန်းရည်တစ်ဆခွဲ ပိုထွက်လေ့ရှိပါသည်။ထွက်ရှိလာသော ထန်းရည်ကို သန့်စင်ပြီး ဒယ်အိုးထဲသို့ထည့် မီးပြင်းပြင်းအပူပေးကာ ပျစ်လာသည့်အထိ တစ်နာ ရီခန့် ဆူပွက်အောင် ကြိုချက်ပေး၍ သမအောင်မွှေပေးရသည်။ အရည်ပျစ်၍ ထန်းလျက်သားတက် သည့်အခါ မီးဖိုပေါ်မှချပြီး လိုအပ်သည့် အတုံးကလေးများတုံးကာ အခြောက်ခံပါက ထန်းလျက် ခဲကို ရရှိမည်ဖြစ်ပါသည်။

          ထန်းလျက်သည် မြန်မာအဟာရ အော်ဂဲနစ်(Organic) စားသောက်ကုန်တစ်ခုဖြစ်သည်။ လူကြီးလူငယ် ကျားမ မရွေးစားသုံးနိုင်ပြီး အစာကြေခြင်း၊ရင်ချောင်ခြင်း၊အသည်း၏ လုပ်ငန်းဆောင် တာများကို ပိုမိုကောင်းမွန်စေခြင်း၊သွေးတိုးကို ကျစေခြင်း၊အဆီကိုလောင်ကျွမ်းစေခြင်း၊ ခန္ဓာကိုယ် အဆိပ်အတောက်ကို လျော့နည်းစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေသလို အချိုရှောင်ရသည့် ဆီးချို Control ဖြစ်သည့် လူနာများသည်ပင် သကြားအစားထိုး (Sugar Substitute)အနေနှင့်ပါ စားသုံးနိုင်ကြောင်း သိရသည်။

          ညောင်ဦးဒေသတွင် ပြွန်ထန်းလျက်သည် ဟိုးယခင် အချိန်ကတည်း က ချိုသည်၊မွှေးသည်ဟု နာမည်ကြီး လူကြိုက်များသည့်အတွက် ပုဂံညောင်ဦးဒေသ ပြွန်ကျေးရွာရှိ ထန်းလျက်လုပ်ငန်းရှင် ဦးဇော်မိုးနှင့်တွေ့ဆုံ၍ မြန်မာ့ရိုးရာ ဒေသထွက်ကုန်ဖြစ်သည့် ထန်းလျက်လုပ်ငန်းကို သွားရောက်လေ့လာခဲ့ပါသည်။ ဦးဇော်မိုးသည် ထန်းလျက်လုပ်ငန်းအား ရိုးရာစားသောက်ကုန်များကို အောင်ပါစေ ဟူသော ကုန်အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ရောင်းချလျက်ရှိပါသည်။ ၎င်းထုတ်လုပ်သော အမှတ်တဆိပ်နှင့် ဒေသရိုးရာ အစားအစာများသည် အရည်အသွေး ကောင်းမွန်ခြင်း၊ ဈေးနှုန်းသင့်လျော်ခြင်း၊ အာမခံချက်ပြည့်ဝခြင်း၊ စားသုံးသူနှင့်ဆက်ဆံရေး ပြေပြစ်ခြင်း စသည့်အချက်များကို ထိန်းသိမ်းထားနိုင်ခဲ့သဖြင့် အချိန်တိုအတွင်း အောင်မြင်လာသည်ဟု ယူဆနိုင်ပါသည်။

          ယခင်က မိသားစုတနိုင်တပိုင် လုပ်ငန်းအဖြစ် လုပ်ကိုင်ခဲ့သော်လည်း (၂၀၁၇) ခုနှစ်မှ စတင် ကာ တန်ဖိုးမြှင့် ထုပ်ကုန်အဖြစ် ထန်းလျက်များကို တမူထူးခြားစွာ ထုတ်လုပ်ခဲ့ပါသည်။ သဘာဝထန်းလျက်ကိုသာမက အုန်းထန်းလျက်၊ ဇီးထန်းလျက်၊ မန်ကျီးထန်း  လျက်၊ချင်းထန်းလျက်၊ရှားစောင်းထန်းလျက်ဟူ၍ အမျိုးအစား(၆)မျိုးကို လုပ်သားအင့်အား(၁၂)ဦး ဖြင့် တိုးချဲ့လုပ်ကိုင်လျက်ရှိသည်။ ကုန်ကြမ်းများဖြစ်သည့် အုန်းသီးကို ရန်ကုန်မှလည်းကောင်း၊ ချင်း ကို တောင်ကြီးမှလည်းကောင်း ဝယ်ယူ၍ မန်းကျီး၊ ဇီးနှင့် ရှားစောင်းလက်ပတ်တို့ကို မိမိဒေသ၌ပင် ဝယ်ယူ၍ ထုတ်လုပ်ခြင်းဖြစ်ကြောင်း ၊ထန်းလျက်သိုလှောင်ရာတွင် ရာသီဥတုကြောင့် ပျက်စီးဆုံးရှုံး မှုမရှိစေရန် စနစ်တကျ သိုလှောင်ထားရှိသည်ကိုလည်း တွေ့ရှိရပါသည်။

          ထန်းလျက်နှင့်ရောစပ်ပြုလုပ်ထားသည့် ဒေသစားသောက်ထုတ်ကုန်များကို တစ်နေ့လျှင် ပျမ်းမျှ ပိဿာချိန်(၁၀၀)ခန့် ထုတ်လုပ်လျက်ရှိရာ ဈေးကွက်တွင် တန်ဖိုးအနေဖြင့် ၁၅ ကျပ်သား ပါကင်ထုပ်တစ်ထုပ်လျှင်(၉၀၀)ကျပ် နှုန်းဖြင့်ရောင်းချလျက်ရှိပြီး ဒေသအလိုက် သယ်ယူပို့ဆောင်ရေး စရိတ်ပေါ်မူ တည်၍ ဈေးနှုန်းပြောင်းလဲမှု ရှိနိုင်ပါသည်။

          ပုဂံညောင်ဦးဒေသသို့ လာရောက်သည့်ခရီးသွားများကို ဦးတည်ကာ ထုတ်လုပ်ခြင်းဖြစ်ပြီး ပုဂံလက်ဆောင် ဒေသထွက်ကုန်တစ်ခုအနေဖြင့် ဖြန့်ဖြူးရောင်းချခြင်းဖြစ်သော်လည်း ယခုအခါ ပုဂံ‌ ညောင်ဦးဒေသတွင်မက ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မြောင်းမြ၊ ပုသိမ်၊ ရခိုင်၊မြဝတီ၊တာချီလိတ်၊ လားရှိုး၊မုံရွာ၊ကလေး၊သီပေါ စသည့်ဒေသများသို့ပါ ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။ မြန်မာ့အာဟာရ ဒေသထွက်ကုန် စစ်စစ်တစ်ခုဖြစ်ပြီး ထုတ်ပိုးမှုမှာလည်း စနစ်ကျ၍ ကျန်းမာရေးနှင့်လည်းညီညွတ်ပြီး ဈေးနှုန်လည်းသင့်လျော်၍ စားသုံးသူတို့အတွက် ဘေးထွက်ဆိုးကျိုးမရှိစေဘဲ အာမခံချက်အပြည့်အဝဖြင့် စေတနာအဓိကထားကာ ထုတ်လုပ်ခြင်းဖြစ်ကြောင်း လုပ်ငန်းရှင် ဦးဇော်မိုးထံမှ သိရှိရပါသည်။ ထိုအပြင် လုပ်ငန်းရှင်မှ ၎င်း၏ကုန်စည်များကို ထပ်တိုး၍ အရည်အသွေးပိုမိုကောင်းမွန်စေမည့် Value Added ဖြစ်စေမည့် ပြောင်း၊ ဇီး တော်ဖီကဲ့သို့ အမယ်သစ်ထုတ်ကုန်များကိုပါ ထပ်မံတိုးချဲ့ထုတ်လုပ်ရန် ပြင်ဆင်ထားလျက်ရှိကြောင်း သိရသည်။

          မိရိုးဖလာ မြန့်မာစားသောက်ကုန်ဖြစ်သည့် ထန်းလျက်သည် အချိုပွဲတွင် အသင့်လျော်ဆုံး ဖြစ်ပါသည်။အရည်အသွေးပြည့်မီသည့် ဒေသတွင်းထုတ်ကုန်များကို အားပေးခြင်းသည် ယဉ်ကျေးမှု ကိုထိမ်းရာရောက်သည်။စားသုံးသူများသည် ဈေးနှုန်းသက်သာ၍ အရည်အသွေးမြင့်သော ကုန်စည် များကို ဝယ်ယူသုံးစွဲသင့်ပြီး စာသုံးရန်မသင့်သော စားသောက်ကုန်များကို စားသုံးခြင်းသည်မိမိနှင့် မိမိပါတ်ဝန်းကျင်ကိုပါ ဘေးဥပါတ်ဖြစ်စေနိုင်ပါသည်။အောင်ပါစေ ထန်းလျက်သည် သက်ဆိုင်ရာ ဌာနများ၏ ညွှန်ကြားချက်များကို လိုက်နာကာ ထုတ်လုပ်ခြင်းဖြစ်၍ ထောက်ခံချက်များလည်း ရရှိ ထားပြီးဖြစ်သဖြင့် ယုံကြည်စိတ်ချစွာ ဝယ်ယူစားသုံးနိုင်သည်။ထိုသို့သော ရိုးရာအမွေအနှစ် စားသောက်ကုန်များကို စားသုံးခြင်းသည် ယဉ်ကျေးမှုကို ထိန်းသိမ်းရာရောက်သဖြင့် ရိုးရာအမွေကို မြတ်နိုးပါ ထိန်းသိမ်းပါလို့ တိုက်တွန်းဆန္ဒပြုရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)

ကယားပြည်နယ် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုအခြေအနေ

        ကယားပြည်နယ်သည် ဆီထွက်သီးနှံများအနေဖြင့် နှမ်း၊ မြေပဲ၊ နေကြာနှင့်ပန်းနှမ်းတို့ကို အဓိကစိုက်ပျိုးသောဒေသ ဖြစ်ပါသည်။ ယခင်နှစ် ၂၀၂၀-၂၀၂၁ ခုနှစ် ရာသီကုန် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုအခြေအနေမှာ နှမ်း စိုက်ဧက(၂၆၀၅၄) ဧက၊ ရိတ်ဧက (၂၅၅၂၀)ဧကရှိပြီး (၁)ဧကအထွက်နှုန်းမှာ(၉.၉၄)တင်းနှင့် စုစုပေါင်းအထွက်နှုန်းမှာ (၂၅၃၅၄၄)တင်းထွက်ရှိကြောင်း၊ မြေပဲစိုက်ပျိုးထုတ်လုပ်မှုအခြေအနေမှာ စိုက်ဧက (၁၀၂၉၅) ဧက၊ ရိတ်ဧက(၁၀၂၉၃)ဧက၊ (၁)ဧကအထွက်နှုန်းမှာ(၄၅.၈၃)တင်းနှင့် စုစုပေါင်း အထွက်နှုန်းမှာ (၄၇၁၇၅၀)တင်း ထွက်ရှိကြောင်း၊ နေကြာ စိုက်ပျိုးထုတ်လုပ်မှုမှာ စိုက်ဧက(၃၀၃၃) ဧက၊ ရိတ်ဧက(၃၀၃၃)ဧက၊ (၁)ဧကအထွက်နှုန်းမှာ(၂၈.၁၂)တင်းနှင့် စုစုပေါင်းအထွက်နှုန်းမှာ (၈၅၂၈၉)တင်းထွက်ရှိကြောင်း၊ ပန်းနှမ်းစိုက်ပျိုးထုတ်လုပ်မှုမှာ စိုက်ဧက(၄၃၉၇) ဧက၊ ရိတ်ဧက(၄၃၉၇)ဧက၊ (၁)ဧကအထွက်နှုန်းမှာ(၈.၈၃)တင်းနှင့် စုစုပေါင်းအထွက်နှုန်းမှာ (၃၈၈၂၀)တင်းထွက်ရှိပါသည်။

          ယခု ၂၀၂၁-၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများမှာ နှမ်း စိုက်ဧက(၂၅၇၁၁) ဧက၊ ရိတ်ဧက(၂၅၇၀၀)ဧက၊ (၁)ဧကအထွက် နှုန်းမှာ(၉.၉၄)တင်းနှင့် စုစုပေါင်းအထွက်နှုန်းမှာ (၂၅၅၄၀၀)တင်းထွက်ရှိကြောင်း၊ မြေပဲစိုက်ပျိုးထုတ်လုပ်မှု အခြေအနေမှာ စိုက်ဧက(၉၈၀၆) ဧက၊ ရိတ်ဧက(၉၁၉၆)ဧက၊ (၁)ဧကအထွက်နှုန်းမှာ(၄၄.၇၀)တင်းနှင့် စုစုပေါင်းအထွက်နှုန်းမှာ (၄၁၁၀၃၈)တင်းထွက်ရှိကြောင်း၊ နေကြာစိုက်ပျိုးထုတ်လုပ်မှုမှာ စိုက်ဧက(၁၈၀၀) ဧက၊ ရိတ်ဧက (၁၅၄၃)ဧက၊ (၁)ဧကအထွက်နှုန်းမှာ(၂၈.၁၄)တင်းနှင့် စုစုပေါင်းအထွက်နှုန်းမှာ (၄၃၄၁၄) တင်း ထွက်ရှိကြောင်း၊ ပန်းနှမ်း စိုက်ပျိုးထုတ်လုပ်မှုမှာ စိုက်ဧက(၁၅၅၀) ဧက၊ ရိတ်ဧက(၁၅၅၀)ဧက၊ (၁)ဧကအထွက်နှုန်းမှာ(၈.၈၁)တင်းနှင့် စုစုပေါင်းအထွက်နှုန်းမှာ (၁၃၆၅၇)တင်းတို့ ဖြစ်ကြောင်း ကယားပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန စာရင်းများအရ သိရှိရပါသည်။

          ဒေသထွက်ဆီထွက်သီးနှံများကို ဒေသတွင်းအမှန်တကယ် ဆီကြိတ်၍ စားသုံးလျှင် ဆီဖူလုံမှုထက် ပိုမိုနေပါသည်။ သို့သော် အများစုမှာ အခြားဒေသို့တင်ပို့ကြပြီး အခြားဒေသမှတင်သွင်းလာသည့် စားအုန်းဆီများကို ဝယ်ယူစားသုံးကြပါသည်။ ယခင် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ဒေသဆီထွက်သီးနှံတင်ပို့မှုနှင့် စားသုံးမှုကို ခန့်မှန်းပါက နှမ်းတင်ပို့မှု     (၉၀%)၊ ဒေသတွင်းဆီကြိတ်၍စားသုံးမှု(၁၀%)ရှိကြောင်း၊ မြေပဲတင်ပို့မှု(၅၀%)၊ ဒေသစားသုံးမှုမှာ (၅၀%) ခန့်ရှိကြောင်း၊ နေကြာတင်ပို့မှုမရှိဘဲ ဒေသတွင်းစားသုံးမှု (၁၀၀%)ရှိကြောင်း၊ ပန်းနှမ်းတင်ပို့မှု(၁၀၀%)ရှိပြီး၊ ဒေသတွင်းစားသုံးမှု မရှိကြောင်း ၊ယခု ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ဒေသဆီထွက်သီးနှံ တင်ပို့မှုနှင့်စားသုံးမှုကို ခန့်မှန်းကြည့်လျှင် နှမ်းတင်ပို့မှု(၈၀ %)နှင့် ဒေသတွင်းဆီကြိတ်၍စားသုံးမှုမှာ(၂၀ %)ရှိကြောင်း၊  မြေပဲ တင်ပို့မှု(၂၀ %)နှင့် ဒေသတွင်းစားသုံးမှုမှာ(၈၀ %)ရှိကြောင်း၊ နေကြာ တင်ပို့မှုမရှိဘဲ ဒေသတွင်းစားသုံးမှု(၁၀၀%)ရှိကြောင်း၊ ပန်းနှမ်းတင်ပို့မှု(၁၀၀%)ဖြစ်ပြီး ဒေသတွင်း စားသုံးမှုမရှိပါကြောင်း၊ ယခင်နှစ် ဒေသဆီထွက်သီးနှံစားသုံးမှုနှင့် ယခုနှစ် ဒေသထွက် ဆီထွက်သီးနှံ စားသုံးမှုကိုနှိုင်းယှဉ်ကြည့်လျှင် ယခုနှစ် ဒေသထွက် ဆီထွက်သီးနှံများ ပိုမိုစားသုံးလာကြကြောင်း၊ ဒေသထွက်ဆီထွက်သီးနှံပိုမို စားသုံးလာရခြင်းမှာ အခြားဒေသမှတင်သွင်းလာသည့် ဆီထွက်သီးနှံများနှင့် စားသုံးဆီဈေးနှုန်းမြှင့်တက်နေခြင်းကြောင့် ပိုမိုစားသုံးလာကြခြင်းဖြစ်ကြောင်းဟု ဆီစက်လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါ သည်။

DOCA(ကယား)

 

ငါန်းဇွန်မြို့နယ်တွင် အစေ့ထုတ်ပြောင်းများ ရိတ်သိမ်းလျက်ရှိ

          ငါန်းဇွန်မြို့နယ်သည် ဧရာဝတီမြစ် ဖြတ်သန်းစီးဆင်းရာ မြစ်ကမ်းနံဘေးတွင် တည်ရှိပြီး မြို့နယ်ကို ဖြတ်သန်းစီးဆင်းမှုအနေဖြင့် (၂၁)မိုင် အရှည်ရှိပါသည်။ လယ်ယာသီးနှံများ စိုက်ပျိုးမှုအနေဖြင့် ဆန်စပါး၊ပဲမျိုးစုံ၊ဝါ၊ဆေးရွက်ကြီး၊ပြောင်း၊နေကြာ၊ဖရဲ စသည် သီးနှံမျိုးစုံအား ရာသီအလိုက်စိုက်ပျိုးကြပြီး မြို့နယ်အတွင်းရှိ ငါန်းမြှာ၊ ကျီကုန်း၊ ကံသာ၊ ကံလှ၊ မြောက်ကျွန်း၊ ထ နှောင်းကုန်း၊မရိုးကုန်း၊ လက်ပံသာ၊ လင်္ကာဒီပ၊ အောင်သာ၊ ယက္ခဒီပ၊ ရေလည်သောင် ၊မြေတိုင်း ၊ တလင်းကုန်း စသည့်ကျေးရွာများသည် မြစ်ရေဝင်ရောက်သည့် ကျေးရွာများဖြစ်ပြီး မြစ်ရေကျချိန်၌ ပေါ်ထွန်းလာသော ကျွန်းများပေါ်တွင် ဆောင်းသီးနှံအဖြစ် အစေ့ထုတ်ပြောင်းများကို အများဆုံး စိုက်ပျိုးကြပါသည်။

          ငါန်းဇွန်မြို့နယ်တွင် အစေ့ထုတ်ပြောင်းသီးနှံကို မိုးနှင့်ဆောင်း နှစ်ရာသီစိုက်ပျိုးကြပြီး  ဆောင်းရာသီတွင် စိုက်ပျိုးမှုများကြောင်းသိရပါသည်။ ၂၀၂၀-၂၀၂၁ခုနှစ်တွင် မြို့နယ်၏ အစေ့ထုတ်ပြောင်း (ဆောင်း) စိုက်ပျိုးမှုမှာ(၄၈၀၄)ဧက စိုက်ပျိုးခဲ့ပြီး၊တစ်ဧက ပျမ်းမျှအထွက်နှုန်းမှာ (၇၃)တင်း ကျော် ထွက်ရှိခဲ့ကြောင်းနှင့် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် (၄၉၂၇) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရှိရပါသည်။

          ပြောင်းစိုက်တောင်သူများသည် အစေ့ထုတ်ပြောင်း သီးနှံကို မြစ်ရေကျချိန် အောက်တိုဘာလ လောက်မှစ၍ စိုက်ပျိုးကြပြီး ပြောင်းမျိုးအနေဖြင့် 888၊808၊282၊229 စသည့် ပြောင်းမျိုးများကို အများဆုံးစိုက်ပျိုးကြပါသည်။ မျိုးဈေးအနေဖြင့် ၅-ကီလို(နှစ်ပြည်နှင့်နို့ဆီဘူးလေးလုံးပါ) တစ်ထုပ် လျှင်  ယခုနှစ်စိုက်ပျိုးချိန်တွင် (၄၅၀၀၀)ကျပ် ရှိ၍ ယခင်နှစ် စိုက်ပျိုးချိန်တွင် (၃၀၀၀၀)ကျပ် ဝန်းကျင်သာ ရှိခဲ့သောကြောင့်မျိုးဈေးနှုန်းများမှာ မြင့်တက်ခဲ့ပြီး သွင်းအားစုဖြစ်သည့် မြေဆီဈေး နှုန်း များမှာလည်း ယခင်နှစ်က ယူရီယားတစ်အိတ်လျှင်(၃၀၀၀၀)ကျပ် ဝန်းကျင်မှ ယခုနှစ်စိုက်ပျိုး ရာသီ တွင် (၇၅၀၀၀)ကျပ်ခန့်ထိ ဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း သိရပါသည်။

          စိုက်ပျိုးမှုအနေဖြင့် တစ်ဧကလျှင် ပြောင်းမျိုးထုပ်တစ်ထုပ်နှုန်း စိုက်ပျိုးကြပြီး သွင်းအား စုဖြစ်သည့်မြေဆီမှာ နှစ်အိတ်ခန့် ထည့်သွင်းစိုက်ပျိုးရကြောင်း၊ ဆောင်းသီးနှံဖြစ်သည့် အတွက် ရေသွင်းရေတင်ခြင်းအား (၄)ကြိမ်ခန့် ပြုလုပ်ရကြောင်းနှင့်တစ်ဧကကုန်ကျစရိတ်အနေဖြင့် (၆၀၀၀၀၀)ကျပ် ဝန်းကျင် ကုန်ကျကြောင်းသိရပါသည်။သက်တမ်းအားဖြင့် (၄)လခန့်ကြာမြင့်၍ ပြောင်းပင်တစ်ပင်လျှင်  မျိုးအလိုက်ပြောင်းဖူး(၁)ဖူးနှုန်း၊ (၂)ဖူးနှုန်းထွက်ရှိပြီး အောင်မြင် ဖြစ်ထွန်းပါက တစ်ဧက လျှင် တင်း (၈၀၊၁၀၀) နှုန်း ထွက်ရှိကြောင်း သိရပါသည်။

          ရိတ်သိမ်းချိန်များတွင် မြင်းခြံ၊စစ်ကိုင်းတိုင်းဒေသကြီး စသည့်ဒေသများမှ ဆေးပေါ့လိပ် လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ပြောင်းဖူးဖက်များကို လာရောက်ဝယ်ယူလေ့ရှိပြီး      မျိုးထုပ် တစ်ထုပ်စိုက်ကို ပြောင်းဖူးဖက်ထုပ်ပေါင်း (၁၀၅၀)ထုပ်ခန့် ထွက်ရှိပြီး ဖက်လှီးသူအား တစ်ထုပ်လျှင် (၅၀၊၆၀)ကျပ်ခန့်ပေးရကြောင်းနှင့် ယခင်နှစ်က ပြောင်းဖူးဖက် တစ်ထုပ်လျှင်(၁၀၀၊၁၅၀)ကျပ်ရှိခဲ့ပြီး ယခုနှစ်တွင်လာရောက်ဝယ်ယူသူ မရှိသေးကြောင်းသိရပါသည်။ ပြောင်းပင်ရိုးမှာလည်း နွားစာ ရှားပါးသည့်ဒေသများမှ နွားကျွေးရန် အတွက် လာရောက်ဝယ်ယူကြပြီး ထော်လာဂျီတစ်စီးတိုက်ကို ယခင်နှစ်က(၃၅၀၀၀)ကျပ် ရရှိ၍ မျိုးထုပ်တစ်ထုပ် စိုက်လျှင် ထော်လာဂျီ နှစ်စီးတိုက် ရရှိကြောင်း၊ ယခုနှစ်တွင် နွားစာရှားပါးသည့် ကုန်ပိုင်းဒေသများတွင် မိုးကောင်းခဲ့၍ နွားစာဖူလုံသည့်အတွက် လာရောက်ဝယ်ယူသူနည်းပါးပြီး မျိုးထုပ်တစ်ထုပ်စိုက် ပြောင်းရိုးများကို (၂၀၀၀၀) ကျပ် ဝန်းကျင်သာရရှိကြောင်း သိရပါသည်။ရိတ်သိမ်းထွက်ရှိလာသော ပြောင်းဖူးများကို (၆)နေခန့် နေလှန်း၍ ကျေးရွာများရှိ ခြွေလှေ့စက်များတွင် ခြွေလှေ့ကြပြီး ပြောင်းဆံတစ်တင်းကျကို ယခင် နှစ်တွင် (၁၀၀၊၁၅၀)ကျပ်နှုန်း ပေးရပြီး ယခုနှစ်တွင်စက်သုံးဆီဈေးနှုန်းများ မြင့်တက်ခဲ့၍ တစ်တင်း ကျကို (၂၀၀)ကျပ်နှုန်း ပေးရကြောင်းနှင့် ခြွေပြီးပြောင်းစေ့များကို(၂)နေခန့် ပြန်လှန်းရကြောင်း ဒေသခံပြောင်းစိုက်တောင်သူများထံမှ သိရပါသည်။

          ရောင်းဝယ်မှုဈေးကွက်အနေဖြင့် မန္တလေး၊မြင်းခြံ စသည့်မြို့များသို့ တင်ပို့ရောင်းချကြသလို၊ တစ်ချို့မှာလည်း ကျေးရွာများတွင်လာရောက်၍ ဝယ်ယူဖွင့်လှစ်သော အဝယ်ဒိုင်များတွင်လည်း ရောင်းချကြပါသည်။ယခင်နှစ် ပြောင်းပေါ်ချိန်ဈေးအနေဖြင့် တစ်တင်းလျှင်(၈၀၀၀)ကျပ် ဝန်းကျင် ဖြင့် စတင်ရောင်းချခဲ့ပြီး၊ (၁၂၀၀၀)ကျပ်ဝန်းကျင်ဖြင့် ဈေးပိတ်ခဲ့ကြောင်း၊ယခုနှစ်ငါန်းဇွန်မြို့နယ်တွင် ဖေဖော်ဝါရီလ ဒုတိယပါတ်မှစ၍ အစေ့ထုတ်ပြောင်းများ စတင်၍ ထွက်ပေါ်လျက်ရှိရာ တစ်တင်း လျှင် (၁၂၀၀၀)ကျပ်ဝန်းကျင်ဖြင့် စတင်၍ ယခုအချိန်တွင် တစ်တင်းလျှင်(၁၇၅၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ပြောင်းစိုက်တောင်သူအများစုမှာ မြင်းခြံသို့ အများဆုံး တင်ပို့ ရောင်းချလျက်ရှိရာ သယ်ယူစရိတ်ကားခအနေဖြင့် တစ်ပိဿာလျှင် ယခင်နှစ်တွင် (၃၅) ကျပ် ရှိခဲ့ပြီး ယခုနှစ်တွင် (၄၅)ကျပ်နှုန်းရှိကြောင်း သိရပါသည်။

          အစေ့ထုတ်ပြောင်း တစ်ဧကကုန်ကျမှုအနေဖြင့် ယခင်နှစ်တွင်(၄၀၀၀၀၀)ကျပ် ဝန်းကျင်ခန့် ကုန်ကျခဲ့သော်လည်း ယခုနှစ်တွင် သွင်းအားစုဈေးနှုန်းများ မြင့်တက်ခဲ့မှုကြောင့်(၆၀၀၀၀၀)ကျပ် ဝန်းကျင်ခန့် ကုန်ကျခဲ့ကြောင်း၊ယခုနှစ်စိုက်ပျိုးထွက်ရှိမှုအနေဖြင့်တစ်ဧလျှင်(၇၀၊၇၅)တင်းနှုန်းခန့် ထွက်ရှိနိုင်သဖြင့် ယခုဖြစ်ပေါ်နေသော ဈေးနှုန်းများအရ တစ်ဧကအကျိုးအမြတ်အနေဖြင့် (၅၅၀၀၀၀)ကျပ် ဝန်းကျင်ခန့် ရရှိနိုင်ကြောင်း ကံလှရွာပြောင်းစိုက်တောင်သူတစ်ဦးထံမှသိရပါ သည်။ အစေ့ထုတ်ပြောင်းသည် ပြည်တွင်းပြည်ပ ဈေးကွက် ရှိ၍ အစေ့ထုတ်ပြောင်း စိုက်ပျိုးခြင်းဖြင့်

ပြည်တွင်းမွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှုကို အထောက်အကူ ဖြစ်စေသလို  ပြောင်းစိုက်တောင်သူများ၏ လူနေမှုဘဝများတိုးတက် မြင့်မားလာစေနိုင်ရန်အတွက် ပိုမိုတိုးချဲ့စိုက် ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။

DOCA(မန္တလေး)

ဆိပ်ဖြူကုန်စည်ဒိုင်၏ မတ်လဒုတိယပတ်အတွင်းကြက်သွန်နီ စီးဝင်စီးထွက်အခြေအနေ

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်း/ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ရုံးအုပ် ဦးဇော်နေလင်းသည် (၁၅.၃.၂၀၂၂) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆိပ်ဖြူမြို့ပေါ်ရှိ ကုန်စည်ဒိုင်အသင်းဝင်ကုန်သည်ပွဲစားလုပ်ငန်းရှင်နှင့်တွေ့ဆုံပြီး မတ်လ (၁)ရက်မှ (၁၄)ရက်အထိ ကုန်စည်ဒိုင်တွင် ကြက်သွန်နီ(အဟောင်း) မိုးစိုက်၊ ဥစိုက်နှင့် ဆောင်းစိုက်၊ ပင်စိုက်(အသစ်)များ၏ စီးဝင်စီးထွက်နှင့် ဈေးနှုန်းဈေးကွက်အခြေအနေအား ကွင်းဆင်းလေ့လာခဲ့ပါသည်။

          ကုန်စည်ဒိုင်အသင်းဝင်၏ ပြောကြားချက်အရ ကုန်စည်ဒိုင်သို့ နေ့စဉ်ကြက်သွန်နီဉစိုက် (အဟောင်း)မှာ သက်တမ်းကုန်ချိန်ဖြစ်၍ အဝင်နည်းပြီး ပင်စိုက်(အသစ်)များမှာ သီးနှံပေါ်စဖြစ်၍ ကုန်ချိန် အသင့်အတင့်ဝင်ရောက်ကြောင်း၊ ကြက်သွန်နီ(အဟောင်း)မှာ တစ်ရက်လျှင် ကုန်ချိန် ပိဿာ(၅၀၀၀)ခန့်၊ (၂)ပတ်အတွင်း စုစုပေါင်းပိဿာ (၇၀၀၀၀)ခန့် ဝင်ရောက်ပြီး၊ ဆောင်းစိုက် ပင်စိုက်(အသစ်)မှာ တစ်ရက်လျှင် ပျမ်းမျှပိဿာ(၄၀၀၀၀)ခန့်၊ (၂)ပတ်အတွင်း စုစုပေါင်းပိဿာ (၆၀၀၀၀၀)ခန့်ဝင်ရောက်ပြီး အများဆုံး စိုက်ပျိုးထွက်ရှိသော ဆိပ်ဖြူမြို့နယ်အတွင်းရှိ ရေပုတ်၊ ထန်းချောင်း၊ ကံတွင်း၊ လိပ်ခြံကျေးရွာများမှ ဝင်ရောက်လျက်ရှိကြောင်း၊ ချစ်ချောင်း/ယောချောင်း နံဘေးစိုက်ကြက်သွန်နီများမဟုတ်ဘဲ ကိုယ်ပိုင်လယ်ကွက်(မြေသား)များတွင် သီးသန့်စိုက်ပျိုးထားသဖြင့် သီးနှံစောစောထွက်၍ ကုန်ချိန်အဝင်နည်းသေးကြောင်း ကုန်စည်ဒိုင်အသင်းဝင်ကုန်သည်ထံမှတစ်ဆင့် သိရှိရပါသည်။

          မတ်လဒုတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော ကြက်သွန်နီ(အဟောင်း/အသစ်) ဈေးနှုန်းဈေးကွက်မှာ သီးနှံအရည်အသွေးကိုလိုက်၍ ဈေးနှုန်းများမတူညီကြောင်း၊ ကြက်သွန်နီ (အဟောင်း) (၁)ပိဿာအမြင့်ဆုံး ကုန်စည်ဒိုင်ဖြတ်ဈေးနှုန်းမှာ (၅၅၀)ကျပ်မှ (၄၅၀)ကျပ်အထိ ထိပ်စအမြင့်ဆုံးဈေးဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ကြက်သွန်နီအသစ်(၁)ပိဿာ အမြင့်ဆုံးဈေးနှုန်း မှာ ကျပ်(၇၇၅/၆၅၀/ ၆၃၅/၆၀၀) ဈေးနှုန်းအသီးအသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။ ယခင်နှစ် မတ်လဒုတိယပတ်အတွင်း ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်ခဲ့သော ဈေးနှုန်းမှာ ကြက်သွန်နီ(အဟောင်း)ထိပ်စ (၁)ပိဿာဈေးနှုန်းမှာ ကျပ်(၂၀၀/၁၇၅/၁၅၀)ဈေးနှုန်းများဖြင့်လည်းကောင်း၊ ပင်စိုက်(အသစ်) (၁)ပိဿာလျှင် ထိပ်စအမြင့်ဆုံးဈေးနှုန်းမှာ ကျပ်(၇၀၀/၅၀၀/၄၀၀)ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခင်နှစ်ကာလတူထက်ဈေးပိုကြောင်း သိရှိရပါသည်။

         ကုန်စည်ဒိုင်သို့ စီးဝင်လာသော ကြက်သွန်နီ(အဟောင်း/အသစ်)များကို ပြန်လည်တင်ပို့ ဖြန့်ဖြူးရာတွင် ရန်ကုန်ဘုရင့်နောင်ပွဲရုံ၊ ပြည်၊ မြဝတီ၊ စစ်တွေမြို့များသို့ တင်ပို့လျက်ရှိကြောင်း၊ ကုန်စည်ဒိုင်ဖြတ်ဈေးနှုန်းအနေဖြင့် မတ်လဒုတိယပတ်အတွင်း အရာင်းအဝယ်ဖြစ်ရာတွင် ဈေးနှုန်း အတက်အကျကွာဟမှုသိပ်မရှိဘဲ ကြက်သွန်နီပင်စိုက်(အသစ်)(၁)ပိဿာလျှင် (၆၀၀)ကျပ် ပျမ်းမျှ ဈေးနှုန်းဖြင့် ဈေးကွက်တွင်ရပ်တည်လျက်ရှိကြောင်း၊ ပြည်တွင်းသုံးစွဲမှုသာရှိပြီး ပြည်ပဝယ်လက်နည်း၍ ဈေးအနည်းငယ်ကျဆင်းသွားကြောင်း ကုန်စည်ဒိုင်အသင်းဝင်ကုန်သည်မှတစ်ဆင့်သိရှိရ ပါသည်။

DOCA(မကွေး)

         

ပြည်တွင်းဈေးကွက်တွင် ဈေးကောင်းရရှိနေသော ဆောင်းသီးနှံစားတော်ပဲ

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်း/ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းသည် (၁၆.၃.၂၀၂၂) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆိပ်ဖြူမြို့နယ်၊ သံဇလုံကျေးရွာ၊ ဆောင်းသီးနှံစားတော်ပဲစိုက်ပျိုးသော တောင်သူ ဒေါ်အမာညိုနှင့် သွားရောက်တွေ့ဆုံပြီး စိုက်ပျိုးထွက်ရှိမှုနှင့် အကျိုးအမြတ်ရရှိမှု အခြေအနေကို ကွင်းဆင်းလေ့လာ မေးမြန်းခဲ့ပါသည်။

          ကွင်းဆင်းလေ့လာမေးမြန်းခဲ့မှုအရ စားတော်ပဲစိုက်တောင်သူ ဒေါ်အမာညိုမှ ဆိပ်ဖြူမြို့နယ် တွင်ဆောင်းသီးနှံစားတော်ပဲကို ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ ဆိပ်ဖြူမြို့ပေါ် (၄)ရပ်ကွက်နှင့် ရေလယ်ကျွန်း၊ ကိုးထောင့်၊ သံဇလုံ၊ ပဒေသာကျွန်း၊ ရွာသာအေးနှင့် နီးစပ်ရာကျေးရွာတို့တွင် နှစ်စဉ် မြေပဲခင်းများတွင် သီးညှပ်အနေဖြင့်လည်းကောင်း သီးသန့်စိုက်ခင်းအဖြစ်လည်း စိုက်ပျိုးကြကြောင်း၊ ယခုနှစ်တွင် ဧရာဝတီမြစ်ဝမြေနုကျွန်းများတွင် သဲနုန်းမြေများမှာ မြစ်ရေကျချိန်တွင် စိုက်ခင်းများအတွင်း မြေသားတင်မှုများပြားခြင်းကြောင့် စားတော်ပဲစိုက်တောင်သူများ နှစ်စဉ်ထက်များ၍ စိုက်ဧကများလည်း တိုးချဲ့စိုက်ပျိုးမှုများကြောင်း ယခုနှစ်သံဇလုံကျေးရွာနှင့်ဆက်စပ်လျက်ရှိသော ကျေးရွာများအပါအဝင် စိုက်ဧက(၂၀၀၀)ဝန်းကျင်ခန့် သီးညှပ်/သီးသန့်အဖြစ် စိုက်ပျိုးကြောင်း သိရှိရပါသည်။ယခုနှစ်စိုက်ပျိုးရာတွင် ရေသွင်း(၁)လက်မခွဲပိုက်တန်း၍ ရေမွှားရေပန်းစနစ်ဖြင့် စိုက်ပျိုးခြင်းနှင့် ရိုးရိုးကျဲပက်စနစ်ဖြင့် စိုက်ပျိုးကြောင်း၊ စားတော်ပဲကို တန်ဆောင်းမုန်းလဆန်းတွင်  စတင်ကျဲပက်စိုက်ပျိုး၍ တပေါင်းလကုန်တွင် ရိတ်သိမ်းကြောင်း၊ စိုက်ပင်သက်တမ်းကာလမှာ (၃)လ ခွဲခန့်ကြာမြင့်ကြောင်းသိရှိရပါသည်။

       ကျွန်းစားတော်ပဲစိုက်တောင်သူဒေါ်အမာညိုမှာ ယခုနှစ်တွင် သီးသန့်(၄)ဧကခန့်စိုက်ပျိုး၍ ယခင်နှစ်ထက် ပို၍စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးရာတွင် စားတော်ပဲမျိုးစေ့ (၂)တင်း(၈)ပြည်ခန့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ ယခုနှစ်စားတော်ပဲမျိုးစေ့ (၁)တင်း (၇၀၀၀၀)ခန့်ဈေးနှုန်းဖြင့် ဝယ်ယူ စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် နွားဖြင့်ထွန်ချောင်းဆွဲပြီး စိုက်ပျိုးခြင်းမဟုတ်ဘဲ ကျဲပက်စနစ်ဖြင့် စိုက်ပျိုးကြောင်းသိရှိရပါသည်။ အထွက်နှုန်းအနေဖြင့် နုန်းသဲမြေများပါရှိ၍ မြေသားကောင်းမွန်ခြင်း၊ ရာသီဥတုအနေအထားကောင်းမွန်ခြင်း၊ သီးနှံဖျက်ပိုးကျရောက်မှုနည်းပါးခြင်းတို့ကြောင့် အထွက်နှုန်းမှာ သင့်တင့်မျှတမှုရှိ၍ ထွက်ရှိသော စားတော်ပဲများမှာလည်း အောင်မြင်ပြီး အလေအလွင့်နည်းပါးကြောင်း၊ (၁)ဧကလျှင် ပျမ်းမျှ(၈)တင်းခန့်ထွက်ရှိပြီး (၄)ဧကစိုက်ပျိုး၍ (၂၈)တင်းခန့်ထွက် ရှိကြောင်း၊ စိုက်ပျိုးမြေမှာ နုန်းသဲမြေ မြေအောက်အစိုဓါတ်များ၍ ရေသွင်းရန်မလိုအပ်၍ ကုန်ကျစရိတ်သက်သာကြောင်း၊ သဘာဝမြေသားပေါ်တွင် စိုက်ပျိုးသောတောင်သူများအနေဖြင့် ရေအကြိမ်ကြိမ် ပေးသွင်းစိုက်ပျိုးရ၍ ကုန်ကျစရိတ်ပိုမိုကြီးမြင့်ကြောင်း သိရှိရပါသည်။

          ဈေးနှုန်းဈေးကွက်အနေဖြင့် ယခင်နှစ်သီးနှံပေါ်စ ကျွန်းစားတော်ပဲ(၁)တင်းလျှင် (၄၅၀၀၀) ကျပ်ဈေးနှုန်းဖြင့် ရောင်းချခဲ့ရပြီး ယခုနှစ်တွင် (၉၂၀၀၀)ကျပ်ဖြင့် ရောင်းချခဲ့ရ၍ ဈေးနှုန်းမှာ သိသိသာသာ ယခင်နှစ်ထက် မြင့်တက်ခဲ့ကြောင်း၊ သံဇလုံကျေးရွာမှ ထွက်ရှိသော ကျွန်းစားတော်ပဲများကို ချောက်မြို့ (ဧဝမ်း)ပွဲရုံသို့ တင်ပို့ရောင်းချခြင်းဖြစ်ကြောင်း သိရှိရပါသည်။ စားတော်ပဲ (၄)ဧက စိုက်ပျိုးကုန်ကျစရိတ်အနေဖြင့် မြေပြုပြင်ခ၊ မျိုးစေ့ဝယ်ယူခ၊ အလုပ်သမားငှားရမ်းခ၊ သွင်းအားစုအမျိုးမျိုးနှင့် ပိုးသတ်ဆေးဝယ်ယူခ စုစုပေါင်းကုန်ကျစရိတ်မှာ(၆)သိန်းခန့် ကုန်ကျကြောင်း၊ မိမိတို့ မိသားစုဝင်များ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းဖြစ်ပါ၍ ကုန်ကျစရိတ်နည်းပါးကြောင်း၊ ရေသွင်းစနစ်ဖြင့် စိုက်ပျိုးသောတောင်သူများတွင် ကုန်ကျစရိတ်မှာ ပိုမိုကုန်ကျကြောင်း သိရှိရပါသည်။ ယခုနှစ်အထွက်တင်းမှာ (၁)ဧကလျှင် ပျမ်းမျှ(၇)တင်းခန့် (၄)ဧကစိုက်ပျိုးထား၍ (၂၈)တင်းခန့်ထွက်ရှိပြီး (၁)တင်းလျှင် (၉၂၀၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချရ၍ ဝင်ငွေမှာ (၂၅)သိန်းခန့်ရရှိပြီး အကျိုးအမြတ်ရရှိမှုမှာ (၁၉)သိန်းခန့်ရရှိကြောင်း ယခင်နှစ်ထက်သိသိသာသာ ဝင်ငွေပိုမိုရရှိ၍ စိုက်တောင်သူများလုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း တောင်သူ၏ ပြောကြားချက်အရ သိရှိရပါသည်။

      ဆောင်းသီးနှံကျွန်းစားတော်ပဲသည် ဧရာဝတီမြစ်ရိုးတစ်လျှောက် မြေနုကျွန်းများတွင် အများဆုံး စိုက်ပျိုးကြပြီး ပြည်တွင်းစားသုံးမှုပဲများတွင် တစ်မျိုးအပါအဝင်ဖြစ်ပြီး စားသုံးရာတွင်လည်း အရသာအကောင်းဆုံးပဲတစ်မျိုး ဖြစ်ပါသည်။ ပြည်တွင်း၌ စားသုံးမှုများပြားပြီး စိုက်ပျိုးထုတ်လုပ်မှု စိုက်ဧကနည်းပါး၍ စားသုံးမှုလိုအပ်ချက်အရ ပြည်ပနိုင်ငံများမှ ဝယ်ယူသုံးစွဲနေရခြင်းဖြစ်ပါ၍ ပြည်တွင်းဈေးကွက်တွင် ဈေးကောင်းရရှိနေသည့် ကျွန်းစားတော်ပဲကို သင့်တော်သည့် စိုက်ပျိုးမြေရှိသည့် တောင်သူများအနေဖြင့် နှစ်စဉ်တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း