ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ချောင်းဆုံတွင် ဆီထွက်သီးနှံ နေကြာနှင့်မြေပဲ လျာထားဧကထက်ကျော်လွန်၍ စိုက်ပျိုးအောင်မြင်

             မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် တစ်မြို့နယ်လုံးအနေဖြင့် ဆီထွက်သီးနှံ (မြေပဲ၊ နေကြာ၊ နှမ်း) ကို ဧကပေါင်း(၉၅၇) ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

          ဒေသတွင်း စားသုံးဆီဖူလုံရေး၊ သီးထပ်သီးနှံစိုက်ပျိုးသည့် တောင်သူများဝင်ငွေ တိုးပွားစေရေးအတွက် ရည်ရွယ်ပြီး ဆောင်းသီးနှံအဖြစ်တစ်မြို့နယ်လုံးတွင် ပဲမျိုးစုံစိုက်ဧက (၄၂၇၁) ဧက စိုက်ပျိုးထားခြင်းအပြင် ယခုဘဏ္ဍာနှစ်တွင် ဆီထွက်နေကြာသီးသန့်/သီးညှပ် စိုက်ဧက (၂၀၁) ဧက လျာထားရာ (၈၅၂) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ မြေပဲစိုက်ဧက (၇၈) ဧကလျာထားရာ (၉၄) ဧက စိုက်ပျိုး နိုင်ခဲ့ကြောင်းနှင့် နှမ်းစိုက်ဧက (၁၁) ဧကကိုလည်း စမ်းသပ်စိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် ချောင်းဆုံမြို့နယ်တွင် ယခုနှစ်အနေဖြင့် ဆီထွက်သီးနှံကိုလျာထားချက်စိုက်ဧကထက် ဧက (၆၀၀)ကျော် ပိုမိုစိုက်ပျိုး နိုင်ခဲ့ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

DOCA(မွန်)

ပြည်ပဲဈေးကွက်မှာ ပဲသစ်အားလုံး ဈေးကောင်းရလျှက်ရှိသလို အရောင်းအဝယ်လည်းသွက်နေခဲ့

မတ်လပထမပတ်မှစ၍ ပြည်ပဲဈေးကွက်အတွင်း ပြည်ပဝယ်လက်ပဲများ ဈေးပြန်မြင့်တက် လာခဲ့သည်ကို တွေ့ရှိရပြီး  မတ်ပဲသီးနှံနှင့် ပဲစင်းငုံသီးနှံများမှာ ပဲအထွက်လှိုင်ချိန်ဖြစ်သော်လည်း ဈေးမြင့်တက်နေခဲ့သလို ပဲအဝင်လည်း ဝင်ရောက်မှုများလျှက်ရှိနေခဲ့ပါသည်။ ပဲတီစိမ်းသီးနှံသည် ပဲအဝင်ပါးသွားပြီဖြစ်၍ အဟောင်းလက်ကျန်အနည်းငယ်သာ ရောင်းဝယ်မှုဖြစ်လာပါသည်။

          ကုလားပဲနှင့် ပဲကြီးသီးနှံမှာလည်း ပဲအထွက်လှိုင်နေပြီး ဝင်ရောက်မှုများခဲ့ကာ ဝယ်လိုအား ကောင်းခဲ့ပြီး စားတော်ပဲအသစ်ကတော့ ပဲအဝင်များသလို ဈေးလည်းအမြင့်ဆုံး ရနေသည်ကို တွေ့ရှိရပါသည်။

          မတ်ပဲသီးနှံအနေဖြင့် ဇန်နဝါရီလဆန်းမှစ၍ ပဲသစ်များ ဈေးကွက်သို့ဝင်ရောက်လာခဲ့ပြီး ပိဿာ၂၀ တစ်တင်းလျှင် ၄၅၀၀၀ကျပ်ဖြင့် ဈေးဖွင့်ရောင်းဝယ်ကြရာမှ ဖေဖော်ဝါရီလလယ်မှစ၍ ဈေးပြန်လျော့ခဲ့ကာ တစ်တင်းလျှင် ကျပ် ၄သောင်း အောက်လျော့နည်းခဲ့ကြောင်း၊ လကုန်ပတ်မှစ၍ ဈေးပြန်မြင့်တက်လာခဲ့သောကြောင့် ယခုတစ်ပတ်တွင် တစ်တင်း ၄၆၀၀၀ကျပ်ကျော်အထိ ရောင်းဝယ်နေခဲ့ကြကာ ပြည်ဈေးကွက်သို့နယ်စုံမှ ဝင်ရောက်ခဲ့ကြပြီး တစ်ရက်အိတ် ၄၀၀ကျော် ၅၀၀ ဝင်ရောက်ခဲ့ကြောင်း၊ လှောင်သမားများ၊ ရန်ကုန်လိုင်းသမားများပါ အဝယ်ရှိ၍ အဝင်ရှိသလောက် အရောင်းအဝယ်သွက်နေခဲ့ကြောင်း၊ ပဲစိုက်တောင်သူများအနေဖြင့်လည်း ထွက်ပေါ်လာသမျှ ပေါက်ဈေးဖြင့် ရောင်းချနေသူများရှိကြသလို အချို့တောင်သူများကလည်း ဈေးကောင်းမျှော်ကာ လှောင်ပဲအဖြစ်ထားရှိနေကြကြောင်း၊ ယခင်နှစ်ကဆိုလျှင် မတ်ပဲသီးနှံအထွက်လှိုင်ချိန် တစ်တင်း ၂၇၀၀၀ကျပ်ဖြင့်သာ ရောင်းဝယ်ခဲ့ကြပြီး ပဲဈေးအေးခဲ့ပေမယ့် ဇွန်လဆန်းမှစ၍ ပဲဈေးနှုန်းများ မြင့်တက်လာတာကြောင့် တစ်တင်း ၃၆၀၀၀ကျပ်ထိ ဈေးရရှိခဲ့ကာ နှစ်ကုန်ပိုင်းတွင် ကျပ်၅သောင်း နီးပါးအထိ ဈေးတရိပ်ရိပ်တက်လာခဲ့ကြောင်း၊ယခုနှစ်ပဲအထွက်လှိုင်ချိန် ဈေးကောင်းရရှိခဲ့၍ ယခင်နှစ်ကကဲ့သို့ ပဲအဝင်ပါးသွားချိန် ဈေးကောင်းရလာမည်ဟု မျှော်လင့်ပြီး လှောင်လက်သမားများကလည်း ဝယ်ယူသိုလှောင်နေခဲ့ကြကြောင်း သိရှိရပါသည်။

          ပဲတီစိမ်းသီးနှံမှာ မတ်ပဲသီးနှံကဲ့သို့ တစ်နှစ်ပတ်လုံးအရောင်းအဝယ်ဖြစ်သည့် ပဲသီးနှံမျိုး မဟုတ်ဘဲ ပဲအထွက်လှိုင်ချိန်ထိသာ အရောင်းအဝယ်ဖြစ်ပြီး ကျန်ကာလများ အရောင်းအဝယ်ပါးခဲ့ပါသည်။ မိုးပဲတီစိမ်းသီးနှံသည်လည်း ပဲအထွက်လှိုင်ချိန် ဇူလိုင်/ဩဂုတ်လများတွင်သာ အရောင်းအဝယ်ဖြစ်ပြီး ဆောင်းပဲတီစိမ်းသီးနှံမှာ နိုဝင်ဘာ/ ဒီဇင်ဘာ/ ဇန်နဝါရီလများတွင်သာ ပဲအဝင်လှိုင်သလို အရောင်းအဝယ်လည်းသွက်ခဲ့ပြီး ယခုကာလတွင် ပဲဝင်ရောက်မှု မရှိသလောက်ဖြစ်ခဲ့ပြီး ပဲအဟောင်းများသာ လှောင်ပဲသမားအချို့ ရောင်းချမှုရှိ၍ အနည်းငယ် အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။ ပဲတီစိမ်းသီးနှံမှာ နှစ်စဉ်လိုလိုဈေးကောင်းရခဲ့ပြီး ယခုနှစ်တွင်လည်း ပိဿာ ၂၀ တစ်တင်းကျပ် ၄သောင်းအထက်ရောင်းဝယ်ခဲ့ကြပြီး ပဲတီစိမ်းသီးနှံမှာ မန္တလေးဝယ်လက်သမား အဓိကဝယ်ယူမှုရှိခဲ့ပါသည်။

          ပဲစင်းငုံသီးနှံကတော့ ပဲအဝင်များ၍ တစ်ရက်လျှင် အိတ် ၂၀၀ကျော် ဝင်ရောက်သလို လှောင်သမားရော ဝယ်လက်သမားပါ အဝယ်လိုက်လျှက်ရှိခဲ့ပြီး ပဲဈေးမှာ တစ်တင်းလျှင် ၄၂၅၀၀ကျပ်ဖြင့် ယခုနှစ် ပြည်ပဝယ်လက်ပဲထဲတွင် ဈေးကောင်းရခဲ့သော  သီးနှံဖြစ်ခဲ့ပါသည် ။ ယခင်နှစ်များက ပဲစင်းငုံသီးနှံသည် ဈေးအေးသော သီးနှံထဲတွင်ပါဝင်နေပြီး လှောင်ပဲသမားရော စိုက်ပျိုးထုတ်လုပ်သူ တောင်သူများပါ တွက်ခြေမကိုက်ခဲ့ဘဲ ယခုနှစ်တွင် ဈေးကောင်းရနေသည့်အတွက် စိုက်ပျိုးထုတ်လုပ်သူတွေ အကျိုးအမြတ်ပိုရနိုင်သောနှစ် ဖြစ်ခဲ့ပါသည်။

       ပဲကြီးသီးနှံမှာ ယခုကာလအတွင်း ဈေးကွက်တွင်  ပဲဝင်ရောက်မှု အများအပြား ရှိလာသောကြောင့် တစ်ရက်အိတ် ၈၀၀ကျော်ထိ ပြည်မြို့အနီးတဝိုက်နှင့် မင်းတုန်း၊ ကံမဘက်မှ နေ့စဉ် ဝင်ရောက်လျှက်ရှိနေခဲ့ပါသည်။ ပဲကြော်ဖိုသမား နေ့စဉ်အဝယ်ရှိသလို ရန်ကုန်ဝယ်လက်သမားများလည်း ဝယ်ယူနေခဲ့ကြပြီး ပဲဈေးမှာ (ရွှေကျွန်း)တစ်တင်း ၆၆၀၀၀ကျပ်၊ (ကမ်းနား)တစ်တင်း ၆၄၀၀၀ကျပ် တို့ဖြင့် ယခင်လက ဈေးထက် ဈေးပြန်မြင့်တက်လာခဲ့ပါသည်။ ယခင်လအတွင်း ပဲကြီးသီးနှံမှာ ကျပ် ၈သောင်းကျော်မှ ၅သောင်းကျော်ထိ ဈေးသိသိသာသာ လျော့နည်းသွားခဲ့ ပြီး ယခုတစ်ပတ်တွင်  ပဲအထွက်လှိုင်လာသလို ဈေးနှုန်းများပါ မြင့်တက်လာသဖြင့်  ယခင်နှစ် ပဲကြီး သီးနှံပေါက်ဈေးထက် တစ်တင်းကျပ် ၃သောင်းကျော်ထိ မြင့်တက်ခဲ့ပါသည်။ ယခင်နှစ် ယခုလို ကာလအတွင်း တစ်တင်းကျပ် ၃သောင်းပတ်ဝန်းကျင်သာ ရောင်းဝယ်ခဲ့ရသော သီးနှံဖြစ်ပါသည်။

         စားတော်ပဲသီးနှံမှာ ပဲဈေးကွက်အတွင်း ဈေးအမြင့်ဆုံးရနေသော  ပဲဟုဆိုရမည်ဖြစ်ပြီး တစ်တင်း ၉၀၀၀၀ကျပ်ထိ ရရှိခဲ့ပါသည်။ ပဲသစ်များအဝင်များ၍ အိတ် ၅၀ကျော်ဝင်ရောက်ခဲ့သလို လက်လီသမားရော လက်ကားသမားပါ အဝယ်ရှိခဲ့၍ တစ်ရက်အိတ် ၄၀/၅၀ကျော် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

မတ်ပဲပင်များ၌ အပင်ဝါ ဖြစ်သည့်အခြေအနေ

          ဆောင်းသီးနှံ ဖြစ်သောမတ်ပဲ စိုက်ပျိုးခြင်းသည် မတ်ပဲဈေးကောင်းလာသည်နှင့်အမျှ တောင်သူများ မိမိတို့ စိုက်ခင်းများသို့ သွားရောက်ပြီး အထူးဂရုစိုက် ပြုစုလုပ်ကိုင်လာကြသည်။ ဆေးဖျန်းခြင်း၊ ပေါင်းသတ်ခြင်း၊ လိုအပ်သော အားဆေးများ ဖျန်းပတ်ခြင်းများ ပြုလုပ်နေကြသည်။ သွင်းအားစု ဈေးနှုန်းများလည်း မြင့်တက်နေခြင်းကြောင့်လည်းကောင်း၊ ယခင်နှစ်များကဲ့သို့ ပဲပေါ်ပေးဖြင့် အလွယ်တကူ ဝယ်ယူကြခြင်းမရှိသောကြောင့် တောင်သူများ အခက်အခဲများ ရှိနေပါသည်။ ၎င်းအခက်အခဲများအပြင် တစ်ချို့သော တောင်သူများ အနေဖြင့် စိုက်ပျိုးသောပဲပင်များ တစ်ကွင်းလုံး အဝါပင်များ ပေါက်နေသည်ကို တွေ့ရှိရပါသည်။

          မတ်ပဲသည် ဆောင်းသီးနှံ ဖြစ်ခြင်းကြောင့် ဆောင်းသီးနှံစိုက်ပျိုးခြင်း သဘောသဘာဝအရ မြေမှုန့်ခြောက်လှမ်း၍ စိုက်ပျိုးရခြင်း ဖြစ်ပါသည်။ သင့်လျော်သောအစိုဓါတ်တွင် ထယ်ကြမ်းခွဲပြီး (၄) ရက်ခန့် အခြောက်လှမ်းရသည်။ အခြောက်လှမ်းပြီးသော ‌မြေတွင် ပဲစေ့များ ကြဲပက်ရသည်။ ထွန်စက်ဖြင့် အမှုန့်ဖြစ်အောင် ထွန်ယက်ပြီး လိုအပ်လှျင် ဓါးကြမ်းရိုက်ပြီး ဖုံးဖိပေးရပါသည်။ သို့မှသာ မြေကြီး အစိုဓာတ်သည် ခြောက်သွေ့ပြီး လေဟာနယ်မရှိသည့် မြေလွှာ၏ ဖုံးဖိထားမှုကြောင့် အမြစ်အတွက် လိုအပ်သော ရေဓာတ်ကို ပေးစွမ်းနိုင်ပြီး အပေါ်မှ ဖိထားပေးမှုကြောင့် အပင်၏ ပင်စည်အောက်ပိုင်းတွင်လည်း အစိုဓါတ်ဖြင့် မထိတွေ့ရ၍ ရောဂါဖြစ်ပွားမှုကို ကာကွယ်စေနိုင်သည်။

          ယခုနှစ် စပါးရိတ်သိမ်းချိန်တွင် မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် သင့်လျော်သော အစိုဓာတ်ကို စောင့်ဆိုင်းရခြင်း၊ လယ်သမားများမှာ နွားဖြင့် ထွန်ယက်ခြင်း မရှိတော့သည့်အတွက် ထွန်စက်များကိုသာ အလှည့်ကျ စောင့်ဆိုင်း၍ မိမိတို့ လယ်များတွင် စက်ထွန်ရန် ရက်ချိန်းရယူပြီးမှ စိုက်ပျိုးရခြင်းကြောင့် စိုက်ပျိုးရန် သင့်လျော်သော မြေအနေအထားမှာ အစိုဓာတ်များနေသော်လည်း စိုက်ပျိုးပြီးစီးရန်သာ အဓိကထား စိုက်ပျိုးနေကြရသည်ဖြစ်၍ ဆောင်းသီးနှံ၏ သဘာဝအရ မြေအစို ဓာတ်ဖမ်း စိုက်ပျိုးခြင်းနည်းစနစ်နှင့် လွဲချော်သွားသည့် တောင်သူများရှိသည်ကို လေ့လာတွေ့ရှိ ရပါသည်။

          သွင်းအားစု ရွက်ဖျန်းဆေးသုံးစွဲမှုအနေဖြင့် အပင်ငယ်ချိန်တွင် အပင်အားဆေးမှာ နိုက်ထရိုဂျင် များသော ရွက်ဖျန်းဆေး မြေသြဇာများကို သုံးစွဲသော အလေ့အထရှိပါသည်။ အပင်၏ အစာချက်နှုန်းနှင့် အားဆေး၏ အာနိသင်တို့ ချိန်ညှိနိုင်မှုမရှိခြင်း၊ တောင်သူများ၏ စိုက်ပျိုးမှု ပုံစံပြောင်းလဲသွားသော်လည်း ရွက်ဖျန်းမြေသြဇာများ၏ အကျိုးသက်ရောက်မှုက လိုက်လျောညီမှု မရှိနိုင်ကြောင်း ယူဆနိုင်ပါသည်။

          မှိုသတ်ဆေးဆိုသည်မှာ မတ်ပဲအပင်ရောဂါကာကွယ်ဆေး၊ ရောဂါသတ်ဆေးဖြစ်ပြီး ရောဂါဝင်ရောက်မှု မရှိအောင် လုပ်ဆောင်ခြင်းဖြစ်သည့်အပြင် အပင်၏ အစာချက်နှုန်းကိုလည်း တိုးတက်ကောင်းမွန်စေသော အာနိသင်ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။

       ဆောင်းသီးနှံ မတ်ပဲစိုက်ပျိုးရာတွင် တွေ့ရှိရသော ပိုးအမျိုးအစားများမှာ ပင်စည်ထိုးပိုး၊ (ပိုးလောင်းဘဝ) တွင် အပင်၏ အလယ်အူကြောင်းတွင် ဝင်ရောက်စားသောက်ဖျက်စီးစေတတ်သော ပိုးအမျိုးအစားဖြစ်ပြီး ငမြှောင်တောင်ပိုး (ပိုးလောင်းဘဝ) သည် အပင်ပေါ်နှင့် မြေကြီးခဲများ အောက်တွင် တွေ့ရှိရ၍ ၎င်း၏ စွမ်းဆောင်ရည်မှာ (၅) ရက်အတွင်း အပင်၏ အညွှန့်၊ အရွက်အားလုံး ကုန်သွားအောင် စားသောက်ဖျက်ဆီးတတ်သည်။ ပွင့်ထွေးပိုး (ပိုးလောင်းဘဝ) သည် အသီးအပွင့် ဝင်ချိန်တွင် ကျရောက်ပြီး လှေးပိုးနှင့် တစ်ချိန်တည်း ကျရောက်တတ်သည်။ ပွင့်ထိုးပိုးသည် ပိုးတုံးလုံး (ပိုးလောင်းဘဝ) တွင်ရှိပြီး ၊ လှေးပိုးမှာ ခွေးသန်းကဲ့သို့ ပျံသန်းနိုင်သော ပိုးအမျိုးအစားဖြစ်သည်။ ပွင့်ထွေးပိုးနှင့် လှေးပိုးတို့မှာ အပွင့်အတွင်းရှိဝတ်ဆံ၊ ဝတ်မှုံ တို့ကို စားသောက်ပြီး အပွင့်မှ အသီး ဖြစ်မလာပဲ ပွင့်သမျှ အပွင့်အားလုံး ခြောက်ကပ်ကြွေကျသွားပြီး အသီးခိုင်ရိုးတံသာလျှင် ကျန်ခဲ့သည်။ အသီးခိုင်ရိုးတံသည် အပင်မကျပါက နောက်တစ်ကြိမ် ပြန်လည်သီးပွင့်နိုင်သော အစွမ်းရှိသည်။

          ယခင်နှစ် အချိန်အခါက မတ်ပဲ အဝါရောင်ဖြစ်ခြင်းမှာ ပဲခင်းများထဲတွင် ပြောက်တိ ပြောက်ကြား သာတွေ့ရလေ့ရှိပြီး ယခုအခါတွင် ပဲခင်းတစ်ခင်းလုံးအထိ ဖြစ်ပေါ်လာသည့်အတွက် ပိုမိုဆိုးရွားသွားသည်ကို တွေ့ရှိရပါသည်။ မည်ကဲ့သို့ ဖြစ်ပေါ်လာသည်ကို လေ့လာရန်နှင့် ဖြစ်ပေါ်စေနိုင်သော အကြောင်းအရင်းများမှာ- မြေအစိုဓာတ်လွန်ကဲခြင်းကြောင့် ရောဂါဖြစ်ပေါ်နိုင်ခြင်း၊ ရွက်ဖျန်းဆေး အသုံးများပြီး ဆေးကြွင်း၊ ဆေးကျန်များခြင်းကြောင့် အပင်များရောဂါဖြစ်ပေါ်နိုင်ခြင်း၊

ပိုးမွှားကျရောက်ရာတွင် ပဲပင်၏ အရွယ်အစားအလိုက်ဖော်ပြပါ ပိုးများမှာ သက်တမ်းတစ်လျောက် ကျရောက်နေခြင်း၊ ဆေးများအကြိမ်ကြိမ် သုံးစွဲခြင်းကြောင့် ရောဂါဖြစ်ပေါ်နိုင်ခြင်း၊ ပိုးမွှားများ ကျရောက်ခြင်းတို့ကြောင့် ဒဏ်ရာများ ၊ ပိုးချေးများ မှတစ်ဆင့် ရောဂါဝင်ရောက်နိုင်ခြင်းစသည့် အချက်များသည် မတ်ပဲပင် အဝါဖြစ်ပေါ်နိုင်ခြေရှိသော အကြောင်းအရင်းများသာ ဖြစ်သဖြင့် ပညာရှင်များ သုတေသနပြုစု ဆောင်ရွက်ပြီး နည်းပညာကောင်းများ ရှာဖွေဖော်ထုတ်၍ ဆေးကောင်းများ ဖော်ထုတ်သင့်ကြောင်း လေ့လာတွေ့ရှိရပါသည်။

          သို့ဖြစ်ပါ၍ သွင်းအားစု ထုတ်လုပ်၊ ရောင်းချသူ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ ထုတ်လုပ် ရောင်းချသော ဆေးများကို သုံးစွဲခြင်းဖြင့် စိုက်ခင်းအတွင်း ဖြစ်ပေါ်ကျရောက်နေသော မှိုရောဂါနှင့် ပိုးမွှားရောဂါ ကင်းရှင်းမှုကို သက်တမ်း ရက်သတ္တပတ်ကာလ တစ်ခု သတ်မှတ်အာမခံရန်နှင့် ဆေးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသော ဘေးထွက်ဆိုးကျိူး (အပင်ဝါခြင်း) နှင့် အခြားရောဂါကိုလည်း အာမခံရန် လိုအပ်ပါသည်။  ဤအပင်ဝါရောဂါဖြစ်ခြင်းသည် တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြားလာပြီး ကြာလျှင် တောင်သူများ မတ်ပဲစိုက်ပျိုး၊ ထုတ်လုပ်ခြင်းကို ကံစမ်းမဲထိုးသည့် သဘောမျိုး မသေချာမှု များနှင့် ရင်းနှီး၊ မြှုပ်နှံရသည်အထိ စိုးရိမ်စရာ ဖြစ်လာနိုင်သည့် အဆင့်ထိ ဖြစ်လာနိုင်ကြောင်း လေ့လာ တွေ့ရှိရပါသည်။ အပင်ဝါ ပေါ်ပေါက်ခြင်းကြောင့် ပဲတစ်ပင်၏ အစာချက်နှုန်း ကျဆင်းစေပြီး အသီး မအောင်ခြင်း၊ သီးတောင့်ကောက်ပြီး အစေ့အကုန်မအောင်ခြင်း၊ အပွင့်ပွင့်နှုန်းကျဆင်းမှုများပြီး ပဲထွက်နှုန်းတို့ကို သိသာစွာကျဆင်းစေပါသည်။ ထူးခြားသည်မှာ အစေ့အရောင်မှာ ဝါမသွားပဲ အမဲရောင်သာရှိနေကြာင်း လေ့လာတွေ့ရှိရပါသည်။

DOCA(ပဲခူး)

အထူးဈေးနှုန်းဖြင့် ရောင်းချနေသော စားသုံးဆီဆိုင်ကွင်းဆင်းစစ်ဆေး

          ပဲခူးတိုင်းဒေသကြီးတိုင်းအစိုးရအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့၏ လမ်းညွှန်စီမံမှုဖြင့် စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် စားသုံးဆီများအား အထူးနှုန်းဖြင့် ခွဲဝေရောင်းချပေးမှုအပေါ် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ စားသုံးသူရေးရာ ဦးစီးဌာနရုံးမှ ပြည်တွင်း၊မူဝါဒဌာနတာဝန်ခံနှင့် လက်ပံတန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံတို့သည် (၁၃.၃.၂၀၂၂)ရက်နေ့ နံနက်(၉:၃၀)အချိန်တွင် လက်ပံတန်းမြို့နယ်အတွင်း အထူးဈေးနှုန်းဖြင့် ရောင်းချသောဆီဆိုင်သို့ သွားရောက်၍ ဆီတစ်ပိဿာ(၆၈၀၀/) ကျပ်ဖြင့် ရောင်းချနေမှုတို့ကို ကွင်းဆင်းကြပ်မတ် စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

DOCA(ပဲခူး)

ကြို့ပင်ကောက်မြို့တွင် သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေးလျက်ရှိ

             စားသုံးသူပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်၍ စားသုံးဆီများကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ရှိ ရွှေဂျိူးဖို ကုန်စုံဆိုင်တွင် (၁၃.၃.၂၀၂၂) ရက်မှစ၍ ရောင်းချပေးလျက်ရှိပြီး (၁၄.၃.၂၀၂၂) ရက်နေ့ နံနက် (၉:၀၀) တွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့မှ ကွင်းဆင်းကြီးကြပ်ခဲ့ပါသည်။

            အဆိုပါ စားအုန်းဆီသည် စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် မှာယူတင်သွင်းခဲ့သော စားအုန်းဆီများဖြစ်ပြီး သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ စားအုန်းဆီခွဲတမ်း (၁၅)ပေပါအား ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ကုန်စုံဆိုင် ၊ အရောင်းကိုယ်စားလှယ်တို့မှ ချိတ်ဆက်ဆောင်ရွက် ငွေသွင်းပြီး (၁၃.၃.၂၀၂၂) နေ့မှစ၍ တစ်အိမ်ထောင်လျှင် (၃) ပိဿာနှုန်း၊ တစ်ပိဿာဈေးနှုန်း (၆၈၀၀/)ကျပ်နှုန်းဖြင့် ပစ္စည်းရှိသလောက် ရောင်းချပေးနေပြီဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

အောင်မြင်ဖြစ်ထွန်းနေတဲ့စတော်ဘယ်ရီသီးစိုက်ခင်းသို့ ကွင်းဆင်းလေ့လာ

          စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ သတင်းအချက် အလက်နှင့်နည်းပညာတာဝန်ခံနှင့် ဝန်ထမ်းများသည် (၈.၃.၂၀၂၂) ရက်နေ့တွင် ရပ်ကွက်(၁၀)မှ ဒေါ်ရွှေခင်၏ အောင်မြင်ဖြစ်ထွန်းနေသည့် စတော်ဘယ်ရီသီးစိုက်ခင်းသို့ သွားရောက် ကွင်းဆင်းလေ့လာခဲ့ကြပါသည်။

          ဒေါ်ရွှေခင်၏ ပြောပြချက်အရ စတော်ဘယ်ရီသီး စိုက်ဧက (၂) ဧက ရှိပြီး တစ်ပိုင်တစ်နိုင်စီးပွားဖြစ် စိုက်ပျိုးခဲ့သည်မှာ (၁၀)နှစ်ခန့်ရှိပြီဖြစ်ကြောင်း မိသားစုဝင်ငွေရရှိ၍ အဆင်ပြေကြောင်းသိရှိရပါသည်။ စတော်ဘယ်ရီသီးမျိုးမှာ ထိုင်ဝမ်အကြီးမျိုးဖြစ်ပြီး အပျော့သီး/အကျွတ်သီးဟူ၍ နှစ်မျိုးရှိပြီး အပျော့သီးမျိုးကို သာအဓိအထားစိုက်ပျိုးကြောင်း သိရှိရပါသည်။ ၎င်းအပျော့သီးမှာ အလွန်နူးညံ့ချိုအိသောကြောင့် လူကြိုက် များ၍ ရောင်းအားသွက်ပြီးဈေးကောင်းရသောကြောင့် အဆိုပါအပျော့သီးကိုသာ အဓိကထားစိုက်ဖြစ်ကြောင်း သိရှိရပါသည်။

          စတော်ဘယ်ရီသီးများကို ရေခြံမြေတွင်ဘောင်များဖော်ကာ ဘောင်အလိုက်စိုက်ပျိုးပါသည်။ အပင်များ အဟာရရှိစေရန် သဘာဝမြေဩဇာဖြစ်သည့် နောက်ချေးနှင့်မြေပြုပြင်ပြီးစိုက်ပျိုးကြောင်း သိရှိရပါသည်။ ၎င်းစတော်ဘယ်ရီပင်များမှာ မြေလျှောက်ပင်များဖြစ်ပြီး အသီးများသီးလျင် ပုရွက်ဆိတ်ဒဏ်မှ လွတ်ကင်းရန် နှင့်အသီးများတွင်မြေများကပ်နေလျှင် အသီးများရောင်းပန်းမလှသဖြင့် အဆိုပါပုရွက်ဆိတ်နှင့် မြေကြီးကပ် ခြင်းမရှိစေရန် အပင်များကြားတွင် ကောက်ရိုးများထည့်သွင်းစိုက်ပျိုးကြောင်းသိရှိရပါသည်။ စတော်ဘယ်ပင် များကို  အောက်တိုဘာလတွင် စတင်စိုက်ပြီး၊ ဖေဖော်ဝါရီလတွင် အသီးများစတင်ထွက်ပေါ်ကြောင်း သိရှိရ ပါသည်။ အဆိုပါစတော်ဘယ်ရီသီးလေးများသည် ဖေဖော်ဝါရီလလည်တွင်စတင်ရင့်မှည့်ပြီး ခြင်းအနည်းငယ် ခူးဆွတ်ရပြီး မတ်လနှင့်ဧပြီလကုန်ခါနည်းတွင်နေ့စဉ်ပုံမှန် အနည်းဆုံး(၇)ခြင်းမှ (၁၁)ခြင်းထိခူးဆွတ်ရကြောင်း သိရှိရပါသည်။

          စတော်ဘယ်ရီမျိုးပင်များကို ပျိုးပင်(၁)ပင်လျှင်(၁၀၀)ကျပ်ဖြင့် ပြင်ဦးလွင်မြို့မှဝယ်ယူရပြီး အပင်ပေါင်း(၅၀၀၀) ဝယ်ယူစိုက်ပျိုး ခဲ့ကြောင်းသိရှိရပါသည်။စတော်ဘယ်ရီသီးများ စိုက်ပျိုးရာတွင် နွားချီး၊ ကြက်ချီး၊ ကောက်ရိုး များ၊ အပင်အားတိုးဆေးများ၊ ပေါင်းသတ်ဆေးများဝယ်ယူရကြောင်းသိရှိရပါသည်။ ယခုကာလတွင် စတော် ဘယ်ရီသီးများမှည့်ပြီး စား၍ ကောင်းသည့်အချိန်ဖြစ်၍ စားသောက်ဆိုင်များ၊ ဖောက်သည်များမှ လာရောက် ဝယ်ယူရာ တစ်ရက်ကို(၁၀)ခြင်း ရောင်းရကြောင်းသိရှိရပါသည်။ စတော်ဘယ်ရီသီးများကို  ယခင်ကပလပ် စတစ်ခြင်းသေး(၁)ခြင်း (၇၀၀၀)ကျပ် ဖြင့်ရောင်းချခဲ့သော်လည်း ယခုနှစ်ဝယ်ယူရသည့် ပစ္စည်းတန်ဖိုးများ မြင့်မားလာသည့်အတွက် ပလပ်စတစ် ခြင်းသေး(၁)ခြင်း (၈၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်းသိရှိရပါသည်။

          စတော်ဘယ်ရီသီးများ မိုးမမိပါက အရှုံးမပေါ်ပဲ အဆင်ပြေကြောင်း ကုန်ကျမှုနှင့် ဝင်ငွေရရှိမှုတို့ကို နှိုင်းယှဉ်ပါက အကျိုးအမြတ်အသင့်အတင့် ရရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

            ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် မတ်လ (၈)ရက်နေ့မှ (၁၄)ရက်နေ့အထိ ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ သီပေါမှ နာနတ်သီး အလုံးကြီးကျပ် ၈၀၀ မှ ၇၀၀ ကျပ်၊ အလုံးလတ် ၆၀၀ ကျပ်မှ ၅၀၀ ကျပ်၊ အလုံးသေး ၄၀၀ ကျပ်၊ ပဲခူး(ဘုရားကြီး) မှ စိမ်းစားဥ အလုံးကြီး တစ်တွဲ ကျပ် ၆၀၀၊ အလုံးလတ် ကျပ် ၅၀၀၊ စလေ(ဆင်ဖြူကျွန်း) မှ ဇီးသီး(အစေ့လွတ်) (၈)အပြည်တစ်ခြင်း အလုံးကြီး ကျပ် ၇၀၀၀၊ ခရမ်း၊ ဒိုက်ဦး၊ ဝေါမှ ဖရဲသီး(855)  အလုံးကြီး ကျပ် ၆၀၀၀၊ အလုံးလတ် ကျပ် ၄၅၀၀၊ အလုံးသေးကျပ် ၃၅၀၀၊ ဖရဲသီး(211) အလုံးကြီး ကျပ် ၂၅၀၀၊ အလုံးလတ် ကျပ် ၂၀၀၀၊ အလုံးသေး ကျပ် ၁၅၀၀၊ မှော်ဘီ၊ တိုက်ကြီးမှ မာလကာသီး အလုံးကြီး ကျပ် ၄၀၀၊ အလုံးလတ် ၃၀၀၊ အလုံးသေး ကျပ် ၂၀၀၊ ပြင်ဦးလွင်မှ စတော်ဘယ်ရီ ၅ ပိဿာခြင်း ကျပ် ၂၀၀၀၀ နှင့် (၁၈)ကျပ်သားဗူး ကျပ် ၈၀၀၊ (၁၀)ကျပ်သားဗူး ကျပ် ၄၀၀၊ စစ်ကိုင်း၊ မုံရွာမှ ဇီးသီးခြောက် (ပုလဲခြောက်) ၃၀ ပိဿာ ကျပ် ၁၆၀၀၀၊ မအူပင် (ရွှေတောင်ပေါ်)မှ သရက်သီး (မချစ်စု) အလုံးကြီး (အလုံး ၆၀) ကျပ် ၃၅၀၀၀၊ အလုံးလတ် (အလုံး ၈၀) ကျပ် ၃၂၀၀၀၊ အလုံးသေး (အလုံး ၁၀၀) ကျပ် ၃၀၀၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း(MFVP) မှ သိရှိရပါသည်။

DOCA(ရန်ကုန်)

 

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

              အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ မတ်လ (၁၁)ရက်နေ့မှ မတ်လ (၁၇)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ် (ပိဿာ)ကျပ် ၂၀၀ မှ ၆၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၃၀၀ မှ ၈၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၃၀၀ မှ ၈၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၁၂၀၀ မှ ၂၅၀၀ အတွင်း၊ မုန်လာဥနီ(ပိဿာ) ကျပ် ၁၃၀၀ မှ ၁၈၀၀ အတွင်း၊ ရွှေဖရုံသီး(လုံး)ကျပ် ၁၀၀၀ မှ ၂၃၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် ၆၀၀ မှ ၁၀၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၁၀၀၀ မှ ၁၅၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၅၀၀ မှ ၁၀၅၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ) ၁၂၀၀ မှ ၄၅၀၀ အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်)(ပိဿာ) ကျပ် ၄၀၀၀ မှ ၆၅၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၅၀၀ မှ ၁၇၀၀ အတွင်း၊ ဆလပ်ရွက်(စီး)ကျပ် ၇၀ မှ ၁၂၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၄၀ မှ ၁၀၀ အတွင်း၊ ခရမ်းသီး(ရှည်)(လုံး)ကျပ် ၁၅၀ မှ ၂၅၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၁၅၀ မှ ၂၀၀ အတွင်း၊ ငရုတ်သီးစိမ်း(ကျောက်စိမ်း)(ပိဿာ) ၁၀၀၀ မှ ၁၅၀၀ အတွင်း၊ ဖရဲသီး(အကြီး၊ အလတ်၊ အသေး)ကျပ် ၁၀၀၀ မှ ၅၀၀၀ အတွင်း ဖြစ်ကြောင်း သိရှိရပါတယ်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီး အလုံးပေါင်း (၆၅၇၀၀)ကျော်၊ ခရမ်းသီး(ရှည်)(လုံး) (၁၃၉၀၀)ကျော်၊ ဗူးသီးအလုံးပေါင်း (၁၃၉၀၀) ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၁၃၆၀၀)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၁၅၅၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၂၀၅၀၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၁၆၉၀၀)ကျော်၊ ဖရဲသီးလုံးပေါင်း (၂၂၃၀၀)ကျော် အသီးသီးကုန်အဝင်ရှိကြောင်း သိရပါတယ်။

DOCA(ရန်ကုန်)

 

မင်္ဂလာတောင်ညွှန့် ကြက်/ဘဲဈေး ဈေးကွက်ဈေးနှုန်း

            ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်အတွင်းရှိ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကြက်/ဘဲဈေးမှ ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နမိတ်မြို့နယ်အသီးသီးရှိ စားသုံးသူပြည်သူများသို့ ကြက်/ဘဲ များနေ့စဉ် လက်လီ/လက်ကားဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အ‌ရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၅.၃.၂၀၂၂) ရက်နေ့တွင် မင်္ဂလာတောင်ညွှန့်ကြက်/ဘဲ‌ဈေးအား ဈေးကွက်ဈေးနှုန်းစုံစမ်းခြင်းပြုလုပ်ခဲ့ရာတွင် ထို ကြက်/ဘဲဈေးရှိလုပ်ငန်းရှင်များသည် ပြန်လည်ရောင်းချမည့် ကြက်/ဘဲများအား ရန်ကုန်တိုင်းဒေသကြီးအတွင်းမြို့နယ်များမှ ခြံဖမ်းစနစ်ဖြင့် ဝယ်ယူပြီး စားသုံးသူများသို့ ပြန်လည်ဖြန့်ဝေရောင်းချရာ၌ အိမ်မွေးကြက် ၁ ပိဿာလျှင် (၉၅၀ဝိ-၁၀၀၀ဝိ) ကျပ်၊ အသားတိုးကြက် ၁ ပိဿာလျှင် (၄၇၀ဝိ-၄၈၀ဝိ) ကျပ်၊ မွေးမြူရေးကြက်(အထီး/အမ) ၁ ပိဿာလျှင် (၅၅၀ဝိ-၇၀၀ဝိ) ကျပ်၊ ဘဲ ၁ ပိဿာလျှင် (၄၈၀ဝိ-၅၅၀ဝိ) ကျပ်ဖြင့် အသီးသီးလက်လီ/လက်ကားရောင်းချလျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ပေါက်မြို့နယ်ထွက် အာလူးများ ဈေးကောင်းရရှိ

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်း/ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်ချက်ဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ပေါက်မြို့နယ် တာဝန်ခံ  ဒု-ဦးစီးမှူး ဦးကျော်စိုးသည် (၁၄.၃.၂၀၂၂)ရက်နေ့၊ နံနက်(၉:၀၀)နာရီ အချိန်တွင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတတ်စေရေးအတွက် ပေါက်မြို့နယ်၊ မြောက်ဘက်ကျေးရွာရှိ ဆောင်းသီးနှံအာလူးစိုက် တောင်သူဦးကျော်ဆန်းညွန့်နှင့်တွေ့ဆုံ၍  အာလူးစိုက်ပျိုးထွက်ရှိမှု အခြေအနေများအား ကွင်းဆင်းလေ့လာမေးမြန်းခဲ့ပါသည်။

          ပေါက်မြို့နယ်အနေဖြင့် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ရာ နှစ်စဉ်ဆောင်းသီးနှံအာလူးကိုလည်း စိုက်ပျိုးကြကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အာလူးစိုက်ဧက(၂၀၀၀)ဝန်းကျင်ခန့် စိုက်ပျိုးခဲ့ပြီး ယခု၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်တွင် အားလူးစိုက်ပျိုးရန်အတွက်  ရင်းနှီးမတည်ငွေများပြား သည့်အတွက် အာလူးစိုက်တောင်သူများအနေဖြင့် ယခင်နှစ်စိုက်ဧကထက် လျော့နည်းစိုက်ပျိုးခဲ့ရာ ၂၀%ခန့်အထိလျော့နည်းသွားကြောင်း၊ အာလူးကို ပေါက်မြို့နယ်  ကျောချောင်းနံဘေးရှိသဲမြေများတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ ယခင်နှစ်များတွင် စိုက်ပျိုးရန်အတွက်  စိုက်ပျိုးမြေနေရာ ကိုငွေကြေးဖြင့် ဝယ်ယူရပြီး (၁)ဧကလျှင် (၁၀)ပေပတ်လည်ကျင်း(၂၀၀)ခန့်ပါရှိကြောင်း၊ (၁)ကျင်းလျှင်(၁)သောင်းကျပ်၊ (၁)ဧကလျှင်(၂)သိန်းကျပ်ခန့် ပေးဝယ်ခဲ့ရကြောင်း၊  သို့သော် ယခုနှစ်တွင် စိုက်ပျိုးတောင်သူဦးရေနည်းပါးခြင်းကြောင့် မြေများဝယ်ယူရန်မလိုဘဲ စိုက်ပျိုးရကြောင်း သိရှိရပါ သည်။

          မြောက်ဘက်ကျေးရွာတွင် အိမ်ခြေ(၇၀၀)ခန့်ရှိပြီး အာလူးစိုက်တောင်သူဦးရေ (၅၀)ခန့်ရှိ၍ ဧက(၁၀၀)ခန့် စိုက်ပျိုးထားရှိကြောင်း၊ ယခုနှစ်တွင် တောင်သူ ဦးကျော်ဆန်းညွန့်မှာ (၁)ဧကခန့် စိုက်ပျိုးထားရှိပြီး မျိုးအနေဖြင့် ဘဲဥပုံအာလူး(လုံးကြီး) ရှမ်းပြည်အောင်ပန်းမျိုးကို ဝယ်ယူစိုက်ပျိုး ကြောင်း၊ မျိုး(၁)ပိဿာလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းရှိပြီး (၁၀)ပေပတ်လည် (၁)ကျင်းလျှင် အာလူး (၃၅)ကျပ်သားစိုက်ပျိုးရကြောင်း၊ (၁)ဧကကျင်း(၂၀၀)အတွက် ပိဿာ(၇၀၀)ခန့် ဝယ်ယူသုံးစွဲရသည့်အတွက် မျိုးဝယ်ယူခမှာ(၁)ဧကကို (၁၄)သိန်းကျပ်ခန့် ကုန်ကျကြောင်း သိရှိရပါသည်။

         အာလူးမျိုးများဝယ်ယူပြီး မိမိတို့နေအိမ်အတွင်း သဲပြင်ပေါ်တွင် တစ်ပုံတည်းစုပုံပြီး စောင်ဖြင့်အုပ်ထားရကြောင်း၊ (၅)ရက်ခန့်အကြာတွင် အာလူးမျက်နှာပြင်တွင် မျက်ကွက်အပေါက်များပေါ်လာပြီး အညှောင့်ပေါက်လေးများထွက်လာချိန်တွင် အပုတ်အပဲ့အာလူးများအား ရွေးချယ်ဖယ်ရှားပြီးလျှင်  ကျန်အာလူးများပေါ်တွင် ထွက်ရှိလာသော မျက်ကွက်အညှောင့်ပေါက်လေးများကို ဓားဖြင့် လှီးထုတ်၍ စိုက်ပျိုးရာ အလုပ်သမား (၁၀)ဦးခန့် ငှားရမ်းအသုံးပြုရကြောင်း သိရှိရပါသည်။

           ဆောင်းသီးနှံအာလူးကို ဒီဇင်ဘာလဆန်းပိုင်းတွင် စတင်စိုက်ပျိုးပြီး အာလူး(၁)လုံးလျှင် အပင်ပေါက်မျက်ကွက်များ အပေါ်မူတည်ပြီး (၂/၄)စိပ်ခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးချိန်မှ စတင်ပြီး တူးဖော်ချိန်အထိ (၃)လခန့် ကြာမြင့်ကြောင်း၊  ကျောချောင်းနံဘေးတွင်  စိုက်ပျိုးရသောကြောင့်ရေအစိုဓါတ် အနည်းအများပေါ်မူတည်၍ ရေသွင်းပေးရကြောင်း၊ ယခုနှစ်တွင် ရေ(၁)ကြိမ်သာ ပေးသွင်းရကြောင်း၊ ရေမသွင်းမှီ သွင်းအားစုမြေဆီအာမို(၃)အိတ်ခန့်ကို (၁)ဧကအတွက်သုံးစွဲကြောင်း၊  စိုက်ပျိုးပင်သက်တမ်း(၃) လခန့်အကြာ ဖေဖော်ဝါရီလကုန်တွင် အာလူးများ စတင်တူးဖော်ကြောင်း၊ အထွက်နှုန်းအနေဖြင့် သွင်းအားစုအမျိုးမျိုးသုံးစွဲပုံ မတူညီခြင်း၊ မျိုးဝယ်ယူမှုအနေအထားကွာခြားခြင်း၊ စိုက်ပျိုးရာသီမတူညီခြင်းတို့ကြောင့် အထွက်နှုန်းများ အမျိုးမျိုးကွဲပြား၍ (၁)ဧကလျှင် ပိဿာ(၃၀၀၀)မှ(၆၀၀၀)အထိ ကွဲပြားထွက်ရှိကြောင်း၊ ယခုနှစ်တွင် ရှမ်းပြည်တောင်ပိုင်းမှ ဘဲဥပုံ အလုံးကြီး အာလူးမျိုးကောင်းမျိုးသန့်များကို ဝယ်ယူစိုက်ပျိုးခဲ့၍ (၁)ဧကလျှင် ပိဿာ (၆၀၀၀)ခန့်ထွက်ရှိပြီး ယခုနှစ်အထွက်နှုန်းမှာ ယခင်နှစ် ထက်ကောင်းမွန်ကြောင်း၊ ဈေးနှုန်း ဈေးကွက်အနေဖြင့် ယခုအာလူးဖော်စအချိန်တွင် လက်လီ(၁) ပိဿာ(၂၀၀၀)၊ လက်ကား (၁)ပိဿာ(၁၅၀၀)ကျပ် ဈေးနှုန်းရှိကြောင်း၊ ယခင်နှစ် လက်လီ(၁) ပိဿာ (၁၄၀၀)၊ လက်ကား (၁)ပိဿာ(၁၀၀၀)ကျပ် ဈေးနှုန်းများရှိခဲ့ကြောင်း၊ မျိုးကောင်းမျိုးသန့် ဝယ်ယူစိုက်ပျိုးခြင်းကြောင့် ထွက်ရှိသော အာလူးများမှာ အလုံးသေးများ နည်းပါးပြီး ဘဲဥပုံအာလူး အလုံးကြီးများ အများဆုံး ထွက်ရှိ၍  အထွက်ကောင်းပြီး ဈေးကောင်းရရှိကြောင်း၊ မြောက်ဘက်ကျေးရွာမှ ထွက်ရှိသော အာလူးများကို ပေါက်မြို့ပေါ်ရှိ ဈေးကြီးအတွင်းသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

          ဆောင်းသီးနှံအာလူး(၁)ဧကကုန်ကျစရိတ်မှာ (၃၅)သိန်းကျပ်ခန့်  ကုန်ကျပြီး ဝင်ငွေအနေဖြင့် ကျပ် သိန်း(၉၀)ခန့် ရရှိ၍ (၁)ဧကအကျိုးအမြတ်မှာ ငွေကျပ်သိန်း(၅၀)ခန့် ရရှိကြောင်း၊ အာလူးစိုက် တောင်သူဦးကျော်ဆန်းညွန့်၏ ပြောကြားချက်အရ သိရှိရပါသည်။    

          ဆောင်းသီးနှံအာလူးမှာ အရသာထူးကဲလှပြီး ကောင်းမွန်၍ စားသုံးသူများပြားကြောင်း၊ ကျန်းမာရေးအနေဖြင့်လည်း ဆေးဘက်ဝင်ပစ္စည်းအဖြစ် အသုံးပြုရသော သီးနှံတစ်မျိုးဖြစ်ပြီး ပြည်တွင်းသုံးစွဲမှုအနေဖြင့်လည်း များပြားကြောင်း၊ ပရိုတိန်းဓါတ်ပါဝင်မှုများသည့်အတွက် မိသားစုများအခြေခံစားကုန်အဖြစ်သုံးစွဲခြင်း၊ မုန့်မျိုးစုံပြုလုပ်ခြင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း အာလူးခြောက်၊ အာလူးကြော်မျိုးစုံ ထုတ်လုပ်ရောင်းချခြင်းများရှိ၍ ပြည်တွင်းရှိ အလုပ်သမားများ အလုပ်အကိုင်အခွင့် အလမ်းများစွာရရှိပြီးယခုနှစ်အထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းရရှိသောကြောင့် စိုက်တောင်သူများအတွက် တွက်ချေကိုက်၍ ဆောင်းသီးနှံအာလူးကို ချောင်းရိုးတစ်လျှောက် နှစ်စဉ်မပျက် တိုးချဲ့ စိုက်ပျိုးသင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း