ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်ပဲကြီး နှစ်စဉ်ဈေးကောင်းရလျက်ရှိ

   ပြည်ပဲမျိုးစုံဈေးကွက်မှာ ပဲကြီးသီးနှံအနေဖြင့် မတ်ပဲ၊ ကုလားပဲသီးနှံများနှင့်ယှဉ်လျှင် ဈေးပိုရလျက်ရှိပြီး ပဲလက်ကျန်ရှိမှုအပေါ်နေ့စဉ် အရောင်းအဝယ်ဖြစ်ခဲ့ကြပါသည်။ ပဲခွဲစက်သမားများ အဓိက ဝယ်ယူနေသလို ရန်ကုန်ဝယ်လက်လည်းရှိသည့်အတွက် အိတ် (၂၀၀/၃၀၀)ကျော် နေ့စဉ် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါသည်။ ပဲဈေးနှုန်းမှာ ရွှေကျွန်း တစ်တင်း (၉၇၀၀၀) ကျပ်၊ ကမ်းနား တစ်တင်း (၉၃၀၀၀)ကျပ်ဖြင့် အသီးသီးရောင်းဝယ်နေကြပါသည်။ ပဲကြီးသီးနှံမှာ နှစ်စဉ် အခြားပဲများနှင့်ယှဉ်လျှင် ဈေးကောင်းရသောကြောင့် ယခင်နှစ်က ဇူလိုင်လတွင် တစ်တင်း (၇၅၀၀၀)ကျပ်ဖြင့် ဈေးကွက်အတွင်း ဈေးအမြင့်ဆုံးရလျက်ရှိကာ ယခုနှစ်တွင်လည်း တစ်တင်း ကျပ် (၁)သိန်းနီးပါး အထိရရှိနေတာကြောင့် လှောင်ပဲလက်ကျန်သမားများ ထုတ်ရောင်းချမှုရှိခဲ့ကြကြောင်း သိရပါသည်။

DOCA(ပဲခူး)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦးခရိုင်များမှ ‌ကလေး၊ ကန့်ဘလူနှင့် မုံရွာခရိုင်တို့တွင် ဈေးအနည်းငယ်တက်နေပြီး ကျန်ခရိုင်များတွင် ဈေးအေးနေပါကြောင်းသိရှိရပါသည်။

  စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (တတိယပတ်) တွင် ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း (စပါး)  တင်း၁၀၀လျှင် ကျပ် ၂၉၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည်ပါတစ်အိတ်လျှင် ၁၀၀၀၀၀ကျပ်၊ ဧရာမင်း (စပါး) တင်း၁၀၀လျှင် ကျပ်၂၅၀၀၀၀၀၊  ဧရာမင်း (ဆန်) ၂၄ပြည်ပါတစ်အိတ်လျှင် ၁၀၀၀၀၀ကျပ်၊ နွေစပါး (ရွှေဝါထွန်း) စပါးတင်း (၁၀၀) လျှင် ကျပ်၁၅၅၀၀၀၀၊  ရွှေဝါထွန်း (နွေစပါး) ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ်၆၄၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။ ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး) တင်း၁၀၀လျှင် ကျပ်၂၉၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ်လျှင် ကျပ်၁၀၀၀၀၀၊  ဧရာမင်း (စပါး) တင်း၁၀၀လျှင် ၂၅၀၀၀၀၀၊ ဧရာမင်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၀၀၀၀၀ကျပ်၊ နွေစပါး (ရွှေဝါထွန်း) စပါးတင်း (၁၀၀) လျှင် ကျပ်၁၅၅၀၀၀၀၊  နွေစပါး (ရွှေဝါထွန်း) (ဆန်) ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ်၆၄၀၀၀တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

   ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ (စပါး) တင်း၁၀၀လျှင် ကျပ်၁၉၀၀၀၀၀၊ ဧည့်မထ (ဆန်) ‌၂၄ပြည်ပါတစ်အိတ်လျှင် ကျပ်၇၂၀၀၀၊ ငစိန် (စပါး) တင်း၁၀၀လျှင် ကျပ်၁၈၀၀၀၀၀၊ ငစိန် (ဆန်)၂၄ပြည်ပါတစ်အိတ်လျှင် ကျပ်၇၀၀၀၀၊ ဧရာမင်း (စပါး) တင်း၁၀၀လျှင် ကျပ်၂၀၀၀၀၀၀၊ ဧရာမင်း (ဆန်) ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ်၈၀၀၀၀၊ နွေစပါး (ဒေသမျိုး) (စပါး) တင်း၁၀၀လျှင် ကျပ်၉၀၀၀၀၀၊ နွေစပါး (ဒေသမျိုး) (ဆန်) ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ်၈၂၀၀၀တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

 ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ (၂) (စပါး) တင်း၁၀၀လျှင် ကျပ်၁၉၀၀၀၀၀၊ မှော်ဘီ (၂) ဆန်၂၄ပြည်ပါတစ်အိတ်လျှင် ကျပ်၈၀၀၀၀၊ ဆင်းဧကရီ (၃) (စပါး)  တင်း၁၀ လျှင် ကျပ်၁၆၅၀၀၀၀၊ ဆင်းဧကရီ-၃ဆန်၂၄ပြည်ပါတစ်အိတ်လျှင် ကျပ်၇၂၀၀၀၊ ဧရာမင်း (စပါး) တင်း၁၀၀လျှင် ကျပ်၂၀၀၀၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါဆန်တစ်အိတ်လျှင် ကျပ်၉၃၀၀၀၊ နွေစပါး (ဆင်း-၃) (စပါး) တင်း၁၀၀လျှင် ကျပ်၁၃၀၀၀၀၀၊ နွေစပါး (ဆင်း-၃) (ဆန်) ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ်၆၅၀၀၀တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

   မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း (စပါး) တင်း၁၀၀လျှင် ကျပ်၂၅၀၀၀၀၀၊  ဧရာမင်း (ဆန်) ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ်၉၇၀၀၀၊ ပေါ်ဆန်း (စပါး) တင်း၁၀၀လျှင် ကျပ်၂၉၀၀၀၀၀၊  ပေါ်ဆန်း (ဆန်) ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ်၁၀၀၀၀၀၊ မနောသုခ (စပါး) တင်း၁၀၀လျှင် ကျပ်၁၉၀၀၀၀၀၊ မနောသုခ (ဆန်) ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ်၈၀၀၀၀တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

   ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ဧရာမင်း (စပါး) တင်း၁၀၀လျှင် ကျပ်၂၄၀၀၀၀၀၊  ဧရာမင်း (ဆန်) ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ်၉၇၅၀၀၊ ပေါ်ဆန်း (စပါး) တင်း၁၀၀လျှင် ကျပ်၂၉၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ်၉၈၀၀၀၊ ရွှေဝါထွန်း (နွေစပါး) တင်း၁၀၀လျှင် ကျပ်၁၅၀၀၀၀၀၊  ရွှေဝါထွန်း (ဆန်) ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ်၆၀၀၀၀တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီးမှ ဇူလိုင်လ (ဒုတိယပတ်) တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၆၅၀၀အိတ်၊ မန္တလေးသို့ အိတ်ရေ ၂၉၉၀၀အိတ်၊ မကွေးသို့ အိတ်ရေ ၆၀၀အိတ်၊ နေပြည်တော်သို့ အိတ်ရေ ၇၀၀၀အိတ်၊ ရှမ်း (တောင်) သို့ အိတ်ရေ ၄၅၀၀အိတ်၊ ရှမ်း (မြောက်) သို့ အိတ်ရေ ၄၅၀၀အိတ်၊ ကချင်သို့ အိတ်ရေ ၁၀၀၀အိတ်၊ စုစုပေါင်း အိတ်ရေ (၆၄၀၀၀) အိတ်၊ တန်အားဖြင့် (၃၂၀၀) တန်စီးထွက်ခဲ့ပြီး ယခုဇူလိုင်လ (တတိယပတ်) တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၄၅၀၀အိတ်၊ မန္တလေးသို့ အိတ်ရေ ၂၉၄၀၀အိတ်၊ မကွေးသို့ အိတ်ရေ ၆၀၀အိတ်၊ နေပြည်တော်သို့ အိတ်ရေ ၆၅၀၀အိတ်၊ ရှမ်း (တောင်) သို့ အိတ်ရေ ၅၀၀၀အိတ်၊ ရှမ်း(မြောက်) သို့ အိတ်ရေ ၅၀၀၀အိတ်၊ ကချင်သို့ အိတ်ရေ ၃၀၀အိတ်၊ စုစုပေါင်းအိတ်ရေ (၆၁၃၀၀) အိတ်၊ တန်အားဖြင့် (၃၀၆၅) တန်စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ယခုအပတ်တွင် အိတ်ရေ (၂၇၀၀) အိတ်၊ တန်အားဖြင့် (၁၃၅) တန်လျော့နည်းစီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။ 

DOCA(စစ်ကိုင်း)                                                                                                                                 

                                     

ကန့်ဘလူ၊ ကျွန်းလှမြို့နယ်ရှိ ဒေသများတွင် မြေအောက်ရေတင်စနစ်ဖြင့် ခရမ်းသီးစိုက်ပျိုး

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ တပ်ကုန်းကျေးရွာတွင် တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ မိသားစုစားဝတ်နေရေးအပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း ခရမ်းသီးကိုစိုက်ပျိုးကြကြောင်း၊ ခရမ်းသီးကိုစိုက်ပျိုးရာတွင် ရာသီမရွေးစိုက်ပျိုးကြပြီး  စိုက်ပျိုးချိန် (၂) လကျော်လျှင် အသီးများကိုစတင်ခူးဆွတ်ရကြောင်း သိရှိရပါသည်။

   ခရမ်းသီးကို ပြာသိုလတွင်စိုက်ပျိုးကာ တပေါင်းလကျော်လျှင် အသီးများသီးကာ စတင်ခူးဆွတ်ရောင်းချရပါသည်။ ခရမ်းသီးကို တစ်ကျင်းလျှင် (၁) ပင်ခန့်စိုက်ပျိုးရပြီး အပင်ရေ (၆၀၀) ခန့်စိုက်ပျိုးထားပါသည်။ ခရမ်းသီးကို မြေအောက်ရေတင်စနစ်ဖြင့်စိုက်ပျိုးကာ ခရမ်းသီးပင်စတင်စိုက်ပျိုးရန် မျိုးစေ့ဖိုး၊ မြေပြုပြင်ခ၊ ဓာတ်မြေဩဇာနှင့် ရေသွင်းခြင်း စသည်တို့၏ စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ် (၆၀၀၀၀) ခန့်ကုန်ကျပြီး တစ်ခါခူးဆွတ်လျှင် (၁၂) ပိဿာမှ (၁၅) ပိဿာအထိပုံမှန်ခူးဆွတ်ရပြီး ၂/၃ရက်ခြားလျှင် တစ်ကြိမ်ခူးဆွတ်ရပါသည်။

    ထို့ကြောင့် ခရမ်းသီးပင်သည် စဉ်ဆက်မပြတ်စိုက်ပျိုးနိုင်ပြီး နေ့စဉ်ခူးဆွတ်ရောင်းချရသောသီးနှံပင်ဖြစ်၍ စီးပွားရေးအရ စိုက်ပျိုးသင့်သောသီနှံပင်ဖြစ်ကြောင်းနှင့် ခရမ်းသီးတစ်ပိဿာလျှင် မေလတွင် (၁၈၀၀/၂၀၀၀) ကျပ်ဈေးနှုန်းတို့ဖြင့်ရောင်းရကာ ဇွန်လ/ဇူလိုင်လများတွင် ခရမ်းသီးတစ်ပိဿာလျှင် (၈၀၀/၁၀၀၀/၁၂၀၀) ကျပ်တို့ဖြင့် အစားစားရောင်းရပြီး မြို့မစည်ပင်သာယာဈေးရှိ ဖောက်သည်များထံ ပို့ဆောင်ရောင်းချကာ အရောင်းအဝယ်ဖြစ်ပြီး မိသားစုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း တပ်ကုန်းကျေးရွာရှိ ခရမ်းသီးစိုက်တောင်သူ မဝါဝါခိုင်ထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

ပြည်ပဲလွမ်းဖြူသီးနှံပဲဈေးကွက်မှာ ဈေးအေးနေခဲ့

    ပြည်ပဲဈေးကွက်မှာ လက်လီ/လက်ကား ပဲမျိုးစုံရောင်းဝယ်လျက်ရှိရာ ပြည်ပဝယ်လိုအား ပဲအားလုံး ဈေးကောင်းရနေပြီး ပြည်တွင်းဝယ်လက်ပဲများထဲမှာ ပဲနီပြား၊ ထောပတ်ပဲ၊ ဘိုကိတ်ပဲ စသည့် ပဲများဈေးကောင်းနေသော်လည်း ပဲလွမ်းဖြူသီးနှံမှာ ဈေးအေးဖြင့် ရောင်းဝယ်နေခဲ့ကြပါသည်။ လက်လီ/လက်ကားရောင်းဝယ်နေကြ၍ လက်ကားသမားများ အဝယ်လိုက်သည့်ရက်တွင် အိတ် (၁၀၀)ကျော်ရောင်းချမှုရှိပြီး လက်လီသမားမှာ နေ့စဉ်အဝယ်ရှိ၍ အိတ် (၂၀/၃၀) ပုံမှန် ရောင်းဝယ်မှုဖြစ်ခဲ့ကြပါသည်။ ပဲဈေးအနေဖြင့် ပိဿာ(၂၀)တစ်တင်း (၅၀၀၀၀)ကျပ်ဖြင့်သာ အခြားပဲများ အားလုံးထက် ဈေးအေးရောင်းဝယ်ခဲ့ပါသည်။ ယခင်နှစ်က ဇူလိုင်လအတွင်း ပဲလွမ်းဖြူတစ်တင်း (၃၈၀၀၀)ကျပ်ဖြင့် ရောင်းဝယ်ခဲ့သည့်အတွက် ယခုနှစ်ဈေးအေးနေသည်ဆိုသော်လည်း ယခင်နှစ်ထက် ကျပ်(၁)သောင်းကျော် ပိုရလျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

စွန့်ဦးတီထွင်လုပ်ငန်း၏ ဒီနေ့ (Dnae) အလှကုန်

   ကသာခရိုင်၊ အင်းတော်မြို့၊ အောင်ဇေယျရပ်ကွက်၌ Dnae- Herbal Healthy Products အမည်ဖြင့် အလှကုန်ပစ္စည်းများကိုထုတ်လုပ်ပြီး ရန်ကုန်မြို့၌ ကုမ္ပဏီရုံးခန်း( United Myanmar & Asia Co,Ltd, Yangon, Myanmar) ဖွင့်လှစ်ကာ မြန်မာပြည်အနှံ့အပြားတွင် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများကို ၂၀၁၆ခုနှစ်မှစတင်၍ လုပ်ကိုင်လျက်ရှိကြောင်း  စွန့်ဦးတီထွင်လုပ်ငန်းရှင် ဒေါ်ငြိမ်းငြိမ်းအိထံမှသိရှိရသည်။

မြန်မာနိုင်ငံအတွင်း ပေါက်‌ရောက်သည့် သစ်သီးဝလံဟင်းသီးဟင်းရွက်ပန်းမန်များဖြစ်သော မန်ကျည်းသီး၊ ရှားစောင်းလက်ပတ်၊ လက်ဖက်ရွက်၊ ဒန်းရွက်၊ တမာ၊ ကျိတ်မှန်ရွက်၊ ဇီးဖြူသီး၊ ကင်ပွန်းသီး၊ သံပရာသီး၊ သလဲသီး၊ သနပ်ခါးနှင့် နှင်းဆီပန်း စသည်တို့မှ အဆီအနှစ်များကို ထုတ်ယူသည်။ ၎င်းအဆီအနှစ်များဖြင့် တန်ဖိုးမြှင့်အလှကုန်ပစ္စည်းများဖြစ်သော ခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာ၊ လက်ဆေးဆပ်ပြာ၊ ပန်းကန်ဆေးဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာ၊ ချိုင်းချွေးနံ့ပျောက်ဆေး (Spray, Body Lotion, Shower Scrub, Facial Mist) စသည့်အလှကုန်ပစ္စည်းများကို ထုတ်လုပ်ခြင်းဖြစ်ကြောင်းသိရှိရသည်။ ဒီနေ့ (Dnae) အလှကုန်ပစ္စည်းများသည် မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ထောက်ခံချက်လက်မှတ်ရရှိပြီးဖြစ်သည်။

    ဒီနေ့ (Dnae) အလှကုန်ပစ္စည်းများကို ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ နေပြည်တော် စသည့်မြို့ကြီးများရှိ Super Market, E- Market များသို့ တင်ပို့ရောင်းချလျက်ရှိသည်။ အလှကုန်ပစ္စည်းအမျိုးမျိုးကို ပွင့်လင်းရာသီ၌ ပိုမိုထုတ်လုပ်ပြီး မိုးရာသီတွင် ထုတ်လုပ်မှုနည်းကြောင်း၊ တစ်လလျှင် ပျမ်းမျှဘူးအရေအတွက် တစ်သောင်းကျော်ထုတ်လုပ်နိုင်ပြီး ထုတ်ကုန်ပစ္စည်းများ၏ ခန့်မှန်းတန်ဖိုးသည် ကျပ်သိန်း ၂၅၀ခန့်ရှိကြောင်းသိရှိရသည်။ ယခုမိုးရာသီတွင် လုပ်သားအင်အား ၁၅ဦးခန့်ဖြင့် လုပ်ကိုင်နေကြပြီး လုပ်ငန်းကျွမ်းကျင်မှုပေါ်မူတည်၍ တစ်ဦးကိုတစ်လလျှင် ကျပ်၂သိန်းမှ ကျပ် ၄သိန်းအထိလုပ်ခလစာပေးထားသည်။

   ဒီနေ့ (Dnae) အလှကုန်ပစ္စည်းများထည့်ရန် လှပသောဘူးခွံများကို တရုတ်ပြည်မှဝယ်ယူရ၍ ငွေကြေးအခက်အခဲနှင့် အချိန်ကြာမြင့်မှုအခက်အခဲများရှိနေသော်လည်း မြန်မာပြည်သူ/ပြည်သားများအနေဖြင့် အရည်အသွေးမှန်ပြီး စံချိန်စံညွှန်းပြည့်မီကာ သင့်တင့်သောဈေးနှုန်းတို့ဖြင့် ဝယ်ယူအသုံးပြုနိုင်ရန်အတွက် ပုံမှန်ဈေးနှုန်းဖြင့်ရောင်းချလျက်ရှိကြောင်း လုပ်ငန်းရှင် ဒေါငြိမ်းငြိမ်းအိ၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

သရက်သီးမှည့်ရာသီကုန်ခါနီး၍ ဒေသထွက် မန္တလေးရင်ကွဲသရက်သီးများ ဈေးကွက်အတွင်း ရောင်းဝယ်မှုရှိလာ

    ပြည်သစ်သီးဝလံဈေးကွက်အတွင်း အသီးမျိုးစုံရောင်းဝယ်ကြလျက်ရှိရာ သရက်သီးမှည့် ရာသီကုန်ခါနီးပြီဖြစ်သည့်အတွက် ဈေးကွက်မှာ သရက်သီးအမျိုးအစားမစုံတော့ဘဲ ဒေသထွက် မန္တလေး ရင်ကွဲသီးများသာ ရောင်းချမှုများကြသည်ကိုတွေ့ရပါသည်။ မေလနှင့် ဇွန်လအတွင်း သရက်သီးမှည့်လှိုင်ချိန်ကဆိုလျှင် မြကျောက်နှင့် စိန်တလုံးသရက်သီးများမှာ ဒေသထွက်အပြင် မန္တလေးဘက်မှလည်း ဝင်ရောက်လာ၍ အဆိုပါကာလများတွင် သရက်သီးမှည့်များ ပေါများစွာ ရောင်းချမှုရှိခဲ့ကြပြီး စိန်တလုံး သရက်သီးမှာ ပေါ်စရာသီတွင် တစ်လုံး(၅၀၀)ကျပ်မှ (၇၀၀/၈၀၀) ကျပ်အထိ အရွယ်အစားလိုက်၍ ဈေးပေးဝယ်ယူစားသုံးကြသလို မြကျောက်သရက်သီးများကလည်း တစ်လုံး ၄၀၀/၅၀၀ကျပ်မှ ၇၀၀ကျပ်ထိဈေးပေးဝယ်ယူကြရပါသည်။ ယခုအခါမှာတော့ မြကျောက်သရက်သီးများ ဈေးကွက်အတွင်း ပစ္စည်းမရှိတော့ဘဲ စိန်တလုံးသရက်သီးနှင့် ပတ္တမြား င‌မောက်သရက်သီး အချို့သာအနည်းငယ်ရောင်းချမှုရှိပြီး ဒေသထွက်မန္တလေးရင်ကွဲ သရက်သီးများလည်း ရောင်းချနေကြကြောင်း တွေ့ရှိရပါသည်။ စိန်တလုံး သရက်သီးတစ်လုံး ၄၀၀ ကျပ် မှ ၅၀၀ကျပ်၊ ပတ္တမြားငမောက်သရက်သီးမှာ တစ်လုံး ၃၅၀ကျပ်မှ ၄၀၀ကျပ်၊ မန္တလေး ရင်ကွဲသရက်သီးမှာ တစ်လုံး (၁၀၀/၁၅၀)ကျပ်ဖြင့် ရောင်းချမှုရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့၏ စိန်ခြယ်ပန်းစိုက်ပျိုးရောင်းချမှု

   ယခုမိုးဦးကာလတွင် ပြည်မြို့နယ်၊ ဂန္ဓမာစက်မှုဇုန်အတွင်းရှိ ကြံတောကုန်းရပ်ကွက်တွင် ခြံစိုက်တောင်သူများအနေဖြင့် စိန်ခြယ်ပန်းများ စတင်စိုက်ပျိုးနေပြီဖြစ်ပါသည်။ စိန်ခြယ်ပန်းသည် ဘုရားပန်း၊ နတ်ပန်းများနှင့် အလှူမင်္ဂလာဆောင်အခမ်းအနားများတွင် အသုံးပြုကြသောပန်းများ ဖြစ်ပါသည်။ စိန်ခြယ်ပန်း တစ်ဧကစိုက်ပျိုးရာတွင် မျိုးစေ့တစ်ပုလင်းလျှင် (၇၀၀၀)ကျပ်နှုန်း ဝယ်ယူစိုက်ပျိုးကြပြီး ဇူလိုင်လပထမပတ်တွင် စတင်စိုက်ပျိုးပြီး ဇူလိုင်လကုန်တွင် အပွင့်များ စတင်ပွင့်ကာ ဩဂုတ်၊ စက်တင်ဘာလတို့တွင် ရောင်းတန်းဝင်ပန်းများထွက်ရှိပါသည်။ စိန်ခြယ်ကို ရေသွင်း၍စိုက်ပျိုးသကဲ့သို့ မိုးရေကောင်းစွာရရှိလျှင် ပို၍အပွင့်အရောင်လှပပါသည်။ စိန်ခြယ်ပန်း စိုက်ပျိုးရာတွင် အမြစ်စွဲစေရန်အတွက် ပုလဲဓါတ်မြေဩဇာကို (၁၀)ရက်တစ်ကြိမ်ထည့် ပေးရပါသည်။ ပန်းပင်ခါးလောက်ရောက်လာမှသာ မြေဩဇာကျွေးခြင်းကို ရပ်နားရပါသည်။ စတင်ထွက်ပေါ်လာသော စိန်ခြယ်ပန်းများကို ရောင်းချရာတွင် အခက်(၃)ခက်ပါ တစ်စည်းကို (၂၀၀)ကျပ်ဖြင့် စတင် ရောင်းချ ကြောင်း သိရပါသည်။ ပန်းများလှိုင်လှိုင်ပေါ်လာသောအခါမှသာ တစ်စည်းကို (၁၀၀)ကျပ်နှုန်းဖြင့် ရောင်းချကြပါသည်။ စိန်ခြယ်ပန်း တစ်ဧကစိုက်ပျိုး ထုတ်လုပ်ကုန်ကျစရိတ်မှာ (၂၀၀၀၀)ကျပ်ခန့် ကုန်ကျပြီး ပန်းများထွက်ပေါ်ချိန်တွင် တစ်နေ့ဝင်ငွေ ရရှိမှုမှာ (၅၀၀၀)ကျပ်ခန့်ရရှိကြောင်းသိရပါသည်။ စိန်ခြယ်ပန်းစိုက်ပျိုးသူတောင်သူများအနေဖြင့် ပန်းပွင့်မတုံးမချင်း နေ့စဉ်ဝင်ငွေများရရှိသဖြင့် စိုက်ပျိုးသင့်သောပန်းဖြစ်ပါသည်။  မိမိတို့ အိမ်ခြံဝန်းများအတွင်းတွင်လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားရှိလျှင် အိမ်အတွက်လည်းလှပပြီး ဘုရားပန်း၊ နတ်ပန်းများကပ်လှူရာတွင် အသုံးဝင်မှာဖြစ်ပါသည်။

DOCA(ပဲခူး)

ပြည်ကုန်စည်ဒိုင်၏ ဇူလိုင်လတွင်ဖြစ်ပေါ်သောပဲဈေးကွက်

     ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံရောင်းဝယ်လျက်ရှိရာ မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲဈေးမှာ အပြောင်းအလဲရှိပြီး ဘိုကိတ်ပဲ၊ စားတော်ပဲ၊ ပဲကြီး ဈေးမှာ အပြောင်းအလဲနည်းသည်ကို တွေ့ရပါသည်။

မတ်ပဲ

      ဇူလိုင်လပထမပတ်တွင် မတ်ပဲတစ်တင်းကို (၇၄၅၀၀-၇၅၀၀၀)ကျပ်ဖြင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ် (၂၅၀)ခန့်ရှိပါသည်။ ဇူလိုင်လဒုတိယပတ်တွင် မတ်ပဲဈေးကျပြီး ပဲတစ်တင်းကို (၇၂၅၀၀-၇၃၀၀၀)ကျပ်ဖြင့် ဈေးကျခဲ့ပြီး ရန်ကုန်တင်ပို့မှုရှိခဲ့ပါသည်။

ပဲစင်းငုံ

   ပြည်ကုန်စည်ဒိုင်တွင် ဇူလိုင်လပထမပတ်တွင် ပဲစင်ငုံတစ်တင်းကို (၈၉၀၀၀-၉၀၀၀၀) ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ်(၂၀၀)ခန့်ရှိခဲ့ပါသည်။ ဇူလိုင်လဒုတိယပတ်တွင် ပဲစင်းငုံ ဈေးပြန်တက်လာပြီး တစ်တင်းကို (၁၀၀၀၀၀)ကျပ်ဖြင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။

ကုလားပဲ

   ပြည်ကုန်စည်ဒိုင်တွင် ဇူလိုင်လပထမပတ်၌ ကုလားပဲ(HL) တစ်တင်းကို (၈၈၀၀၀-၈၉၀၀၀-၉၀၀၀၀)ကျပ်၊ (မြကြေးမှုံ)တစ်တင်းကို (၈၉၀၀၀-၉၀၀၀၀)ကျပ်ဖြင့် ခွဲစက်သမားများနှင့် ရန်ကုန် အဝယ်တစ်ရက်ကို အိတ် (၄၀၀)ခန့် အဝယ်ရှိပါသည်။ ဇူလိုင်လဒုတိယပတ်တွင် ကုလားပဲဈေးကျပြီး ကုလားပဲ(HL) တစ်တင်းကို(၈၇၀၀၀-၈၈၀၀၀)ကျပ်၊ မြကြေးမှုံ တစ်တင်းကို (၈၈၀၀၀-၈၈၅၀၀)ကျပ်ဖြင့် ခွဲစက်သမားနှင့် နယ်စုံအဝယ်တစ်ရက်ကို အိတ် (၃၀၀/၄၀၀)ခန့်ရှိခဲ့ပါသည်။

ပဲကြီး

     ဇူလိုင်လပထမပတ်တွင် ပြည်ကုန်စည်ဒိုင်၏ ပဲကြီးဈေးမှာ ပဲကြီး(ရွှေကျွန်း)တစ်တင်းကို (၉၅၀၀၀)ကျပ်ဖြင့် ပဲကြော်သမားများ တစ်ရက်ကိုအိတ်(၃၀၀/၃၅၀)ခန့် အဝယ်ရှိပါသည်။ ဇူလိုင်လ ဒုတိယပတ်တွင် ပဲကြီးဈေးကျပြီး(ရွှေကျွန်း)တစ်တင်းကို (၉၅၀၀၀-၉၆၀၀၀)ကျပ်ဖြင့် ပဲကြော်သမားများ မြို့တွင်းအဝယ်နှင့် တခါတရံ ရန်ကုန်အဝယ်ရှိပြီး တစ်ရက်ကိုအိတ် (၄၀၀)ခန့် အဝယ်ဖြစ်ခဲ့ပါသည်။

စားတော်ပဲ

     ဇူလိုင်ပထမပတ်တွင် စားတော်ပဲ(ကျွန်း) တစ်တင်းကို (၁၄၀၀၀၀)ကျပ်ဖြင့် မြို့တွင်း အဝယ်တစ်ရက်ကိုအိတ် (၄၀/၅၀)ခန့် အဝယ်ရှိခဲ့ပါသည်။ ဇူလိုင်ဒုတိယပတ်တွင် စားတော်ပဲ (ကျွန်း) ဈေးအေးနေပြီး တစ်တင်းကို (၁၄၀၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကိုအိတ် (၄၀/၅၀)ခန့် အဝယ်ရှိခဲ့ပါသည်။

ဘိုကိတ်

    ဇူလိုင်လပထမပတ်တွင် ဘိုကိတ်တစ်တင်းကို (၅၈၀၀၀-၆၀၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ် တစ်ရက်ကိုအိတ် (၄၀/၅၀/၁၀၀)ခန့် အဝယ်ရှိခဲ့ပါသည်။ ဇူလိုင်လဒုတိယပတ်တွင် ဘိုကိတ်ဈေး အေးနေပြီး တစ်တင်းကို (၅၈၀၀၀-၆၀၀၀၀)ကျပ်ဖြင့် မြို့တွင်းနှင့် တခါတရံ ရန်ကုန် အဝယ် ရှိပါသည်။

  ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲများတွင် မတ်ပဲ၊ ပဲစင်းငုံ၊ ဘိုကိတ်၊ စားတော်ပဲဈေးမှာ ပုံမှန်အရောင်းအဝယ်ရှိခဲ့ပါသည်။ ကုလားပဲ၊ ပဲကြီး သီးနှံများမှာ အရောင်းအဝယ် ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ဆေးဖက်ဝင်ဇောင်းလျားသီး

     ပြည်အနီးအနားတွင် ဇောင်လျားပင်များ အများအပြားတွေ့ရှိရပါသည်။ ဇောင်းလျားပင်တွင် အချိုသီးနှင့် အချဉ်သီးဟူ၍ နှစ်မျိုးရှိပါသည်။ ဇောင်းလျားသီးသည် ဆေးဖက်ဝင်သောသီးနှံတစ်မျိုးဖြစ်ပြီး ဗီတာမင်အေ၊ သတ္တုဓါတ်တို့များစွာ ပါဝင်ပါသည်။ ဇောင်လျားသီးကို သကြားနှင့် စားပေးခြင်းဖြင့် အစာမကြေဖြစ်ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းမှ ကင်းဝေးစေပါသည်။ ဟင်းချက်၍လည်းစားသုံးနိုင်ပြီး ငါးပြေမနှင့်ချက်၍စားသုံးလျှင် ကျောက်ကပ်တွင် ကျောက်တည်ခြင်းကို သက်သာစေပါသည်။ ဇောင်လျားသီးအချိုသီးကို ယိုထိုး၍စားသုံးနိုင်ကြောင်း၊ အစိမ်းသီးကို လက်ဖက်သားနှင့်နယ်၍ ချဉ်ငံစပ် စားသုံးနိုင်ကြောင်း၊ ကြယ်ပုံသဏ္ဍာန်ရှိသော ဇောင်လျားသီးကို စားသုံးပေးခြင်းဖြင့် ကျန်းမာရေးနှင့် သင့်တော်ပြီး အသားအရေကိုလည်း စိုပြေစေကြောင်း၊ ဇောင်းလျားသီး ဈေးနှုန်းများအနေဖြင့် တစ်ပိဿာလျှင် (၂၅၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်မှ နဂါးမောက်သီး

    နဂါးမောက်သီးမှာ အဓိကမျိုးစိတ် (၃)မျိုးရှိပါသည်။ အနီရောင်အခွံနှင့် အဖြူရောင်အသား၊ အနီရောင်အခွံနှင့် အနီရောင်အသား၊ အဝါရောင်အခွံနှင့် အဖြူရောင်အသားတို့ဖြစ်ပါသည်။ ယခု ဈေးကွက်အတွင်းတွင် အများဆုံးရောင်းဝယ်စားသုံးနေကြသည့် အသီးမျိုးများမှာ အဖြူရောင်အသားမျိုးနှင့် အနီရောင်အသားမျိုး(၂)မျိုးသာ တွင်တွင်ကျယ်ကျယ် ရောင်းဝယ်စားသုံးကြပါသည်။ နဂါး မောက်သီးသည် ရေဓါတ်၊ အမျှင်ဓါတ် များစွာပါဝင်သော အသီးအမျိုးအစားဖြစ်ပြီး ဆေးဖက်ဝင် ဓာတ်ပစ္စည်းများလည်း ကြွယ်ဝစွာပါဝင်ပါသည်။ ပြည်တွင်းဈေးကွက်တွင် ဇူလိုင်လလောက်မှစပြီး ဈေးကွက်အတွင်းတွင် နဂါးမောက်သီးလှိုင်လှိုင်ပေါ်နေပြီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။ ပြည်မြို့အနီးပတ်ဝန်းကျင်မှ နဂါးမောက်သီးများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်းကြောင့် ဈေးကွက်အတွင်းတွင် လုံလုံလောက်လောက် အရောင်းအဝယ် ဖြစ်နေကြပါသည်။ နဂါးမောက်သီးအလုံး အကြီး၊ အသေးပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားပြီး တစ်လုံးလျှင် (၇၀၀/၅၀၀/၄၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း