ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

လူကြိုက်များတဲ့ တောဘဲဥ

     အခြေခံစားသောက်ကုန်များ ဈေးမြင့်တက်လာခြင်းနှင့်အတူ စားသုံးသူများအနေဖြင့်ဈေးနှုန်း သင့်တင့်သော ကုန်စည်များကို ရွေးချယ်ဝယ်ယူစားသုံးလာသကဲ့သို့ ရောင်းချသူများအနေဖြင့်လည်း မိမိတို့၏ ကုန်စည်များကို နည်းလမ်းများရှာကြံ၍ ပုံစံအမျိုမျိုးဖြင့် ရောင်းချလာကြသည်။

          ဘားအံမြို့ ရေပေါ်ဈေးတွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ကြက်ဥဘဲဥ ဈေးနှုန်းများမှာ ကြက်ဥ တစ်လုံး ၃၀၀ ကျပ်၊ ဘဲဥ တစ်လုံး ၄၀၀ ကျပ်ဖြစ်ပြီး အခွန်လွတ်ဈေးများတွင်မူ ကြက်ဥ တစ်လုံး ၂၇၀ ကျပ် ဘဲဥ တစ်လုံး ၃၅၀ ကျပ်ဖြင့် ပုံမှန် အရောင်းအဝယ်ဖြစ်နေသော်လည်း ၁ လုံးလျှင် ၄၅၀ ကျပ်၊ ၅၀၀ ကျပ် ထိဈေးရသော တောဘဲဥများကိုလည်း ဈေးသည်များက ရောင်းချလာသကဲ့သို့ တောဘဲဥကို သီးသန့်ဝယ်ယူစားသုံးသော စားသုံးသူများလည်း ရှိလာခဲ့ကြသည်။

          တောဘဲဥဆိုသည်မှာ ဥစားဘဲမဟုတ်ဘဲ အကောင်ပေါက်နိုင်သော ဘဲများမှ ဥသောဥများ ဖြစ်ပြီး အရပ်အခေါ် တောဘဲဥဟု ခေါ်ဆိုခြင်းဖြစ်ပြီး အဆိုပါဘဲများ၏ ဥများသည် မွေးမြူရေးဥစားဘဲ၏ ဥများထက်အနည်းငယ်ကြီးကြောင်းနှင့် ၎င်းဘဲများကို ဝင်းကျယ်ခြံကျယ်နှင့် စီးပွားဖြစ် တစ်အုပ်တစ်မ မွေးမြူခြင်းမဟုတ်ဘဲအသားစားရန်နှင့် ဥစားရန် တစ်ပိုင်တစ်နိုင်မွေးမြူကြကြောင်း သိရသည်။

DOCA(ကရင်)

ဘားအံဘုရားပန်းဈေးကွက်ရှိ တောင်ကြီးဂန္ဓာမာပန်းများ အရောင်းသွက်

    မိုးရာသီတွင် ပန်းဝင်ရောက်မှုနည်းလာ၍ ပန်းဈေးများအနည်းငယ်မြင့်တက်လာသော်လည်း တောင်ကြီး ဂန္ဓာမာပန်းများမှာ ဈေးကွက်အတွင်း ဝယ်သူကြိုက်၍ အရောင်းသွက်လျက်ရှိကြောင်း သိရသည်။

          မိုးရာသီတွင် မေမြို့ပန်းများဝင်ရောက်မှုမရှိကြောင်း၊တောင်ကြီးဂန္ဓာမာပန်းများသာ ဝင်ရောက်ကြောင်း၊ ယခင်က ဂန္ဓာပန်း ၁၀ ပွင့်လျှင် ၂၀၀၀ ကျပ်မှ ၂၅၀၀ ကျပ်ထိသာ ရှိသော်လည်း ယခုအခါ ဂန္ဓာမာပန်း ၁၀ ပွင့်ဈေးမှာ ၃၀၀၀ကျပ်မှ ၄၀၀၀ ကျပ်ထိရှိကြောင်းနှင့် ဂန္ဓာပန်းတွင် ဒေသစိုက်ပျိုးသည့် ဂန္ဓာမာပန်းနှင့် တောင်ကြီး၊ မေမြို့ စသည်တို့မှ ဝင်ရောက်သော ဂန္ဓာပန်း များရှိကြောင်း ၊ အရည်အသွေးနှင့်တာရှည်ခံမှုအပေါ် မူတည်၍ ဈေးနှုန်းအနေဖြင့် ဒေသဂန္ဓာမာ ပန်းများ မှာ ၁၀ပွင့်ကို ၂၀၀၀ မှ ၂၅၀၀ကျပ်ဖြစ်ပြီး တာရှည်ခံသောတောင်ကြီး/မေမြို့ဂန္ဓာမာပန်းများမှာ ၃၀၀၀ ကျပ် မှ ၅၀၀၀ ကျပ်ထိ ဈေးနှုန်းအသီးသီးရှိကြောင်း သိရသည်။

          ဘားအံမြို့တွင် ပန်းများဝင်ရောက်မှုနှင့်ပတ်သက်၍ ရေပေါ်ဈေးတွင် ဘုရားပန်းရောင်းချနေ သော မသူဇာက “ခုချိန်က မေမြို့ဂန္ဓာမာ မဝင်တော့ဘူး၊ တောင်ကြီးဂန္ဓာမာပဲ ဝင်တော့တယ်၊ တောင်ကြီး ဂန္ဓာမာပန်းကလည်း ၁၀ ရက်လောက်အထားခံတော့ ဘုရားပန်းအတွက် ဝယ်သူ ကြိုက်ကြပြီး အရောင်းပိုသွက်တယ်၊ သမီးတို့က ၁၀ ပွင့်မှာ ၅၀၀ လောက်အမြတ်ရတယ်၊ Express ကားတွေနဲ့ နေ့စဉ်ဝင်ပါတယ်၊ ကိုယ်တိုင်လည်း ရောင်းသလို ဖောက်သည်လည်း ပေးပါတယ်” ဟု ပြောကြားပါသည်။

          ရေပေါ်ဈေးတွင်ရောင်းချလျက်ရှိသော ဘုရားပန်းများ၏ ၁၀ပွင့် ဈေးနှုန်းများမှာ ဒေလီယာ ၃၀၀၀ ကျပ်မှ ၃၅၀၀ ကျပ်၊ တောင်ကြီးဂန္ဓာမာ ၄၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်၊ နှင်းဆီ ၂၀၀၀ ကျပ်မှ ၂၅၀၀ ကျပ်၊ ပန်းထိမ်ငို ၂၀၀၀ ကျပ်မှ ၂၅၀၀ ကျပ်၊ ပွင့်ရိုက် ရောင်စုံ ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်၊ ဇော်စိမ်း ၁ စည်း ၁၀၀၀ ကျပ်၊ အာဆီယံသပြေ ၁၀၀၀ ကျပ်၊ သပြေ ၅၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

 

                                                                  

မြင်းခြံခရိုင်၏ ဝါစိုက်ပျိုးထားရှိမှုအခြေအနေ

    ဝါသီးနှံကို မိုးကြိုရာသီ၊ မိုးရာသီနှင့် မိုးနှောင်းရာသီများတွင် စိုက်ပျိုးလေ့ရှိပါသည်။ မိုးကြိုရာသီတွင် ဖေဖော်ဝါရီလလယ်မှ ဇွန်လကုန်အတွင်း စိုက်ပျိုးကြပြီး မိုးရာသီတွင် မေလလယ်မှ ဇွန်လကုန်အတွင်း စိုက်ပျိုး၍ မိုးနှောင်းရာသီတွင် ဇူလိုင်လမှ ဩဂုတ်လလယ်အတွင်း စိုက်ပျိုးလေ့ရှိကြပါသည်။ အပင်သန်မာဖြစ်ထွန်းရန်နှင့် ဝါအထွက်နှုန်းကောင်းစေရန်အတွက် ထယ်ရေးနက်နက်နှင့် ထွန်ရေးညက်ညက်ကောင်းအောင် လုပ်ဆောင်ပေးရမည်ဖြစ်ပါသည်။

    ဝါစိုက်ပျိုးထားရှိမှုအနေဖြင့် မြင်းခြံခရိုင်ချုပ်တွင် ယခင်နှစ် (၂၀၂၂-၂၀၂၃) တွင် ဝါစိုက်ဧကပေါင်း (၂၀၄၉၂) ဧကစိုက်ပျိုးခဲ့ပြီး ရာသီဥတုကောင်းမွန်သဖြင့် စိုက်ဧကအားလုံးရိတ်သိမ်းနိုင်ခဲ့ပါသည်။ တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်းမှာ (၃၅၈.၇၁) ပိဿာဖြင့် ပိဿာပေါင်း (၇၃၅၀၇၃၀) ပိဿာထွက်ရှိခဲ့ပါသည်။ ယခုနှစ် (၂၀၂၃ -၂၀၂၄) ခုနှစ်၊ ဇူလိုင်လအထိ ဝါစိုက်ဧကမှာ (၆၉၈၅) ဧက စိုက်ပျိုးထားရှိကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများအရသိရှိရပါသည်။  မြို့နယ်များအနေဖြင့် ဝါစိုက်ပျိုးထားရှိမှုမှာ မြင်းခြံမြို့နယ်တွင် စိုက်ဧက (၁၂၄၂) ဧက၊ တောင်သာမြို့နယ်တွင် စိုက်ဧက (၃၂၉၂) ဧကနှင့် နွားထိုးကြီးမြို့နယ်တွင် စိုက်ဧက (၂၄၅၁) ဧကစိုက်ပျိုးထားကြောင်းသိရှိရပါသည်။

    မြင်းခြံခရိုင်အတွင်း ချည်မျှင်ရှည်ဝါအမျိုးအစားကို အများဆုံးစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်ကြပြီး ယခင်နှစ်တွင် ဝါတစ်ပိဿာလျှင် (၂၇၀၀) ကျပ်မှ (၃၀၀၀) ကျပ်ခန့်ဈေးနှုန်းများဖြင့် ရောင်းဝယ်ခဲ့ ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

ဘားအံမြို့၌ စက်တင်ဘာလ ပထမပတ်တွင် စက်သုံးဆီဈေးနှုန်း အနည်းငယ်မြင့်တက်လျက်ရှိ

  မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများကို နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

 ဘားအံမြို့၌ စက်သုံးဆီဆိုင် (၇)ဆိုင်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး စက်တင်ဘာလ ပထမအပတ်တွင်ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၃၂၀)ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၂၄၃၀) ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၄၉၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၅၇၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရသည်။

 ဩဂုတ်လ (နောက်ဆုံးပတ်)တွင် ဖြစ်ပေါ်ခဲ့သော စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၃၀၀)ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၂၄၁၀)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင်(၂၄၅၀)ကျပ်၊ ဒီဇယ် (ပရီမီယမ်)တစ်လီတာလျှင် (၂၅၃၀)ကျပ်ဖြစ်ပြီး ယခုအပတ်နှင့် နှိုင်းယှဉ်ပါက ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၀)ကျပ်၊ ဓာတ်ဆီ(95) တစ်လီတာလျှင် (၂၀)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၅၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာ လျှင်(၄၀)ကျပ်ဖြင့် ဈေးနှုန်းအသီးသီးအနည်းငယ်မြင့်တက်လျက်ရှိကြောင်း ဘားအံမြို့ရှိ စက်သုံးဆီဆိုင်များမှ သတင်းရရှိပါသည်။

DOCA (ကရင်)

မြင်းခြံခရိုင်တွင် နွေစပါးများရိတ်သိမ်းထွက်ပေါ်

    မြင်းခြံခရိုင်၏ (၂၀၂၃-၂၀၂၄) ခုနှစ် နွေစပါးစိုက်ပျိုးမှုအနေဖြင့် (၂၀၅၉)ဧကစိုက်ပျိုးခဲ့ပြီး ယခုအချိန်ရိတ်သိမ်းပြီးစီးမှုအနေဖြင့် (၈၂၇)ဧကရိတ်သိမ်းနိုင်ခဲ့ပြီး တစ်ဧကပျမ်းမျှအထွက်တင်း (၇၈.၅၃)တင်းနှုန်းဖြင့် အထွက်တင်းစုစုပေါင်း(၆၄၉၄၈)တင်းထွက်ရှိပြီဖြစ်ပါသည်။

    မြို့နယ်အလိုက် စိုက်ပျိုးမှုနှင့်ရိတ်သိမ်းပြီးစီးမှုအနေဖြင့် မြင်းခြံမြို့နယ်တွင် (၁၂၀၉)ဧက၊ ရိတ်သိမ်းပြီးဧကမှာ (၇၇၆)ဧက၊ တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ (၈၀.၄၇)တင်းနှုန်းဖြင့် တင်းပေါင်း (၆၂၄၄၈)တင်း၊ တောင်သာမြို့နယ်တွင် (၇၄၃)ဧကစိုက်ပျိုးခဲ့ပြီး၊ ရိတ်သိမ်းမှုမရှိသေးပါကြောင်းနှင့် နွားထိုးကြီးမြို့နယ်တွင် (၁၁၆)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ရိတ်သိမ်းပြီးစီးမှုမှာ(၅၁)ဧကဖြစ်ကြောင်း၊ တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ (၄၉.၀၂)တင်းနှုန်းဖြင့် တင်းပေါင်း(၂၅၀၀)တင်းထွက်ရှိခဲ့ပါကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ မြင်းခြံခရိုင်တွင် နွေစပါးများကို ဇန်နဝါလ၊ ဖေဖော်ဝါရီလတို့၌ စတင်စိုက်ပျိုးကြပြီး မေလ၊ ဇွန်လနှင့် ဇူလိုင်လတို့တွင် ရိတ်သိမ်းထွက်ပေါ်ကြောင်းနှင့် လက်ရှိနွေစပါးဈေးအနေဖြင့် တစ်တင်းလျှင် (၁၈၀၀၀)ကျပ်ခန့်ရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

 

မြင်းခြံမြို့နယ်တွင် စားသုံးသူပြည်သူများ ဈေးနှုန်းချိုသာစွာဝယ်ယူနိုင်ရန် သက်သာဈေးအရောင်းဆိုင်ဖြင့် ရောင်းချပေး

    မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်ရှိ စံပြဈေးအတွင်း၌ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (တတိယပတ်) တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် မြင်းခြံကုန်စည်ဒိုင်တို့ပူးပေါင်း၍ စားသုံးသူပြည်သူများ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုးသာစွာဝယ်ယူနိုင်စေရန် ပြည်သူသက်သာဈေးအရောင်းဆိုင်ဖြင့် ရောင်းချပေးခဲ့ပါသည်။

    အဆိုပါအရောင်းဆိုင်တွင် ဆန်တစ်ပြည်လျှင် (၃၀၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၂၈၀)ကျပ်၊ ဆိတ်သား(အသားသန့်) တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ အရိုးနှင့်အသားပါ တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ကလီစာတစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ အရိုးအကြမ်းတစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ဝက်သား(သုံးထပ်သား)တစ်ပိဿာလျှင် (၁၇၀၀၀)ကျပ်၊ အရိုးနှင့်အသားတွဲလျက် တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ကလီစာတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ အရိုးကြမ်းတစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ အမဲသား(အသားသန့်)တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ အရိုးနှင့်အသားတွဲလျက် တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ကလီစာတစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ အရိုးတစ်ပိဿာလျှင် (၄၀၀၀)ကျပ်နှုန်းများဖြင့် ရောင်းချပေးခဲ့ပါသည်။ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်ကြီးများအသင်း(မြင်းခြံ)မှလည်း စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့်ဝယ်ယူနိုင်စေရေးအတွက် စားအုန်းဆီတစ်ပိဿာလျှင် (၄၅၅၀)ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

နွားထိုးကြီးမြို့နယ်၏ မိုးနှမ်းရိတ်သိမ်းပြီးစီးမှုနှင့် ဈေးနှုန်း/ ဈေးကွက်အခြေအနေ

   မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ မိုးနှမ်းစိုက်ဧကမှာ (၁၇၄၆၀၅)ဧကစိုက်ပျိုးခဲ့ပြီး ယခုအချိန်တွင် စိုက်ဧကအားလုံးရိတ်သိမ်းပြီးစီးပြီဖြစ်ရာ တစ်ဧကလျှင် ပျမ်းမျှအထွက်တင်း (၂.၉၅)တင်းနှုန်းဖြင့် တင်းပေါင်း(၅၁၄၇၅၀)တင်းထွက်ရှိခဲ့ကြောင်း၊ သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ ဒေသအနေဖြင့် နှမ်းညို (ကံရှိ) မျိုးများကိုသာ အများဆုံးစိုက်ပျိုးကြကြောင်းသိရှိရပါသည်။ နွေနှမ်းအနေဖြင့်လည်း (၁၅၀) ဧကစိုက်ပျိုးရိတ်သိမ်းခဲ့ပြီး တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်းမှာ (၁၁.၇၅) တင်းနှုန်းဖြင့် စုစုပေါင်း (၁၇၆၃) တင်းထွက်ရှိခဲ့ကြောင်းနှင့် နွေနှမ်းမှာ ဆည်ရေရရှိသည့်နေရာတချို့တွင်သာစိုက်ပျိုးနိုင်သဖြင့် စိုက်ပျိုးမှုနည်းပြီး စိုက်ပေါင်များဖြင့် စိုက်ပျိုးကြပြီး မိုးနှမ်းမှာ မိုးရေကိုသာအားပြုရပြီး ပက်ကြဲစနစ်ဖြင့်သာစိုက်ပျိုးမှုများကြသဖြင့် မိုးနှမ်းနှင့်နွေနှမ်းအထွက်နှုန်းမှာလည်းကွာဟမှုရှိကြောင်း သိရှိရပါသည်။

    ယခု၂၀၂၃ခုနှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် နှမ်းညိုတစ်ပိဿာလျှင် (၆၉၀၀) ကျပ်ရှိပြီး နှမ်းဆီတစ်ပိဿာလျှင် (၁၃၅၀၀) ကျပ်၊ ပဲဆီတစ်ပိဿာလျှင် (၁၅၅၀၀) ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်ခန့်ဈေးနှုန်းများရှိ၍ ယခင်နှစ်ကာလတူတွင် နှမ်းညိုတစ်ပိဿာလျှင် (၅၃၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၁၀၀၀) ကျပ်ဈေးများရှိခဲ့ကြောင်း သီးနှံပွဲရုံပိုင်ရှင်တစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

ကြောင်ပန်းစေ့များဈေးကောင်းရသဖြင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးမှုများရှိလာ

    ယခု၂၀၂၃နှစ်တွင် ကြောင်ပန်းစေ့များ ဈေးကောင်းရပြီး တစ်နိုင်တစ်ပိုင်စိုက်ပျိုးမှုများရှိလာကြောင်းသိရှိရပါသည်။ ယခင်နှစ်တွင် ကြောင်ပန်းစေ့အခြောက်တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်ခန့်သာဈေးရရှိခဲ့ပြီး ယခုနှစ်တွင် အခြောက်တစ်ပိဿာလျှင် (၄၀၀၀၀)ကျပ်ခန့်ထိရှိလာကြောင်းသိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ သရက္ကန်အုပ်စု၊ အောင်ချမ်းသာကျေးရွာရှိ တောင်သူတစ်ဦးမှာ အလေ့ကျကြောင်ပန်းပင်များကို လွန်ခဲ့သည့်(၈)နှစ်ဝန်းကျင်လောက်မှစ၍ ချောင်းကမ်းပါးဘေးရှိ သူမ၏ယာမြေများကို ချောင်းရေတိုက်စားမှုနည်းပါးအောင် ရေတားအဖြစ် စိုက်ပျိုးခဲ့ပြီး ယခုကဲ့သို့ ဈေးကွက်ဝင်လာမည်ကိုလည်းမသိရှိဘဲ သာမန်သာစိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း၊ ချောင်းရိုးတစ်လျှောက် မိမိ၏ယာမြေပေါ်တွင် စိုက်ပျိုးထားရှိမှုမှာ ဧကဝက်ခန့်ရှိပြီး ယခင်နှစ်များတွင် အခင်းပြတ်လာရောက်ဝယ်ယူသူများရှိသော်လည်း (၅၀၀၀၀)ကျပ်မှ (၁၀၀၀၀၀)ကျပ်ခန့်သာရရှိခဲ့ပါကြောင်း၊ ယခုနှစ်မှ မိမိကိုယ်တိုင်ခူးဆွတ်၍ရောင်းချကြောင်း သိရှိရပါသည်။ ယခုနှစ်တွင် အခြောက်တစ်ပိဿာလျှင် (၃၅၀၀၀)ကျပ်ခန့်ဖြင့် ဈေးစတင်၍ရရှိခဲ့ပြီး ဇွန်လနှင့် ဇူလိုင်လများအတွင်း တစ်ပိဿာလျှင် (၄၀၀၀၀)ကျပ်ခန့်ထိရှိလာကြောင်း၊ မိမိ၏စိုက်ပင်များကို (၁၀)ရက် လျှင်တစ်ကြိမ်နှုန်းဖြင့် ခူးဆွတ်ရပြီး၊ တစ်ကြိမ်ခူးဆွတ်လျှင် အခြောက် (၂၀၊၂၅) ပိဿာခန့်ရရှိကြောင်း၊ ဇွန်လနှင့် ဇူလိုင်လများတွင် အထွက်နှုန်းပိုကြောင်းသိရှိရပါသည်။ မိမိ၏ဧကဝက်ခန့်ရှိ စိုက်ခင်းကို လူငှား (၄၊ ၅)ယောက်ဖြင့် ခူးဆွတ်ရကြောင်း၊ ခူးဆွတ်ပြီး ကြောင်ပန်းသီးများကို နေပူတွင်(၂)နေခန့်လှန်းရပြီး ပြန်လည်သန့်စင်ရကြောင်း၊ အစေ့အပြင် ခူးဆွတ်ရာတွင်ရောနှောပါဝင်ခဲ့သောအရွက်များမှာလည်း (အခြောက်)တစ်ပိဿာလျှင် ၁၀၀၀ကျပ်ဖြင့် ရောင်းချရကြောင်း၊ ရောင်းချမှုဈေးကွက်အနေဖြင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြကြောင်းနှင့် ကြောင်းပန်းပင်စိုက်ပျိုးသူများ၊ အခင်းပြတ်ဝယ်ယူသူများအနေဖြင့် ကိုယ်တိုင်သွားရောက်ရောင်းချကြသည့်အပြင် ကားပေါ် တင်ပေး၍လည်း တင်ပို့ရောင်းချကြကြောင်း၊ ရွာဘက်ဒေသဈေးနှင့် မန္တလေးဈေးမှာ တစ်ပိဿာလျှင် (၂၀၀၀)ကျပ်ခန့်ကွာဟမှုရှိပြီး ကားတင်ခဈေးအနေဖြင့် တစ်တင်းခွဲဝင်တစ်အိတ်လျှင် (၁၅၀၀၊ ၂၀၀၀)ကျပ်ခန့်ရှိကြောင်းသိရှိရပါသည်။ ယခုအခါ မိမိတို့ကျေးရွာနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများတွင် ရေနှင့်နီးသည့်နေရာများနှင့် မိမိတို့၏အိမ်ခြံဝိုင်းများ၌ တစ်နိုင်တစ်ပိုင်စိုက်ပျိုးမှုများရှိလာကြောင်း၊ အပင်ကို ကိုင်းဖြတ်၍အပင်ပျိုးပြီး ရောင်းချမှုများလည်းရှိလာသောကြောင့် မိမိစိုက်ခင်းကိုလည်း လူစောင့်ငှားရမ်းထားရကြောင်း၊ ပျိုးပင်ဈေးများအနေဖြင့် (၁)ပေအရှည်ရှိ ပျိုးပင်ကိုင်းတစ်ခုလျှင် (၁၀၀၀၊၁၅၀၀)ကျပ်ခန့်ဖြင့် ရွာဘက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။ ကြောင်ပန်စေ့ကို တရုတ်နိုင်ငံသို့  တင်ပို့ရောင်းချပြီး ဆေးဝါးနှင့်အလှကုန်ပစ္စည်းများ ထုတ်လုပ်ကြောင်းနှင့် ဒေသအသီးသီး၌လည်း ဆေးဘက်ဝင်သည့်အတွက် အမျိုးမျိုးအသုံးပြုလျက်ရှိကြောင်းသိရှိရပါသည်။ ယခုဩဂုတ်လအတွင်းတွင် ကြောင်ပန်းစေ့အခြောက်တစ်ပိဿာလျှင် (၄၂၀၀၀)ကျပ်ခန့်ထိဈေးရှိလာပြီး ဈေးကွက်ဝင်သီးနှံဖြစ်သည့်အတွက် တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)

ကရင်ပြည်နယ်တွင် RSS3 ရာဘာဈေးအခြေအနေ

            ၂၀၂၃ ခုနှစ် စက်တင်ဘာလ ပထမအပတ်တွင် RSS 3 ရာဘာဈေးနှုန်းမှာ တစ်ပေါင်လျှင် ၁၆၈၀ ကျပ် ဈေးနှုန်းဖြင့်တည်ငြိမ်လျက်ရှိကြောင်း သိရသည်။

          ပွင့်လင်းရာသီ ရာဘာအစေးခြစ်ချိန်ရာသီအတွင်း ကရင်ပြည်နယ်ဒေသထွက် RSS 3 အမျိုးအစား ရာဘာ ၁ ပေါင်လျှင် ၁၂၀၀ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး မိုးဦးကျအစေးခြစ်ကာလ ပြီးဆုံးချိန်တွင် တစ်ပေါင် ၁၃၄၀ ကျပ်ဖြင့် ဈေးပိတ်ခဲ့ရာမှ တဖြည်းဖြည်းဈေးနှုန်း မြင့်တက်လာခြင်းဖြစ်ပြီး ယခု စက်တင်ဘာလ ပထမအပတ်တွင် ၁၆၈၀ ကျပ် ဈေးနှုန်းဖြင့်တည်ငြိမ် လျက်ရှိသည်။ လက်ရှိအချိန်တွင် ကရင်ပြည်နယ်တွင် RSS 3 နှင့် RSS 5 အမျိုးအစား ၂ မျိုးအရောင်း အဝယ်ဖြစ်လျက်ရှိပြီး RSS 5 အမျိုးအစားမှာ တစ်ပေါင်လျှင် ၁၆၄၀ ကျပ်ဖြစ်ကြောင်း နှင့်ယခုမိုးအဆုံးကာလသည်ကရင်ပြည်နယ်တွင် ရာဘာစိုက်တောင်သူအများစုမှာ ရာဘာအစေးခြစ် လုပ်ငန်းများရပ်နား၍ မြေပြုပြင်ခြင်း၊ ခြုံရှင်း/ခြုံခုတ်နှင့် အပင်အစာကျွေးခြင်းလုပ်ငန်းများဆောင်ရွက်ဆဲ ကာလဖြစ်ကြောင်းနှင့် ရာဘာဈေးနှုန်းမြင့်တက်လာခြင်းကြောင့် လာမည့်အစေးခြစ်ကာလတွင် လုပ်ငန်းရှင်များအနေဖြင့် ရာဘာလုပ်ငန်းမှ အကျိုးအမြတ်ပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်းသိရသည်။

DOCA (ကရင်)

မုံရွာမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း ဆက်လက်မြင့်တက်လျက်ရှိ

   မုံရွာမြို့နယ်အတွင်း ခရမ်းချဉ်သီးကို မိုးဦးနှင့် မိုးနှောင်းကာလများတွင် ဒေသအတွင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။ ခရမ်းချဉ်သီးသည် အပူပိုင်းဒေသနှင့် သမနွေပိုင်းဒေသတို့တွင် ကောင်းမွန်စွာစိုက်ပျိုးဖြစ်ထွန်းသည်။

  ယခုအချိန်တွင် ဒေသတွင်းထွက်ကုန်မရှိသောကြောင့် ဒေသတွင်းခရမ်းချဉ်သီးများဝင်ရောက်မှုနည်းပါးပြီး ဈေးကွက်တွင် ရှမ်းပြည်နယ်၊ အင်းလေး၊ အောင်ပန်းတို့ဘက်မှ ခရမ်းချဉ်သီးများကို ဝယ်ယူရောင်းချလျက်ရှိကြောင်းသိရသည်။ မုံရွာမြို့နယ်အတွင်း ဖြစ်ပေါ်နေသောခရမ်းချဉ်သီးဈေးနှုန်းများမှာ ဩဂုတ်လ ပထမအပတ်တွင် ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ် ၂၄၀၀-၂၆၀၀ မှ ယခုစက်တင်ဘာ ပထမအပတ်တွင် ကျပ် ၂၈၀၀-၃၀၀၀ အထိ ဈေးနှုန်းမြှင့်တက်လျက်ရှိကြောင်းနှင့် ဈေနှုန်းမြှင့်တက်ရခြင်းမှာ ဒေသတွင်းထွက်ကုန်မရှိခြင်း၊ ဈေးကွက်အတွင်းသို့ အခြားဒေသများမှ ခရမ်းချဉ်သီးများဝယ်ယူရောင်းချရာတွင် စက်သုံးဆီဈေးနှုန်းများကြီးမြင့်မှုကြောင့် သယ်ယူစရိတ်မြှင့်မားခြင်းကြောင့်ဖြစ်ကြောင်း ခရမ်းချဉ်သီးပွဲရုံများထံမှသိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း