ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူမြို့တွင် ဧည့်မထဆန်ဈေးအနည်းငယ်တက်

       တောင်ငူမြို့တွင်  ရွှေဘိုပေါ်ဆန်းမှာ ယခင်အပတ်က တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းမှာ ယခင်အပတ်က တစ်အိတ်လျှင် ၁၃၀၀၀၀ ကျပ်၊ ဒေသပေါ်ဆန်းမှာ တစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်၊ ဧည့်မထ(နွေဆန်)မှာ တစ်အိတ်လျှင် ၆၇၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ဧည့်မထ (မိုးဆန်)မှာ ယခင်အပတ်က တစ်အိတ်လျှင် ၈၇၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် ၈၉၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ် မြင့်တက်ပါသည်။     

     မိုးစပါးမှာ တင်း ၁၀၀ လျှင် ၂၄၀၀၀၀၀ ကျပ်၊ နွေစပါးမှာ တင်း ၁၀၀ လျှင် ၂၀၀၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။ ဆန်ကွဲကြီးမှာ တစ်အိတ်လျှင် ၆၀၀၀၀ ကျပ်၊ ဆန်ကွဲသေးမှာ တစ်အိတ်လျှင် ၄၉၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ဖွဲနုမှာ ယခင်အပတ်က တစ်အိတ်လျှင် ၃၁၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၃၂၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်ပါသည်။   

     မတ်ပဲ(၃၀ ပိဿာအိတ်) ယခင်အပတ်က တစ်အိတ်လျှင် ၁၁၈၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် ၁၁၆၀၀၀ ကျပ်ဖြင့် ဈေးအနည်းငယ်ကျဆင်းပါသည်။ ပဲလွန်းဖြူမှာ ယခုအပတ်တွင် အရောင်းအဝယ် မဖြစ်ကြောင်း၊ ပဲတီစိမ်းမှာလည်း လက်ကျန်မရှိတော့၍ အရောင်းအဝယ်မရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

လူကြိုက်များသည့် ကြက်ဥနံပြားလိပ်မုန့်

     နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်း၌ မြန်မာမုန့်များအပါအဝင် တခြားမုန့်မျိုးစုံကိုပြုလုပ်ရောင်းချလျက်ရှိရာ ကြက်ဥနံပြားလိပ်မုန့်မှာ အိအိချိုချိုအရသာရှိပြီး လူကြိုက်များကြောင်းသိရပါသည်။

    ကြက်ဥနံပြားလိပ်မုန့်ကို ဂျုံမှုန့်၊ ကြက်ဥတို့နှင့်ရောစပ်ပြုလုပ်ရပါသည်။ ဂျုံမှုန့် နို့ဆီဘူး(၁) ဘူး၊ ကြက်ဥ (၂) လုံး၊ ရေသန့် နို့ဆီဘူး (၂) ဘူးတို့ဖြင့် သမအောင်ရောစပ်၍ မွှေပေးရပါသည်။ ရရှိလာသောမုန့်နှစ်ရေအား ဇွန်းအနေတော်အရွယ်ဖြင့်ခပ်ကာ အပူပေးထားပြီး ဆီဖတ်ဝတ်သုတ်ထားသည့်ဒယ်အိုးတွင် ထည့်၍ကြော်ရပါသည်။ ရရှိလာသောမုန့်ပြားချပ်ကလေးများကို အတော်အသင့်အအေးခံပြီးနောက် အပိုင်းလေးပိုင်း၍ အလိပ်ကလေးများပြုလုပ်ကာ အုန်းသီး၊ သကြားများဖြူးပြီး နိုဆီများဆမ်းကာ ဘူးးထဲတွင်ထည့်၍ရောင်းချကြပါသည်။

    ကြက်ဥနံပြားလိပ်မုန့်တစ်ဘူးလျှင် (၁၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချနေပြီး အလှူများမှ အချိုပွဲများအတွက် မှာယူခြင်းများရှိသည့်အပြင် နံနက်ခင်းနှင့် နေ့လယ်ခင်းအချိန်တို့တွင် မုန့်အချိုအဖြစ် စားသုံးရန်အတွက်လည်း ဝယ်ယူမှုများရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)

အုတ်တွင်းမြို့နယ်ရှိ မျှစ်ချဉ်ဈေးကွက်အခြေအနေ

    တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်းရှိ မျှစ်ချဉ်ဈေးကွက်မှာ ရာသီချိန်ဖြစ်သည့်အတွက် ဈေးကောင်းရရှိနေပါသည်။ ကျွဲပွဲမြို့နှင့် ညောင်ခြေထောက်မြို့များ၏ အနောက်ဖက် ၇ မိုင် အကွာရှိ ရိုးမတောင်တန်းမှ ဝါးပိုးဝါး မျှစ်နုများကို ဒေသခံလုပ်သားများက တောင်ပေါ်တက်၍ ချိုးယူပြီး ဆိုင်ကယ်များဖြင့် ရွာအရောက် သယ်ဆောင်ကာ အခွံခွာ၍ ညောင်ခြေထောက်ဈေးရှိ မျှစ်ဒိုင်သို့ ပို့ဆောင်ရောင်းချပါသည်။

       မျှစ်ဒိုင်မှ မျှစ်နုများကို အစိမ်းလိုက် ဝယ်လိုသူများထံ တစ်ပိဿာလျှင် ၁၂၀၀ ကျပ်နှုန်းဖြင့် ရောင်းချပါသည်။ မျှစ်ချဉ်ပြုလုပ်ရာတွင် မျှစ်နုများကို ပါးပါးလှီး၍ စဉ့်အိုးကြီးများထဲ့တွင် ရေ အနည်းငယ်နှင့် ကျောက်ချဉ်အနည်းငယ်ထည့်ပြီး ၇ ရက်ကြာစိမ်ထားရပါသည်။ ထိုသို့ စိမ်ပြီး ရလာသော မျှစ်ချဉ်များကို တစ်ပိဿာအထုပ်များရအောင် ပလပ်စတစ်အိတ်များဖြင့် ထုပ်ပိုးထည့်ပြီး တစ်ပိဿာလျှင် ၂၀၀၀ ကျပ်ဖြင့် ဖြူးမြို့၊ ညောင်လေးပင်မြို့၊ ပဲခူးမြို့များသို့ ပို့ဆောင်ရောင်းချရကြောင်း သိရပါသည်။

DOCA(ပဲခူး)

ရေတာရှည်မြို့နယ်မှ အိမ်တွင်းထုတ်လုပ်ရောင်းချသော တိုင်းရင်းဆေးဝါးအကျိုးအမြတ်ရရှိ

     ရေတာရှည်မြို့၊ အမှတ်(၂)ရပ်ကွက်၊ သုခလမ်းရှိ ဦးနေမျိုးလင်း ထုတ်လုပ်လျှက်ရှိသော “ဘဂဝါ” အမှတ်တံဆိပ် သဘာဝအားဖြည့်ဆေးသည် ထန်းလျက်၊ မန်ကျည်းမှည့်၊ ထောပတ်၊ နွယ်ချို၊ ဗန်ဒါစေ့၊ သစ်ကြမ်းပိုး၊ ဆေးပိုသီး၊ ဆားပုတ်ခဲ၊ ရှားစောင်းလက်ပတ်နှင့် နှမ်းနက်ဆီတို့ဖြင့် ဖော်စပ်ထားပါသည်။

   ဘဂဝါ သဘာဝအားဖြည့်ဆေးသည် အစားရေချိုး အဖွင့်ပိတ်လုပ်သည့် ကြွက်သားအားနည်းပြီး အစာအိမ်ထဲမှ အစာချေရည်များ ပြန်ဆန်တက်လာ၍ ရင်ပူတက်ခြင်း၊ စိတ်ဖိစီးမှုများ ခြင်း၊ အိပ်ရေးပျက်ခြင်း၊ အိပ်မပျော်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ လေပွလေထခြင်း၊ လေထိုးလေအောင့်ခြင်း၊ အစာမကျေခြင်း၊ အော့အန်ခြင်း၊ ဝမ်းချုပ်ဝမ်းပျက်ခြင်း၊ ကိုယ် အလေးချိန်လျော့ကျခြင်း၊ အစာမကျေခြင်း၊ အော့အန်ခြင်း၊ ဝမ်းချုပ်ဝမ်းပျက်ခြင်း၊ ကိုယ်အလေးချိန်လျော့ကျခြင်း၊ ခန္ဓာကိုယ်ရောင်ရမ်းခြင်းအပြင် ဘဂဝါအားဖြည့် ဆေးတော်ကြီးတွင် ပါဝင်သော ချိုချဉ်အေးခါး အရသာဓါတ်သည် အစာအိမ်နှင့် အူသိမ်တစ်လျှောက်တွင် ရောင်ရမ်းခြင်း သက်သာ ပျောက်ကင်းစေသော တိုင်းရင်းဆေးတစ်လက်ဖြစ်ပါသည်။

   ဘဂဝါ သဘာဝအားဖြည့်ဆေး တစ်ဖုံတွင်ပါဝင်သော ပစ္စည်းများမှာ ထန်းလျက် (၁၆) ပိဿာ၊ မန်ကျည်းမှည့် (၈)ပိဿာ၊ ထောပတ် (၅၀)ကျပ်သား၊ နှမ်းနက်ဆီ (၅၀)ကျပ်သား၊ သစ်ကြမ်းပိုး (၃၀)ကျပ်သား၊ ဗန်ဒါစေ့ (၂၀)ကျပ်သား၊ ဆေးပိုသီး(၁၀)ကျပ်သား၊ ရှားစောင်းလက်ပတ် (၁၀) ကျပ်သား၊ နွယ်ချို (၁၀)ကျပ်သား ပါဝင်ပြီး ဆေးတစ်ဖုံတွင် စုစုပေါင်းကုန်ကျစရိတ် ၁၇၅၀၀၀ ကျပ် ကုန်ကျပါသည်။ ဆေးတစ်ဖုံတွင် ဆေးဘူး (၅၀)ခန့်ထွက်ရှိပြီး ဆေးတစ်ဘူးလျှင် ပင်ရင်းဈေး (၄၇၀၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချပါက (၆၀၀၀၀)ကျပ် အမြတ်ရရှိပါသည်။

      ဘဂဝါ သဘာဝအားဖြည့်ဆေးအား ဒေသတွင်းနှင့် တောင်ငူ၊ အုတ်တွင်း၊ ဖြူး၊ ကျောက်တံခါး၊ ညောင်လေးပင်၊ ပဲခူးမြို့အပြင် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးများ၊ နေပြည်တော်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ရှိ ကိုယ်စားလှယ်ဆိုင်ခွဲများသို့ ဖြန့်ဖြူရောင်းချလျက်ရှိပြီး၊ ကိုယ်စားလှယ်ဆိုင်ခွဲများက တစ်ဘူးလျှင် ၅၅၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့သို့ အထက်အညာဒေသမှ ဖရဲသီးနှင့် နာနတ်သီးများဝင်ရောက်

        တောင်ငူမြို့သို့ အထက်အညာဒေသများဖြစ်သော နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့မှ စိုက်ပျိုးသော ဖရဲသီးနှင့် နာနတ်သီးများ ဝင်ရောက်လာရာ အရသာ လည်းကောင်း၊ ဈေးလည်းသင့်သဖြင့် လူကြိုက်များကြောင်း သိရပါသည်။

   ဒုံးကျည်သီးဟု ခေါ်သော ဖရဲသီးများမှာ အသေး တစ်လုံးလျှင် ၅၀၀ ကျပ်၊ အလတ် တစ်လုံးလျှင် ၁၀၀၀ ကျပ်နှင့် အကြီး  တစ်လုံးလျှင် ၁၅၀၀ ကျပ်ရှိပြီး ၁၀ လုံးအထက်မှာယူပါက ဈေးအနည်းငယ်လျော့ပါသည်။       

    နာနတ်သီးများမှာလည်း အလုံးကသေး အကြီးပေါ်မူတည်၍ တစ်လုံးလျှင် ၁၃၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်အထိရှိပါသည်။ တောင်ငူမြို့နှင့် မဝေးလှသော ဒေသများမှ ထွက်ရှိသော အသီးများ ဖြစ်၍ သယ်ယူစရိတ်သက်သာသဖြင့် ရှမ်းပြည်မြောက်ပိုင်း သီပေါဒေသမှထွက်သော ဖရဲသီး၊ နာနတ် သီးများထက် ဈေးသက်သာသော်လည်း အရသာမှာ ကောင်းမွန်သဖြင့် ရောင်းအားကောင်းကြောင်း သိရပါသည်။

DOCA(ပဲခူး)

ရေတာရှည်မြို့၌ မွေးမြူရေးထုတ်ကုန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ

      ရေတာရှည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ ရေတာရှည်မြို့ စည်ပင်သာယာဈေးအတွင်း ရောင်းချနေသော မွေးမြူရေးထုတ်ကုန်လုပ်ငန်းလုပ်ငန်းရှင်များအား သက်ဆိုင်ရာဌာနများအလိုက် တွေ့ဆုံဆွေးနွေးပွဲကို ဩဂုတ်လ၂၈ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ရာ စားသုံးသူရေးရာဦးစီးဌာန၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဆွေးနွေးပါသည်။

   တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးသန့်ဇင်ငြိမ်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအေးကျော်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ယွန်းပန်းအိမ်နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဟိန်းဇော်အောင်တို့က မိမိတို့ဌာနများနှင့် သက်ဆိုင်သည့် ကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးပါသည်။

   ဆွေးနွေးပွဲတွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့်ပတ်သက်ပြီး ငါးကြင်း တစ်ပိဿာ ၇၀၀၀ ကျပ်၊ ကြက်သား တစ်ပိဿာ ၁၀၀၀၀ ကျပ်၊ အကောင်လိုက်ရောင်းလျှင် ၈၅၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၁၂၀၀၀ ကျပ်၊ အကောင်လိုက်ဈေး ၈၅၀၀ ကျပ်၊ အမဲသားတစ်ပိဿာ ၁၂၀၀၀ ကျပ်၊ ဆိတ်သား တစ်ပိဿာ ၂၀၀၀၀ ကျပ်ရောင်းချရန် လုပ်ငန်းရှင်များက သဘောတူကြောင်းနှင့် ဆွေးနွေးပွဲသို့ အသားငါးထုတ်လုပ်ရောင်းချသူ ၁၄ ဦးတက်ရောက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

စီးပွားဖြစ်တွက်ချေကိုက်သော ဖားမွေးမြူရေး

    ရွှေမြန်မာတို့၏ မိုးဦးကာလနှင့် မိုးတွင်းကာလတို့တွင် ဒေသအစားအစာအဖြစ်သော်လည်းကောင်း ရာသီစာဟင်းလျာအဖြစ် စားသုံးကြသောဟင်းလျှများထဲတွင် တစ်ခုအပါအဝင်ဖြစ်သော ဖားသားဟင်းတစ်ခွက်မှာ ဟင်းလျာကြိုက်သူများအတွက် အကောင်းဆုံးဖြစ်မည်ထင်ပါသည်။

   ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (ပထမပတ်) တွင် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ သခွပ်စောက်ကျေးရွာရှိ ကိုအာကာမင်းပိုင်ဆိုင်သော ဖားမွေးမြူရေးကန်သို့သွားရောက်၍လေ့လာခဲ့ပါသည်။ မွေးမြူရေးဖားများအား ရန်ကုန်တိုင်းဒေသကြီး၊  ခရမ်းမြို့နယ်မှ ဝယ်ယူရရှိပါသည်။ ဖားများမွေးမြူရန်အတွက် တာပေါ်လင်များဖြင့် ရေကန်ပြုလုပ်ရပါသည်။ ဖားကန်တစ်ကန်လျှင် ဖားကောင်ရေ (၁၀၀၀)ခန့်မွေးမြူနိုင်ပါသည်။ ဖားကောင်ရေ (၁၀၀၀)ဆံ့သည့် ကန်ဆောက်လုပ်ရန်အတွက် ကုန်ကျစရိတ် (တာပေါ်လင်၊ ဝါး၊ သွပ်ကြိုး) (၃၅၀၀၀) ကျပ်ကုန်ကျပါသည်။ ဖားအကောင်ပေါက်တစ်ကောင်လျှင် ၂၀၀ကျပ်မှ ၂၅၀ကျပ်နှုန်းဖြင့် အကောင်ရေတစ်ထောင်အတွက် သယ်ယူစရိတ်အပါအဝင် (၂၅၆၀၀၀) ကျပ်ကုန်ကျပါသည်။ စတင်မွေးမြူရသောအချိန်မှ ရောင်းတန်းဝင်သည်အထိ ရက်(၉၀)မွေးမြူရပြီး တစ်နှစ်လျှင် (၂) ကြိမ်မွေးမြူနိုင်ပါသည်။ ကန်တစ်ကန်လျှင် ပျက်စီးမူအားဖြင့် အကောင်ရေ (၃၀)နီးပါးပျက်စီးနိုင်ပါသည်။ အကောင် (၁၀၀၀)ပါ ကန်တစ်ကန်လျှင် ရက်(၉၀)အတွင်း အစာအိပ်(၄)အိတ်ကျွေးရပါသည်။ အစာတစ်အိတ်လျှင် (၇၅၀၀၀) ကျပ်နှုန်းဖြင့် ၄အိတ်အတွက် (၃၀၀၀၀၀) ကျပ်ကုန်ကျကြောင်း၊ အစာကျွေးရာတွင် တစ်နေ့လျှင် (၂)ကြိမ်ကျွေးရပြီး တစ်ကြိမ်လျှင် အစာတစ်ပိသာခန့်ကျွေးရပါသည်။ ဖားများငယ်စဉ်အခါတွင် အယ်လာအမှတ်တံဆိပ်အစာကျွေးရပြီး ရက်(၆၀)နောက်ပိုင်းတွင် DF အမှတ်တံဆိပ်အစာကျွေးရပါသည်။ တစ်ကောင်လျှင် (၁၂) ကျပ်သားမှ (၁၅)ကျပ်သားအလေးချိန်ရောက်ရှိပါက ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ပြီး (၁၇) ကျပ်သားကျော်ပါက ဝယ်ယူမှုမရှိကြောင်းနှင့် ဈေးကွက်အနေဖြင့် ရန်ကုန်ဈေးကွက်များသို့ တင်ပို့ရောင်းချကြကြောင်းသိရှိရပါသည်။ ကန်တစ်ကန်လျှင် (၅)သိန်၊း (၅)သောင်းကျပ်ခန့်အကျိုးအမြတ်ရရှိသော စီးပွားဖြစ်တွက်ခြေကိုက်သော ဖားမွေးမြူအကြောင်းရေးသားလိုက်ရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ရှိ ဘူးသီး၊ ကျောက်ဖရုံသီး၊ ရွှေဖရုံသီးဈေးကွက်

     တောင်ငူမြို့တွင် ပြီးခဲ့သည့်ရက်များက မိုးရွာသွန်းမှုများသဖြင့် ဘူးပင်အမြစ်များ ရေနစ်၍ အပင်များသေဆုံးမှုရှိသလို အပင်မသေပါကလည်း အသီးများမတင်တော့သဖြင့် ဘူးသီးအထွက်နည်းပြီး ယခုရက်ပိုင်းအတွင်း ဘူးသီးများဈေးတက်ကြောင်း သိရပါသည်။

    ယခုအပတ်အတွင်း ညောင်ပင်ဈေးတွင် ရောင်းချသော ဘူးသီးများမှာ အသေး တစ်လုံးလျှင် ၈၀၀ ကျပ်၊ အလတ် တစ်လုံးလျှင် ၁၂၀၀ ကျပ်နှင့် အကြီးတစ်လုံးလျှင် ၁၅၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်ပါသည်။             

       ကျောက်ဖရုံသီးမှာ ယခင်အပတ်ကအတိုင်း အသေးတစ်လုံးလျှင် ၅၀၀ ကျပ်၊ ၁၀ လုံး ယူလျှင် ၄၀၀၀ ကျပ်၊ အကြီးတစ်လုံးလျှင် ၇၀၀ ကျပ်၊ ၁၀ လုံးယူလျှင် ၆၀၀၀ ကျပ် ရှိပါသည်။

      ရွှေဖရုံသီးမှာ အသေးတစ်လုံးလျှင် ၃၀၀ ကျပ်၊ ၁၀ လုံးယူလျှင် ၂၅၀၀ ကျပ်၊ အကြီး တစ်လုံးလျှင် ၆၀၀ ကျပ်၊ ၁၀ လုံးယူလျှင် ၅၀၀၀ ကျပ် ရှိပါသည်။

       ရွှေဖရုံညွန့်မှာ အညွန့်သေး ၅ ညွန့်ပါ တစ်စည်းလျှင် ၂၀၀ ကျပ်၊ အညွန့်ကြီး ၇ ညွန့်ပါ တစ်စည်းလျှင် ၅၀၀ ကျပ်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

အုတ်တွင်းမြို့နယ်ရှိ ဝါးနွယ်မျှစ်ပြုတ် ဈေးကွက်အခြေအနေ

     တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် အတွင်းရှိ ဝါးနွယ်မျှစ်ပြုတ်များမှာ ဈေးကောင်းရရှိနေပါသည်။ ကျွဲပွဲမြို့၊ အုတ်တွင်းမြို့နှင့် ညောင်ခြေထောက်မြို့တို့၏ အနောက်ရိုးမတောင်တန်းပေါ်သို့ တက်၍ ဒေသခံလုပ်သားများက ဝါးနွယ်အမျိုးအစား မျှစ်နုများကို ချိုးယူပြီး မိမိတို့၏ ဆိုင်ကယ်များဖြင့် တပိုင်တနိုင် သယ်ယူကာရောင်းချကြကြောင်း သိရှိရပါသည်။

    မျှစ်ပြုတ်ပြုလုပ်ရာတွင် တောင်ပေါ်မှ ချိုးယူလာသော ဝါးနွယ်မျှစ်နုများကို အခွံခွာပြီး ဒယ်အိုးအကြီးစားဖြင့် သုံးကြိမ်လောက်ရေလဲပြီး ပြုတ်ရပါသည်။ ထို့သို့ပြုတ်ပြီးရလာသော ဝါးနွယ် မျှစ်ပြုတ်များကို ၁ ပိဿာလျှင် ၁၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချရပြီး၊ ထိုပိဿာထုပ်များကို ၂၅ ကျပ်သား ၅၀ ကျပ်သား ချိန်တွယ်ပြီး နှီးဖြင့်ချည်နှောင်ကာ အစည်းလိုက်တွဲချည်ပြီး ရောင်းချ ကြောင်းလည်းသိရပါသည်။ ဝါးနွယ်မျှစ်ပြုတ်များကိုမူ ဒေသတွင်း၌သာ ဖြန့်ဖြူးရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် ဟင်းသီးဟင်းရွက်အချို့ ဈေးနှုန်းကျ

     တောင်ငူမြို့ ၊  ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ငရုတ်သီးစိမ်း (ကျောက် စိမ်းသီး) မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၃၀၀၀ - ၄၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၂၅၀၀ - ၃၅၀၀ ကျပ်အထိ ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး ငရုတ်သီးစိမ်း (မိုးထောင်သီး)မှာ တစ်ပိဿာလျှင် ၆၀၀၀ - ၇၀၀၀ ကျပ်၊ ကုလားအော်သီးမှာ တစ်ပိဿာလျှင် ၁၆၀၀၀ - ၁၈၀၀၀ ကျပ်ဖြင့်  ဈေးနှုန်း တည်ငြိမ်နေပါသည်။ 

     ခရမ်းသီး (အဖြူ)မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၃၀၀ - ၁၅၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀ - ၂၅၀၀ ကျပ်အထိ၊ ခရမ်းသီး(အညို)မှာ ယခင် အပတ်က တစ်ပိဿာလျှင်  ၁၆၀၀ - ၁၈၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀ - ၂၅၀၀ ကျပ်အထိဖြင့် ဈေးနှုန်းအနည်းငယ်ပြန်လည်မြင့်တက်ပါသည်။

  ဒေသသခွားသီးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၀၀၀ - ၁၁၀၀ ကျပ်အထိရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀ - ၁၆၀၀ ကျပ်အထိ၊ ရှမ်းပြည်သခွားသီးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၂၀၀ - ၁၄၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀ ကျပ်အထိ ဈေးနှုန်းအနည်းငယ်မြင့်တက်ပြီး ဂေါ်ဖီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၀၀၀ -  ၁၂၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၈၀၀ - ၁၀၀၀ ကျပ်အထိ ဈေးနှုန်း အနည်းငယ် ကျဆင်းပါသည်။

  ခရမ်းချဉ်သီး(ရှမ်းပြည်သီး)မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၇၀၀ - ၂၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀ - ၂၂၀၀ ကျပ်အထိ ဈေးနှုန်းအနည်းငယ် မြင့်တက်ပြီး ခရမ်းချဉ်သီး (ဒေသသီး)မှာ တစ်ပိဿာလျှင် ၃၅၀၀ - ၄၀၀၀ ကျပ်အထိ ဈေးနှုန်း တည်ငြိမ်နေပါသည်။

    နံနံပင်မှာ တစ်ဆယ်ကျပ်သားလျှင် ၅၀၀ ကျပ်၊ မုန်ညင်းဖြူမှာ တစ်ပိဿာလျှင် ၂၅၀၀ - ၂၈၀၀ ကျပ်၊ မုံလာဥဖြူမှာ တစ်ပိဿာလျှင် ၂၂၀၀ - ၂၅၀၀ ကျပ်အထိ၊ မုံလာဥနီမှာ တစ်ပိဿာလျှင် ၂၅၀၀ - ၂၈၀၀ ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

    ကန်စွန်းရွက်မှာ တစ်စည်း ၁၅၀ ကျပ် ၊ ၁၀ စည်းယူလျှင် ၁၂၀၀ ကျပ်၊ ချဉ်ပေါင်ရွက်မှာ တစ်စည်း ၁၀၀ ကျပ်၊ ၁၀ စည်းယူလျှင် ၈၀၀ ကျပ်၊ ကင်မွန်းချဉ်ရွက်မှာ တစ်စီးလျှင် ၂၀၀ ကျပ်၊ ၁၀ စည်းယူလျှင် ၁၆၀၀ ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း