ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မွန်ပြည်နယ်၏(၂၀၂၀-၂၀၂၁)ခုနှစ်ကာလအတွင်းဒေသထွက်ကုန်ရော်ဘာဈေးနှုန်းများပြောင်းလဲမှု လေ့လာဆန်းစစ်သုံးသပ်ချက်

မွန်ပြည်နယ်သည် ရော်ဘာစိုက်ပျိုးဧက အများဆုံးပြည်နယ်တစ်ခုဖြစ်ရာ ၂၀၂၀ ခုနှစ်တွင် ရော်ဘာစိုက်ဧက (၅၀၁၇၁၉) ဧကရှိပြီး အစေးလှီးဧက (၃၃၀၀၁၄)ဧကရှိရာ ရော်ဘာထွက်ရှိမှုစုစုပေါင်း တန်ချိန် သိန်း(၂၄၀၀)ထွက်ရှိကြောင်း မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန စာရင်းအရသိရှိရသည်။ မော်လမြိုင်ကုန်စည်ဒိုင်၏ နေ့စဉ်ဒေသထွက်ကုန်ဈေးနှုန်း အချက်အလက်များအရ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့ ရော်ဘာပေါက်ဈေးမှ RSS-3 တစ်ပေါင်လျှင် (၇၃၀) ကျပ်ရှိခဲ့ပြီး ဇန်နဝါရီလ တစ်လလုံးတွင်ရော်ဘာဈေးနှုန်းများအတက်အကျပြောင်းလဲမှုများစွာဖြစ်ပေါ်ခဲ့မှုမရှိကြောင်းသိရှိရသည်။
ဖေဖော်ဝါရီလအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ်ရပ်တန့်မှုများဖြစ်ပေါ်ခဲ့သည်။ ဖေဖော်ဝါရီလအတွင်းရော်ဘာဈေးနှုန်းများသည် အတက်အကျများသည့် အခြေအနေများဖြစ်ပေါ်ခဲ့သည့်အပြင် ဘဏ်လုပ်ငန်းအခက်အခဲများကြောင့် တောင်သူများ၊ အလုပ်သမားများအနေဖြင့် ငွေကြေးလှည့်ပတ်မှု ကိစ္စအဝဝနှင့်ပတ်သက်၍ အခက် အခဲများရင်ဆိုင်ခဲ့ရသည်။ ဖေဖော်ဝါရီလ တတိယအပတ်မှစ၍ မတ်လကုန်သည်အထိ မွန်ပြည်နယ်တွင် ရော်ဘာရွက်ကြွေချိန်ဖြစ်သောကြောင့် အစေးထွက်မှုလျော့နည်းလာသည်။ သို့ရာတွင်ယိုးဒယား နယ်စပ် နှင့်တရုတ်နိုင်ငံမှ ဝယ်လိုအားများရှိသည့် အတွက်ရော်ဘာဈေးနှုန်းသည် ရာသီပိတ်သိမ်းချိန် မေလအထိ ဈေးနှုန်းများတဖြည်းဖြည်း မြင့်တက်လာသည်ကိုတွေ့ ရှိရသည်။ (၂၀၂၁)ခုနှစ်ဇန်နဝါရီလမှ မေလအထိ (၅)လတာကာလအတွင်း တွင်ဖြစ်ပေါ်ခဲ့သော ရော်ဘာပေါက်‌ဈေးမှာ အမြင့်ဆုံးဖြစ်ခဲ့ပြီး RSS-3 တစ်ပေါင်လျှင်(၉၂၀)ကျပ်ထိရှိခဲ့သည်။
(၂၀၂၀)ပြည့်နှစ် ရော်ဘာဈေးနှုန်း အချက်အလက်များအရ ဖေဖော်ဝါရီလတွင် ရော်ဘာ ပေါက်ဈေး (၆၈၀)ကျပ်နှင့် (၇၄၀) ကျပ်ကြားပေါက်ဈေးရှိခဲ့သော်လည်း မတ်လမှစ၍ ဈေးနှုန်းများ တဖြည်းဖြည်းကျဆင်းလာခဲ့ရာ (၅၅၀) ခန့်ရှိခဲ့သည်။ ထို့နောက် မတ်လ(၂၅)မှ ဧပြီ(၅)ရက်နေ့အထိ ပေါက်ဈေးသတ်မှတ်ခြင်းမရှိဘဲ ဝယ်သူစိတ်ကြိုက်အနိမ့်ဈေးဖြင့် ရောင်းဝယ်မှုပြုလုပ်ခဲ့သောကြောင့် တောင်သူများအတွက် ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်ခဲ့သည်။
(၂၀၂၀)နှင့်(၂၀၂၁)ကိုနှိုင်းယှဉ်လျှင် (၂၀၂၁)ရော်ဘာရာသီ (စက်တင်ဘာလ၊ အောက်တိုဘာလ၊ နိုဝင်ဘာလ၊ ဒီဇင်ဘာလ)သည် ဈေးနှုန်းမြင့်တက်ခဲ့သော်လည်း ကျွမ်းကျင်လုပ်သားရှားပါးခြင်း၊ စက်ပစ္စည်းဝယ်ယူရန်ခက်ခဲခြင်းနှင့် အက်စစ်များ ဈေးနှုန်းမြင့်တက်မှုတို့ကြောင့် တောင်သူများအနေဖြင့် အကျိုးပို၍ဖြစ်ထွန်းမှု မရရှိခဲ့ကြောင်းယူဆ နိုင်ပါသည်။ ထိုသို့ရော်ဘာဈေးနှုန်း တက်လာသည့် အကြောင်းအရင်းတစ်ခုမှာ ကိုဗစ်(၁၉)ရောဂါ ကာကွယ်တားဆီးရေးအတွက် လိုအပ်သည့်လက်အိတ်ထုတ်လုပ်ရန်နိုင်ငံခြားမှ ရော်ဘာဝယ်လိုအား များလာခြင်းကြောင့်ဖြစ်သည်။ (၂၀၂၁) ခုနှစ် ရော်ဘာပိတ်သိမ်းချိန်ဖြစ်သော ဇွန်၊ ဇူလိုင်၊ ဩဂုတ်လများ သည် ရော်ဘာအစေးထွက်နှုန်း ကျဆင်းလာသည့်အတွက် ရော်ဘာဈေးနှုန်း ပေါက်ဈေးမှာ RSS-3 တစ်ပေါင်လျှင်(၁၂၀၀)ကျပ်ထိဈေးနှုန်းမြင့်တက်ခဲ့သည်။
ထို့ကြောင့် ယခုနှစ် (၂၀၂၂) ခုနှစ် ဇန်နဝါရီလတွင်ရော်ဘာ ဈေးနှုန်းမှာ RSS-3 တစ်ပေါင်လျှင် (၁၀၃၀) ကျပ်ပေါက်ဈေးဖြစ်ပေါ်နေပြီး (၂၀၂၂)ရာသီပိတ်သိမ်းချိန် ဇွန်၊ ဇူလိုင်၊ ဩဂုတ်လများတွင်လည်း ရော်ဘာဈေးနှုန်း မြင့်တက်လာနိုင်ချေရှိကြောင်း သုံးသပ်ရပါသည်။
DOCA(မွန်)

တောင်ငူ ဈေးကွက်မှ သံတောင်ကြီးကွမ်းသီး

ပဲခူးတိုင်းဒေသကြီး၌ ကွမ်းသီးစိုက်ဧက (၂၀၀၀)ကျော်တွင် တောင်ငူခရိုင်၌ စိုက်ဧက (၁၀၀၀)ကျော် စိုက်ပျိုးလျက်ရှိပြီး တောင်ငူခရိုင်နှင့် နယ်နမိတ်ခြင်း ဆက်စပ်လျှက်ရှိသော ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသတွင် ကွမ်းသီးစိုက်ဧကအများဆုံး စိုက်ပျိုးလျှက်ရှိကြောင်း သိရှိရပါသည်။ သံတောင်ကြီးဒေသ၏ ကွမ်းသီးစိုက်ဧကမှာ (၅၈၇၇) ဧကခန့်ရှိပြီး တစ်ဧက အထွက်နှုန်း အနေဖြင့်( ၃၁၃ )ပိဿာခန့် ထွက်ရှိကြောင်း သိရှိရပါသည်။ ကွမ်းသီးဈေးကွက် အနေဖြင့် တောင်ငူခရိုင်မှထွက်ရှိသော ကွမ်းသီးများသာမက သံတောင်ကြီးဒေသ မှထွက်ရှိသော ကွမ်းသီးများသည်လည်း တောင်ငူမြို့ရှိပွဲရုံများသို့ အဓိက တင်သွင်းပြီး တောင်ငူမြို့မှ တစ်ဆင့် ရန်ကုန် ၊ မန္တလေးမြို့များသို့ အသီးသီးတင်ပို့ရောင်းချကြောင်း သိရှိရပါသည်။ ယခင်နှစ်တွင် သံတောင်ကြီး ဒေသမှ တောင်ငူပွဲရုံရောက် ဈေးနှုန်းမှာ ကွမ်းသီးတစ်ပိဿာလျှင် ၇၀၀၀ကျပ် ရှိခဲ့ပြီး ယခုနှစ်တွင် သံတောင်ကြီးဒေသမှ တောင်ငူပွဲရုံရောက်ဈေးနှုန်းမှာ ကွမ်းသီးတစ်ပိဿာလျှင် ၁၀၀၀၀ကျပ် ဖြစ်သဖြင့် ကွမ်းသီးစိုက်တောင်သူများအနေဖြင့် ယခင်နှစ်ထက် ဈေးပိုရပြီး အကျိုးအမြတ် ပိုလာကြောင်း သိရှိရသည်။
ယခုကဲ့သို့ ဈေးမြင့်တက်လာရခြင်းမှာ သယ်ယူပို့ဆောင်ခနှုန်းထားများ မြင့်တက်လာခြင်း၊ လုပ်သားခများမြင့်တက်လာခြင်း၊ အခြားကုန်ကျစရိတ်များမြင့်တက်လာခြင်းကြောင့် ပွဲရုံများမှ တောင်သူများ တွက်ချေကိုက်သည့် ဈေးနှုန်းများဖြင့် ဈေးတိုးမြှင့် ဝယ်ယူလာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ပဲခူးခရိုင်၊ ပဲခူးမြို့နယ်တွင် ခရမ်းသီးနှံစိုက်တောင်သူများအောင်မြင်ဖြစ်ထွန်း၍ အပိုဝင်ငွေများရရှိ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်အတွင်းရှိ တောင်သူလယ်သမားများ အနေဖြင့် ဆောင်းသီနှံမျိုးစုံကို လယ်နားချိန်ကာလ၌ စိုက်ပျိုးလျက်ရှိရာ ပဲခူးမြို့နယ်၊ မုန်တိုင်း ကျေးရွာတွင် ခရမ်းသီးနှံစိုက် တောင်သူများအောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ် ဆွတ်ခူး ရောင်းချနေရသဖြင့် အပိုဝင်ငွေ ရရှိကာမိသားစုစားဝတ်နေရေး အဆင်ပြေလျက် ရှိကြောင်း သိရသည်။
အဆိုပါ ခရမ်းသီးနှံကို တစ်ဧကလျှင် မျိုးစေ့(၃၀၀)ဂရမ်နှုန်းဖြင့်ပျိုးနိုင်ကြောင်း၊ တစ်ပင်နှင့် တစ်ပင် ငါးပေခြား စိုက်ပျိုး၍ ရေသွင်း ‌ရေထုတ်လွယ်ကူစေရန် မြေဘောင် များ ပြုလုပ်ပေးရသည်။ အပင်ငယ်ချိန်တွင် မြေ ပေါင်းသင်ပေးကာ တစ်လတစ်ကြိမ် အပင် ခြေများတွင် မြေသြဇာအနည်းငယ်မျှ ထည့်ရပြီး လိုအပ်ပါက အပင်အားဖြည့်ဆေး နှင့်ပိုးသတ်ဆေး ဖြန်းပေးရကြောင်း၊ စတင်စိုက်ပျိုးသည့် အချိန်မှစ၍ စတင်ခူးဆွတ်နိုင် သည့်ကာလမှာအချိန် (၃)လခန့်ကြာမြင့်ပြီး ဆွတ်ခူး ရောင်းချသည့်အခါ ရက်ခြားခူး၍ ရောင်းရသကဲ့သို့ နေ့စဉ်ဆွတ်ခူး၍ လည်းရောင်းချရကြောင်း၊ ရင်းနှီးမြှုပ်နှံရသည့် (မျိုးစေ့၊ ပိုးသတ်ဆေး၊ အလုပ်သမား ငှားရမ်းခနှင့် ဓာတ်မြေသြဇာ)စသည့်ကုန်ကျစရိတ်များမှာ စုစုပေါင်း တစ်ဧကလျှင် ကျပ်နှစ်သိန်း ဝန်းကျင်ခန့်ရှိပြီး ရောင်းစျေးအနေဖြင့် ဖောက်သည် စျေး ၁ပိဿာ ကျပ်၈၀၀ မှ ၁၀၀၀ အထိ ရောင်းချရသည့်အတွက် နေ့စဉ်အပိုဝင်ငွေရရှိကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ခရမ်းသီးနှံစိုက်တောင်သူ တစ်ဦးထံမှ သိရှိရပါသည်။

တစ်နိုင်တစ်ပိုင် အိုးလုပ်ငန်းပြန်လည်ဆောင်ရွက်လျက်ရှိ

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် အတွင်းရှိ ဘဏ္ဍာကုန်းကျေးရွာတွင် အသေးစားအိမ်တွင်းမှုလုပ်ငန်း ဖြစ်သည့်‌ မြေအိုးလုပ်ငန်းကို တစ်နိုင်တစ်ပိုင်လုပ်ကိုင်လျက်ရှိကြောင်းသိရှိရပါသည်။
တစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်သည့်အတွက် လုပ်သားဦးရေ (၃) ဦး(၄) ဖြင့်သာ လုပ်ကိုင်လျက် ရှိပြီး တစ်ရက်လျှင်အိုးကြမ်းအလုံး(၃၀) ထုတ်လုပ်နိုင်ပြီး၊ မြေအိုးတစ်လုံး၏ဈေးနှုန်းမှာ အမျိုးအစား နှင့် အရွယ်အစားပေါ်မှုတည်၍ ၁၅၀၀ကျပ်မှ ၂၅၀၀ကျပ် အထိရှိကြောင်း သိရှိရပါသည်။ တစ်နေ့လျှင် လုပ်သားတစ်ဦးက မြေအိုး(၁၀)လုံး ပြုလုပ်နိုင်ပြီး မြေအိုးတစ်အိုးလျှင် ၄၅၀ -၅၀၀ကျပ်အထိ လုပ်အားခ ‌‌ရရှိကြောင်း သိရှိိရသည်။စျေးကွက်အနေဖြင့် ‌ ပြည်တွင်း၌ မော်လမြိုင် ၊ ရန်ကုန်၊ ကျိုက်ထို နှင့် အခြားမြို့များသို့ လက်လီ လက်ကားပေးပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
ယခုအခါကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားမှုလျော့ပါးလာသောကြောင့် Stay at Home မြို့နယ် များဖြေလျော့ခဲ့ပြီးဖြစ်သဖြင့် လမ်းပန်းဆက်သွယ်ရေးပြန်လည် ကောင်းမွန်လာ၍ ခရီးသွားများ ပြန်လည်များပြားလာမှု‌ကြောင့် မြေအိုး အရောင်းအဝယ်များ ပြန်လည်ကောင်းမွန်လာသည့်အတွက် လုပ်ငန်းများပြန်လည်ဆောင်ရွက်နေရသဖြင့် အိုးလုပ်ကိုင်သူများ ထုတ်လုပ်ရောင်းချရာတွင် အဆင်ပြေ ချောမွေ့လာကြောင်း သတင်းရရှိသည်။
DOCA(ပဲခူး)

ပဲခူးတွင် ဘိလပ်မြေ ပစ္စည်းပြတ်ခြင်း၊ ဈေးနှုန်းမြင့်တက်ခြင်းများဖြစ်ပေါ်နေ

ပဲခူးမြို့တွင် အိမ်ဆောက်ပစ္စည်းဆောက်လုပ်ရေးလုပ်ငန်းသုံး အရောင်းဆိုင်များတွင် ပုံမှန် ရောင်းဝယ်နေသော Double Rhino (ကြံနှစ်ကောင်အနီ)၊ Double Rhino (ကြံနှစ်ကောင်အစိမ်း)၊ Apache(အပါချီ)၊ SCG(ထိုင်းဆင်)၊ Max Cement(မတ်စ်) စသည့် ဘိလပ်မြေအမျိုးအစားများမှာ ပစ္စည်းပြတ်လတ်ခြင်း၊ ဈေးနှုန်းမြင့်တက်ခြင်းများဖြစ်ပေါ်နေကြောင်းသိရသည်။
လူကြိုက်များ၊ သုံးစွဲမှုများပြားသည့် တံဆိပ်များဖြစ်သည့် Double Rhino (ကြံနှစ်ကောင်) ဘိလပ်မြေသည် ဈေးနှုန်းများမြင့်တက်နေပြီး ဒီဇင်ဘာလ(ပထမ)အပတ်တွင် Double Rhino (ကြံနှစ်ကောင်အနီ) (၇၃၀၀)ကျပ် ၊ Double Rhino (ကြံနှစ်ကောင်အစိမ်း) (၇၈၀၀)ကျပ်မှ ဇန်နဝါရီလတွင် Double Rhino (ကြံနှစ်ကောင်အနီ) (၈၆၀၀)ကျပ် ၊ Double Rhino (ကြံနှစ်ကောင်အစိမ်း)သည် (၈၂၀၀)ကျပ်အထိ မြင့်တက်ခဲ့ကြောင်းသိရသည်။ အခြားဘိလပ်မြေ တံဆိပ်များဖြစ်သည့် Max Cement(မတ်စ်) ဘိလပ်မြေသည် ယခင်(၆၃၀၀)ကျပ်မှ ယခု (၈၃၀၀)ကျပ်သို့ လည်ကောင်း၊ Alpha(အယ်လ်ဖာ) ဘိလပ်မြေသည် ယခင်(၇၉၀၀)ကျပ်မှ ယခု(၈၅၀၀)ကျပ်သို့ လည်ကောင်း အသီးသီးဈေးနှုန်းမြင့်တက်ခဲ့ပြီး SCG(ထိုင်းဆင်) ဘိလပ်မြေ သည် ဈေးကွက်အတွင်း၌ ပစ္စည်းပြတ်လတ်မှုများဖြစ်ပေါ်နေကြောင်းသိရသည်။
ယခုကဲသို့ ဘိလပ်မြေများ ဈေးနှုန်းမြင့်တက်ခြင်း၊ ပစ္စည်းပြတ်လတ်ခြင်းများဖြစ်ပေါ်ရခြင်းမှာ ပွင့်လင်းရာသီဖြစ်သည်နှင့်အညီ အဆောက်အဦများတည်ဆောက်ခြင်း၊ လမ်း၊ တံတားများပြုပြင် တည်ဆောက်ခြင်းများကြောင့် ဘိလပ်မြေဝယ်လိုအားများပြားလာခြင်း၊ သယ်ယူပို့ဆောင်သည့် ကားခများဈေးနှုန်းမြင့်တက်ခြင်း၊ ကုမ္ပဏီများ၊ စက်ရုံများမှ ထုတ်လုပ်မှုနည်းပါးခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။
စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

ရာသီမရွေးစိုက်ပျိုးနိုင်သော ကြက်ဟင်းခါးသီးပင်များအောင်မြင်စွာစိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည့် ကျိုက်မရောမြို့

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ဘိန်းဗျောကျေးရွာသည် ရေမြေသဘာဝ မြေဩဇာကောင်းမွန်ပြီး သီးနှံပင်များအထူးဖြစ်ထွန်းအောင်မြင်သဖြင့် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်သည့် ကျေးရွာဖြစ်ပြီး ကြက်ဟင်းခါးသီး အချို့က တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြသလို အချို့က စီးပွားဖြစ်လုပ်ကိုင်ကြကြောင်း သိရှိရသည်။ ယခုအချိန်တွင် ဘိန်းဗျောကျေးရွာ၌ ကြက်ဟင်းခါးပင်များ အောင်မြင်စွာစိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး စိုက်ပျိူးတောင်သူများ ဝင်ငွေတိုးကာ စီးပွားရေးအဆင်ပြေလျှက် ရှိကြောင်း ကြက်ဟင်းခါးကိုယ်တိုင်စိုက်ပျိုးရောင်းချလျှက် ဝင်ငွေ ရရှိနေသည့်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။
ကြက်ဟင်းခါးသီးပင်မှာ စိုက်ပျိုးမည့်နေရာပေါ်မူတည်၍ အလွယ်တကူစိုက်ပျိုးနိုင်ပြီး မျိုးစေ့ ချစိုက်ပျိုးသည်မှ ကြက်ဟင်းခါးသီးစတင်ဆွတ်ခူးချိန်အထိ သက်တမ်းကာလ(၃)လခန့် ကြာမြင့်ပြီး များသောအားဖြင့် နိုဝင်ဘာလဆန်းပိုင်းတွင် စတင်စိုက်ပျိုးကာ ဇန်နဝါရီလ လဆန်းပိုင်းတွင် စတင် ဆွတ်ခူးနိုင်ကြောင်း၊ တစ်တောင့်လျှင် ၂၀၀ ကျပ်ရရှိကာ တစ်နေ့လျှင်အလုံးရေ ၄၀၀ထိဆွတ်ခူးနိုင်ပြီး ၄ ရက်ခြားတစ်ကြိမ် ဆွတ်ခူးရကြောင်း၊ တစ်ကြိမ်လျှင်ဝင်ငွေ 8 သောင်းခန့်ရရှိကာတစ်လလျှင်ငွေကျပ် ၄ သိန်းကျော်ခန့်ရရှိသဖြင့် တောင်သူများအနေဖြင့် တွက်ချေကိုက်ကာ ကြက်ဟင်းခါးသီးကို စီးပွားဖြစ် စိုက်ပျိုးကြကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန(မွန်ပြည်နယ်)

ပြည်ပဲစျေးကွက်တွင် ပဲစင်းငုံသစ်များအရောင်းအဝယ်သွက်နေခဲ့

ပြည်ပဲစျေးကွက်တွင် ပြည်ပပို့ကုန်ပဲသီးနှံများဖြစ်သော မတ်ပဲ၊ ပဲစင်းငုံသီးနှံများ နှစ်ဆန်းပိုင်းတွင် စျေးကွက်အတွင်း စျေးမြင့်တက်လျက်ရှိခဲ့ပါသည်။ အိန္ဒိယနိုင်ငံမှ ပဲလိုအပ်ချက် ပုံမှန်ရှိနေ သလို ပဲတင်သွင်းခွင့်သက်တမ်းတိုးခဲ့ပြီး ဒေါ်လာစျေးနှုန်းများမြင့်တက်လာမှုကြောင့် ပြည်တွင်း ပဲစျေးကွက်မှာ ပြည်ပပို့ကုန်ပဲသီးနှံများ ဇန်နဝါရီလဆန်းမှ စ၍ စျေးနှုန်းများ သိသိသာသာ မြင့်တက်လာခဲ့ပါသည်။ ပဲစင်းငုံသီးနှံအနေဖြင့် ၂၀၂၀ နှစ်ဆန်းပိုင်းကာလ ပဲသစ်ဝင်ချိန် တစ်တင်းလျှင် ၂၃၀၀၀ကျပ်နှင့် ၂၅၀၀၀ကျပ်ခန့်သာ စျေးဖွင့်ရောင်းဝယ်ခဲ့ပြီး ပဲအဝင်ပါးချိန်နှင့် စျေးကွက်အတွင်း ပဲလက်ကျန်လျော့နည်းသွားချိန်လောက်မှသာ စျေးမြင့်တက်လာခဲ့ကြသော်လည်း ပဲတစ်တင်း ၃သောင်း ကျပ်ခန့်အထိသာ ရရှိခဲ့ကြပါသည်။ ၂၀၂၀ခုနှစ်အတွင်းတွင် ပဲသစ်အဖွင့်စျေး တစ်တင်း ၂၆၀၀၀ ကျပ်ဖြင့် စျေးဖွင့်ခဲ့ပြီး ဇူလိုင်၊ သြဂုတ်လလောက်မှစ၍ ပဲစျေးအားလုံးလိုလို စျေးမြင့်တက်လာရာ ပဲစင်းငုံသီးနှံစျေးမှာလည်း တစ်တင်းကျပ် ၄သောင်းကျော်အထိ မြင့်တက်လာခဲ့ကြသည်ကို တွေ့ရှိရပါသည်။ လှောင်ပဲသမားများအနေဖြင့် စျေးမြင့်ရချိန်တွင် ထုတ်ရောင်းချမှုများ ရှိခဲ့သောကြောင့် အောက်တိုဘာလမှစ၍ စျေးကွက်မှာပဲစင်းငုံ အရောင်းအဝယ် မဖြစ်သလောက် ပဲလက်ကျန်ပြတ်သွားခဲ့ပါသည်။ ဒီဇင်ဘာလ ကုန်ပတ်တွင် ပြည်စျေးကွက်သို့ ပဲစင်းငုံသစ် အနည်းငယ်စတင်ဝင်ရောက်ခဲ့ပြီး ပဲစျေးမှာ ၄၀၀၀၀ ကျပ်ဖြင့် စျေးဖွင့်ခဲ့သော်လည်း ဇန်နဝါရီလဆန်းမှ စ၍ တစ်တင်း ၄၂၀၀၀ကျပ်ထိ မြင့်တက်လာခဲ့ပြီး ပဲအဝင်လှိုင်လာသလို ရန်ကုန်ဝယ်လက် အဓိကထားဝယ်ယူနေသောကြောင့် ပြည်ပဲစျေးကွက်အတွင်း အရောင်းအဝယ် သွက်နေသည့်အထဲတွင် ပဲစင်းငုံသီးနှံလည်းပါဝင်နေခဲ့ကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

ပြည်ခရိုင် မှော်ဇာမြို့ရှိ ဟင်းသီးဟင်းရွက်များ ရန်ကုန်စျေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ မှော်ဇာအုပ်စု၊ စျေးရပ်ကျေးရွာသို့ ပြည်မြို့နယ် တာဝန်ခံ နှင့်အဖွဲ့သည် (၁၃.၁.၂၀၂၂) ရက်နေ့ နံနက် (၉:၀၀)နာရီတွင် အောင်မြင်ဖြစ်ထွန်းနေသော ဟင်းသီး ဟင်းရွက်စိုက်ခင်းများနှင့် တင်ပို့ရောင်းချသည့် နေရာများသို့ ကွင်းဆင်းလေ့လာခဲ့ပါသည်။
ထိုသို့ကွင်းဆင်းလေ့လာရာတွင် မှော်ဇာကျေးရွာအုပ်စု၊ စျေးရပ်ကျေးရွာရှိ ဟင်းသီးဟင်းရွက် အဝယ်ဒိုင်ပိုင်ရှင် ဒေါ်စုနိုင်ထွေး၏ ပြောကြားချက်အရ မှော်ဇာအုပ်စုတွင် ကျေးရွာခွဲ (၁၅)ရွာရှိပြီး ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သည့် ကျေးရွာ (၅)ရွာရှိရာ ရာသီအလိုက်ဟင်းသီးဟင်းရွက်များအပြင် မုန်လာဥ၊ ကြက်သွန်နီ၊ သခွားသီး၊ ပြောင်းဖူးနှင့် ဒေါနပန်းများကိုလည်း စိုက်ပျိုးကြောင်းသိရှိရပါကြောင်း၊ စိုက်ပျိုးထွက်ရှိသည့် ရာသီအလိုက် ဟင်းသီးဟင်းရွက်များကို မှော်ဇာအုပ်စုရှိ ဟင်းသီးဟင်းရွက် အဝယ်ဒိုင် (၆)ခုသို့ သွားရောက်ရောင်းချကြပါသည်။ ဟင်းသီးဟင်းရွက်အဝယ်ဒိုင်များမှာ ဟင်းသီး ဟင်းရွက်စိုက်ပျိုးသော တောင်သူများထံမှ အခင်းပြတ်ဝယ်ယူခြင်းဖြင့်လည်းကောင်း၊ မျိုး၊ စိုက် စရိတ် ကြိုတင်ငွေပေးခြင်းဖြင့်းလည်းကောင်း၊ ပွဲစားများထံမှလည်းကောင်း ဒိုင်အရောက်လာ ရောက် ရောင်းချကြသည့် တောင်သူများထံမှလည်းကောင်း သီးနှံပေါက်စျေးအလိုက်ဝယ်ယူ၍ သီရိမင်္ဂလာစျေးနှင့် ဒညင်းကုန်းစျေးများသို့ တင်ပို့ရောင်းချကြောင်း လေ့လာသိရှိရပါသည်။
ဟင်းသီးဟင်းရွက်စျေးနှုန်းများမှာ မုန်လာဥ(၅)လုံးပါ တစ်တွဲလျှင် (၂၅၀)ကျပ်၊ ပြောင်းဖူး တစ်ဖူးလျှင် (၁၅၀-၂၀၀)ကျပ်၊ ကြက်သွန်နီတစ်ပိဿာလျှင် (၅၀၀)ကျပ် နှင့် သခွားသီး တစ်လုံးလျှင် (၁၀၀)ကျပ်ဖြင့်ရောင်းချလျှက်ရှိပါသည်။ ဟင်းသီးဟင်းရွက်သည် စားသုံးသူများ၏ နေ့စဉ်ဝယ်ယူ ချက်ပြုတ်စားသောက်သည့် သီးနှံများဖြစ်သဖြင့် ဟင်းသီးဟင်းရွက်စိုက်တောင်သူများအနေဖြင့် နေ့စဉ်ဝင်ငွေလည်းရ၊ စားသုံးသူများမှာလည်း ရာသီစာသီးနှံမျာကို ၁၂လရာသီ သုံးစွဲနိုင်မည်ဖြစ် ကြောင်းသိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

ကျိုက်မရောမြို့နယ်တွင်ဆောင်းသီးနှံပဲတီစိမ်းစိုက်ပျိုးသည့်တောင်သူများစျေးကောင်းရရှိ၍ အဆင်ပြေလျက်ရှိ

         မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ဆောင်းသီးနှံပဲတီစိမ်းစိုက်ပျိုးသည့် တောင်သူ များအောင်မြင်ဖြစ်ထွန်း၍ စျေးကောင်းလည်းရသဖြင့် စိုက်ပျိုးသူတောင်သူများ အဆင်ပြေ လျက်ရှိကြောင်းသိရသည်။ကျိုက်မရောမြို့နယ် အတွင်းရှိ လက်ပံကျေးရွာ၊ ကျုံစိန်ကျေးရွာနှင့် ခရုံကျေးရွာများသည် စိုက်ပျိုးရေးဖြင့် အဓိကစီးပွားရေးလုပ်ကိုင်ကြပြီး ဆောင်းသီးနှံများ ဖြစ်သည့် ပဲတီစိမ်း၊ မြေပဲ၊ နှမ်းစသည့်ဆီထွက်သီးနှံများကို နိုဝင်ဘာလဆန်းပိုင်းမှ စတင်ကာ ကြဲပက်စိုက်ပျိုးကြပြီး တစ်လခန့်အကြာတွင် အဖူး၊ အပွင့်လေးများ စတင်ပွင့်ကာ အပွင့်ပွင့်ပြီးနောက် ဆယ့်ငါးရက်အကြာတွင် အသီးများဖြိုင်ဖြိုင်သီးလာကာ ရင့်မှည့်ချိန် ဖေဖော်ဝါရီ လကုန်တွင် ခူးဆွတ်အစေ့ထုတ်ကာ ရောင်းချနိုင်ပြီဖြစ်ကြောင်း လက်ပံကျေးရွာမှ ပဲတီစိမ်းစီးပွားဖြစ် စိုက်ပျိုးသူတောင်သူ ဦးအောင်ကိုမင်း ထံမှသိရသည်။ ယခုနှစ်တွင် ရာသီဥတုကောင်းမွန်ပြီး မိုးရွာသွန်းမှု ကောင်းမွန်ခြင်းကြောင့် ပဲတီစိမ်း စိုက်ခင်းများရှိ အပင်များသန်မာထွားကျိုင်းပြီး အသီးသီးနှုန်းလည်း အထူးကောင်းမွန်ကာ ပဲတီစိမ်းစေ့များ အောင်မြင်ကြောင်း၊ ပဲတီစိမ်းတစ်တင်းလျှင် ၄၀၀၀၀ ကျပ် ထိရောင်းချရ ကြောင်း ပဲတီစိမ်းစိုက်ပျိုးသည့် တောင်သူများအနေဖြင့် ယခုထက် ကောင်းသောစျေးနှုန်း ရရှိရန်မျှော်လင့်နေကြကြောင်း၊ ပဲတီစိမ်းဆွတ်ခူးရာတွင် အလုပ်သမားတစ်ဦး အတွက် တစ်ရက်လျှင် ၄၀၀၀ ကျပ်ပေးရပြီး တစ်ဧက စိုက်ခင်းတစ်ခင်းတွင် အလုပ်သမား ၁၀ ဦး မှ ၁၂ဦးထိငှား၍ ဆွတ်ခူးရကြောင်း၊ ယခုနှစ်တွင် ဆောင်းသီးနှံစိုက်ပျိုးရန် အတွက် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲ ထုတ်ချေးပေးထားသဖြင့် တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေများဖြင့် အဆင်ပြေစွာစိုက်ပျိုးနိုင်ကြကြောင်း ကိုလည်း ခရုံကျေးရွာမှ တောင်သူတစ်ဦးထံမှ သိရကာ ယခုနှစ်ပဲတီစိမ်းများ အထွက်နှုန်း ကောင်းမွန်ခြင်းကြောင့် စိုက်ပျိုးသူများအဆင်ပြေကြကြောင်းသိရသည်။

စားသုံးသူရေးရာဦးစီးဌာန(မွန်ပြည်နယ်)

ဇန်နဝါရီလအတွင်း စက်သုံးဆီဈေးနှုန်းအနည်းငယ်မြင့်တက်

ရန်ကုန် မြို့၊ ဇန်နဝါရီလ ( ၁၉ ) ရက်

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရု့း၏ လမ်းညွှန်ချက်ဖြင့် ရန်ကုန် အရှေ့ပိုင်းခရိုင်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်(၃၈)ဆိုင်ကို (၂၀၂၂)ခုနှစ်၊ ဇန်နဝါရီလအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ခဲ့ရာ (၁.၁.၂၀၂၂)ရက်နေ့ ဈေးနှုန်းများမှာ ဓါတ်ဆီ(၉၂) တစ်လီတာ (၁၃၇၅)ကျပ်၊ ဓါတ်ဆီ 95 တစ်လီတာ (၁၄၄၀)ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ (၁၃၅၅)ကျပ်နှင့် ဒီဇယ်(ပရီမီယမ်) တစ်လီတာ (၁၃၆၅)ကျပ် တို့ဖြင့် ရောင်းချခဲ့ကြောင်း၊ (၁၄.၁.၂၀၂၂) ရက်နေ့တွင် ဓါတ်ဆီ 92 တစ်လီတာ (၁၄၈၅)ကျပ်၊ ဓါတ်ဆီ 95 တစ်လီတာ (၁၅၅၀)ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ (၁၄၉၅)ကျပ်နှင့် ဒီဇယ် (ပရီမီယမ်) တစ်လီတာ (၁၅၀၅)ကျပ်တို့ဖြင့် ရောင်းချ လျက်ရှိကြောင်းသိရှိရပါသည်။

          (၂၀၂၂) ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်နှင့် ဒုတိယပတ်ရောင်းချမှု စက်သုံးဆီဈေးနှုန်းများကို စိစစ်ကြည့်ရာတွင် ဓါတ်ဆီ 92 တစ်လီတာ (၁၁၀)ကျပ်၊ ဓါတ်ဆီ 95 တစ်လီတာ (၁၁၀)ကျပ်၊ ရိုးရိုး ဒီဇယ် တစ်လီတာ (၁၄၀)ကျပ်နှင့် ဒီဇယ်(ပရီမီယမ်) တစ်လီတာ (၁၄၀)ကျပ်ဖြင့် ဈေးကွာဟလျက် ရှိကာ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း တွေ့ရှိရသည်။ စက်သုံးဆီဈေးကွက်အတွင်း ဈေးမြင့်တက် လာရခြင်းမှာ ဒေါ်လာဈေး အနည်းငယ်တက်လာသဖြင့် တင်သွင်းလာသည့် ဈေးနှုန်းများ အနည်းငယ်မြင့်တက်လာမှုကြောင့် ဇန်နဝါရီလ၊ ဒုတိယပတ်အတွင်း စက်သုံးဆီဈေးနှုန်းများ အနည်းငယ်မြင့်တက်လာရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း