ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အဝယ်သွက်လာတဲ့ကွမ်းသီးစိမ်းနု

   ကွမ်းသီးဟုဆိုပါလျှင်   ယခင်နှစ်များစွာက အရောင်းအဝယ်ပြုလုပ်ရာတွင် ကွမ်းသီးအမှည့်ရင့်ရင့်ကိုသာ  ရောင်းဝယ်ဖောက်ကားလာခဲ့ကြပြီး ယခုနှစ်များတွင် ကွမ်းသီး(အနု)များပိုမို အရောင်းအဝယ်သွက်နေခဲ့ပါသည်။ သာယာဝတီခရိုင်အတွင်း၌ စိုက်ပျိုးထားသော ကွမ်းသီးပင် များမှာ စီးပွားဖြစ် စိုက်ပျိုးခြင်းမရှိသော်လည်း အိမ်ခြံဝန်းအတွင်း၊ ဘုန်းကြီးကျောင်းဝန်းခြံများ၊ ခြံစည်းရိုးများအဖြစ်  စိုက်ပျိုးထားရှိသော တစ်နိုင်တစ်ပိုင်အပင်များမှ ကွမ်းသီးစိမ်းနုလေးများကို  တစ်လုံးလျှင် ၂၀ ကျပ်မှ ၃၀ကျပ်အထိပေး၍ ဝယ်ယူလျက်ရှိရာ ဝယ်ယူသူများဘက်မှ ကိုယ်တိုင်ခူး စနစ်ဖြင့် ဝယ်ယူလျက်ရှိပါသည်။ ကွမ်းသီးအမှည့်ချိန်ထိ ထားရှိပြီးရောင်းချလျှင် အမှည့်မညီညာ၍ ကြွေကျခြင်းများရှိ၍ ရောင်းချမှုဘက်၌ အလေအလွင့်ရှိ၍ ကွမ်းသီးမှည့်ချိန်ရောင်းချမှုနှင့်လည်း ဈေးနှုန်းကွာဟမှု  မရှိသဖြင့် ကွမ်းသီးစိမ်းအနုများကိုသာ ရောင်းဝယ်မှု သွက်နေပါကြောင်း သိရှိရပါ သည်။

DOCA(ပဲခူး)

ရွှေတောင်ဒေသထွက် မြန်မာရေမွှေးနှင်းဆီအရောင်းသွက်လျက်ရှိ

     ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယခုလိုမိုးရာသီအချိန်တွင် နှင်းဆီပန်း မျိုးစုံစိုက်ပျိုး ထွက်ပေါ်လာပြီး ထိုနှင်းဆီပန်းများထဲတွင် မြန်မာရေမွှေးနှင်းဆီလည်း အပါအဝင်ဖြစ်ပါသည်။ မြန်မာ ရေမွှေးနှင်းဆီ အနံ့သည် မွှေးကြိုင်သင်းပျံ့သောအနံ့ရှိပြီး ဘုရားပန်းအဖြစ် ကပ်လှူပူဇော်လျှင် ဘုရားခန်းတွင်မွှေးကြိုင်ပြီး ဘုရားရှိခိုးလျှင် အလွန်စိတ်ကြည်နူးစရာကောင်းပါသည်။ မြန်မာရေမွှေးနှင်းဆီပန်းသည် အပွင့်သေးငယ်၍ ဘုရားကပ်လှူထားလျှင် (၃)ရက်မှ (၅)ရက်အထိ အထားခံကြောင်း သိရပါသည်။

  ရွှေတောင်မြို့နယ်တွင် ရေမွှေးနှင်းဆီအပြင် အခြားနှင်းဆီပန်းများလည်း စိုက်ပျိုးကြသဖြင့် စီးပွားဖြစ်ပန်းစိုက်ခင်းများရှိပါသည်။ ရေမွှေးနှင်းဆီမှာ မွေးသောရနံ့ရှိသဖြင့် လူအများအကြိုက် တွေ့သောပန်းဖြစ်သဖြင့် ဈေးကွက်တွင် အရောင်းအဝယ်သွက်လျက်ရှိပါသည်။ ဈေးကွက်အနေဖြင့် လက်ကားဈေးသည်များက ခြံအရောက်လာ၍ ဝယ်ယူကြခြင်း၊ ရွှေတောင်မြို့ရှိ ပန်းသည်များကလည်း ခြံများမှဝယ်ယူပြီး ပြည်မြို့ရှိ ဈေးကွက်များသို့ တင်ပို့ရောင်းချကြောင်းသိရပြီး အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရပါသည်။ ရောင်းဈေးအနေဖြင့် ရေမွှေးနှင်းဆီ (၁၀)ပွင့်ပါ တစ်စည်းလျှင် (၈၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ညောင်လေးပင်မြို့မဈေးရှိကြက်သွန်ဖြူ/နီ ဈေးနှုန်းမြှင့်တက်လျက်ရှိ

    ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင် မြို့မဈေးကြီးတွင် စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အလှကုန်လူသုံးကုန်ပစ္စည်းများ စသည်ဖြင့် စည်ကားသိုက်မြိုက်စွာ ရောင်းချလျက်ရှိပါသည်။

‌    ညောင်လေးပင်မြို့မဈေးတွင်   ရောင်းချလျက်ရှိသော ကြက်သွန်ဖြူ/နီ ဈေးနှုန်းများ၏ လက်ရှိဈေးကွက်အတွင်းဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ ဩဂုတ်လ ဒုတိယအပတ်တွင် ကြက်သွန်နီ တစ်ပိဿာလျှင် ၂၅၀၀ကျပ် ၊  တတိယအပတ်တွင်  တစ်ပိဿာလျှင် ၃၃၀၀ ကျပ်၊ ဒုတိယအပတ်တွင် ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာလျှင် ၈၆၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ၇၅၀၀ ကျပ်ရှိပြီး တတိယအပတ်တွင် ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာလျှင် ၉၄၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ၈၅၀၀ ကျပ်ဖြင့်  ရောင်းချလျက်ရှိပြီး  ဒုတိယအပတ်နှင့် တတိယအပတ် နှိုင်းယှဉ်မည်ဆိုလျှင်  ကြက်သွန်နီတစ်ပိဿာလျှင် (၈၀၀)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာလျှင် (၈၀၀) ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် (၁၀၀၀)ကျပ် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ညောင်လေးပင်မြို့ ဆန်ဈေးနှုန်း

      ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင်ခရိုင် ၊ ညောင်လေးပင် မြို့မဈေးကြီးတွင် ဆန်၊ အသား/ ငါး၊ ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများ၊ အလှကုန်လူသုံးကုန်ပစ္စည်းများ စသည်ဖြင့် စည်ကား သိုက်မြိုက်စွာ ရောင်းချလျက်ရှိပါသည်။

     မြို့မ(၁)ရပ်ကွက်၊ ဘုရားကြီးလမ်း ပန်းကံ့ကော်ဆန်ဆိုင်မှ ဆန်ဈေးနှုန်းများစုံစမ်းခဲ့ရာ ဩဂုတ်လ တတိယအပတ်တွင် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင်(၁၄၉၀၀၀)ကျပ်၊ ရွှေဘို ပေါ်ဆန်း တစ်ပြည်လျှင်(၆၃၀၀)ကျပ်၊ မြောင်းမြပေါ်ဆန်း တစ်အိတ်လျှင်(၁၂၀၀၀၀ )ကျပ်၊ မြောင်းမြပေါ်ဆန်း တစ်ပြည်လျှင်(၅၀၀၀)ကျပ်၊ ပုသိမ်ဇီယာ တစ်အိတ်လျှင် (၈၃၀၀၀)  ကျပ်၊ ပုသိမ်ဇီယာ တစ်ပြည်လျှင် (၃၅၀၀)ကျပ်၊ရန်ကုန်ဇီယာ တစ်အိတ်လျှင် (၈၃၅၀၀)ကျပ်၊ ရန်ကုန်ဇီယာ တစ်ပြည်လျှင် (၃၆၀၀)ကျပ်၊  ဧည့်မထဆန်(ဟောင်း) တစ်အိတ်လျှင် ( ၈၁၀၀၀ )ကျပ်၊ ဧည့်မထဆန်(ဟောင်း) တစ်ပြည်လျှင်  (၃၄၀၀ )ကျပ် အသီးသီးရှိပြီး နေစဉ်နှင့်အမျှ ဈေးနှုန်းပြောင်းလဲနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် ဆန်ဈေးတက်

       တောင်ငူမြို့တွင်  ရွှေဘိုပေါ်ဆန်းမှာ ယခင်အပတ်က တစ်အိတ်လျှင် ၁၃၀၀၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းမှာ ယခင်အပတ်က တစ်အိတ် လျှင် ၁၂၀၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၁၃၀၀၀၀ ကျပ်၊ ဒေသပေါ်ဆန်းမှာ ယခင်အပတ်က တစ်အိတ်လျှင် ၁၁၃၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်၊ ဧည့်မထ(မိုးဆန်)မှာ ယခင်အပတ်က တစ်အိတ်လျှင် ၈၅၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် ၈၇၀၀၀ ကျပ်၊ ဧည့်မထ(နွေဆန်)မှာ ယခင်အပတ်က တစ်အိတ်လျှင် ၆၅၀၀၀ ကျပ်ရှိရာမှ ယခု အပတ်တွင် တစ်အိတ်လျှင် ၆၇၀၀၀ ကျပ်ဖြင့် ဈေးနှုန်း မြင့်တက်ပါသည်။     

      မိုးစပါးမှာ ယခင်အပတ်က တင်း ၁၀၀ လျှင် ၂၄၀၀၀၀၀ ကျပ်မှ ယခုအပတ်တွင် တင်း ၁၀၀ လျှင် ၂၄၅၀၀၀၀ ကျပ်ရှိပြီး နွေစပါးမှာ တင်း ၁၀၀ လျှင် ၂၀၀၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်း တည်ငြိမ်နေပါသည်။ ဆန်ကွဲကြီးမှာ တစ်အိတ်လျှင် ၆၀၀၀၀ ကျပ်၊ ဆန်ကွဲသေးမှာ တစ်အိတ်လျှင် ၄၉၀၀၀ ကျပ်နှင့် ဖွဲနုမှာ တစ်အိတ်လျှင် ၃၁၀၀၀ ရှိပါသည်။

       မတ်ပဲ(၃၀ ပိဿာအိတ်) ယခင်အပတ်က တစ်အိတ်လျှင် ၁၁၄၅၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် ၁၁၈၀၀၀ ကျပ်ဖြင့် ဈေးအနည်းငယ်တက်ပြီး ပဲလွန်းဖြူမှာ ယခုအပတ်တွင် အရောင်းအဝယ် မဖြစ်ကြောင်း၊ ပဲတီစိမ်းမှာလည်း လက်ကျန်မရှိတော့၍ အရောင်းအဝယ်မရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင် ဖြူးမြို့တွင် အခြေခံစားကုန်အချို့ဈေးနှုန်းအတက်အကျရှိ

    တောင်ငူခရိုင်၊ ဖြူးမြို့တွင် ယခုလအစောပိုင်းက ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်ရှိရာမှ ယခုသြဂုတ်လ တတိယပတ်တွင် ၁၃၈၀၀၀ ကျပ်၊ ဧည့်မထ(နွေ)ဆန် ယခုလ အစောပိုင်းက တစ်အိတ်လျှင် ၆၃၀၀၀ ကျပ်မှ ယခုသြဂုတ်လ တတိယပတ်တွင် တစ်အိတ်လျှင် ၆၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်း မြင့်တက်လျက်ရှိပါသည်။

     မြေပဲဆီမှာ ယခုလ အစောပိုင်းက တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ် ရှိရာမှ ယခုသြဂုတ်လ တတိယပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်မှ ၁၆၀၀၀ ကျပ်အထိ၊ စားအုန်းဆီမှာ ယခုလအစောပိုင်းက တစ်ပိဿာလျှင် ၈၅၀၀ ကျပ်ရှိရာမှမှ ယခုသြဂုတ်လ တတိယပတ်တွင် တစ်ပိဿာလျှင် ၁၀၅၀၀ ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်ပါသည်။

     ကြက်သွန်နီမှာ ယခုလအစောပိုင်းက အသေး ၂၂၀၀ ကျပ်၊ အလတ် ၂၅၀၀ ကျပ်၊ အကြီး ၂၇၀၀ ကျပ်ရှိရာမှ ယခုသြဂုတ်လ တတိယပတ်တွင် တစ်ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၃၂၀၀ ကျပ်အထိ၊ ကြက်သွန်ဖြူမှာ ယခုလအစောပိုင်းက တစ်ပိဿာလျှင် အသေး ၈၀၀၀ ကျပ်၊ အလတ် ၈၅၀၀၊ အကြီး ၉၅၀၀ ကျပ်ရှိရာမှ ယခုသြဂုတ်လ တတိယပတ်တွင် အသေး ၉၀၀၀ ကျပ်၊ အလတ် ၉၅၀၀ ကျပ်၊ အကြီး တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်အထိဖြင့် ဈေးနှုန်းမြင့်တက်ပါသည်။

    ငရုတ်ခြောက် အရှည်မှာ ယခုလအစောပိုင်းတွင် တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ် ရှိရာမှ ယခုသြဂုတ်လ တတိယပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်၊ ကုလားပဲခြမ်းမှာ ယခင်လကုန်ပိုင်းက တစ်ပိဿာ လျှင် ၅၈၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၆၅၀၀ ကျပ်ဖြင့်ဈေးနှုန်းကျဆင်းပါသည်။

     မြေပဲဆံ(အနီ)မှာ ယခုလအစောပိုင်းက တစ်ပိဿာလျှင် ၉၀၀၀ ကျပ်ရှိရာမှ ယခုသြဂုတ်လ တတိယပတ်တွင် တစ်ပိဿာလျှင် ၉၅၀၀  ကျပ်၊ မြေပဲဆံ(အဖြူ)မှာ ယခုလ အစောပိုင်းက တစ်ပိဿာလျှင် ၇၀၀၀ ကျပ်ရှိရာမှ ယခုသြဂုတ်လ တတိယပတ်တွင် တစ်ပိဿာလျှင် ၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူဒေသ မိုးရာသီရေကြီးမှုကြောင့် သခွားသီးနှင့်ရုံးပတီသီးများဈေးတက်

        တောင်ငူဒေသတွင် ယခင်အပတ်က မိုးရွာသွန်းမှုများသောကြောင့် ရေကြီးနစ်မြှုပ်မှုများ ဖြစ်ခဲ့၍ တပိုင်တနိုင်စိုက်ပျိုးကြသော သခွာသီးနှင့် ရုံးပတီသီးများပျက်စီးမှုများ ရှိခဲ့သဖြင့် ယခုအပတ်တွင် ဈေးနှုန်းမြင့်တက်လာပါသည်။

     ယခင်က သခွားသီးမှာ စိုက်ခင်းဈေး တစ်ပိဿာ ၂၅၀ ကျပ်မှ ၃၀၀ ကျပ်အထိရှိပြီး မြို့ပေါ် ရှိ ဈေးများတွင် တစ်ပိဿာလျှင် ၅၀၀ ကျပ်မှ ၆၀၀ ကျပ်အထိသာ ရှိခဲ့သော်လည်း ယခုသြဂုတ်လ နောက်ဆုံးပတ်တွင် စိုက်ခင်းဈေး တစ်ပိဿာ ၁၀၀၀ ကျပ်မှ ၁၁၀၀ ကျပ်အထိရှိသဖြင့် မြို့ပေါ်ဈေး များတွင် တစ်ပိဿာလျှင် ၁၅၀၀ ကျပ်မှ ၁၆၀၀ ကျပ်အထိ ရောင်းချပါသည်။

    ရုံးပတီသီးမှာ ယခင်က စိုက်ခင်းတွင် ၁၀ စည်းကတ် တစ်ကတ်လျှင် ၉၀ ကျပ်မှ ၁၁၀ ကျပ် အထိရှိပြီး မြို့ပေါ်ဈေးတွင် ၁၀ စည်း တစ်ကတ်လျှင် ၁၅၀ ကျပ်မှ ၂၀၀ ကျပ်အထိသာ ရှိသော် လည်း ယခုသြဂုတ်လ နောက်ဆုံးပတ်တွင် စိုက်ခင်းဈေး ၁၀ စည်း တစ်ကတ်လျှင် ၂၅၀ ကျပ်မှ ၃၀၀ ကျပ်အထိရှိပြီး မြို့ပေါ်ဈေးများတွင် ၁၀ စည်း တစ်ကတ်လျှင် ၄၅၀ ကျပ်မှ ၅၀၀ ကျပ်အထိ ရောင်းချ ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့ရှိ ဒညင်းသီးဈေးကွက်

    တောင်ငူမြို့သို့ အနယ်နယ်အရပ်ရပ်မှ သစ်သီးဝလံများ ဟင်းသီးဟင်းရွက်များ လာရောက်ရောင်းချလျက်ရှိရာ မော်လမြိုင်ဒညင်းသီးမှာ လူသိများပြီး အရောင်းသွက်သောသီးနှံ တစ်မျိုးဖြစ်ပါသည်။

   ယခုအပတ်တွင် ဒညင်းသီးအလုံးသေး ၁၀ လုံးလျှင် ၃၅၀ ကျပ်၊ အလုံး ၁၀၀ ယူလျှင် ၃၀၀၀ ကျပ်၊ ဒညင်းသီးအလတ် ၁၀ လုံးလျှင် ၅၅၀ ကျပ်၊ အလုံး ၁၀၀ ယူလျှင် ၅၀၀၀ ကျပ်၊ အကြီး ၁၀ လုံးလျှင် ၈၅၀ ကျပ်၊ အလုံး ၁၀၀ ယူလျှင် ၈၀၀၀ ကျပ် ရောင်းချပါသည်။

  ဒညင်းဝက်မှာ အသေး ၁၀ ခြမ်းလျှင် ၃၅၀ ကျပ်၊ ၁၀ ခြမ်းယူလျှင် ၃၀၀၀ ကျပ်၊ အကြီး ၁၀ ခြမ်းယူလျှင် ၅၀၀ ကျပ်၊ အခြမ်း ၁၀၀ ယူလျှင် ၄၅၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းနှင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

မြန်မာ့ရိုးရာအစားအစာခေါက်မုန့်

     မြန်မာလူမျိုးတို့သည် မြန်မာ့ရိုးရာ အစားအစာများကို အများဆုံးနှစ်သက်ကြပါသည်။ မနက်ခင်းတမျိုး၊ နေ့လယ်ခင်းတဖုံ၊ ညနေခင်းတမယ်ဖြင့် အဆာပြေစားလေ့ရှိရာ မြန်မာ့ရိုးရာ ခေါက်မုန့်ကိုလည်း ရေနွေးကြမ်း၊ လက်ဖက်ရည်၊ ကော်ဖီတို့ဖြင့် တွဲဖက်စားသုံးကြပါသည်။

     ခေါက်မုန့်ကို ကြက်ဥထည့်၍လည်းကောင်း၊ စားတော်ပဲ ထည့်၍လည်းကောင်း၊ အရွက် များထည့်၍လည်းကောင်း ကြိုက်နှစ်သက်သလို ပြုလုပ်သုံးဆောင်နိုင်ပါသည်။ ခေါက်မုန့်ပြုလုပ်ရန် အတွက် ဆန်၊ ထန်းလျက်၊ အုန်းသီး၊ စားတော်ပဲ၊ ဆား၊ မဆလာ၊ အချိုမှုန့်နှင့် ဆီအနည်းငယ် လိုအပ်ပါသည်။

     ခေါက်မုန့်ပြုလုပ်ရာတွင် ရှေးဦးစွာ ဆန်ကို မုန့်နှစ်ဖြစ်အောင်ကြိတ်ပြီး ရေအေးအနေ တော်ထည့်ကာ မီးဖိုပေါ်တင်ထားသည့် မုန့်ပြုလုပ်မည့်အိုးထဲသို့ ဖြန့်ထည့်ရပါသည်။ ခေါက်မုန့်အိုး ကို ကပ်မနေစေရန် ဆီအနည်းငယ် သုတ်ပေးရပါသည်။ ပြီးမှ မုန့်ပေါ်သို့ ထန်းလျက်၊ အုန်းသီး (သို့ မဟုတ်) စားတော်ပဲ (သို့မဟုတ်) ကြက်ဥ (သို့မဟုတ်) အရွက်များ ကြိုက်နှစ်သက်ရာကို ထည့်ရပါ သည်။ (၃)မိနစ်ကြာလျှင် ပူပူနွေးနွေးခေါက်မုန့်ကို ရရှိပါသည်။

    ခေါက်မုန့်တစ်နေ့ရောင်းရန်အတွက် ဆန် ၇ ဘူး၊ ထန်းလျက် ၅၀ ကျပ်သား၊ စားတော်ပဲ ၂၅ ကျပ်သာ၊ အုန်းသီး ၃ လုံး အသုံးပြုရကြောင်း သိရပါသည်။ ခေါက်မုန့် တစ်ခုလျှင် ရိုးရိုး ၃၀၀ ကျပ်၊ အသီးအရွက်ဖြင့် တစ်ခု ၅၀၀ ကျပ်၊ ကြက်ဥဖြင့် တစ်ခု ၇၀၀ ကျပ်ဖြင့် ရောင်းရကြောင်း၊ အရင်းအနှီးများများမလို လက်မဝင်ဘဲ လွယ်ကူစွာပြုလုပ်နိုင်သော မုန့်တစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

 

ဖြူးမြို့နယ်မှ ဘုန်းပြည့်ကျော် မန်ကျည်းမှည့်အချဉ်ရည်လုပ်ငန်း

       တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ချင်းခင်ကျေးရွာတွင် ဘုန်းပြည့်ကျော် ငရုတ်ဆီနှင့် မန်ကျည်းမှည့် အချဉ်ရည်လုပ်ငန်းသည် မိသားစုတပိုင်တနိုင်လုပ်ငန်းဖြစ်ပြီး ဖြူးမြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချရပါသည်။

      မန်ကျည်းမှည့်အချဉ်ရည်ပြုလုပ်ရာတွင် ဆန် ၃ ပြည်ကို မုန့်ကြိတ်ဆုံဖြင့်ကြိတ်ပြီး အနှစ်ရအောင် ကျိုချက်ရပါသည်။ ငရုတ်သီးခြောက် ၁ ပိဿာ ၅၀ ကျပ်သားကို အမှုန့်ဖြစ်အောင် ကြိတ်ရပါသည်။ မန်ကျည်းမှည့် ၅၀ ကျပ်သားကိုလည်း ရေနွေးစိမ်ပြီး အဖတ်များကို ဖယ်ထုတ် ထားရပါသည်။

       ၎င်းကျိုချက်ထားသော ဆန်မုန့်နှစ်၊ ငရုတ်သီးမှုန့်နှင့် မန်းကျည်းမှည့်အရည်တို့ကို အိုင်အို ဒင်းဆား ၃ ထုပ်၊ ရှာလကာရည် ၂ ကျပ်ခွဲသား၊ ကြံပင်တံဆိပ်ရသာမှုန့်နှင့် အချဉ်မှုန့် ထမင်းစားဇွန်း ၆ ဇွန်းစီတို့ကို မီးဖိုပေါ်တွင် ရောသမမွှေပြီး အအေးခံရပါသည်။ ပြီးလျှင် ၄၅ ကျပ်သား ချိန်တွယ်ပြီး ထုပ်ပိုးပါသည်။

    ဆန် ၃ ပြည် မုန့်နှစ်ကျိုလျှင် မန်ကျည်းမှည့်အချဉ်ရည် ၁၁၀ ထုပ် ရရှိပါသည်။ တစ်ထုပ်လျှင် လက်လီဈေး ၂၅၀ ကျပ်၊ လက်ကားဈေး ၂၂၀ ကျပ်ဖြင့် ဖြူးမြို့နှင့် ကညွတ်ကွင်းမြို့များသို့ တင်ပို့ရောင်းချရကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း