ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကြို့ပင်ကောက်မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် ဆန်တစ်ပြည်လျှင် ၂၅၀၀ကျပ်နှုန်းဖြင့် ရောင်းချပေးရန် စီစဉ်ဆောင်ရွက်

   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ ထွေအုပ်ရုံး၌ (၂၈-၈-၂၀၂၃) ရက်နေ့တွင် မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၏ ဦးဆောင်မှုဖြင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းက ဆန်အိတ် (၅၀၀)ကို မိုးစပါးအသစ်မပေါ်မီအချိန်ကာလအထိ ဧည့်မထဆန်တစ်ပြည်လျှင် (၂၅၀၀) ကျပ်နှုန်းဖြင့် နေ့စဉ် ဆန်စက်လုပ်ငန်းရှင်များ၏ ဆန်အရောင်းဆိုင်များဖြစ်သော နွယ်ခွေရပ်ကွက်၊  နွယ်ခွေလမ်း၊ ဟံသာစိုးဆန်ဆိုင်တွင်လည်းကောင်း၊ ရွာမမြောက်ရပ်ကွက်၊ မြောက်ရွာမလမ်းရှိ ညိမ်းသုခဆန်စက်များတွင်လည်းကောင်း နှစ်နေရာခွဲ၍ အခြေခံစားသုံးသူမည်သူမဆို ရောင်းချပေးမည်ဖြစ်ကြောင်းကို မြို့နေသူ၊ တောနေသူများပါ သိရှိနိုင်ရန်အတွက် ကြိုတင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် လိုက်လံကြော်ငြာပေးရန်ဖြစ်ကြောင်း၊ အဆိုပါဆောင်ရွက်မှုတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ စားသုံးသူရေးရာဌာနမှ ဦးစီးမှူးနှင့် ဆန်စက်လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ရှိ ပြောင်းဖူးဈေးကွက်အခြေအနေ

    တောင်ငူမြို့အနီးရှိ ရှမ်းဝတီး၊ ဗမာဝတီး၊ ဒိုးသောင်၊ ရွှေကြက်ယက်၊ သဖန်းပင် စသည့် ပြောင်းဖူးစိုက်သည့် ကျေးရွာများမှာ ပြောင်းဖူးများကို တောင်ငူမြို့ ညောင်ပင်ဈေးသို့ ကိုယ်တိုင် သော်လည်းကောင်း၊ တစ်ဆင့်ခံသော်လည်းကောင်း လာရောက်ရောင်းချလျက်ရှိကြပါသည်။

    ပြောင်းဖူး(အဖြူ) အသေးတစ်ဖူးလျှင် ယခုအပတ်တွင် ၂၀၀ ကျပ်၊ ၁၀ ဖူးယူလျှင် ၁၈၀၀ ကျပ်၊ အကြီး တစ်ဖူးလျှင် ၃၅၀ ကျပ်၊ ၁၀ ဖူးယူလျှင် ၃၂၀၀ ကျပ်၊ ပြောင်းဖူး(အဝါ) အသေး တစ်ဖူးလျှင် ၂၅၀ ကျပ်၊ ၁၀ ဖူးယူလျှင် ၂၂၀၀ ကျပ်၊ အကြီး တစ်ဖူးလျှင် ၃၅၀ ကျပ်၊ ၁၀ ဖူးယူလျှင် ၃၃၀၀ ကျပ်၊ ဘိုကတော်ပြောင်းဖူး၊ ငှက်နီမဟုခေါ်သောပြောင်းဖူး အသေး တစ်ဖူးလျှင် ၁၅၀ ကျပ်၊ ၁၀ ဖူး ယူလျှင် ၁၂၀၀ ကျပ်၊ အကြီး တစ်ဖူးလျှင် ၂၅၀ ကျပ်၊ ၁၀ ဖူးယူလျှင် ၂၂၀၀ ကျပ်ရှိပါသည်။

    ပြောင်းဖူးစိုက်သူကိုယ်တိုင် လာရောက်ရောင်းချပါက ပြောင်းဖူးချိုးခသာ ကုန်ကျပြီး တွက်ချေကိုက်ကြောင်း၊ အခင်းပြတ်ရောင်းပါက ဈေးမကိုက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်)

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ရည်ညွှန်းပါစာလမ်းညွှန်ချက်အရ ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်) ၃၂/၂၀၂၃ အား သိရှိလမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြအပ်ပါသည်။

မြန်မာ့ရိုးရာအစားအစာ ဘိန်းမုန့်

    မြန်မာလူမျိုးတို့သည် မြန်မာရိုးရာအစားအစာများကို အများဆုံးနှစ်သက်ကြပါသည်။ နံနက်ခင်းတစ်ကြိမ်၊ ညနေခင်းတစ်ခါ အဆာပြေစားလေ့ရှိရာ မြန်မာရိုးရာဘိန်းမုန့်ကိုလည်း ရေနွေးကြမ်း၊ လက်ဖက်ရည်၊ ကော်ဖီတို့နှင့်တွဲဖက်၍စားသုံးကြပါသည်။

    ဘိန်းမုန့်အနီပြုလုပ်ရန် ဆန် (၃) ပြည်၊ ကြက်ဥ (၂၀) လုံး၊ ဆီ (၈၀) ကျပ်သား၊ ထောပတ်(၁၀) ကျပ်သား၊ ထန်းလျက် (၈၀) ကျပ်သား၊ သကြား (၅၀) ကျပ်သား၊ ဘိန်းစေ့ (၁၀) ကျပ်သား၊ အုန်းသီး (၁) လုံး၊ ဆော်ဒါအနည်းငယ်ထည့်ပြီး မီးဖြင့်ဖုတ်ရပါသည်။ ၎င်းအချိုးအတိုင်း ဘိန်းမုန့်အနီပြုလုပ်ပါက ဘိန်းမုန့်အချပ်ပေါင်း (၂၅၀)ချပ်ရရှိပါသည်။ တစ်ချပ်လျှင် (၃၀၀) ကျပ်ဖြင့် ရောင်းချရပါသည်။ ကုန်ကျငွေစုစုပေါင်း (၄၀၀၀၀) ကျပ်ခန့်ကုန်ကျပါသည်။ စုစုပေါင်းရောင်းရငွေ (၇၅၀၀၀) ကျပ်ရရှိသဖြင့် အမြတ်ငွေ (၃၀၀၀၀) ကျပ်ရရှိပါသည်။

   ဘိန်းမုန့်အဖြူပြုလုပ်ရန် ဆန် (၇) လုံး၊ ကြက်ဥ (၅) လုံး၊ ပဲပြုတ် (၂၀) ကျပ်သား၊ ဆီ (၂၀) ကျပ်သား၊ နံနံပင် (၁၀) ကျပ်သား၊ နှမ်း (၁) ဘူး၊ ဆော်ဒါအနည်းငယ်ထည့်ပြီး မီးဖြင့်ဖုတ်ရပါသည်။ ၎င်းအချိုးအတိုင်း ဘိန်းမုန့်အဖြူပြုလုပ်ပါက ဘိန်းမုန့်အချပ်ပေါင်း (၈၀) ချပ်ရရှိပါသည်။ တစ်ချပ်လျှင် (၃၀၀) ကျပ်ဖြင့် ရောင်းချရပါသည်။ ကုန်ကျငွေစုစုပေါင်း (၁၀၀၀၀) ကျပ်ခန့်ကုန်ကျပါသည်။ စုစုပေါင်းရောင်းရငွေ (၂၄၀၀၀) ကျပ်ရရှိသဖြင့်  အမြတ်ငွေ (၁၄၀၀၀) ကျပ်ရရှိပါကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း( ၁၂.၉.၂၀၂၃ )

    ၁၂.၉.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း( ၁၂.၉.၂၀၂၃ )

   ၁၂.၉.၂၀၂၃ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

မုဒုံမြို့၌ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာရောင်းချပေးနေ

     မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၇-၉-၂၀၂၃) ရက်နေ့တွင် မုဒုံမြို့နယ်၌ စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးသူများက စားသောက်ကုန်ပစ္စည်းများကို မုဒုံမြို့နယ်၊ မြို့မဈေးအနောက်တွင် ဒေသခံပြည်သူများအား ဈေးနှုန်းသက်သာစွာရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

    ထိုသို့ရောင်းချပေးရာတွင် မုဒုံမြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် ဆန်စပါးကုန်သည်များအသင်းတို့ပူးပေါင်း၍ ဧည့်မထဆန်တစ်ပြည်လျှင် (၂၅၀၀) ကျပ်၊ မွန်ပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက စားသုံးဆီတစ်ပိဿာလျှင် (၄၈၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၃၅၀၀) ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ ကြက်သားတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် (၂၁၀၀၀) ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၂၅၀) ကျပ်၊ ငါးတန်တစ်ပိဿာလျှင် (၄၅၀၀) ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၇၄၀၀) ကျပ်၊ ပလာတူးနှင့်ငါးဖမ်းမတစ်ပိဿာလျှင် (၄၀၀၀) ကျပ်နှင့် ဟင်းသီးဟင်းရွက်အမျိုးမျိုးတို့ကိုရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

     မုဒုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်ကုန်ပစ္စည်းများကို ပြင်ပဈေးနှုန်းထက် သက်သာစွာဝယ်ယူနိုင်ရန် ရောင်းချပေးခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မွန်)

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၂.၉.၂၀၂၃ )

   ၁၂.၉.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ဥတုမရွေးစိုက်ပျိုးနိုင်သည့် ရုံးပတီသီး

    တောင်ငူမြို့နယ်၊ ဒိုးသောင်ကျေးရွာအုပ်စုရှိ ကျေးရွာများတွင် ရုံးပတီသီးများကို တွင်ကျယ်စွာ စိုက်ပျိုးကြပါသည်။ ရုံးပတီသီးများ စိုက်ပျိုးရာတွင် စိုက်ပျိုးမည့်မြေနေရာကို ပထမဦးဆုံး ထွန်ယက်ရပါသည်။ ပြီးလျှင် နည်းလမ်းနှစ်သွယ်ဖြင့် စိုက်ပျိုးနိုင်ပါသည်။

     ထွန်ယက်ပြီးသားမြေကို ပေါက်တူးဖြင့် တစ်ကျင်းစီပေါက်ဆွ၍ဖြစ်စေ ၊ ထယ်သွားဖြင့် မြောင်းဖော်၍ဖြစ်စေ ရုံးပတီသီးမျိုးစေ့အား တစ်ကျင်းလျှင် ၄ စေ့၊ ၅ စေ့နှုန်းဖြင့် စိုက်ပျိုးနိုင်ပါသည်။ တစ်ကျင်းနှင့်တစ်ကျင်းကြား တစ်ပေခန့်ခွာ၍ စိုက်ပျိုးကြပါသည်။ တစ်တန်းနှင့် တစ်တန်းကြား အကွာအဝေးမှာ နှစ်ပေခန့်ထားရှိပါသည်။

      ရုံးပတီကို ရာသီမရွေး စိုက်ပျိုးနိုင်ပါသည်။ စတင်စိုက်ပျိုးသည့်အချိန်မှ ၁၅ ရက်ပြည့်လျှင် အပင်အား မြေဩဇာကျွေးပြီး ဘောင်ဆွဲရပါသည်။ မိမိနှစ်သက်ရာ အပင်အားဆေးကို တစ်ပတ်လျှင် တစ်ကြိမ် ကျွေးနိုင်ပါသည်။

   စတင်စိုက်ပျိုးချိန်မှ ရက် ၆၀ ပြည့်လျှင် ဆွတ်ခူးနိုင်ပါသည်။ နှစ်ရက်ခြားတစ်ကြိမ် ဆွတ်ခူးနိုင်ပါသည်။ ရုံးပတီသီး ၁၀ တောင့်ပါ တစ်စည်းလျှင် ၃၀၀ ကျပ်ဖြင့် တောင်ငူမြို့ ညောင်ပင်ဈေးသို့ လက်ကားရောင်းချလျက်ရှိပါသည်။ လက်လီမှာ တစ်စည်းလျှင် ၄၀၀ ကျပ်ရောင်းရကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဈေးနှုန်းမြင့်တက်ပြည်ကြက်သွန်ဈေးကွက်

       ယခု ဩဂုတ်လ စတုတ္ထပတ်တွင် ပြည်ကြက်သွန်နီဈေးများမှာ ဩဂုတ်လဆန်းပိုင်းနှင့်ယှဉ်လျှင် တစ်ပိဿာကို ပျမ်းမျှ ကျပ်(၁၁၀၀-၁၃၀၀)ခန့် မြင့်တက်သွားကြောင်း သိရပါသည်။ ကြက်သွန်နီ အဓိကထွက်ရှိရာ မကွေးတိုင်း၊ မန္တလေးတိုင်းတို့မှ ယခုအချိန်သည် ကြက်သွန်နီ ဈေးကောင်းရနေချိန်ဖြစ်သဖြင့် ရန်ကုန်၊ မော်လမြိုင် ဝယ်လက်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်ပဝယ်လက်များမှ အဆွဲများနေသည့်အတွက် ပြည်ဈေးကွက်သို့ ဝင်ရောက်မှုနည်း သွားကြောင်း သိရပါသည်။ ပြည်ဈေးကွက်သို့ ဆိတ်ဖြူ၊ ကျောက်ပန်း၊ အောင်လံဘက်မှ ပိဿာချိန် (၄၅၀၀)ခန့်ကို ရက်ခြားသာအဝင်ရှိနေပြီး အရောင်းအဝယ်မှာလည်း အဝင်နည်း ကာ ဈေးမြင့်သည့်အတွက် အရောင်းအဝယ်အေးနေကြောင်း သိရပါသည်။ ဝါတွင်းကာလ အလှူပွဲပြုလုပ်သည့် အလှူရှင်များ၊ ဒေသတွင်းအိတ်ဆွဲဝယ်ရောင်းသမားများ ပန်းတောင်း၊ ဧရာဝတီ၊ ရခိုင်နှင့် သာယာဝတီတို့သို့ နယ်ကျော်၊ တိုင်းကျော် စီးဆင်းမှုများအဖြစ် ရောင်းဝယ်မှုရှိနေပါသည်။ ဈေးနှုန်းများမှာ ပွဲရုံ (လက်ကား)ဈေးတစ်ပိဿာကို ကြီး/လတ်/ သေးကျပ် (၃၂၀၀/၃၄၀၀/၃၅၀၀)နှုန်းတို့ရှိပြီး လက်လီဈေးအသေးများတွင် ကျပ်(၃၆၀၀/ ၃၇၀၀-၃၈၀၀/ ၃၉၀၀-၄၀၀၀)နှုန်းတို့ဖြင့် အသီးသီး ရောင်းဝယ်မှုရှိနေကြောင်း သိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း