ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“မိတ္ထီလာ ကြက်သွန်နီ စစ်တွေနှင့် မြဝတီမှ ဝယ်လိုအားများ”

          မိတ္ထီလာခရိုင်အတွင်းရှိ ကြက်သွန်နီများကို ရန်ကုန်၊ မြဝတီ၊ စစ်တွေ၊ မူဆယ်မြို့များသို့ တင်ပို့ရောင်းချနေကြောင်း သိရပါသည်။ ကြက်သွန်နီများကို စစ်တွေမြို့မှတဆင့် ဘင်္ဂလားဒေ့သို့လည်းကောင်း မြဝတီမှ ဗီယက်နမ်သို့လည်းကောင်း တင်ပို့ကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။ ကြက်သွန်နီစျေးနှုန်းမှာ ဇန်နဝါရီ တွင် ၁ ပိဿာ (၄၅၀/၅၀၀) ကျပ်ရရှိ၍ ဖေဖော်ဝါရီလတွင် (၅၀၀/၆၀၀) ကျပ်အထိ စျေးနှုန်းတက်လာကြောင်း တွေ့ရှိရပါသည်။ မိတ္ထီလာမြို့မှ ကြက်သွန်နီများကို ယခင်အပတ်တွင် (၂၈၇) တန် တင်ပို့နိုင်ခဲ့ပြီး ယခုအပါတ်တွင် (၃၈၃) တန် တင်ပို့ရောင်းချနိုင်သည့်အတွက် ကြက်သွန်နီဝယ်လိုအားများနေ‌ကြောင်း သိရပါသည်။

DOCA(မန္တလေး)

မန္တလေး ကြက်သွန်နီဈေးကွက်အခြေအနေ

          မန္တလေးမြို့ပေါ်ဈေးကွက်မှာတော့ ကြက်သွန်နီဈေးငြိမ်နေပြီး လက္ကားဈေးတစ်ပိဿာ၅၀၀ မှ ၉၀၀ ကျပ်၊ လက်လီဈေးတစ်ပိဿာ ၆၀၀ မှ ၁၀၀၀ ကျပ်ထိရှိကြောင်းသိရပါသည်။ ကျောက်ဆည်နှင့် မြစ်သားမြို့များ၏ ကြက်သွန်တစ်ပိဿာဈေးနှုန်းအနေနှင့် တောင်သူရောင်းဈေး ၅၀၀မှ ၅၅၀ ကျပ်၊ မြို့ပေါ်လက္ကားဈေး ၄၅၀ မှ ၆၅၀ကျပ်၊ လက်လီဈေး ၆၀၀မှ၈၅၀ ကျပ်ဈေးရှိပါသည်။ ကားသယ်ခနှုန်းထားအနေနှင့် တစ်ပိဿာလျှင် ရန်ကုန်သို့ ၈၀ ကျပ်၊မြဝတီသို့ ၁၃၀ကျပ်ဈေးရှိပြီး၊ရန်ကုန်နှင့်မြဝတီသို့ ယခုတစ်ပတ်အတွင်း ကျောက်ဆည်မှ တွဲကား(၅)စီး၊ (၁၂)ဘီးကား (၄)စီး၊ မြစ်သားမှ တွဲကား(၄)စီး(၁၂)ဘီးကား (၃)စီး တင်ပို့ခဲ့ပါသည်။ မိတ္ထီလာမြို့ ၏ကြက်သွန်ဈေးကွက်အနေနှင့် တစ်ပိဿာ ၅၅၀-၆၀၀ကျပ်ရှိပြီး၊ ယခုတစ်ပတ်အတွင်းရန်ကုန် သို့ကားသယ်ခ ၉၀ ကျပ်၊မြဝတီသို့ကားသယ်ခ ၁၀၀ ကျပ်၊ စစ်တွေသို့ ၁၁၀ ကျပ်နှင့်မူဆယ်သို့ ၁၂၀ ကျပ်နှုန်းထားဖြင့် ရန်ကုန်သို့ (၁၂)ဘီးကား (၇) စီး တန်ချိန်(၁၁၀)ကျော်၊ မြဝတီသို့ တွဲကား (၇)စီး တန်ချိန်(၁၇၀)ကျော်၊ စစ်တွေသို့ (၁၂)ဘီးကား (၄)စီး တန်ချိန်(၆၀)ကျော်၊ မူဆယ်သို့ (၁၂)ဘီးကား(၂)စီး တန်ချိန်(၃၀)ကျော် တင်ပို့ခဲ့ပါသည်။

          ကြက်သွန်နီအများဆုံး စိုက်ပျိုးထုတ်လုပ်သည့် မြင်းခြံမြို့ပေါ်ဈေးကွက်သို့နယ်များမှ တစ်ရက်လျှင် ကုန်ချိန်ပိဿာ(၁)သိန်းကျော်ဝင်ရောက်မှုရှိပြီး၊ တစ်ပတ်အတွင်း ရန်ကုန်သို့ (၁၂)ဘီးကား (၁၀)စီး၊ တန်ချိန်(၁၇၀)ခန့်၊ နေပြည်တော်သို့ (၆)ဘီးကား(၃)စီး တန်ချိန်(၂၄)တန် ခန့်၊ မော်လမြိုင်သို့ (၁၂)ဘီးကား(၁၅)စီး တန်ချိန်(၂၅၀)ကျော်၊ စစ်တွေသို့ (၁၂)ဘီးကား(၈)စီး တန်ချိန်(၁၃၀)ကျော်၊မြဝတီသို့ (၁၂)ဘီးကား (၁၅)စီး တန်ချိန်(၂၅၀)ကျော်တင်ပို့ခဲ့ပါသည်။ ကြက်သွန်တစ်ပိဿာ သယ်ယူခနှုန်းထားများအနေဖြင့် ရန်ကုန်သို့ ၉၀ ကျပ်၊ နေပြည်တော်သို့ ၉၅ ကျပ်၊မော်လမြိုင်သို့ ၁၁၀ ကျပ်၊စစ်တွေသို့ ၁၃၀ ကျပ်ဈေးရှိပြီး၊ လက်ရှိကြက်သွန်တစ်ပိဿာ ပေါက်ဈေးအနေဖြင့် လက်ကားဈေး ၃၅၀ ကျပ်မှ ၆၇၅ ကျပ်ဈေးရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)

 

“စျေးကွက်အတွင်းအောင်မြင်နေသည့်ပြင်ဦးလွင်ဆွယ်တာ”

           ပြင်ဦးလွင်မြို့သည် တောင်ပေါမြို့လေးတစ်ခုဖြစ်သောကြောင့် အေးမြတဲ့ရာသီဥတုကို ပိုင်ဆိုင်ထားသောမြို့လေးဖြစ်ပြီး လည်ပတ်စရာနေရာမျိုးစုံနှင့် ဒေသထွက်အမှတ်တရပစ္စည်းများစွာရှိ၍ ခရီးသွားဧည့်သည်များအား ဆွဲဆောင်နိုင်သောမြို့လေးဖြစ်ပါသည် ။ အမှတ်တရပစ္စည်းများထဲတွင် ပြင်ဦးလွင်မြို့နယ်ထွက် ဆွယ်တာအနွေးထည် ထုတ်လုပ်ရောင်းချမှုလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။၄င်းလုပ်ငန်းမှာ SME လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်အတွက် ၂၀၁၉ခုနှစ်မှစတင်ပြီး ဆွယ်တာထုတ်လုပ်သူများအသင်းအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပြီး ယခုအချိန်တွင် ပန်းချယ်ရီဆွယ်တာသမအသင်းဇုံအနေဖြင့် လုပ်ငန်းများလုပ်ကိုင်လျှက်ရှိပါသည်။

          လုပ်ငန်းရှင်ဦးရေ(၆၅)ဦး နှင့် လုပ်သားဦးရေ(၂၃၀)ရှိပြီး ဆွယ်တာစက်အလုံးရေ(၂၀၀)နှင့် လက်ခစားနဝလီအနေဖြင့် ထုတ်လုပ်လည်ပတ်လျှက်ရှိပါသည် ။ မြို့ပေါ်ရှိဆွယ်တာဆိုင်ကြီးများနှင့် မန္တလေးမှဆွယ်တာကုန်သည်များ၏ အပ်ထည်ဆွယ်တာအထည်များကို စိတ်တိုင်းကျယက်လုပ်ပေးရပြီး အပ်ထည်ဆွယ်တာဒီဇိုင်းအပေါ်မူတည်၍ (၁)ထည်လျှင် အနိမ့်ဆုံး(၅၅၀/-)ကျပ်မှ အမြင့်ဆုံး (၁၉၀၀/-)ကျပ်စျေးရရှိပါသည်။ ဆွယ်တာယက်လုပ်ရန်အတွက် ကုန်ကြမ်းချည်များအား ကုန်သည်များမှတရုတ်ပြည်မှဝယ်ယူပြီး ဆွယ်တာထုတ်လုပ်သည့် စက်ရုံလုပ်ငန်းရှင်များထံသို့ ကြိုတင်အပ်နှံကြရပါသည်။ ဆွယ်တာစက်ပိုင်ရှင်များအနေဖြင့် (၁)ထည်လျှင် ဆွယ်တာယက်လုပ်ခ အနိမ့်ဆုံး (၇၀၀/-)ကျပ်ရပြီး လုပ်သားခ(၃၅၀/-)ကျပ် ရှင်းပေးရ၍ (၁)ထည်လျှင် (၃၅၀/-)ကျပ် ကျန်ပြီး အမြင့်ဆုံးယက်လုပ်ခ(၁၉၀၀/-)ကျပ် ဆွယ်တာထည်ဆိုလျှင် လုပ်သားခ(၁၅၀၀/-)ကျပ် ရှင်းပေးပြီး တစ်ထည်လျှင်(၄၀၀/-)ကျပ် အသားတင်အမြတ်ရရှိပါသည် ။ ဆွယ်တာမှာယူမှုပေါ်မူတည်ပြီး လုပ်သားတစ်ဦးအနေဖြင့် တစ်ရက်လျှင်ကလေးအထည် (၁၅)ထည်ယက်လုပ်နိုင်ပြီး (၁)ထည်လျှင် (၃၅၀/-)ကျပ်နှုန်းဖြင့်(၅၂၅၀/-)ကျပ်ရရှိကြောင်း၊ လူကြီးအထည်ဆိုပါက (၅)ထည် ယက်လုပ်နိုင်ပြီး (၁)ထည်လျှင်(၁၅၀၀/-)ကျပ်နှုန်းဖြင့်(၇၅၀၀/-)ကျပ်ရရှိပါသည်။ပြင်ဦးလွင်မြို့နယ်တွင် တစ်ရက်လျှင် ဆွယ်တာထုတ်လုပ်နိုင်မှုအနေဖြင့် ကလေးထည်(၁၅၀၀)ထည်နှင့် လူကြီးထည်(၆၅၀)ထည် ထုတ်လုပ်နိုင်သောကြောင့်(၁)လလျှင် ကလေးထည်(၄၅၀၀၀)ထည်နှင့် လူကြီးထည်(၁၉၅၀၀)ထည် ထုပ်လုပ်နိုင်မှုအင်အားရှိကြောင်း သိရှိရပါသည်။

        ဆွယ်တာကုန်သည်များ၏ အကျိုးအမြတ်အနေဖြင့် ယခုလက်ရှိ ဆွယ်တာချည် ကုန်ကြမ်း/ ကုန်ချော တစ်ပေါင်လျှင် ငွေကျပ်(၆၃၀၀/-)ရှိပြီး ချည်(၁)ပေါင်လျှင် ကလေးအထည်လေးထည်ဆိုဒ် ယက်လုပ်နိုင်ပြီး ချည်တန်ဖိုးနှင့်လက်ခစုစုပေါင်း(၉၁၀၀/-)ကျပ် ကုန်ကျစရိတ်ရှိကြောင်း၊ပြန်လည်ရောင်းချမှုအနေဖြင့် (၁)ထည်လျှင်(၃၅၀၀/-)ကျပ်နှုန်းဖြင့် ကလေးအထည်(၄)ထည်အတွက် ငွေကျပ် (၁၄၀၀၀/-)ကျပ်ပြန်လည်ရရှိပြီး ချည်(၁)ပေါင်လျှင်အမြတ်ငွေ(၄၉၀၀/-)ကျပ်ရရှိကြောင်း ဆွယ်တာဆိုင်များ၏ရောင်းဝယ်မှုစျေးကွက်အရ သိရှိရပါသည်။

       လက်ရှိဆွယ်တာစျေးကွက်အနေဖြင့် ပြင်ဦးလွင်မြို့ရှိ ဆိုင်ကြီး(၁၀)ဆိုင်နှင့်ကန်တော်ကြီး၊ ဘီအီးရေတံခွန်၊ပိတ်ချင်းမြောင်လှိုင်ဂူတော်နှင့်တရုတ်ဘုံကျောင်းစသည့် အထင်ကရနေရာများတွင် ရောင်းချနေပြီး မန္တလေးကုန်သည်အများစုအနေဖြင့် (၁၀)ရက်တစ်ခါ လာရောက်၍ ၄င်းတို့အပ်ထည်များကိုလာယူပြီး မန္တလေးစျေးချိုတော်ဆိုင်ခန်းများမှတစ်ဆင့် နယ်မြို့များသို့ လက်လီ၊လက်ကား ပြန်လည်ဖြန့်ချီရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။

         ပြင်ဦးလွင်နှင့်ဆွယ်တာအဝတ်အထည်သည် ခွဲခြားလို့မရသလို ပြင်ဦးလွင်မြို့သို့အပန်းဖြေဖို့ပဲ လာလာ၊အလုပ်ကိစ္စဖြင့်လာလာ၊အိမ်အပြန်လက်ဆောင်ဆိုလျှင် ပြင်ဦးလွင်ဆွယ်တာလေးက မဖြစ်မနေဝယ်ယူသွားကြတာမို့ မရိုးနိုင်တဲ့ဓလေ့အစဉ်အလာလေးတစ်ခုဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)

“ကျောက်ဆည်ခရိုင်တွင်ငရုတ်စိုက်ခင်းများအောင်မြင်ဖြစ်ထွန်းလျှက်ရှိ”

        မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးကိုအခြေခံ၍ သီးနှံမျိုးစုံအား စိုက်ပျိုးသည့်ဒေသဖြစ်ပါသည်။ဒေသအတွင်း စပါးကိုအဓိကထားစိုက်ပျိုးသော်လည်း နှမ်း၊ ပဲတီစိမ်း ၊ကုလားပဲငရုတ်စသည့်သီးနှံများကိုလည်း ရာသီအလိုက်စိုက်ပျိုးကြပါသည်။ ၄င်းသီးနှံများအနက် ငရုတ်သီးနှံကို ကျောက်ဆည်မြို့နယ်တွင် (၂၀၂၀)ဧက၊စဉ့်ကိုင်မြို့နယ်တွင်(၁၈၉၇)  ဧက ၊မြစ်သားမြို့နယ်တွင် ( ၉၆၈၆  )ဧက၊တံတားဦးမြိုနယ်တွင် ( ၁၀၃၇ )ဧက၊စုစုပေါင်း   ( ၁၄၆၄၀ ) ဧက စိုက်ပျိုးပြီးကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများအရ သိရှိရပါသည်။ငရုတ်သီးနှံကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် စတင်စိုက်ပျိုးပြီး မတ်လနှင့်ဧပြီလများတွင် စတင်ခူးဆွတ်ကြောင်း သိရှိရပါသည်။ ငရုတ်မျိုးများအနေဖြင့် ယခုအချိန်ခါတွင် ပိုးမွှားဒဏ်ခံနိုင်ရည်ရှိပြီး အထွက်နှုန်းကောင်းမွန်သော သာမို၊ဒီမွန်၊အာစတာ၊၆၉၂ မျိုးများကိုစိုက်ပျိုးကြသော်လည်း တောင်သူများအနေဖြင့် ၆၉၂မျိုးကိုပိုမိုစိုက်ပျိုးမှုများကြောင်း းသိရှိရပါသည်။တစ်ဧကစိုက်ပျိုးရာတွင် ကုန်ကျစရိတ်အနေဖြင့် မျိုးစေ့ဝယ် ၊ ပျိုးထောင် ၊ မြေပြင်ထွန်ယက်စိုက်ပျိုးသည်မှ နွားချေး၊ ဓါတ်မြေသြဇာစသည့် သွင်းအားစုများနှင့် စိုက်ပျိုးသည်မှခူးဆွတ်သည့်အထိ လုပ်သားခစုစုပေါင်း(၁၂၀၀၀၀၀/-)ကျပ် ဝန်းကျင်ခန့်ကုန်ကျ ကြောင်းသိရှိရပါသည်။အထွက်နှုန်းကောင်းမွန်သောမျိုးများဖြစ်သည့်အတွက် စတင်ခူးဆွတ်သည်မှ ပြီးဆုံးသည်အထိပျမ်းမျှအားဖြင့်တစ်ဧကလျှင်ငရုတ်သီးအခြောက်ပိဿာ(၅၀၀-၆၀၀)ဝန်းကျင်ထွက် ရှိကြောင်း၊ငရုတ်သီးအခြောက်စျေးနှုန်းအနေဖြင့် ယခင်နှစ်တွင် တစ်ပိဿာ(၂၅၀၀/- ၃၀၀၀/-)ကျပ် ဝန်းကျင်ရှိခဲ့ရာ ယခုကာလပေါက်စျေးမှာ(၃၈၀၀-၄၀၀၀)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။ယခုအချိန်ခါတွင်ငရုတ်စိုက်ခင်းများ၌ ငရုတ်သီးများစတင်ထွက်ရှိခြင်းမရှိဘဲ အဖူးအပွင့်ဝေဝေဆာဆာဖြင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ တောင်သူများ အနေဖြင့် ယခုကာလပေါက်စျေးနှင့်ဆိုလျှင် အကျိုးအမြတ်ရရှိနိုင်ကြောင်း ငရုတ်စိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

 

ကျောက်ဆည်မြို့ရဲ့ဆန်၊စပါးဈေးကွက်

            မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် အညာဒေသလယ်တွင်း းကိုးခရိုင်တွင်ပါဝင်ပြီး ဆည်ရေသောက်စနစ်ဖြင့် စပါးများအား အဓိကစိုက်ပျိုးလျက်ရှိပါသည်။ ကျောက်ဆည်ခရိုင်တွင် မိုးစပါးစိုက်ပျိုးမှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင် (၁၅၆၄၅၅)ဧကစိုက်ပျိုးခဲ့ပြီး၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင်(၅၂၇၉၉)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၂၉၁၅၆)၊ မြစ်သားမြို့ နယ်တွင်(၆၁၂၈၇)ဧက၊ တံတားဦးမြို့နယ်တွင်(၁၃၄၆၅)ဧက၊ စုစုပေါင်း(၁၅၆၇၀၇)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၎င်းမိုးစပါးစိုက်ဧကအားလုံးရိတ်သိမ်ပြီးကြောင်း သက်ဆိုင်ရာစာရင်းများအရ သိရှိရပါသည်။ ယခင်ကတောင်သူများသည် မိမိအိမ်မှစပါးများကိုသာ မျိုးအဖြစ်အသုံးပြုကြောင်း၊ ယခုအခါ တောင်သူများသည် နှစ်စဉ်မျိုးကောင်းမျိုးသန့်များကိုသာ ဝယ်ယူ၍ အသုံးပြုကြောင်း၊ အများစုမှာ ဧရာပ‌‌ဒေသာစပါးမျိုးကို အဓိကစိုက်ပျိုးလျက်ရှိပြီး ဧရာပဒေသာမျိုး(၁)တင်းလျှင် (၁၅၀၀၀)ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးလျက်ရှိကြောင်း၊ ယခုနှစ်တွင်မိုးရွာသွန်းမှုကောင်းသောကြောင့် အထွက်နှုန်းပိုမိုကောင်းမွန်ကြောင်း၊ တောင်သူများသည် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်ကို ပြောင်းလဲအသုံးပြုသောကြောင့် အချိန်ကုန်သက်သာပြီးလုပ်ငန်းများတွင် ကျယ်လျက်ရှိကြောင်း၊ ယခင်ကတောင်သူများသည် လယ်ထွန်ခြင်း၊စပါးရိတ်သိမ်းခြင်း၊စပါးသယ်ယူခြင်းများကို နွားများ၊ လူများကိုသာအသုံးပြုသော်လည်း ယခုအခါလယ်ထွန်စက်၊ ရိတ်သိမ်းခြွေလှေ့စက်၊ ထော်လာဂျီများကို အသုံးပြုလျက်ရှိကြောင်း၊ မိုးစပါး(၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုးစေ့၊ စိုက်ပျိုးစရိတ်၊ ထွန်ယက်ခြင်းနှင့် ရိတ်သိမ်းခြင်း အပါအဝင်စုစုပေါင်းကုန်ကျငွေ(၄၁၀၀၀ဝိ/-) ကျပ်ကုန်ကျပြီး အထွက်နှုန်းအနေဖြင့်(၁)ဧကလျှင် (၈၃-၈၅)တင်းထွက်ရှိ‌ကြောင်း စပါးဈေးနှုန်းအနေဖြင့် ယခင်နှစ်တွင်ဧရာပ‌‌ဒေသာတင်း(၁၀၀)လျှင် (၉၀၀၀၀၀-၉၅၀၀၀၀)ကျပ်ရှိပြီး၊ ယခုနှစ်တွင် စပါးအရည်အသွေးပေါ်မူတည်၍ (၈၅၀၀၀၀-၉၀၀၀၀၀)ကျပ်ရှိပြီး၊ အကျိုးအမြတ်အနေဖြင့် (၁)ဧက လျှင်(၃)သိန်းကျပ်ခန့်ရရှိကြောင်း တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။ ကျောက်ဆည်မြို့ရှိ ဆန်ဈေးနှုန်းအနေဖြင့် ဧရာပဒေသာ(၁)အိတ်လျှင် (၃၄၀၀၀-၃၅၀၀၀)၊ မနောသုခ(၁)အိတ် လျှင်(၂၇၀၀၀)ကျပ်ဖြင့်ရောင်းဝယ်လျက်ရှိပြီး  ကျောက်ဆည် မြို့ရှိ ကုန်သည်၊ စက်ပိုင်များသည် ပဲခူးတိုင်းမှစပါးများအား ဝယ်ယူ၍ကြိတ်ခွဲရောင်းချလျက်ရှိရာ သုခတင်း (၁၀၀)လျှင်  (၇၆၀၀၀ဝိ/- ၇၇၀၀၀ဝိ/)ကျပ်ဖြင့် စက်အရောက် ဝယ်ယူရပြီး သုခဆန် (၁)အိတ်လျှင် (၂၇၅၀၀)ကျပ် ၊ ဆန်ကွဲ(၃၀)ပိဿာ (၁)အိတ်လျှင် (၂၁၀၀၀)ကျပ်နှင့် ဖွဲနု(၁၈)ပိဿာ (၁)အိတ်လျှင်(၈၅၀၀-၉၀၀၀)ကျပ် ရောင်းချလျက်ရှိကြောင်း စုံစမ်းမေးမြန်းမှုအရ သိရှိရပါသည်။

DOCA(မန္တလေး)

 

                     

ကယားပြည်နယ်မှအခြားဒေသသို့ပြောင်းတင်ပို့မှုရှိ

           ကယားပြည်နယ်တွင် ဒေသအခြေအနေအနည်းငယ်တည်ငြိမ်လာ၍ ပြည်နယ်တွင်းမှ အခြားဒေသသို့ ပြောင်းတင်ပို့မှုများရှိနေပြီး ဖေဖော်ဝါရီလအတွင်း ပြောင်းတင်ပို့နိုင်မှုမှာ (၃၀၇၀)အိတ်(၁၅၀)တန် တင်ပို့နိုင်ခဲ့ကြောင်း၊ ယခင်ဇန်နဝါရီလ တင်ပို့နိုင်မှုမှာ (၂၆၄၆၀)အိတ် (၁၂၉၆)တန် တင်ပို့နိုင်ခဲ့သဖြင့် ယခင်လနှင့် ယခုလနှိုင်းယှဉ်လျှင် ပြောင်းတင်ပို့နိုင်မှုမှာ (၂၃၃၉၀)အိတ်(၁၁၄၅)တန် လျှော့နည်းရခြင်းဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ကုန်စည်စီးဆင်းမှုလျှင်မြန်ချောမွေ့မှုမရှိသေးသဖြင့် တင်ပို့မှုလျော့နည်းခဲ့ရခြင်းဖြစ်ကြောင်း၊ ပြောင်းတင်ပို့မှုများမှာ လွိုင်ကော်မှ ရန်ကုန်နှင့်မြဝတီမြို့များသို့ အဓိကတင်ပို့လျက်ရှိကြောင်း သိရပါသည်။

DOCA(ကယား)

စားသုံးသူတို့ ကျန်းမာရေး စားသုံးဆီအရည်အသွေးထိန်းသိမ်းပေး”

          လူသားတို့၏ဘဝရပ်တည်မှု၌ အဓိကလိုအပ်ချက်သုံးမျိုးဖြစ်သည့် “စားရေး၊ ဝတ်ရေးနှင့် နေရေး” တို့တွင် “စားရေး”သည် အသက်ရှင်မှုအတွက်အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင် လျှက်ရှိရာ လူတို့စားသောက်ရန် ရည်ရွယ်၍ ထုတ်လုပ်ထားသော စားသောက်ကုန်များ၏ အရည် အသွေးမြင့်မားမှုကလည်း ကျန်းမာသက်ရှည်ရေးကိုများစွာ အထောက်အကူပြုလျှက်ရှိပါသည်။

          စားသောက်ကုန်ဟုဆိုရာ၌ မြန်မာတို့၏ အခြေခံစားကုန်များတွင် တစ်ခုအပါအဝင်ဖြစ်သော စားသုံးဆီ၏အရည်အသွေးသည် စားသုံးသူများ၏ကျန်းမာရေးအတွက် လျစ်လျူရှုထားသင့်သော အရာမဟုတ်ပေ။ သို့ဖြစ်ရာ ကျန်းမာရေးနှင့်ညီညွှတ်သော အရည်အသွေးမြင့် စားသုံးဆီများ တင်သွင်း သိုလှောင် ထုတ်လုပ်ရောင်းချဖြန့်ဖြူး ပေးနိုင်ရန်အလို့ငှာ စားသုံးဆီအရည်အသွေး ထိန်းသိမ်းခြင်းဆိုင်ရာ အကြောင်းအရာများကို စားသုံးဆီလုပ်ငန်း လုပ်ကိုင်ကြသူတိုင်းက လေ့လာ သိရှိထားကြရုံမျှမက လိုက်နာဆောင်ရွက်ကြရန်လည်း အထူးလိုအပ်လှပါသည်။

          “အရည်အသွေးထိန်းသိမ်းခြင်း” ဟုဆိုရာ၌အရည်အသွေးဟူသော ဝေါဟာရ၏အဓိပ္ပါယ်ကို သေချာစွာသိရှိထားရမည် ဖြစ်ပါသည်။ “ထုတ်ကုန်ပစ္စည်းတစ်ခု၏အရည်အသွေး” ဆိုသည်မှာ စားသုံးသူများ၏လိုအပ်ချက်များနှင့် မျှော်လင့်ချက်များကိုဖြည့်ဆည်းပေးနိုင်သော ၎င်းကုန်ပစ္စည်း ၏ ကြန်အင်လက္ခဏာများဖြစ်သည်ဟု မှတ်သားဖူးခဲ့ရာစားသုံးဆီနှင့်ပတ်သက်၍ စားသုံးသူများ ၏မျှော်မှန်းချက်အရ သတ်မှတ်ထားသောရူပအရည်အသွေးများမှာ ကြည်လင်သောအရောင်ရှိပြီး မနှစ်သက်ဖွယ်အနံ့ကင်းကာအရသာကောင်းမွန်၍ အမှုန် အနည်ကင်းစင်ရမည်တို့ဖြစ်ပါသည်။

          ထို့ပြင်လည်း အခြားအဓိပ္ပါယ်သတ်မှတ်ချက်အနေဖြင့် “စားသုံးသူများ၏မျှော်မှန်းချက် အပြင်သက်ဆိုင်ရာအဖွဲ့အစည်းက သတ်မှတ်ထားသောစံချိန်စံညွှန်းများနှင့်ပါ ကိုက်ညီမှုရှိပြီး နိုင်ငံ တော်က အခါအားလျှော်စွာ ပြဌာန်းသည့်ဥပဒေနည်းဥပဒေတို့နှင့်ပါ အကျုံးဝင်သော ၎င်း ကုန်ပစ္စည်း၏ ကြန်အင်လက္ခဏာစု” ဟူ၍လည်းလေ့လာဖူးပြန်ရာ စားသုံးဆီ၏ သိပ္ပံနည်းကျ တိုင်းတာရရှိသော ဓာတုဗေဒဆိုင်ရာအရည်အသွေးအချက်အလက်များသည် စံချိန်စံညွှန်းဘောင် အတွင်းရှိနေမှသာ ကျန်းမာရေးနှင်ညီညွှတ်သော အဆင့်မြင့်စားသုံးဆီ အရည်အသွေးနှင့်ပြည့်စုံ သည်ဟု သတ်မှတ်နိုင်မည်ဖြစ်သည်။

          စားသုံးဆီ၏အရည်အသွေးသည် ဆီစားသုံးသူပြည်သူများ၏ ကျန်းမာရေးနှင့်လူမှုစီးပွား ဘဝများအတွက် အတိုင်းအတာတစ်ခုအထိအရေးပါနေသောကြောင့် စားသုံးဆီ၏ အရည်အသွေး ကို ထိန်းသိမ်းနိုင်ရန်အတွက် အရည်အသွေးစီမံခန့်ခွဲမှုနည်းစနစ်အရ စားသုံးဆီ၏ ဘဝအစ ဖြစ်သော ဆီထွက်သီးနှံဘဝကပင် စတင်၍ အရည်အသွေးကိုထိန်းသိမ်းရမည်ဖြစ်ပါသည်။ ထို့ကြောင့် စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း ၊ သိုလှောင်ခြင်း၊ စက်ကြိတ်ခြင်း၊ ထုတ်ပိုးခြင်း၊ သယ်ယူ ဖြန့်ဖြူးခြင်း၊ဈေးတွင်ရောင်းချခြင်းနှင့်မီးဖိုဆောင်တွင်အသုံးပြုခြင်းစသည့် ဆက်တန်းတစ်လျှောက် တွင် အရည်အသွေးထိန်းသိမ်းခြင်းဆိုင်ရာဆောင်ရွက်ချက်များကို လုပ်ဆောင်သွားကြရမည် ဖြစ်ပါ သည်။

          ဆီထွက်သီးနှံများတွင် စုစုပေါင်းဆီပါဝင်မှု ရာခိုင်နှုန်း ၂၅ ရာခိုင်နှုန်းနှင့်အထက်ရှိသော သီးနှံ  များကို သဘာဝနည်းဖြင့်ဆီကြိတ်၍ရရှိသော်လည်း ၂၅ ရာခိုင်နှုန်းအောက်ရှိသော သီးနှံများကို မူ ဓာတုဗေဒနည်းဖြင့်သာ စားသုံးဆီထုတ်ယူနိုင်ပါသည်။ သို့ဖြစ်ရာ “ မူရင်းကောင်းမှ မိတ္တူကောင်း နိုင်မည်” ဖြစ်သကဲ့သို့ အရည်အသွေးမြင့်စားသုံးဆီ ရရှိစေရန် ပင်ရင်းဆီထွက်သီးနှံ၏ အရည် အသွေးပေါ်မူတည်သောကြောင့် ဆီထွက်သီးနှံစိုက်ပျိုးသော တောင်သူများအနေဖြင့် မျိုးကောင်း မျိုးသန့်ကို ကောင်းမွန်သောစိုက်ပျိုးနည်းကျင့်စဉ်အတိုင်း လိုက်နာစိုက်ပျိုး၍ ရိတ်သိမ်းချိန် မှန်ကန် ရန် လည်းသတိပြုသင့်ပါသည်။ ရိတ်သိမ်းပြီးနောက်ပိုင်း ပျက်ဆီးဆုံးရှုံးမှုနှင့် မှိုကျရောက်ခြင်းတို့မှ ကာကွယ်နိုင်ရန်အတွက်လည်း ရိတ်သိမ်းချိန်လွန်နည်းပညာဆိုင်ရာ ပညာရှင်များ၏ အကြံပြုချက် များကို လေးစားလိုက်နာဆောင်ရွက်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။

          စားသုံးဆီထုတ်လုပ်သည့် စက်ရုံများအနေဖြင့်လည်းမိမိတို့ထုတ်ကုန်အရည်အသွေးမြင့်မား စေရန်ရည်ရွယ်၍ကုန်ကြမ်းအဆင့်မှ စတင်ပြီးထုတ်လုပ်မှုဖြစ်စဉ်တစ်လျှောက်အပါအဝင် ကုန်ချော ထွက်သည်အထိ အဆင့်တိုင်းနေရာတိုင်းတွင် စနစ်တကျစီမံကွပ်ကဲနိုင်သည့် အရည်အသွေးစီမံ ခန့်ခွဲမှုစနစ်တစ်ရပ် ရေးဆွဲဆောင်ရွက်သင့်ပါသည်။ သို့မှသာ မိမိတို့ထုတ်ကုန်၏ အရည်အသွေးကို ထိန်းချုပ်နိုင်ပြီး အရည်အသွေးအာမခံမှုပေးနိုင်မည်ဖြစ်ပါသည်။

          စားသုံးဆီကို ကိုယ်တိုင်ထုတ်လုပ်ခြင်းမရှိပဲ ပြည်ပမှ မှာယူတင်သွင်းပြီးသိုလှောင်ဖြန့်ဖြူး ရောင်းချသူများ အနေဖြင့်လည်းမိမိတို့နိုင်ငံမှ ထုတ်ပြန်ထားသော စားသုံးဆီအရည်အသွေး သတ်မှတ်ချက်များကို လိုက်နာ၍မှာယူတင်သွင်းရမည့်အပြင် သိုလှောင်ကာလ၌ ဆီအရည်အသွေး ကျဆင်းမှု နည်းနိုင်သမျှနည်းစေရန်ကိုလည်း စီမံဆောင်ရွက်သင့်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ဆီသိုလှောင်ကန်၏ တည်ဆောက်ပုံ၊ ကြံ့ခိုင်းရေး၊ သန့်ရှင်းရေးနှင့် စောင့်ကြည့်စစ်ဆေးထိန်းသိမ်း ခြင်းတို့က များစွာအရေးပါသောအချက်များဖြစ်ကြပါသည်။

          စားသုံးဆီသိုလှောင်ကန်ကို စားသုံးဆီနှင့်ထိတွေ့လျှင် ဓာတ်ပြုနိုင်ခြင်းမရှိသော Stainless Steel ဖြင့်တည်ဆောက်သင့်ပြီး Mild Steel ဖြစ်နေပါကအတွင်းဘက်ကို epoxy သုတ်လိမ်းရမည် ဖြစ်ပါသည်။ တည်ဆောက်သည့်ပုံသဏ္ဍန်သည် လုံးရှည်ဆလင်ဒါပုံထက် အောက်ခြေရှူး ကော်နီ ကယ်ပုံသဏ္ဍန်ကသန့်ရှင်းရေးဆောင်ရွက်ရန်အတွက် ပိုမိုအဆင်ပြေစေပါသည်။ ဆီသို လှောင်ကန် ၏ ပိုက်လိုင်းစနစ်သည်ဆီသွင်း၊ ဆီထုတ် ပြုလုပ်ရန်သီးခြား ပိုက်လိုင်းစနစ်ရှိသင့်ပြီး ပိုက်လိုင်းများ ရှိအဖွင့်အပိတ်ဘားများ လုံခြုံမှုရှိရန်အရေးကြီးပါသည်။ ၎င်းတို့မလုံပါကဆီလှောင် ကန်အတွင်းသို့ ပြင်ပလေဝင်ရောက်နိုင်ပြီးဓာတ်တိုးမှုဖြစ်စဉ်အရ စားသုံးဆီအရည်အသွေးကို ကျဆင်းလာစေနိုင် ပါသည်။ ထို့ပြင်ဆီလှောင်ကန်အတွင်းရှိ စားသုံးဆီ၏အရည်အသွေးကိုနေ့စဉ် နမူနာ ထုတ်ယူ၍ စစ်ဆေးပြီး မှတ်တမ်းထားခြင်း၊ အဆင့်(Grade) မတူသောစားသုံးဆီများရော နှောခြင်းမှ ကင်းဝေး စေရန် အတွက်လည်းဆီအသစ်မသိုလှောင်မီ လက်ကျန်ဆီကိုဦးစွာရှင်းထုတ်၍ ဆီကန်ကိုကောင်း မွန်စွာ သန့်ရှင်းခြောက်သွေ့စေပြီးမှအသုံးပြုခြင်းစသည့် အလေ့အကျင့်ကောင်းများကိုလည်း စားသုံးဆီအရည်အသွေးထိန်းသိမ်းရာတွင် အမြဲဆောင်ရွက်သင့်ပါသည်။

          စားသုံးဆီစက်ရုံမှ ထုတ်လုပ်ရရှိသော စားသုံးဆီများကိုလည်းကောင်း၊ သိုလှောင်ကန် အတွင်းမှ စားသုံးဆီများကိုလည်းကောင်း ထုတ်ပိုးတံဆိပ်ကပ်ရန်အတွက် နေရာတစ်ခုသို့ သယ်ဆောင်လိုသည့်အခါအသုံးပြုရသော Container များသည်အတွင်းအပြင် ကောင်းစွာ သန့်စင် ခြောက်သွေ့ပြီးသော Food Grade Container များဖြစ်ရမည့်အပြင် အဖုံးလုံခြုံစွာ ပိတ်ဆို့နိုင်ရန် လည်း လိုအပ်ပါသည်။ သိုလှောင်ကန်အပိုင်းက သိုလှောင်ထားစဉ် ကာလအတွင်း ဆီအရည် အသွေးကျဆင်းမှုကို စနစ်တကျထိန်းချုပ်နိုင်ရန်မည်သို့ပင်ဆောင်ရွက်ထားစေကာမူ ဆီထုတ်ယူ သယ်ဆောင်သည့် Container များ၏ မသန့်ရှင်းမှုနှင့် ယိုယွင်းပျက်ဆီးမှုတို့ကလည်း စားသုံးဆီ အရည်အသွေးအားအလွန် ထိခိုက်စေသည်ကိုသတိပြုသင့်ပါသည်။

          ပြည်တွင်း၌ ထုတ်လုပ်ထားသော စားသုံးဆီကိုဖြစ်စေပြည်ပမှ မှာယူတင်သွင်းလာသော စားသုံးဆီကိုဖြစ်စေ ဈေးကွက်သို့ပို့ဆောင်မည်ဆိုပါက Food Grade ထုတ်ပိုးပစ္စည်းဖြင့် Packing ပြုလုပ်ပြီး မိမိတို့၏ကုန်တံဆိပ်အမှတ်အသားပါဝင်သော ကုန်ညွှန်းအမှတ်အသား ကိုထုတ်ပိုး ပစ္စည်းပေါ်တွင်သေချာစွာကပ်ပေးရပါမည်။ စားသုံးဆီကိုထုတ်ပိုးမှုမပြုလုပ်မီ ဦးစွာအရည်အသွေး စစ်ဆေးသင့်ပြီး အထားခံနိုင်မှုကာလ(Shelf Life ) ကိုလည်းသုတေသနပြုလုပ်ထားသင့်ပါသည်။

          စားသုံးဆီ၏ ထုတ်လုပ်မှုကွင်းဆက်( Supply Chain ) တစ်လျှောက်တွင် End User ဖြစ် သည့် စားသုံးသူထံသို့ မရောက်မီကြားအဆင့်တစ်ခုဖြစ်သော လက်လီဈေးကွက် သို့မဟုတ် ရပ်ကွက်ဈေးအဆင့်သည် ဆီအရည်အသွေးကျဆင်းမှုမြန်စေသော အဓိကနေရာ ဖြစ်နေပါသည်။ ဤသို့သောအခြေအနေ ဖြစ်ပေါ်လာရခြင်းမှာ ဆီရောင်းချသည့်စနစ်ပုံစံ မမှန်မှုကြောင့်ဖြစ်ပါသည်။ ဆီချေးအထပ်ထပ်တတ်နေသော ပုံးထဲမှဆီကိုဆီချိန်ခွက် (ဆီမှုတ်) ဖြင့်ခပ်ယူ၍ ခွက်မှောက် ခွက်လှန်စနစ်ဖြင့် ရောင်းချနေသောကြောင့် ပြင်ပလေနှင့် ဆီမျက်နှာပြင် ထိတွေ့မှုများခြင်းနှင့် အတူ ဆီထဲသို့ဆီမဟုတ်သောပစ္စည်းများပါဝင်မှုရှိလာ ခြင်းတို့ဖြစ်ပေါ်လာပြီး ဆီကိုပျက်ဆီးလာ စေနိုင်ပါသည်။ ထိုသို့သောအခြေအနေ ဖြစ်ပေါ်နေသောဆီကို ဝယ်ယူစားသုံးသော စားသုံးသူ ကိုယ်တိုင်ကလည်းရေရှည်ကာလတစ်ခုအတွက် သိုလှောင်စားသောက်ရန် ရည်ရွယ်ပါကပျက်ဆီး နေသောဆီကြောင့် မိသားစု ကျန်းမာရေးကိုပါ ထိခိုက်လာမည်ဖြစ်ပါသည်။

          အရည်အသွေးမမီသော စားသုံးဆီများနှင့် အမျိုးအစားမမှန်ကန်သောစားသုံးဆီများကြောင့် နောက်ဆက်တွဲ ကြုံတွေ့လာရမည့် ကျန်းမာရေးထိခိုက်မှုမှ ကာကွယ်ပေးရန်အတွက် ကျန်းမာရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံအစား အသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့မှ အမိန့်ကြော်ငြာစာ အမှတ် ၅၂၄/၂၀၂၁ ဖြင့် ၂၀၂၁ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် အမှတ်တံဆိပ်ပါစားသုံးဆီကို ထိန်းချုပ် အစားအသောက်အဖြစ် သတ်မှတ်ကြောင်းအမိန့်ထုတ်ပြန်ခဲ့ပါသည်။ ထိုနည်းတူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စားသုံးသူကာကွယ်ရေးဥပဒေ( ၂၀၁၉ ခုနှစ် ပြည်ထောင်စု လွှတ်တော်ဥပဒေ အမှတ် ၉ ။) ပုဒ်မ ၈၃ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး ၍ ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil , Cooking Oil ) နှင့် စပ်လျဉ်းသည့် ကုန်အညွှန်းအမှတ် အသား ဖော်ပြရာတွင်စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့ပြီးဖြစ်ပါသည်။

          နိုင်ငံသားတိုင်း စားသုံးဆီကြောင့် ရင်ဆိုင်ကြုံတွေ့လာနိုင်သည့် ရောဂါဆိုးများမှ ကင်းဝေး စေရန်အလို့ငှာ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ ကြပ်မတ်ဆောင်ရွက်နေသကဲ့သို့ စားသုံးသူ များဘက်မှလည်း မိမိပေးလိုက်ရသည့်ဈေးနှုန်းနှင့် ပြန်လည်ရရှိလာမည့် အရည်အသွေးတန်ဖိုးကို ချိန်ညှိ၍ ခွက်မှောက်ခွက်လှန်စနစ်အား ချန်ထားခဲ့ပြီးကုန်ညွှန်း အမှတ်အသားအပြည့်အစုံနှင့်တကွ FDA ထောက်ခံချက်ယူထားပြီးသော အမှတ်တံဆိပ်ပါ ဆီဗူးများ (Consumer Pack ) ကိုသာ ရွေးချယ်ဝယ်ယူကာ မိမိတို့စားသောက်မည့် ပမာဏကို သတ်မှတ်ထိန်းချုပ်စားသောက်သင့် ပါသည်။

          ကျန်းမာရေးနှင့်ညီညွှတ်ပြီး ဘေးအန္တရာယ်ကင်းသော စားသုံးဆီများကို ပြည်တွင်း၌ပင် အရည်အသွေးမီတိုးတက်ထုတ်လုပ်လာနိုင်ခြင်းဖြင့် ပြည်တွင်းစားသုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်မည် ဖြစ်သောကြောင့် ပြည်ပမှ စားသုံးဆီတင်သွင်းမှု လျော့ချနိုင်၍ နိုင်ငံတော်အတွက် အကျိုးရှိလာမည့်အပြင် လုပ်ငန်းရှင်များကိုယ်တိုင်လည်းမိမိတို့၏ ထုတ်ကုန်အရည်အသွေးမြှင့် တင်ခြင်း၊ ထုတ်ကုန်အရည်အသွေးထိန်းသိမ်းခြင်းတို့ဖြင့် အရည်အသွေးဆိုင်ရာကွင်းဆက် ဖြစ်စဉ် (Quality Chain Process ) အရ ရောင်းအားကောင်းလာနိုင်ပြီး ထုတ်လုပ်မှုကုန်ကျစရိတ် ကျဆင်း လာသောကြောင့် ဈေးနှုန်းကိုပါ တည်ငြိမ်လာနိုင်စေခြင်းဖြင့် စားသုံးသူအကျိုးစီးပွားကိုလည်း ကာကွယ်ရာ ရောက်မည်ဖြစ်ပါသည်။

          သို့ပါ၍ စားသုံးဆီလုပ်ငန်းဆောင်ရွက်နေကြသော လုပ်ငန်းရှင်များအနေဖြင့် “ကုသိုလ် လည်းရဝမ်းလည်းဝ”ဆိုသည့် မြန်မာစကားပုံနှင့်အညီ မိမိအပါအဝင်စားသုံးသူများနှင့်အတူ နိုင်ငံ တော်အတွက်ပါ အကျိုးစီးပွားဖြစ်ထွန်းစေမည့် ကျန်းမာရေးနှင့်ညီညွှတ်သော အရည်အသွေးမြင့် စားသုံးဆီများကို တိုးတက်ထုတ်လုပ်၍  သန့်ရှင်းသပ်ရပ်သောအဆင့်မြင့် ထုတ်ပိုးမှုစနစ်ဖြင့် စေတနာရှေ့ထား၍ ထုတ်လုပ်ရောင်းချနိုင်ကြစေရန် ဆန္ဒပြုရေးသားလိုက်ရပါသည်။

ITQM

စားသုံးဆီမဟုတ်သော ဝါစေ့ဆီကြမ်း

          မြန်မာနိုင်ငံတွင် စားသုံးဆီထုတ်ယူရန်အတွက် ဆီထွက်သီးနှံအုပ်စုဟု သတ်မှတ်ထားသော မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်၊ ဆီအုန်း နှင့် ပန်းနှမ်း စသည့်အပင်များမှ ထုတ်လုပ်ရရှိသော စားသုံးဆီများ အပြင် ပြည်ပမှ တင်သွင်းလာသော စားအုန်းဆီ၊ ဖွဲနုဆီ၊ ကနိုလာ (မုန်ညင်း)ဆီ နှင့် ပြောင်းဖူးစေ့ဆီ များကို ဟင်းချက်ရာတွင်ဖြစ်စေ၊ ဆီစိမ်းအတိုင်းဖြစ်စေ၊ အိုးကပ်ကြော်၊ နှစ်ကြော်ရန် အတွက်ဖြစ်စေ အမျိုးမျိုး အဖုံဖုံအသုံးပြုလျက်ရှိကြပါသည်။

          ထို့ပြင် မြန်မာနိုင်ငံ၏ အချို့ဒေသများ၌လည်း မိမိတို့ဒေသအတွင်း စိုက်ပျိုးထားသော ဆီထွက်ပင်များဖြစ်သည့် မုန်ညင်း၊ ရှမ်းနှမ်း၊ တမာ၊ အုန်း၊ ကြက်ဆူနှင့် ကမ်းဇော် စသည့်အပင် ထွက်ဆီများကို ဆေးဖက်ဝင်လိမ်းဆေးဆီအဖြစ်လည်းကောင်း၊ ဆပ်ပြာကဲ့သို့ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့်လုပ်ငန်းများတွင်လည်းကောင်း အသုံးပြုကြသော်လည်း ဝါစေ့ဆီကိုမူ အကြော်ခံဆီ အမည်တပ်ကာ စားသုံးဆီအဖြစ် အကြော်အလှော်လုပ်ငန်းများတွင် အသုံးပြုနေကြောင်း ကြားသိ နေရပါသည်။

          မြန်မာနိုင်ငံတွင် ဝါပင်ကို အဝတ်အထည်ရက်လုပ်ရန် ဝါဂွမ်း၊ ချည်မျှင်အတွက်အဓိကထား၍ စက်မှုလုပ်ငန်းသုံးသီးနှံအုပ်စုဝင်အဖြစ် သတ်မှတ်စိုက်ပျိုးကြပါသည်။ ဝါဂွမ်းဆွတ်ယူ၍ ဝါဖန်သည့် အခါ ဘေးထွက်ပစ္စည်းအဖြစ် ဝါစေ့ကို ရရှိခြင်းဖြစ်ပြီး ၎င်းတွင်ဆီပါဝင်မှု ရာခိုင်နှုန်း ၄၀ မှ ၄၅ ထိရှိပါသည်။

          ကမ္ဘာတွင် ဝါစေ့ဆီသုံးစွဲလာသည့် သမိုင်းကြောင်းကိုပြန်ကြည့်လျှင် စက်မှုတော်လှန်ရေး ဖြစ်ပွားနေသည့် ကာလအတွင်း၌ ဥရောပတွင် လူဦးရေ တိုးတက်လာမှုနှုန်းမြင့်တက်လာ ခြင်းနှင့်အတူ ယင်းကာလတွင် ဖြစ်ပွားသော စစ်ပွဲများ၏ အကျိုးဆက်များကြောင့် ဥရောပတွင် ဆီနှင့်အဆီ (Oils and Fats) ပြတ်လပ်မှုနှင့် ကြုံတွေ့ခဲ့ရပြီး ဈေးနှုန်းများ အဆမတန်မြင့်တက်ခဲ့၍ လူအများစုမှာ ချက်ပြုတ်ရန်နှင့် မီးအိမ်အသုံးပြုရန် အခက်ကြုံခဲ့ရပါသည်။ ၎င်းအခက်အခဲကို အမေရိကန်စွန့်ဦးတီထွင်လုပ်ငန်းရှင်များက အခွင့်ကောင်းယူကာ ၁၈၅၇ ခုနှစ်တွင် ဝါစေ့ကို အခွံ (hull) နှင့် အဆံ (kernel) ခွဲခြားပြီး အဆံကို ကြိတ်ချေကာ ဆီထုတ်ယူ၍ မီးအိမ်အတွက် အသုံးပြုရန်ဆီ (illumination purposes in lamps) အဖြစ် ဥရောပသို့ တင်ပို့ရောင်းချခဲ့ပါသည်။ ဤရောင်းချမှုသည် ၁၈၅၉ တွင် ဓာတ်ဆီထုတ်လုပ်သောလုပ်ငန်းများ ပေါ်ပေါက်လာသောကြောင့် အဆုံးသတ်ခဲ့ရပါသည်။ တစ်ဖန်ဝါစေ့ဆီကို အခြားအဆီများနှင့်ရောနှောပြီး ရောင်းချခဲ့သောကြောင့် စည်းမျဉ်းဥပဒေများဖြင့် တားဆီးခဲ့ရပြီး ဆပ်ပြာနှင့် မီးတိုင်လုပ်ငန်းများတွင်သာ ဆက်လက် တွင်ကျယ်နေခဲ့ရပြန်သည်။ လျှပ်စစ်မီးသုံးစွဲမှုကျယ်ပြန့်လာခြင်းကြောင့် မီးတိုင်လုပ်ငန်းများရပ်ဆိုင်း သွားပြန်ရာ ဝါစေ့ဆီ ထုတ်လုပ်သောလုပ်ငန်းရှင်များ အခက်ကြုံခဲ့ကြရပြန်သည်။ ထို့ကြောင့် ၁၉၁၁ မှစ၍ ဝါစေ့ဆီကို စားသုံးဆီအဆင့်အထိ ရောက်ရှိစေရန် နည်းပညာသုံး၍ တစ်ဆင့်မြှင့်တင်ခဲ့ကြရာ နှစ်ပေါင်း ၃၀ ကျော်ကြာပြီးနောက်ပိုင်းတွင် အမေရိကန်၌ စတင်ကျော်ကြားလာခဲ့ရပြန်သည်။ ထို့နောက် ၁၉၄၄ မှစတင်၍ အမေရိကန်တွင် ပဲပုပ်စေ့ဆီထုတ်လုပ်လာသောကြောင့် ၂၀ ရာစု နောက်ပိုင်း ကာလအထိ ဝါစေ့ဆီထုတ်လုပ်မှု ကျဆင်းလာခဲ့ရပြန်သည်။

          အဆိုပါ သမိုင်းဖြစ်စဉ်အရ ဝါစေ့ဆီကို ကြိတ်ချေရုံဖြင့် ရရှိသောဆီကြမ်းကို မီးထွန်းရန်၊ ဆပ်ပြာချက်ရန်တို့၌သာ အသုံးပြုပြီး ၎င်းဆီကြမ်းကို နည်းပညာသုံး၍ ပြန်လည်ပြုပြင်ပြီးသော ဆီချောကိုသာ စားသုံးရန် (edible) အဆင့်သတ်မှတ်ကြောင်း တွေ့ရှိနိုင်ပါသည်။

          ဆီကြမ်းအဆင့်မှ စားသုံးဆီအဆင့်သို့ရောက်ရှိစေရန် ဆီသန့်စင်ခြင်းနည်းစဉ် (oil refining process) ကို အသုံးပြုရသည်ဖြစ်ရာ ဆီကြမ်းတွင်ပါရှိလာသည့် အချဉ်ဓာတ်၊ အချွဲဓာတ်၊ အရောင် ဆိုး၊ အနံ့ဆိုးတို့နှင့်အတူ အနည်အနှစ်များနှင့် အငွေ့ပျံနိုင်သောပစ္စည်းများကို ဖယ်ထုတ်နိုင်မှသာ လျှင် သန့်စင်ကြည်လင်သော စားသုံးဆီကို ရရှိနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် အချွဲချွတ်ခြင်း (Degumming)၊ အချဉ်ချွတ်ခြင်း (Neutralization) နှင့် အအေးခံ၍ အခဲစစ်ထုတ်ခြင်း (Winterization) ဟူသော ဆီသန့်စင်ခြင်းနည်းစဉ်ကို ပြီးပြည်စုံအောင် ဆောင်ရွက်မှသာ finished Product ဖြစ်သည့် စားသုံးရန်အဆင့်ကို ‌ရောက်ရှိနိုင်ပါသည်။

          စားသုံးဆီအဆင့်သို့ရောက်သည်အထိ သန့်စင်ပြီးသော ဝါစေ့ဆီတွင် မပြည့်ဝဆီ ၇၀% နှင့် ပြည့်ဝဆီ ၂၆% တို့ ပါဝင်ဖွဲ့စည်းထားပြီး ၎င်း၏ မီးလောင်မှတ် (Smoke Point) မှာ ၂၁၆ ဒီဂရီစင်တီဂရိတ်ရှိပါသည်။ မီးလောင်မှတ်မြင့်သော ဆီဖြစ်သည့်အားလျော်စွာ စားသောက်ဖွယ်ရာ များ ကြော်လှော်ရန်အတွက် ကောင်းမွန်သည့် ဆီအမျိုးအစားဖြစ်သောကြောင့်လည်း တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘရာဇီး၊ အမေရိကန်၊ တူရကီ၊ ဥဇဘက်ကစ္စတန်နှင့် သြစတြေးလျနိုင်ငံများ၌ ဝါစေ့ဆီကို စားသုံးဆီအဖြစ် ထုတ်လုပ်ရောင်းချလျက်ရှိပါသည်။

          ဝါစေ့တွင် ပိုးသတ်ဆေးကဲ့သို့ အာနိသင်ရှိသည့် အရောင်ပေးဒြပ်ပေါင်းတစ်ခုဖြစ်သော ဖီနော (phenol) အုပ်စုဝင် ဂေါ်ဆီပေါ(Gossypol) သည် သဘာဝအတိုင်း ပါရှိနေရာ ၎င်းသည် ဝါစေ့ဆီ ကြမ်းအဆင့်တွင်လည်း ပျောက်ပျက်မသွားဘဲ ပမာဏတစ်ခုဖြင့် ပါဝင်နေလေ့ရှိပါသည်။ စားသုံးဆီ အဆင့်ထိရောက်အောင် သန့်စင်ပြီးမှသာလျှင် ၎င်းဓာတ်ပစ္စည်းကို ဖယ်ရှားလျှော့ချနိုင်မည်ဖြစ်ပါ သည်။

          မြန်မာနိုင်ငံတွင် ဝါစေ့ဆီထွက်ရှိရာဒေသများအနက်မှ မကွေးတိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီး၊ မြင်းခြံခရိုင်တို့မှ ဝါစေ့ဆီနမူနာများကို သုတေသနပြုလုပ်ခဲ့ရာတွင် ထိုဝါစေ့ဆီများ သည် Finished Product မဟုတ်ဘဲ အချဉ်ဓာတ်ချွတ်ထားသောဆီ (Neutralized Oil)  များသာ ဖြစ်သောကြောင့် Semi-Product အဆင့်ဖြစ်ပြီး စစ်ဆေးချိန်တွင် ဆီသားပျက်စီးမှုပင် ဖြစ်ပေါ်နေ ကြောင်း တွေ့ရှိခဲ့ရပါသည်။ ထို့ပြင် မြေပြင်အခြေ အနေတွင်လည်း ဝါစေ့ဆီကြမ်းကို တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံထုတ် စက်မှုလုပ်ငန်းသုံး ကော့စတစ်ဆိုဒါများဖြင့် အရောင်ချွတ်ကြပြီး ၁၂ နာရီခန့် အနေထိုင်စေကာ အပေါ်ယံဆီ အကြည်ကိုခပ်ယူ၍ ကုန်ချောအဖြစ် ရောင်းချနေကြောင်း၊ ၎င်းကို စားအုန်းဆီနှင့်လည်းကောင်း၊ နှမ်းဆီနှင့်လည်းကောင်း ရောစပ်၍ ရောင်းချနေကြောင်း၊ နှမ်းဆီရနံ့ ထည့်၍လည်း နှမ်းဆီအဖြစ်ရောင်းချနေကြောင်း ကြားသိနေရပါသည်။

          ဤကဲ့သို့ စားသုံးရန်အဆင့်မရောက်သေးသော ဝါစေ့ဆီကို စားသုံးဆီအဖြစ် နှစ်ကာလ ကြာရှည်စွာ စားသုံးနေသူများသည် ဂေါ်ဆီပေါလ်ဒြပ်ပေါင်း၏ အာနိသင်ကြောင့် အမျိုးသားများတွင် မျိုးမအောင်ခြင်း (infertile) နှင့် အမျိုးသမီးများတွင် ဓမ္မတာမမှန်ခြင်း (amenorrhea- absence of menstruation) တို့ ဖြစ်ပေါ်လာနိုင်ကြောင်းကို ၁၉၂၉ ခုနှစ်တွင် လေ့လာတွ့ရှိခဲ့ပါသည်ဟု မှတ်သားဖူးရာ မည်သည့်ဆီအမျိုးအစားဖြင့် ကြော်လှော်ထားမှန်း မသိသော အသင့်စားအစားအစာ များနှင့် ကြွပ်ကြွပ်ရွရွအကြော်အလှော်များကို နှစ်သက်စွာ စားသုံးနေကြသည့် စားသုံးသူပြည်သူများ အတွက် များစွာအန္တရာယ်ရှိလှပါသည်။

          သို့ပါ၍ အရည်အသွေးမပြည့်မီသော စားသုံးရန်အဆင့်မဟုတ်သော အမျိုးအမည်မဖော်ပြနိုင် သည့် အကြော်ခံဆီ (ဆီကြမ်း) များကြောင့် လူဖြစ်ရှုံးရသည့် အန္တရာယ်မှကာကွယ်နိုင်ရန်အတွက် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားပြီး FDA ထောက်ခံချက်ပါသော သန့်ရှင်းသပ်ရပ်စွာ ထုပ်ပိုးထားသည့် စားသုံးဆီများကိုသာ သုံးစွဲကြပါရန်နှင့် စားသုံးဆီ မဟုတ်သော ဝါစေ့ဆီကြမ်းများ ကို Finished Product အဖြစ် ဆက်လက်ဆောင်ရွက်ပြီးမှသာ စားသုံးဆီအဖြစ် အသုံးပြုကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။

ITQM

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

          အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဖေဖေါ်ဝါရီလ (၁၈)ရက်နေ့မှ ဖေဖေါ်ဝါရီလ (၂၄)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက် ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ် (ပိဿာ)ကျပ် ၅၀၀ မှ ၁၀၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၄၀၀ မှ ၁၁၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၅၀၀ မှ ၇၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၁၀၀၀ မှ ၁၅၀၀ အတွင်း၊ မုန်လာဥနီ(ပိဿာ) ကျပ် ၉၀၀ မှ ၁၃၀၀ အတွင်း၊ ရွှေဖရုံသီး(လုံး)ကျပ် ၁၀၀၀ မှ ၁၃၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် ၅၀၀ မှ ၈၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၅၀၀ မှ ၁၀၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၈၇၅ မှ ၁၃၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ) ၁၅၀၀ မှ ၃၆၀၀ အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်)(ပိဿာ) ကျပ် ၂၁၀၀ မှ ၄၀၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၉၀၀ မှ ၁၄၀၀ အတွင်း၊ ဆလပ်ရွက်(စီး)ကျပ်၁၀၀ မှ ၁၅၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၁၀၀ မှ ၁၅၀ အတွင်း၊ ခရမ်းသီး(ရှည်)(လုံး)ကျပ် ၁၂၀ မှ ၃၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၁၀၀ မှ ၁၅၀ အတွင်း၊ ငရုတ်သီးစိမ်း(ကျောက်စိမ်း)(ပိဿာ) ၅၀၀ မှ ၉၀၀ အတွင်း၊ ဖရဲသီး(အကြီး၊ အလတ်၊ အသေး)ကျပ် ၁၂၀၀ မှ ၂၃၀၀ အတွင်းဖြစ်ကြောင်း သိရှိရပါတယ်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီး အလုံးပေါင်း (၄၈၉၀၀)ကျော်၊ ခရမ်းသီး(ရှည်)(လုံး) (၁၄၃၀၀)ကျော်၊ ဗူးသီးအလုံးပေါင်း (၃၄၇၀၀) ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၉၄၀၀)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၁၆၄၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ် ပေါင်း (၂၃၇၀၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၈၇၀၀)ကျော်၊ ဖရဲသီးလုံးပေါင်း (၁၅၀၀၀) ကျော် အသီးသီးကုန်အဝင်ရှိကြောင်း သိရပါတယ်။

DOCA(ရန်ကုန်)

ဈေးကွက်ရေရှည် တည်တံ့ဖို့ ခရမ်းချဉ်သီး တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်စို့

       အပူပိုင်းဒေသဖြစ်သောမုံရွာနယ်တွင် ခရမ်းချဉ်သီးကို မိုးအကုန်ဆောင်းအကူးတွင် အဓိကထား စိုက်ပျိုးကြခြင်းဖြစ်၍ စက်တင်ဘာလမှစပြီး ဖေဖော်ဝါရီလအလွန်ဆုံးထား စိုက်ပျိုးကြပါသည်။ ထို့ကြောင့် နှစ်စဉ် ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလများတွင် ဒေသစိုက်ထွက်ရှိမှုမရှိဘဲ ရှမ်းပြည်အင်းသီးများဝယ်ယူသုံးစွဲရပြီး ဈေးနှုန်းအမြင့်ဆုံးအချိန်ဖြစ်ပါသည်။ ပြီးခဲ့သည့် နိုဝင်ဘာ၊ ဒီဇင်ဘာလတုန်းက တစ်ပိဿာလျှင် ၄၀၀၀ ကျပ်ထိ ဝယ်ယူစားသုံးခဲ့ရာက ဇန်နဝါရီလတွင် ၁၅၀၀ ကျပ်၊ ယခင်ပတ်က ၁၀၀၀ ကျပ်ခန့်မှ ယခုလက်ရှိ ခရမ်းချဉ်သီး ရွာဈေးက ၃၀၀ ကျပ်သာရှိပါတော့သည်။ မြို့ဈေးတွင်းလက်လီဝယ်စားရင်တော့ ၇၀၀ ကျပ်ပေးရသည်။ ရွာဈေး ၃၀၀ ကျပ်ရသည့်တောင်သူတွင် ခူးဆွတ်ခ ၄၀ ကျပ်နှင့် အခင်းမှရွာအရောက်သယ်ယူစရိတ် ၁၅ကျပ်ဖြစ်၍ တစ်ပိဿာလျှင် ၅၅ ကျပ် လတ်တလောကုန်ကျပြီးမှ ရသည့်ဈေးဖြစ်ရာ ၂၄၅ ကျပ်သာရသည့်သဘောဖြစ်ပါသည်။ တစ်ဧက စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်က (၁၀)သိန်းခန့်ကုန်ကျကြောင်း၊ တစ်ဧကလျှင် အပင်ရေ(၅၀၀၀) ခန့်ဖြင့် ခူးဆွတ်သက်တမ်း ၂လခွဲအတွင် တစ်ပင်လျှင်၂ပိဿာခွဲခန့် ထွက်ရှိသဖြင့် တစ်ဧကအထွက်နှုန်း ပိဿာချိန် (၁၂၅၀၀) ကျော်ထွက်ရှိကြောင်းသိရပါသည်။ တစ်ပိဿာလျှင် ၈၀ ကျပ်ရင်းနှီးထားပြီး ၁၃၅ ကျပ်တွင် အရင်းကျေရုံဈေးသာဖြစ်ပါသည်။ ယခုလက်ရှိ ၃၀၀ ကျပ်ရပါက စိုက်ပျိုးချိန်နှင့် ခူးဆွတ်ချိန် (၆)လအတွက် ကျပ်သိန်း(၂၀)ကျော် အကျိုးအမြတ်ရရှိသည်ဟု တွက်ချက်နိုင်ပါသည်။ အထွက်နှုန်းပိုမို ထွက်ရှိသူများ၊ အမြင့်ဈေးမီသူများကတော့ ပိုမိုမြတ်စွန်းနိုင်ပါသည်။

          ယခင်နှစ် ဒီအချိန်မှာ တစ်ပိဿာ(၅၀)ကျပ်ထိဈေးနှုန်းကျဆင်းခဲ့၍ ခူးဆွတ်ခြင်းမပြုတော့ဘဲ အရှုံးခံခဲ့ကြရသည်။ လွန်ခဲ့သောနှစ်များကလည်း စိုက်ပျိုးစရိတ်ရှုံးသည့်အခြေအနေများဖြစ်လေ့ဖြစ်ထ ရှိခဲ့သည့်။ အမြတ်များသည့်နှစ်များလည်းရှိပြီး ကျွမ်းကျင်နေသည့် စိုက်ပျိုးရေးလုပ်ငန်းဖြစ်သဖြင့် တောင်သူများကတော့ စိုက်ပျိုးနေမြဲဖြစ်ကြပါသည်။ မုံရွာမြို့နယ်တွင်း ချင်းတွင်းမြစ်ကျွန်းထဲရွာများတွင် ဧကပေါင်း(၂၅၀၀)ခန့်စိုက်ပျိုးမှုရှိပြီး အခြားဒေသအဝေးတင်ဈေးကွက်များရှိကြသည်။ ကျားခြေရာခေါ် ဗမာသီးကို ဒေသတွင်းသုံးစွဲရန်သာစိုက်ပျိုးပြီး၊ ရန်ကုန်နှင့် အခြားဒေသတင်ပို့ရန် အင်းသီးကဲ့သို့ ထိုင်ဝမ်သီးကို အဓိကထားပိုမိုစိုက်ပျိုးသည်။ မုံရွာနယ်နှင့်ထွက်ရှိသည့်အချိန်တူညီကြသည့် ရှမ်း၊ မိတ္ထီလာ၊ ပြည်ဘက်က အထွက်များလို့ အဝေးဈေးကွက် တင်ပို့ရမှုနည်းပါးလျှင် ဈေးနှုန်းပိုမိုကျဆင်း ကြောင်းတွေ့ရပါသည်။

ကုန်ဈေးနှုန်းများမြင့်တက်ခြင်းသည် ကမ္ဘာတဝန်းဖြစ်ပေါ်လျက်ရှိပြီး မြန်မာနိုင်ငံသည် အခြေခံစားရေရိက္ခာအတွက်မပူရသောနိုင်ငံဖြစ်ကြောင်း သတင်းများမှာလည်း ဖော်ပြလျက်ရှိပါသည်။ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မြင့်တက်လာသော်လည်း ထွက်ရှိသည့်သီးနှံက ဈေးကောင်းမရရင် စိုက်ပျိုးတောင်သူများနစ်နာဆုံးရှုံးရသည်။  ဝယ်လိုအားဈေးကွက်ထက် ရောင်းလိုအားစိုက်ပျိုးထုတ်လုပ် မှုက ပိုမိုများပြားနေပါက ဈေးနှုန်းကျဆင်းခြင်းသည် ဖြစ်ပေါ်နေမည်သာဖြစ်ပါသည်။ စားဖိုဆောင်သီးနှံ များဖြစ်သော ကြက်သွန်နီနှင့် ခရမ်းချဉ်သီးဈေးကွက်သည် ထွက်ကုန်ပေါများလွန်းသည့်နှစ်နှင့် ဈေးကွက် တင်ပို့ရမှုနည်းသည့်နှစ်တွင် ဈေးကျဆင်းနေတတ်တော့ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ကြဖို့ အကြံပြု တိုက်တွန်းကြတာ တွေ့ရပါသည်။ မလုပ်ဖူးတာကို လုပ်ဖို့ လက်တွေ့ကျအခက်အခဲတွေ့ရမှာစိုးရိမ်တဲ့ စိုက်ပျိုးတောင်သူများကတော့ သူတို့တတ်ကျွမ်းတဲ့ စိုက်ပျိုးထုတ်လုပ်တာကလွဲလို့ တန်ဖိုးမြှင့်ထုတ်လုပ်ဖို့ စိတ်ဝင်စားမှု၊ လုပ်လိုမှုမရှိတာတွေ့ရတဲ့အတွက် စားသောက်ကုန်ထုတ်လုပ်မှုကို စိတ်ဝင်စားတဲ့ လုပ်ငန်းရှင်များလိုအပ်ကြောင်းတွေ့ရပါသည်။

သီးနှံအခြေခံ စားသောက်ကုန် တန်ဖိုးမြှင့်ထုတ်ကုန်အမျိုးမျိုး ပြုလုပ်နည်းသင်တန်းများရှိပြီး လေ့လာနိုင်ကြပါသည်။ ခရမ်းချဉ်သီးကို ယိုထိုး၊ ဆော့ချဉ်၊ ခရမ်းချဉ်သီးအနှစ်၊ ဖျော်ရည် စသည့်ထုတ်ကုန်များ ထုတ်လုပ်နိုင်သော်လည်း အခက်အခဲတွေရှိနေပါသည်။

        နည်းပညာပိုင်းမှာ အခြေခံလုပ်နည်းကိုသိရှိပြီး တနိုင်တပိုင်လုပ်တာအဆင်ပြေပေမယ့်  စီးပွားဖြစ်လုပ်တော့မယ်ဆိုရင် စက်ပစ္စည်းစုံစမ်းတပ်ဆင်ဖို့၊ ကောင်းမွန်သည့်အရသာထပ်တူညီဖို့၊ တာရှည်ခံဖို့၊ ဘေးအန္တရယ်ကင်းဖို့၊ သေချာထုတ်ပိုးဖို့၊ အဆင့်ဆင့်စနစ်တကျဆောင်ရွက်တတ်ဖို့ နည်းပညာလိုအပ်လာပါသည်။ ခရမ်းချဉ်သီးအစေ့ကိုဖယ်ထုတ်သန့်စင်ရခြင်းသည် ခက်ခဲကြောင်း၊ အရသာကိုကောင်းအောင်ထုတ်နိုင်ရင်တောင် အနံ့ကို စားချင့်စဖွယ် မွှေးကြိုင်သောအနံ့ဖြစ်အောင် ထုတ်လုပ်ရန် ခက်ခဲကြောင်းသိရှိရပါသည်။

         အရင်းအနှီးပိုင်းတွင် တောင်သူအများစုမှာ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်တောင်အနိုင်နိုင်မို့ တန်ဖိုးမြှင့်ထုတ်လုပ်ဖို့ငွေထပ်မရင်းနိုင်တော့ပါ။  စီးပွားရေးလုပ်ငန်းရှင်ကတော့ သေချာတွက်ချက်ပြီး အမြတ်အစွန်းရနိုင်မှ ဒီကဏ္ဍမှာရင်းနှီးမြှုပ်နှံမှာမို့ မမြတ်နိုင်လို့ဟုယူဆရပါသည်။ တန်ဖိုးမြှင့် ထုတ်ကုန် စက်ရုံများကို နိုင်ငံတော်က ရင်းနှီးမြှုပ်နှံတည်ဆောက်ပေးခြင်းဖြင့် ပံ့ပိုးပေးခြင်းနည်းရှိပေမယ့် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် အားပေးကူညီလျက်ရှိရာ စီးပွားရေးပတ်ဝန်းကျင်ကောင်းကိုဖန်တီပေးခြင်းနည်းဖြင့်သာ ဝင်ရောက်စွက်ဖက်ပေးခြင်း ရှိပါသည်။

          စက်ရုံလုပ်သားရရှိရေးကဏ္ဍမှာ နယ်များတွင် မြို့လိုလခစားအလုပ်ထက် နေ့စားအလုပ်ကို ပိုမိုလုပ်ကိုင်လိုသည့်လုပ်သားများဖြစ်နေခြင်းနှင့် ကျွမ်းကျင်မှု၊ ယုံကြည်စိတ်ချရမှု၊ လုပ်ခလစာသင့် တော်မှုရှိဖို့လိုအပ်ခြင်း အခက်အခဲများရှိနေပါသည်။ အလေ့အထပိုင်းအနေနဲ့ မြန်မာတို့က အခြောက်များ၊ အဆင်သင့် အနှစ်များ၊ စည်သွပ်ဗူးများ စားသောက်သည့်ဓလေ့၊ ခရမ်းချဉ်ဆော့သုံးစွဲသည့်ဓလေ့ သိပ်မရှိသေးဘဲ လတ်လတ်ဆတ်ဆတ်ကိုပဲ အချိန်ပေးချက်ပြုတ်စားသောက်သည့် အလေ့အထရှိနေသည့်အတွက် စားသုံးသူတို့၏ ယုံကြည်မှု၊ နှစ်သက်သဘောကျမှု ရရှိရေးအတွက် လိုအပ်မည်ဖြစ်ပါသည်။

        ဈေးကွက်ကြီးကြီးမားမားရှိရေးအပိုင်းသည် အဓိကဖြစ်ပါသည်။  ပြည်တွင်းဖြစ်ကို အားပေးချင်သည့်စိတ်ရှိသူများသည်ပင် ဈေးနှုန်းနှင့်အရည်အသွေးကို နှိုင်းယှဉ်တွက်ချက်ကြမည်ဖြစ်သည်။ ဈေးကွက်မှာ လူသုံးများနေသော ပြည်ပထုတ်ကုန်စည်များ (ဥပမာ-ခရမ်းချဉ်ဆော့ဗူးများ) ၏ ဈေးကွက်ကို ယှဉ်ပြိုင်ထိုးဖောက်နိုင်အောင်ကြိုးစားရပါမည်။

         အချိန် ၄လခန့် စိုက်ပျိုးရုံဖြင့် ရရှိမည့် တစ်လုံးတည်းအကျိုးအမြတ်ထက် ပိုမိုတွက်ခြေကိုက်ခြင်း၊ အချိန်၊ ငွေကြေး၊ လူအင်အားရင်းနှီးထားရတာနဲ့ ရရှိတဲ့အကျိုးအမြတ်က ပိုမိုတွက်ခြေကိုက်ခြင်း၊ သီးနှံကို ကုန်ကြမ်းအတိုင်းရောင်းချတာထက် အလုပ်အကိုင် အခွင့်အလမ်းများပေးနိုင်မည့် တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ရောင်းချဖို့ တိုက်တွန်းလျက်ရှိပါသည်။ ခရမ်းချဉ်သီးပေါများစွာ ထွက်ရှိပြီးဈေးနှုန်းကျဆင်းချိန် ဝယ်ယူခြင်းဖြင့် ထုတ်လုပ်သူများအတွက်လည်း ကုန်ကြမ်းဈေးနှုန်းသက်သာ၊ စိုက်ပျိုးတောင်သူမျာအတွက်လည်းအဆင်ပြေသည့် အခြေအနေဖြစ်သဖြင့် အဆိုပါ အခက်အခဲများကိုကျော်လွှားနိုင်ကြပြီး တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်သည့် လုပ်ငန်းများ ပိုမိုတိုးပွားလာပါစေကြောင်း ဆန္ဒပြုလိုက်ပါသည်။

DOCA(စစ်ကိုင်းတိုင်းဒေသကြီး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း