ပန်းနှမ်းသည် မြန်မာနိုင်ငံရှိ ဆီထွက်သီးနှံများအနက် တစ်မျိုးအပါအဝင်ဖြစ်ပြီး ပြည်ပဝင်ငွေ ရှာဖွေပေးသော သီးနှံအမျိုးအစား တစ်မျိုးလည်း ဖြစ်ပါသည်။ ပန်းနှမ်းသည် သမပိုင်းဒေသ သီးနှံအမျိုးအစား ဖြစ်သော်လည်း အပူပိုင်းဒေသ၌လည်း စိုက်ပျိုးဖြစ်ထွန်းသည့် အပင်ဖြစ်သည်။ နေကြာပင် နှင့် မျိုးရင်းတူသော အပင်ဖြစ်ပြီး တစ်ခင်းလုံးဝါထိန် နေအောင်ပွင့်သည်။ တစ်ဧက (7)တင်းမှ (12) တင်း ခန့်အထိ ထွက်၍ အစေ့တစ်တင်းမှ ဆီ(၆)ပိဿာခန့် ရရှိနိုင်သဖြင့် တစ်ဧကစိုက်ပျိုးလျှင် ဆီ(42)ပိဿာ ကျော်ခန့် ရရှိနိုင်ကြောင်း လေ့လာသိရှိရပါသည်။ ပန်းနှမ်းသည် ရေကြမ်း၊ မြေကြမ်း၊ ရာသီဥတု ကြမ်းတမ်းမှုကို ခံနိုင်သည့် အပင်အမျိုးအစားဖြစ်သဖြင့် ပြည်တွင်းဒေသအနှံ့ စိုက်ပျိုးနိုင်သော်လည်း ယခုလက်ရှိတွင် ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် အဓိကစိုက်ပျိုးကြောင်း လေ့လာသိရှိရပါသည်။
ပန်းနှမ်းကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးပြီး ဇန်နဝါရီလ၊ ဖေဖော်ဝါရီလ နှင့် မတ်လများတွင် ထွက်ရှိကြောင်း လေ့လာသိရှိရပါသည်။ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ စာရင်းအရ 2021 ခုနှစ်၊ ပန်းနှမ်း ရည်မှန်းစိုက်ဧကအနေဖြင့် (343,915)ဧက၊ ရိတ်ဧက (343,915)၊ အထွက်နှုန်း (10.94)တင်း ဖြစ်သည့်အတွက် ပန်းနှမ်းအထွက်တင်းပေါင်း (3,763,310) တင်း ဖြစ်ကြောင်း သိရှိရပါသည်။
(21.1.2021)ရက်နေ့ ပြည်တွင်း စျေးကွက်တွင် ဖြစ်ပေါ်နေသော ပန်းနှမ်းစျေးနှုန်းများမှာ
မန္တလေး - ၁၀၂၀၈၀၀/- ကျပ်
တောင်ကြီး - ၉၇၉၈၀၀/- ကျပ် ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။
ပန်းနှမ်း ပြည်ပတင်ပို့မှု အခြေအနေမှာ 2019-2020 ဘဏ္ဍာနှစ်တွင် တန်ချိန်(10,797.350) တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (7.002)သန်း တင်ပို့နိုင်ခဲ့ပါသည်။ 2020-2021 ဘဏ္ဍာနှစ် (1.10.2020 မှ 8.1.2021) ရက်နေ့ထိ ပြည်ပနိုင်ငံများသို့ ပန်းနှမ်း တန်ချိန် (152) တန်၊ တန်ဖိုးအား ဖြင့် အမေရိကန်ဒေါ်လာ (0.122)သန်း တင်ပို့နိုင်ခဲ့ကြောင်း လေ့လာသိရှိရပါသည်။
လက်ရှိအခြေအနေအရ ပန်းနှမ်းကို အိန္ဒိယနှင့် တရုတ်နိုင်ငံတို့က ဝယ်ယူမှုရှိနေသဖြင့် စတင် ထွက်ပေါ်ချိန်မှာပင် စျေးကောင်း ရရှိနေကြောင်း မန္တလေး ပဲမျိုးစုံစျေးကွက်မှ လေ့လာသိရှိရပါသည်။ ပန်းနှမ်းကို အိန္ဒိယနိုင်ငံက အများဆုံးဝယ်ယူပြီး တရုတ်နိုင်ငံက ဒုတိယအများဆုံး ဝယ်ယူကြောင်း သိရှိရပါသည်။ ယခုနှစ် ပန်းနှမ်း စတင်ပေါ်ထွက်ချိန်ဖြစ်သည့် ဒီဇင်ဘာလ၌ပင် ယခင်နှစ် အလားတူ ကာလတွင် သုံးတင်းဝင်တစ်အိတ်လျှင် (၈၀၀၀)ကျပ်ခန့် စျေးပိုမိုရရှိနေကြောင်း လေ့လာသိရှိရပါ သည်။
ပန်းနှမ်းကို ပြည်ပကဝယ်ယူမှုရှိသကဲ့သို့ ပြည်တွင်း၌ ဆီကြိတ်ပြီး မုန့်လုပ်ငန်းများတွင် ကြော်ဆီ အဖြစ် အသုံးပြုကြောင်း လေ့လာသိရှိရပါသည်။ ပြည်ပနိုင်ငံများတွင် ပန်းနှမ်းကို စားသုံး ဆီအဖြစ် အသုံးပြုခြင်းထက် အလှကုန်ပစ္စည်းနှင့် ဆေးဝါးထုတ်လုပ်သည့် လုပ်ငန်းများတွင် အသုံးပြု ကြောင်း လေ့လာသိရှိရပါသည်။ ပန်းနှမ်းကို အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံများမှ ဝယ်လိုအားကောင်း ပါက ယခင်နှစ်ထက် တင်ပို့မှု ပိုများနိုင်မည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။
လက်ရှိအခြေအနေတွင် ပန်းနှမ်းများမှာ ရိတ်သိမ်းဆဲဖြစ်သော်လည်း ယခုနှစ်တွင် ရာသီဥတု ကောင်းမွန်သောကြောင့် ပန်းနှမ်းအထွက်နှုန်းမှာ အသင့်အတင့် ကောင်းမွန်နိုင်မည်ဟု ခန့်မှန်းထားကြောင်း လေ့လာသိရှိရပါသည်။